စစ်ရဟတ်ယာဉ် သွားရောက်ပစ်ခတ် စစ်ကြောင်းထိုးနေသည့် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် ရုပ်အလောင်းအများအပြား တွေ့ရသည်ဟု ဒေသခံတို့က ပြောသည်။

စစ်ကောင်စီတပ်သားများ ၄ ရက်ကြာ တပ်စွဲခဲ့သည့် စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာတွင် ရုပ်အလောင်း ၉ လောင်းကို ဩဂုတ်လ ၂၉ ရက်တွင် တွေ့ခဲ့ရသည်ဟု ဒေသခံ သတင်းရင်းမြစ်များနှင့် ကန့်ဘလူခရိုင်PDF တာဝန်ရှိသူတို့က ပြောသည်။

စစ်ကောင်စီတပ်သားများ ရွာအတွင်း ဝင်ရောက်လာချိန်တွင် ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်သဖြင့် သေဆုံးသူ ၂ ဦး ရှိသည်၊ မီးလောင်ပြာကျနေသည့် နေအိမ် ၂ လုံးအတွင်းမှ ပျက်စီးနေသည့် ရုပ်အလောင်း ၄ လောင်း၊ ဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်း ၂ လောင်း၊ မူးချောင်းအတွင်း မျောပါနေသည့် ရုပ်အလောင်း ၁ လောင်းတို့ကို တွေ့ရသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် ပြန်ထွက်သွားချိန် ဒေသခံများက ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်လာစဉ် ရုပ်အလောင်းများကို တွေ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

သေဆုံးနေသူ ၉ ဦးရှိကြောင်း အတည်ပြုနိင်ပြီး ရုပ်အလောင်းများမှာ ပျက်စီးနေသဖြင့် မည်သူမည်ဝါဖြစ်သည်ကို မသိနိုင်သေးဟု ကန့်ဘလူခရိုင် PDF တာဝန်ရှိသူက ပြောသည်။

တည်ပင်ဆိတ်ကျေးမှ ဒေသခံတစ်ဦးကမူ ဩဂုတ်လ ၂၅ ရက်တွင် စစ်ရဟတ်ယာဉ်သုံးစီးက မြေပြင်ကို ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဆိုသည်။

မူးချောင်းကို လှေများဖြင့် ထွက်ပြေးစဉ် ပစ်ခတ်ခံရကာ ဒေသခံတစ်ဦး ထိမှန်သေဆုံးပြီးရွာထဲတွင် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်စ ထိမှန် သေဆုံးသွားသည်ဟု ဆိုသည်။

“လေယာဉ်နဲ့ ပစ်ဝင်ဝင်တာဆိုတော့ ကလေးတွေရော သေတာပေါ့ဗျာ၊ အဲနေ့က နှစ်ယောက်သေတယ်ဗျ ရဟတ်ယာဉ်ပေါ်ကနေ ပစ်တာဗျ ၊စက်သေနတ်နဲ့ထင်ပါတယ်၊ အဲအချိန်မှာထိသွားတာဗျ၊ လှေပေါ်ကလူကို ထိသွားတာဗျ ရွာထဲမှာတော့ ကလေးတစ်ယောက်သေသွားတာ” ဟုပြောသည်။

လှေပေါ်တွင် သေဆုံးခဲ့သူသည် အသက် (၃၂) နှစ်ခန့်အရွယ် ကိုနိုင်ဝင်းဆိုသူဖြစ်ပြီး ကျေးရွာတွင်း သေဆုံးခဲ့သည့် ကလေးမှာ အသက် ၆ နှစ်သာ ရှိသေးကြောင်းသိရသည်။

ကျေးရွာဘေး မူးချောင်းထဲတွင် ယောက်ဖတော်စပ်သူ ဦးတင်မင်း (၆၀နှစ်) ကိုလည်း သေနတ်ဒဏ်ရာမျာနှင့် သေဆုံးနေသည်ကို တွေ့ရကြောင်း အထက်ပါဒေသခံက ပြောသည်။

“ကျွန်တော့် ယောက်ဖကို ရွာဘေးနားက မူးချောင်းတွေထဲမှာ တွေ့တာ၊ သေနတ်ဒဏ်ရာ တစ်ချက်တွေ့တယ်၊ ရင်ဘတ်မှာ မှန်ထားတာဗျ” ဟု ပြောသည်။

ထို့အပြင် ရွာနောက်ပိုင်းမှ မီးလောင်ပြာကျနေသည့် နေအိမ်အတွင်းမှ မည်သူမည်ဝါ ခွဲခြားမရသည့် ရုပ်အလောင်းလေးလောင်း၊ နေအိမ်ခြံဝင်းတစ်ခုအတွင်းမှ ဒေသခံရွာသားမဟုတ်သည့် ရုပ်အလောင်းတစ်လောင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်ဟုလည်း တည်ပင်စိတ်ရွာ ဒေသခံ နောက်တစ်ဦးက ပြောသည်။

နေအိမ်နှစ်လုံးထဲတွင် တွေ့ရှိခဲ့ရသည့် မီးလောင်ထားသည့် ရုပ်ကြွင်းများမှာ လူ ၅ ၏ ရုပ်ကြွင်းများ ဖြစ်နိုင်သည်ဟု ဒေသခံအချို့က ပြောသည်။

ထို့အပြင် အသက် ၈ အရွယ် ကလေးငယ်တစ်ဦးလည်း လက်နက်ကြီးစ ထိမှန်သေဆုံးပြီးနောက် မူးချောင်းထဲကို မျှောခံလိုက်ရကြောင်း မျက်မြင်တွေ့ရှိသူများကို ကိုးကားပြီး အထက်ပါဒေသခံများက ပြောသည်။

ထိုဖြစ်ရပ်များအကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို Myanmar Now ကလည်း သီးခြား အတည်မပြုနိင်သေးပေ။

စစ်ကောင်စီတပ်သားများသည် တည်ပင်ဆိပ်ရွာကို ရဟတ်ယာဉ်သုံးစီးဖြင့် ၂ ခေါက် လာရောက်ခဲ့ပြီး၊ အင်အား ၁၆၀ ခန့် ထိရှိနိုင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ဩဂုတ်လ ၂၆ ရက်တွင် အင်အား ၈၀ ခန့်က တည်ပင်စိတ်ရွာမှ ထွက်ခွာသွားပြီး မြောက်ဘက် ၁၀မိုင်နီးပါးတွင်ရှိသည့် အိမ်ခြေရွာမှနေအိမ် ၁၃၂လုံး၊ အင်းလျားရှည်ရွာမှ နေအိမ် ၁၇ လုံးကို မီးရှို့ခဲ့ပြီး ဆက်လက် စစ်ကြောင်းထိုးနေကြောင်း သိရသည်။

Myanmar Now News

စစ်ကိုင်းတိုင်းထဲက မြို့နယ်သုံးခုမှာရှိတဲ့ ရွာပေါင်း ၃၄ ရွာကနေ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒေသခံ စုစုပေါင်း သုံးသောင်းကျော်ရှိပြီလို့ ကျွန်းလှမြို့ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြော ပါတယ်။

ဒီအထဲမှာ ကန့်ဘလူ၊ ကျွန်းလှနဲ့ ကောလင်းမြို့နယ်ထဲက အောင်ချမ်းသာ၊ ပင်သာရွာ၊ တည်ပင် ဆိပ်၊ ဆိပ်ဖူး၊ ရှမ်းကုန်း၊ သိုက်ပင်ဆိပ်၊ နောင်ဦး၊ စာရင်းဝင်ရွာ၊ အိမ်ခြေရွာ၊ အင်းလျားရှည်၊ ယင်းတိုက်ရွာ၊ လက်ခုပ်ပင်၊ ပေတပင်၊ ရွာသစ်၊ ကြာအင်း၊ ဥသျှစ်ပင်၊ ဥက္ကံ၊ မိုးနှံ၊ သုဝဏ္ဏ၊ ချောင်း နား၊ တဂေါင်းအိုင်၊ ညောင်ပင်လှ၊ ရွှေတွင်းရွာ၊ နတ်အင်းရွာ၊ ကုန်းစည်း၊ ဝေလမူ၊ သက္ကယ်ကျင်း၊ ပေပင်ချောင်၊ မော်တုံ၊ မော်ကယ်၊ ညောင်ပင်၊ ပိန္နဲကုန်း၊ နောင်ကောက် စတဲ့ရွာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီစာရင်းတွေဟာ စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ အခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့အထိ ကောက်ယူထားတာလို့ ကျွန်းလှမြို့ တက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အောင်ချမ်းသာရွာ (ကျွန်းလှမြို့နယ်) တိုက်ပွဲမှာဆို အကုန်လုံးက ဘာမှမပါဘူး။ ဆန် တစ်စေ့တောင် မပါဘူး။ အကုန်စွန့်ပြီး ပြေးကြတာ။ တည်ပင်ဆိပ်ရွာတို့ဆို အဲဒီဘက် တစ်ခြမ်းလုံးက ဘာဆိုဘာမှမပါဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးကြရ သူတွေက များနေတာ။ အကုန်လုံးက အဲဒီလိုဖြစ်နေတာ”

ကျွန်းလှမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တွေကတော့ အခု ဩဂုတ်လထဲမှာ ထွက်ပြေးရတာ အများဆုံးဖြစ်နေပြီး လက်ရှိမှာ စစ်ဘေးဒုက္ခသည်တွေ အားလုံးအတွက် အမိုးအကာ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒီနေ့မနက် ၈ နာရီခွဲဝန်းကျင်ကလည်း ကျွန်းလှမြို့နယ်၊ အင်းလျားရှည်ရွာကို စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၇ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျွန်းလှမြို့နယ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကတော့ အဲဒီတပ်သားတွေဟာ အိမ်ခြေရွာကို ဝင်ရောက်မီးရှို့ခဲ့တဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၁၁၃) ရဲ့ အင်အား တစ်ရာဝန်းကျင်ပါ စစ်ကြောင်းဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ အိမ်ခြေရွာမှာ စစ်ကောင်စီတပ်သားတွေ ရှိနေသေးတာကြောင့် မီးရှို့ခံရတဲ့ ရွာတွေရဲ့ မီးလောင်မှု အခြေအနေ အတိအကျကို RFA အနေနဲ့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။

RFA Burmese

ရခိုင်ပြည်နယ်က မြို့နယ်တွေနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ရွာတွေကို စစ်ကောင်စီ တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် စားနပ်ရိက္ခာ ပြတ်တောက်အောင် လုပ်ဆောင် နေတာတွေကို ရှုတ်ချတယ်လို့ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက ဩဂုတ်လ ၂၈ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောလမ်းနဲ့ ပလက်ဝ မြို့နယ်မှာလည်း အသွား၊ အလာ ကန့်သတ်ပိတ်ပင်ထားပြီး စစ်ရာဇဝတ်မှုတွေကို ဆက်တိုက် ကျူးလွန်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ရှုတ်ချတာလို့ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်က RFA ကို ပြောပါတယ်။

“အခု စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီတပ်က လမ်းတွေကို ပိတ်ထားတယ်။ ရိက္ခာတွေ ဖြတ်တောက်ထားတယ်။ ကျေးရွာတွေကို လက်နက်ကြီးတွေ နဲ့ ပစ်တယ်။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရကြတယ်။ သေဆုံးကြတယ်။ ပြီးတော့ ပြည်သူတွေကို ဖမ်းဆီးတယ်။ ဘာမှလည်း သတင်း အစအနမရဘူး။ တရားရုံးကိုလည်း မရောက်ဘူး။ ဒါဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ရှုတ်ချတာပါ”

စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကို မျက်ကွယ်ပြုထားတဲ့ ရခိုင်ပြည်နယ်က စစ်ကောင်စီခန့် ဝန်ကြီးတွေကိုလည်း ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို အမြန်ဆုံး အပြစ်ပေး၊ အရေးယူပြီး ပြည်သူတွေအတွက် တရားမျှတမှု ရှာဖွေပေးဖို့ကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း တောင်းဆိုတယ်လို့ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်နေတာ ကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကစပြီး ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင် လမ်းကို စစ်ကောင်စီတပ်ဘက်က ရက်အကန့်အသတ်မရှိ ပိတ်ထားပါတယ်။

အခုလို စစ်ကောင်စီတပ်က လမ်းတွေကို ပိတ်ထားတာ၊ လက်နက်ကြီးကျည်ကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာ စတာတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က မေးမြန်းခဲ့ပေမယ့် သူ့အနေနဲ့ တစ်စုံတစ်ရာ မသိရှိကြောင်းသာ ဖြေဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့ကလည်း ပလက်ဝမြို့နယ်မှာ ကျောင်းသူ၊ ကျောင်းသား ကလေးငယ်တွေ လိုက်ပါလာတဲ့ စက်လှေတစ်စင်းကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာ ကြောင့် ကလေးနှစ်ဦး သေဆုံးပြီး ကလေး နှစ်ဦးနဲ့ ဒေသခံ သုံးဦး ဒဏ်ရာရခဲ့ပါတယ်။

မနေ့ကလည်း မြောက်ဦးမြို့နယ် ကင်းဆိပ်ရွာမှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ငါးနှစ်အရွယ် ကလေး တစ်ဦးနဲ့ ဒေသခံ နှစ်ဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

RFA Burmese

ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက် တနင်္ဂနွေနေ့ညနေပိုင်းက မြန်မာပိုင်နက် ရခိုင်ပြည်နယ်၊ မောင်တောဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်နှစ်လုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နယ်မြေထဲကို ကျရောက်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ၂၉ ရက်နေ့ တနင်္လာနေ့က မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးကို ဆင့်ခေါ်မေးမြန်းပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သတင်းဌာနတွေနဲ့ ဘနား သတင်းတွေမှာ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen က မြန်မာသံအမတ်ကြီးကို ခေါ်ယူကန့်ကွက်ခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ဟာ မတော်တဆဖြစ်ပွားခဲ့တာလား ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာလားဆိုတာ စုံစမ်းစစ်ဆေးမယ်လို့ သတင်းထောက်တွေကို တနင်္လာနေ့အစောပိုင်းက ပြောဆိုထားပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဒက္ကားတက္ကသိုလ် အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဌာနက ပါမောက္ခ Ehsanul Haque ကတော့ စိမ်းကားတဲ့အပြုအမူ ဖြစ်တယ်လို့ Benar သတင်းဌာနကို မှတ်ချက်ပေးပါတယ်။

ဘင်္ဂလားဒေ့ရှ်ဒေသခံတွေ အဆိုအရ လက်နက်ကြီးဟာ ဒေသစံတော်ချိန် မွန်းလွဲ ၃နာရီခန့်မှာ ကျရောက်ခဲ့တာဖြစ်ပြီး ပေါက်ကွဲခြင်းမရှိဘူးလို့ဆိုပါတယ်။ ဒါပေမဲ့ လက်နက်ကြီးကျည်ကျတာကြောင့် ဒေသခံတွေ ကြောက်နေကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီအချိန်က မြန်မာနိုင်ငံဘက်မှာ ရက္ခိုင့်တပ်တော် AAနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ် မဖြစ် RFA အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။

အလားတူပဲ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့ မင်းကြီးရွာမှာ ဩဂုတ်လ ၂၇ ရက်နေ့မနက် ၉ နာရီလောက် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားပါတယ်။

ဒေသခံတွေရဲ့ RFA ကို ပြောပြချက်အရ အဲ့ဒီအချိန်က ရွာအနီးအနားမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူးလို့ ဆိုပါတယ်။

RFA Burmese

လေးစားရပါသော ဆရာ၊ဆရာမများ နွေဦးတော်လှန်ရေးတွင်ပါဝင်နေကြသည့် အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိူးသမီးနှင့် ကလေးသူငယ်ဆိုင်ရာအဖွဲ့များ၊ လူပုဂ္ဂိုလ်များကို မွန်လူငယ်များမျှော်မှန်းသည့် ဖက်ဒရယ်နိုင်ငံရေးအပေါ် လေ့လာထားသည့် သုတေသနစာတမ်းတစ်စောင်ကို မျှဝေပေးပို့ခြင်း ဖြစ်ပါသည်။

စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် ဆက်စပ်ပြီး ထားဝယ်တွင် ထိန်းသိမ်းခံနေရသည့် အမျိုးသမီး ၆၀ ကျော် ပိတ်ပင်ကန့်သတ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

တနင်္သာရီတိုင်း၊ ထားဝယ်ထောင်တွင် အမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ ဆေးဝါးကုသခွင့် ဆုံးရှုံးနေသည်ဟု သိရသည်။

ထောင်ဆေးရုံရှိဆေးများမှာ နှာစေး၊ ချောင်းဆိုးအတွက်သာ ဖြစ်သည်၊ ပိုမိုပြင်းထန်သည့် ရောဂါများအတွက် ဆေးဝါး ရရှိရန် ထောင်အာဏာပိုင်များထံ အဆင့်ဆင့်စာတင်နေကြရသည်ဟု အကျဉ်းကျခံနေရသည့်အမျိုးသမီးများနှင့် နီးစပ်သည့်အသိုင်းအဝန်းက ပြောသည်။

အကျဉ်းထောင်တွင်း နေရာကျဉ်းလွန်းခြင်းကြောင့် အဝတ်များကို နေထိုင်ရသည့် သမံတလင်းပေါ်တွင်သာ အခြောက်လှန်းရသည်၊ သန့်စင်ခန်းရေမှာလည်း မကြာခဏ ပြတ်တောက်ခြင်းကြောင့် တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ ရောဂါများ ဖြစ်နေကြသည်ဟု သိရသည်။

“အမျိုးသမီးအဆောင်မှာ အဝတ်လှန်းဖို့နေရာမရှိဘူး၊ မရှိတော့ အတွင်းခံတွေကို မိုးတိတ်သွားတဲ့အချိန် သမံတလင်းပေါ်တို့၊ မြေကြီးပေါ်တို့မှာ လှန်းနေရတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ပတ်သက်တဲ့ ယားနာလိုရောဂါတွေ ဖြစ်နေကြတယ်” ဟု ထားဝယ် နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်းဝင်များက ပြောသည်။

အမျိုးသမီးအဆောင်ဘက်မှ သတင်းမှာ အခြားသတင်းများထက် ပြင်ပသို့ ပိုမိုရောက်ရှိလေ့ရှိသဖြင့် ထောင်အရာရှိတို့က နိုင်ငံရေးအမျိုးသမီးအကျဉ်းသားများကို ပိုမိုဖိနှိပ်လေ့ရှိကြောင်း သိရသည်။

“ကြိမ်းမောင်းတာအပြင် ပညာပြတာမျိုးတွေရှိတယ်၊ နောက်တစ်ခုက အထဲမှာရှိတဲ့ တန်းစီးတို့ စည်းကမ်းထိန်းတို့ဆိုရင် နိုင်ငံရေးမှုနဲ့ အမျိုးသမီးတွေကို ပိုပြီးနှိမ့်ချဆက်ဆံတာမျိုးတွေရှိနေတယ်” ဟု နိုင်ငံရေးအကျဉ်းသားများအရေး အကူအညီပေးနေသူတစ်ဦးက ပြောသည်။

ထောင်ဝင်စာတွေ့ခွင့်ကို ကိုဗစ်ကပ်ဘေးကာလကတည်းက ပိတ်ပင်ထားပြီး ကူးစက်မှု လျော့နည်းလာချိန်ရောက်လာပြီ ဖြစ်သော်လည်း အာဏာသိမ်း စစ်ကောင်စီက ဆက်လက် ပိတ်ပင်ထားသည်။

အကျဉ်းထောင်တွင်းအခြေအနေများကို လေ့လာစောင့်ကြည့်နေသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုလည်း အကျဉ်းထောင်များသို့ ဝင်ရောက်စစ်ဆေးခွင့် အလားတူ အကြောင်းပြ ပိတ်ပင်ထားသည်။

ထောင်တွင်းအခွင့်အရေးချိုးဖောက်မှုများကို အမျိုးသမီးအကျဉ်းသူများအနေဖြင့် ပိုမိုချိုးဖောက်ခံနေကြရခြင်းဖြစ်ပြီး အမျိုးသားအကျဉ်းသားများရရှိသည့် ထောင်တွင်းရပိုင်ခွင့်များကို အမျိုးသမီးများက မရရှိဟု ဆိုသည်။

“အမျိုးသမီးအကျဉ်းသူတွေက အမျိုးသားအကျဉ်းသားတွေထက် နေရစားရတာ ပိုပြီးကျပ်တည်းတယ်။ ဖျာတို့ ဘာတို့ ခင်းခွင့်မပေးဘူး။ စောင်ဆိုရင်လည်း အမျိုးသားတွေမှာ စောင်ဆို ကြိုက်သလောက်ထားလို့ရပေမဲ့ အမျိုးသမီးတွေမှာ နှစ်ထည်ထက်ပိုပြီးယူခွင့်မရှိဘူး” ဟု ထားဝယ် နိုင်ငံရေးအကျဉ်းသား စောင့်ရှောက်ရေး အသင်းဝင်က ပြောသည်။

ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသူများကိုလည်း ခိုင်းစေလေ့ရှိကြောင်း၊ လုပ်ရသည့် အလုပ်များထဲတွင် မိလ္လာမြောင်းများ ဆေးကြောရခြင်း၊ အလွန်လေးလံသည့် ထမင်းပုံးများနှင့် ရေပုံးများ သယ်ရခြင်း၊ မိုးသည်းထန်သည့် အချိန်မျိုးတွင် အုတ်နံရံ မှရေညှိဖယ်ရှားရခြင်း စသည့်အလုပ်များ ပါဝင်သည်ဟု သိရကြောင်း သူက ဆက်ပြောသည်။

ထားဝယ်ရှိ နိုင်ကျဉ်းများအနက် ထောင်ဒဏ် အများဆုံး ချမှတ်ခံထားရသူမှာ အခြေခံအထက်တန်းအောင်မြင်အပြီး တက္ကသိုလ်တက်ရောက်ရန် စောင့်ဆိုင်းနေစဉ် အဖမ်းခံရသည့် ၁၉ နှစ်အရွယ် မဆောင်းနှင်းဖြူဖြစ်သည်။

၂၀၂၁ သြဂုတ် ၂၂ တွင် အဖမ်းခံရသည့် ထိုမိန်းကလေးသည် တော်လှန်ရေးအင်အားစုများကို ငွေလှူဒါန်းမှုနှင့် စွဲချက်တင်ခံရကာ ပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသည်။

ထားဝယ်ထောင်တွင် အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် ဆက်စပ်ပြီး အဖမ်းခံရသည့် အမျိုးသား ၂၆၀ ကျော်၊ အမျိုးသမီး ၆၆ ဦး ရှိသည်။ 

တစ်နိုင်ငံလုံးတွင် အမျိုးသမီးနိုင်ကျဉ်းအရေအတွက် ၂၄၁၄ ဦးထက်မနည်း ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဩဂုတ် ၁၆ မှတ်တမ်းအရ သိရသည်။

စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက် ထားဝယ်သည် ကျောင်းသား၊ လူထုသပိတ်များတွင် ရှေ့ဆုံးမှ ပါဝင်ခဲ့သော မြို့တစ်မြို့ဖြစ်သည်။ ယင်းမြို့၏ လေတပ်စစ်ကြောရေးစခန်းသည် ဖမ်းဆီးခံ ဆန္ဒပြကျောင်းသားလူငယ်များ ဒဏ်ရာပြင်းထန်စွာရရှိသည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့သည်။

ထားဝယ်ထောင်တွင်းအခြေအနေနှင့် ပတ်သက်ပြီး အကျဥ်းဦးစီးဌာန၏ တုံ့ပြန်ချက် ရရှိရန် ကြိုးစားသော်လည်း ထိုဌာန တာဝန်ရှိသူတို့နှင့် ဖုန်းအဆက်အသွယ် မရသေးပေ။

Myanmar Now News