လည်ပင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသူတို့မှာ အသက် ၃၀ အရွယ်များဖြစ်ပြီး အလောင်းများတွင် စစ်ကောင်စီ လက်ကိုင်တုတ်အဖွဲ့၏ သွေးသောက်တံဆိပ်ကို တွေ့ရသည်။

မန္တလေး ချမ်းမြသာစည်မြို့နယ်၊ စစ်ကိုင်း-မန္တလေးကားလမ်း ဧရာဝတီမြစ်တာရိုး၊ တံတားဖြူရေထိန်းတံတားအနီး ကားလမ်းဘေးတွင် စက်တင်ဘာ ၁၁၊ နံနက် ၆ နာရီခန့်က အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများကို တွေ့ရသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

သေဆုံးနေသူတို့မှာ အသက် ၃၀ ဝန်းကျင် လူငယ်များဖြစ်ကြောင်း၊ အာဏာသိမ်း စစ်ကောင်စီ ဘက်တော်သားတို့ သုံးလေ့ရှိသည့် သွေးသောက်ဆိုသည့် စာသားပါ ကတ်ပြားများ ရုပ်အလောင်းများတွင် တွေ့ရကြောင်း မျက်မြင်များကို ကိုးကား၍ ဒေသခံတစ်ဦးက ပြောသည်။

“လည်လှီးသတ်ခံထားရတာ။ သတ်ပြီးမှ လာစွန့်ပစ်တာလို့ ထင်တယ်။ ဘယ်သူမှတော့ မမြင်လိုက်ဘူး။ ဒီနေရာက မနက် လေးနာရီ ငါးနာရီဆိုရင်ကို ကုန်တင်ကားတွေက ဖြတ်နေတော့ ညဦးပိုင်းကတည်းက လုပ်တာလို့ ယူဆရတယ်။ အလောင်းမှာလည်း မိုးရေတွေ ရွှဲနေတယ်” ဟု ၎င်းက ပြောသည်။

သေဆုံးသူတို့၏ အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း နှုတ်ဆိတ်နေသည်။

သွေးသောက်အမည်ရ အဖွဲ့မှာ လူမှုကွန်ရက်တစ်ခုဖြစ်သည့် တယ်လီဂရမ်တွင် ဧပြီ ၂၄ ရက်နေ့က စတင် ပေါ်ပေါက်လာသည်။ ထို့နောက် တစ်လအတွင်း မန္တလေး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ဆက်စပ်သူ ၇ ဦးထက်မနည်း သတ်ဖြတ်ခံရသည့်ဖြစ်စဉ်များတွင် သွေးသောက်ဆိုသော စာသားပါ ကတ်ပြားများ ရုပ်အလောင်းအနီးတွင် တွေ့ရသည်။

အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံမှုများ ပေါ်ပေါက်လာချိန်တွင် တော်လှန်သူများကို နှိမ်နင်းရန် စစ်ကောင်စီက ၎င်းတို့ကို ထောက်ခံသည့် အရပ်သားတချို့ကို လက်နက်တရားဝင် တပ်ဆင်ပေးနေသည်။

စစ်တပ်က ပြည်သူ့စစ်ဟု ခေါ်ဆိုပြီး အများက ပျူစောထီးဟု ခေါ်ကြသည့် အဖွဲ့တချို့ကို မန္တလေးမြို့ ရပ်ကွက်အသီးသီး၌ စစ်ကောင်စီက လက်နက်အပ်ပွဲများ ပြုလုပ်နေသည်။

Myanmar Now News

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အကျဉ်းထောင်ထဲမှာ အကျဉ်းသား သေဆုံးမှုတွေ အတွက် စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့မှာ တာဝန်ရှိတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ (HRW) က သူတိုရဲ့ ဝက်ဘ်ဆိုက်ဒ် စာမျက်နှာကနေ စက်တင်ဘာ ၁၃ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့သူခြောက်ဦးရဲ့ မှတ်တမ်းအချက်အလက်တွေကိုလည်း HRW က ပူးတွဲဖော်ပြခဲ့ပြီး သိသာထင်ရှားတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ပါဝင်သလို လိုအပ်တဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုပေးဖို့ ငြင်းပယ်ခဲ့တဲ့ အချက်အလက်တွေလည်း ပါဝင်နေ ပါတယ်။

စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲက ဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပန်းခံရတာတွေကို HRW က မှတ်တမ်းတင်နိုင်တာက အစွန်အဖျားလောက်ပဲရှိတယ်လို့ HRW ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ မန်နီမောင်ရဲ့ ပြောကြားချက်ကိုလည်း HRW က ဖော်ပြထားပါတယ်။

သေဆုံးအကျဉ်းသားခြောက်ဦးရဲ့ သက်သေမှတ်တမ်းတွေဟာ မေလကနေ ဇူလိုင်လအထိ သုံးလတာကာလ အတွင်း မျက်မြင်သက်သေ ဆယ်ဦးအပါအဝင် တခြားပတ်သက် ဆက်နွှယ်မှုရှိတဲ့ သူတွေကို ဆက်သွယ်စုံစမ်း မေးမြန်းထားတာလို့ HRW က ပြောပါတယ်။

ဒါ့အပြင် ဓာတ်ပုံမှတ်တမ်း ၄၀ ကျော်၊ လူမှုကွန်ရက်မီဒီယာပေါ်မှာ ဖော်ပြထားတဲ့ ဗီဒီယို ဖိုင်ငါးဖိုင်နဲ့ နှိပ်စက်ညှဉ်းပန်းမှု စစ်ဆေးရာမှာ ကျွမ်းကျင်တဲ့ အရေးပေါ်ဆရာဝန်တွေရဲ့ မှတ်ချက်တွေလည်း မှတ်တမ်းမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ထောက်ပံ့ကူညီရေးအဖွဲ့ရဲ့ ခန့်မှန်းချက်အရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲ အချုပ်စခန်း၊ စစ်ကြော ရေးတွေနဲ့ အကျဉ်းထောင်တွေမှာ သေဆုံးသူ အနည်းဆုံး ၇၅ ဦး ရှိခဲ့တယ်လို့လည်း HRW က ဖော်ပြပါတယ်။

ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်နဲ့ အာဆီယံအပါအဝင် ဒေသတွင်းအဖွဲ့ အစည်းတွေနဲ့ အစိုးရတွေအနေနဲ့ အကျဉ်းထောင်အတွင်း သေဆုံးမှုတွေကို စိုးရိမ်ကြောင်း ဖော်ပြပြီး ဒါတွေကို အဆုံးသတ်ဖို့ စစ်ကောင်စီကို ဖိအားပေးသင့်တယ်လို့ HRW က ပြော ပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ဟာ အမေရိကန်နိုင်ငံ၊ နယူးယောက် မြို့မှာ အခြေစိုက်ထားတဲ့ အစိုးရမဟုတ်သော နိုင်ငံတကာ NGO အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။

RFA Burmese

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် သစ်ချိုရွာ ဒီကနေ့ စက်တင်ဘာ ၄ ရက်မနက်ပိုင်းက မီးရှို့ခံရပြီး နေအိမ် ၆၇ လုံးမီးလောင် ဆုံးရှုံးခဲ့တာကြောင့် စက်တင်ဘာလ ၁ရက်ကနေ ဒီကနေ့ အထိ ကျွန်းလှမြို့နယ်အတွင်း လူနေအိမ် စုစုပေါင်း ၁၇၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ ရတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က RFA ကိုပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် အနောက်ဘက်ခြမ်းမှာရှိတဲ့ ပေပင်ချောင် ရွာ၊ မော်တုံရွာနဲ့ မော်ကယ်ရွာတွေကိုလည်း ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့တယ်လို့ မော်ကယ်ရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျမတို့ မော်ကယ်ရွာကို စက်တင်ဘာလ ၃ ရက် နေ့လည်ပိုင်းမှာ မီးရှို့တာ၊ စစ်ကြောင်းက အဲနေ့ မနက်က ဝင်တယ်၊ ရွာက ဘုန်းကြီးကျောင်းမှာ တစ်ည အိပ်တယ်၊ နောက်နေ့မနက် ရွာကထွက်သွားတယ် “

စက်တင်ဘာလ ၁ ရက်နေ့က ပေပင်ချောင်ရွာက အိမ် ၇၉ လုံး၊ စက်တင်ဘာလ ၂ ရက်မှာ မော်တုံရွာက အိမ် ၉ လုံးနဲ့ စက်တင်ဘာလ ၃ ရက်မှာ မော်ကယ်ရွာက အိမ် ၁၈ လုံး မီးရှို့ခံခဲ့ရတာပါ။

သြဂုတ်လ ၂၄ ရက်ကစလို့ ကျွန်းလှမြို့နယ်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးလာတာ ဖြစ်ပြီး ကုန်းစည်း၊ တည်ပင်ဆိပ်၊ အိမ်ခြေ၊ အင်းလျားရှည်၊ ရွာကုန်းကြီး၊ပေပင်ချောင်၊ မော်တုံ၊ မော်ကယ်ရွာစတဲ့ ကျေးရွာတွေအပြင် ရွာပေါင်း ၂၀ကျော်က ဒေသခံ တစ်သောင်း ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က ကပြောပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ သူ့ရဲ့တပ်သားတွေဟာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေမလုပ်ဘူးလို့ သြဂုတ်လ ၁၇ ရက်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzerနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။

အိမ်မီးရှို့ခံရမှုတွေနဲ့ ပတ်သက်လို့ စာရင်းပြုစုနေတဲ့ Data For Myanmar အဖွဲ့ကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ နေအိမ် ၂၀,၁၅၃ လုံးကို စစ်ကောင်စီ တပ်တွေနဲ့ သူ့ရဲ့လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သြဂုတ်လ ၂၇ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

RFA Burmese

မြန်မာပြည်သူများသည်  နိုင်ငံသားတို့၏ အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကို ဥပဒေအရ ပို၍ ကာကွယ်ပေးရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် စုရုံး၍ ရာစုနှစ်ပေါင်းများစွာ တောင်းဆိုခဲ့ကြသည်။ မိမိတို့အတွက်သာမက နောင်လာနောင်သားများအတွက် ပိုမိုကောင်းမွန်သော အနာဂတ် ရရှိရန် တောင်းဆိုသော ပြည်သူတို့သည် သည်းခံနိုင်စွမ်းမရှိတော့ဘဲ နာကြည်းပေါက်ကွဲ လာသောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေးပါသော လူထုလှုပ်ရှားမှုကြီး ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခြင်းသည်  ပြည်သူထံမှ အာဏာလုကာ စစ်အာဏာသိမ်းမှုကို တရား၀င်ဖြစ်ရန် နည်းလမ်းပေါင်းစုံနှင့် ကြိုးပမ်းနေသော စစ်အုပ်စုအား လက်မခံသော လူထုအရေးတော်ပုံ၏ နောက်ထပ်သာဓက တစ်ခုဖြစ်သည်။  အာဏာသိမ်းစစ်တပ်သည် ၎င်းတို့အား ဆန့်ကျင်ဆန္ဒပြသူများကို ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲ တုန့်ပြန်ရန် လက်မရွံ့ခဲ့ပေ။

 ၂၀၂၂ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ၁၉၈၈ လူထူအရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပခဲ့သည်။ စစ်အာဏာရှင် နေ၀င်း၏ ဆိုးရွား ညံ့ဖျင်းလှသော စီးပွားရေးစီမံခန့်ခွဲမှု မှု၀ါဒအား ကျောင်းသားများ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်မှာ ၃၄ နှစ်တိုင်ခဲ့ပြီဖြစ်သည်။ ရက်ရက်စက်စက် အကြမ်းဖက်နှိမ်နှင်းမှုအတွင်း လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ရသည်။

တစ်ဖန် ၁၉၉၆ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ကျောင်းသားများအပေါ် စစ်အစိုးရ၏ ဖိနှိပ်မှုများကို သတိပြုလာစေရန်နှင့် ဒီမိုကရေစီအရေးအတွက် ချီတက်ဆန္ဒပြကြသော ကျောင်းသားများ ထပ်မံ ဖမ်းဆီးခံခဲ့ရသည်။​ ၂၀၀၇ ခုနှစ် ရွှေ၀ါရောင်တော်လှန်ရေးတွင် လောင်စာဆီစျေးနှုန်းများ မြင့်တက်မှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင် အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများတွင် ကျောင်းသားများ၊ တက်ကြွလှုပ်ရှားသူများနှင့်အတူ သံဃာများလည်း ပါ၀င်ခဲ့သည်။ ငြိမ်းချမ်းစွာဆန္ဒပြမှုကြောင့် လူ ဒါဇင်ပေါင်းများစွာ သေဆုံး ဒဏ်ရာရခဲ့ပြန်သည်။​

“ခေတ်အဆက်ဆက် ဖိနှိပ်မှုအမျိုးမျိုး ခံစားခဲ့ရပြီး နှစ် ၇၀ ကျော်ကြာသည့်တိုင်  သဘာဝသယံဇာတပေါကြွယ်ဝသည့် တိုင်းပြည်သည် တိုးတက်သင့်သလောက် တိုးတက်လာမှုမရှိ သောကြောင့် ဆန္ဒပြကြရခြင်း ဖြစ်သည်” ဟု လွေးနော့တအင် တအာင်းအမျိုးသမီးအဖွဲ့ (TWO)မှ ပြောကြားခဲ့သည်။

မြန်မာပြည်သူပြည်သားများသည် ယခင်စစ်အစိုးရ ခေတ်အဆက်ဆက်က အုပ်ချုပ်လာခဲ့သည့် အာဏာရှင်စနစ်ကို မလိုအပ်တော့ပဲ ဒီမိုကရေစီစနစ်၏ အနှစ်သာရကို ပိုမို ကြိုက်နှစ်သက်လာခဲ့သည်ဟုလည်း သူမမှ ထပ်မံ ရည်ညွန်းခဲ့သည်။ ယနေ့ဆန္ဒပြပွဲများသည် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန် နှင့် ဒီမိုကရေစီလမ်းကြောင်းဆီသို့ ပြန်သွားရန်အတွက် ရည်ရွယ်၍​ လူထုအင်အားဖြင့် တညီတညွတ်ထဲအားလုံးပါ၀င်ကာ တောင်းဆို ဆန္ဒပြကြခြင်း ဖြစ်သည်။

 အာဏာရမက် ငမ်းငမ်းတက်မှုကြောင့် အရပ်သားတို့၏အခွင့်အရေးကို စစ်ဗိုလ်ချုပ်ကြီးများမှ အကြိမ်ကြိမ် လျစ်လျူရှုထားခဲ့ကြသည်။ နှစ်အတော်ကြာပြီးနောက် အရပ်သားတစ်ပိုင်း ဒီမိုကရေစီအစိုးတက်လာသောအချိန်တွင် ပြည်သူများအတွက် မျှော်လင့်ချက်ရောင်ခြည် သန်းလာခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ် (NLD)လက်ထက်တွင် စိန်ခေါ်မှုအခက်အခဲများစွာ ရှိနေဆဲဖြစ်သော်လည်း မျှော်လင့်ချက်ရှိနေဆဲဖြစ်သည်။ 

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံအနှံ့ တိုင်းရင်းသားများ ကြုံတွေ့နေရသည် ဖိနှိပ်ခံခဲ့ရမှုများကို သိသာလာစေပြီး နွေဦးတော်လှန်ရေးကြောင့် ဗမာတိုင်းရင်းသားအများစုမှ ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများအား မြန်မာစစ်တပ်မှ နှစ်ပေါင်းများစွာ ဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုများနှင့် မတရားအုပ်ချုပ်စိုးမိုးထားခဲ့သည်ကို လက်ခံလာကြသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC)  ၏ အထွေအထွေအတွင်းရေးမှုး ကိုတိန်ဦးမှ ပြောကြားခဲ့သည်။

ဒီမိုကရေစီအရေးအတွက် ပြုလုပ်သော ဆန္ဒပြပွဲများမှ တွေ့ရှိရသော စည်းလုံးမှုသည်  စစ်မှန်သည့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု စနစ်ကို မြင်ရရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ခဲ့သော စစ်အာဏာရှင်များအား အပြစ်ပေးအရေးယူမှုများကို မြင်ရရန်အတွက် မြေပြင်ပေါ်တွင် ကြိုးပမ်းနေကြသောသူများ၏ ခွန်အားနှင့် အခက်အခဲ ဒုက္ခများကို အမှတ်ရစေသည်။

သမိုင်းအဆက်ဆက် ခေတ်အဆက်ဆက် ဆိုးမွေသာပေးပြီး ကောင်းမွေတစ်စက်မျှမရှိသည့် တစ်ဗိုလ်ကောင်း စစ်အာဏာရှင်အလေ့ကို ပြန်လည် ကျင့်သုံးရန်ကြိုးပမ်းခြင်း တို့ကြောင့် စစ်အာဏာသိမ်းမှုကို ပြည်သူများမှ ခါးသီးစွာ လက်မခံနိုင်ခြင်းဖြစ်သည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)၏ ဒါရိုက်တာ နိုင်အဲမွန်မှ ပြောခဲ့သည်။

စစ်အစိုးရအဆက်ဆက် ဗိုလ်ကျအုပ်ချုပ်မှုကို  ပြည်သူတရပ်လုံးမှ စစ်ပျက်စိတ်ကုန်နေပြီး  စစ်ဗိုလ်ချုပ်ကြီးတို့မှ ချိုးဖောက်မှုများ၏ အကျိုးဆက်ကို တာ၀န်ယူရန် မြင်တွေ့လိုခြင်းသည် ပြည်သူတို့၏ ဆန္ဒအစစ်အမှန်ဖြစ်သည်ဟု ၎င်းမှ ထပ်မံပြောကြားခဲ့သည်။

မြန်မာနိုင်ငံအား အရေးယူဆောင်ရွက်ရန် အချိန်ဖြစ်သည်။ ၎င်းတို့၏ မူ၀ါဒနှင့်ဆန့်ကျင်သူ၊ ရန်သူဟုမှတ်ထင်သူ မှန်သမျှကို အလိုရမက်ကြီးကာ အကျင့်ပျက်ခြစား  လက်နက်ဖြင့် ခြိမ်းခြောက်သတ်ဖြတ်၍ အကြမ်းဖက်နေသော စစ်သားတို့၏ လက်ထဲတွင် အပြစ်မဲ့ပြည်သူများ ခံနေရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။​ ကြားဝင်စွက်ဖက်ရန်နှင့် အကာအကွယ်ပေးရေးမူများကို လိုက်နာရန် အခွင့်အလမ်းများစွာရှိသော်လည်း ပျက်ကွက်ခဲ့သော  

နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် အတိတ်မှ လူထူဆန္ဒပြပွဲများကို သင်ခန်းစာယူ၍ အခွင့်အရေးများကို လက်လွတ်မခံသင့်ပေ။

ခုခံတော်လှန်ရေးသမားများနှင့် ဆန္ဒပြပြည်သူများကို  ငွေကြေးပံ့ပိုးပေးရမည်ဖြစ်ပြီး စစ်တပ် ထုတ်ကုန်အားလုံးကို သပိတ်မှောက်ရမည်ဖြစ်သည်။ မြန်မာစစ်တပ်အား နိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ လွှဲပြောင်းပေးရန် အရပ်ဘက်အဖွဲ့အစည်းများ၏ တောင်းဆိုမှုအများအပြားကိုလည်း အသိအမှတ်ပြု လိုက်နာရမည်ဖြစ်သည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မညှင်းတောင်အနီး ဩဂုတ် ၃၀ ရက် မနေ့ညပိုင်းက စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနီးအနားဝန်းကျင်မှာရှိ တဲ့ ကျေးရွာ ၁၀ ရွာက ဒေသခံ ငါးထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေ ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ည ၇ နာရီကနေ ည ၁၂ နာရီလောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကုလားချောင်း၊ ကုန်တန်း၊ ပြိန်းတော၊ ညောင်ပင်လှ၊ ရေမျက်၊ သမီးလှ၊ င/စံဘော်၊ ကျောက်ရံ၊ မောင်ဖြူရွာ၊ ဗောဓိကုန်း စတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးရတာပါ။

ဒီတိုက်ပွဲအတွက် အရပ်သားထိခိုက်သေဆုံးတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရေစိုးချောင်းဗျူဟာမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်က ကုလားချောင်းကျေးရွာကို ရိက္ခာဆင်းယူတဲ့အချိန်မှာ ရက္ခိုင့်တပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဩဂုတ်လ ၃၁ ရက် ဒီကနေ့ မနက်ပိုင်းမှာလည်း လက်နက်ငယ်သံတချို့နဲ့ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီဒေသခံတွေဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလည်း စစ်ကောင်စီတပ်နဲ့ AA အကြား နှစ်ဖက် တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့အနီးတစ်ဝိုက်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ အချိန်နှစ်နှစ်ကျော်ကြာ ခိုလှုံနေခဲ့ရပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကစလို့ တိုက်ပွဲတွေ ရပ်စဲသွားတဲ့အတွက် ၂၀၂၁ ခုနှစ် အစောပိုင်းမှာ နေရပ်ပြန်ခဲ့ကြတာပါ။

ဒါပေမဲ့ စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း AA တပ်ဖွဲ့ဝင်တွေကို လိုက်လံဖမ်းဆီးတာ ကနေ ၂၀၂၂ ခုနှစ် မေလကစလို့ စစ်ကောင်စီတပ်နဲ့ AA အကြား စစ်ရေးတင်းမာမှုတွေ ပြန်ဖြစ်လာပြီး မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေ ဖြစ်လာနေတာပါ။

RFA Burmese

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် တည်ပင်ဆိပ်မှာ စစ်ကောင်စီက သတ်ဖြတ်ထားတဲ့ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ရုပ်အလောင်း ရှစ်လောင်းကို ဩဂုတ်လ ၂၉ ရက်နေ့မှာ ဒေသခံတွေက တွေ့ရှိခဲ့တယ်လို့ ကျွန်းလှ PDF က တာဝန်ရှိသူတွေက ပြောပါတယ်။

“ပြည်သူတွေ ဖမ်းမိတဲ့အချိန်မှာ ပစ်သွားတာပေါ့။ လေကြောင်းနဲ့ ပစ်တဲ့အချိန်မှာ ထိတာလည်းပါတာပေါ့။ မီးရှို့သတ်သွားတာတွေလည်း ပါတယ်။ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးပါတယ် ဆိုတာလည်း မှန်တယ်” လို့ ကျွန်းလှ PDF က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ရှစ်လောင်းရှိကြောင်း အတည်ပြုနိုင်ပေမယ့် ရုပ်အလောင်းတွေ ပျက်စီးနေပြီဖြစ်တဲ့အတွက် ဘယ်သူဘယ်ဝါ ဖြစ်တာကိုတော့ အတည်ပြုဖို့ ခက်ခဲနေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ တည်ပင်ဆိပ်ရွာကို သြဂုတ်လ ၂၅ ရက်နေ့က ရောက်လာပြီး ၂၈ ရက်မှာ ပြန်ထွက်သွားပြီးနောက် ဒေသခံတွေက အလောင်းကို တွေ့ရတာဖြစ်တယ်လို့လည်း ပြောပါတယ်။

ကန့်ဘလူမြို့နယ် NLD စစ်ကိုင်းတိုင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်ကလည်း အလောင်း ၈ လောင်းကို အတည်ပြုနိုင်သော်လည်း ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အတည်ပြုဖို့ ခက်ခဲနေတယ်လို့ပြောပါတယ်။

“ရှစ်လောင်း အတည်ပြုနိုင်တယ်။ ၂၃ ရက်နေ့က စစ်ကြောင်းတွေထိုးပြီး တိုက်ပွဲဖြစ်တော့ အောင်ချမ်းသာတို့ လက်ခုတ်ပင်တို့ အဲနားလေးက ရွာတွေက တည်ပင်ဆိပ်တို့က ထွက်ပြေးကြတယ်။နောက်ရက်မှာ အောင်ချမ်းသာဘက်က စစ်ကြောင်းတွေကို ရဟတ်ယာဉ်နဲ့သယ်ပြီးမှ တည်ပင်ဆိပ်ဘက်ကို ရွှေ့လိုက်တော့ အဲရွာက ရွာပေါင်းစုံကဖြစ်နေတယ်။ တည်ပင်ဆိပ်ကပဲ ဆိုရင်တော့ ပျောက်တဲ့သူနဲ့ ပြန်တိုက်ကြည့်ရင် အတည်ပြုလို့ရတာပေါ့။ အခုဟာကို လေးငါးရွာက စုနေတယ်ဆိုတော့ ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုလို့ခက်သွားတာပေါ့။ ”

စစ်ကောင်စီတပ်က တည်ပင်ဆိပ်ကျေးရွာသို့ ဝင်ရောက်တပ်စွဲထားချိန် ၄ ရက်အတွင်း ရွာထဲတွင်ပိတ်မိနေတဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ကန့်ဘလူခရိုင်တပ်ရင်း (၂) က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့ တစ်ပတ်အတွင်း စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း စတဲ့မြို့နယ်တွေက ကျေးရွာ ၈ ရွာက နေအိမ် ၃၀၀ ကျော် မီးရှို့ခံထားရပြီး ပြည်သူ နှစ်သောင်းကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

RFA Burmese