ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါကျေးရွာက လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ဖားကန့်မြို့ပေါ်ကို ဆေးသွားရောက်ကုသခွင့်မရအောင် စစ်ကောင်စီက ဂင်စီကျေးရွာအထွက်ဂိတ်မှာ ပိတ်ဆို့ထားတယ်လို့ ရာနဲ့ချီတဲ့ဒဏ်ရာရသူတွေ အခက်အခဲကြုံနေရတယ်လို့ အရပ်ဖက်အဖွဲ့တွေက ပြောပါတယ်။

ကချင်အမျိုးသမီးအစည်းအရုံးက ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီက ဆေးကုသခွင့်မရသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေပါဝင်နေတယ်လို့ ပြောပါတယ်။

“ အင်တာနက်လိုင်းတွေ ဖြတ်ထားတော့ အဆက်အသွယ်ရဖို့အတော်ခက်တယ်။ နောက်ဆုံး သိရတဲ့ အနေအထားကတော့ လမ်းတွေပိတ်လိုက်လို့ ဆေးကုသဖို့လိုအပ်တဲ့သူတွေက ပိတ်မိနေတယ်။ အခြေအနေ ဆိုးတဲ့သူလည်းပါတယ်။ မနေ့ညက ဖြစ်ဖြစ်ခြင်း ဒဏ်ရာအပြင်းအထန်ရတဲ့သူတွေ ဆေးကုဖို့သွားတော့ သွားခွင့်မပေးလို့ ဆုံးသွားတဲ့သူတွေရှိတယ်။ အခုလည်း ဒဏ်ရာပြင်းတဲ့သူတွေ ကျန်နေသေးတယ်ပေါ့။”

အနန့်ပါကျေးရွာဟာ ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့စပြီး အင်တာနက်နဲ့ ဆက်သွယ်ရေးဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတာဖြစ်ပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့ ညနေပိုင်းအထိ စာရင်းအရ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၆၀ ရှိပြီလို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့ညက ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်မဟာ(၉) အနန့်ပါကျေးရွာ မှာ ကျင်းပနေတဲ့ (၆၂) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်(KIO) နေ့အထိမ်းအမှတ်ပွဲအကြို တေးဂီတဖျော်ဖြေပွဲလုပ်နေစဉ်မှာ စစ်ကောင်စီက ဂျက်လေယာဉ်(၄)စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာရသူတွေဆေးကုသဖို့ ပိတ်ပင်ထားတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး RFA က စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ (KIA) တပ်မဟာ(၉) အနန့်ပါက ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သတင်းအတိကျ မသိရသေးကြောင်းနဲ့ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို ချိတ်ဆက်ကူညီထောက်ပံ့ပေးသွားမယ်လို့ RFA ကိုပြောထားပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော်က စစ်ဘက်အရပ်ဘက် တာဝန်ရှိသူတွေ၊ ပြည်သူတွေ သေဆုံးခဲ့တဲ့အပေါ် ထပ်တူဝမ်းနည်းကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်ပါတီ MNDAA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးပါတီ TNLA၊ ရက္ခိုင်တပ်တော် ULA/AA စတဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း ကြေညာချက်အသီးသီးထုတ်ပြန်ထားပါတယ်။

RFA Burmese

တေးဂီတဖျော်ဖြေပွဲကျင်းပရာ နေရာသို့ ညဘက်တွင် တိတိကျကျ ဗုံးကြဲနိုင်သည့် ရုရှားထုတ် Yak-130 သုံးသည်ဟု လေတပ်အရာရှိဟောင်းအချို့က ပြောသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၆၂ နှစ်ပြည့်အကြို ဂီတဖျော်ဖြေပွဲ ပြုလုပ်နေစဉ် ယမန်နေ့ (အောက်တိုဘာ ၂၃) ညပိုင်းတွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ ဒါဇင်နှင့်ချီ သေဆုံးသွားသည်။

KIO ၏ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၉ နယ်မြေဖြစ်သည့် ဖားကန့်မြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ အနန့်ပါ ကျေးရွာတွင် ဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် ည ၉ နာရီဝန်းကျင်တွင် တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးသုံးလုံးထက်မနည်း ကြဲချခဲ့ကြောင်း သိရသည်။​

ဂီတဖျော်ဖြေပွဲ ကျင်းပနေစဉ် ဗုံးကြဲတိုက်ခိုက်ရသဖြင့် KIA အရာရှိအချို့အပြင် ကချင်အနုပညာရှင်နှင့် အရပ်သားအချို့ သေဆုံးသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ 

သို့သော် ဒဏ်ရာရသူများကို ကုသနေပြီး သေဆုံးသူတို့ကို သင်္ဂြိုဟ်ရန် လုပ်ဆောင်နေသည်ဟု ၎င်းက ဆက်ပြောသည်။ အသေးစိတ်အချက်အလက်များကိုမူ မပြောပေ။

“တိုက်ပွဲလည်းမရှိဘူး၊ ပြည်သူလူထုနဲ့ အရပ်သားနဲ့ ရောပြီးမှ နေတာကို သိရက်နဲ့ကို အစီအစဉ်ရှိရှိနဲ့ လာပြီးတော့မှ ဗုံးကြဲပြီးတိုက်ခိုက်တာ၊ ဒါကတော့ လူမဆန်တဲ့ ကိစ္စဖြစ်ပါတယ်၊ စစ်ရာဇဝတ်မှုလည်း မြောက်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
Hpakant_map.jpg

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တည်နေရာပြမြေပုံ။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တည်နေရာပြမြေပုံ။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) တာဝန်ရှိသူတစ်ဦးကမူ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိကာ သေဆုံးသူ ၅၀ ထက်မနည်းကြောင်း ပြောသည်။

“တိုက်ပွဲဖြစ်တာလည်း မဟုတ်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်း တေးဂီတဖျော်ဖြေပွဲ လုပ်နေတဲ့အချိန်မှာ ပစ်တယ်ဆိုတော့ စိတ်မကောင်းဘူးပေါ့။ ခရစ်ယာန်အသင်းသူ အသင်းသားတွေလည်း တော်တော်ပါသွားတယ်။ သေတာ ရိုးရိုးအရပ်သားတွေပဲ” ဟု ၎င်းက ပြောသည်။

ထိုဒေသအတွင်း အခြေစိုက်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦး၏ အဆိုအရ ဗုံးဒဏ်ကြောင့် ထိခိုက်သူ ၁၃၀ ကျော်၊ သေဆုံးသူ ၇၀ ကျော်အထိ ရှိနိုင်ကြောင်း၊ KIA စစ်ဘက်အရာရှိအချို့၊ အနုပညာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ကြောင်း သိရသည်။

စတိတ်ရှိုးကျင်းပနေသည့် ခန်းမသို့ ဗုံးတစ်လုံး တိုက်ရိုက်ကျသဖြင့် ကချင်အဆိုတော် အော်ရာလီနှင့် တပ်မဟာ ၉ မှ KIA အရာရှိများ သေဆုံးခြင်းဖြစ်သည်ဟု ဒေသတွင်းရှိနေသည့် အခြားသတင်းရင်းမြစ် အမျိုးသားတစ်ဦးထံမှ ထပ်မံသိရသည်။

“အဆိုတော် အော်ရာလီ သီချင်းဆိုတဲ့အချိန်ကျတာတဲ့ သူနဲ့ ပရိတ်သတ်ကြား တည့်တည့်ကို ကျတာ၊ တစ်လုံးက အဲဒီမှာကျပြီး နှစ်လုံးက အနန့်ပါဘေးက တောင်နားမှာ ကျတာ” ဟု ၎င်းက ပြောသည်။

ကချင်အဆိုတော် အော်ရာလီအပြင် ကချင်ဝါရင့်သရုပ်ဆောင် လထော်ဇော်ဒိန်၊ တေးသံရှင် ယော်လွင်နှင့် ကီးဘုတ်တီးခတ်သူ ကိုကင်းတို့ သေဆုံးကြောင်း ကချင်အနုပညာရှင်အသိုင်းအဝိုင်းကို ကိုးကားပြီး ဒေသအခြေစိုက် Kachin News Group က ရေးသားသည်။

ပွဲစီစဉ်သူများ၏ ဖိတ်ကြားမှုအရ ကချင်အနုပညာရှင် ၉ ဦးထက်မနည်း အဆိုပါ ဖျော်ဖြေပွဲသို့ ရောက်နေသည်ဟုလည်း ထိုသတင်းတွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်အခြေစိုက် သတင်းဌာနအချို့က ထုတ်ပြန်သော ရုပ်သံဖိုင်များအရ ဗုံးကြဲချခံရသည့် နေရာတွင် အဆောက်အအုံများ၊ ယာဉ်များ ရစရာမရှိအောင် ပျက်စီးနေသည်ကို တွေ့ရသည်။
Kachin_singers.jpg

ကချင်အဆိုတော် အော်ရာလီ၊ တေးသံရှင် ယော်လွင်နှင့် ကချင်ဝါရင့်သရုပ်ဆောင် လထော်ဇော်ဒိန်

ကချင်အဆိုတော် အော်ရာလီ၊ တေးသံရှင် ယော်လွင်နှင့် ကချင်ဝါရင့်သရုပ်ဆောင် လထော်ဇော်ဒိန်

အထက်ပါ တိုက်ခိုက်မှုကို မန္တလေး တံတားဦးလေဆိပ်ရှိ လေတပ်စခန်းမှ ပျံသန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လေတပ်တွင် ၁၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် CDM ဗိုလ်ကြီးဇေသူအောင်က ပြောသည်။

“တံတားဦးကနေ ကချင်ပြည်နယ်ကို တိုက်မယ်ဆိုရင် ကြာချိန်က နာရီဝက်အတွင်းပဲ ရောက်နိုင်တယ်။

အခုတိုက်ခိုက်မှုကတော့ ညဘက်ဆိုတော့ Yak-130 ရယ်၊ MIG-29 ရယ် အဲ့နှစ်မျိုးပဲ ရှိပါတယ်။ အဲဒီနှစ်မျိုးကလွဲလို့ ကျန်တဲ့လေယာဉ် မဖြစ်နိုင်ပါဘူး” ဟု ၎င်းက သုံးသပ်သည်။

“ဖြစ်နိုင်ခြေအများဆုံးကတော့ Yak-130 ဖြစ်နိုင်ပါတယ်။ Yak-130 က ညဘက်ပိုင်း ဗုံးကြဲမယ်ဆိုရင် ပေါင် ၅၀၀ ဗုံးလည်း ကြဲနိုင်သလို 500KG လို့ခေါ်တဲ့ ပေါင် ၁၁၀၀ ရှိတဲ့ ဗုံးလည်း ဖြစ်နိုင်တယ်” ဗိုလ်ကြီးဇေသူအောင်က ဆက်ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် လေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး CDM ဝင်လာသူ တပ်ကြပ်ကြီးထက်နိုင်အောင်ကလည်း စစ်ကောင်စီက ရုရှားထုတ် Yak-130 ဖြင့် တိုက်ခိုက်သည်မှာ သေချာကြောင်း ပြောသည်။

“မြေပုံညွှန်းနဲ့ ပစ်မှတ်ကို Lock ချပြီး ကြဲလို့ရတာ။ တံတားဦးကလာကြဲတယ်လို့ သိရပါတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ (အောက်တိုဘာ ၂၄) နံနက်တွင် ဖားကန့်မြို့၌ ပုံမှန်အတိုင်း လှုပ်ရှားသွားလာလျက်ရှိသော်လည်း မြို့နယ်အတွင်း စစ်ရေးတင်းမာမှုများ ရှိနေသည်ဟု သတင်းများထွက်ပေါ်နေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း စစ်တပ်၏ လုပ်ရပ်ကို ဆန့်ကျင်သည့် KIA အခြေစိုက်ရာ ကချင်ပြည်နယ်အတွင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်။

မိုးမိတ်မြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်မှ စတင်ကာ စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက်ကြီး၊ တိုက်လေယာဉ်အားကိုးဖြင့်သာ တုံ့ပြန်စစ်ဆင်နေသည်။

ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ နည်းမျိုးစုံဖြင့် ခုခံနေသည့် အဖွဲ့အချို့ကို လေ့ကျင့် သင်တန်းပေး လက်နက်တပ်ဆင်ပေးနေသည်၊ ပူးပေါင်းတိုက်ခိုက်နေသည်ဟု KIA ကို စစ်ကောင်စီက ပြောဆိုထားသည်။ ထိုသတင်းများကို KIA က ငြင်းလေ့မရှိသလို အတည်ပြုခြင်းလည်း မရှိပေ။

စစ်မျက်နှာများစွာဖွင့်ထားရသည့် စစ်ကောင်စီက နိုင်ငံနေရာအနှံ့တွင် လေကြောင်းကို အဓိကသုံး၍ ခုခံမှုများကို ပြင်းပြင်းထန်ထန်တုံ့ပြန်နေရာ မြန်မာနိုင်ငံအလယ်ပိုင်း ဒီပဲယင်းကဲ့သို့သော ဒေသ၌ပင် စာသင်ကျောင်းကို လေကြောင်းမှ ပစ်၍ ကလေးငယ်များ သေဆုံးခဲ့ရဖူးသည်။ 

“စစ်ကောင်စီအကြောင်းကတော့ သိတဲ့အတိုင်းပဲ။ ကမ္ဘာကြီးတစ်ခုလုံးလည်း ဂရုစိုက်တာ မဟုတ်သလို ဘယ်သူ့ကိုမှလည်း ဂရုစိုက်တာ မဟုတ်ဘူး။ သူတို့ လုပ်ချင်တာကို သူတို့ လုပ်မှာပဲ ဘာကိုမှ ဂရုစိုက်နေမှာ မဟုတ်ဘူး။ သူတို့ စစ်နိုင်ဖို့ပဲ စဉ်းစားမှာလေ” ဟု ဗိုလ်ကြီးဇေသူအောင်က ပြောသည်။
Yak_130.Jpeg

Credit- ဗိုလ်ကြီးဇေသူအောင်

Credit- ဗိုလ်ကြီးဇေသူအောင်

Myanmar Now New

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ နှစ်ပတ်လည်တေးဂီတဖျော်ဖြေပွဲကို စစ်ကောင်စီ တိုက်လေယာဉ်တွေ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ အရပ်သား ပြည်သူ အမြောက်အများ သေကြေဒဏ်ရာရခဲ့တဲ့အပြင် စစ်ကောင်စီအာဏာပိုင်တွေက လမ်းတွေကို ပိတ်ထားတဲ့အတွက် အချိန်မီဆေးကုသခွင့်မရဘဲ သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ၊ NUG၊ နိုင်ငံတကာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကြေညာချက်တွေထုတ်ပြန်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတဲ့အကြောင်း ပြောကြားထားပါတယ်။

စစ်ရေးလှုပ်ရှားမှုနဲ့ မဆိုင်တဲ့ အရပ်သားပစ်မှတ်တစ်ခုကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဖြစ်တဲ့အတွက် စစ်ရာဇဝတ်မှုမြောက်တဲ့အကြောင်းလည်း လူ့အခွင့်အရေးနဲ့ မြန်မာ့အရေးကျွမ်းကျင်သူအချို့က ပြောပါတယ်။ 

“ဒါက စစ်ရေးလှုပ်ရှားမှု မဟုတ်ပါဘူး။ အရပ်သားပြည်သူတွေရဲ့ ဖျော်ဖြေပွဲဖြစ်ပါတယ်။ မြန်မာစစ်တပ်က သူတို့ကိုရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ”

အောက်တိုဘာလ ၂၃ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက လွတ်မြောက်ရေးတပ်မတော် KIA ထိန်းချုပ်ရာ တပ်မဟာ ၉ နယ်မြေထဲမှာ ပြုလုပ်နေတဲ့ ဂီတဖျော်ဖြေပွဲကို စစ်ကောင်စီတပ်တွေ လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့တဲ့နောက်၊ ရန်ကုန်မြို့ကုလသမဂ္ဂရုံးကနေ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုဟာ အရပ်သားတွေအပေါ် အလွန်အကျွံအင်အားသုံးတိုက်ခိုက်ခဲ့တာ ဖြစ်ပုံရပြီး လက်ခံနိုင်စရာမရှိတဲ့အကြောင်း၊ ဒီလုပ်ရပ်အတွက် ကျူးလွန်သူတွေ တာဝန်ခံရမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။

“မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူအမြောက်အမြား သေဆုံး ဒဏ်ရာရကြတာနဲ့ ပတ်သက်လို့ ဒီဖြစ်စဉ်အကြောင်း အသေးစိတ်သိရဖို့ ကြိုးစားနေတဲ့အတောအတွင်းမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာနိုင်ငံက ကုလသမဂ္ဂရုံးဝန်ထမ်းတွေနဲ့အတူ ပူးပေါင်းပြီး သေဆုံးသူတွေအတွက် ဝမ်းနည်းကြောင်း သက်ဆိုင်သူမိသားစုဝင်တွေကို ပြောလိုပါတယ်။ ကုလသမဂ္ဂအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဖို့ ထပ်ပြီးတောင်းဆိုပါတယ်။ ဒဏ်ရာရသူတွေကိုလည် အမြန်ဆုံး ဆေးကုသခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်”

ဒါကတော့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မနေ့က နေ့လည်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က RFA ရဲ့မေးမြန်းချက်ကို နေ့စဉ်သတင်းစာရှင်းပွဲမှာ ဖြေကြားသွားတာဖြစ်ပါတယ်။

သြစတြေးလျ၊ ကနေဒါ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေက သံရုံးတွေ ပူးပေါင်းထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာတော့ အဆင်ခြင်မဲ့ တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့အရပ်သားတွေ ထိခိုက်ခြင်း၊ အတိဒုက္ခခံစားရခြင်းတွေ မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့အကြောင်း၊ ဒီလိုအကျပ်အတည်းနဲ့ မတည်ငြိမ်မှုတွေအတွက် စစ်အာဏာရှင်အဖွဲ့အစည်းမှာ တာဝန်ရှိတဲ့အကြောင်း၊ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေအရ အရပ်သားတွေကို အကာအကွယ်ပေးရမယ့် တာဝန်ကိုအလေးမထားတာကို အခုဖြစ်ပွားတဲ့တိုက်ခိုက်မှုက အထင်အရှားပြသနေတယ်လို့ ပါရှိပါတယ်။

မနေ့ကပဲ ထုတ်ပြန်လိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကြေညာချက်မှာတော့ စစ်ကောင်စီဟာ စက်တင်ဘာလ ၁၆ ရက်နေ့က ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာမှာ ကလေးငယ်တွေသေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်အပြီး တစ်လကျော်ကာလအတွင်းမှာပဲ ပြည်သူအများအပြားရှိနေတဲ့ ဂီတဖျော်ဖြေပွဲကို ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းကနေ ဗုံးကြဲပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ထပ်မံကျူးလွန်လိုက်တာ ဖြစ်ပြီး၊ စစ်ရေးကိစ္စနဲ့မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက်ခံခြင်းကနေ အကာအကွယ်ပေးဖို့ ဂျီနီဗာကွန်ဗင်းရှင်း သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်ကို ချိုးဖောက်နေတာ ဖြစ်တယ်လို့ပါရှိပါတယ်။

005.jpg
ဖားကန့်မြို့နယ် အန့န်ပါကျေးရွာအနီးတွင် KIO/KIA အထိမ်းအမှတ်အကြိုနေ့ တေးဂီတပွဲကျင်းပစဉ် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် မြင်ကွင်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က တွေ့မြင်ရစဉ်။ (Screenshot: The 74 Media Video)

လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က အာရှရေးရာတာဝန်ခံ Phil Robertson က ဒီတိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်ခေါင်းဆောင်တွေကို ICC တရားရုံးမှာ စစ်ဆေးအရေးယူဖို့ လိုနေတဲ့အကြောင်း ပြောပါတယ်။

”မြန်မာစစ်ခေါင်းဆောင်တွေဟာ ဒီလုပ်ရပ်နဲ့ စစ်ရာဇဝတ်မှု ကျူးလွန်လိုက်တာဖြစ်ပါတယ်။ အခုလိုအရပ်သားပြည်သူတွေ စုဝေးနေတဲ့ နေရာကို တိုက်ခိုက်တာ လက်ခံနိုင်စရာမရှိပါဘူး။ သူတို့အနေနဲ့ ဒီနေရာမှာ အရပ်သား ပြည်သူတွေ စုဝေးပြီး ဂီတဖျော်ဖြေပွဲလုပ်နေတာ မသိနိုင်စရာ အကြောင်းမရှိပါဘူး။ ကေအိုင်အေအဖွဲ့က အာဏာသိမ်းဆန့်ကျင်တော်လှန်ရေး အင်အားစုတွေကို ထောက်ခံနေတဲ့အတွက် လက်စားချေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ စစ်ရေးလှုပ်ရှားမှုနဲ့မဆိုင်တဲ့ အနုပညာရှင်တွေ၊ ပွဲကြည့်ပရိတ်သတ်တွေကို သတ်ဖြတ်ခဲ့တာကိုကြည့်ရင် ဒီမြန်မာစစ်တပ်ဟာ စိတ်ဓာတ်ရေးရာအရကော၊ ကျင့်ဝတ်ပိုင်းဆိုင်ရာအရကော ဘယ်လောက်အထိ ချွတ်ခြုံကျနေသလဲဆိုတာ ပြသနေပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မြန်မာစစ်ခေါင်းဆောင်အားလုံးကို ဒီတိုက်ခိုက်မှုအတွက်ကော မြန်မာနိုင်ငံအနှံ့ကျူးလွန်ခဲ့တဲ့ အခြားတိုက်ခိုက်မှုတွေ အားလုံးအတွက်ကော၊ ICC တရားရုံးမှာ ရုံးတင်စစ်ဆေးပြီး အရေးယူဖို့ လိုအပ်နေတာကို ပြသနေပါတယ်”

အောက်တိုဘာလ ၂၅ ရက် ဒီနေ့မှာ ကျရောက်မယ့် KIO တည်ထောင်တဲ့ ၆၂ နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲကို အောက်တိုဘာလ ၂၃ ရက်ကစပြီး သုံးရက်ကြာ ပြုလုပ်ရာမှာ ပထမဆုံးနေ့မှာပဲ အခုလို စစ်ကောင်စီကနေ လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒေသခံအရပ်သားပြည်သူ တစ်ထောင်ကျော်လောက်အထိ ရှိနေတဲ့ ဒီဂီတဖျော်ဖြေပွဲကို စစ်ကောင်စီ လေယာဉ်တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကေအိုင်အေ တပ်ဖွဲ့တွေ၊ ကချင်အနုပညာရှင်အချို့နဲ့ အရပ်သား ၅၀ လောက်အထိ သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူ ၁ဝဝ ဝန်းကျင် ရှိနိုင်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကေအိုင်အေ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒါဟာ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ သေဆုံး ဒဏ်ရာရသူ အရေအတွက်ကို စိစစ်နေဆဲ ဖြစ်တဲ့အတွက် အတိအကျအတည်မပြုနိုင်သေးဘူးလို့ RFA ကို ပြောထားပါတယ်။

image (4).jpg
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့သည့် KIA တပ်မဟာ ၉ တည်နေရာပြမြေပုံ။ (Image: RFA)

အခုအချိန်မှာတော့ စစ်ကောင်စီတပ်တွေဟာ လမ်းတွေ ပိတ်ထားတဲ့အတွက် ပြင်းပြင်းထန်ထန်ဒဏ်ရာရထားသူတွေ ဆေးကုသမှုခံယူဖို့ အခက်အခဲတွေကနေပြီး သေဆုံးသူ ၁ဝဝ ထက်မနည်း ရှိလာနိုင်တယ်လို့ ယူကေနိုင်ငံအခြေစိုက် Burma Campaign UK အဖွဲ့က Mark Farmaner က ပြောပါတယ်။

“မြေပြင်က ဒေသခံတွေရဲ့ပြောပြချက်အရ အနည်းဆုံး လူ ၅၀ ကနေ ၈၀ လောက်အထိ သေဆုံးသွားတယ်လို့ သိရပါတယ်။ ဒီထက်လဲ ပိုလာနိုင်ပါတယ်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသူ ၁၀၀ ကျော်လောက် ရှိနေပြီး စစ်ကောင်စီကနေ လမ်းတွေပိတ်ထားတဲ့အတွက် ဆေးရုံကိုသွားပြီး ဆေးကုသမှုခံယူဖို့ အခက်အခဲ ဖြစ်နေကြပါတယ်။ ဒီတိုက်ခိုက်မှု ဖြစ်ပွားချိန်မှာ အဲဒီကွင်းထဲမှာ အနည်းဆုံးလူတစ်ထောင်လောက် ရှိနေတယ်လို့ သိရပါတယ်။ ဒါက စစ်ရေးလှုပ်ရှားမှု မဟုတ်ပါဘူး။ အရပ်သားပြည်သူတွေရဲ့ ဖျော်ဖြေပွဲ ဖြစ်ပါတယ်။ မြန်မာစစ်တပ်က သူတို့ကိုရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုကော၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပါ မြောက်ပါတယ်”

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရခိုင့်တပ်တော် (AA) တို့ ပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့သုံးဖွဲ့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ စစ်ကောင်စီဟာ စစ်ရေးအခြေအနေ ပိုမိုဆိုးဝါးလာတာနဲ့အမျှ စိတ်ဓာတ်ကျဆင်းပြီး လက်နက်အားကိုးနဲ့ အပြစ်မဲ့ပြည်သူလူထုကို ဦးတည်တိုက်ခိုက်တာကို နေ့စဉ်နဲ့ အမျှ ပြုလုပ်နေတဲ့ အကြောင်းနဲ့ ဂျက်တိုက်လေယာဉ်တွေနဲ့ ညအချိန်အလစ်အငိုက်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခြင်းတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတာဖြစ်ကြောင်း အထင်အရှားတွေ့ရတယ်လို့ ပါရှိပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီက အောက်တိုဘာလ ၂၄ရက် ညပိုင်းမှာ ကြေညာချက်ထုတ်ပြန်ရာမှာတော့ ဖားကန့်နယ်မြေအတွင်း KIA တပ်မဟာ ၉ နယ်မြေ ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တန်ပြန်စစ်ဆင်ရေးဆောင်ရွက်ခဲ့တာဖြစ်ပြီး ထိတွေ့တိုက်ခိုက်မှုဆိုင်ရာစည်းမျဉ်း Rule of Engagement အတိုင်း ဆောင်ရွက်ခဲ့တာဖြစ်ကြောင်းနဲ့ ဒီတိုက်ခိုက်မှုကြောင့် ပြည်သူ ၅၀ကျော်နဲ့ အနုပညာရှင်တွေ သေဆုံးခဲ့တယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ ကောလဟလသာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

RFA Burmese

အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာတဲ့ စစ်ဘေးဒုက္ခသည် တစ်သန်းကျော် (၁,၀၁၇,၀၀၀ ဦး) ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က အောက်တိုဘာ ၁ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သြဂုတ်လကုန်အထိ နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် ကိုးသိန်းခုနစ်သောင်းကျော် (၉၇၄,၄၀၀ ဦး) ရှိခဲ့ပါတယ်။ စက်တင်ဘာလအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ စစ်ဘေးဒုက္ခသည် လေးသောင်း နှစ်ထောင်ကျော် (၄၂,၆၀၀ ဦး) တိုးလာတဲ့အတွက် အခုဆိုရင် ဒုက္ခသည်ဦးရေဟာ တစ်သန်းကျော်သွားပါပြီ။

သာမန် အရပ်သားတွေရဲ့ နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေပါ ဖျက်ဆီးခံရလို့ ပြန်လည် ထူထောင်ဖို့ မလွယ်တော့ဘူးလို့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်က အမည်မဖော်လိုသူ စစ်ဘေးဒုက္ခသည် တစ်ဦးက RFA ကို ပြောပါတယ်။

“ဒေသခံတွေက ကားတွေဘာတွေတောင် မယူသွား အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထထွက် သွားရော။ ပြန်လာတဲ့အခါကြတော့ အကုန်လုံး မီးရှို့ပြာကြနေတော့ စိတ်ထိခိုက်တာပေါ့။ ဆုံးရှုံးမှုကလည်း တော်တော်များတယ်။ ပြန်လည်ထူထောင်ဖို့က မလွယ်တော့ဘူး။ အဲဒီအခါကြတော့ ဘဝရပ်တည်ရေးအတွက် အဆင်မပြေတော့ဘူး”

လက်နက်ကိုင်ဆန့်ကျင်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးဒုက္ခသည် ငါးသိန်းခွဲနီးပါး (၅၄၅,၀၀၀ ဦး)ရှိပြီး ဒါဟာ ဒုက္ခသည်စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းကျော် ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် စက်တင်ဘာလအတွင်း ဒုက္ခသည် တစ်သောင်းသုံးထောင်ကျော် (၁၃,၄၀၀ ဦး) တိုးလာတယ်လို့ UN OCHA အစီအရင်ခံစာမှာ ဖော်ပြပါတယ်။

ဒုက္ခသည်တွေ ရိက္ခာပြတ်လပ်ပြီး ဆန်ပြုတ်သောက်နေရတယ်လို့ ရသေ့တောင်မြို့နယ် အတွင်းက စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတစ်ဦးကပြောပါတယ်။

“Camp (စစ်ဘေးဒုက္ခသည်စခန်း) တွေမှာက တချို့ဆို စားနပ်ရိက္ခာတွေ ပြတ်နေပြီဗျ။ တချို့ဆိုရင် ထမင်းမချက်နိုင်ဘဲနဲ့ ဆန်ပြုတ်ကျိုသောက်ရတဲ့ အဆင့်ကို ရောက်နေပြီ။ မြောက်ဦးဘက်မှာဆိုရင် ကလေးတွေကအစ ထမင်းငတ်နေတဲ့ အခြေအနေမျိုး ဖြစ်နေပြီဗျ ဒုက္ခသည်စခန်းမှာ။ ဒီအတိုင်းဆက်သွားမယ်ဆိုရင်တော့ နောက်တစ်ပတ် အတွင်းမှာ အကုန်လုံး အခက်အခဲ ရောက်သွားနိုင်တယ်။ စားနပ်ရိက္ခာလုံးဝကို ပြတ်သွားနိုင်တယ်”

စက်တင်ဘာ ၁၅ ရက်နေ့ကစလို့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေက ထောက်ပံ့တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို စစ်ကောင်စီက ပိတ်ပင်လိုက်ပါတယ်။

“Camp (စစ်ဘေးဒုက္ခသည်စခန်း) တွေမှာက တချို့ဆို စားနပ်ရိက္ခာတွေ ပြတ်နေပြီဗျ။ “

ဒီအပြင် လမ်းပန်းဆက်သွယ်ရေးတွေကို ပိတ်ဆို့ထားတာမို့ ရခိုင်ပြည်နယ်က စစ်ဘေး ဒုက္ခသည် စခန်းတွေမှာ ရိက္ခာပြတ်တောက်နေပြီလို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းက စစ်ဘေးဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင်ကို RFA က ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင် ဆန့်ကျင်သူတွေအကြား နယ်မြေစိုးမိုးရေး ကြိုးပမ်းမှုတွေကြောင့် လာမယ့် ကာလတွေအတွင်း ပဋိပက္ခတွေ ပိုပြင်းထန်လာပြီး ဒုက္ခသည်အရေး အကျပ်အတည်းဖြစ်လာလိမ့်မယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

rakhine refugees
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ မြို့ဦးခေါင်း ဒုက္ခသည်စခန်းရှိ စစ်ဘေးဒုက္ခသည်များကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ ရစဉ်။ (Photo: RFA)

“စစ်ရေးအရ တိုးမြှင့်နေသလိုမျိုး ကြားထဲမှာ ကူညီကယ်ဆယ်မယ့် INGO တို့ UN တို့ အဖွဲ့တွေကိုပါ ထိန်းချုပ်ဖို့အတွက် သူတို့ကော်မတီတွေဖွဲ့ပြီးတော့ စနစ်တကျ လုပ်နေတာမျိုး တွေ့ရလိမ့်မယ်။ အဲဒီတော့ သူတို့က တင်းမာမှုတွေ လျော့ကျစေမယ့် လုပ်ရပ်မျိုးတွေကိုတောင်မှ သူတို့က တားဆီးပိတ်ပင်ဖို့ လုပ်နေတာမျိုးတွေ့ရတယ်။ အဲဒီတော့ စစ်ရေးအရကတော့ အရှိန်မြင့်လာဖို့ ပိုများတယ်လို့ သုံးသပ်လို့ရတာပေါ့”

စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲလုပ်ဖို့ နယ်မြေစိုးမိုးရေးကို အင်အားသုံး ဆောင်ရွက်လာပြီး အတိုက်အခံတွေကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အပါအဝင် စစ်ကောင်စီက ကြိုးပမ်းမှုတွေကို အသိအမှတ်မပြုဘူးလို့ ပြောဆိုထားပါတယ်။ ဒါကြောင့် တိုက်ပွဲတွေနဲ့အတူ စစ်ဘေးဒုက္ခသည် အရေအတွက်လည်း တဟုန်ထိုး တိုးလာလိမ့်မယ်လို့ သူက ခန့်မှန်းပါတယ်။

စစ်အာဏာမသိမ်းခင်က နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် သုံးသိန်းလောက်ရှိနေရာက ခုဆိုရင် နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် ၁ ဒသမ ၃ သန်း ကျော်ရှိနေပြီလို့ UNOCHA က ပြောပါတယ်။

ဒီလို နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည်ဦးရေ တိုးလာပေမယ့် လူသားချင်းစာနာမှုအကူအညီ ၂၀ ရာခိုင်နှုန်းပဲ ပေးထားနိုင်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

RFA News

မြန်မာစစ်တပ်သည် သမိုင်းကြောင်းအရ ခြိမ်းချောက်အန္တရယ်ပေးခဲ့မှုများနှင့် အလားအလာကောင်းများကို ဖျက်ဆီးခဲ့မှုများရှိခဲ့သောကြောင့် မြန်မာပြည်ငြိမ်းချမ်းရေးပန်းတိုင်သည် ရှည်လျားပြီး စိတ်ပျက်ဖွယ် ဖြစ်နေသည်။ ကာလကြာရှည် အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်ခြင်းနှင့် လက်နက်မဲ့ပြည်သူများအပေါ် အသက်အန္တရယ်ကျရောက်စေသော တိုက်ခိုက်မှုများသည် သက်သေပင်ဖြစ်သည်။ မတူညီသည့် ခေတ်ကာလအဆက်ဆက် တိုင်းရင်းသားလူမျိုးစုများအပေါ် ကျူးလွန်ခဲ့ သော အကြမ်းဖက်လုပ်ရပ်များကြောင့် သိန်းပေါင်းများစွာသော တိုင်းရင်းသားလူမျိုးစုများသည် အသက်ဘေးမှ လွတ်မြောက်ရန်အတွက် နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ စစ်အာဏာသိမ်းခဲ့သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းသည့်အချိန်ကတည်းမှ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများသည် အလိုအလျှောက် အဆုံးသတ်ခဲ့သော်လည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် စတင်ကြိုးစားအားထုတ်လာခဲ့သည်။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) ၏ အဖွဲ့ဝင်အဖွဲ့အစည်းဖြစ်သည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့အနေဖြင့် “ငြိမ်းချမ်းရေးသည် ပြည်တွင်းစစ်မှလွတ်မြောက်ပြီး၊ ပြည်သူအားလုံးကြား သဘောတူညီမှုနှင့် သဟဇတရှိမှုတို့၌ အခြေပြုနေသည်ဟု” သုံးသပ်သည်။ သို့သော် မြန်မာနိုင်ငံတစ်ဝှမ်း ဆယ်စုနှစ် ခုနစ်ခု ကြာဖြစ်ပွားနေသော ရက်စက်ကြမ်းကြုတ်သည့် ပြည်တွင်းစစ်ကြီး ဆက်လက်ဖြစ်ပွားနေခြင်းသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးမည့် စစ်မှန်သောဖက်ဒရယ်စနစ်ကို တည်ဆောက်ရန် စိန်ခေါ်မှု တရပ်အနေဖြင့် ရှိနေသည်။

“မြန်မာနိုင်ငံကဲ့သို့ ယဉ်ကျေးမှုပေါင်းစုံရှိသည့် လူမှုအဖွဲ့အစည်းအတွက် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး၏ အကြီးမားဆုံး စိတ်ခေါ်မှုတရပ်မှာ အစိုးရအနေဖြင့် လူနည်းစုများကို လူများစုနည်းတူ တန်းတူ ဆက်ဆံမှာလား “ဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ ကိုအောင်ဇော်ဦးက  ပြောသည်။ ဆက်လက်ပြီး ၎င်းမှ “ဒေသတွင်းနှင့် ကမ္ဘာတဝှမ်းမှ လူမှုအဖွဲ့အစည်းတွေကြား ဆက်ဆံရေးတည်တံ့ စေရန်နှင့် လူမှုအဖွဲ့အစည်းအဆင့်တိုင်းတွင် ရေရှည်လက်တွဲလုပ်ဆောင်သောအခါ ငြိမ်းချမ်းရေးတည်ဆောက်မှုဟာ မဟာဗြူဟာ ဖြစ်လာသည်” ဟု ထပ်လောင်းပြောကြားခဲ့သည်။

ND-Burma ၏ ဆက်စပ်အဖွဲ့၀င်အဖွဲ့အစည်းဖြစ်သည့် ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း (CHRO)မှ ငြိမ်းချမ်းရေးရရှိရန် စည်းလုံးညီညွှတ်မှုသည်လည်း အရေးပါသော စိန်ခေါ်မှုတရပ်ဖြစ်ကြောင်း မှတ်ချက်ပြုထားသည်။ တိုင်းရင်းသားတို့၏ ပန်းတိုင်ဖြစ်သော လွတ်လပ်၍တရားမျှတသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည် ငြိမ်းချမ်းရေးကို အရင်းခံယုံကြည်နေကြသည့်  တိုင်းရင်းသားတို့အတွက်“ အဖွဲ့လိုက် အလုပ်လုပ်ဆောင်သည့်အခါမှာ မည်သည့်ဝင်ရောက် စွက်ဖက်မှုနှင့် နှောင့်ယှက်မှုတစ်စုံတရာမရှိပဲ လွတ်လပ်စွာလုပ်ဆောင်ခွင့်ရှိရမယ်” ဟု ချင်းလူ့အခွင့် အရေးအဖွဲ့အစည်း( CHRO) ဝန်းထမ်း ဆလိုင်းဘင်ဂျင်မင်မှ ပြောသည်။ ဆက်လက်ပြီး “ ငြိမ်းချမ်းရေးဆိုသည်မှာ လူတိုင်းတန်းတူညီမျှခြင်းဖြစ်သည်”ဟု ၎င်းမှ ထပ်လောင်းမှတ်ချက်ပြုခဲ့သည်။

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အဓိကစိန်ခေါ်မှုများထဲမှ တစ်ခုမှာ စစ်တပ်မှရေးဆွဲထားသော အခြေခံဥပဒေသည် ချို့ယွင်းချက်များစွာနှင့် ပြဿနာများစွာရှိနေခြင်းဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ရေးဆွဲထည့်သွင်းထားသည့် အချက်အလက်များသည် စစ်အာဏာရှင်များအား ဥပဒေအရနှင့် လူမှုရေးကဏ္ဍ အားလုံးနီးပါးတွင် အကာအကွယ်ပေးထားရုံမက၊ ၎င်းတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့် ရဖို့ရန် ခိုင်မာအောင် မြှင့်တင်ရေးဆွဲထားသည်။

စစ်တပ်၏ မဟာလူမျိုးကြီးဝါဒ၊ အာဏာရှင်အုပ်ချုပ်မှုစနစ်နှင့် စီးပွားရေး အဂတိလိုက်စားမှုများကြောင့် ငြိမ်းချမ်းရေး အလားအလာအားလုံး ပျက်ပြားခဲ့ရသည်။ ထို့အပြင် တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများအတွက် စိတ်ရင်းမှန်မရှိသောကြောင့် လည်းဖြစ်သည်။ တိုင်းရင်းသား လူနည်းစုများသည် အပယ်ခံရမှုများနှင့် ခွဲခြားဆက်ဆံခံရမှုများကို ကာလကြာရှည်စွာ ခံစားခဲ့ရသောကြောင့် ယုံကြည်မှုကင်းမဲ့လာသည်။

ND-Burma အဖွဲ့ဝင်ဖွဲ့အစည်းဖြစ်သည့် ကချင်အမျိုးသမီးများအစည်းအရုံး- ထိုင်းနိုင်ငံ (KWAT)မှ အမှန်တရားရှာဖွေရေးနှင့် အကာအကွယ်ပေးရေး ယန္တရားများ တိုးတက်အောင် ဖော်ဆောင်ရန်လိုအပ်သည်ဟု သုံးသပ်သည်။

“မြန်မာစစ်တပ်သည် အရပ်သားပြည်သူများအပေါ် ရက်စက်ယုတ်မာမှုများ၊ လူမျိုးတုံးသတ်ဖြတ်မှု များနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် နေသည်” ဟု ND-Burma အဖွဲ့ဝင် ကချင်အမျိုးသမီးများအစည်းအရုံး ထိုင်းနိုင်ငံ (KWAT) မှတ်တမ်းနှင့် သုသေသန ဌာန ညှိနှိုင်းဆောင်ရွက်ရေးမှုး Ah San မှပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခန်းကဏ္ဍများတွင် အမျိုးသမီးများ၏ပါဝင်နိုင်မှုသည် ပုံမှန်အားဖြင့် ငြင်းပယ်ခံရလျက်ရှိပြီး အမျိုးသမီးများ၏ လုပ်နိုင်စွမ်းအားနှင့် အတွေ့အကြုံများသည် ဘေးဖယ်ခံထားရသည်။ “ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် မည်သည့်ကိစ္စရပ်တိုင်း၌မဆို အမျိုးသမီးများ၏ ပါဝင်နိုင်မှုအခန်း ကဏ္ဍရှိရမှာဖြစ်ပြီး ထိုသို့ပါဝင်လာနိုင်အောင်လည်း ပံ့ပိုးပေးရမှာဖြစ်တယ်” ဟု ၎င်းမှ ထပ်လောင်း ပြောခဲ့သည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ND-Burma အဖွဲ့ဝင်များ၏ နောက်ထပ်ဆွေးနွေးသုံသပ်သည့် သော့ချက်မှာ အားလုံးပါဝင်သော အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှတဆင့် အတိတ်မှ မတရားမှု များအတွက် တရားမျှတမှုကို ရှာဖွေခြင်းနှင့် ပြန်လည်ကုစားပေးခြင်းသည် အရေးကြီးသည့် ကဏ္ဍဖြစ်သည်။ ဤလုပ်ငန်းစဉ်ကို စတင်ဖို့ရန်မှာ မြန်မာ့တပ်မတော်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်နေရာပေးခြင်းဖြင့် စတင်ရမည် ဖြစ်သည်။

“အကြမ်းဖက် ဖက်ဆစ်စစ်တပ်၏ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာသို့ မြေပြင်၊ လေကြောင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ချက် “

၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၆) ရက် နေ့လည် (၁) နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့်တွဲလျက်ရှိသော စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စု၏ MI 35 ရဟတ်ယာဉ်က ဝေဟင်မှ၊ ခြေလျင်တပ်ရင်း ၃၆၈က မြေပြင်မှ နေ၍ တစ်နာရီကြာ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ဖြစ်စဥ်တွင် စုစုပေါင်း ကလေး သူငယ် ၆ ဦး သေဆုံးခဲ့ပြီး ကလေးများ၏ ရုပ်အလောင်းများကို မိဘများအား မပေးအပ်ဘဲ အကြမ်းဖက်စစ်တပ်က ပီနံအိတ်များအတွင်းထည့်ကာ သယ်ဆောင်သွားခဲ့သည်။ နောက်ထပ် ကလေး(၁) ဦးမှာ ရေဦးဆေးရုံတွင် ထပ်မံသေဆုံးခဲ့သည်ဟု အတည်ပြုနိုင်ပါသည်။

လက်ယက်ကုန်းကျေးရွာဖြစ်စဉ်တွင် အပြစ်မဲ့ ပြည်သူ ၆ ဦး သေဆုံးခဲ့ရပြီး ပြည်သူများ၏ ရုပ်အလောင်းများအား မိသားစုသို့ပေးခဲ့သည်။ ကလေး (၇) ဦး၊ လူကြီး (၆) ဦး စုစုပေါင်း (၁၃) ဦး သေဆုံးခဲ့သည်။ ကျောင်းအတွင်းရှိ ကျောင်းသား/ သူ ကလေးငယ် နှင့် ဆရာ၊ဆရာမ ကျေးရွာရပ်မိ ရပ်ဖ (၂၁) ဦးအား ဓါးစာခံ အဖြစ် ဖမ်းဆီးပြီး ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ လက်ယက်ကုန်း ကျေးရွာအတွင်းနေအိမ်များ၊ ပစ္စည်းများ၊ တိရစ္ဆာန်များအား မီးရှို့ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဘေးအနီးဝန်းကျင်ကို ဆက်တိုက်ပစ်ခတ်ခဲ့သည်။ ဒီပဲယင်းမြို့နယ်အတွင်းရှိ ညောင်လှ၊ သစ်တုံ၊ မူးဆုံ၊ မူးခံ၊ ညောင်ကြီးကုန်း၊ အင်ပင်၊ လက်ယက်ကုန်း ကျေးရွာများက ပြည်သူ(၁၈) ဦး ဒဏ်ရာရခဲ့သည်။ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကျေးရွာအများအပြား အရေးပေါ် အခြေအနေသို့ ရောက်ရှိနေပြီး သောင်းချီသော ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက် အကြမ်းဖက် အာဏာလုယူ ခဲ့သည့်နေ့ရက်မှစပြီး ယနေ့အချိန်အထိ အသက်(၁၈) နှစ်အောက် ကလေးသူငယ် (၂၃၄) ဦးကို သတ်ဖြတ်ခဲ့ပြီး၊ (၃၆၃) မှာလဲ ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရပါသည်။

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် မတရားအာဏာလုယူအပြီး တစ်နှစ်ကျော်ကာလအတွင်း ယခုဖြစ်ပျက် ခဲ့သည့် ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပါအဝင် ၂၀၂၁ ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ တောင်ပေါက်ရွာ၊ ကြက်ချောင်းတောတိုက်ရွာ၊ ယင်းရွာ၊ ကုန်းသာရွာတို့တွင် လူ (၄၀) ကျော် သတ်ဖြတ်ခဲ့ခြင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာ၌ ၁၄ နှစ်မှ ၁၇ နှစ် အကြား ကလေးသူငယ်လေးဦး အပါအဝင် ဒေသခံ (၁၀) ဦးကို သတ်ဖြတ်ခဲ့ခြင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ရက်နေ့တွင် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာ၌ အမျိုးသမီး၊ ကလေးငယ်နှင့် Save the Children မှ ဝန်ထမ်းနှစ်ဦးအပါအဝင် (၄၉) ဦးအား မီးရှို့သတ်ဖြတ်ခဲ့ခြင်း ၊ ၂၀၂၂ ဇန်နဝါရီလ (၆) ရက်နေ့တွင် ချင်းပြည်နယ် မတူပီမြို့နယ်၌ သတင်းထောက်တစ်ဦးနှင့် ကလေးငယ်တစ်ဦးအပါအဝင် (၁၁) ဦးကို ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ခြင်း၊ ၂၀၂၂ ဧပြီလ (၁၉) ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း၊ ရွာငံ ပဲရင်းတောင်ရွာ၌ အမျိုးသား (၉) ဦးကို မီးရှို့သတ်ဖြတ်ခဲ့ခြင်း ၊ ၂၀၂၂ ခုနှစ် မေ ၁၂ ရက်နေ့တွင် ရေဦးမြို့နယ် မုန်တိုင်ပင်ရွာ၌ (၂၈) ဦးကို မီးရှို့သတ်ဖြတ်ခဲ့ခြင်း စသည့် လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သည်ကို အချက်အလက်များအရ တွေ့ရှိရပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများတွင် အသက်ခန္ဓာ ရင်းနှီးပေးဆပ်ခဲ့ကြ ရသူများအားလုံးအတွက် တရားမျှတမှုကို ပြန်လည်ရရှိနိုင်ရေး ဖြစ်စဉ်တစ်ခုဆီတိုင်း၏ သက်သေ အထောက်အထားများကို စနစ်တကျ စုဆောင်း၍ သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းများသို့ ပို့ဆောင် လျက်ရှိပါသည်။ မျက်မြင်သက်သေများ၏ လုံခြုံရေးနှင့် ကျန်ရစ်သူ မိသားစု များ၏ ဘဝရပ်တည်ရေး တို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက တာဝန်ယူထောက်ပံ့မှုများကို စဉ်ဆက်မပြတ်ပြုလုပ် ပေးလျက်ရှိပါသည်။ ထို့အပြင် လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုဖြစ်စဉ်များကို ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ တာဝန်ရှိသူများအားလုံး ထိုက်တန်သည့် ပြစ်ဒဏ်များကို တရားဥပဒေရှေ့မှောက်တွင် ပြန်လည် ခံစားရရှိနိုင်စေရေးကို အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက် နေပြီဖြစ်ကြောင်း အသိပေးပြောကြားလိုပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တိုင်းရင်းသားမဟာမိတ် တို့၏ စိုးမိုးထိမ်းချုပ်နယ်မြေများကို အခြေပြု၍ စစ်ရာဇဝတ်မှုကျူးလွန်သူများအား အမှုဖွင့်တရားစွဲဆိုခြင်း၊ ဝရမ်းထုတ်ခြင်း၊ လက်ရဖမ်းဆီးခြင်း၊ ဖမ်းဆီးရမိပါက တရားဥပဒေအရ တရားစီရင် အပြစ်ပေးခြင်းများကို အမြန်ဆုံးဆောင်ရွက်နိုင်ရေး အဆောတလျင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂနှင့်တကွ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လဲ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ထိရောက်ပြင်းထန်သော အရေးယူ ဆောင်ရွက်မှုများကို အလျင်အမြန် ဆောင်ရွက်မှသာလျှင် ကမ္ဘာ့တစ်ဝှမ်းရှိလူသားမျိုးနွယ်စုတစ်ခုလုံး၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးတို့ကို ခြိမ်းခြောက်လာနေသည့် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်၏ ရက်စက်ရမ်းကားမှုများကို ရပ်တန့်နိုင်မည်ဖြစ်ပါကြောင်း အလေးအနက်ထား တိုက်တွန်းနှိုးဆော်အပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ