ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

တောင်တွင်းကြီး NLD အမတ် ထောင်ဒဏ် ၁၇၃ နှစ် ချမှတ်ခံရ
ကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်ကို စစ်ကောင်စီက စုစုပေါင်းထောင် ၁၇၃ နှစ်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အသက် ၅၂ နှစ်အရွယ် ဦးဝင်းမြင့်လှိုင်ကို မကွေးတိုင်းခရိုင်တရားရုံးက အောက်တိုဘာလ ၃၁ ရက် ဒီနေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ရှစ်ခုနဲ့ ထောင် ၁၄၈ နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်။
အရင်အမိန့်ချပြီး ထောင်ဒဏ် ၂၅ နှစ်ရှိတာကြောင့် စုစုပေါင်း ထောင်ဒဏ် ၁၇၃ နှစ်အထိ ကျခံရမှာဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဦးဝင်းမြင့်လှိုင်ကို တရားစွဲဆိုရာမှာ ထောင်ထဲရောက်ပြီးမှ အပြင်မှာဖြစ်နေတဲ့ကိစ္စတွေကိုပါ ထည့်သွင်းစွဲဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“သူတို့ တရားရုံးမှာ စစ်တယ်။ ဒီအဖြစ်အပျက်ဖြစ်တဲ့အချိန်မှာ ကိုဝင်းမြင့်လှိုင် မြို့မှာရှိလားဆိုတော့ ဟိုကလည်း မရှိဘူးပေါ့။ အဲဒီတုန်းကဘယ်မှာလဲဆိုတော့ ရှေ့နေ့က ထပြောတယ် သူကထောင်ထဲမှာ။ သူအထဲရောက်ပြီးမှ ဖြစ်ပျက်တဲ့ကိစ္စတွေကိုပါ အမှုတွဲထားတာဆိုတော့ တရားဥပဒေနဲ့ မညီဘူးလေ”
အောက်တိုဘာလ ၃၁ ရက်နေ့မှာ မကွေးခရိုင်တရားရုံးက ခုံရုံးသုံးခုမှာ ဦးဝင်းမြင့်လှိုင်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁ (ဂ) နဲ့အမှု ရှစ်ခုအတွက် ထောင် ၄၈ နှစ်၊ ပုဒ်မ ၅၄ အမှု၊ လေးမှုအတွက် ထောင် အနှစ် ၈၀၊ ပုဒ်မ ၅၀ (က) အတွက် ထောင် ၁၅ နှစ်၊ ပုဒ်မ ၅၂ (က) အတွက် ထောင်ဒဏ်ငါးနှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဒီမတိုင်ခင်က ဦးဝင်းမြင့်လှိုင်ဟာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ – က အပါအဝင် အမှုငါးမှုနဲ့ထောင် ၂၅ နှစ်ချမှတ်ခံထားရပါတယ်။
ဦးဝင်းမြင့်လှိုင်အပါအဝင် ထောင်အနှစ် ၂၀ အထက်ကျသူတွေကို မကွေးတိုင်း၊ ဒေါင်းနေထောင်အတွင်းမှာ သံခြေချင်းနဲ့ထားတယ်လို့လည်း တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။
ဦးဝင်းမြင့်လှိုင်ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့ အဝင်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
သူ့ရဲ့မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က နေအိမ်ကိုလည်း ဖမ်းဆီးခံရပြီး နောက်တစ်နေ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာပဲ စစ်ကောင်စီတပ်သားတွေက လာရောက် ချိပ်ပိတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် စစ်ကြောရေးကနေတစ်ဆင့် မကွေးတိုင်း၊ ဒေါင်းနေထောင်မှာ ဆက်လက်ဖမ်းဆီးထားပြီး အမှုပေါင်း ၁၃ မှုနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။
RFA Burmese
စစ်အုပ်စုတို့၏ ပစ်မှတ်ထားခြင်းကို ခံနေရသော ကလေးသူငယ်များ
စစ်အာဏာရှင်သည် ၎င်းတို့၏အကြမ်းဖက်မှုလုပ်ရပ်များကို ကျယ်ကျယ်ပြန့်ပြန့်ချဲ့ထွင် လုပ်ဆောင်လာခဲ့ရာ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာနေသောကြောင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခင်းအကျင်းသည် လျင်မြန်စွာ ဆိုးယုတ်ယိုယွင်း လာနေသည်။ ပြီးခဲ့သည့် လများအတွင်း မြန်မာစစ်တပ်၏ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့မှုများကြောင့် ကလေးငယ်များနှင့် မွေးကင်းစကလေးများပါ ထိခိုက်သေဆုံးကြရပြီး၊ အပြင်းအထန် ဒဏ်ရာရသူများစွာရှိခဲ့သည်။ စစ်အာဏာရှင်သည် လွတ်ငြိမ်းချမ်းသာခွင့် အပြည့်အဝဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ဆက်လက် ကျူးလွန်လျက်ရှိနေသည်။
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့နယ်တွင် စစ်တပ်၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၈) နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ပေါင်တွင် ဒဏ်ရာပြင်းထန်စွာ ရခဲ့သည်။ ၎င်း၏မိဘများသည်လည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သည်။ မျက်မြင်သက်သေတို့၏ အဆိုအရ ယခုကဲ့သို့ အဖြစ်အပျက်များသည် နိုင်ငံအနှံ့ ဖြစ်ပွားနေသည်။ အရပ်သားများကိုခိုလှုံရာ ဒေသများကို လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ခြားသောကလေးငယ်တဦးလည်း သေဆုံးခဲ့သည်။
ကချင်ပြည်နယ်တွင် အပြစ်မဲ့ အရပ်သား ၈၀ ထက်မနည်း သေဆုံးခဲ့ရသည့် လေကြောင်းတိုက်ခိုက်မှုသည် အရပ်သားများအား တိုက်ရိုက် ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ တည်ထောင်ခြင်းနှစ်ပတ်လည်ပွဲ ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူများထဲတွင် ကလေးသူငယ်များအပါအ၀င် လူငယ်၊ ဂီတ ပညာရှင်များ၊ မိသားစုများပါ၀င်သည်။
ထိခိုက်ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံများနှင့် ဆေးကုသရန်အတွက် ပို့ဆောင်ရန် လိုအပ်သော်လည်း ကားဖြတ်သန်းခွင့်ကို အကြမ်းဖက်စစ်တပ်မှ ပိတ်ဆို့ထားသောကြောင့် အသက်ရှင်ကျန်ရစ်သူများထဲမှ အများစုမှာ စိုးရိမ်ရသော အခြေအနေတွင် ရှိနေကြပြီး ဆေးကုသခွင့် မရရှိကြပေ။ ဤလေကြောင်းတိုက်ခိုက်မှုသည် မြန်မာ အကြမ်းဖက်စစ်တပ်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ဥပဒေမဲ့ အာဏာသိမ်းပြီးနောက် အဆိုးရွားဆုံး တိုက်ခိုက်မှုတစ်ခုဖြစ်သည်။
ဖေဖော်ဝါရီ ၁ရက်၊ ၂၀၂၁ခုနှစ် မြန်မာ့ဒီမိုကရေစီအရေး လူထုသပိတ်လှုပ်ရှားမှုကြီး ချေမှုန်းခံခဲ့ရသည့် အချိန်ကတည်းမှ စတင်ပြီး အရွယ်မရောက်သေးသော ကလေးသူငယ်အယောက် ၂၀၀ နီးပါး ရက်စက်စွာ အသက်ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာပြီး၊ စားနပ်ရိက္ခာနှင့် ဆေးဝါးအတွက် လက်လှမ်းမှီ ထောက်ပံ့ပေးနိုင်သော လမ်းကြောင်းများ မရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းရှိ ပြည်တွင်းစစ်ပြေးဒုက္ခသည် (IDPs) ကလေးအရေအတွက်သည် သိန်းနှင့်ချီ မြင့်တက်လာခဲ့သည်။ မကြာသေးမီ ၂၀၂၂ခုနှစ် စက်တင်ဘာလကုန်ပိုင်းတွင် စစ်ကိုင်းတိုင်း လက်ယက်ကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းတွင် ဖွင့်လှစ်ထားသောကျောင်းကိုလည်း စစ်တပ်မှ လေကြောင်းဖြင့် အဆက်မပြတ် ဗုံးကျဲတိုက်ခိုက်ခြင်းများနှင့် မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ကျောင်းသူ ကျောင်းသားကလေးငယ် အနည်းဆုံး ၁၁ယောက် အသက်သေဆုံးခဲ့ရ သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။ ထိုကြောက်မက်ဖွယ်ရာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပြီးနောက် ကလေး သူငယ် ၁၂ယောက်နှင့်အထက်ဟာလည်း ပျောက်ဆုံးလျက်ရှိနေသည်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်မှ “ စစ်ကောင်စီ၏ ကလေးသူငယ်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများဟာ မျိုးဆက်ပျောက်သွားနိုင်သည်” ဟု သတိပေး ပြောဆိုသွားသည်။
သို့သော် အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့၏တိုက်ခိုက်မှုများအား ရပ်တန့်သွားနိုင်ဖို့ရန် တစ်စုံတစ်ရာ အရိပ်အမြွက် ပြောဆိုထားခြင်းပင် မရှိသေးသလို၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်လုပ်ရပ်များ ဆက်လက်ကျူးလွန်မှုများဖြင့် နိုင်ငံတကာ သဘောတူချုပ်ဆိုထားသော နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့် ဥပဒေကို ဗြောင်ကျကျ ဆန့်ကျင်ချိုးဖောက် လျက်ရှိနေသည်။ တစ်ဖက်၌လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းသည် ပြစ်တင်ရှူတ်ချသည့် စကားများထက် ကျော်လွန်လုပ်ဆောင်နိုင်သည့် အရေးယူမှုတစ်စုံတစ်ရာမရှိခြင်းကြောင့် အကြမ်းဖက် တိုက်ခိုက်မှုများကို လွတ်လပ်စွာ ကျူးလွန်လျက်ရှိသည်။ ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီမှ “လျင်မြန်စွာအရေးယူရန်” တိုက်တွန်းထားသော်လည်း အာဏာရှိသည့် စစ်အုပ်စုကို ဖိအားပေးရန် ပျက်ကွက်ခဲ့သည်။
အထူးစိုးရိမ်စရာမှာ Save the Children နှင့် United Nations Children’s Fund (UNICEF) တို့အပါအဝင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာအဖွဲ့များသည် မြန်မာစစ်တပ်၏လုပ်ရပ်များအပေါ် မနှစ်မြို့သော သဘောထားများကို ထုတ်ပြန်ခဲ့သော်လည်း၊ မြန်မာနိုင်ငံတွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသော ကလေးသူငယ် များ၏ ဘဝအသက်များကို ကာကွယ်ရန် လိုအပ်သည့်လုပ်ဆောင်ချက်များကို ထပ်မံမလုပ်ဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့် မြန်မာနိုင်ငံတွင် တွေ့ကြုံနေရသည့် အတိဒုက္ခအန္တရယ်များ၊ အထူးသဖြင့် လက်ရှိအခြေအနေမှာ စစ်အာဏာရှင်တို့၏ပဋိပက္ခများအတွင်း ပုံမှန်ပစ်မှတ်ထားခံနေရသည့် ကလေးသူငယ်များ၏ ဘဝအသက် များကို အလေးအနက် ဂရုပြုဖို့ရန် အထူးလိုအပ်ပါသည်။
ပုလဲနယ်၊ ဖလံပင်ရွာတွင် စစ်တပ်ပြန်သွားပြီးနောက် ရုပ်အလောင်း ၁၇ ခုတွေ့
၈ တန်းကျောင်းသား၊ ရဲ ၂ ဦးနှင့် အကျဉ်းသားများကို စစ်ကိုင်းတိုင်း၊ ပုလဲမြို့ စီးနင်းမှုတွင် စစ်တပ်က နှိပ်စက်သတ်ဖြတ်လိုက်သည်ဟု သိရသည်။
အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်စီးနင်း တိုက်ခိုက်ခဲ့သော စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် ရှစ်တန်းကျောင်းသား အပါအဝင် သတ်ဖြတ်ခံထားရသူများ၏ ရုပ်အလောင်း ၁၇ လောင်းကို ဒေသခံများက တွေ့ရှိခဲ့သည်။
စစ်ကိုင်းတိုင်းတောင်ပိုင်း ပုလဲမြို့အနောက်ဘက် ဖလံပင်ရွာရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးကို စစ်တပ်က ယခုလ ၂၅ ရက်တွင် လေကြောင်းမှ စတင်ပစ်ခတ်ပြီး အထူးကွန်မန်ဒိုတပ်ဖွဲ့ဖြင့် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့တွင်လည်း စစ်ကောင်စီတပ်က ပုလဲမြို့နယ်အတွင်း ထိုကျေးရွာတစ်ဝိုက်ကို သုံးကြိမ်တိုင် ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ညနေပိုင်း စစ်တပ်ပြန်သွားပြီးနောက် ရှစ်တန်းကျောင်းသား အပါအဝင် ပြည်သူ ၃ ဦး၊ ဒေသကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး၊ ပြစ်မှုကျူးလွန်သဖြင့် ဖမ်းဆီးချုပ်နှောင်ထားသည့် အချုပ်သား ၁၀ ဦးနှင့် စစ်သားဟု ယူဆရသည့် ရုပ်အလောင်းတစ်ခုလည်း ပါဝင်သည်ဟု သိရသည်။
“လည်ပင်းကို ဓားနဲ့ လှီးသတ်တာရှိတယ်။ ခေါင်းကို တည့်တည့်ပစ်တာရှိတယ်။ ပစ်ရင်းခတ်ရင်းနဲ့ ဒဏ်ရာရလို့ ကျဆုံးသွားတဲ့အနေအထားမဟုတ်ဘူး။ ဖမ်းမိပြီးတော့မှ နှိပ်စက်ပြီးတော့မှ သတ်တာ။ ဒဏ်ရာ အဲ့လိုမျိုးပဲ တွေ့တယ်။ အချုပ်သားတွေကိုလည်း နှိပ်စက်ပြီးတော့မှ သတ်ပစ်တာ” ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ဦးဇော်ထက်က ယနေ့ ပြောသည်။
ရုပ်အလောင်းတစ်ခုမှာ ကာကွယ်ရေးအဖွဲ့ဝင် မဟုတ်သည့်အပြင် ဒေသခံမဟုတ်သည့်အတွက် စစ်သားဟု ဒေသခံများက ယူဆထားသည်။
ဆည်ဘောင်ပေါ်တွင် တွေ့ရသည့် ရုပ်အလောင်းတစ်ခုမှအပ ကျန်ရုပ်အလောင်းများမှာ ဝင်ရောက် စီးနင်းခံရသည့် ရုံးနှင့် အနီးအနားဝန်းကျင်ရှိ အဆောက်အအုံများတွင် တွေ့ရကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။
Pale_dead_body_2.Jpg
ဒေသကာကွယ်ရေးအဖွဲ့က ဖမ်းဆီးထားသည့် အချုပ်သား ၁၀ ဦးအနက် နှစ်ဦးမှာ ရဲတပ်သားများဖြစ်ကြောင်း၊ ကျန်သူများမှာ ခိုးမှု၊ ဆူပူမှု၊ မုဒိမ်းမှု ကျူးလွန်သူများဖြစ်ကြောင်း သိရသည်။
ရုတ်တရက် ဝင်ရောက်စီးနင်းခံရစဉ် ကျောင်းဆင်းလာသည့် ၈ တန်းကျောင်းသား၊ ဖလံပင်ရွာ ဒေသခံ ၁ ဦးနှင့် ဒေသကာကွယ်ရေးအဖွဲ့ဝင် ၁ ဦးတို့မှာ စစ်ကြောင်းနှင့်တွေ့ကာ ဖမ်းဆီးခံခဲ့ရပြီးနောက် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟု မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်က ဆိုသည်။
“၈ တန်းကျောင်းသားလေး။ ထမင်းချိုင့်လေးလည်း ပါတယ်။ ဆိုင်ကယ်လေးလည်း ပါတယ်။ ဝင်စီးတဲ့အချိန် ပိတ်မိပြီးတော့ လမ်းမပေါ်မှာ ဖမ်းမိတာ။.. ၈ တန်းကျောင်းသားလေးအလောင်းက ရုံးရဲ့ အရှေ့ မြောက်ဘက်က PDF စခန်းရဲ့ကင်းတဲမှာ သတ်ဖြတ်ထားတာ” ဟု ဦးဇော်ထက်က ပြောသည်။
ဖလံပင်ရွာကို ဝင်ရောက်စီးနင်းပြီးနောက် စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် စစ်တပ်အရာရှိတစ်ဦး၏ ဇနီးသည် အပါအဝင် ပြည်သူများကို ကယ်တင်နိုင်ခဲ့သည်ဟု ဖော်ပြသည်။
“မြေပြင်မှာ ပြစ်မှုအမျိုးမျိုးကျူးလွန်တဲ့သူတွေကို ဥပဒေလမ်းကြောင်းအရ တရားစီရင်ထားတာ။ ပြစ်မှုပြစ်ဒဏ်အလျောက် ဥပဒေလမ်းကြောင်းနဲ့ မှန်မှန်ကန်ကန်ထိန်းသိမ်းထားတယ်။ ကျွန်တော်တို့က ဥပဒေလမ်းကြောင်းအရ မှန်မှန်ကန်ကန်ထိန်းသိမ်းနိုင်ပါလျက်နဲ့ ဒီလိုလူတွေတောင်မှ သူတို့က အကြောင်းမဲ့ သတ်ဖြတ်ပစ်တာ” ဟု ဦးဇော်ထက်က ပြောသည်။
“ကျွန်တော်တို့မိတဲ့ ပျူတွေရှိတယ်။ ပျူအမျိုးသမီးတစ်ယောက်ဆိုရင် ကိုယ်ဝန်ကြီးနဲ့ မိထားတာ။ အဲ့ဒါ ရိုးရိုးမွေးရတာ မဟုတ်ဘူး။ ဆရာဝန်တွေနဲ့ သေချာခွဲစိတ်ပြီး မွေးပေးထားတာ”
Pale_dead_body_3.Jpg
လေကြောင်းမှ ချထားခဲ့သည့် အင်အား ၈၀ နီးပါးပါ စစ်ကောင်စီအဖွဲ့ဝင်များသည် သုံးရက်တာ တပ်စွဲထားစဉ် ဖလံပင်ရွာမှ အိမ် ၆ လုံးနှင့် သဲပြင်ကျယ်ရွာမှ အိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း သိရသည်။
ဖလံပင်ရွာနှင့် အနီးအနားကျေးရွာများမှ ရာနှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
“လေယာဉ်သံကြားရင်ကို လန့်နေရတာ။ စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်း မအိပ်ရဘူး။ ပြေးဖို့ အတွက်ပဲ အဆင်သင့်ပြင်ထားရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ဖွင့်ဟသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ ယမန်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် ၃ ကြိမ်တိုင် လေကြောင်းဖြင့် လာရောက်ပစ်ခတ်ခဲ့သည်။ ထို့နောက် ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လေကြောင်းဖြင့်ပင် ပြန်လည်ခေါ်ဆောင်သွားသည်။
ဒေသခံကာကွယ်ရေးအဖွဲ့များ စုဖွဲ့မှုအားကောင်းသည့် စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပိုမိုအသုံးပြုလာပြီး မြေပြင်စစ်ကြောင်းအစား ရဟတ်ယာဉ်များဖြင့် စစ်သားများချထားကာ စီးနင်းတိုက်ခိုက်မှုပုံစံကို ဆက်တိုက်အသုံးပြုလာသည်။
(မှတ်ချက် – ထပ်မံရရှိသော အချက်အလက်များအရ မူလသတင်းကို ပြင်ဆင်ဖြည့်စွက်ထားပါသည်။)
Myanmar Now News
ကချင်ပြည်နယ်၌ ဖြစ်ပွားသော တိုက်ခိုက်မှုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာစစ်အုပ်စုအပေါ် အရေးပေါ် အရေးယူမှုများ ဆောင်ရွက်ရန် တွန်းအားဖြစ်ရမည်
ကုလသမဂ္ဂမှ အာဆီယံထံ တာဝန်လွှဲနေခြင်းကို ရပ်တန့်ပြီး ချက်ချင်းအရေးယူရမည်။
[၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့] ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် သေချာရေရာမှု ကင်းမဲ့သော အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ်ကို ဆက်လက်လက်သင့်ခံနေခြင်းအားဖြင့် မြန်မာစစ်အုပ်စု၏ အကြမ်းဖက်စစ်ပွဲကို အဆုံးသတ်ရမည့် ၎င်း၏တာဝန်မှ ခေါင်းရှောင်နေခြင်းကို ရပ်သင့်ပြီဟု ရှေ့ပြေးအသံအဖွဲ့၊ ကချင်အမျိုးသမီးများအစည်းအရုံး (ထိုင်းနိုင်ငံ) နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့က ယနေ့တွင် ပြောကြားလိုက်သည်။
သန်းပေါင်းများစွာသော အရပ်သားပြည်သူအပေါ် မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများ မြင့်တက်လာနေသော်လည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများမှ ကျရှုံးနေသည့် ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းသည် မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်၍ ခိုင်မာသည့်အရေးယူမှုများ လုပ်ဆောင်ရတော့မည် ဆိုသည့်အချက်ကို ပြနေသည့် နောက်ထပ်လက္ခဏာတစ်ရပ်ဖြစ်သည်ဟု ယင်းအဖွဲ့များက ဆိုသည်။
အောက်တိုဘာလ ၂၃ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း တစ်ဖွဲ့ဖြစ်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်းနှစ်ပတ်လည်အဖြစ် ကချင်ပြည်နယ်၊ ဖားကန့်၌ ကျင်းပသည့် လူတစ်ထောင်ဝန်းကျင်ခန့် တက်ရောက်သော ဂီတဖျော်ဖြေပွဲ အခမ်းအနားကို မြန်မာစစ်အုပ်စုက ပစ်မှတ်ထားတိုက်ခိုက်ခဲ့သောကြောင့် လူပေါင်း ၁၀၀ နီးပါး သေဆုံးခဲ့ရပြီး နောက်ထပ် သော ၁၀၀ ကျော်ကို ထိခိုက်ဒဏ်ရာရရှိစေခဲ့သည်။ ဒဏ်ရာရရှိသူများကိုလည်း စစ်အုပ်စုက အနီးအနားရှိ ဆေးရုံ၌ ဆေးကုသခွင့် မပြုခဲ့ပေ။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ဆောင်မှု အခြေအနေ အကဲဖြတ်သုံးသပ်သည့် အထူးအစည်းအဝေးကို ကြာသပတေးနေ့တွင် အပြီးသတ်ဆွေးနွေးခဲ့ သည်။ မြန်မာစစ်အုပ်စုက ဘုံသဘောတူညီချက်ငါးရပ်ကို လုံးဝမထီမဲ့မြင်လုပ်နေသည့်တိုင် အာဆီယံသည် ၎င်း၏ အရေးပါမှုကို အခိုင်အမာပြောဆိုကာ ကျရှုံးနေသည့် ဘုံသဘောတူညီချက်ငါးရပ်ကို ဆက်လက် ကိုင်စွဲရန် ရွေးချယ်ခဲ့သည်။
ကချင်ပြည်နယ်ရှိ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို တုံ့ပြန်ရာတွင် ကချင်အမျိုးသမီး အစည်းအရုံး (ထိုင်းနိုင်ငံ)မှ မွန်းနေလီက “ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ လူပေါင်း ၁၀၀ နီးပါး သေဆုံး စေခဲ့တဲ့ ကချင်ပြည်နယ်၊ ဖားကန့်က မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပေါ် အစွမ်းကုန် အရေး ပေါ်တုံ့ပြန်မှုအဖြစ် ဆောင်ရွက်ရပါမယ်” ဟု ပြောကြားသည်။
“ကုလသမဂ္ဂလုံခြုံရေးကောင်စီကသာ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့မယ်ဆိုရင် ကျွန်မတို့ ဒီအခြေအနေကို ရောက်ချင်မှ ရောက်မှာပါ။ အခုဒီအခြေအနေမှာတော့ မြန်မာစစ်အုပ်စုက ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ပြီး အရပ်သားတွေကို မြင်မြင်ရာ ဘယ်သူ့မှမရှောင် ဆက်လက်ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် ကျွန်မတို့ဟာ ကိုယ့်မိတ်ဆွေ၊ မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေကို တမ်းတပူဆွေး နေရပြီး မြန်မာပြည်သူတွေရဲ့ ဘဝဟာ ဒီထက်မက ပိုကြီးတဲ့ အန္တရာယ်ထဲ ကျရောက်နိုင်ခြေ ရှိနေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
“လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်အုပ်စုအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ခဲယမ်း တင်ပို့ရောင်းချမှု ပိတ်ဆို့ဖို့နဲ့ စစ်အုပ်စုနဲ့ သူ့နဲ့ဆက်စပ်သူတွေအပေါ် ပစ်မှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ် ဆောင်နိုင်မယ့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ဖို့အတွက် သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကို ချက်ချင်းအသုံးချရပါမယ်။ လူပေါင်းများစွာ သတ်နေတဲ့အဖွဲ့ကို အဆုံးသတ်ပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှုနဲ့ လူနည်းစုတိုင်းရင်းသားတွေအပေါ် စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ဆန့် ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်မှုတွေအတွက် ကျူးလွန်သူတွေကို တာဝန်ခံခိုင်းစေဖို့အတွက် လုံခြုံရေး ကောင်စီအနေနဲ့ မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံးဆီကို လွှဲပြောင်းဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ဆက်လက်၍ ပြောဆိုသည်။
လုံခြုံရေးကောင်စီတွင် မြန်မာစစ်အုပ်စုကို လက်နက်ခဲယမ်းများ ဆက်လက်ထောက်ပံ့ပေးနေသည့် ရုရှားနှင့် တရုတ်နိုင်ငံတို့က ဗီတိုအာဏာ မလွှဲမသွေသုံးပြီး ပယ်ချမည်ဖြစ်သဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်နိုင်ရေးအတွက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဆွေးနွေး၍ မဲခွဲဆုံးဖြတ်ရန် အဆိုပါ အဖွဲ့များက တောင်းဆိုထားသည်။
ရှေ့ပြေးအသံအဖွဲ့မှ ဒေါ်ခင်ဥမ္မာက “လုံခြုံရေးကောင်စီနဲ့ အာဆီယံတို့အနေနဲ့ သူတို့ရဲ့ အရေးယူမှုပျက်ကွက် ခဲ့ခြင်းက စစ်အုပ်စုကို ပိုမိုအတင့်ရဲစေတဲ့အပြင် ဒါဟာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ဘာ နောက်ဆက်တွဲ တန်ပြန်အရေးယူခံရခြင်း မရှိဘဲ ကျူးလွန်လို့ရတယ်ဆိုတာကို အချက်ပြပေးနေခြင်း ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးနဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ အထွေထွေညီလာခံမှာ အစီရင်ခံတင်ပြမှု မလုပ်ခင် ရက်အနည်းငယ်အလိုမှာပဲ ကျူးလွန်လိုက်တာ ဖြစ်တဲ့အတွက် ဒါဟာ အခွံသာ ရှိတဲ့ ရှုတ်ချမှုတွေကို မမှုဘူးဆိုတဲ့ စစ်အုပ်စုရဲ့ ထင်ရှားတဲ့သက်သေပဲ ဖြစ်ပါတယ်။ ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်ထားရှိဖို့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက်ဟာ ဒီအချက်ကို ပိုပြီး အားဖြည့်ပေးနေတာပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။
“အာဆီယံရဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ခြင်းက တရားမဝင် မြန်မာစစ်အုပ်စု အလိုကျ လုပ်ပေးနေတာဖြစ်ပြီး လုံခြုံရေးကောင်စီကနေ စစ်အုပ်စုအပေါ် ထိရောက်တဲ့ အရေးယူမှုတွေ မလုပ်နိုင် အောင်လည်း ကာကွယ်ပေးနေတာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကြောင့် အာဆီယံဟာ ဖားကန့် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု အပါအဝင် စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေမှာ ကြံရာပါ ဖြစ်လာ နေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
“ကုလသမဂ္ဂက မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းမယ့်အစား ကချင်ပြည်နယ်မှာ အစုလိုက် အပြုံ လိုက်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်။ ကမ္ဘာ့အမြင့်ဆုံးတရားရုံးတွေမှာ ကြီးလေးတဲ့ နိုင်ငံတကာပြစ်မှု ကျူးလွန်မှုအတွက် တရားစွဲဆိုထားပေမဲ့လည်း ကုလသမဂ္ဂအနေနဲ့ အဲဒီ အကြမ်းဖက် ရာဇဝတ်မှုအပေါ် ရှုတ်ချတဲ့ သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာတောင် ကျူးလွန်သူတွေကို နာမည် တပ်ပြီး မဖော်ပြနိုင်ရှာဘူး။” ဟု ဆက်ဆိုသည်။
“ပြည်သူလူထုရဲ့ဆန္ဒတွေကို လျစ်လျူရှုပြီး လက်ရှိအကျပ်အတည်းကို ဖန်တီးခဲ့တဲ့ စစ်ရာဇဝတ်ကောင်တွေနဲ့ လက်ဆွဲနှုတ်ဆက်ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆက် ပြောသည်။
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ နော်ဆဲဆဲက “စစ်အုပ်စုဟာ ဒီလိုလေကြောင်းနဲ့ တိုက်ခိုက်ဖို့အထိ အတင့်ရဲလာအောင် လွတ်ထားခံရတာဖြစ်လို့ ထိပ်သီးဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေနဲ့ တခြား ပလက် ဖောင်းတွေမှာ ပါဝင်ဖို့ ဖိတ်ကြားတာကနေတစ်ဆင့် စစ်အုပ်စုကို ဆက်ပြီးတရားဝင်မှုတွေ ပေးနေကြဦးမယ် ဆိုရင် နောက်ထပ်သေဆုံးရမှုတွေ၊ နေရပ်စွန့်ခွာထွက်ပြေးရမှုတွေပဲ မြေပြင်မှာ ပိုပြီးဖြစ်ပေါ်လာဖို့ပဲ ရှိပါ တယ်” ဟု ဆိုသည်။
“ကုလသမဂ္ဂက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွက် တာဝန်ရှိတဲ့ စစ်အုပ်စုနဲ့ နားလည်မှုစာချွန်လွှာတွေ၊ သဘောတူညီချက်တွေ ရေးနေလုပ်နေတဲ့အချိန်မှာ မြေပြင်မှာ ပြည်သူတွေ ကြုံ တွေ့နေရတဲ့ ဧရာမစိန်ခေါ်မှုတွေကို ချက်ချင်းကျော်လွှားနိုင်ဖို့နဲ့ မြန်မာနိုင်ငံနယ်စပ်ဒေသတစ်လျှောက် အပါ အဝင် အန္တရာယ်ကျရောက်နိုင်ခြေအများဆုံးနဲ့ အကူအညီအလိုအပ်ဆုံးသူတွေကို အကူအညီတွေ ချက်ချင်း ပံ့ပိုးနိုင်ဖို့အတွက် တုံ့ပြန်ဆောင်ရွက်နေသူတွေဟာ ဒေသခံအောက်ခြေလူထုကွန်ရက်တွေပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
“မြန်မာနိုင်ငံမှာရှိတဲ့ ဒေသခံ လူသားချင်းစာနာထောက်ထားမှုအရေး တုံ့ပြန်ဆောင်ရွက်နေသူတွေဟာ ပဋိပက္ခ အခြေအနေကို တုံ့ပြန်ရာမှာ ရင်းမြစ်ကြွယ်ဝတဲ့အပြင် ဗဟုသုတပေါများပြီး ကျွမ်းကျင်သူတွေ ဖြစ်ကြသလို ဒေသခံလူထုအသိုင်းအဝိုင်းရဲ့ ယုံကြည်မှုကိုလည်း ရရှိထားကြသူတွေ ဖြစ်ပါတယ်။ သူတို့အမှန်တကယ် လိုအပ်နေတာက သူတို့ရဲ့ တန်ဖိုးဖြတ်လို့မရတဲ့ လူ့အသက်ကယ်တဲ့ အလုပ်တွေကို ဆက်လက်လုပ်ဆောင်ဖို့ အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဆီက လက်တွေ့ကျတဲ့ ကူညီထောက်ပံ့မှုနဲ့ ပြုလွယ် ပြောင်းလွယ်တဲ့ ရန်ပုံငွေပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်ဆိုသည်။
“မြန်မာနိုင်ငံအတွက် အဖြေဟာ မြန်မာပြည်သူတွေဆီမှာပဲ ရှိပါတယ်။ စစ်အုပ်စုဆီမှာ မရှိပါဘူး။ တကယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်း၊ ကုလသမဂ္ဂနဲ့ အာဆီယံတို့အနေနဲ့ မြန်မာနိုင်ငံရဲ့အရေးကို အလေးအနက်ထား ဖြေရှင်းချင်တယ်၊ ပြီးတော့ ဒေသတွင်းရဲ့ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် သူတို့ဟာ မြန်မာ ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ရမှာဖြစ်ပြီးတော့ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှု တွေကို အဆုံးသတ်ဖို့အတွက် စစ်အုပ်စုကို တာဝန်ယူ တာဝန်ခံခိုင်းရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြော သည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
နောက်ထပ်အချက်အလက်
ရှေ့ပြေးအသံအဖွဲ့၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသား ချင်းစာနာထောက်ထားမှုအကူအညီများအတွက် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်ရေး စင်တာ (AHA စင်တာ)၏ အမှုဆောင်ညွှန်ကြားရေးမှူးချုပ်ဟောင်း Adelina Kamal အပြင် ပါမောက္ခ ဟူဂိုဆလင်းတို့သည် အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း နယူးယော့ခ်ရှိ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးတို့နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိ ဒေသခံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်သူများကို ပံ့ပိုးရန် တိုက်တွန်းခဲ့သည်။ ခရီးစဥ်အတွင်း ရှေ့ပြေးအသံအဖွဲ့နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့ကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများကို မြန်မာနိုင်ငံအရေး ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ရန် တိုက်တွန်းခဲ့သည်။ ယင်းအဖွဲ့များသည် ဝါရှင်တန်ဒီစီသို့လည်း သွားရောက်၍ လွှတ်တော်အမတ်များနှင့် နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမေရိကန်အေဂျင်စီတို့နှင့် တွေ့ဆုံခဲ့သည်။
English version.
PDF ဖိုင်ကိုရယူရန် English I Burmese.
အလုံးအစုံပျက်သုံးခြင်း
စစ်အုပ်စုတို့၏ အာဏာသိမ်းကြံစည်မှုနောက်ပိုင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင်ဖြစ်ပွားခဲ့သည့် လူမှု့စီးပွားထိခိုက်နစ်နာခဲ့မှုများ
မြန်မာနိုင်ငံသည် သဘာဝသယယဇာတ၊ မတူကွဲပြားမှုနှင့် ယာဉ်ကျေးမှုများကြွယ်ဝသည့်နိုင်ငံဖြစ်သည်။ နိုင်ငံသားတို့၏အြမင်သစ်များ၊ ခုခံတွန်းလှန်နိုင်စွမ်းအင်နှင့် ရဲစွမ်းသတ္တိတို့သည် မြန်မာနိုင်ငံကြီး၏ ကြီးမားသောအင်အားဖြစ်သည်။ ၎င်းအပြင်မြန်မာနိုင်ငံသည် ဆယ်စုနှစ် နှစ်ပေါင်းများစွာဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်၏ စစ်တလင်းလည်းဖြစ်နေပြန်သည်။ ပြည်တွင်းစစ်တွင်ဖြစ်ပွားခဲ့သော ရက်စက်မှုများနှင့် ဆုံးရှုံးခဲ့သော အသက်အိုးအိမ်များအတွက်မူ အဖွဲ့အစည်းတစ်ခုတွင်သာ အဓိကတာဝန်ရှိနေသည်။ စစ်အုပ်စုသည် နိုင်ငံသားများအပေါ် ဆိုးဝါးလွန်းသောရာဇဝတ်မှုများကို ကျူးလွန်နေပြီး ၎င်းကျူးလွန်မှုများအတွက် အပြစ်ပေးခံရမှုကလည်း ကာလကြာရှည်စွာလွတ်မြောက်နေသည်။
ကန့်ဘလူမြို့နယ်တွင် အထိနာနေသည့်စစ်တပ် နေအိမ် ရာနှင့်ချီ မီးရှို့နေ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူတွင် မိုင်းကြောင့် အထိနာနေသည့် စစ်ကောင်စီတပ်က ရွာများကို မီးရှို့နေသည်။ ဒေသခံတို့က သတင်းကြိုရလျှင် တိမ်းရှောင်ကြသည်ဟု သိရသည်။
စစ်ကိုင်းတိုင်းအလယ်ပိုင်း ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းရှိ အိမ်ခြေထောင်နှင့်ချီရှိသည့် အင်းလယ်ကြီးကျေးရွာကို စစ်ကောင်စီတပ်သားတို့ ဝင်ရောက်လာပြီး မီးရှို့ခြင်းကြောင့် အိမ်ခြေ ရာနှင့်ချီ မီးလောင်နေသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ရွာခံများက ပြောသည်။
လမ်းတွင် မိုင်းထိသည့် စစ်ကောင်စီတပ်သားတို့က အင်းလယ်ကြီးရွာကို အောက်တိုဘာ ၂၄ တွင် ဝင်ရောက်စဉ် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကြသည်၊ စစ်သားများနှင့်အတူ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်များ ပါဝင်ပြီး စုစုပေါင်း အင်အား ၁၂၀ ခန့် ရှိသည်ဟု သိရသည်။
ရွာထဲတွင် တပ်စွဲခဲ့ပြီးနောက် ယနေ့ (အောက်တိုဘာ ၂၅) ရက်တွင် ၄ နေရာခွဲကာ ရွာကို မီးရှို့နေသည်ဟု ရွာခံအမျိုးသားတစ်ဦးက ပြောသည်။
“ရွာကတော့ သုံးပုံနှစ်ပုံလောက် လောင်နေတယ်၊ တစ်ရွာလုံး ပြာကျဖို့ များတယ်၊ လေကလည်း တော်တော်တိုက်နေတော့” ဟု အဆိုပါ ရွာခံက ပြောသည်။
စစ်သားများဝင်ခြင်းကြောင့် ဒေသခံများ ရှောင်တိမ်းနေရပြီး ရှောင်တိမ်းချိန်မရလိုက်သည့် ဒေသခံအချို့ ဖမ်းဆီးခံထားရသည်ဟုလည်း သိရသည်။ သို့သော် မည်မျှဖမ်းဆီးခံခဲ့ရသည်ကို အတည်မပြုနိုင်သေးပါ။
အင်းလယ်ကြီးကျေးရွာအတွင်း စစ်ကောင်စီတပ်သားများ တပ်စွဲထားခြင်းကြောင့် မီးလောင်သည့် အိမ်ခြေအရေအတွက် အတိအကျမသိရသော်လည်း အနည်းဆုံး ၅၀၀ ခန့် မီးလောင် ပျက်စီးနိုင်ကြောင်း ကန့်ဘလူခရိုင် တပ်ရင်း(၃) တာဝန်ရှိသူတစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်သားများ ရွာအတွင်း ဝင်ရောက်လာစဉ် ရွာသူရွာသားများ တိမ်းရှောင်သွားခဲ့ကြပြီးဖြစ်သည်၊ နေအိမ်များကို မီးရှို့ခြင်းမှာ အထိနာသည့် စစ်ကောင်စီတပ်၏ ဒေါသတကြီး လက်တုံ့ပြန်မှုတစ်ခုဖြစ်သည်ဟု ကန့်ဘလူခရိုင် တပ်ရင်း(၃) တာဝန်ရှိသူက ပြောသည်။
“မိုင်းတိုက်မိတာတွေ၊ မိုင်းဆွဲခံရတာတွေနဲ့ဆိုတော့ ပိုပြီးဒေါသထွက် လုပ်နေကြတာ ထင်တယ်” ဟု ပြောသည်။
အောက်တိုဘာ ၂၄ တွင် အင်းလယ်ကြီးရွာသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်လာစဉ် မိုင်းသုံးကြိမ်ပေါက်ကွဲခဲ့ပြီး သေဆုံးတပ်သားတို့၏ ရုပ်အလောင်းများကို ကန့်ဘလူမြို့ဘက်မှ ကားဖြင့် လာရောက် သယ်ဆောင်သွားသည်ဟု Kanbalu Underground Warriors အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုရသက ပြောသည်။
“အဝေးထိန်းမိုင်းတွေနဲ့ တိုက်ခိုက်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာကလည်း ၃ ယောက် သေတယ်၊ ကျွန်တော်တို့ဘက်ကတော့ ဒရုန်းတစ်စီး ဆုံးရှုံးသွားတယ်” ဟု ပြောသည်။
ထို့အပြင်ရွာအတွင်း ကျေးရွာကာကွယ်ရေးအဖွဲ့က တပ်ဆင်ထားသည့် ရှေ့ထွက်မိုင်း မိုင်းပေါက်ကွဲသံများကြားရပြီး စစ်သားများ ထိခိုက်နိုင်ခြေရှိကြောင်း ပြောသည်။
ကန့်ဘလူမြို့မှ ထွက်လာသည့် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာ ၂၃ တွင်လည်း ထန်းကုန်းတိုက်နယ်အတွင်းရှိ ရွာသစ်ကုန်း၊ ဉာဏ်အင်းနှင့် ရွာမရွာတို့ကို မီးရှို့ခဲ့ကြသေးသည်ဟု ဒေသခံများက ဆိုသည်။
မီးရှို့ခံရသည့် အဆိုပါ ရွာများအပြင် သရက်တာ၊ ထိန်တော၊ ကိုင်းရိုး၊ ရှမ်းတပ်၊ကျေးပင်အက်၊ စသည့် ကျေးရွာများမှ ဒေသခံ ၇,၀၀၀ ဝန်းကျင်မှာလည်း အိုးပစ်အိမ်ပစ်ထွက်ပြေး တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။
တောတောင်ထဲတွင် တိမ်းရှောင်နေရသည့် အင်းလယ်ကြီးရွာသူ အသက် ၄၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးက နောက်တစ်နေ့ ရွာအပြန်တွင် သူ့နေအိမ်မတွေ့ရတော့မည်ကို စိုးရိမ်နေကြောင်း ပြောသည်။
“မနက်က မိုးရွာတော့ ကံကောင်းပြီဆိုပြီး ပြောနေကြတာ၊ ခုမှ မိုးတိတ်ပြီး လေတအားကို တိုက်နေတာ၊ တစ်ရွာလုံးကို ပြာကျတော့မှာ” ဟု သူက Myanmar Now ကို ယနေ့ (အောက်တိုဘာ ၂၅) နေ့လယ်ပိုင်းတွင် ပြောသည်။
အာဏာသိမ်းကာလ စစ်ကောင်စီတပ်၏ နေအိမ်မီးရှို့မှုများကို လက်လှမ်းမီသမျှ စုစည်းဖော်ပြသည့် Data For Myanmar – D4M အဖွဲ့၏ စာရင်းများအရ စစ်ကိုင်းတိုင်းသည် နေအိမ်မီးရှို့ခံရမှု အများဆုံးဖြစ်ပြီး ယခုနှစ် ဩဂုတ်လလယ်ပိုင်းအထိ နေအိမ် ၂၀,၁၅၃ လုံး မီးရှို့ဖျက်ဆီးခံရကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့မှုကြောင့် တစ်နိုင်ငံလုံးတွင် နေအိမ်ပေါင်း ၂၈,၄၃၄ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ကိုင်းပြီးလျှင် မကွေးနှင့် ချင်းပြည်နယ်တို့မှာ အများဆုံးပျက်စီးကြောင်း အဆိုပါအဖွဲ့၏ စာရင်းများတွင် တွေ့ရသည်။
အဆိုပါ မီးရှို့မှုများမှာ ယင်းလက်အောက်ခံတပ်သားများ လက်ချက်မဟုတ်ကြောင်း စစ်ခေါင်းဆောင်က ငြင်းဆိုထားသည်။
Myanmar Now News