ကယားပြည်နယ်ရှိ မူကြိုကျောင်း၊ ဘုရားရှိခိုးကျောင်းတို့ကို စစ်တပ်က ပစ်ခတ်သဖြင့် ခိုလှုံနေသူများ သေဆုံးဒဏ်ရာရနေသည်၊ ထိုနေရာတွင် မနေစေလိုသဖြင့် ပစ်ခတ်ခြင်း ဖြစ်သည်ဟု ယူဆနေကြသည်။

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် မူကြိုကျောင်းပေါ်တည့်တည့် ကျရောက်ပေါက်ကွဲပြီး ငါးနှစ်သမီးတစ်ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရကြောင်း သိရသည်။

နိုဝင်ဘာ ၁၅ ရက်၊  ညနေ ငါးနာရီခွဲတွင် မူကြိုကျောင်းအနီးတစ်ဝိုက် လက်နက်ကြီး သုံးလုံး ကျရောက်ခဲ့ရာ ဒုတိယမြောက်အလုံးမှာ ကျောင်းပေါ်တည့်တည့်ကျကြောင်း၊ ပေါင်တွင် လက်နက်ကြီးစ ထိမှန်ပြီး ဒဏ်ရာပြင်းထန်သည့် ကလေးမှာ အချိန်မီ ဆေးမကုသနိုင်သဖြင့် သေဆုံးကြောင်း ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

“အော်ကြ ငိုကြတာပေါ့ ရွာသားသိပ်မရှိဘူး။ ရွာသားထက် လူနာပိုများသွားတယ်။ လူနာက ၉ ယောက်၊ ကယ်ဆယ်ရေးက လေးငါးခြောက်ယောက်ပဲ ရှိတယ်။ နည်းနည်းကြာသွားတော့ ကလေးက သွေးလွန်ပြီးသေသွားတာ” ဟု ၎င်းက ဆိုသည်။

“(လက်နက်ကြီး) အပြင်မှာ ကျတဲ့အခါကျတော့ သူတို့က ကျောင်းထဲ ပုန်းဝင်မယ်ပြောပြီး မိသားစုသုံးစု ကျောင်းထဲမှာ ဝင်နေလိုက်တယ်။ ကျောင်းထဲဝင်နေတော့ ကွတ်တိ အပေါ်ကနေ လက်နက်ကြီးကျတော့ သူတို့ မိသားစုကို ထိတယ်”

ကျန်မိသားစုဝင်များမှာ  ၅၁ နှစ်အရွယ် အမျိုးသား၊ သူ၏ ၆၃ နှစ်အရွယ် ဇနီးသည်၊ အဆိုပါဇနီးမောင်နှံ၏ ၁၈ နှစ် သမီး၊ ၂၅ နှစ် နှင့် ၃၁ နှစ်အရွယ် အိမ်ထောင်သည် သမီး ၂ ဦး၊  ၂၇ နှစ် နှင့် ၃၂ နှစ်အရွယ် သမက် ၂ ဦး၊ ၁၀ လအရွယ်မြေးယောက်ျားလေးတို့ဖြစ်သည်။

ထိုအထဲတွင် ကျောဘက်တွင် ဒဏ်ရာရထားသူ ၁၀ လသား အသက်အန္တရာယ် စိုးရိမ်ရပြီး ကျန်မိသားစု ဝင် ၇ ဦးမှာ ဒဏ်ရာ မစိုးရိမ်ရဟု ဆိုသည်။

ထိုမိသားစုမှာ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာမှဖြစ်ပြီး မူကြိုကျောင်းတွင် လာရောက်စစ်ရှောင်နေသည်မှာ ငါးလခန့်ရှိပြီဟု ၎င်းက ဆက်ပြောသည်။
Demoso_3.Jpg

လက်နက်ကြီးစထိမှန်ကာ သေဆုံးသွားသည့် ၅ နှစ်အရွယ် ကလေးအား တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

လက်နက်ကြီးစထိမှန်ကာ သေဆုံးသွားသည့် ၅ နှစ်အရွယ် ကလေးအား တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

ထိုနေ့ ညနေက ဒီးမော့ဆိုမြို့ ငွေတောင်ကျေးရွာအခြေစိုက် ခလရ ၁၀၂ တပ်ရင်းက စစ်ရှောင်များ ခိုလှုံရာ မြို့အနောက်ခြမ်းကို ၁၂၀ မမ လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုလက်နက်ကြီးများ မြို့အနောက်ခြမ်းရှိ အခြားကျေးရွာနှစ်ရွာတွင်လည်း မရှေးမနှောင်း ကျရောက် ပေါက်ကွဲရာ ရွာတစ်ရွာတွင် ခရစ်ယာန်ဘုရားကျောင်း ပရိဝုဏ်ထဲရှိ Sunday School အဆောက်အအုံတစ်ခုနှင့် နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးသွားသည်။ အခြားကျေးရွာတွင်မူ ကွင်းပြင်တွင် ကျရောက်ခဲ့ပြီး ထိခိုက်မှု မရှိခဲ့ဟု ပြောသည်။

“မူကြိုကျောင်းက ရွာထဲမှာပဲ။ မူကြိုကျောင်းတို့ ဘုရားကျောင်းတို့က စစ်ရှောင်တွေ ရှိနိုင်တဲ့ နေရာပေါ့နော်။ အဲဒါ သူတို့က သက်သက်မဲ့လုပ်တာ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည် PDF တို့ နယ်မြေစိုးမိုးထားပြီး စစ်ရှောင်များ ခိုလှုံနေသည့် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို ညစဉ် လက်နက်ကြီးများ ပစ်ခတ်လေ့ရှိကြောင်း ၎င်းက ဆိုသည်။ 

ဒီးမော့ဆိုမြို့နယ်တွင် နိုဝင်ဘာလမှစ၍ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေ စိပ်လာသလို လွိုင်ကော် မြို့နယ် အရှေ့ဘက်ခြမ်းတွင်လည်း ဒရုန်းများဖြင့် ဗုံးကြဲသည်အထိ လုပ်လာကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ဒါရိုက်တာ ဦးဗညားက ပြောသည်။ 

ယခင်က တစ်ရက်နှစ်ရက်ခြားပြီး ပစ်သော်လည်း ယခုလမှစ၍ ညစဉ်ပစ်ခတ်ခြင်းဖြစ်ပြီး စစ်ဘေးရှောင်များကို ပစ်မှတ်ထားနေသည်ဟု ၎င်းက ဆိုသည်။ 

“တချိန်တုန်းက စစ်တပ်က လုပ်ခဲ့တဲ့အတိုင်းပဲ ဖြတ်လေးဖြတ်ရဲ့ ဗျူဟာအသစ်လို့ပဲမြင်တယ်။ လူထုတွေ ရွာထဲမှာ ပုံမှန်အတိုင်း မနေနိုင်အောင် သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတဲ့သူအားလုံးကို ရန်သူလို့ သတ်မှတ်ပြီးတော့ ပစ်နေတယ်လို့ ကျွန်တော်တို့မြင်တယ်” ဟု ၎င်းက သုံးသပ်သည်။

စစ်ကောင်စီတပ်များ ထိန်းချုပ်ထားသည့် လူသူမရှိသည့် ဒီးမော့ဆို မြို့ပေါ်ရပ်ကွက်များတွင် ပြည်သူများ ပြန်လာနေအောင် လုပ်ဆောင်သည့်ဗျူဟာဖြစ်ကြောင်း ဦးဗညားက ပြောသည်။

“တချို့လည်း အဲဒီလိုမျိုးဖြစ်နေပါပြီ။ ကျေးရွာထဲမှာ မနေရဲတဲ့အတွက် လွိုင်ကော်မြို့ပေါ် (သို့မဟုတ်) သူတို့ အုပ်ချုပ်ရေးယန္တရားရှိတဲ့ ရွာတွေမြို့တွေထဲကို ရွှေ့နေတာ ကျွန်တော်တို့ တွေ့ရပါတယ်။ လူထုအတွက်ကတော့ သူတို့ (စစ်တပ်)ရှိတဲ့နေရာက ပိုလုံခြုံတယ်ဆိုတဲ့ အမြင်တွေ စရှိလာပါတယ်” ဟု ၎င်းက ဆိုသည်။
Demoso_2.Jpeg

စက်တင်ဘာ ၂၇ ရက်က လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကျည်အပိုင်းအစတစ်ခုအား တွေ့ရစဉ်။ (ဓာတ်ပုံ-KnHRG)

စက်တင်ဘာ ၂၇ ရက်က လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကျည်အပိုင်းအစတစ်ခုအား တွေ့ရစဉ်။ (ဓာတ်ပုံ-KnHRG)

၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းက စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်ထားသည့် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့တွင် ပြည်သူများ ပြန်လာနေရန် စစ်ကောင်စီဘက်က ကမ်းလှမ်းနေပြီး အဆိုပါနေရာကို လက်နက်ကြီး လုံးဝမပစ်ခတ်ကြောင်း ၎င်းက ပြောသည်။ 

ယခုလ၌ ၁၅ ရက်အတွင်း ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆို၊ လွိုင်ကော်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် စစ်တပ်၏ လက်နက်ကြီးကြောင့် အရပ်သား ၂၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသအခြေစိုက် Karenni’s Voice သတင်းဌာန၏ စာရင်းအရ သိရသည်။ 

KnHRG အဆိုအရ ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ကလည်း လွိုင်ကော် လွိုင်တမူတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအတွင်း နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး  ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသည်၊ အမျိုးသား တစ်ဦး၊ အမျိုးသမီး နှစ်ဦး ဒဏ်ရာရသွားပြီး အမျိုးသား၏ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း သိရသည်။ 

စစ်ကောင်စီကို တော်လှန်နေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကလည်း ကရင်နီပြည်အတွင်းရှိ ဌာနေတိုင်းရင်းသားပြည်သူများ၏ အသက်ရှင်ရပ်တည်မှုနှင့် ဖြစ်တည်မှုကို ခြိမ်းခြောက်နေသော စစ်ကောင်စီတပ်ကို အစွမ်းကုန်တုံ့ပြန်ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အရပ်ဘက်ပစ်မှတ်များကို ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ယမန်နေ့ နိုဝင်ဘာ ၁၆ ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်နှစ်ခုတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ကျေးရွာ ၂ ရွာအတွင်း လက်နက်ကြီးကျကာ လူ ၁၀ ဦး သေဆုံးသလို လူ ၂၀ ကျော် ဒဏ်ရာရခဲ့သည်။

Myanmar Now News

ဖိအားကြုံနေသည့် စစ်ကောင်စီက အကျဉ်းသား ၆၀၀၀ နီးပါး လွှတ်သည်ဆိုသော်လည်း သံဃာတော်၊ နိုင်ငံရေးသမား၊ ထင်ရှားကျော်ကြားသူနှင့် သတင်းထောက်ပါဝင်မှုနည်းပါးသည်။

အာဏာသိမ်း စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၁၇) တွင် နိုင်ငံတစ်ဝန်း အကျဉ်းထောင်များမှ ၆၀၀၀ နီးပါး လွှတ်ပေးသည်ဆိုရာတွင် နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူ အနည်းစုသာ ပါဝင်သည်။

ရန်ကုန်မြို့ အင်းစိန်ထောင်မှ လွတ်မြောက်လာသူများထဲတွင် နာမည်ကျော် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ စာရေးဆရာ မောင်သာချို၊ ရွှေညဝါဆရာတော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးမျိုးညွန့်၊ ဦးကျော်ဟိုးနှင့် ရုံးအဖွဲ့မှူး ဦးသိန်းဦးတို့ ပါဝင်သည်။

ဩစတြေးလျနိုင်ငံသား စီးပွားရေးအကြံပေး ရှောင်တာနယ်နှင့် ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနှင့် သူ၏ ခင်ပွန်း ပန်းချီကိုထိန်လင်း၊ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မစ္စတာ တာရိုကူဘိုတာတို့ ပါဝင်သည်။
Maung_thar_cho.jpeg

ရန်ကုန်မြို့ အင်းစိန်ထောင်မှ နိုဝင်ဘာ ၁၇ ရက်တွင် ပြန်လည်လွတ်မြောက်လာသည့် စာရေးဆရာ မောင်သာချို။ ဓာတ်ပုံ- CJ

ရန်ကုန်မြို့ အင်းစိန်ထောင်မှ နိုဝင်ဘာ ၁၇ ရက်တွင် ပြန်လည်လွတ်မြောက်လာသည့် စာရေးဆရာ မောင်သာချို။ ဓာတ်ပုံ- CJ

မန္တလေးတိုင်း ရမည်းသင်းအကျဉ်းထောင်မှ ပြန်လွတ်လာသူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ လရောင်တော စိုက်ပျိုးရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းသင်တန်းတွင် ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်နေသူ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦး ပါဝင်သည်။ ၎င်းကို ယမန်နေ့(နိုဝင်ဘာ ၁၆) ကတည်းက အကျဉ်းထောင်မှ ခေါ်ထုတ်သွားသည် ဟု စုံစမ်းသိရှိရသည်။

ထို့အပြင် မန္တလေးတိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၁၂ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၊ မစ္ဇျိမသတင်းဌာန အယ်ဒီတာ ကိုသန်းထိုက်အောင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေတို့လည်း ရမည်းသင်း အကျဉ်းထောင်မှ ပြန်လည်လွတ်သည်။

မန္တလေး အိုးဘိုအကျဉ်းထောင်မှ ၁၄ ဦးလွတ်မည်ဆိုသော်လည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကျောင်းသားထုအခွင့်အရေးတာဝန်ခံ ကိုဘုန်းမြင့်ကျော်မှအပ အခြားနိုင်ကျဉ်း မည်မျှပါမည်ကို ညနေ ၃ နာရီဝန်းကျင်အထိ မသိရသေးဟု ဒေသခံရှေ့နေတစ်ဦးက ပြောသည်။

မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှ မွန်းတည့်ချိန်အထိ နိုင်ကျဉ်း ၇ ဦးသာ လွတ်သေးသည်ဟု စစ်ကောင်စီကို အာခံနေသည့် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံမှ သိရသည်။

အကျဉ်းသား ၃၄ ဦးပြန်လွတ်သည့် မကွေးတိုင်း ပခုက္ကူအကျဉ်းထောင်မှလည်း မွန်းလွဲ ၂ နာရီခန့်အထိ နိုင်ကျဉ်း ၂ ဦးပါကြောင်း၊ ရဲတပ်ဖွဲ့က ပြန်ဖမ်းခေါ်သွားကြောင်း၊ အသေးစိတ် စုံစမ်းနေဆဲဖြစ်ကြောင်း ထိုနိုင်ကျဉ်းများနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

မကွေးအကျဉ်းထောင်တွင် အကျဉ်းသား ၁၆၀ ခန့် လွတ်ရန် ရှိနေပြီး နိုင်ငံရေးအကျဉ်းသားတစ်ဦးမျှမပါဟု မကွေးအကျဉ်းထောင်နှင့် နီးစပ်သည့် ရှေ့နေတစ်ဦးက ပြောသည်။

ယနေ့ပြန်လွတ်သည့်ထဲတွင် သတင်းထောက်အချို့ပါဝင်သည် ဆိုသော်လည်း ညနေ ၄နာရီအထိ ကိုသန်းထိုက်အောင်မှအပ အခြားသူတို့ကို အသေးစိတ် အတည်မပြုနိုင်သေးပေ။

ကချင်ပြည်နယ်အခြေစိုက် 74 Media၏ သတင်းအရ မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်လာသူ ၇၀ ကျော်ထဲတွင် နိုင်ကျဉ်း ၇ ဦးသာ ပါသည်ဟု သိရသည်။ ထို့အတူ စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်မှ ၂၇ ဦး ပြန်လွတ်ရာတွင် နိုင်ကျဉ်း ၂ဦးသာ ပါကြောင်း၊ ခန္တီးထောင်မှ နိုင်ကျဉ်း ၄ ဦး လွတ်မြောက်ကြောင်း သတင်းရရှိသည်။

အင်းစိန်ထောင်မှ အထွက်တွင် လည်ကတုံးရှပ်အကျီအဖြူရောင် ဝတ်လျှက် ပြုံးရွှင်စွာတွေ့ရသည့် ၈၈ ခေါင်းဆောင် ဦးမြအေးက “မြန်မာပြည်သူတွေနဲ့ အမြဲတမ်းအတူတူရှိနေမယ်” ဟု ပြောခဲ့သည်။

NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကလည်း “ကျွန်တော့်အတွက်တော့ ကောင်းတယ်ဗျာ။ နိုင်ငံအတွက် ကောင်းစေချင်သေးတယ်” ဟု ဆိုခဲ့သည်။

စစ်ကောင်စီက ယနေ့လွှတ်ပေးသည့် နိုင်ကျဉ်းများမှာ အာဏာသိမ်းသည့် နေ့ကတည်းက ဖမ်းဆီးခံထားရပြီး ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မများဖြင့် ထောင်နှစ်နှစ်ချခံရသူ အများစုပါဝင်ပြီး လွတ်ရက်စေ့ခါနီးသူများဖြစ်ကြသည်။

လွတ်ငြိမ်းသက်သာခွင့်ပြုမည်ကြားတိုင်း ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(က)ဖြင့် ထောင်သုံးနှစ်ကျနေသည့် သားကို ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် စောင့်မျှော်နေသည့် အမျိုးသမီးတစ်ဦးက ယနေ့ ညနေ ၃ နာရီဝန်းကျင်အထိ လွတ်မလွတ် မသိရသေးဟု ပြောသည်။

“အန်တီတို့ သား၊ သမီးတွေက အမှား ဘာမှမလုပ်ထားတဲ့အတွက် သူတို့ ဘယ်လိုပဲလွှတ်လွှတ်လေ။ ကလေးကလည်း လွတ်ရက်စေ့တော့မယ်လေ။ အန်တီတို့ ကလေးတွေက ဘာမှအမှားလုပ်မထားတဲ့အတွက် ဘယ်သူ့ဘယ်သူကိုမှ ကျေးဇူးတင်စရာမလိုဘူး” ဟု ၎င်းက ပြောသည်။
720px-Shwe_nya_war_sayartaw_pyin_nyar_thiha.jpeg

ရွေညဝါဆရာတော်။

ရွေညဝါဆရာတော်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ နိုဝင်ဘာ ၁၆ ရက် စာရင်းများအရ အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအတွင်း NLD ခေါင်းဆောင်များဖြစ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် စစ်ကောင်စီဖမ်းထားသူ ၁၃၀၀၀ ကျော်၊ သတ်ဖြတ်ခံရသူ ၂၅၀၀ နီးပါးရှိသည်ဟု သိရသည်။

စစ်ကောင်စီသည် ယခင် အာဏာရှင်များနည်းတူ အခါကြီး၊ ရက်ကြီးများ၊ နိုင်ငံတကာဖိအားများ ရှိနေချိန်တွင် နိုင်ငံရေးအရ ဖမ်းဆီးထားသော အကျဉ်းသားများကို အချိန်ကိုက် လွှတ်ပေးလေ့ရှိသည်။

ယခုရက်သတ္တပတ်တွင် အမေရိကန်၊ တရုတ်၊ ရုရှား၊ သြစတြေးလျနှင့် အရှေ.တောင်အာရှနိုင်ငံအများအပြားပါသော အာရှပစိဖိတ်စီပွားရေးပူးပေါင်းမှု ထိပ်သီးညီလာခံကို ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပမည်ဖြစ်သည်။

လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသား ဦးကျော်မင်းယု(ခ) ကိုဂျင်မီ၊ ဦးဖြိုးဇေယျာသော်နှင့် အခြားအရပ်သားနှစ်ဦးကို ကွပ်မျက်ခဲ့သဖြင့် ယခင်လူများထက် ပိုမို ရက်စက် ကြမ်းကြုတ်သူအဖြစ် ထင်ရှားသည်။

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး နှစ်နှစ်နီးပါးရှိလာချိန်တွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံမှုများ ပေါ်ပေါက်နေသည်။ စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်၊ ဗုံးကြဲသည့် နည်းများကိုပင် သုံး၍ ရက်ရက်စက်စက် တုံ့ပြန်နေသည်။

Myanmar Now News

စစ်ကောင်စီတပ်က ကရင်ပြည်နယ် သတ္တုတွင်းကို တိုက်ခိုက်ရာ အလုပ်သမား ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရသည်၊ ဒဏ်ရာရသူများထဲတွင် ၁ ဦး ပါဝင်သည်ဟု KNU က ပြောသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေအတွင်း ခဲသတ္တုတူးဖော်ရေးလုပ်ငန်းကို စစ်ကောင်စီတပ် လေယာဉ် ၂ စီးက နိုဝင်ဘာ ၁၆ နံနက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ရာ မိုင်းလုပ်သား ၃ ဦး သေဆုံးသွားသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

KNU တပ်မဟာ ၆ ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က ၎င်းတို့၏ထိန်းချုပ်နယ်မြေဖြစ်သော ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မြောက်ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် သပြုကျေးရွာ ခဲသတ္တုမိုင်းလုပ်ကွက် ဖြစ်သည်ဟု ဆိုသည်။

“အဲ့လုပ်ကွက်မှာ လုပ်သားပေါင်း ၂၁ ယောက် ရှိတဲ့အထဲမှာ ၃ ယောက်သေတယ်။ သေတဲ့လူတွေက ပြည်တွင်းကချည်းပဲ၊ ထိခိုက်ဒဏ်ရာရတာက ၆ ယောက်၊ အဲ့ဒီ ၆ယောက်ထဲမှာ တရုတ်နိုင်ငံသား တစ်ယောက်ပါတယ်” ဟု ပဒိုစောလစ္စတန်က ပြောသည်။

“စစ်ရေးပစ်မှတ်လည်း မဟုတ်ဘူးဗျ။ လူထုက နိစ္စဓူဝ ရှင်သန်ရေးအတွက် လုပ်ကိုင်စားသောက်တဲ့ နေရာဖြစ်ပါတယ်။ အဲ့ဒါကို စစ်ရေးပစ်မှတ်လို သဘောထားပြီး လာပစ်တာတော့ ကျွန်တော် စဉ်းစားလို့ မရဘူး” 

သေဆုံးသူ ၃ ဦးသည် သတ္တုမိုင်းရှာဖွေရေးလာရောက်လုပ်ဆောင်နေသည့် တရုတ်နိုင်ငံသားများ ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း၊ မြန်မာနိုင်ငံသားများသာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း  ၎င်းက အတည်ပြုသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သတ္တုမိုင်းအတွင်းရှိ လူနေအဆောက်အဦ ၂ လုံး ၊ ဂိုထောင် ၁ လုံး၊ ထမင်းစားရုံ ၁ ရုံ နှင့် မော်တော်ယာဥ်များထိခိုက် ပျက်စီးသည်ဟု ပဒို စောလစ္စတန်က ဆိုသည်။

သပြုရွာအနီးတွင် သတ္တုမိုင်း လုပ်ကွက် အမှတ်(၁) မှ (၁၀) အထိ ရှိပြီး အမှတ်(၆) လုပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

ဘုရားသုံးဆူမြို့မှ အသက် ၄၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက သတ္တုမိုင်း ဗုံးကြဲခံရခြင်းကို ကြားသိကြောင်း၊  ထိခိုက်ဒဏ်ရာ ရရှိသူများ ၎င်းတို့မြို့ရှိ ဆေးရုံတွင် ကုသမှု ခံယူနေကြောင်း ပြောသည်။

“လူတွေလည်း မနည်းဘူး ထိကုန်တယ် တဲ့။ အခုလက်ရှိ  ဘုရားသုံးဆူ ဆေးရုံမှာ လူနာတွေ ရောက်နေတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ သပြုရွာခဲသတ္တုမိုင်း လုပ်ကွက်သည် ဒေသခံလူထု၏ အလုပ်အကိုင် အခွင့်အလမ်းရရှိမှုအပေါ် မူတည်ပြီး သတ္တုမိုင်း လုပ်ပိုင်ခွင့်ကို ခွင့်ပြုပေးထားခြင်း ဖြစ်သည်ဟု KNU ၏ လက်နက်ကိုင်အဖွဲ့ ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်  (KNLA) ၏ တပ်မှူးတစ်ဦးကဆိုသည်။

“KNU က အကျိုးတူ ပူးပေါင်းလုပ်တာမျိုး မရှိပါဘူး။ အခွန် နည်းနည်းပါးပါး ကောက်တာပဲ ရှိပါတယ်” ဟု သူက ပြောသည်။

ယခင်က သတ္တုတူးဖော်မှုကို ဒေသခံများက တပိုင်တနိုင် လုပ်ကိုင်ကြပြီးနောက် ၁၉၉၇ ခုနှစ်တွင် စစ်တပ်နှင့် ငြိမ်းချမ်းရေးယူခဲ့သည့် ဗိုလ်မှူးချုပ် စောသမူဟဲ ဦးဆောင်သော ဟောင်သရော ငြိမ်းချမ်းရေးအဖွဲ့ က ဆက်လက်လုပ်ကိုင်ခဲ့သည်။ 

ယင်းနောက် ထိုအဖွဲ့ကို KNU က ဆက်လက်ခွင့်မပြုတော့ဘဲ ဒေသခံ လုပ်ငန်းရှင်များကို တူးဖော်ခွင့်ပေးခဲ့ပြီး အခွန်ကောက်ခံသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြေပြင်၌ တိုက်ခိုက်ရေး စွမ်းရည်ကျဆင်းပြီး စစ်ပန်းလာသည်နှင့် အမျှ လေကြောင်းပစ်ကူတွေကို ပိုမိုအားပြုကာ တိုက်ခိုက်လာခြင်းကြောင့် သာမန်အရပ်သားပြည်သူများ ထိခိုက်သေဆုံးလာနေသည်။

ပြီးခဲ့သည့် အောက်တိုဘာ လအစပိုင်းတွင်လည်း ကြာအင်းဆိပ်ကြီးမြို့နယ် မက္ကသာရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်း မီးလောင်ပြီး သံဃာ တစ်ပါး ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်အချို့ ပျက်စီးခဲ့သည်။

ယင်းအပြင် အောက်တိုဘာလ လကုန်ပိုင်းကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ အနမ့်ပါ ကျေးရွာတွင် ပြုလုပ်ခဲ့သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက် ခဲ့ခြင်းကြောင့် လူပေါင်း ၆၀ ကျော် ထိခိုက်သေဆုံးခဲ့သည်။

Myanmar Now News

၂၀၂၂ ခုနှစ် နို၀င်ဘာလ(  ၁၅ )ရက်

ယနေ့တွင် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)မှ အကြမ်းဖက်စစ်ကောင်စီ၏ “A Nang Pa (အနန့်ပါ)ဒေသ စစ်ရာဇဝတ်မှုအား နက်နက်ရှိုင်းရှိုင်း လေ့လာသုံးသပ်အဖြေရှာကြခြင်း” စာတမ်းတိုကို ထုတ်ပြန်လိုက်သည်။ အကြမ်းဖက်စစ်တပ်သည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်တွင် တိုင်းပြည်အာဏာကို မတရားသိမ်းပိုက်ပြီးနောက် တိုင်းရင်းသားဒေသများနှင့် ပြည်မများတွင်ပါမကျန် ပြည်သူလူထုအပေါ် နည်းလမ်းမျိုးစုံဖြင့် ၎င်းတို့အားဆန့်ကျင်သူများကို ရန်သူသဖွယ်ပစ်မှတ်ထားပြီး လူသားချင်းမစာမနာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းသည် လျော့နည်းမသွားပဲ၊ တနေ့တခြား ပို၍ဆိုးရွားလာသည်မှာ အားလုံးအသိပင်ဖြစ်သည်။ အကြမ်းဖက်စစ်တပ်တွင် code of conduct ဆိုသည့် စစ်တပ်မှ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်စည်းကမ်း လုံးဝမရှိတော့သည်ကို ၂၀၂၂ခုနှစ် အောက်တိုဘာလ ၂၃ ရက်တွင် ဖြစ်ပွားခဲ့သော ဖားကန့်ဖြစ်စဉ်သည် အထင်အရှား သက်သေပြနေသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့ ညပိုင်းတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ အနန့်ပါ၌ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)  တည်ထောင်ခြင်း အထိမ်းအမှတ်ပွဲ ကျင်းပနေစဥ် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အထိမ်းအမှတ်ပွဲ တက်ရောက်နေသည့် ပြည်သူများ၊ အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် KIO အရာရှိ၊ အရာထမ်းများ သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်း များစွာရှိခဲ့သည်။ ပို၍ဆိုးရွားသည်မှာ ဒဏ်ရာရပြည်သူများကို ဖားကန့်မြို့သို့ သယ်ယူဆေးကုသခွင့်အား အကြမ်းဖက်စစ်တပ်မှ တားမြစ်ပိတ်ပင်ခြင်းသည် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီကို ပေါ်ပေါ် တင်တင်  အလေးမထားပဲ ချိုးဖောက်နေကြောင်း ပေါ်လွင်ထင်ရှားပါသည်။

အနန့်ပါဒေသ တိုက်ခိုက်ခံရမှုအပြီး အာဆီယံ၏ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွင် မြန်မာနိုင်ငံ နှင့် ပတ်သက်ပြီး ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ရန် ဆုံးဖြတ်ခဲ့သည်မှာ မြန်မာပြည်သူများအတွက်တော့ ကျေနပ်အားရစရာ သတင်းကောင်းတစ်ခုတော့ မဟုတ်ခဲ့ပေ။ တစ်ဖက်၌လည်း တစ်ရက်ပြီးတစ်ရက် ပြည်သူအသက်ပေါင်းများစွာ အသတ်ခံနေရ သော်လည်း လက်ရှိအာဆီယံဥက္ကဌ ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်မှ မြန်မာနိုင်ငံ အရေးနှင့် ပတ်သက်ပြီး စိတ်ရှည်သည်းခံဖို့လိုကြောင်း ပြောနေသည်မှာ အကြမ်းဖက်စစ်တပ်၏ ရက်စက် ကြမ်းကြုတ် သတ်ဖြတ်မှုများကို မသိကျိုးကျွန် ပြုနေသကဲ့သို့ ဖြစ်နေသည်။ နိုင်ငံတကာ၏ အရေးယူလုပ်ဆောင်မှု ဆက်လက်ပြီး ထိုင်းမှိုင်းတုံ့ဆိုင်းနေပါက ကချင်ဒေသ ရှေ့အလားအလာတွင် အကြမ်းဖက်စစ်ကောင်စီ နှင့် KIA အကြား မြို့တွင်းတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်းများစွာ အရှိန်အဟုန်မြင့်တက်လာနိုင်ပါသည်။

မြန်မာနိုင်ငံမှ ဖိနှိပ်ခံ ပြည်သူများအတွက် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းအပါများသည် ၎င်းတို့ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲဖြစ်သည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု တရားရုံး၌ တရားရင်ဆိုင်ရမည်ဖြစ်ပြီး ပြစ်ဒဏ်ခံယူရမည်ဖြစ်သည်။ အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်နေသည့် နိုင်ငံများနှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများသည်လည်း မြန်မာနိုင်ငံရှိ စစ်ရာဇ၀တ်မှုများတွင် အကြမ်းဖက်စစ်အုပ်စုကို ပံ့ပိုးကူညီနေမှုများအတွက် ပြန်လည်တာ၀န်ယူရမည် ဖြစ်သည်။

ဆက်သွယ်ရန်

မွန်းနေလီ

ကချင်အမျိုးသမီးအစည်းအရုံးထိုင်းနိုင်ငံသည်(KWAT)
kwat.office@gmail.com

ဒိုင်းမွန်းထူး

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)(ND-Burma)

office@nd-burma.org


 

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma)

မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့များ လူ့အခွင့်အရေးမှတ်တမ်းပြုခြင်းလုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်ရေးအတွက် နည်းလမ်းတရပ်ဖြည့်ဆည်းပေးသော အားဖြင့် (၂၀၀၄) ခုနှစ်တွင် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများ နှင့် လိင်စိတ်ကွဲပြား သူများအား ကိုယ်စားပြုသည်။

ကွန်ရက်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများတွင် မည့်သို့သော ဒုက္ခဝေဒနာများခံစားနေရပုံအကြောင်း အဖြစ်မှန်အမှန်တရားကို စုပေါင်းအသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်း စိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။

လွတ်လပ်စွာ အခမဲ့သုံးနိုင်သော Open-Source Software ကို အသုံးပြုလျက် အဖွဲ့ဝင်များပေးသော သတင်းအချက်အလက်များကို ညှိုနှိုင်းပြီး၊ ဘုံအချက်အလက် ဘဏ်မှာထည့်သွင်းပါသည်။ ထိုအပြင် ပူးတွဲအစီရင်ခံတင်ပြခြင်းနှင့် စည်းရုံလှုံ့ ဆော်တိုက်တွန်းခြင်း လှုပ်ရှားမူများကိုလည်း ဆောင်ရွက်ပါသည်။ အခွင့်သင့်ပါက မိမိ၏ လုပ်ငန်း နယ်ပယ်မှန်သမျှတွင် အခြားသော လူ့အခွင့်အရေးအဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။

တင်းပြည့်အဖွဲ့ဝင်များ

၁) နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

၂) လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့

၃) ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး(ရ၊က၊လ၊စ)

၄) အနာဂါတ်အလင်းတန်းဆုံမှတ်

၅) မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း

၆) ကချင်အမျိုးသမီးများအစည်းအရုံး -ထိုင်းနိုင်ငံ

၇) တအာင်းအမျိုးသမီးအဖွဲ့အစည်း

၈) တအာင်းကျောင်းသားလူငယ်များ အဖွဲ့

၉) ထားဝယ် အမျိုးသမီးသမဂ္ဂ

ဆက်စပ်အဖွဲ့ဝင်များ

၁) ချင်းလူ့အခွင့်အရေးအဖွဲ့

၂) ပအိုဝ်းလူငယ်များအစည်းအရုံး

၃) ပဲခူး အရှေ့ – နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်

၄) ရှေ့ပြေးအသံ

ဖြစ်စဉ်မှာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ရက်နေ့ မြန်မာစံတော်ချိန် ည ၈နာရီ မိနှစ်၄၀ခန့်တွင် ဖားကန့်မြို့ ကံစီး ကျေးရွာမှ ၂မိုင်ကျော်သွားရသော KIA တပ်မဟာ ၉နယ်မြေ အနန့်ပါဒေသတွင် (KIO)ဖွဲ့စည်းသည့် (၆၂) ပြည့်အထိမ်းအမှတ်ပွဲ ကျင်းပနေစဉ် အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူများ အယောက် ၈၀ ဝန်းကျင်သေဆုံးပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများထဲတွင် ကချင်အနုပညာရှင်အသင်းမှ နာမည်ကြီးအနုပညာရှင် အဆိုတော်များ၊ ဖိတ်ကြားထားသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်သားပြည်သူများနှင့် KIA တပ်မဟာ ၉ ၏ တပ်မဟာမှုး အပါအဝင် အရာရှိစစ်သည်များ ပါဝင်သည်ဟု ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။ ပို၍ဆိုးရွားသည်မှာ ဒဏ်ရာရပြည်သူများကို ဖားကန့်မြို့သို့ သယ်ယူဆေးကုသခွင့်အား အကြမ်းဖက်စစ်တပ်မှ တားမြစ်ပိတ်ပင်ခြင်းသည် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီကို ပေါ်ပေါ် တင်တင်  အလေးမထားပဲ ချိုးဖောက်နေကြောင်း ပေါ်လွင်ထင်ရှားပါသည်။

ထို့အပြင် ထိုဖြစ်ရပ်မှ အသက်ဘေးလွတ်မြောက်လာသူများ၊ ဆေးရုံဆေးခန်းသို့ ဆေးကုရန် လာသော ဒဏ်ရာရသူများကို မတရား အသင်းဥပဒေ ၁၇(၁) ဖြင့် အရေးယူမည်ဟု စစ်ကောင်စီမှ ခြိမ်းခြောက်လာကြောင်းကို ဖားကန့်မြို့ခံများမှ Federal Journal သို့ ပြောဆိုထားသည်။ “ စစ်ကောင် စီ၏ ယခုကဲ့သို့သော လုပ်ရပ်သည် ကချင်တိုင်းရင်းသားလူထုပေါ်တွင်သာမက အရပ်သားပြည်သူ များအပေါ် ပစ်မှတ်ထားကာ စစ်ရာဇဝတ်မှုကို စနစ်တကျ ထပ်မံကျူးလွန်လိုက်ခြင်း ဖြစ်သကဲ့သို့၊ လူသားမျိုးနွယ်စုကိုဆန့်ကျင်သည့်ရာဇဝတ်မှု (Crime against humanity) နဲ့ အထူးသဖြင့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ ဖြစ်ရပ်ဖြစ်ပြီး၊ နိုင်ငံတကာဥပဒေကြောင်းအရ လည်းကောင်း၊ လူ့အခွင့်အရေးရှုဒေါင့်အရလည်းကောင်း ခွင့်လွတ်နိုင်စရာမရှိတဲ့ ဖြစ်ရပ်နဲ့လုပ်ရပ်ဖြစ်တယ်” လို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)၏ အဖွဲ့၀င်အဖွဲ့အစည်းတစ်ခုဖြစ်သော ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ (KWAT) ပြောခွင့်ရ မွန်းနေလီမှ ထောက်ပြ ပြောဆိုထားချက်ကို Federal Journal ၌ ဖော်ပြထားသည်။

A Nang Pa (အနန့်ပါ) ဒေသတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်မှလည်း သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် တုံ့ပြန်ထားသည်မှာ “ A Nang Pa (အနန့်ပါ)ဆိုတာ KIAစခန်း မဟုတ်ပါ။ ခရီးသွားများ ခေတ္တနားကြသော ဈေးဆိုင်တန်း စခန်းငယ်လေး သာဖြစ်သည်။ KIO ဗဟိုကော်မတီသည် မြန်မာအစိုးရအဆက်ဆက်ကို ကူညီထောက်ခံသည့် သူများကိုပင်လျှင် ရန်ဖက်အဖြစ် မသတ်မှတ်ခဲ့ပါ။ သို့သော် ယခုအနန့်ပါသို့ လာရောက်သော ပြည်သူများ၊ ဒေသခံများကို စကစကမူ ရန်သူသဖွယ် ပြုမူခဲ့ပြီဖြစ်သည်။ လူငယ်များကို အခွင့်ကြုံတိုင်း ဘဝမှာ ပြုပြင်လို့မရနိုင်မည့် အမှားများမလုပ်မိဖို့ ပြောလေ့ရှိပေမယ့် ဒီလိုအမှားများကို လုပ်သူတွေက လူကြီးတွေပဲဖြစ်နေပါတယ်။ အနန့်ပါတွင် အသက်ဆုံးရှုံးခဲ့ရသူများအားလုံး ကောင်းရာဘုံသို့ ရောက်ရှိကြပါစေလို့ ဆုတောင်းမေတ္တာ ပို့ပါတယ်။ ထိခိုက်ဒဏ်ရာရသူများကိုလည်း ဆုတောင်းမေတ္တာပို့ပါတယ်။ မိသားစုအားလုံးနဲ့ ထပ်တူကြေကွဲဝမ်းနည်းရပါတယ်။ အားလုံးရဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေဖြစ်လာမှာပါ” ဟူ၍ ဖြစ်သည်။ ထို့အတူ ထိုတိုက်ခိုက်မှုအပေါ် KIO ၏ သဘောထားထုတ်ပြန်ချက် အချက် ၇ ချက်ပါ နောက်ဆုံး အချက်တွင် “ဤကဲ့သို့သော ဝမ်းနည်းဖွယ်ဖြစ်ရပ်ကို အာဏာရှင်စစ်ကောင်စီအား တွန်းလှန်မည့်  တော်လှန်ရေးခွန်အားအဖြစ်သို့ အရှိန်မြင့်တင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

ထိုတိုက်ခိုက်ခံရမှုညတွင် သေဆုံးသွားသော ကို King ကီးဘုတ်တီးသူ၏ သူငယ်ချင်းဖြစ်သူမှလည်း “ ခုလို အင်မတန်မှ ခင်မင်ရသည့် ငယ်သူငယ်ချင်းတစ်ယောက် အပြစ်မဲ့သေဆုံးသွားရတာ တကယ်ကို စိတ်မကောင်းပါဘူး။ အင်မတန်မှ ဖော်ရွေသူတစ်ယောက်၊ လူငယ်ဘဝတုန်းက လူငယ် camp သင်တန်းတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သူ၊ ပျော်ပျော်နေတတ်သူတစ်ယောက် ခုတော့ ဒီမိစ္ဆာအကြမ်းဖက်စစ်တပ်ကြောင့် အသက်ဆုံးရှုံးသွားရပြီ” ဟုသူ၏ ခံစားချက်ကို ပြောထားသည်။

တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး မြစ်ကြီးနားဒေသခံ ကို(ဆွမ်ဒူ) အမည်လွှဲမှလည်း “ ဒီအကြမ်းဖက် စစ်တပ်က လူစိတ်မရှိတော့ဘူး။ လူမြင်ရင် သူတို့ရန်သူပဲလို့ သတ်မှတ်ပြီးတော့ ပစ်သတ်နေပြီ။ သူတို့ တိုက်ခိုက်ရမည့်ရန်သူလား၊ ပြည်သူလားမခွဲခြားတော့ဘူး။ တွေ့ရာလူ အကုန်ပစ်သတ်နေပြီ။ မြန်မာပြည်ငြိမ်းချမ်းဖို့ကတော့ ဒီလိုစစ်တပ်မျိုးမရှိမှ ဖြစ်လာတော့မယ်ထင်တယ်” ဟု သူ၏အမြင်ကို ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ထိုတိုက်ခိုက်မှုကို World Kachin Congress (WKC) မှလည်း ဝမ်းနည်ခြင်းနှင့် တိုက်ခိုက်မှုကို ရှုံ့ချကြောင်း သဘောထားထုတ်ပြန်ထားသည်။ ထိုနည်းတူ မြောက်ပိုင်းမဟာမိတ်ညီနောင် တိုင်းရင်းသား လက်နက်ကိုင်တပ်များဖြစ်သော ရက္ခိုင့် တပ်တော် AA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်TNLA၊ တို့မှလည်း ဝမ်းနည်းကန့်ကွက်ရှုံ့ချကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) တို့မှလည်း နိုင်ငံတကာသို့ ချက်ခြင်း အရေးယူမှု လုပ်ဆောင်ရန် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ အမေရိကန်၊ အင်္ဂလန်အပါအဝင် ဥရောပနိုင်ငံ သံရုံးများမှလည်း စုပေါင်းပြီး အနန့်ပါတိုက်ခိုက်မှုကို ဝမ်းနည်းကြောင်းနှင့် ကန့်ကွက်ရှုံ့ချကြောင်း သတင်းထုတ်ပြန်ထားသည်။ အံ့သြစရာကောင်းသည်မှာ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှာမှု ဖြစ်စဉ်အပေါ် ရေငုံနုတ်ပိတ် နေသည်ကိုတွေ့ရသည်။

အနန့်ပါဒေသ အကြမ်းဖက်တိုက်ခိုက်ခံရမှုအပြီး နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသည့် အထွေထွေညီလာခံ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် တတိယကော်မတီ၏ အစည်းအဝေးတွင် လက်ရှိမြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာသောမတ်စ်အင်ဒရူး တင်ပြပြောကြားသည့်အထဲတွင် အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် ဖားကန့်ဂီတပွဲ ဖြစ်ရပ်အကြောင်း ပါဝင်ခဲ့ပါသေးသည်။ သို့သော်လည်း နိုင်ငံတကာ၏ တုံ့ပြန် ဆောင်ရွက်မှုသည် လိပ်ထက်ပင် နှေးကွေးနေသည်ကို တွေ့နေရသည်။ နိုင်ငံတကာ သဘောတူစာချုပ်တစ်ခုဖြစ်သည့် ရောမဥပဒေ ( Rome statute of 1998) ၌ ပြဌာန်းထားသည်မှာ အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရမည်ကိုသိလျက်ဖြင့် ရည်ရွယ်တိုက်ခိုက်ခြင်း၊ ခုခံနိုင်မှုကင်းမဲ့သည့် မြို့၊ ရွာ၊ အိမ်၊ အဆောက်အဦးများကိုတိုက်ခိုက်ခြင်း၊ ဗုံးကျဲခြင်း၊ အမြှောက်များဖြင့် ပစ်ခတ်ပါက စစ်ရာဇဝတ်မြောက်ကြောင်း ပြဌာန်းထားသည်။ ဤပြဌာန်းချက်အရ နိုင်ငံတကာရဲ့ အရေးယူတုံ့ပြန်ဆောင်ရွက်မှုသည် မြန်မာနိုင်ငံနှင့် လားလားမျှ မသက်ဆိုင်သကဲ့သို့ ဖြစ်နေကြောင်း အထင်အရှားမြင်တွေ့နိုင်သည့် အခြေအနေဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီမှာ သေဒဏ်ပြစ်ဒဏ်ချမှတ်မှုကိုတရားဝင်ဆိုင်းငံ့ခြင်းဆိုင်ရာအဆိုမူကြမ်းကို မဲခွဲရာမှာ ထောက်ခံမဲ (၁၂၆) မဲနဲ့ မဲအများဆုံးရရှိခဲ့ပြီး အတည်ပြုနိုင်ခဲ့ပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့က မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၂၆ မဲ၊ ကန့်ကွက်မဲ ၃၇ မဲ၊ ကြားနေမဲ ၂၄ မဲရရှိခဲ့တာကြောင့် သေဒဏ်ချမှတ်မှုကို တရားဝင်ဆိုင်းငံ့ဖို့ ကော်မတီက အတည်ပြုခဲ့တာပါ။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၊ တတိတယကော်မတီမှာ တင်သွင်းတဲ့ သေဒဏ်ပြစ်ဒဏ်ချမှတ်မှုကို တရားဝင်ဆိုင်းငံ့ခြင်းဆိုင်ရာ မူကြမ်းကို ထောက်ခံမဲပေးခဲ့ပါတယ်။

ကော်မတီမှာ သံအမတ်ကြီးက မြန်မာနိုင်ငံရဲ့ပြစ်မှုဆိုင်ရာဥပဒေမှာ သေဒဏ်ပေးတာကို တရားဝင် ဖျက်သိမ်းတာမရှိသေးပေမယ့် သေဒဏ်ချမှတ်တာကို တရားဝင်ဆိုင်းငံ့တာကို ဆယ်စုနှစ်လေးခုအထိ ဆောင်ရွက်ခဲ့ပေမယ့် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဒီမိုကရေစီအရေးတက်ကြွသူလေးဦးကို သေဒဏ်ပေးကွပ်ပျက်ခဲ့ကြောင်း တင်ပြခဲ့ပါတယ်။

သေဒဏ်ချမှတ်တာဟာ လူသတ်ဖို့‌ဝန်မလေးတဲ့ စစ်ကောင်စီရဲ့နောက်ဆုံးနည်းလမ်းဖြစ်တယ်လို့ တင်ပြခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်တပ်လက်အောက်ခံ တရားရုံးတွေကနေ သေဒဏ်ချမှတ်ထားတဲ့အမှု (၁၂၆)ခုရှိပြီး၊ အဲ့ဒီအထဲက (၄၂) မှုကို ကာယကံရှင်တွေရဲ့မျက်ကွယ်မှာ ချမှတ်ခဲ့တာဖြစ်ပြီး သေဒဏ်ချမှတ်းခံဖို့စောင့်ဆိုင်းနေရသူ (၈၄) ဦး ရှိတယ်လို့ သံအမတ်ကြီးက ကုလသမဂ္ဂထံတင်ပြခဲ့ပါတယ်။

RFA Burmese