ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

မန္တလေး အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသူများ ရိုက်နှက်ခံရ
ကျဉ်စက်တပ်တုတ်၊ ဝါးရင်းတုတ်၊ သံတုတ်များဖြင့် ရိုက်နှက်နှိပ်စက်မှုကြောင့် အကျဉ်းသူတစ်ဦး မျက်လုံးထိခိုက်ခဲ့ပြီး အများအပြား ပြင်းထန်ဒဏ်ရာရရှိထားသည်။
မကြာသေးခင်က မန္တလေးမြို့ရှိ အိုးဘိုအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များ၏ နှိပ်စက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားအများအပြား ဒဏ်ရာရရှိထားပြီး တစ်ဦးမှာ မျက်လုံးထိခိုက်သွားသည်ဟု မန္တလေးသတင်းရင်းမြစ်များထံမှ သိရသည်။
အကျဉ်းထောင်အတွင်းမှ လျှို့ဝှက်ပေးပို့သော “အဖိနှိပ်ခံ အကျဉ်းသားများ” ဟူသည့် စာတစ်စောင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက လက်ခံရရှိခဲ့ကြောင်း၊ စာတွင် ထောင်တွင်းအခြေအနေဆိုးများကို ဖော်ပြထားကြောင်း မန္တလေးမြို့မှ ဆန္ဒပြလူငယ်တစ်ဦးက ပြောသည်။
“အကျဉ်းဝန်ထမ်းအမျိုးသားတွေက ဝင်ရိုက်တယ် ပြောတာပါ။ ၇၀ ကျော်လောက်ကို ရိုက်ခံကြရတယ်၊ လောက်လေးခွတွေနဲ့လည်း ပစ်ခံရတယ် ပြောတယ်” ဟု ၎င်းက ပြောသည်။
စာရွက်ဖြတ်ပိုင်း ၁ ခုတွင် မင်ပြာဖြင့် ရေးသားထားသော၊ အကျဉ်းထောင်အတွင်းမှ ပို့သည်ဆိုသော ထိုစာကို Myanmar Now က ဖတ်ရှုခွင့်ရခဲ့သည်။
ထိုအထဲတွင် ဖေဖော်ဝါရီ ၃ နှင့် ၄ ရက်နေ့တို့တွင် အမျိုးသမီးအဆောင် အမှတ် ၁ နှင့်၂ တို့တွင် ပြဿနာဖြစ်ပွားရာမှ အစပြုကာ ထောင်ဝန်ထမ်းတို့က ၂ ရက်ဆက်တိုက် နိုင်ကျဉ်းအမျိုးသမီးတို့ကို နှိပ်စက်ညှဉ်းပန်းခဲ့သည် ဆိုသည်။
Letter.jpeg
ထောင်တွင်းအခြေအနေများကို ရေးသားထားသည့်စာ
လျှပ်စစ်ကျဉ်စက်ပါ နံပါတ်တုတ်များ၊ ဝါးရင်းတုတ်များ၊ သံတုတ်များဖြင့် ရိုက်နှက်ရာမှ ပြင်းထန်ဒဏ်ရာရရှိခဲ့သူများထဲမှ နားရွက်ပြတ်ရှဒဏ်ရာရရှိသူ မစန်းလင်းမေ၏ မိသားစုနီးစပ်သူတစ်ဦးက ထိုဖြစ်ရပ်အကြောင်း မိသားစုများ သိရှိပြီး စိတ်ပူနေသည်ဟု ပြောသည်။
“ပြဿနာဖြစ်ရာက အကုန်သိမ်းကျုံးပြီး နှိပ်စက်ခံရတာ။ သူက ကြားထဲက ခံလိုက်ရတာ။ နားရွက် ငါးချက် ချုပ်ရတယ်၊ ဒဏ်ရာပြင်းတယ်လဲ ကြားတယ်၊ (တိုက်ရိုက်) အဆက်အသွယ်မရတော့ စိတ်ပူတယ်ဗျာ” ဟု သူက Myanmar Now ကို ပြောသည်။
အသက် (၂၀) ဝန်းကျင်အရွယ် မစန်းလင်းမေသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ဖမ်းဆီးခံခဲ့ရသည်။ ထို့နောက် မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တစ်ခုကို ငွေထောက်ပံ့သည်ဟူသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက သူ့ကို ပုဒ်မ ၅၀ ည ဖြင့် အမှုဖွင့်ပြီး တစ်နှစ်ကျော်အကြာ ဖေဖော်ဝါရီ ၃ တွင် ထောင်ဒဏ် (၁၅) နှစ် ချထားသည်။
“သူအမိန့်ချခံရပြီး နောက်တစ်နေ့မှာ ခုလိုတွေဖြစ်တာ။ သူ့ကို ဖမ်းဆီးစဉ်ကလည်း ဘာအပြစ်မှမရှိဘဲ စွပ်စွဲဖမ်းတာ။ ခုလိုထပ်ဖြစ်ရတော့လည်း စိတ်အတော်မကောင်းဘူး” ဟု မိသားစုနှင့် နီးစပ်သူက ဆိုသည်။
တိုက်ပိတ်ခံရသူအများအပြားရှိသည်ဟု ကြားမိသော်လည်း ထိုအထဲတွင် မစန်းလင်းမေ မပါရှိကြောင်း သူက ဆက်ပြောသည်။
ရိုက်နှက်ခံရသူများအမည်စာရင်းတွင် ပုဒ်မအများအပြားဖြင့် ထောင်နှစ်ရှည်ချခံထားရသည့်၊ ပရဟိတအလုပ်ဖြင့် နာမည်ကျော်သည့် ”မေမြို့အိမ်”စားသောက်ဆိုင်ပိုင်ရှင် မပိုပြည့်သူ၏ အမည်လည်း ပါဝင်သည်ဟု သူနှင့် ရင်းနှီးသူ မိတ်ဆွေတစ်ဦးက ပြောသည်။
“နာမည်ပါလာတော့ စိတ်ပူမိတယ်၊ နောက်ဆက်တွဲလည်း ထပ်မကြားရဘူး။ အဆက်အသွယ်လည်း မရတော့ ပိုစိတ်ပူတယ်” ဟု ထိုမိတ်ဆွေက ဆိုသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချခံရသူတို့ကို ကူညီနေသည့် မန္တလေးမြို့ခံရှေ့နေတစ်ဦးက အိုးဘိုထောင်အတွင်း နိုင်ကျဉ်းတို့ ကြုံနေရသည့် အခြေအနေမှာ လွန်စွာဆိုးရွားနေသည်ဟု စက်တင်ဘာလအတွင်းက Myanmar Now ကို ပြောဆိုထားသည်။
“ထောင်အတွင်း ခုလိုအခြေအနေတွေကတော့ အများကြီးပေါ့နော်၊ ဆေးကုသခွင့်မရလို့ အသက်ဆုံးရှုံးတာတွေလည်း ရှိနေပါတယ်။ မိသားစုကိုတောင် အကြောင်းမကြားဘဲ သင်္ဂြိုဟ်လိုက်တာတွေလည်း ရှိတယ်။ အကျဉ်းသားအခွင့်အရေးကတော့ စစ်ကောင်စီလက်ထက် ဆုံးရှုံးနေတာ” ဟု သူက မှတ်ချက်ပြုထားသည်။
အာဏာသိမ်းပြီးနောက်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် နိုင်ငံအနှံ့အကျဉ်းထောင်များတွင် မန္တလေးအိုးဘိုထောင်လည်း အပါအဝင်ဖြစ်သည်။ အငြင်းပွားမှုဖြစ်လျှင် ထောင်အာဏာပိုင်တို့က နိုင်ကျဉ်းများကို ရိုက်နှက်ခြင်း၊ တိုက်ပိတ်၊ အစာဖြတ်ပြစ်ဒဏ်ပေးခြင်း၊ သေနတ်ဖောက်ခြိမ်းခြောက်ခြင်း မကြာခဏပြုလုပ်နေသည်ဆိုသော သတင်းများ ကျယ်ပြန့်စွာထွက်ပေါ်နေသည်။
စစ်ကောင်စီသည် ကိုဗစ်ကပ်ရောဂါအကြောင်းပြကာ ထောင်ဝင်စာတွေ့ခွင့်ပိတ်ထား၍ သတင်းများကို အတည်ပြုရန် ခက်နေသည်။ ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် အိုးဘိုထောင်အာဏာပိုင်တို့၏ ရိုက်နှက်မှု၊ လျှပ်စစ်ရှော့တိုက်စက်များနှင့် နှိပ်စက်မှု၊ အစာဖြတ်၊ တိုက်ပိတ်မှုတို့ကို နိုင်ကျဉ်း ၁၆ ဦး ကြုံခဲ့ရဖူးကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) က သတင်းထုတ်ပြန်ဖူးသည်။
လွန်ခဲ့သော သုံးလခန့်က အိုးဘိုထောင်မှ လွတ်မြောက်လာသည့်အမျိုးသမီးတစ်ဦးကလည်း အလားတူ ပြောကြားသည်။
“ထောင်ထဲမှာဆိုရင် နိုင်ကျဉ်းတွေက ပိုပြီးဖိနှိပ်ခံရတယ်၊ သူတို့က နိုင်ငံရေးအမှုနဲ့ ဝင်လာရင်ကို အလိုလို မျက်မုန်းကျိုးပြီး ဖိနှိပ်တာ။ အဆိုးဆုံးက ထောင်သားအချင်းချင်း ပြန်အုပ်ချုပ်ခိုင်းတာ၊ ဆေးမှုတို့ လောင်းကစားမှုတို့နဲ့ ထောင်ကျလာသူတွေက နိုင်ကျဉ်းတွေကို အုပ်ချုပ်တယ်၊ နှိပ်စက်တယ်” ဟု သူက ပြောသည်။
“ကျွန်မဆိုရင် ဝင်ဝင်ချင်းနေ့မှာပဲ အခြားအမှုက အကျဉ်းသူတစ်ဦးကနေ အပြစ်ရှာပြီး ခါးပတ်နဲ့ ရိုက်တာ ခံခဲ့ရဖူးတယ်”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဖေဖော်ဝါရီ ၁၀ ထုတ်ပြန်ချက်တွင် စစ်ကောင်က ဆက်လက်ဖမ်းဆီးထားသူ စုစုပေါင်း ၁၃,၈၈၄ ဦး ရှိနေသည်၊ ထိုအထဲတွင် အမျိုးသမီး ၃,၀၄၄ ဦး ပါဝင်သည်ဟု ဖော်ပြထားသည်။
Myanmar Now News
ရွှေဘိုမြို့နယ် ကျားရွာမှ နေအိမ် ၇၀၀ ခန့် တစ်ရက်အတွင်း မီးရှို့ခံရ
အိမ်ခြေ ၁၅၀၀ ခန့်ရှိသော ကျေးရွာကို စစ်တပ်နှင့် ပျူစောထီးများ ဝင်ရောက်လာပြီး နေအိမ် ၇၀၀ ကို တစ်နေ့အတွင်း မီးရှို့သွားသလို အနီးမှ ရွာတွင်လည်း နေအိမ် ၈၀ ခန့် မီးရှို့ခံရသည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မြောက်ခြမ်းတွင် ရှိသည့် ကျားရွာတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၂) က နေအိမ် ၇၀၀ ခန့် မီးရှို့ခံရကြောင်း ရွာခံများထံမှ သိရသည်။
ရွှေဘိုမြို့ပေါ်မှ လာသော စစ်ကောင်စီတပ်နှင့် ခွန်ဒေါင်းကြီး(ခဒေါင်း) ရွာရှိ ပြည်သူ့စစ် ခေါ် ပျူစောထီးများ ပါဝင်သည့် အင်အား ၁၅၀ ကျော်ခန့်က ဖေဖော်ဝါရီ ၁၁ တွင် ခွန်တောင်းကြီးရွာ တောင်ဘက် ကပ်လျက်ရှိသည့် ညောင်ကန်ကျေးရွာမှ နေအိမ် ၈၀ ခန့်ကို မီးရှို့ခဲ့သည်။
ထို့နောက် ထိုရွာတွင် ညအိပ် တပ်စခန်းချပြီး နောက်တစ်နေ့ နံနက် ၈ နာရီခန့်တွင် ညောင်ကန်ကျေးရွာ မြောက်ဘက် ကပ်လျက် ခင်ဦးမြို့နယ်အစပ်ရှိ အိမ်ခြေ ၁၅၀၀ ခန့်ရှိ ကျားရွာသို့ ရောက်ရှိလာကာ တစ်ရက်အတွင်း နေအိမ် ရာနှင့်ချီ မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု ရွှေဘိုမြို့နယ် အမှတ် ၁ တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တိုက်နယ်ပကဖ) ခေါင်းဆောင်က ပြောသည်။
“ကျားရွာက အိမ် ၁၅၀၀ အနည်းဆုံးရှိတဲ့ရွာကြီးဖြစ်ပါတယ်။ မနေ့ညနေပိုင်းက ဒီကောင်တွေ ထွက်သွားလို့ ရွာသားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မီးဝင်ငြှိမ်းကြတာ၊ ၇၀၀ အနည်းဆုံးကုန်သွားမယ်၊ များလွန်းတော့ စာရင်းအတိအကျ မကောက်နိုင်သေးပါဘူး။ မြောက်ခြမ်းမှာဆို နှစ်အိမ်ပဲ ကျန်တယ်” ဟု တိုက်နယ်ပကဖခေါင်းဆောင်က ဆိုသည်။
မွန်းလွဲ ၃ နာရီခန့်တွင် ထိုစစ်ကြောင်း ရွာမှ ပြန်ထွက်သွားခဲ့သဖြင့် ဒေသခံကာကွယ်ရေးအဖွဲ့များက ရွာအတွင်း ဝင်ရောက်ကာ မီးငြှိမ်းသတ်၊ မိုင်းရှင်းလင်းကြကြောင်း သိရသည်။
“ကျားရွာကို ဝင်တဲ့အချိန် ခုခံတိုက်ခိုက်တာ မလုပ်လိုက်နိုင်ဘူး။ ဒီအတိုင်းပဲ ဝင်ရှို့သွားတာ။ အိမ်ကတော့ မီးလောင်သွားပြီပေါ့။ အဆင်ပြေသွားမှာပါ။ သိပ်ပြီးထူးမနေပါဘူး” ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။
အိမ်ခြေ ၃၀၀ ခန့်ရှိ ညောင်ကန်ကျေးရွာကို မီးမရှို့မီ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးသလို ညောင်ကန်ရွာမှ ပြန်လည် ထွက်ခွာချိန်တွင် မိုင်းမိပြီး ၃ ဦး သေဆုံးသည်ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် Black Dragon ပြောက်ကျားတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“(မနက်) ၈ နာရီလောက်က နေ ၁၁ ကျော်ကျော်လောက်အထိ ဖြစ်တဲ့တိုက်ပွဲမှာတော့ စစ်….တစ်ကောင်ပဲ ရလိုက်တာ။ ဒီကောင်တွေ ညောင်ကန် (ရွာ) ကနေ ထွက်တော့မှ မိုင်းမိပြီး ၃ ယောက်သေတာ။ ညောင်ကန်ကို ကျွန်တော်တို့ ဆုတ်ပေးလိုက်ရချိန်မှာ ရွာကို ဝင်ပြီး မီးရှို့သွားတာ” ဟု ဆိုသည်။
ထိုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် တပ်ရင်း ၄၊ Black Dragon ပြောက်ကျားတပ်ဖွဲ့၊ ShweBo PDF ပြောက်ကျားတပ်ဖွဲ့၊ တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဒေသခံများမှာ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း၊ ထွက်ပြေးတိမ်းရှောင်နေရသူ အရေအတွက် ထောင်ဂဏန်း ရှိကြောင်း သိရသည်။
လက်နက်ပြည့်စုံသော်လည်း တပ်ဖွဲ့ဝင်အင်အား လိုအပ်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်သည် ရွှေဘို၊ ခင်ဦး၊ ရေဦးနှင့် ကန့်ဘလူဒေသများမှ အာဏာသိမ်းမှု ထောက်ခံသူများကို စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားကာ စစ်ကြောင်းထိုးရာတွင် ဒေသခံလမ်းပြသတင်းပေးသူများအဖြစ် အသုံးပြုနေသည်။
ကျေးရွာအများအပြားတွင် စစ်ကောင်စီနှင့် ပူးပေါင်းလိုသူ နည်းပါးနေရာ ခြိမ်းခြောက် အကျပ်ကိုင်သည့် နည်းလမ်းသုံးပြီး ပျူစောထီးအဖွဲ့များ ဆက်လက် ဖွဲ့စည်းလျက်ရှိသည်။
အဆိုပါ ပျူစောထီးအားကောင်းရာကျေးရွာများကို ဒေသတွင်းတွင် ပျူရွာဟု ခေါ်ဆိုပြီး တော်လှန်ရေးတပ်ဖွဲ့များက ရံဖန်ရံခါ ဝင်တိုက်လေ့ရှိသည်။
Myanmar Now News
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (ဖေဖော်ဝါရီ ၁ မှ ၇) ရက်နေ့ထိ
ဖေဖော်ဝါရီလ ၁ရက်မှ ၇ ရက်အတွင်း ကယားပြည်နယ် ဒီမော့ဆိုမှ ပြည်သူ ၁ဦးနှင့် စစ်ကိုင်းတိုင်း မုံရွာမြို့မှ ပြည်သူ ၁ဦးကို စစ်အာဏာရှင် တပ်သားများက ခေါင်းဖြတ် သတ်ဖြတ်ခဲ့သည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ် သပိတ် လှုပ်ရှားမှုနှင့် ပတ်သတ်၍ ဓာတ်ပုံရိုက် မှတ်တမ်းတင်ခဲ့သော ရန်ကုန် မရမ်းကုန်းမှ ပြည်သူ ၂ဦးနှင့် စစ်ကိုင်းမှ ပြည်သူ ၁ဦး ဖမ်းဆီးခဲ့ရပြီး တော်လှန်ရေးနှင့် ဆက်စပ်သော အကြောင်းအရာများ လူမှုကွန်ယက်တွင် မျှဝေသည်ဟုဆိုကာ နေပြည်တော်မှ ပြည်သူအချို့လည်း ဖမ်းဆီးခံခဲ့ရသည်။ ရန်ကုန် အင်းစိန်ထောင်နှင့် မန္တလေး အိုးဘိုထောင်မှ နိုင်ငံရေး အကျဉ်းသားများကို အကြမ်းဖက် ရိုက်နှက် နှိပ်စက်ခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိသူများ ရှိခဲ့သည်။
Infogram
အဓမ္မလုပ်အားပေးစေခိုင်းမှု (Forced Labour)
(က) နိုင်ငံတကာဥပဒေအရဆိုလျှင် အဓမ္မလုပ်အားစေခိုင်းမှု၏ အင်္ဂါရပ်များကား အဘယ်နည်း။
အဓ္မလုပ်အားစေခိုင်းမှုကို လူ့အခွင့်အရေး ချိုးဖောက်မှုတရပ်အဖြစ် မှတ်တမ်းပြုရန်အလို့ငှာ အောက်ပါ အင်္ဂါရပ် (၄)ရပ် ထင်ရှားကြောင်းဖေါ်ပြရပါမည်။[1]
၁။ အလုပ် (လုပ်အား) သို့မဟုတ် ဝန်ဆောင်မှု။
၂။ အတင်းအဓမ္မ (ဆန္ဒမပါဘဲ) ထုတ်ယူခြင်း။
၃။ အပြစ်ပေး ဒဏ်ခတ်မည်ဟု ခြိမ်းခြောက်ခြင်း။
၄။ အစိုးရ၏ လုပ်ဆောင်ချက်။
(ခ) လုပ်အား သို့မဟုတ် ဝန်ဆောင်မှုကို အတင်းအဓမ္မ သို့မဟုတ် ဆန္ဒမပါဘဲ ထုတ်ယူခြင်းအဖြစ် မည် သည့်အချက်များက ဖေါ် ပြ သနည်း။ လုပ်အားကို အတင်းအဓမ္မ (ဆန္ဒမပါဘဲ) ထုတ်ယူခြင်း ဆိုသည်မှာ လူပုဂ္ဂိုလ်တစုံတယောက် အလုပ် အစီ အစဉ်ထဲသို့ ဝင်သွားပုံ၊ ဝင်သွားနည်းနှင့် သက်ဆိုင်ပါသည်။ လုပ်အား သို့မဟုတ် ဝန်ဆောင်မှုသည် သ ဘောတူ ခွင့်ပြုချက် မရဘဲဖြစ်စေ၊ နိုင်ထက်ကလူပြုသော အခြေအနေအောက်မှာဖြစ်စေ သွတ်သွင်း ခြင်းခံရပါက အတင်းအဓမ္မထုတ်ယူခြင်းအဖြစ် မှတ်ယူရပါသည်။ နိုင်ထက်ကလူပြု လုပ်အားထုတ်ယူမှု တွင် အောက်ပါ အခြေအနေများပါဝင်ပါသည်။
[1] အဓ္မ လုပ်အားခိုင်းစေမှုကို ပြောင်ပြောင်တင်းတင်း တားမြစ်ထားသော အပြည်ပြည်ဆိုင်ရာ သဘောတူ ညီချက်များမှာ အောက်ပါတို့ ပါဝင်သည်။
– လူ့အခွင့်အရေး ကြေညာစာတမ်း။ ပုဒ်မ-၄ Universal Declaration of Human Rights, Article 4
– လူမှုအခွင့်အရေးနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်၊ (ICCPR) ပုဒ်မ-၈
– ကျေးကျွန်ပြုမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်။ ပုဒ်မ (1) Slavery Convention, Article 1(1)
– ကျွန်ပြုမှု၊ ကျွန်ကုန်ကူးမှု၊ ကျွန်ပြုမှုနှင့် အလားတူဖြစ်သည့် အင်စတီကျူးရှင်းများနှင့် လုပ်ဆောင်ကျင့်သုံးနေမှုများ ဖျက်သိမ်းခြင်းဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် နောက်ထပ်ဖြည့်စွက်မှု။ ပုဒ်မ- ၇
– အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် အမှတ်- ၂၉ ILO Convention No. 29
– အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် အမှတ် (၁၀၅) ILO Convention No. 105 (အဓ္မ လုပ်အားခိုင်းစေမှုကို တားမြစ်ထားသည်။)
– အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်။ အမှတ် – ၁၈၂ ပုဒ်မ- ၃ (က) ILO Convention No. 182 Article 3(a) ကလေးများကို အဆိုးရွားဆုံး ပုံစံဖြင့် အလုပ်ခိုင်းစေမှုများကို ချက်ချင်းတားမြစ်ရန်နှင့် အဆုံးသတ်စေရန်အတွက် အရေးယူဆောင်ရွက်ရန်။
– အိုင်အယ်လ်အို လုပ်သားခန့်ထားမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် အမှတ် -၁၂၂ ILO Employment Policy Convention No. 122
– အိုင်အယ်လ်အို ဌာနေတိုင်းရင်းသားများနှင့် လူမျိုးစုများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် အမှတ်- ၁၆၉။ ILO Indigenous and Tribal Peoples Convention No. 169
– ဒေသဆိုင်ရာသဘောတူညီချက်များကလည်း အဓ္မလုပ်အားခိုင်းစေမှုကို တားမြစ်ကြောင်းဖော်ပြထားကြသည်။ ဥပမာအမေရိကနိုင်ငံများ၏ သဘောတူညီ ချက်ဖြစ်သည်။ လုပ်အားပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မြောက်အမေရိကတိုက် သဘောတူညီချက် North American Agreement on Labor Cooperation နှင့် အမေရိကန် လူ့အခွင့်အရေးဆိုင် ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် American Convention on Human Rights (Art. 6) များဖြစ်သည်။ ဥရောပတိုက်တွင်လည်း လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ ကာကွယ်ပေးရေး ဥရောပနိုင်ငံများ သဘောတူညီချက် f European Convention on the Protection of Human Rights and Fundamental Freedoms (Art. 4) နှင့် ဥရောပလူမှုရေးဆိုင်ရာ ကြေညာစာတမ်း European Social Charter (Art. 1)
မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေ (CIL) ကို လက်မှတ်ရေးထိုး အသိအမှတ်ပြု ထားခြင်း မရှိပါ။ (CIL) သည် အစိုးရ၏ ယေဘုယျလုပ်ဆောင်ချက်မှ လာသည့် ဥပဒေကျောရိုး တခု ဖြစ်ပြီး၊ အချိန်ရလာသည်နှင့်အမျှ စည်းနှောင်မှုရှိသည့် ဥပဒေတခုအဖြစ် လက်ခံလာကြပါသည်။ သို့ သော်လည်း နိုင်ငံတခုသည် စဉ်ဆက်မပြတ် ဤဥပဒေကို ငြင်းပယ်လာခဲ့ပါက နိုင်ငံတခုသည် ဤဥပဒေ အရ စည်းနှောင်မှုမရှိပါ။
အဓမ္မ လုပ်အားခိုင်းစေမှုကို အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေများအရ တားမြစ်ထားပါသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံသည် အထက် ဖော်ပြပါ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုး မထားသော်လည်း၊ ဤ အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေများနှင့် ဆက်နွယ်မှု ရှိနေသည်ဟု ယူဆနိုင်ပါသည်။ (သို့မဟုတ်ပါက ဤဥပဒေအရ စည်းနှောင်းမှုမရှိစေရန် အစဉ်အဆက် ငြင်းပယ်ဖော်ပြမှုမျိုး ပြုလာရမည်ဖြစ်သည်။
လူအများစုက အဓမ္မလုပ်အား ခိုင်းစေမှုသည် ယေဘုယျ အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေ၏ အစိတ်အပိုင်း တခုမျှသာ မဟုတ်ဘဲ ဟုလည်း ယူဆကြပါသည်။ ဆိုလိုသည်မှာ နိုင်ငံတခုက မည်သည့်အခါမျှ မချိုးဖောက်ရသည့် အပြည်ပြည်ဆိုင်ရာ ဥပဒေ၏ အခြေခံ တန်ဖိုးထားချက် ဖြစ်သည်ဟု ဆိုခြင်းပင်။ ဤနိုင်ငံက အစဉ်တစိုက် ကန့်ကွက်ငြင်းပယ် လာခဲ့လျှင်သော်မှ လိုက်နာရမည် ဖြစ်သည်။ တနည်း ပြောရလျှင် နိုင်ငံများသည် ဤတန်ဖိုးထားချက်ကို ပစ်ပယ်ရောင်းစားခြင်း မပြုရပါ။
တို့ ရှိနေသည်။ အာဖရိကတိုက်တွင်လည်း လူ့အခွင့်အရေးနှင့် ပြည်သူများ အခွင့် အရေးဆိုင်ရာ အာဖရိကတိုက် ကြေညာစာတမ်း African Charter on Human Rights and Peoples’ Rights (Art. 5) ရှိသည်။ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)တွင် အလားတူ သဘောတူညီချက် ရှိသော်လည်း လက်မှတ်ရေးထိုးခြင်း မပြုရသေးပါ။
-အဓ္မလုပ်အားခိုင်းစေမှုကို တားမြစ်ထားသည့် ဥပဒေအရတင်းကျပ်စည်းနှောင်ထားမှုမရှိသော အပြည်ပြည်ဆိုင်ရာစာချုပ်၊ မှတ်တမ်းများရှိပါသည်။ ၎င်းတို့တွင် ကျွန်ကုန်ကူးမှု တက္ဘာ လုံးတွင်ဖျက်သိမ်းရေးနှင့် သက်ဆိုင်သောကြေညာချက် Declaration Relative to the Universal Abolition of the Slave Trade အိုင်အယ်လ်အို၏ လုပ်ငန်း ခွင်တွင် အခြေခံမူများနှင့် အခွင့်အရေးများဆိုင်ရာ ကြေညာချက် Declaration on Fundamental Principles and Rights at Work နှင့် အဓမ္မလုပ်အားခိုင်းစေမှုဆိုင်ရာ အကြံပြုချက်များ (တိုက်ရိုက် မဟုတ်သော တိုက်တွန်းချက်)- အမှတ် -၃၅ Forced labor (Indirect Compulsion) Recommendation No. 35 ၏ တို့ ရှိနေသည်။ ဤဥပဒေ မှတ်တမ်းများကို အင်တာနက်စာမျက်နှာ http://www2.ohchr.org/english/law/ (last visited 27 July 2008).တွင် ရယူနိုင်ပါသည်။
ချောက်မြို့မှစျေးသည် စစ်ကြောရေးစခန်းရောက်ပြီး ၂၄ နာရီအတွင်း သေဆုံး
မကွေးတိုင်း၊ ချောက်မြို့တွင် အဖမ်းခံရသူ အမျိုးသား စစ်ကောင်စီတပ်လက်ထဲတွင် သေဆုံးရာ အတူဖမ်းခံရသည့် ဇနီးသည် ပြန်လွတ်မလာသေးပေ။
မကွေးတိုင်း၊ ချောက်မြို့တွင် ဖမ်းဆီးခံရသည့် ဇနီးမောင်နှံနှစ်ဦးအနက် ခင်ပွန်းဖြစ်သူမှာ အဖမ်းခံရပြီး ၂၄ နာရီမပြည့်မီ စစ်ကောင်စီ၏ စစ်ကြောရေးစခန်းတွင် သေဆုံးသွားသည်ဟု ဒေသအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ထံမှ သိရသည်။
ဖေဖော်ဝါရီ ၁ ညပိုင်းတွင် စစ်သား ၁၅ ဦးခန့်က အမှတ် (၅) ရပ်ကွက်ရှိ အသက် ၅၀ အရွယ် ဦးကျော်တင့်၊ ဇနီးဖြစ်သူ ဒေါ်တင်မာနီတို့ကို နေအိမ်သို့ သွားရောက် ဖမ်းဆီးသည်၊ နဂ ၆၀ အမည်ရှိ စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားကာ နောက်တစ်နေ့ နံနက်တွင် ဦးကျော်တင့် သေဆုံးသွားသည်ဟု ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့ (CGF) ဒုခေါင်းဆောင် ဗိုလ်ပေတ ဆိုသူက ပြောသည်။
“စစ်ကြောရေးမှာ မမြင်နိုင်တဲ့အတွက် အတိအကျကြီး မပြောနိုင်ဘူး။ စစ်ကြောရေးမှာ နှိပ်စက်မှာပဲ” ဟု ၎င်းက မြို့ခံများကို ကိုးကား၍ ဆိုသည်။
နဂ ၆၀ ဆိုသည်မှာ ရှေးခေတ် ရေနံမြေအရာရှိအိမ်ရာတစ်ခုဖြစ်ပြီး ချောက်မြို့နှင့် ဆိပ်ဖြူမြို့ကို ဆက်သွယ်သည့် အနော်ရထာတံတားသို့ သွားရာ ပြည်ထောင်စုချဉ်းကပ်လမ်းဘေးတွင် ရှိသည်။
ငွေစက္ကူ ရိုက်နှိပ်ထုတ်ဝေသည့် ချောက်မြို့အနီး ဧရာဝတီမြစ်တစ်ဖက်ကမ်း ဝါဇီအရပ်ရှိ လုံခြုံရေးနှင့် ဆိုင်သော ပုံနှိပ်လုပ်ငန်းစက်ရုံ (လ.န.စ) တွင် လုံခြုံရေးယူထားသောတပ် (ဒေသအခေါ် ဝါဇီတပ်) မှ ဗိုလ်မှူးတစ်ဦးနှင့် စစ်ကောင်စီတပ်သားများ အထိုင်ချထားသော စခန်းလည်း ဖြစ်သည်။
ဖမ်းဆီးခံရသူတို့သည် ချောက်မြို့မဈေးတွင် ပဲစေ့နှင့် ပဲဆံ ရောင်းချအသက်မွေးသူများဖြစ်ပြီး သမီးနှစ်ဦးနှင့် သားတစ်ဦး ရှိသည်ဟု သိရကြောင်း CGF အဖွဲ့က ဆိုသည်။
ဖမ်းဆီးခံရမှု၊ စစ်ဆေးမေးမြန်းမှုအခြေအနေတို့ကို မသိရသော်လည်း ရုပ်အလောင်းကို ချောက်မြို့ဆေးရုံမှတစ်ဆင့် သုသာန်သို့ သယ်ယူ၍ သင်္ဂြိုဟ်ပေးခဲ့ကြောင်း ချောက်မြို့နယ် လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။
ချောက်မြို့ မြေနီကုန်းသုသာန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း၊ ၎င်း၏ ဇနီးဖြစ်သူမှာ စစ်ကြောရေးစခန်းတွင် ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု သိရကြောင်း ဗိုလ်ပေတက ဆိုသည်။
ဇန်နဝါရီလကုန်ခန့်က အမှတ် ၁၀ ရပ်ကွက်နေ ချောက်မြို့မဈေးကော်မတီဝင် ဦးခင်မောင်ရီကို စစ်တပ်က ရပ်ကွက် ပိတ်ဆို့ဖမ်းဆီးခဲ့ပြီးနောက် ဦးကျော်တင့်တို့ ဇနီးမောင်နှံကို ဆက်လက် ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေးလည်း မဟုတ်ဘူး။ လူတစ်ယောက်ကို လူမဆန်စွာ နှိပ်စက်ပြီးတော့ သတ်ဖြတ်လိုက်တယ်။ လက်လွန်ပြီးသေသွားတယ်ဆိုတာ မဖြစ်သင့်ဘူး။ လူ့အခွင့်အရေးကို ချိုးဖောက်ရာလည်း ကျတယ်။ ယုတ်လည်းယုတ်မာလွန်းတယ်” ဟု ၎င်းက ပြောသည်။
အထက်ပါကိစ္စနှင့် ပတ်သက်၍ ကာယကံရှင်မိသားစုနှင့် တိုက်ရိုက်အဆက်အသွယ်ရရန် Myanmar Now က ကြိုးစားနေဆဲ ဖြစ်သည်။
အလားတူဖြစ်စဉ်မျိုး ၂၀၂၁ အောက်တိုဘာအတွင်းက ချောက်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်၊ ထိုစဉ်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထောက်ပံ့သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံရသည့် “ထွန်းလင်းဇမ္ဗူ” ဘော်ဒါဆောင်ပိုင်ရှင် အသက် ၄၀ အရွယ် ကိုဖြိုးဝေထွန်း သေဆုံးခဲ့ပြီး မိသားစုက အရိုးပြာအိုးသာ ပြန်ရခဲ့သည်။
ယင်းနှစ် အောက်တိုဘာ ၃၀ ည ၁၂ နာရီဝန်းကျင်၌ ချောက်မြို့အခြေစိုက် ခလရ ၁၃ မှ အင်အား ၂၀ ခန့်က မြို့နှင့် ၂၇ မိုင်အကွာ ဂွေးပင်ကျေးရွာရှိ ဘော်ဒါဆောင်ပိုင်ရှင် ကိုဖြိုးဝေထွန်းနှင့် ညီနှစ်ဦးကို လာရောက် ဖမ်းဆီးရာမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ နေအိမ်၌ တစ်နာရီနီးပါး အပြင်းအထန်ရိုက်နှက်ခံရပြီး ခေါ်ဆောင်သွားခြင်းဖြစ်ကာ အတူဖမ်းဆီးခံရသူ ညီနှစ်ဦးနှင့် ပတ်သက်၍ နောက်ဆက်တွဲအခြေအနေကို မသိရသေးပေ။
မန္တလေးမြို့အပါအဝင် ဒေသအနှံ့အပြား၌ စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် ၂၄ နာရီမပြည့်မီ သေဆုံးမှု၊ မိသားစုထံ အလောင်းပြန်မပေးမှု၊ အလောင်းစွန့်ပစ်ခံရမှုများ ရှိနေသည်။
စစ်ကောင်စီဘက်မှ ကာကွယ်ရေးသားသော တယ်လီဂရမ်စာမျက်နှာများကမူ ဦးကျော်တင့် PDF ထောက်ပံ့ကြောင်း တွေ့ရှိ၍ ခေါ်ယူစစ်ဆေးရာ နှလုံးရောဂါ ဖြင့် သေဆုံးသွားကြောင်း ထုတ်ပြန်ထားသည်။
အာဏာသိမ်းမှုဆန့်ကျင်တော်လှန်နေသူများကို ထောက်ခံအားပေးသူများ၊ PDF ကို ငွေကြေးပံ့ပိုးသူများအား စစ်ကောင်စီက အစွမ်းကုန် နှိပ်ကွပ်ဖမ်းဆီးလေ့ရှိသလို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လျက်ရှိသည်။
ယခုနှစ် ဖေဖော်ဝါရီ ၃ စစ်အာဏာသိမ်းမှု နှစ်နှစ်ကျော်အတွင်း အဖမ်းအဆီးများစွာ ရှိခဲ့ပြီး စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသူ ၂,၉၅၁ ဦး ရှိသည်ဟု သိရသည်။
ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံရသူ ၁၃,၈၂၅ ဦးရှိကာ ထိန်းသိမ်းခံရသူတို့အနက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၂,၃၁၁ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည်။
Myanmar Now News
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (ဇန်နဝါရီ ၂၂ မှ ၃၁) ရက်နေ့ထိ
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၂၂)ရက်မှ (၃၁) ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
ဇန်နဝါရီလ (၂၂)ရက်မှ (၃၁)ရက်နေ့အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်က ချင်းပြည်နယ်၊ ကယားပြည်နယ် ၊စစ်ကိုင်းတိုင်း တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှ ဒေသခံ ၄ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ၁ဦး နှင့် အသက်မပြည့်သေးသည့် ကလေး ၂ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးခဲ့သည်။ ပြည်သူများကို ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ခြင်းများ ဆက်လက် ကျုးလွန်လျှက်ရှိသည်။
Infogram