ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ဦးခေါင်းဖြတ်ခံထားရသော PDF ၅ ဦး၏ ရုပ်အလောင်းများ မြင်းမူတွင် တွေ့ရှိ
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့တွင် သုံ့ပန်း ၃ ဦး အသတ်ခံရသည်၊ တိုက်ပွဲတွင် ၂ ဦး သေဆုံးသည်၊ ထိုသူအားလုံး၏ ဦးခေါင်းများကို စစ်ကောင်စီတပ်က ဖြတ်သွားသည်ဟု PDF က ပြောသည်။
(သတင်းအတွင်း စိတ်မချမ်းမြေ့ဖွယ်ရာ ဓာတ်ပုံအချို့ ပါဝင်သည်)
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ် ထွက်ခွာသွားပြီးနောက် ဦးခေါင်းနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြတ်တောက်နေသည့် လက်နက်ကိုင်တိုက်ခိုက်ရေးသမား ၅ ဦး၏ ရုပ်ကြွင်းများကို မကြာသေးမီက တွေ့ရသည်၊ အသတ်ခံရသူများထဲတွင် အသက် ၁၈ နှစ် မပြည့်သေးသူ ၂ ဦး ပါဝင်သည်ဟု သိရသည်။
ဒေသတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် အင်အား ၇၀ ခန့်သည် ဖေဖော်ဝါရီ ၂၅ တွင် အရာတော်နှင့် မြင်းမူအစပ်ရှိ ပဒတ္တိုင်းရွာကို ကနဦး စီးနင်းခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။
ပဒတ္တိုင်းရွာတွင် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး မိုင်းထောင်နေစဉ် စစ်ကောင်စီတပ်က ဖမ်းဆီး၍ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်သွားသည်ဟု မြင်းမူ PDF ပြန်ကြားရေးတာဝန်ခံ ရဲဘော်ခင်သောင်းက ပြောသည်။
“သူ့ကို အပိုင်းပိုင်းဖြတ်ပြီး အဝတ်နဲ့ ထုပ်ထားတာ” ဟု ၎င်းက ပြောသည်။
ပဒတ္တိုင်းရွာအရှေ့ဘက်သို့ ဆက်လက် ချီတက်သွားသည့် ထိုစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရန် ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦးက ထိုနေ့ (ဖေဖော်ဝါရီ ၂၅) တွင် ထပ်မံကြိုးပမ်းခဲ့သော်လည်း ပဒတ္တိုင်းရွာ အရှေ့ဘက် ၃ မိုင်အကွာရှိ ညောင်ပင်ကန်ရွာအနီးတွင် ဖမ်းဆီးခံလိုက်ရသည်။
ဖေဖော်ဝါရီ ၂၆ တွင် ညောင်ပင်ကန်မှ အရှေ့ဘက် ၈ မိုင်အကွာ ကန်တော်ရွာသို့ ချီတက်ရာလမ်းတွင် စစ်ကောင်စီတပ်က တိုက်ခိုက်ခံရခြင်းမရှိစေရန် ထိုသုံ့ပန်းနှစ်ဦးကို စစ်ကြောင်းတွင် ဓားစာခံအဖြစ် အသုံးပြုခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့ ၃ ဖွဲ့က ပြောသည်။
ထိုစစ်ကြောင်းကို ကန်တော်ရွာ အနောက်မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာတွင် စစ်ကိုင်းမြို့နှင့် မြင်းမူမြို့အခြေစိုက် PDF ၇ ဖွဲ့က ဖေဖော်ဝါရီ ၂၆ နံနက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် အနီးရှိ Zero ပြောက်ကြားတပ်ဖွဲ့၏ စခန်းတစ်ခုကို စီးနင်းမီးရှို့ကာ ၎င်းတို့ ဖမ်းဆီးလာသူနှစ်ဦးကို သတ်လိုက်ခြင်းဖြစ်သည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် အဖွဲ့တစ်ခုဖြစ်သော စစ်ကိုင်းခရိုင် PDF တပ်ရင်း (၂)၊ တပ်ခွဲ (၂) ခေါင်းဆောင် ကိုအက်ဆစ်က ပြောသည်။
အသတ်ခံရသည့် ၁၅ နှစ်အရွယ် ကိုလမင်းစိန် (ခ) ဖိုးစိန်၊ ၁၇ နှစ်အရွယ် ဖိုးကဲ တို့သည် ACID Army People Defence Force ဟုလည်း ခေါ်သော ၎င်းတို့၏တပ်မှ ဖြစ်သည်ဟု ကိုအက်ဆစ်က ပြောသည်။
“ကန်တော်ရွာဘက်ကို စစ်ကြောင်းထိုးတော့ ဒီကလေးနှစ်ယောက်ကို ဓားစာခံအနေနဲ့ ခေါ်လာတာ။
ကလေးနှစ်ယောက် ညောင်ပင်ကန်ရွာဘက်မှာ အဖမ်းခံလိုက်ရတာ။ ကန်တော်ရွာနားမှာ ကျွန်တော်တို့က ပထမတစ်ကြိမ် တိုက်လိုက်တယ်။ ကျည်ကုန်လို့ ပြန်ဆုတ်လာတာ။ အဲဒီချိန်မှာ ကလေးနှစ်ယောက်ကို သတ်သွားတာ” ဟု ၎င်းက ဆိုသည်။
“အရှင်လတ်လတ်ကိုမှ ခေါင်းဖြတ်သွားတဲ့ပုံစံမျိုးလို့ ယူဆရတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ထားတဲ့ အနေအထားတွေ တွေ့ရတယ်။ မြေကြီးတွေကအစ အလောင်းပေါ်မှာ တွေ့တယ်။ ကလေးနှစ်ယောက်မှာ သေနတ်ဒဏ်ရာ မရှိဘူး။ ခေါင်းဖြတ်ပြီး ခေါင်းနဲ့ ကိုယ်နဲ့ သက်သက်စီ ထားခဲ့တယ်” ဟု ကိုအက်ဆစ်က ပြောသည်။
ခေါင်းများကို စားပွဲခုံတွင် တစ်လုံး၊ တိုင်ပေါ်တွင် တစ်လုံး တင်ထားသည်ကို တွေ့ရသည်ဟု ၎င်းက ဆက်ပြောသည်။
ထို့နောက် ကန်တော်ရွာကို ဆက်လက်စီးနင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် PDF ပူးပေါင်းအဖွဲ့က ရွာအနီးသို့ ည ၇ နာရီတွင် ချဉ်းကပ်သွားကြသည်။
Beheaded_pdf.jpg
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်း ဖေဖော်ဝါရီလကုန်ပိုင်းက စစ်ကောင်စီ ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် တော်လှန်ရေးအဖွဲ့ဝင်အချို့။ ဓာတ်ပုံပေးပို့
ကန်တော်ရွာအတွင်း၌ စစ်ကောင်စီတပ်နှင့် ပေ ၅၀ အကွာမှ အပြန်လှန်ပစ်ခတ်ကြစဉ် အသက် ၁၉ နှစ်အရွယ် ကိုမျိုးဇင်နှင့် ကိုဇော်မျိုးသန့် ကျည်ဆန်ထိမှန် လဲကျပြီး ကျန်ရစ်ခဲ့သည်ဟု စစ်ကိုင်းမြို့အခြေစိုက် ဆားတောင်မိုးကြိုး PDF ခေါင်းဆောင် ကိုမိုးကြိုးက ပြောပြသည်။
“သူတို့ လဲကျသွားတဲ့အချိန်မှာ အလောင်းရလိုရငြား ပြန်ခံပစ်နေပေမဲ့ လက်နက်အင်အား နည်းတဲ့အတွက် အလောင်းတွေ ထားခဲ့ရတယ်၊ ကျန်တဲ့ ရဲဘော်တွေ ထိခိုက်မှုနည်းအောင်လို့” ဟု ကိုမိုးကြိုးက ပြောသည်။
“လက်နက်အင်အားသာ ကောင်းရင် ကျွန်တော်တို့ ရဲဘော်နှစ်ဦးကို သတ်တဲ့ xx တွေ တစ်ယောက်မှ မလွတ်မသွားဘူး”
၎င်းတို့နှစ်ဦးလုံးမှာလည်း ဦးခေါင်းဖြတ်ခံထားရပြီး ကိုဇော်မျိုးသန့်မှာသည် လက်ကောက်ဝတ်နေရာများတွင်ပါ ဖြတ်တောက်ခံထားရသည်ဟု ကိုမိုးကြိုးက ပြောသည်။
“နောက်နေ့ ပြန်ဝင်တော့ အဲဒီနားမှာပဲ နှစ်ယောက်လုံးကို ဇက်ဖြတ်ခဲ့တာ။ တစ်ယောက်က လက်တစ်ဖက်ပါ အဖြတ်ခံရတာ။ ခေါင်းတခြား၊ ကိုယ်တခြား လုပ်သွားတာ။ ခေါင်းတစ်ခေါင်းကို အိမ်နံရံပေါ်မှာ ချိတ်ခဲ့တာ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ၏ ဝါဒဖြန့် အွန်လိုင်းမီဒီယာများက ကိုမျိုးဇင်နှင့် ကိုဇော်မျိုးသန့်တို့၏ သေဆုံးနေမှုအကြောင်း ဖော်ပြသည့် သတင်းဓာတ်ပုံတွင်မူ ဦးခေါင်းနှင့် လက်တို့ကို ဖြတ်တောက်ထားခြင်း မရှိသေးပေ။
မှတ်တမ်းဓာတ်ပုံရိုက်ကူးပြီးချိန်မှသာ တစ်ပိုင်းစီ ဖြတ်တောက်ပစ်ကာ အိမ်ခြံစည်းရိုးတွင် ချိတ်ဆွဲခဲ့ခြင်း ဖြစ်မည်ဟု ၎င်းတို့၏ အဖွဲ့ဝင်များက ယူဆနေကြသည်။
“သူတို့က လူစိတ်မှ မရှိတာ။ လူစိတ်မရှိလို့ပဲ ဖမ်းမိတဲ့ကလေးတွေကို ရက်ရက်စက်စက်သတ်သွားတာ” ဟု ကိုအက်ဆစ်က မှတ်ချက်ပြုသည်။
ဖမ်းဆီးရမိထားသူများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖြတ်တောက်သွားသည့် စစ်ကောင်စီတပ်ကို ဆက်လက် တိုက်ခိုက်သွားမည်ဟု ကာကွယ်ရေးအဖွဲ့များက ဆိုသည်။
“ဒီကောင်တွေသည် ကျွန်တော်တို့အဖွဲ့တွေကို စိန်ခေါ်တဲ့အပိုင်းပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခြောက်လှန့်တဲ့အပိုင်းလည်း ပါတယ်။ ဒါကြောင့်မလို့ ဒီလိုလုပ်သွားတာ။ လူမဆန်စွာသတ်သွားတဲ့အပေါ် ဘယ်လိုမှ ခွင့်မလွှတ်ဘူး” ဟု ကိုမိုးကြိုးက ပြောသည်။
ရုပ်အလောင်း ၅ ခုလုံးကို ဖေဖော်ဝါရီ ၂၇ တွင် PDF ပူးပေါင်းအဖွဲ့က တွေ့ရှိခြင်းဖြစ်သည်။
ပဒတ္တိုင်းရွာတွင် တွေ့ရသည့် ရုပ်အလောင်းမှာမူ မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးပေ။
လက်ရှိတွင် စစ်ကောင်စီတပ်သည် မြင်းမူမြို့နယ် ကန်ပြားရွာအနီး စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီတပ်က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
Myanmar Now News
စစ်ကိုင်းတွင် ဓားစာခံများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရ
ဦးခေါင်းနှင့် ခြေလက် ဖြတ်တောက်သည့် စစ်ကြောင်း ဝင်ရောက်သွားသည့် စစ်ကိုင်းမြို့တွင် အမျိုးသမီးတချို့ အပါအဝင် ဒေသခံ ၁၄ ဦး၏ ရုပ်အလောင်းများကို တွေ့ရသည်။
(သတင်းအတွင်း စိတ်မချမ်းမြေ့ဖွယ်ရာ ဓာတ်ပုံအချို့ ပါဝင်သည်)
မူးမြစ်နှင့် ဧရာဝတီမြစ် ပေါင်းဆုံသည့် ဒေသ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တာတိုင်ရွာ တော်လှန်ရေးအဖွဲ့၏ ခေါင်းဆောင်တစ်ဦးကို စစ်ကောင်စီတပ်က အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်သွားသည်။
ယမန်နေ့ (မတ် ၁) မိုးမလင်းမီ ဖြစ်ပွားသည့် ထိုဖြစ်စဉ်အတွင်း စစ်ကောင်စီက ဓားစာခံ ဖမ်းခေါ်သွားသည့် အမျိုးသမီးသုံးဦးအပါအဝင် အခြားဒေသခံ ၁၄ ဦးပါ သတ်ဖြတ်ခံခဲ့ရသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ထိုစစ်ကြောင်းမှာ ဖေဖော်ဝါရီ ၂၈ ညဦးပိုင်းတွင် တာတိုင်ရွာ အရှေ့ဘက်ရှိ မြင်းမူမြို့နယ်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ထွက်လာသည်၊ မူးမြစ်နှင့် ဆုံသည့်နေရာ ကမ်းနဖူးပေါ်ရှိ တာတိုင်ရွာသို့ နောက်တစ်ရက် နံနက်မိုးမလင်းမီ ၃ နာရီဝန်းကျင်တွင် ရုတ်တရက် ဝင်ရောက်စီးနင်းခြင်းဖြစ်သည်ဟု သိရသည်။
ရွာအနီးသို့ ကပ်လာသော စစ်ကောင်စီတပ်၏ စစ်ကြောင်းသတင်းကို ထောက်လှမ်းနေသည့် တာတိုင်ရွာ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုမိုက်ကယ် (ခ) ကိုကျော်ဇော၏ ရုပ်အလောင်းမှာ ခေါင်း၊ ခြေနှစ်ဖက်၊ လက်နှစ်ဖက်တို့ သီးခြားစီ ရှိနေပြီး ဝမ်းဗိုက်အတွင်းရှိ အူများ ထွက်နေသည်ကို မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသည်။ ခြေလက်များ ဖြတ်တောက်ခံရချိန်တွင် ကိုမိုက်ကယ် သေဆုံးပြီးခြင်း ရှိမရှိ မသိရသေးပေ။
စစ်ကြောင်းပြန်ထွက်သွားပြီးနောက်တွင် ကိုမိုက်ကယ်၏ အလောင်းကို ရွာအတွင်း၌ တွေ့ရသည်၊ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးမှ သတ်ဖြတ်ခံရသည့် ဒေသခံ ၁၄ ဦး၏ ရုပ်အလောင်းများကိုမူ မူးမြစ်အနောက်ဘက်ကမ်း၊ မြင်းမူမြို့နယ် ညောင်ရင်းရွာအနီး ရှာဖွေတွေ့ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်ကိုင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နာယကတစ်ဦးက ပြောသည်။
“သူ့ကျေးရွာကို စစ်ကြောင်းဝင်တဲ့အခါ ပြည်သူတွေ ဖမ်းဆီးခံလိုက်ရတယ်။ သူက အခြေအနေကို သွားပြီးတော့ ကြည့်တဲ့အခါမှာ စစ်ကြောင်းနဲ့ တွေ့ပြီးတော့ ဒဏ်ရာရသွားတယ် ထင်တယ်။ အဲဒီမှာ ဖမ်းဆီးပြီးတော့ တစ်စစီ နှိပ်စက်သတ်ဖြတ်ခဲ့တာ” ဟု ၎င်းက ပြောသည်။
ရုပ်အလောင်းများ၏ ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ကျည်သင့်ဒဏ်ရာများ တွေ့ရကြောင်း၊ မသေဆုံးခင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ကြရသည်ဟု ယူဆရကြောင်း ထိုသူက ယနေ့ ညနေပိုင်းတွင် ပြောသည်။
အလောင်းများကို သင်္ဂြိုဟ်ရန် စီစဉ်နေသည်၊ သေဆုံးသူများထဲတွင် ကိုမိုက်ကယ်၏ ညီ ၃၅ နှစ်အရွယ် ကိုထွန်းထွန်း၊ ၃၅ နှစ်အရွယ် ကိုကျော်စိုး၊ ၄၇ နှစ်အရွယ် ဦးစိုးနိုင်၊ ၄၅ နှစ်အရွယ် ဦးငလင်း၊ ၃၄ နှစ်အရွယ် ကိုကျော်ကျော်တို့ပါဝင်သည်၊ အခြားသူများ မည်သူမည်ဝါဖြစ်သည်ကို မသိရသေးဟုလည်း သူက ဆက်ပြောသည်။
တာတိုင်ရွာသည် အိမ်ခြေ ၈၀ ခန့်သာ ရှိပြီး ငါန်းဇွန်မြို့၊ မြင်းမူမြို့တို့နှင့် ထိစပ်နေသည်။
Hm.jpg
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တာတိုင်ရွာ မတ် ၁ ရက်တွင် စစ်တပ်က စီးနင်းပြီးနောက် ရက်စက်စွာ သတ်ဖြတ်ခံရသည့် ရွာတော်လှန်ရေးအဖွဲ့ခေါင်းဆောင်နှင့် ဒေသခံအချို့။ ဓာတ်ပုံ-ပေးပို့
တာတိုင်ရွာကို ဝင်မွှေခဲ့သည့် စစ်ကြောင်းမှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့က မလဲသာရွာသို့ ရဟတ်ယာဉ်နှစ်စီးဖြင့် ရောက်သွားသည့် အင်အား ၇၀ နီးပါးပါ တပ်ဖွဲ့ဖြစ်သည်။ မိတ္ထီလာအခြေစိုက် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တစ်ခုဖြစ်သည့် ထိုစစ်ကြောင်းသည် မလဲသာရွာမှတစ်ဆင့် မြင်းမူမြို့နယ် ပဒတ္ထိုင်း၊ ကန်တော်၊ ညောင်ပင်ရွာတို့ကို လှည့်လည်သွားလာခဲ့သည်။
ထိုစစ်ကြောင်းက ပဒတ္ထိုင်းရွာတွင် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၁ ဦး၊ ကန်တော်ရွာမှ ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၄ ဦးတို့လည်း ဦးခေါင်းနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခဲ့ဖူးသည်။
စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများတွင်မူ ကိုမိုက်ကယ်ကို တော်လှန်ရေးအဖွဲ့အချင်းချင်း သတ်ဖြတ်သည်ဟု ရေးထားသည်။
ယင်းမှာ သတင်းအမှားသာဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အထက်ပါ သတင်းရင်းမြစ်က တုံ့ပြန်သည်။
စစ်ကိုင်းမြို့ လတ်တလော သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
အာဏာသိမ်းကာလ ၂ နှစ်ပြည့်ချိန် ဇန်နဝါရီ ၃၁ တွင် နိုင်ငံတစ်ဝန်း မြို့နယ် ၃၃၀ အနက် ထက်ဝက်ခန့်ကိုသာ အပြည့်အဝထိန်းချုပ်ထားနိုင်ကြောင်း စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောကြားလိုက်ပြီးနောက် လက်နက်ကိုင်ခုခံမှုအားကောင်းရာ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မွန်၊ ကရင်ပြည်နယ်တို့မှ မြို့နယ် ၄၀ ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။
Tartaing_village.png
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တာတိုင်ရွာအခြေပြမြေပုံ။
အာဏာသိမ်းပြီး နှစ်နှစ်အတွင်း စစ်ကောင်စီက ၎င်းကို ခုခံသူများကို မကြာခဏ အစုအပြုံလိုက်သတ်ဖြတ်ပြလေ့ရှိသည်။ စစ်ကောင်စီ၏ ထိုသို့သော လုပ်ရပ်များမှာ ရက်စက်ယုတ်မာလွန်းနေပြီဖြစ်၍ နိုင်ငံတကာက ထိရောက် ပြင်းထန်စွာ အရေးယူသင့်နေပြီဟု စစ်ကိုင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နာယကက ဆိုသည်။
“ဒါက အချိန်ဆွဲလို့မရဘူး။ ဆွဲနေရင်တော့ အသက်ပေါင်းများစွာ ဆုံးရှုံးရမယ်။ ပြာပုံဖြစ်ရဦးမယ်။ အချိန်ဆွဲလေ များများသေလေ ဖြစ်မှာပဲ” ဟု ၎င်းက ပြောသည်။
နိုင်ငံတကာကလည်း စစ်ကောင်စီကို သတ်ဖြတ်မှုများ၊ ဖမ်းဆီးမှုများ ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေး အဖြေရှာရန်၊ အကျဉ်းသားများ လွှတ်ပေးရန် ဝိုင်းဝန်း တိုက်တွန်းလျက်ရှိသည်။ အလားတူ တိုက်တွန်းနေသည့် အရှေ့တောင်အာရှနိုင်ငံများအသင်းကို မြန်မာ့အရေး ဖြေရှင်းပေးရန်လည်း တောင်းဆိုထားသည်။
Myanmar Now News
ယင်းမာပင်မြို့နယ် ကုန်းရွာတစ်ရွာလုံးနီးပါးမီးရှို့ခံရပြီး အရပ်သားသုံးဦး သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က အိမ်ခြေ ၇၀၀ ကျော်ရှိတဲ့ ကုန်းရွာကို ဖေဖော်ဝါရီလ ၂၈ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့လို့ တစ်ရွာလုံးနီးပါး မီးလောင် ဆုံးရှုံးခဲ့သလို ရွာထဲမှာလည်း သတ်ဖြတ်ခံထားရတဲ့ အရပ်သား သုံးဦးရဲ့ ရုပ်အလောင်းတွေ ကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူ အမျိုးသားသုံးဦးဟာ အသက် ၃၀ နဲ့ ၄၀ ကြားအရွယ်တွေဖြစ်ပြီး နှစ်ဦးက ကုန်းရွာသားတွေ ဖြစ်ပါတယ်။ နောက်တစ်ဦးကတော့ ဘယ်ရွာသားဆိုတာ မသိရသေးဘူး လို့ ဆိုပါတယ်။
မနေ့က ညနေပိုင်းက ကုန်းရွာအဝင်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အထိနာတဲ့အတွက် ရွာကို ဝင်ပြီး မီးရှို့သွားတာ လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ယောက်က RFA ကို ပြောပါတယ်။
“ရွာကတော့ တစ်ရွာလုံးနီးပါးလောက် ရှို့သွားတာဗျ။ အိမ်ခြေ ၇၀၀ လောက်နဲ့ အိမ်ထောင်စု ၁၄၀၀ ကျော်ရှိတဲ့ ရွာကြီးပါ။ မနေ့ညကတော့ တစ်ညလုံး ရှို့နေတာပဲ။ ဒီနေ့မနက်လည်း မလောင်သေးတဲ့အိမ်တွေ ထပ်ရှို့တယ်။ အိမ်ခြေအရေအတွက် အတိအကျ မသိရသေးပေမယ့် ကျန်တဲ့အိမ်ကတော့ ၃၀ လောက်ပဲရှိတော့တယ်။ မနေ့ကညက ရွာအဝင်မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်လိုက်သေးတယ်”
ဒီနေ့မနက် ကုန်းရွာကို မီးရှို့ပြီး ထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ ကုန်းရွာနဲ့ ကပ်လျက် ရေအောင့်ရွာနားကို အရောက်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲထပ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်ရေးဟတ်ယာဉ်နဲ့ လေကြောင်းကနေ လာရောက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ အခြေအနေမှာ စစ်ကြောင်းဝင်တဲ့ ရွာတွေသာမက အနီးနားမှာရှိတဲ့ စားတော်ပြင်၊ ဇီးတော၊ လက်လှုပ်၊ အုန်းတော၊ လာဘို့၊ ရင်ပေါင်တိုင်စတဲ့ ရွာတွေက ဒေသခံတစ်သောင်း လောက်လည်း ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ နေအိမ်တွေမီးရှို့ခံနေရတာဟာ PDF တွေရဲ့ လက်ချက်ဖြစ်ပြီး သူတို့အနေနဲ့ အရပ်သားတွေအပေါ် ဒုက္ခရောက်အောင် မလုပ်ဘူးလို့ အရင်ဖြေဆိုထားပါတယ်။
စစ်ကိုင်းတိုင်းထဲက စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့မြို့နယ်တွေထဲမှာ ယင်းမာပင်မြို့နယ် လည်း ပါဝင်ပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ရေး ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ခြောက်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
အာဏာသိမ်းပြီး နှစ်နှစ်အကြာ စစ်ကိုင်းတိုင်းမှာ နေအိမ်ပေါင်း ၄၃,၂၉၂ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့လည်း သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
RFA Burmese
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (ဖေဖော်ဝါရီ ၂၂ မှ ၂၈) ရက်နေ့ထိ
ဖေဖော်ဝါရီလ ၂၂ရက်မှ ၂၈ ရက်အတွင်း စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့က စစ်ကိုင်းတိုင်းမှ ရွှေဘို ၊ အရာတော်နှင့် ဝက်လက် သုံးမြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ထပ်တိုးကြေညာခဲ့သည်။ ပဲခူးတိုင်း အုတ်ဖိုမြို့နယ်မှ CDMသူနာပြုဆရာမကို စစ်တပ်က ဖမ်းဆီးနှိပ်စက်ကာ မသတ်ခင် အဓမ္မပြုကျင့်ခဲ့ပြီး စစ်ကိုင်းတိုင်း ကသာမြို့နယ်မှ CDM သူနာပြုဆရာမကို ဖမ်းဆီး ပစ်သတ်ခဲ့သည်။ မန္တလေး အိုးဘိုထောင်မှ နိုင်ငံရေး အကျဉ်းသူတွေကို မိသားစုများအား အသိမပေးဘဲ ထောင်ပြောင်းရွေ့ခဲ့ကြသည်။
Infogram
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (ဖေဖော်ဝါရီ ၁၅ မှ ၂၁) ရက်နေ့ထိ
ဖေဖေဖော်ဝါရီလ ၁၅ရက်မှ ၂၁ ရက်အတွင်း ကရင်ပြည်နယ် ဖာပွန်ခရိုင်နှင့် ကော့ကရိတ်တောင်ပိုင်းတို့ကို လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်က စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကရင်ပြည်နယ် တို့တွင် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ကျေးရွာများကို မီးရှို့ ဖျက်ဆီးခဲ့သည်။ စစ်ကြောင်းထိုးရာ ဒေသ တလျှောက်ရှိ ဒေသခံ ပြည်သူများကို ဖမ်းဆီးရိုက်နှက်ခဲ့ပြီး ဓားစာခံအဖြစ် ဖမ်းဆီး ပြုလုပ်ခြင်းများ ရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှ ပြည်သူ ၂ဦးနှင့် မကွေးတိုင်း ရေစကြိုမြို့နယ်မှ ပြည်သူ ၂ဦးတို့ကို မီးရှို့ သတ်ဖြတ် ခဲ့သည်။
Infogram
ကယားပြည်နယ်မှာ စစ်ဆေးရေးဂိတ်တွေကြောင့် အစားအစာနဲ့ ဆေးဝါး ပြတ်တောက်နေ
လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်နေတဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီရဲ့ အခြေစိုက်တပ်စခန်းတွေနဲ့ စစ်ဆေးရေးဂိတ်တွေဟာ ပြည်နယ်ရဲ့ အချက်အချာကျတဲ့ လမ်းမတွေနဲ့ လမ်းဆုံလမ်းခွတွေမှာ ဖြတ်သန်း သွားလာသမျှ ကားနဲ့ ဆိုင်ကယ်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်နယ်တစ်ခုလုံးမှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေး ဂိတ်စခန်းပေါင်း ၄၀ နီးပါး ရှိနေပြီး အများစုက မြို့တော် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖယ်ခုံမြို့ အဝင်အထွက် လမ်းမတွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေး နေတာလို့ ဆိုပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်တွေကို စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်အကြာ ၂၀၂၂ ခုနှစ် အစောပိုင်းကတည်းက ဖွင့်လှစ်ထားတာဖြစ်ပြီး ပြည်နယ်အတွက် အဓိက ရိက္ခာသယ်တဲ့ လမ်းကြောင်းတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညား က ပြောပါတယ်။
“ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာရှိနေတဲ့ ကျနော်တို့ တောင်ငူဆင်းတဲ့ လမ်းမတစ်ကြောမှာ ဗျူဟာကုန်းတွေ ရှိတယ်၊ အဲဒီဗျူဟာကုန်းရယ် လိပ်သိုရွာမှာ တစ်ခု စစ်တယ်။ ယာသိုနဲ့ လိပ်သိုရွာကြားမှာ တစ်ခု စစ်တယ်။ အဲဒါကတော့ အကြီးအကျယ် စစ်တဲ့ဂိတ်တွေပေါ့၊ အထူးသဖြင့် အဲဒီဂိတ်တွေကနေတစ်ဆင့် ကျနော်တို့ ပြည်နယ်ကို ဆန်၊ ဆီ၊ ဆား ရိက္ခာသယ်တဲ့ အဓိကလမ်းကြောင်း ဖြစ်တယ်”
လွိုင်ကော်- ဒီးမော့ဆို လမ်းမပေါ်က သူတထူးအိမ်ရာ စခန်းဂိတ်၊ လွိုင်ကော်-ဆီဆိုင် လမ်းမပေါ်က ကမ်းသာယာ စစ်ဆေးရေးဂိတ်နဲ့ လွိုင်ကော်-မိုးဗြဲ လမ်းမပေါ်က ဘုရားဖြူ စစ်ဆေးရေးဂိတ်တွေဟာ ဆေးဝါးနဲ့ ရိက္ခာသယ်ယူမှုတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးတဲ့ ဂိတ်တွေလို့ သူက ဆိုပါတယ်။
အခုနှစ် ဇန်နဝါရီလထဲမှာပဲ စားနပ်ရိက္ခာကို ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံကနေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သယ်ယူလာခဲ့ပေမယ့် လမ်းခုလတ် စစ်ဆေးရေးဂိတ်မှာပဲ ကုန်ပစ္စည်းနဲ့ ငွေတွေ သိမ်းဆည်းခံလိုက်ရ တယ်လို့ စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ မနော် က သူ့ကိုယ်တွေ့ကို ပြောပြပါတယ်။
“ကုန်ပစ္စည်းတွေ ဘာတွေသယ်တဲ့အခါ အဖမ်းခံရတာလည်း ရှိတယ်။ အဲဒီအပေါ်မှာ ငွေတွေ ပါသွားတယ်။ ဒါက ကျမမိသားစုအတွင်းမှာ ကြုံရတဲ့ ပြဿနာတွေပေါ့။ ဒါက လုံးဝကို မလုံခြုံဘူးပေါ့နော်။ လမ်းပန်းဆက်သွယ်ရေးက အရမ်းကြီးကို တင်းကျပ်ပြီးတော့ စစ်ရှောင်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် သူတို့က ဥပဒေအရ စိုးမိုးမှု မရှိဘူး။ သူတို့လုပ်ချင်သလို လုပ်တဲ့ အခြေအနေလည်း အများကြီး ရှိတယ်”
ရိက္ခာနဲ့ ဆေးဝါး သယ်ယူပေးနေတဲ့ ကုန်ကားတွေကို စစ်တပ်စစ်ဆေးရေးဂိတ်တွေက တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာကြောင့် ဒုက္ခသည်တွေကို ဆေးဝါးနဲ့ စားနပ်ရိက္ခာ အချိန်မီ မထောက်ပံ့နိုင် တော့ဘူးလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေတဲ့ မဟယ်လင် က ပြောပါတယ်။
“များသောအားဖြင့် အစုအဖွဲ့တွေက ပစ္စည်းရယူတဲ့အခါမှာ အရမ်း ခက်ခဲတယ်ပေါ့။ ဟိုနည်းနည်း ဒီနည်းနည်း ခွဲသယ်နေရတာတို့ လုပ်ရတဲ့အခါကျတော့ အလုံအလောက် ပံ့ပိုးနိုင်တာမျိုး မရှိဘူးပေါ့နော်။ ဆေးရုံ၊ ဆေးခန်းတွေအတွက်တောင် မလောက်တဲ့ အခြေအနေ ဖြစ်နေတယ်။ အဓိကက သယ်ပေးတဲ့လူ မရှိဘူး။ သယ်လို့ အဆင်မပြေတော့ဘူး ပြောရင် ဒီကို မရောက်တော့ဘူးပေါ့။ အဲဒီလိုမျိုးတွေ ဖြစ်လာတာပေါ့။ ဒီလမ်းပန်း သွားလာရေးတွေမှာ ကုန်သည်တွေ၊ ကုန်ကားတွေက ဘယ်လောက်အထိ သယ်ပေးနိုင်မလဲပေါ့၊ သူတို့ကို ခွင့်ပြုတဲ့ ပမာဏ၊ စစ်တပ်ကို ပြောလို့ဆိုလို့ ကောင်းတဲ့ ပမာဏပဲ သယ်ရတော့ ဒုက္ခသည်တွေထံကို မရောက်နိုင်တာ၊ အဲဒါတွေကြောင့်လည်း ပါတာပေါ့”
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း ၂၀၂၂ ခုနှစ် ဇွန်လအစောပိုင်းမှာ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးဒုက္ခသည် နှစ်သောင်းငါးထောင်ကျော်ကို အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ဖို့ ကြိုးစားခဲ့ပေမယ့် စစ်ဆေးမှု တင်းကျပ်လွန်းတာကြောင့် အမှန်တကယ် လိုအပ်နေတဲ့ ဒုက္ခသည်တွေထံ အပြည့်အဝ မရောက်ဘူးလို့လည်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဗူးပြားရွာမှာခိုလှုံနေတဲ့ ကရင်နီစစ်ဘေးဒုက္ခသည် ကလေး ၂၀ ခန့် ဖေဖော်ဝါရီ ဒုတိယပတ်ထဲမှာ ဝမ်းရောဂါဖြစ်ခဲ့ပြီး လမ်းပိတ်ဆို့မှုနဲ့ ဆေးဝါး မလုံလောက်မှုကြောင့် ခုနစ်လအရွယ် ကလေးငယ်တစ်ဦး ဖေဖော်ဝါရီ ၁၄ ရက်နေ့က သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရွာဟာ အိမ်ခြေ ၅၀ ကျော်နဲ့ လူဦးရေ ၃၀၀ ကျော် နေထိုင်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါကို ကလေးငယ် ၂၀ ကျော်နဲ့ လူကြီး နှစ်ဦး ခံစားခဲ့ရတာပါ။
စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်တာအတွင်း ဒုက္ခသည် ကလေးငယ်အများစုဟာ ကာကွယ်ဆေး ပုံမှန် မထိုးခဲ့ရသလို အခုလို အရေးပေါ်ကူးစက်ရောဂါ ဖြစ်လာချိန်မှာ ဆေးဝါးအလွယ်တကူ မရတာ၊ ဆေးရုံ အမြန်မပို့နိုင်တာတွေကြောင့် အခုလို အသက်ဆုံးတဲ့အထိ ဖြစ်ခဲ့ရတာလို့ မိုးဗြဲအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ကာကွယ်ဆေးသာ ကျမတို့ ထိုးရင်တော့ ကျမတို့က ကူးစက်မှုမနိုင်မနင်းဖြစ်လာတာ (Out Break) ကို အနည်း နဲ့ အများ ကာကွယ်မိပြီးသားလေ။ အခုက နှစ်နှစ်လောက် ကာကွယ်ဆေးက မထိုးမိတဲ့အခါကျတော့ စစ်ရှောင်ဆို ပိုးဆိုးတာပေါ့။ အမှန်က ဝမ်းပျက်ရောဂါ (GEO) ကာကွယ်ဆေးတွေ ရှိတယ်။ အဲဒါထိုးလိုက်ရင် တော့ Out Break တွေ ကျသွားမှာပေါ့။ အခုက မထိုးတဲ့ အခါကျတော့ မထိန်းချုပ်နိုင်တော့ဘဲ ဆေးမထိုး လိုက်ရတဲ့ နောက်ဆက်တွဲ တစ်ခု ဖြစ်လာတာပေါ့”
လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ ကယားပြည်နယ်မှာ ၂၀၂၁ ခုနှစ် မေလကတည်းက နှစ်ဖက်တိုက်ပွဲတွေ၊ အင်အားသုံး ဖြိုခွင်းမှုတွေနဲ့ စစ်တပ်က လူနေရပ်ကွက်တွေအထိ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ကြောင့် ကျေးရွာ ၈၇ ရွာက နေအိမ် တစ်ထောင့်နှစ်ရာ နီးပါး ဖျက်ဆီးခံထားရတယ်လို့ ဖေဖော်ဝါရီ ၇ ရက်နေ့က ကရင်နီ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းထုတ်ပြန်တဲ့ “အနာဂတ်မှာ ဘယ်လို အသက်ရှင်နိုင် မလဲ” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီလို ဖျက်ဆီးခံရတာကြောင့် ပြည်နယ်လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ တစ်သိန်း ရှစ်သောင်း စစ်ဘေးဒုက္ခသည်တွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ ဒေသကာကွယ်ရေးတပ်တွေကို ငွေကြေး၊ အစားအစာနဲ့ ဆေးဝါး ထောက်ပံ့နိုင်တယ်ဆိုတဲ့ သံသယနဲ့ အခုလို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာဟာ ကယားပြည်နယ်က စစ်ဘေးဒုက္ခသည်ရဲ့ အသက်ရှင်သန်ခွင့်ကို ခြိမ်းခြောက်နေတယ်လို့ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးဒုက္ခသည် ကိုအယ်နီ က ပြောပါတယ်။
“လုံခြုံရေး အကြောင်းပြ KNDF ကို ရိက္ခာတွေ ထောက်ပံ့နိုင်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ လမ်းတွေ ပိတ်တယ်၊ စစ်ဆေးရေးဂိတ်တွေ တိုးချတယ်၊ ဘာကိုမှ သယ်ခွင့်မရှိအောင် ပိတ်ပင်တယ်။ ဒါက ကယားပြည်နယ် တစ်ခုလုံးမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို အနုနည်းနဲ့ အစာရေစာဖြတ်နေတာလို့ မြင်တယ်။ ကျနော်တို့က စစ်ဘေးဒုက္ခသည်အဖြစ် ရပ်တည်နေရတဲ့ ဒီကာလတွေမှာ အလုပ်မှ လုပ်လို့ မရတာ၊ အလှုရှင်တွေ ပေးမယ့် ရိက္ခာကိုမျှော်ပြီး အသက်ဆက်နေရတာ။ ဒါကို စစ်ကောင်စီက ဒီလိုနည်းလမ်းတွေ သုံးတာက မသေသေအောင် သတ်နေသလိုပဲလို့ မြင်တယ်။ သူတို့ကိုယ်တိုင်လည်း မထောက်ပံ့ဘူး။ ထောက်ပံ့တာတွေကိုလည်း ဖြတ်တောက်တာ အောက်တန်းကျလွန်းတယ်”
ပြီးခဲ့တဲ့နှစ်တွေက ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဆံ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် စတဲ့ ရိက္ခာထောက်ပံ့မှုတွေ ရခဲ့ပေမယ့် တင်းကျပ်တဲ့ စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ပြီးနောက်ပိုင်း တစ်လကို တစ်ကြိမ် ဆန်ရရှိဖို့ တောင် ခက်ခဲလာတယ် လို့ သူက ဆိုပါတယ်။
စားနပ်ရိက္ခာ ပြတ်လပ်လာတာနဲ့အမျှ စစ်ဘေးဒုက္ခသည် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အာဟာရမပြည့်ဝမှုနဲ့ နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်မှုတွေ ရှိလာတယ်လို့လည်း စစ်ဘေးဒုက္ခသည် တွေက ပြောပါတယ်။
ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ကယားပြည်နယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦး ကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
စစ်ကောင်စီက ဖြတ်လေးဖြတ်စနစ်မျိုးနဲ့ အခုလိုဆက်ပြီး ပိတ်ဆို့စစ်ဆေးနေမယ်ဆိုရင် နေရပ်စွန့်ခွာ ထွက်ပြေး နေရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ အငတ်ဘေးနဲ့ ရင်ဆိုင်ရမယ့်အခြေအနေ ဖြစ်လာနိုင်တယ် လို့ စစ်ဘေး ဒုက္ခသည်တွေနဲ့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။
RFA Burmese