ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း KNU  တပ်မဟာ ၃ ခုထက်မနည်းကို လေတပ်က ဆက်တိုက် ဗုံးကြဲနေရာ ဒေသခံ ရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

ယနေ့ (ဖေဖော်ဝါရီ ၂၀) နံနက်တွင် စစ်ကောင်စီလေတပ်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေဖြစ်သော ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းကို ၅ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

ကော့ကရိတ်မြို့ တောင်ဘက် ၈ မိုင်ခန့်အကွာတွင် ရှိသည့် ဒေါက်ပလန်ကျေးရွာနှင့် ဘော့ဒိုင်းကျေးရွာအကြား ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှုအခြေအနေကို စိစစ်နေဆဲဖြစ်ကြောင်း KNU ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောသည်။

“ခုကြဲတာက တောထဲတောင်ထဲဆိုတော့ ကျွန်တော်တို့ ခိုအောင်းမယ်လို့ ယူဆပြီး ပစ်ခတ်တာ ဖြစ်နိုင်သလို လူထုရှိနေတဲ့ နေရာမှာ ခိုလှုံတာမျိုး၊ လူထုက လက်မခံရဲအောင် ခြိမ်းခြောက်တာမျိုး ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

“လူထုကတော့ သူတို့ (စစ်ကောင်စီ) ကို အတော်ထိတ်လန့်မုန်းတီးမှုတွေ ဖြစ်နေတယ်”

စစ်ကောင်စီလေတပ်က ယနေ့ နံနက် ၉ နာရီခွဲတွင် တစ်ကြိမ်၊ ၉ နာရီ ၄၅ မိနစ်တွင် တစ်ကြိမ် ၊ ၉ နာရီ ၄၉ မိနစ်တွင် နှစ်ကြိမ်နှင့် ၁၁ နာရီ ၁၅ မိနစ်တွင် တစ်ကြိမ် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အလားတူ ယမန်နေ့ (ဖေဖော်ဝါရီ ၁၉) ကလည်း ကော့ကရိတ်‌တောင်ဘက် ချောင်းဖျားရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့်နေရာအနီး ထိုသို့ ဗုံးကြဲစဉ် ကလေးတစ်ဦးအပါအဝင် အရပ်သား သုံးဦး ထိခိုက် ဒဏ်ရာရရှိသည်။

အသက် ၁၃ နှစ်အရွယ် နော်နန္ဒာဝင်း မျက်နှာတွင် ဒဏ်ရာရရှိခဲ့သလို အသက် ၄၄ နှစ်အရွယ် စောဖားထုဒေါ ဆိုသူမှာ ဦးခေါင်းတွင် ဒဏ်ရာရခဲ့ကာ အသက် ၃၃ နှစ်အရွယ် နော်နော်လှထွေးက ခြေထောက်ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
Kawkareik_knu.jpeg

ဂျက်လေယာဉ်ဖြင့် တိုက်ခိုက်မှုအပြီး တွေ့ရသော မြေပြင်မှ ပေါက်ကွဲမှုအခြေအနေကို ယနေ့ နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ-KNU)

ဂျက်လေယာဉ်ဖြင့် တိုက်ခိုက်မှုအပြီး တွေ့ရသော မြေပြင်မှ ပေါက်ကွဲမှုအခြေအနေကို ယနေ့ နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ-KNU)

ဗုံးကြဲတိုက်ခိုက်ခံရသည့် ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီဘက်က မြို့ပေါ်အခြေစိုက် ဌာနချုပ်တပ်ရင်းများအထိ KNU ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကို ခံနေရပြီး စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်လည်း ဖြစ်သည်။

လေတပ်က KNU တပ်မဟာ ၅ ဖာပွန်ခရိုင်နှင့် တပ်မဟာ ၆ ဒူးပလာယာခရိုင်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီတစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၅၇ ကြိမ်ပြုလုပ်ခဲ့‌ကြောင်း KNU ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

အထက်ပါ တစ်လတာလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၁၃ ဦးခန့် သေဆုံးရာ နှစ်ခြင်းခရစ်ယာန် သင်းအုပ်ဆရာ ၁ ဦး၊ ကက်သလစ်ခရစ်ယာန်ဓမ္မဆရာ ၁ ဦး၊ အသက် ၂ နှစ်အရွယ် ကလေးတစ်ဦးတို့ ပါဝင်သည်၊ ၄ နှစ်အရွယ် ကလေး တစ်ဦးအပါအဝင် ၉ ဦး ဒဏ်ရာရသည်။

တပ်မဟာ ၅ ဖာပွန်ခရိုင်အတွင်း ဖေဖော်ဝါရီ ၁၄ နှင့် ၁၅ ရက် ညအချိန်များတွင် စစ်လေယာဉ် ၃ စီးက နှစ်ရက်ဆက် ဗုံးကြဲခဲ့ရာ စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၁၂ လုံး၊ ဈေးဆိုင် ၃ ဆိုင်နှင့် စပါးကျီ ၂ လုံး အပါအဝင် ပစ္စည်းတချို့ ဆုံးရှုံးခဲ့သည်။ အလားတူ ဖေဖော်ဝါရီ ၁၅ ညနေကလည်း စစ်လေယာဉ် နှစ်စီးက တပ်မဟာ ၃ ညောင်လေးပင်ခရိုင်အတွင်း ဗုံးကြဲခဲ့သေးသည်။

အဆိုပါလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိပေ။

Myanmar Now News

ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ရက်အတွင်း စစ်အာဏာရှင်တပ်ကို ဆန့်ကျင်သော မန္တလေးမြို့မှ လူ(၃၀)ဦးခန့် ၊ ပဲခူးမြို့မှ လူ (၂၀)ကျော်၊ ရန်ကုန်တိုင်း လှိုင်မြို့နယ်မှ (၁၀)ဦး ဝန်းကျင်တို့ကို ဖမ်းဆီးခဲ့သည်။ မန္တလေးတိုင်း မတ္တရာမြို့မှ ဒေသခံ (၂၀)ဦးကို လည်း လူသားဒိုင်းအဖြစ် ပြုလုပ်ခဲ့သည်။ မန္တလေး အိုးဘိုထောင်မှ အကျဉ်းသူ (၇၀) ကျော်ကို ရိုက်နှက်ခဲ့ပြီး အကျဉ်းသူ (၃၀)ကျော်ကို တိုက်ပိတ်ထားခဲ့သည်။ ဧရာဝတီတိုင်း ပုသိမ်ထောင်မှ ထောင်ဝင်စာပိတ် ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေဆီကို ထောင်ဝန်ထမ်းတွေက လိမ်လည် ငွေညစ်ခဲ့သည်။ စစ်အာဏာရှင် တပ်ကို ဆန့်ကျင်ကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့သော ပြည်သူ (၁၀)ဦးကို အမှုဖွင့်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာမှ ကြေငြာခဲ့သည်။

စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) အကြား စစ်ရေးပဋိပက္ခတွေ ကြောင့် KNU ထိန်းချုပ်နယ်မြေမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း အရပ်သား ၁၆ ဦး သေဆုံးပြီး ၄၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဖေဖော်ဝါရီလ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီက KNU ထိန်းချုပ်နယ်မြေ တပ်မဟာ (၅) နဲ့ တပ်မဟာ (၆) တွေအတွင်း လေကြောင်းတိုက်ခိုက်မှု ၅၇ ကြိမ်အထိပြုလုပ်ခဲ့ပြီး ဗုံး ၂၀၈ လုံးအထိ ကြဲချခဲ့တာလို့ KNU က ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၃ ဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီအပြင် လက်နက်ကြီးနဲ့ ၉၅ ကြိမ်အထိ ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည် ၄၅၇ လုံး ပေါက်ကွဲခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဒေသခံ သုံးဦး သေဆုံးခဲ့ပြီး ၃၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

KNU ထိန်းချုပ်နယ်မြေမှာ ဇန်နဝါရီလအတွင်း တိုက်ပွဲပေါင်း ၄၃၆ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၄၆၉ ဦး သေဆုံးပြီး ၃၆၈ ဦး ဒဏ်ရာရရှိခဲ့ပေမယ့် KNU ဘက်ကတော့ ၂၄ ဦး သေဆုံးကာ ၇၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက် သေဆုံးထိခိုက်မှုတွေနဲ့ ပတ်သက်လို့တော့ RFA က သီးခြားအတည်မပြုနိုင် သေးပါဘူး။

KNU က ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေအတွင်း တပ်မဟာ (၇) ခုအထိ ဖြန့်ခွဲပြီး နယ်မြေထိန်းချုပ်ထားတာပါ။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးခဲ့ပေမယ့် စစ်အာဏာသိမ်းမှုအပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

KNU ဗဟိုရဲ့ စာရင်းတွေအရတော့ အာဏာသိမ်းမှု နှစ်နှစ်အတွင်း စစ်ကောင်စီတပ်နဲ့ KNU အကြား တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ဖြစ်ပွားခဲ့ပါတယ်။

RFA Burmese

ချင်းပြည်နယ်မြို့များသို့ သွားရောက်နိုင်သည့် အဓိကလမ်းမများကို ခြေကုပ်စခန်းများချထားခြင်း၊ စစ်ဆေးရေးဂိတ်များ ရှိနေခြင်းကြောင့် ရိက္ခာသယ်ယူရန် ခက်ခဲနေသည်။

ချင်းပြည်နယ်သို့ သွားရာလမ်းကြောင်းများကို စစ်ကောင်စီတပ်က ပိတ်ဆို့ဖြတ်တောက်ထားခြင်းကြောင့် ထန်တလန်မြို့ခံ စစ်ရှောင်များနှင့် ဒေသခံများ စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက် များပြားလာနေသည်ဟု သိရသည်။

ချင်းပြည်နယ်မြောက်ပိုင်းရှိ ဟားခါး – ထန်တလန်လမ်းမကြီးနှင့် ဖလမ်း၊ ကလေးမြို့များရှိ အဓိကလမ်းမများကို ပိတ်ဆို့ထားသလို စစ်တပ်က ခြေကုပ်စခန်းများချကာ စစ်ဆေးရေးဂိတ်များ ဖွင့်ထားသည်ဟု ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF  တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဟားခါး-ထန်တလန် လမ်းမကြီးဆိုရင် စစ်ကောင်စီရဲ့ ထန်တလန်မြို့မ​ရဲစခန်းဖြစ်တဲ့ တပ်ကုန်းဆိုတဲ့ ခြေကုပ်စခန်းရှိနေလို့ သုံးလို့မရဘူး၊ ပိတ်နေတာ ကြာပြီ။ ပြည်သူတွေကပဲ အခြားတောင်ကြောတွေကနေ လမ်းကြောင်းအသစ်တွေ ဖောက်ပြီး ရိက္ခာတွေ သယ်နေရတယ်။ လမ်းဖောက်တာတောင် တော်တော်ကြာတယ်။ ပြည်သူတွေ စားနပ်ရိက္ခာအတွက် အရမ်းရုန်းကန်နေရတယ်” ဟု သူက ပြောသည်။

ထန်တလန်မြို့စစ်ရှောင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ယင်းမြို့ပြည်သူ့အုပ်ချုပ်ရေး၏ ကျန်းမာရေးဌာနနှင့်အစိုးရမဟုတ်သော အဖွဲ့အစည်း (INGO) များက ဆောင်ရွက်ပေးနေသော်လည်း စစ်ကောင်စီ၏ လမ်းပန်းဆက်သွယ်ရေးဖြတ်တောက်ထားမှုများကြောင့် အခက်အခဲဖြစ်နေကြောင်းလည်း ချင်းအမျိုးသားတပ်မတော် (CNA)  ၏ပြောခွင့်ရ ဆလိုင်းထက်နီက ပြောသည်။

“စစ်တွေကနေ ပလက်ဝလမ်းပိုင်းတွေကို ပိတ်တာလည်းရှိတယ်။ ချင်းပြည်တောင်ပိုင်းဖြစ်တဲ့ ပခုက္ကူဘက်ကနေ မင်းတပ်၊ မတူပီလမ်းတွေကိုပါ ပိတ်ထားတာအပြင် ကလေးမြို့ကနေ ဖလမ်း၊ ဟားခါးအထိပါ ပိတ်ထားတော့ စစ်ရှောင်တွေအတွက် ရိက္ခာရော၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးတွေရောရဖို့ အတော်လေးခက်နေတယ်။ စားနပ်ရိက္ခာပြတ်လို့ ကိုယ်ခံအားကျဆင်းတဲ့ ရောဂါမျိုးတွေလည်း စစ်ရှောင်နေရသူတွေ အဖြစ်များနေတယ်” ဟု သူက ပြောသည်။

ချင်းပြည်နယ် ထန်တလန်မြို့ရှိ CNA နှင့် CDF  (ထန်တလန်) တို့က ယခုလ ၈ ရက်နေ့တွင် မြို့မရဲစခန်းကို ဝင်ရောက်စီးနင်းပြီး လက်နက်ပေါင်း ၄၀ ကျော်ကို သိမ်းယူသွားရာ လေတပ်က ထိုဒေသကို ၅ ကြိမ်ထက်မနည်း သွားရောက် တိုက်ခိုက်ခဲ့သည်။
Thantlang.jpeg

စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားတပ်မတော် (CNA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ထန်တစ်လန်မြို့ကို ယခုလ ၉ ရက်က တွေ့ရစဉ်။

စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားတပ်မတော် (CNA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ထန်တစ်လန်မြို့ကို ယခုလ ၉ ရက်က တွေ့ရစဉ်။

အဆိုပါ အခြေအနေတွင် စစ်ကောင်စီက ကုန်းလမ်းခရီးလမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ထားရာ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ပေါ်တွင်ပါ ဆန်နှင့် ဆေးဝါးများ ပြတ်လပ်နေသည်ဟု ယင်းမြို့ခံများက ဆိုကြသည်။

ပိတ်ဆို့ခံနေရသည့် ချင်းတောင်သည် စပါးစိုက်ပျိုးနိုင်မှု နည်းပါးလွန်းသဖြင့် ပြည်နယ်ပြင်ပမှ ဆန်တင်သွင်းနေရသည့်ဒေသဖြစ်သည်။

ပိတ်ဆို့မှုကြောင့် IDP ခေါ် စစ်ဘေးတိမ်းရှောင်နေရသူတို့ ပိုမိုခက်ခဲစေမည်ဟု ဒေသခံတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။

“အခုက ပြီးခဲ့တဲ့တစ်ပတ်ကပဲ ဆန်တွေက ပြတ်နေပြီ။ မြို့ထဲက ပြည်သူတွေအတွက် ဝယ်စရာဆန်က မရှိတော့ဘူး။ မြို့အဝင်မှာရှိတဲ့ စစ်တပ်ရဲ့ဗျူဟာကုန်းကနေ မြို့ထဲဝင်မယ့် ရိက္ခာတွေကို အကုန်သိမ်းတာ။ အကုန် အထဲပေးမဝင်ဘူး။ ဆန်တွေပေးမဝင်ဘူး။ အခုက IDP မပြောနဲ့ မြို့ပေါ်က စစ်မရှောင်ရသူတောင် ရိက္ခာပြတ်နေတာဖြစ်လို့ စစ်ရှောင်နေရသူတွေဆို ပြောစရာမလိုတော့ဘူး” ဟု မတူပီမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ တင်းကျပ်ထားမှုများကြောင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ၎င်းတို့သည်ပင်လျှင် ချင်းပြည်နယ် ပလက်ဝနှင့် မင်းတပ်မြို့များရှိ စစ်ဘေးဒုက္ခသည်များအတွက် အရေးပေါ်စားနပ်ရိက္ခာများကို အကြိမ်ကြိမ်ကြိုးစားပြီးမှသာ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း ယမန်နှစ်က နှစ်ကြိမ်တိုင် ထုတ်ပြန်ခဲ့ဖူးသည်။

ချင်းပြည်နယ်သည် စစ်ကောင်စီကို ခုခံမှုအားကောင်းသည့် ပြည်နယ်တစ်ခုဖြစ်ရာ ထန်တလန်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မ ၆၆ ကလည်း ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် မြို့ကို မီးရှို့ခဲ့ကြသည်။ ထိုမီးရှို့မှုတွင် Church on the Rock (COTR) နှင့် Presbyterian အစရှိသည့် အထင်ကရ ဘာသာရေးအဆောက်အအုံ နှစ်ခုအပါအဝင်လူနေအိမ်ခြေ ၁၇၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီကမူ ဒေသခံတော်လှန်ရေးသမားတို့က ရှို့ခြင်းဖြစ်သည်ဟု တုံ့ပြန်ထားသည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထန်တလန်ဒေသခံ ၁၀,၀၀၀ ကျော်မှာ မြန်မာ – အိန္ဒိယနိုင်ငံနယ်စပ် စစ်ဘေးရှောင်စခန်းနှစ်ခုတွင် ခိုလှုံနေသည်။

ယင်းအနက် ထန်တလန်မြို့မှ စစ်ရှောင် ၃,၀၀၀ ဝန်းကျင်မှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင် ရောက်ရှိနေကြသည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ် စစ်ရှောင်စခန်းများသို့ ရောက်ရှိသွားကြသူ ၅၀,၀၀၀ ဝန်းကျင်ရှိသည်။ ၃၀,၀၀၀ ဝန်းကျင်မှာ ချင်းပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် နေထိုင်နေကြရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူဖြစ်သည့် ဆလိုင်းဇယူကေလင်းက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် Myanmar Now ကို ပြောထားသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပြေးတိမ်းရှောင်နေရသူ ၁ ဒဿမ ၄ သန်းကျော် ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ၏ နောက်ဆုံးစာရင်းများအရ သိရသည်။
Chin_map.jpg

ချင်းပြည်နယ်သို့ သွားရောက်နိုင်သည့် အဓိက ကာလမ်းကြီး (အနီရောင်) နှင့် ကားလမ်းမများ (ပန်းရောင်)

ချင်းပြည်နယ်သို့ သွားရောက်နိုင်သည့် အဓိက ကာလမ်းကြီး (အနီရောင်) နှင့် ကားလမ်းမများ (ပန်းရောင်)

Myanmar Now News

စစ်ကောင်စီလက်နက်ကိုင်တို့က ပြည်သူ ၆ ဦးကိုပါ သတ်ဖြတ်ခဲ့ကြောင်း၊ ထိုအထဲမှ နွားကျောင်းသား နှစ်ဦးကိုသာ အမည်နှင့်တကွ အတည်ပြုနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တို့က ဆိုသည်။

နယ်မြေထိစပ်နေသည့် စစ်ကိုင်းတိုင်း ကသာမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်ကြား စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်က ကျေးရွာ ၆ ရွာကို မီးရှို့သဖြင့် ရက်ပိုင်းအတွင်း အိမ်ခြေ ၆၀၀ ခန့် ပျက်စီးဆုံးရှုံးသွားသည်။

အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းသည် ဖေဖော်ဝါရီ ၉ ရက်နေ့မှစ၍ ရှမ်းမြောက် ငအိုးရွာဘက်မှ ကသာမြို့နယ်သို့ ဝင်ရောက်လာစဉ် အလယ်ကျွန်းရွာ၌လည်းကောင်း၊ ၁၁ ရက်နေ့တွင် မယ်ငိုရွာအနီး၌လည်းကောင်း ဒေသခံတော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပြီးနောက် အနီးဝန်းကျင်ရွာများကို ဖျက်ဆီးစဉ် ဒေသခံ ၆ ဦးကိုပါ သတ်ဖြတ်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်နှစ်ခုထံမှ သိရသည်။

မယ်ငိုရွာတွင် ဖြစ်ခဲ့သည့် ဖေဖော်ဝါရီ ၁၁ တိုက်ပွဲအပြီးမှ ၁၃ ရက်နေ့အထိ မယ်ငို အပါအဝင် တက်တူလယ်၊ သာယာကုန်း၊ အင်းကြီး၊ လှေဘို၊ ဘုရားတောင်တို့ မီးရှို့ခံရကြောင်း၊ မယ်ငို၊ အင်းကြီး၊ လှေပိုရွာတို့မှ ပျက်စီးဆုံးရှုံးမှုစာရင်း ကောက်နိုင်ပြီဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

မယ်ငိုမှ ၂၅ လုံး၊ အင်းကြီးမှ နေအိမ် ၂၉၀ ခန့်၊ လှေပိုမှ နေအိမ် ၂၇၀ ခန့်၊ နွားတဲ၊ စပါးကျီများပါ မီးလောင်ပျက်စီးကာ အဆောက်အအုံဆုံးရှုံးမှု စုစုပေါင်း ၆၀၀ နီးပါးရှိမည်ဟု ဆိုသည်။

“ရွာအနောက်ဘက် တောင်ကုန်းကနေ ဆင်းလာပြီး ရွာထဲကို ဝင်တာ၊ ရွာကို (ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ) ၂ နာရီ ၄၅ လောက်မှာ စရှို့တာ၊ ည ၁၀ နာရီလောက်အထိကို မီးက မငြိမ်းဘူးရှင့်” ဟု အင်းကြီးရွာခံ အသက် ၃၀ အရွယ် အမျိုးသမီးက ပြောသည်။

စစ်ကြောင်းပြန်ထွက်သွားပြီးနောက် အင်းကြီးရွာ အနောက်ဘက် တောစပ်တွင် ရုပ်အလောင်းတွေ့ရသည့် နွားကျောင်းသားနှစ်ဦးကို အမည်နှင့်တကွ အတည်ပြုနိုင်ကြောင်း၊ တစ်ဦးမှာ ၎င်း၏ အစ်ကိုဝမ်းကွဲဖြစ်သူ အသက် ၃၈ နှစ်အရွယ် ကိုဝင်းဇော်ဦးဖြစ်ကာ နောက်တစ်ဦးမှာ အသက် ၂၀ အရွယ် ကိုဇင်မျိုးကိုတို့ဖြစ်ကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။

“တောထဲကို သူတို့ရဲ့နွားတွေကို သွားလွှတ်တဲ့အချိန်မှာ (စစ်တပ်နဲ့) တွေ့ပြီးတော့ အသတ်ခံရတာ၊ သေနတ်သံနှစ်ချက် ကြားရပြီး သူတို့ (စစ်ကောင်စီ) ရွာထဲကို ဝင်လာတာကို ကျွန်မတို့ အဝေးက လှမ်းမြင်လိုက်ရတယ်” ဟု ၎င်းက ပြောသည်။

နောက်ထပ်သေဆုံးသူ ၄ ဦးမှာ အင်းကြီးရွာသားများဖြစ်ကြပြီး ၎င်းတို့ရွာနှင့် လှေဘိုရွာကြားတွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ အမည်နှင့် ကိုယ်ရေးအချက်အလက်တို့ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ထိုဒေသသို့ ဝင်လာသည့် စစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကသာ-PDF တပ်ရင်း (၃) နှင့် ကသာ-ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသက် ၄၀ ကျော်အရွယ် ဒေသခံ အမျိုးသားက ပြောသည်။

တိုက်ပွဲနှင့် အိုးအိမ်မီးရှို့ခံရမှုကြောင့် ဒေသခံ ၂၀၀၀ ကျော်မှာ နီးစပ်ရာရပ်ရွာများသို့ တိမ်းရှောင်ကာ ဖြစ်သလို နေထိုင်နေရကြောင်း အထက်ပါ သတင်းရင်းမြစ်တို့က ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၄) တွင် လှေဘိုရွာအနောက်ဘက်သို့ ထိုစစ်ကြောင်း ပြန်ရောက်လာပြီးနောက် ပစ်ခတ်သံများ ကြားနေရကြောင်း ၎င်းတို့က ဆိုသော်လည်း အခြေအနေအသေးစိတ်ကို မသိရသေးပေ။

ဇန်နဝါရီ ၁၉၊ ၂၀ ရက်နေ့များကလည်း ကသာမြို့ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ အလယ်ကျွန်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသည့်အတွက် နေအိမ် ၃၀ ခန့်နှင့် စာသင်ကျောင်းတစ်ခု မီးလောင်ပျက်စီးခဲ့ဖူးသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းထားသည့် ၂ နှစ်အတွင်း တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် နိုင်ငံအလယ်ပိုင်းမှ စစ်ကိုင်းတိုင်းကဲ့သို့ ဒေသများတွင်ပင် ခုခံတိုက်ခိုက်မှုများ ရှိလာသည်။

ထိုအခြေအနေတွင် နိုင်ငံအနှံ့ စစ်မျက်နှာများစွာဖွင့်ထားရသည့် စစ်တပ်က ကချင်ပြည်နယ်အတွင်းသို့ လက်နက်၊ ခဲယမ်းနှင့် စစ်ကူ၊ ရိက္ခာများ တင်ပို့ရာတွင် ဧရာဝတီမြစ်ကြောင်းကို အဓိကအားပြုလာရာ စစ်ကိုင်းတိုင်းအတွင်း မြစ်ကြောင်းတစ်လျှောက်ရှိ ထီးချိုင့်၊ ကသာ၊ မြို့လှ အခြေစိုက် တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီတပ်ကို အဆက်မပြတ်တိုက်ခိုက်နေသည်။

Myanmar Now News

မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်မှု ဘယ်လောက်ရှိသလဲဆိုတဲ့အပေါ် သုံးသပ်မယ့် ဆွေးနွေးပွဲတစ်ရပ်ကို လာမယ့် မတ်လလယ်ပိုင်းမှာ ကျင်းပဖို့ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့‌တော်မှာ မနေ့ကပြုလုပ်တဲ့ အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) နိုင်ငံခြားရေးဌာန ရုံးခန်းဖွင့်ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာက လာမယ့် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး လုံခြုံရေးကောင်စီကို အစီရင်ခံစာ ပေးပို့ရမှာဖြစ်ပြီး၊ အဲဒီအစီရင်ခံစာအပေါ် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲဟာ တံခါးပိတ်ဆွေးနွေးပွဲ ဖြစ်မလား၊ အများကြားနာနိုင်မယ့် တံခါးဖွင့်ဆွေးနွေးပွဲ ဖြစ်မလားဆိုတာကိုတော့ မသိသေးဘူးလို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

“ကျွန်တော်တို့ မြန်မာပြည်သူတွေ ဘယ်လောက်ခံစားနေရတယ်၊ ဘယ်လောက် ဒုက္ခရောက်နေတယ်ဆိုတာ လူတိုင်းသိတယ်။ သိတဲ့ဟာကို ပိုသိအောင် အဖွဲ့ဝင်နိုင်ငံတွေ များများဝင်ပြောလို့ရအောင် Open Debate ( တံခါးဖွင့်ဆွေးနွေးပွဲ) ဖြစ်အောင် တိုက်တွန်းနေတယ်”

Kyaw-Moe-Tun.jpg
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။

အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီဟာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ချမှတ်ခဲ့ပါတယ်။

အဲဒီဆုံးဖြတ်ချက်ထဲမှာ စစ်ကောင်စီအနေနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေ လွတ်လွတ်လပ်လပ် ပေးခွင့်ပြုဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အကြမ်းဖက်မှုတွေ ဆက်ကျူးလွန်နေတယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက ထောက်ပြ‌နေကြပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက… “လိုက်နာဆောင်ရွက်ခြင်းမရှိရင်တော့ တဖြည်းဖြည်းနဲ့ လုံခြုံရေးကောင်စီက အရေးယူလာလိမ့်မယ်လို့ ကျွန်တော်မြင်တယ်” လို့ အခုလအစောပိုင်းက RFA နဲ့ဆက်သွယ်မေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံတွေကို နားထောင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

RFA Burmese