ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

လုံခြုံရေးကောင်စီမှာ ဒီနေ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးမည်
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မတ်လ ၁၃ ရက် ဒီနေ့ တံခါးပိတ်ဆွေးနွေးဖို့ရှိတယ်လို့ ကုလသမဂ္ဂကနေ သတင်းထောက်တွေကို ကြိုတင်ဖြန့်ဝေတဲ့စာမှာ ဖော်ပြပါတယ်။
ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာက လုံခြုံရေးကောင်စီကို အစီရင်ခံစာ တင်ပြရမှာဖြစ်ပြီး၊ အဲဒီအစီရင်ခံစာအပေါ် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
လုံခြုံရေးကောင်စီဟာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ချမှတ်ခဲ့ပါတယ်။
အဲဒီဆုံးဖြတ်ချက်ထဲမှာ မြန်မာစစ်ကောင်စီအနေနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေ လွတ်လွတ်လပ်လပ် ပေးခွင့်ပြုဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အကြမ်းဖက်မှုတွေ ဆက်ကျူးလွန်နေတယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။
လုံခြုံရေးကောင်စီရဲ့ ဒီတစ်ခေါက်ဆွေးနွေးပွဲဟာ မြန်မာစစ်ကောင်စီဘက်က လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တွေကို ဘယ်လောက်လိုက်နာဆောင်ရွက်တာ ရှိသလဲဆိုတဲ့အပေါ် သုံးသပ်မယ့်ဆွေးနွေးပွဲဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောထားပါတယ်။
ဒီဆွေးနွေးပွဲကို လူအများကြားနာနိုင်အောင် တံခါးဖွင့်ဆွေးနွေးပွဲအဖြစ် လုပ်ပေးဖို့ တောင်းဆိုတာတွေရှိခဲ့ပေမဲ့ လုံခြုံရေးကောင်စီကတော့ တံခါးပိတ်ဆွေးနွေးဖို့ စီစဉ်တာဖြစ်ပါတယ်။
လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်တာမရှိဘူးဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းဆီ RFA က ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ဖုန်းအကြိမ်ကြိမ်ခေါ်ခဲ့ပေမဲ့ ဖုန်းကိုင်ဖြေကြားတာ မရှိပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သမ္မတရုံးရဲ့ ပြောခွင့်ရသူ ဦးကျော်ဇော်က လုံခြုံရေးကောင်စီအနေနဲ့ နောက်တစ်ဆင့်တက်ပြီး အရေးယူနိုင်တဲ့ ဆုံးဖြတ်ချက်တွေချဖို့နဲ့ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကို အမြန်ဆုံး လွှဲပြောင်းပေးဖို့လိုတယ်လို့ RFA ကို ပြောပါတယ်။
RFA Burmese
ပင်လောင်းမြို့နယ် နမ်းနိမ့်ရွာမှာ ဒေသခံ ၃၀ ကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရ
ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် နမ်းနိမ့်ရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဘုန်းကြီး သုံးပါး အပါအဝင် ဒေသခံ ၃၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) က မတ်လ ၁၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၁၁ ရက် ညနေ ၄ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က နမ်းနိမ့်ကျေးရွာအနီးကို လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး ဘုန်းကြီးကျောင်းမှာ ခိုလှုံနေသူတွေကို သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီဘုန်းကြီးကျောင်းမှာ ရွာသား ၃၀ ဦးနဲ့ ဘုန်းကြီးသုံးပါးကို ကျောင်းအပြင်ထွက်စေခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်နေတာကို KNDF၊ PDF နဲ့ KA အဖွဲ့ဝင်တွေက မလှမ်းမကမ်းကနေ တွေ့မြင်ခဲ့ပေမယ့် စစ်ကောင်စီတပ်ဘက်မှ အင်အား အလွန်များတာ ကြောင့် ဝင်ရောက်စီးနင်းနိုင်ခဲ့ခြင်း မရှိဘူးလို့လည်း KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
ဒီသတ်ဖြတ်ခံရမှုဟာ စစ်ကောင်စီတပ် ကျူးလွန်တာအဖြစ် အတည်ပြုနိုင်တယ်လို့ KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“သူတို့ဝင်သွားတာကို ကျနော်တို့ အတည်ပြုလို့ရတယ်။ ရဲဘော်တွေ၊ ကင်းထောက်တွေ နဲ့ ကြည့်လို့ရတယ်။ ဒီမှာဝင်ပြီးသတ်လိုက်တာကို အတည်ပြုလို့ရတယ်။ များသော အားဖြင့်က သေနတ်နဲ့ပစ်ခံထားရတာ များပါတယ်ဗျ။ ကျနော်ထင်တာ အများစုက တပ်မ ၆၆ က ပါ ပါလိမ့်မယ်”
KNDF၊ PDF နဲ့ KA အဖွဲ့ဝင်တွေက မတ်လ ၁၂ နေ့လယ်မှာ ကျေးရွာအတွင်း ဝင်ရောက် ခဲ့ပြီးနောက် အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်ကို မှတ်တမ်းယူ လိုက်နိုင်တယ်လို့ ဆိုပါတယ်။ ပျောက်ဆုံးသူ ၃၀ ဦးအနက် သေဆုံးသူတွေရဲ့ ရုပ်အလောင်း ၂၈ လောင်းကို တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သေဆုံးသူတွေရဲ့ အလောင်းတွေကို သယ်ထုတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာ ရဲဌာနနဲ့ ဆေးမှုခင်း များကို ဆက်လက်စစ်ဆေးမှု ပြုလုပ်သွားမယ်လို့ KNDF က ထုတ်ပြန်ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ရှမ်းပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးခွန်သိန်းမောင်ကို RFA က မတ်လ ၁၂ ရက်မှာ တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ KNDF၊ KA၊ ရှမ်းတောင် PDF၊ PDF ဖယ်ခုံ၊ PDF မိုးဗြဲတို့နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ တိုက်ပွဲအတွင်း ပါဝင်နေသူ တွေက ပြောပါတယ်။
RFA Burmese
ပေါက်မှာ နေအိမ် ၇၀ နီးပါးမီးရှို့ခံရပြီး ဒေသခံခြောက်ထောင်ကျော် ထွက်ပြေး
မကွေးတိုင်း၊ ပေါက်မြို့နယ် အုန်းတောတောင်စုရွာနဲ့ အုန်းတောမြောက်စုရွာကို စစ်ကောင်စီတပ်က မတ်လ ၁၁ ရက် မနက်ပိုင်းမှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၇၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးကြောင့် မတ်လ ၁၁ ရက်ကစလို့ ပေါက်မြို့နယ် အရှေ့ဘက် အုန်းတောရွာ၊ ယာကြီးပြင်ရွာနဲ့ ပေါက်မြို့နယ် မြောက်ဘက်က ယင်းမကုန်းရွာ၊ အောင်ချမ်းသာရွာ၊ ထန်းငယ်တောရွာ၊ စံဖဲရွာ၊ ရေတိမ်ရွာ၊ လယ်ဘဲ့ရွာ၊ အင်ပင်ရွာ၊ ဆူးလေကုန်းရွာ၊ ကမ်းပျိုရွာ၊ မုန်တောရွာ၊ အင်းယာရွာနဲ့ ကျွန်းတောရွာတွေက ဒေသခံ ခြောက်ထောင် (၆၀၀၀) ထွက်ပြေးတိမ်းရှောင်နေရ တယ်လို့ ပြောပါတယ်။
ဒီ့အပြင် အုန်းတောတောင်စုရွာက ကိုမြင့်သိန်းနဲ့ အုန်းတောမြောက်စုရွာက ကိုရန်နိုင်တို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ခံရတဲ့အတွက်လည်း ဒေသခံတွေဟာ စားနပ်ရိက္ခာတွေ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရှို့တာတော့ လေးကြိမ်ရှိပြီ။ မနေ့မနက်အထိဆိုရင် ခုနစ်ဆယ်လောက် ပြာကျသွားတယ်ဗျ။ အုန်းတော တောင်စုရွာက ၅၃ လုံးဗျ။ မြောက်စုရွာက ၁၃ လုံးကျော်လောက် ရှိတယ်။ ပြည်သူတွေ နှစ်ရာကျော် လောက် စားနပ်ရိက္ခာတွေ ပြတ်လပ်နေတယ်ဗျ”
ဖေဖော်ဝါရီလတုန်းက အုန်းတောတောင်စုရွာနဲ့ မြောက်စုရွာတွေအနီး စစ်ကောင်စီတပ်နဲ့ PDF တွေအကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုတွေရှိခဲ့တာကြောင့် ကျေးရွာတွေကို နယ်မြေ ရှင်းလင်းရေးလုပ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ မကွေးတိုင်း ပြောခွင့်ရသူ ဦးစိုးပိုင်မြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် မကွေးတိုင်းအပါအဝင် မြန်မာနိုင်ငံ အနောက်မြောက်ဒေသမှာ လူဦးရေ ကိုးသိန်းကျော် (၉၁၅,၀၀၀) အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။
နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေကို မှတ်တမ်းတင်နေတဲ့ သုတေသန အဖွဲ့အစည်း Data For Myanmar ရဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ မကွေးတိုင်းမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ နေအိမ်အလုံးပေါင်း ၈၈၆၃ လုံး မီးရှို့ဖျက်ဆီးခံရ တယ်လို့ ဖော်ပြထားပါတယ်။
RFA Burmese
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (မတ်လ ၁ မှ ၇) ရက်နေ့ထိ ၂၀၂၃
မတ်လ ၁ ရက်မှ ၇ ရက်အတွင်း စစ်အာဏာရှင်တပ်က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာ မှ ဒေသခံ ၁၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် လမ်းတွင် သတ်ဖြတ်ခဲ့တာ စွန့်ပစ်ထားခဲ့သည်။ မန္တလေးတိုင်း မြင်းခြုံမြို့နယ်မှ အရပ်သား ၅ ဦး၊ တနင်္သာရီတိုင်း လောင်းလုံးမှ အမျိုးသား ၆ဦး၊ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ပြည်သူ ၃ဦး နှင့် ရေဦးမှ လူငယ် ၅ ဦး တို့ကိုလည်း ဖမ်းဆီးသတ်ဖြတ် ခဲ့ကြသည်။ စစ်အာဏာ ရှင်တပ် အနေဖြင့် အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ အစုံလိုက်အပြုံလိုက် အကြမ်းဖက် သတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု ကျုးလွန်ခြင်းများ ဆက်လုပ်ပြုလုပ်နေဆဲဖြစ်သည်။စစ်အာဏာရှင်တပ်သား များက စစ်ကိုင်းတိုင်း တာတိုင်ရွာ မှ အမျိုးသမီး ၃ ဦးကို အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ခဲ့ပြီး၊ မြောက်နုံးရွာမှ အမျိုးသမီး ၁ ဦး ကို အဓမ္မပြုကျင့်ကာ မီးရှို့ သတ်ဖြတ်ခဲ့သည်။စစ်အာဏာရှင်တပ်မှ တပတ်အတွင်း ပြည်သူ ၃၄ ဦးခန့်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ၄ ဦးကိုလည်း အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့သည်။
Infogram
စစ်ရာဇဝတ်မှုကို ထိရောက်စွာအရေးယူဖို့ နိုင်ငံတကာကို NUG တိုက်တွန်း
စစ်ကောင်စီတပ်က အရပ်သားတွေအပေါ် ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတာ ကို ထိထိရောက်ရောက်အရေးယူဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။
စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာက အရပ်သား ၁၇ ဦး ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်အတွက် မတ်လ ၆ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအပြီး NUG က တိုက်တွန်းလိုက်တာပါ။
စစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့မှုအပြင် စစ်ရေးဆိုင်ရာပစ္စည်း တင်သွင်းတာကိုလည်း ပိတ်ပင်တားဆီးပေးဖို့ လိုအပ်တယ်လို့ NUG က ပြောပါတယ်။
ဒီ့အပြင် ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီ အစည်းအဝေးတွေမှာလည်း စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် ကျူးလွန်နေတာတွေအတွက် ထိရောက်တဲ့လုပ်ဆောင်ချက်ပါဝင်တဲ့ ဆုံးဖြတ်ချက်ချမှတ်ဖို့ တိုက်တွန်းထားပါတယ်။
တစ်ချိန်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေအားလုံးကို နိုင်ငံတကာအနေနဲ့ အမြန်ဆုံးပံ့ပိုးကူညီပေးနိုင်ရင် စစ်ကောင်စီတပ်တွေ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို အလျင်အမြန် အဆုံးသတ်နိုင်လိမ့်မယ်လို့ NUG က ပြောပါတယ်။
လက်ရှိမှာ စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာမှာ သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သားတွေရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေကို NUG အနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးထားတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်အတွက် အချက်အလက်တွေကို နိုင်ငံတကာတရားစွဲအဖွဲ့အစည်းကို ပေးပို့ထား သလို NUG ရဲ့ တရားစီရင်ရေးမဏ္ဍိုင်ကနေလည်း အရေးယူဖို့ ပြင်ဆင်နေတယ်လို့ NUG က ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ တာတိုင်ရွာက အရပ်သားတွေ သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ မတ်လ ၆ ရက်အထိ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာမရှိဘဲ နှုတ်ဆိတ်နေပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အခုလို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ဖြစ်စဉ်တွေ အပါအဝင် ပြည်သူ ၃၀၈၅ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
RFA Burmese
တာတိုင်ရွာသတ်ဖြတ်မှုမှာ အမျိုးသမီးသုံးဦး အဓမ္မပြုကျင့်အသတ်ခံခဲ့ရ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှာ စစ်ကောင်စီရဲ့ တပ်မ ၉၉ က မတ်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးနဲ့ ဒေသခံ ၁၆ ဦးကို ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက် သတ်ဖြတ်ခဲ့သလို အမျိုးသမီးတွေကို အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတယ်လို့ သေဆုံးသူမိသားစုဝင်တွေ၊ ဒေသခံတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေ ကပြောပါတယ်။
မတ်လ ၆ ရက်နေ့မှာ အွန်လိုင်းကနေ ကျင်းပတဲ့ တာတိုင်ကျေးရွာလူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
“သေနတ်နဲ့ ပစ်မသတ်ခင်မှာလည်း ခေါင်းတွေထုရိုက်ထားတာ ပိန်ရှုံ့နေတာပါပဲ။ မမြင်ရက်စရာပါပဲ။ အနိဋ္ဌာရုံပါပဲ ။ အဲ့ဒီထက်ပိုဆိုးတာကတော့ အဲ့ဒီနေ့က ကျွန်တော်တို့သွားတဲ့အခါမှာ အမျိုးသမီးတွေကအစ မတော်တရော်လုပ်ပြီး သတ်ထားတဲ့အခါ တော်တော်လေးကို စိတ်မကောင်းဖြစ်ရတဲ့ အရာတွေပေါ့။”
စစ်ကောင်စီတပ်ရဲ့ တပ်မ ၉၉ ဟာ မတ်လ ၁ ရက်နေ့မှာ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာကနေ ပြန်ထွက်ချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်မိုက်ကယ် (ခေါ်) ကိုကျော်ဇော ကိုအပိုင်းပိုင်းဖြတ်သတ်ဖြတ်ခဲ့ပြီး သူရဲ့ရုပ်အလောင်းကို ဒေသခံတွေက မတ်လ ၂ ရက်နေ့မှာ ရွာမှာ တွေ့ရှိခဲ့တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရကပြောပါတယ်။
မတ်လ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်ကသူတို့ကိုယ်သူတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ပြောပြီး ကျေးရွာအတွင်း ဝင်ရောက်လာခဲ့တာလို့ တာတိုင်ကျေးရွာဒေသခံ ဦးမြင့်က ပြောပါတယ်။
“PDF လို့ပြောပြီးဝင်လာတဲ့အခါ တွေ့တဲ့ကလေးတွေက PDF လို့ပဲထင်ကြတာ။ အဖွဲ့ကဖျောက်ပြီး ဖြန့်ပြီးလာတာ။ ရွာမြောက်ဖျားကို ဝင်နေတာတောင် တောင်ဖျားကလူက ဟုတ်မှဟုတ်ပါ့မလား။ ထင်ရတယ်။ PDF တွေလားပေါ့။ နောက်မှ ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဆိုပြီး တချို့တလေက ပြေးကြတာပေါ့။ တချို့တလေကတော့ မပြေးတော့ မိကုန်တာပေါ့။ အားလုံးပေါင်းလူ ၇၀ လောက် ပြည်သူအဖိုးကြီး၊ အဖွားကြီး ကလေးငယ်တွေအပါအဝင်ပေါ့ ဘုန်းကြီးကျောင်းထဲခေါ်ပြီး စုစည်းထားတာပေါ့။ ရိုက်တဲ့ဟာရိုက် နှက်တဲ့ဟာနှက်ပေါ့။ တအားပြင်းပြင်းထန်ထန်ရိုက်မယ့် ဟာဆိုရင် ဘုန်းကြီးကျောင်းနဲ့ ဝေးရာအပြင်ဘက် ခေါ်သွားပြီး ရိုက်နှက်တာပေါ့။”
တာတိုင်ကျေးရွာကနေ မတ်လ ၂ ရက်နေ့ စစ်ကြောင်းပြန်ထွက်ချိန်မှာ စစ်ကောင်စီက ဒေသခံ ၁၆ ဦးကို လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီထဲအသက် ၁၇ နှစ်ကနေ ၆၇ အရွယ် အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး သုံးဦးပါဝင်သွားခဲ့ပါတယ်။
ဒီလို လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားတဲ့ ၁၆ ဦးစလုံးလည်း အသတ်ခံခဲ့ရပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာနဲ့ မြင်းမူမြို့နယ်၊ ညောင်းရင်းကျေးရွာ၊ ညောင်ရင်းကျွန်းမှာ မတ်လ ၂ ရက်နေ့မှာပဲ ဒေသခံတွေက သုံးစုကွဲပြီး ပြန်လည် ရှာဖွေတွေ့ရှိခဲ့တာလို့ ပြောပါတယ်။
သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို ခက်ခက်ခဲခဲ ပြန်လည်ကောက်ယူပြီး သဂြိုဟ်ခဲ့ရတယ်လို့ ဒေသခံတောင်သူ ကိုဟွန်ဒါက ပြောပါတယ်။
“ကျွန်တော်တို့ ယူဆမှုအရတော့ လွှတ်ပေးပြီး သေနတ်နဲ့နောက်ကနေ ပစ်တဲ့ပုံစံ၊ သေနတ်ဒဏ်ရာတွေ တွေ့တယ်။ ဦးခေါင်းတွေရိုက်ခွဲထားပြီးတော့ ကွဲနေတာတွေလည်းရှိတယ်။ အမျိုးသမီးရုပ်အလောင်းတွေ ဆိုရင် ကစဉ့်ကလျားနဲ့ အင်္ကျီအဝတ်အစားတွေဆိုရင် မြင်မကောင်းအောင်၊ အဲ့ဒါတွေ ကျွန်တော်တို့ ပြန်ဆွဲဖုံးပြီး နောက်ထပ်ကိုးလောင်းကောက်တာ ကျွန်တော်တို့ ခဲရာခဲဆစ်ကောက်ခဲ့ရတာပါ။”
ဒေသခံငါးဦးရဲ့ရုပ်အလောင်းကို ပထမအကြိမ်တွေ့ခဲ့ပြီး နောက်ပိုင်းမှာ ကိုဦးနဲ့ နောက်နှစ်ဦးရဲ့ အလောင်းတွေကို တွေ့ခဲ့တာလို့ ပြောပါတယ်။
ဒေသခံဦးမြင့်က အမျိုးသမီးတွေအဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတာလို့ သူ့မျက်မြင်ကို ထုတ်ဖော်ပြောပါတယ်။
“သေနတ်နဲ့ ပစ်မသတ်ခင်မှာလည်း ခေါင်းတွေထုရိုက်ထားတာ ပိန်ရှုံ့နေတာပါပဲ။ မမြင်ရက်စရာပါပဲ။ အနိဋ္ဌာရုံပါပဲ ။ အဲ့ဒီထက်ပိုဆိုးတာကတော့ အဲ့ဒီနေ့က ကျွန်တော်တို့သွားတဲ့အခါမှာ အမျိုးသမီးတွေကအစ မတော်တရော်လုပ်ပြီး သတ်ထားတဲ့အခါ တော်တော်လေးကို စိတ်မကောင်းဖြစ်ရတဲ့ အရာတွေပေါ့။”
ဒီလိုရာဇဝတ်မှုတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC တင်ဖို့ ကြိုးပမ်းနေပြီး ICC က မြန်မာ့အရေးကို လက်ခံဖို့ ဖိတ်ကြားထားတာရှိတဲ့အတွက် စုံစမ်းစစ်ဆေးလာရင် ဒီအမှုကိုလည်း ခိုင်ခိုင်မာမာတင်ပြနိုင်ဖို့ ဆောင်ရွက်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
အခု ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ လူ့အခွင့်အရေးကောင်စီအစည်းအဝေးကျင်းပနေပြီး ဒီကိစ္စကို နိုင်ငံတကာက မမေ့လျော့ဖို့ လုပ်ဆောင်သွားမယ်လို့ သူကပြောပါတယ်။
“တိုက်တိုက်ဆိုင်ဆိုင်ပဲ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကို ဂျီနီဗာမြို့မှာ ကျင်းပနေပါတယ်။ နိုင်ငံတွေ အားလုံးစုဝေးပြီး လူ့အခွင့်အရေးကိစ္စဆွေးနွေးနေတဲ့ ကာလအတွင်းမှာ မြန်မာပြည်မှာ အခုလိုမျိုး ပြည်သူလူထုတွေ သတ်ဖြတ်ခံနေရတဲ့ ကိစ္စကိုမမေ့လျော့ဖို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝိုင်းဝန်းဆွေးနွေးရုံတင်မကဘဲ အကြမ်းဖက်စစ်ကောင်စီကို အရေးယူနိုင်တဲ့ လုပ်ငန်းစဉ်တွေ ဆက်လက်ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါတယ်။”
NUG ရဲ့စာရင်းတွေအရ ငါးဦးအထက် သတ်ဖြတ်ခံရမှုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုလို့ သတ်မှတ်ပြီး မှတ်တမ်းတင်ထားရာမှာ အကြိမ် ၃၀ ကျော်ရှိပြီလို့ ပြောပါတယ်။ ၁၄ ယောက်၊ အယောက် ၃၀ စသဖြင့် လူအများအပြား သတ်ဖြတ်ခံရမှုတွေ ပါဝင်တယ်လို့ ဝန်ကြီးဦးအောင်မျိုးမင်းကပြောပါတယ်။
တာတိုင်ကျေးရွာ အစုလိုက်အပြုံလိုက်အသတ်ခံရမှုမှာ အမေ၊ ညီ၊ အဒေါ်နဲ့ ယောက်ဖဖြစ်သူတို့ အသတ်ခံခဲ့ရသူ မိသားစုဝင် ကိုနိုင်သူအောင်က သူတို့မိသားစုလိုအဖြစ်ဆိုးမျိုး နောက်ထပ် ဘယ်သူ့ကိုမှ မကြုံစေလိုဘူးလို့ ပြောပါတယ်။
“ကျွန်တော်တို့ အများကြီးခံစားခဲ့ရပြီ။ အများကြီးပေးဆပ်ခဲ့ရပြီ။ ပြည်သူလူထုတွေကို နောက်ထပ်အဲ့ဒီလိုမျိုး ထပ်ပြီးမဖြစ်စေချင်ဘူး။ ကျွန်တော်အနေနဲ့ မိသားစုလေးယောက်ပါသွားတဲ့ သူအနေနဲ့တောင်းဆိုချင်တာက ကျွန်တော်လို နောက်ထပ်မိသားစုတွေ၊ ပြည်သူတွေမဖြစ်ရအောင်၊ နိုင်ငံတကာကော၊ ဝန်ကြီးဌာနတွေကပါ လုပ်ဆောင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ။”
ဒီဖြစ်ရပ်ကြောင့် တာတိုင်ကျေးရွာအပါအဝင် အနီးနားကျေးရွာတွေက ဒေသခံတွေဟာ စိတ်မလုံခြုံတော့တာကြောင့် နေရပ်ကိုစွန့်ခွာဖို့ ပြင်ဆင်နေကြလို့ ရွာတွေပျက်သွားမှာ စိုးရိမ်လို့ ကူညီကြဖို့ ဒေသခံတွေက သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။
“ကျွန်တော်အနေနဲ့ မိသားစုလေးယောက်ပါသွားတဲ့ သူအနေနဲ့တောင်းဆိုချင်တာက ကျွန်တော်လို နောက်ထပ်မိသားစုတွေ၊ ပြည်သူတွေမဖြစ်ရအောင်၊ နိုင်ငံတကာကော၊ ဝန်ကြီးဌာနတွေကပါ လုပ်ဆောင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ။”
NUG ရဲ့စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် မတရားသတ်ဖြတ်ခံရသူ ၃၀၀၀၊ ဖမ်းဆီးခံထားရသူ ၁၈၀၀၀၊ ဖမ်းဆီးခံရပြီး သေဆုံးသူ ၉၀၀၊ လေကြောင်းက အပြင်းအထန်တိုက်ခိုက်မှု ၆၀၀ ကျော်၊ လက်နက်ကြီးနဲ့ တိုက်ခိုက်မှု ၁၂၀၀ ကျော်နဲ့ အိမ်ပေါင်း ခြောက်သောင်းကျော် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။
မြန်မာပြည်သူတွေဟာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့လိုသလို နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်တာမို့ စစ်ကောင်စီကို လုံလောက်တဲ့ စီးပွားရေးပိတ်ဆို့မှု၊ လက်နက်ပိတ်ဆို့မှုနဲ့ လေယာဉ်ဆီတင်ပို့ ရောင်းချမှုတွေ ရပ်တန့်ဖို့ NUG က နိုင်ငံတကာကို တောင်းဆိုကြောင်းလည်း ထည့်သွင်းပြောခဲ့ပါတယ်။
တာတိုင်ကျေးရွာလူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကို ရနိုင်ဖို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားမှုမရှိပါဘူး။
RFA Burmese