ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ လက်နက်ကိုင်အဖွဲ့တွေက စခန်းအတွင်းနေထိုင်သူတွေကို ဥပဒေမဲ့ဖမ်းဆီးသတ်ဖြတ်နေလို့ ဒုက္ခသည်တွေဟာ အသက်အိုးအိမ်လုံခြုံရေးကို နေ့စဉ်စိုးရိမ်နေရပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက လုံခြုံရေးကို ဖိဖိစီးစီးဆောင်ရွက်ပြီး ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒုက္ခသည်တွေ အသက်အန္တရာယ်လုံခြုံရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို ဖိအားပေးတောင်းဆိုဖို့ ရိုဟင်ဂျာတွေက လိုလားနေပါတယ်။

အခု ၂၀၂၃ ခုနှစ် ပထမ သုံးလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အသတ်ခံရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၄ ဦးအထိ ရှိလာတယ်လို့ စခန်းအတွင်းနေထိုင်နေသူတွေက ပြောပါတယ်။

“ကျွန်တော်တို့ ညဆိုမအိပ်ရဘူး။ အချိန်မတော် သေနတ်ပစ်သံတွေ၊ တဲအိမ်တွေကို မီးရှို့ပစ်မလား၊ ပြီးတော့လာပြီးတော့ သတ်မလား၊ သေနတ်ပစ်မလား အဲ့လိုမျိုးစိုးရိမ်စိတ်နဲ့ နေရတာပါ”

အသတ်ခံရသူအားလုံးဟာ အမျိုးသားတွေဖြစ်ပြီး ဇန်နဝါရီလက နှစ်ဦး၊ ဖေဖော်ဝါရီလမှာ နှစ်ဦးနဲ့ အခုမတ်လမှာ ၁၀ ဦးအထိရှိလာတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။ အသတ်ခံရသူတွေ တဖြည်းဖြည်းများလာနေလို့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ နေ့စဉ်အသက်အန္တရာယ်အတွက် စိုးရိမ်နေကြရပါတယ်။

အသတ်ခံရသူအများစုဟာ ARSA ကနေ ထွက်လာသူ၊ ARSA ကို ဆန့်ကျင်သူ၊ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေ၊ စခန်းခေါင်းဆောင်တွေနဲ့ ရာအိမ်မှူးတွေ များတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

မတ်လ တတိယအပတ်မှာ ဒုက္ခသည်စခန်းအမှတ် ၁၃ က ရာအိမ်မှူးတစ်ဦးကို သတ်ဖို့လာတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ရာအိမ်မှူးကို မတွေ့လို့ ညီဖြစ်သူကို သေနတ်နဲ့ပစ်သတ်သွားခဲ့တယ်လို့ အဲ့ဒီအချိန် အနီးနားမှာ ရှိနေခဲ့တဲ့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

“သုံးနာရီလောက်မှာ သူတို့အိမ်ခြေတစ်ရာရဲ့ ရာအိမ်မှူးကို သတ်ဖို့လာတယ်လို့ ပြောတယ်။ သူ့ကို မတွေ့လို့ သူ့ ညီကို ပစ်လိုက်တာ၊ လက်နက်ကိုင်အဖွဲ့က ပစ်လိုက်တယ်။ ဘယ်အဖွဲ့လည်းတော့ မပြောတက်ဘူး။ အခုစခန်းမှာ အဖွဲ့နှစ်ဖွဲ့၊ သုံးဖွဲ့တော့ရှိတယ်။ တစ်ဖွဲ့က လုပ်ရင်နောက်တစ်ဖွဲ့ကို ပြောတယ်။ အဲ့လိုပါ။”

ကော့ဘဇားမှာ ဒုက္ခသည်စခန်း ၃၄ ခုရှိပြီး ဒီနှစ်အတွင်း အသတ်ခံရသူတွေဟာ စခန်းအမှတ် ၁၊ ၂၊ ၈ ၊၉ ၊ ၁၃၊ ၁၇၊ ၁၉ စတဲ့ စခန်းတွေက ဖြစ်ကြောင်း ဒုက္ခသည်တချို့ဆီက ရတဲ့အချက်အလက်တွေအရ သိရပါတယ်။

“ဒီမှာ ကျွန်တော်တို့က စိုးရိမ်စိတ်က တစ်ရက်ထက်တစ်ရက် ပိုပိုများလာတယ်။ ညဆို သေနတ်သံက ဟိုမှာဒိုင်း၊ ဒီမှာဒိုင်းနဲ့ အခုပြန်ချင်တယ်။ မြန်မာကို ပြန်လို့မရလို့”

ဒါကတော့ ဘာလုခါလီဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ဒုက္ခသည်တစ်ဦး ရင်ဖွင့်ပြောပြသွားတာပါ။

စခန်းအတွင်းနေထိုင်သူတွေ အသတ်ခံရတဲ့အခါ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က အမှုဖွင့်တာတွေ ရှိပေမယ့် ထိထိရောက်ရောက်အရေးမယူတဲ့အတွက် အသတ်ခံရသူတွေ လျော့ကျမသွားဘဲ တိုးလာတာလို့ ဒုက္ခသည်တွေက ပြောပါတယ်။

image (3).jpg
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဘာလုခါလီ ဒုက္ခသည်စခန်းတွင် ရိက္ခာရယူရန် တန်းစီစောင့်ဆိုင်းနေကြသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ်။ (Photo: Reuters)

ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က စခန်းတိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေထားပေမယ့် တပ်ဖွဲ့ဝင်တွေက ထိထိရောက်ရောက် လုံခြုံရေး ယူပေးတာ မရှိဘူးလို့ ဆိုပါတယ်။

အဓိကအားဖြင့် ညဘက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တာဝန်ယူမှုမရှိသလောက်ဖြစ်နေလို့ ရာဇဝတ်မှုကျူးလွန်တဲ့သူတွေ ပေါလာတာလို့ ဒုက္ခသည်တွေက ပြောပါတယ်။

“တဖြည်းဖြည်းတိုးလာတာပါ။ တစ်လပိုင်း၊ နှစ်လပိုင်းထက် သုံးလပိုင်းမှာ ၁၀ ယောက်တောင်ရှိသွားပြီ။ စိုးရိမ်ချက်က အရမ်းရှိတယ်။ ကျွန်တော်တို့ ညဆိုမအိပ်ရဘူး။ အချိန်မတော် သေနတ်ပစ်သံတွေ၊ တဲအိမ်တွေကို မီးရှို့ပစ်မလား၊ ပြီးတော့လာပြီးတော့ သတ်မလား၊ သေနတ်ပစ်မလား အဲ့လိုမျိုးစိုးရိမ်စိတ်နဲ့ နေရတာပါ။ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က စနစ်တကျကိုင်တွယ်ဖြေရှင်းဖို့လိုတယ်။ ဒုက္ခသည်တွေနဲ့ သာညှိနှိုင်းပြီးလုပ်မှ ဒါရမယ်လို့ ကျွန်တော်က ထင်တယ်။ နိုင်ငံတကာနဲ့ပါ ပူးပေါင်းပြီးလုပ်မယ်ဆိုရင် ပိုပြီးတော့ ကောင်းမှာပါ။”

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်နောက်တစ်ဦး ပြောပြတာပါ။ လုံခြုံရေးအရ သူ့အမည်နဲ့ နေထိုင်တဲ့ စခန်းနံပါတ်ကို ထုတ်ပြောဖို့ အခက်အခဲရှိတယ်လို့ ပြောပါတယ်။

“နေ့တိုင်းလိုလို အသတ်ခံနေရတယ်။ တစ်ရက်ခြား နှစ်ရက်ခြား၊ အဲ့လိုမျိုး အမြဲတမ်းအသတ်ခံနေရတော့ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ ရှိပေမယ့် သူတို့ ကိုယ်တိုင်ကိုက ဒုက္ခသည်တွေကို အကာအကွယ်မပေးနိုင်ဘူး။”

စခန်းတွေမှာ ချထားပေးတဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ဒုက္ခသည်တွေအတွက် လုံခြုံရေးတာဝန်ယူမပေးနိုင်ဘူးဆိုရင် အစားထိုးလဲလှယ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရမှာ တာဝန်ရှိတယ်လို့ ရိုဟင်ဂျာအရေးဆောင်ရွက်သူတွေက ထောက်ပြကြပါတယ်။

အခုမတ်လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိခဲ့ပြီး ဒုက္ခသည်တွေအရေး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့သူ ရိုနေဆန်းလွင်က စခန်းအတွင်း ဆိုးဝါးနေတဲ့ လုံခြုံရေးအခြေအနေတွေကို ပြောပြပါတယ်။

“နေ့တိုင်းလိုလို အသတ်ခံနေရတယ်။ တစ်ရက်ခြား နှစ်ရက်ခြား၊ အဲ့လိုမျိုး အမြဲတမ်းအသတ်ခံနေရတော့ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ ရှိပေမယ့် သူတို့ ကိုယ်တိုင်ကိုက ဒုက္ခသည်တွေကို အကာအကွယ်မပေးနိုင်ဘူး။ အဲ့မှာ ဒုစရိုက်ဂိုဏ်းတွေကလည်း အများကြီးရှိတယ်။ များသောအားဖြင့်တော့ ARSA ကနေ သတ်တယ်ဆိုပြီးတော့ လူတွေကတော့ ပြောကြတာပေါ့နော်။ ကျွန်တော်တို့ရဲ့ စုံစမ်းချက်မှာလည်း များသောအားဖြင့် ARSA ကနေပဲ သူတို့နဲ့ အဆင်မပြေတဲ့သူတွေ၊ သူတို့ကို ဆန့်ကျင်သူတွေကို ပစ်မှတ်ထားပြီးတော့ သတ်ဖြတ်တာကြားရတယ်။ တခြား ဒုစရိုက်ဂိုဏ်းတွေလည်း ရှိကောင်းရှိနိုင်တယ်။ အခုလောလောဆယ်တော့ အခြေအနေက တစ်နေ့ထက် တစ်နေ့ ပိုဆိုးလာတယ်။”

rohingya09.jpg
၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုတုပါလောင်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာခေါင်းဆောင် မိုဟစ်အူလာ အသတ်ခံရပြီးနောက် လုံခြုံရေးစောင့်ကြပ်နေသော ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ (Photo: AFP)

ရှေ့ဆက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက စခန်းတွေမှာ လုံခြုံရေးသေသေချာချာမချထားပေးရင် ဒုက္ခသည်အများစု အသက်ဆုံးရှုံးရနိုင်ချေရှိတယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကနေ အခုနှစ်မတ်လ ၂၅ ရက်နေ့အထိ ခြောက်နှစ် နီးပါးကာလအတွင်း မြန်မာပြည်တွင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ အသတ်ခံရတဲ့ ဒုက္ခသည် စုစုပေါင်း ၂၀၀ ကျော်ရှိတယ်လို့ ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။

လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းရှိတယ်လို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ စာရင်းတွေမှာ ဖော်ပြထားပေမယ့် မြန်မာနိုင်ငံဘက်က ထွက်ပြေးသွားတဲ့သူ ငါးသိန်းကျော်ပဲရှိတယ်လို့ မတ်လ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာနဲ့မေးမြန်းချက်မှာ စစ်ကောင်စီနိုင်ငံခြားရေးတာဝန်ရှိသူတစ်ဦးက ပြောဆိုထားပါတယ်။

အဲ့ဒီအထဲက တစ်ထောင်ကျော်ကို ရှေ့ပြေးစီမံကိန်းအနေနဲ့ လာမယ့် ဧပြီလမှာ မြန်မာပြည်မှာ ပြန်လက်ခံဖို့ စစ်ကောင်စီက စီစဉ်နေပါတယ်။

RFA Burmese

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်နဲ့ ကျောက်ကြီးမြို့နယ်တွေမှာ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ကစပြီး စစ်ကောင်စီ လေတပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့ အတွက် ဒေသခံ ၃၁၅၉ ဦး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က မတ်လ ၂၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။

KNU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ရွှေကျင်နဲ့ ကျောက်ကြီးမြို့ထဲက ကျေးရွာတွေဆီကို မတ်လ ၂၀ ရက်နေ့ ညနေပိုင်းမှာ တိုက်လေယာဉ်တွေနဲ့ ၉ ကြိမ်ခန့် ဗုံး ၂၈ လုံးထက်မနည်း ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်ကြီးမြို့နယ်ထဲမှာရှိတဲ့ တကော်ဒဲကျေးရွာက နေအိမ် ၅ လုံး၊ မူလတန်းကျောင်း ၁ ကျောင်း မီးလောင်ပြာကျခဲ့ပြီး ဒေသခံ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်ကြီး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျနော်တို့ကိုယ်တိုင်လည်း အသံတွေ ကြားနေတယ်။ တစ်နေ့တည်းနဲ့ ၁၀ ခေါက် လောက်ကို လာပစ်တာ။ ရွာထဲကိုကြဲတာ မဟုတ်ဘဲ လူတွေနေတဲ့ တောထဲအထိ လိုက်ကြဲနေတာ။ ဗုံးကြဲလို့ သစ်ရွက်တွေ မီးလောင်ပြီးတော့ လူနေအိမ်တွေနဲ့ စာသင်ကျောင်းတစ်ခု မီးထဲပါသွားတယ်။ တိုက်ပွဲကလည်း နေ့စဉ်ဖြစ်နေတယ်။ စစ်တပ်ဘက်က ဒရုန်းတွေနဲ့ပါ ဗုံးကြဲတာမျိုးရှိတယ်”

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်ကြီးမြို့နယ်ထဲမှာရှိတဲ့ မူခီး၊ ပယာဆဲဒဲ၊ ဒိုဒေါ်ခီး၊ သဲခီး၊ ထူးထာ၊ ဃောထောခီး၊ ဃဲဒဲ၊ ဒေးဘောခီး၊ တူဂေါ်စိုး၊ တကော်ဒဲ၊ သော်ငယ်ဒဲ၊ ပကော်ခီး၊ ဝါမီးလူ၊ ကဒီးမူဒဲ၊ ဝါကေဒဲ၊ မောခီးနဲ့ လယ်ဆူခို စတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ရွှေကျင်မြို့နယ်ထဲမှာလည်း မတ်လ ၂၀ ရက်နေ့ကစပြီး တကက်ပူ ကျေးရွာမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ် နှစ်စီးနဲ့ တစ်ကြိမ်မှာ ဗုံးလေးလုံးခန့် ငါးကြိမ်လာရောက် ဗုံးကြဲချခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရွှေကျင်မြို့နယ်ထဲက တောင်ပေါ်ဘက်မှာ ကျေးရွာတွေကို နေ့စဉ် စစ်ကောင်စီတပ်က ဗုံးလာကြဲနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေကျင် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရွှေကျင်မှာ တောင်ပေါ်ဘက်မှာ ဗုံးကြဲခံနေရတယ်။ နေ့တိုင်း လာပစ်နေတာ။ ရွာသားတွေ တိမ်းရှောင်နေရတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း စစ်ရှောင်နေရတာ။ ဂျက်လေယာဉ် နှစ်စင်းနဲ့ လာကြဲသွားတာ မြင်နေရတယ်။ တပ်မဟာ ၃ ထိန်းချုပ် နယ်မြေပေါ့။ မနေ့ကထိ တိုက်ပွဲတွေက ဖြစ်နေတာ”

ဗုံကြဲတိုက်ခိုက်မှုကြောင့် ရွှေကျင်မြို့နယ်ထဲမှာရှိတဲ့ တကက်ပူ၊ သေခိုစယ်ဒဲ၊ ကော်မူဒဲ၊ ထီးမော်ကွယ်ခီး ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိပါဘူး။

KNU ထုတ်ပြန်ချက်ပါ အချက်အလက်တွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က ဆက်သွယ်ခဲ့ရာမှာ အစည်းအဝေးဝင်နေတာကြောင့် နောက်မှပြန်လည်ဆက်သွယ်ဖို့ ပြောပါတယ်။

KNU ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ တပ်တွေအကြား ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း တိုက်ပွဲပေါင်း ရှစ်ထောင်ကျော်ဖြစ်ခဲ့ပါတယ်။

RFA Burmese

ဤအစီရင်ခံစာတွင် အေအေပီပီသည် မအောင်မြင်သော စစ်အာဏာသိမ်းမှုဖြစ်ပွားချိန်မှစ၍ မြန်မာနိုင်ငံတွင် စစ်တပ် ၏ လူသား မျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများဆိုင်ရာ အထောက်အထားများကို ၂၀၂၂ ခုနှစ်အတွင်းဖြစ်ရပ်များကို အဓိကထား အသေးစိတ်ဖော်ပြထားသည်။

ဤအစီရင်ခံစာထုတ်ပြန်ခြင်းအပေါ် အေအေပီပီ၏ အတွင်းရေးမှူး ဦးတိတ်နိုင်မှ “အဖွဲ့အစည်း ထူထောင်ခဲ့တဲ့ ၂၃ နှစ်တာ ကာလအတွင်း အေအေပီပီဟာ လူ့အခွင့်အရေး ကျူးလွန်မှုအမှုပေါင်းများစွာကို သက်သေ အထောက်အထားခိုင်လုံစွာနဲ့ ကောက်ယူမှတ်တမ်းတင်ခဲ့ပါတယ်။ သို့သော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း မြန်မာ စစ်တပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများဟာ အကြမ်းတမ်းဆုံးနဲ့ အရက်စက်ဆုံး စံချိန်တင် ကျူးလွန်ခဲ့ကြောင်း ဒီ အစီရင်ခံစာက သက်သေပြုနေတာကို တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံတကာ တရားစီရင်ရေး ယန္တရားများက မြန်မာစစ်တပ်ရဲ့ ကျူးလွန် ခဲ့တဲ့ စစ်ရာဇဝတ်မှုများအတွက် ထိရောက်တဲ့အရေးယူမှုတွေကို ချက်ချင်းမဆောင်ရွက်နိုင်ရင် အခုထက်ဆိုးတဲ့ ရာဇဝတ်မှုပြစ်မှုတွေ ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လာမှာ အသေအချာပါ။ ဒါကြောင့် အပြစ်မဲ့ လူသားတွေရဲ့ အကျိုးကို ရှေ့ရှုပြီး လက်တွေ့ကျတဲ့ ပြစ်ဒဏ်စီရင်ခြင်းကို နိုင်ငံတကာ အသိုင်းအဝိုင်းက အမြန်ဆုံးပြုလုပ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။” မှတ်ချက်ပြုပြောကြားထားသည်။

အေအေပီပီ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကလည်း “လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အေအေပီပီဟာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်လေ့လာ နေပြီး၊ လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို မှတ်တမ်းပြုစုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ချိုးဖောက်မှုတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေဆိုပြီး ခေါ်နေရုံနဲ့ မလုံလောက်တော့ပါဘူး။ စစ်တပ်ဟာ အဆိုးရွားဆုံး နိုင်ငံတကာရာဇဝတ်မှုများဖြစ်တဲ့ လူသား မျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲပါ။ အခုအချိန်ဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) နဲ့ အခြားဖြစ်နိုင်တဲ့ ယန္တရားများအားလုံးမှတဆင့် စစ်တပ်ကို အရေးယူဖို့ အချိန်ကျရောက်နေပြီ ဖြစ်ပါတယ်” ဟု ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

(က) နိုင်ငံတကာ ဥပဒေအရဆိုလျှင် မုဒိမ်းပြုကျင့်မှု၏ အင်္ဂါရပ်များကား အဘယ်နည်း။

မုဒိမ်းပြုကျင့်မှုကို လူ့အခွင့်အရေး ချိုးဖောက်မှု တခုအနေနှင့် မှတ်တမ်းတင်နိုင်ရန်အတွက် အောက်ဖော် ပြပါအင်္ဂါရပ် (၃) ရပ် ထင်ရှားကြောင်း ဖော်ပြရပါမည်။

၁။ လိင်မှုသဘော သဘာ၀အရ ရုပ်ပိုင်းဆိုင်ရာ ကျူးကျော်ခံရခြင်း။

၂။ နိုင်ထက်စီးနင်း ပြုခြင်း သို့မဟုတ် သဘောတူညီချက် ဆန္ဒမပါရှိခြင်း။

၃။ အစိုးရ၏ လုပ်ဆောင်ချက်။

မုဒိမ်းမှုနှင့် ပတ်သက်၍ နိုင်ငံတကာဥပဒေများ

မုဒိမ်းမှုကို လိင်မှုဆိုင်ရာ အကြမ်းဖက်မှု ပုံစံတမျိုးအဖြစ် တားမြစ်ကန့်သတ်ထားပါသည်။ သို့အတွက် လိင်မှုဆိုင်ရာ အကြမ်းဖက်မှုကို တားမြစ်ကန့်သတ်ထားသည့် ဥပဒေကြောင်းက္စိများသည် မုဒိမ်းမှုကိုပါ တားမြစ်ထားပါသည်။ သို့သော်လည်း အချို့သော ဥပဒေများသည် မုဒိမ်းမှုကို တိတိကျကျ အဓိပ္ပာယ်ဖွင့် ဆိုထားပါသည်။ ၎င်းတို့မှာ –

– ဂျီနီဗာ ကွန်ဗင်းရှင်း။ ပုဒ်မ -၂၇နာကျင်စေမည်ဟု ခြိမ်း- ဂျီနီဗာ နိုင်ငံတကာ သဘောတူညီချက် ကွန်ဗင်း ရှင်း (ပုဒ်မ ၂၇)

– အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး၏ ရောမ ဥပဒေပြဌာန်းချက်များ (ပုဒ်မ ၈ (၂))

– ရဝန်ဒါနိုင်ငံဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ပုဒ်မ ၃ (ဆ) နှင့် ၄ (င))

– ယူဂိုဆလားဗီးယားဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ပုဒ်မ ၅ (ဆ)) တို့ ဖြစ်သည်။

မုဒိမ်းမှုကို ဓလေ့ထုံးတမ်း ဥပဒေအရလည်း တားမြစ်ထားပါသည်။

မတ်လ ၁၅ရက်မှ ၂၁ ရက်အတွင်း စစ်အာဏာရှင်တပ်မှ စစ်ကိုင်းတိုင်း၊မကွေးတိုင်း နှင့် တနင်္သာရီတိုင်းတို့မှ ‌ဒေသခံ ပြည်သူ ၁၃၀ ခန့်ကို လူသားဒိုင်းအဖြစ် အသုံးချရန် ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ်သားများက တပတ် အတွင်း မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့မှ ဒေသခံ ပြည်သူ ၁၁ဦးကို မီးရှို့ သတ်ဖြတ်ခဲ့သည်။ မြေမြှုပ်မိုင်း အန္တာရာယ် ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၄ဦးနှင့် သေဆုံးသူ ၃ဦး ရှိခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် စစ်အာဏာရှင်တပ်၏ လက်အောက်ခံ များဖြစ်သော ပျုစောထီးအဖွဲ့က ပစ်သတ်သောကြောင့် ပြည်သူ ၂ဦး သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်အနေဖြင့် စစ်ကြောင်းထိုးခြင်းများ ပြုလုပ်လျက်ရှိပြီး ဒေသခံ ပြည်သူများကို ဖမ်းဆီးညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံးပြုခြင်းများ ဆက်လက် ကျုးလွန်နေဆဲဖြစ်သည်။

စစ်အာဏာရှင်တပ်အနေဖြင့် ရန်ကုန်မြို့ရှိ လူငယ်များကို ဖမ်းဆီးကာ ငွေကြေးဖြင့် ပြန်လည်ရွေးယူခိုင်းခြင်း များ ပြုလုပ်လျက်ရှိသည်။ မန္တလေးတိုင်း မတ္တရာမြို့နယ်မှ အမျိုးသမီး ၁ဦးကို ဖမ်းဆီးကာ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ သည်။ စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုကြောင့် တပတ်အတွင်း ပြည်သူ ၁၁ ဦး သေဆုံးခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ရွာမှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က ဘုန်းကြီးသုံးပါး အပါအဝင် အရပ်သား ၂၂ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ကရင်နီ အရပ်ဘက်အဖွဲ့ ၁၃ ဖွဲ့က မတ်လ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

တိုင်းရင်းသားဒေသအတွင်း စစ်ကောင်စီတပ်ရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ သတိပြုမိစေဖို့ အခုလိုထုတ်ပြန်ရတာလို့ ကရင်နီ အရပ်ဘက်ပူးပေါင်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“နိုင်ငံတကာအဖွဲ့အစည်းတွေက ကျနော်တို့ ဒေသအတွင်းမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေ အပေါ်မှာ အလေးမထားတာတွေ တွေ့နေရတာရှိတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာဆိုရင်လည်း ကျနော်တို့ဘက်က လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ထုတ်ပြန်တာမှာ တချို့က နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောတာရှိပေမယ့် တချို့က လျစ်လျူရှုနေတာတွေရှိတယ်။ ပြည်တွင်းမှာဖြစ်နေတဲ့ အခြေအနေတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေကို သိစေချင်တယ်”

လက်ရှိဖြစ်နေတဲ့ ပြဿနာတွေအပေါ်အခြေခံပြီး လူမျိုးရေးဆန်တဲ့ ပြဿနာတွေ ဖန်တီးလာတာကိုပါ တွေ့ရလို့ ဒါကို ကရင်နီ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ မလိုလားဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ လူမျိုးရေး၊ ဘာသာရေး၊ နယ်မြေဒေသ ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်နေပြီး ကရင်နီ ပြည်နယ်အတွင်းက တိုင်းရင်းသားညီနောင်တွေအနေနဲ့ စစ်ကောင်စီရဲ့ ပဋိပက္ခထောင်ချောက်ထဲကို မဝင်မိအောင် သတိထားဖို့လိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတဝန်းလုံးမှာ ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး တရားမျှတမှုရတဲ့အထိ တခြားညီနောင်တိုင်းရင်းသားတွေနဲ့အတူ ပြည်တွင်းပြည်ပ ကရင်နီအရပ်ဘက်အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နန်းနိမ့်ရွာကိစ္စကို ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) လုပ်တာလို့ စွပ်စွဲပြီး သတင်းမီဒီယာတွေကို ဖြေဆိုထားသလို KNDF ကလည်း စစ်ကောင်စီတပ် ကျူးလွန်တာလို့ အပြန်အလှန် စွပ်စွဲထားကြပါတယ်။

RFA Burmese