စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် တရော်တောရွာ၊ ကုက္ကိုစုရွာနဲ့ ယုန်လှေးကုန်းရွာတွေကို အင်အား ၅၀ ဝန်းကျင်ရှိတဲ့စစ်ကောင်စီစစ်ကြောင်းက ဧပြီလ ၈ ရက်နေ့ မနက် ၈ နာရီ ဝန်းကျင်မှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၆၁ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ယုန်လှေးကုန်းကျေးရွာက နေအိမ် အလုံး ၄၀ နဲ့ တရော်တော၊ ကုက္ကိုစုရွာနှစ်ရွာက နေအိမ် ၂၁ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ယုန်လှေးကုန်းရွာမှာ ဧပြီလ ၇ ရက်နေ့ညက တပ်စွဲပြီး နောက်နေ့မနက်မှာ မီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ကျေးရွာတွေ နားသွားလာနေတဲ့ စစ်ကြောင်းပဲ။ တစ်နေ့ညက ယုန်လှေးကုန်းမှာ ညအိပ်တယ်။ မနက်ကျတော့ အိမ်တွေကို မီးစရှို့တာ။ ကုက္ကိုစုက အိမ်ခြေများတော့ တရော်တောနဲ့က နှစ်ရွာပေါင်းတစ်ရွာလိုဖြစ်နေတာ။ အဲဒီက ၂၁ လုံးမီးထဲပါသွားတယ်။”

ယုန်လှေးကုန်းရွာမှာ အိမ်ခြေ ၇၀၀ ဝန်းကျင်ရှိပြီး ကုက္ကိုစုနဲ့ တရော်တော နှစ်ရွာပေါင်း အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတယ်လို့ သူကပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA ကဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

မီးလောင်ပျက်စီးမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၇,၇၇၈ လုံးမီးလောင်ပျက်စီးခဲ့ပါတယ်။

RFA Burmese

မကွေးမြို့မှ ဆန္ဒပြကျောင်းသား ကိုလျှံဖြိုးအောင်၊ ရွှေဝါရောင်ရဟန်း ဦးဇင်းပုရစ်တို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးပြီး မုံရွာနှင့် မြစ်ကြီးနားမှ ထင်ရှားသူတို့ကို ထောင်ချလိုက်သည်။

ယနေ့ (ဧပြီ ၇) တွင် ဦးဇင်းပုရစ်ဟု ထင်ရှားသည့် ရွှေဝါရောင်ဆရာတော် ဦးစန္ဒာသီရိ၊ မကွေးမြို့မှ အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင် ပြန်လည် လွတ်မြောက်လာသည်ဟု သိရသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် ဦးစန္ဒာသီရိ (ခေါ်) ဦးဇင်းပုရစ်မှာ နံနက်ပိုင်းတွင် အင်းစိန်ထောင်မှ လွတ်လာပြီး သီတင်းသုံးရာကျောင်းကို ရောက်ရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။

သက်တော် ၅၃ နှစ်အရွယ် ဦးဇင်းပုရစ်သည် လျှော့ရက်ဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်၊ ကျန်းမာရေးကောင်းမွန်သည်ဟု ၎င်းက ဆိုသည်။ 

အာဏာသိမ်းစစ်တပ်က ဦးဇင်းပုရစ်ကို ၂၀၂၁ မတ် ၁၃ တွင် ဖမ်းဆီးကာ ၂၀၂၂ ဖေဖော်ဝါရီတွင် ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ ၅၀၅-က ဖြင့် ထောင် ၃ နှစ် ချထားသည်။ 

နွေဦးတော်လှန်ရေးကာလ အထင်ကရ နိုင်ကျဉ်းတစ်ဦးဖြစ်သည့် မကွေးမြို့မှ အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်သည်လည်း ယနေ့ နံနက်ပိုင်း၌ မကွေးအကျဉ်းထောင်မှ လွတ်လာသည်။

ထောင်ဒဏ်ချမှတ်ခံရပြီးသူတို့ ဝတ်ဆင်ရသော အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသူ ကိုလျှံဖြိုးအောင်ကို မိသားစုဝင်များက ထောင်ရှေ့၌ လာရောက်ကြိုဆိုနေသည့်ဓာတ်ပုံများ အွန်လိုင်း လူမှုကွန်ရက်တွင် တွေ့ရသည်။

အသက် ၂၂ နှစ်အရွယ် ကျောင်းသားလူငယ်မှာ ၂၀၂၁ ခုနှစ် မတ်လအတွင်းက မကွေးမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ရှေ့တန်းမှ ပါဝင်ခဲ့စဉ် စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှုနှင့် ရင်ဆိုင်ခဲ့ရသည်။

ဆန္ဒပြပွဲကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းစဉ် ကိုလျှံဖြိုးအောင်မှာ ဒဏ်ရာအများအပြားရရှိခဲ့ကာ မျက်လုံးတစ်ဖက်ကွယ်သည့်အပြင် ညာလက်တစ်ဖက်ပြတ်၊ ဘယ်ခြေထောက် မသန်စွမ်းသည်အထိ ဖြစ်ခဲ့ရသည်။ 

စစ်ကောင်စီက ဒဏ်ရာအလျဉ်းမပျောက်သေးသည့် ကိုလျှံဖြိုးအောင်ကို ၂၀၂၁ ဇွန် ၇ တွင် စစ်ဆေးရုံမှ အကျဉ်းထောင်ပို့ကာ ၂၀၂၂ မတ် ၂၈ တွင် ပုဒ်မ ၅၀၅-က ဖြင့် ထောင် ၃ နှစ် ချခဲ့သည်။ 

“ကျွန်တော် လွတ်ပါပြီ။ ဆေးကုသဖို့ စီစဉ်မှာမို့ အားလုံးကျေးဇူးပါ။” ဟု ကိုလျှံဖြိုးအောင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။ 

မြစ်ကြီးနားထောင်တွင်မူ ကချင်လူထုအပေါ် ဩဇာတိက္ကမကြီးသည့် ဘာသာရေးခေါင်းဆောင်တစ်ဦးကို ယနေ့နံနက်တွင် ထောင် ၆ နှစ် ချလိုက်သည်ဟု ၎င်း၏ ရှေ့နေထံမှ သိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၅ ရက်က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ၄ လကျော်အကြာတွင် ထောင်ချခြင်းဖြစ်သည်။

အမှုကို မြစ်ကြီးနားမြို့နယ်တရားသူကြီး ဦးကျော်လွင်ဦးက စစ်ဆေးခဲ့ပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ၂ နှစ်၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ၁ နှစ်အပြင် အကြမ်းဖက်ဥပဒေပုဒ်မှ ၅၂ (က) ဖြင့် ၃ နှစ်၊ စုစုပေါင်း ၆ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ၎င်း၏ တရားလွှတ်တော်ရှေ့နေ ဒေါ်ဒေါင်နန်က ပြောသည်။

“ဥပဒေအရ အယူခံဆက်တင်သွားပါမယ်ရှင့်၊ ဒီသင်္ကြန်ရုံးဖွင့်တာနဲ့ ဆက်တင်သွားမှာပါ။ ကျွန်မတို့က အပြစ်မရှိကြောင်း အခိုင်အမာထုချေခဲ့ပါတယ်။ တခြားမှတ်ချက်တော့ မပေးတော့ပါဘူး” ဟု သူက ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းဆီးပြီး ရက်ပေါင်း ၂၀ ကျော်ကြာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) အတွင်း စစ်ဆေးမေးမြန်းခဲ့သည်ဟု သိရသည်။

ထို့နောက် ဇန်နဝါရီ ၁၁ တွင် မပခမှ ဗိုလ်မှူးသူဇော်အောင်က တရားလိုပြုလုပ်ကာ မြစ်ကြီးနားရဲစခန်းတွင် ပုဒ်မ ၁၇ (၁) ဖြင့် စတင် အမှုဖွင့်ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလတွင် ထပ်တိုးပုဒ်မများဖြစ်သည့် ၅၀၅ (က) နှင့် ၅၂ (က) တို့ဖြင့်ပါ တရားစွဲဆိုခဲ့ကြောင်း၊ KIA ဌာနချုပ် လိုင်ဇာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတ ဦးဒူဝါလရှီးလ၊ သယံဇာတဝန်ကြီး ဦးတူးခေါင်၊ ပညာရေးဝန်ကြီး ဒေါ်ဂျာထွယ်ပန်တို့နှင့် တွေ့ဆုံမှုကြောင့် တရားစွဲခြင်းဖြစ်ကြောင်း ရှေ့နေဒေါ်ဒေါင်နန်က ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန်မှာ KBC ဥက္ကဋ္ဌအဖြစ် ၂၀၁၉ ခုနှစ်အတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များကို စစ်တပ်က ညှဉ်းပန်းနှိပ်စက်နေကြောင်း ပြောဆိုခဲ့သည်။

ထိုသို့ပြောဆိုပြီးနောက် ဒေါက်တာခလမ်ဆမ်ဆွန်ကို အရေးယူပေးရန် စစ်တပ်က မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့သည်။

သို့သော် သုံးရက်အကြာတွင် အမှုကို ပြန်လည်ရုပ်သိမ်းပြီးနောက် ကချင်ဘာသာရေးခေါင်းဆောင်ကို မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ပင် ဖိတ်ခေါ်တွေ့ဆုံခဲ့သည်။

ထို့ပြင် တစ်နှစ်ခန့်အကြာ ၂၀၂၀ ဒီဇင်ဘာတွင် မြစ်ကြီးနား ရောက်လာသည့် မင်းအောင်လှိုင်က ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဖိတ်ခေါ်ကာ တကူးတကတွေ့ဆုံခဲ့သည်။

ဆရာတော်သည် ဒီဇင်ဘာ ၅ ရက်နေ့က ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုရန် ထွက်ခွာမည့်ဆဲဆဲ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ 

ဧပြီ ၅ တွင်လည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ ပန်ဒါလေးဟု ချစ်စနိုးခေါ်ဆိုခံရသည့် ဆန္ဒပြခေါင်းဆောင် ကိုဝေမိုးနိုင်ကို မုံရွာထောင်တွင်းတရားရုံးက ပုဒ်မ ၅ ခုအတွက် ထောင် အနှစ် ၂၀ ချလိုက်သည်ဟု VOA နှင့် RFA သတင်းဌာန အင်တာနက်စာမျက်နှာများတွင် ရေးသားထားသည်။ 

၂၀၂၂ တွင်လည်း စစ်ကောင်စီက သူ့ကို အမှုတချို့အတွက် ထောင် ၁၄ နှစ် ချမှတ်ထားပြီးဖြစ်သည်။ ဆက်လက် ရင်ဆိုင်နေရသည့်အမှုများ ရှိသေးသည်ဟု သိရသည်။

စစ်ကောင်စီက အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်သည်ဟု ယူဆရသူများကို အဆက်မပြတ် ဖမ်းဆီးလျက်ရှိသည်။

စစ်ကောင်စီက ၁၇,၃၇၅ ဦးကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရသူ ၁၅၁ ဦး ရှိကြောင်း AAPP က ဆိုသည်။

Myanmar Now News

စစ်ကိုင်းတိုင်း၊ ပုလဲမြို့တွင် ဒဏ်ရာရနေသူ ၄ ဦးကို စစ်တပ်က သတ်ဖြတ်မီးရှို့လိုက်သည်ဟု ယူဆရပြီး ၃ ဦး ပျောက်နေသည်၊ ၇၀ ကျော်အရွယ် အမျိုးသားကို ပြန်လွှတ်ပေးခဲ့သည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စီးနင်းတိုက်ခိုက်ခံထားရသည့် ဒေသအခြေစိုက် M 7 အမည်ရှိ ကာကွယ်ရေးအဖွဲ့၏ စခန်းတစ်ခုတွင် မီးရှို့ခံထားရသည့် လူ ၄ ဦး သို့မဟုတ် ၅ ဦး၏ ရုပ်ကြွင်းများကို တွေ့ရှိခဲ့ရကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

ဧပြီ ၅ နံနက်က ပုလဲမြို့နယ်နှင့် မကွေးတိုင်း မြိုင်မြို့နယ်အစပ်ရှိ တပ်ခွဲ အမှတ် (၁) စခန်းကို ရဟတ်ယာဉ် ၃ စီးနှင့် စစ်သားအင်အား ၁၀၀ ဝန်းကျင်ခန့်က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ပွဲတွင် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များ ဆုတ်ခွာနိုင်ခဲ့သော်လည်း စခန်းဝန်းကျင်တွင် ၇ ဦး ကျန်ရစ်ခဲ့သည်ဟု M 7 အဖွဲ့ခေါင်းဆောင် ဗိုလ်မင်းရောင်ဆိုသူက ပြောသည်။

ဒဏ်ရာရနေသည့် အဖွဲ့ဝင် ၄ ဦး၊ ၎င်းတို့ကို စောင့်ကြည့် ကူညီရန် ကျန်ခဲ့သည့် အဖွဲ့ဝင် ၂ ဦး၊ အခြား ၁ ဦးတို့ဖြစ်ပြီး ထိုနေ့က ၎င်းတို့နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်ဟု ဗိုလ်မင်းရောင်က ဆက်ပြောသည်။

ယမန်နေ့ (ဧပြီ ၆) နေ့လယ်တွင် စစ်တပ် ပြန်ထွက်သွားပြီးနောက် M7 ကာကွယ်ရေးအဖွဲ့ဝင်များ စခန်းနေရာသို့ သွားရောက်ကြည့်ရှုစဉ် လူ့ခန္ဓာရုပ်ကြွင်းအပိုင်းအစများကို တွေ့ရှိခဲ့ရကြောင်း၊ ထိုသူများမှာ အဆက်အသွယ်ပြတ်နေသော ၎င်းတို့အဖွဲ့ဝင်များ ဖြစ်နိုင်ကြောင်း သူက ပြောသည်။​

ရုပ်အလောင်းများကို ဆိုင်ကယ်များနှင့်အတူ မီးရှို့ထားခြင်းဖြစ်ကြောင်း၊ ဖျောက်ဖျက်ခံရသည့် ရုပ်အလောင်း ၅ လောင်းအထိ ရှိနိုင်ကြောင်း သူက ဆက်ပြောသည်။

“မီးရှို့ထားတဲ့အထဲမှာ ဦးခေါင်းခွံ ၄ လုံးကတော့ ရှင်းရှင်းလင်းလင်းမြင်ရတယ်။ မီးအားက များတော့ ၅ လုံးလည်း ဖြစ်သွားနိုင်တယ်။ ကျွန်တော်တို့ တွေ့လိုက်တာကတော့ ၄ လုံး တွေ့တယ်” ဟု သူက ဆိုသည်။

ရဟတ်ယာဉ်ဖြင့် ရောက်လာသော စစ်သားများက ယာခင်းအတွင်းမှ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးချုပ်နှောင်ခဲ့ကြောင်း သိရသည်။

ထိုအမျိုးသားသည် ဒဏ်ရာရ ရဲဘော်များကို ကြည့်ရှုရန် ကျန်ခဲ့သည့် အဖွဲ့ဝင်၂ ဦးနှင့်အတူ ချုပ်နှောင်ခံခဲ့ရကြောင်း၊ အဖွဲ့ဝင်နှစ်ဦးမှာ ကြိုးဖြင့် နှစ်ယောက်တွဲ တုပ်နှောင်ခံထားရစဉ် အဆက်မပြတ် နှိပ်စက် ညှဉ်းပန်းခံရသည်ကို ထိုသူ့ထံမှ သိရကြောင်း ဗိုလ်မင်းရောင်က ဆိုသည်။

နောက်တစ်နေ့ နေ့လယ်ပိုင်း စစ်သားများ ပြန်လည်ဆုတ်ခွာချိန် အဖွဲ့ဝင် ၂ ဦးကို ခေါ်ဆောင်သွားသော်လည်း သက်ကြီးပိုင်းအမျိုးသားကိုမူ ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

“ကြိုးတုပ်လျက်ကြီး ဆွဲခေါ်သွားတယ်။ အဲဒီလိုပဲ မြင်ရတာ။ ဒါ နောက်ဆုံး မြင်လိုက်တာတဲ့” ဟု ဗိုလ်မင်းရောင်က ထိုအမျိုးသားကို ကိုးကားပြီး ပြောပြသည်။

ဒဏ်ရာရထားသော ၎င်းတို့ရဲဘော် ၄ ဦး သတ်ဖြတ်မီးရှို့ခံရဖွယ်ရှိကြောင်း၊ ပျောက်ဆုံးနေသည့် အဖွဲ့ဝင်နောက်တစ်ဦး၏ အခြေအနေကို တိတိကျကျ မသိရသေးကြောင်း ဗိုလ်မင်းရောင်က ပြောသည်။

“သူက မိသွားသလား။ ဒါမှမဟုတ် မိသွားပြီး၊ ပစ်ခံရပြီး မီးရှို့ခံလိုက်ရတဲ့ထဲ ပါသွားပြီး ၄ ယောက် မဟုတ်ဘဲနဲ့ ၅ ယောက် ဖြစ်သွားလား။ အဲ့ဒါ စဉ်းစားရ ခက်နေတာ” ဟု သူက ပြောသည်။

စခန်းစီးနင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိပေ။

တော်လှန်ရေးအဖွဲ့များသည် ကုန်းလမ်းမှ ချီတက်လာသော စစ်ကြောင်း၏ ရန်ကို ကြိုသိနိုင်သလို မိုင်းထောင် တိုက်ခိုက်ရန်လည်း ပြင်ဆင်နိုင်ကြသည်။ ရဟတ်ယာဉ်များဖြင့် ရောက်လာသည့် စစ်ကြောင်းကိုမူ တော်လှန်ရေးအဖွဲ့များ ခုခံတိုက်ခိုက်ရန် ခက်ခဲနေကြသည်။

M7 အဖွဲ့ တပ်ခွဲ (၁) စခန်းမှ အဆောက်အအုံ ၅ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသပေါက်ဈေးအရ ကျပ်သိန်းရာကျော်တန်ကြေးရှိ သေနတ်များဖြစ်သည့် M4 တစ်လက်၊ AK တစ်လက်၊ သိန်းဆယ်ဂဏန်း ပေါက်ဈေးရှိသည့် ပစ္စတိုတစ်လက်နှင့် လက်လုပ်မိုင်းများ၊ လက်လုပ်စိန်ပြောင်းများ၊ အဖွဲ့ဝင်များ၏ ဖုန်းနှင့် ဆိုင်ကယ်များ ဆုံးရှုံးခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။

စခန်းစီးနင်းခံရပြီးနောက် ထိုနေရာတွင် ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ကို ယင်းနေ့ ညနေတွင် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း စစ်သားများက တုံ့ပြန်ပစ်ခတ်ခြင်း မရှိကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်က ပစ်တာတွေရှိတယ်။ သူတို့ဘက်က လုံးလုံးကို ပြန်ပစ်တာတွေ မရှိဘူး။ ဒါပေမဲ့ သူတို့ (ရဟတ်ယာဉ်) နဲ့ ပြန်ခေါ်ခါနီးမှာ သူတို့ဘက်က ကောင်တာပစ်တာက ၆၀ နဲ့ သုံးလေးလုံး ပစ်တာ။ ကျန်တာတော့ ပြန်မပစ်တာ။ သူတို့က နေရာကောင်းမှာ နေတာဆိုတော့။” ဟု ဗိုလ်မင်းရောင်က ပြောသည်။

ပုလဲ-မြိုင်နယ်စပ်တွင် အခြေစိုက်လှုပ်ရှားသည့် M 7 အဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနထံ တပ်ရင်းအဖြစ် လျှောက်ထားဆဲဖြစ်သည့် ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဆားလင်းကြီးမြို့နယ်မှတစ်ဆင့် ဝင်လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းတစ်ကြောင်းလည်း ရှိနေပြီး ထိုစစ်ကြောင်းမှာ ပုလဲ-ဂန့်ဂေါလမ်းပေါ်ရှိ အင်ဒေါင့်ရဲစခန်းသို့ ရောက်ရှိနေကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ယခင်ကပင် ထိုရဲစခန်းတွင် စစ်တပ်နှင့် ပြည်သူ့စစ် ခေါ် ပျူစောထီးများ အခြေပြုတပ်စွဲထားသည်ဟု ဆိုသည်။

အာဏာသိမ်းပြီးနောက် မြို့နယ်ပေါင်း ၃၃၀ ကျော်အနက် ထက်ဝက်ခန့်ကိုသာ နယ်မြေစိုးမိုးထားနိုင်ကြောင်း ဝန်ခံထားသည့် စစ်ကောင်စီက လက်နက်ကိုင်ခုခံမှုအားကောင်းရာ မြို့နယ် ၄၀ ကို ယခုနှစ် ဖေဖော်ဝါရီလက စစ်အုပ်ချုပ်ရေးသတ်မှတ်ခဲ့ရာ ပုလဲမြို့နယ်လည်း ပါဝင်သည်။

Myanmar Now News

မတ်လ ၂၂ရက်မှ ၃၁ရက်အတွင်း စစ်အာဏာရှင်တပ်မှ ကရင်ပြည်နယ်၊ကယားပြည်နယ်၊ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင်‌ လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ တပတ်အတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် အဆောက်အဦးများ မီးလောင်ပျက်စီးခြင်း၊ အိမ်မွေးတိရစ္တာန်များ သေဆုံးခြင်း ဖြစ်ခဲ့ပြီး ဒေသခံပြည်သူများမှာလည်း သေဆုံးသူ (၁၄) နီးပါးနှင့် ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး (၃၀) ဦးအထိ ရှိခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်မှ ပြည်သူ့တပ်မတော် ခေါင်းဆောင်နှင့် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်မှ ရွာသား ၁ဦးတို့ကို ခေါင်းဖြတ် သတ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ မီးရှို့သတ်ဖြတ်မှုကြောင့် ပြည်သူ (၈)ဦး သေဆုံးခဲ့ရသည်။ ဒေသခံ ပြည်သူများကို ဖမ်းဆီးကာ စစ်ကြောင်းတစ်လျောက်လူသားဒိုင်းအဖြစ် ပြုလုပ်လျှက်ရှိသည်။

စစ်အာဏာရှင်တပ်များ၏ လက်နက်ကြီး၊ လက်နက်ငယ်များကို အသုံးပြု ပစ်ခတ် တိုက်ခိုက်ခဲ့သော ကြောင့် ကလေးငယ် (၄) ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့မှ ကလေး (၁)ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်မှ လသားအရွယ် ကလေးငယ် (၁)ဦးအပါအဝင် ဒေသခံ (၁၀)ဦးကို ဖမ်းဆီးခဲ့သည်။

လေတပ်က တစ်ရက်တည်းတွင် ချင်း၊ ကယား၊ ကချင်ဒေသတို့ကို သွားရောက် တိုက်ခိုက်ရာ ခုခံတော်လှန်သူများသာမက အရပ်သားများလည်း ထိခိုက်သေဆုံးရသည်။

ယမန်နေ့ (မတ် ၃၀) တွင် လေတပ်က ကချင်ပြည်နယ် ရွှေကူမြို့တောင်ဘက်ရှိ ကျေးရွာများကို တိုက်ခိုက်ခဲ့ပြီး မြေပြင်တွင်လည်း ခြေလျင်တပ်က စစ်ကြောင်းထိုးနေသည်ဟု ဒေသကာကွယ်ရေးအဖွဲ့နှင့် ဒေသခံအချို့က ပြောသည်။

မွန်းတည့် ၁၂ နာရီခန့်တွင် ရွှေကူ KPDF နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များရှိသည့် နေရာကို လေတပ်က မိနစ် ၂၀ ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနီးရှိ မံဝိန်းရွာအတွင်း ဗုံး ၈ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဂျက်ဖိုက်တာ ၂ စီးနဲ့ လာချသွားတာ၊ မံဝန်းကျေးရွာကို ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ပစ်ကူပေးပြီး တောက်လျှောက် ထိုးဝင်လာလို့ နည်းနည်းဆုတ်ပေးလိုက်ရတယ်၊ ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ဘူး” ဟု ပြောသည်။

ရွှေကူမြို့ပေါ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးပြီး မြေပြင် စစ်ကြောင်းထိုးတိုက်ခိုက်မှုမှာ အင်အား ၁၀၀ ကျော် ရှိသည်ဟု ဆိုသည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မံဝိန်းရွာရှိ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်ဟု အထက်ပါ KPDF အဖွဲ့ဝင်က ပြောသည်။

“ဒီကောင်တွေက ဗုံးကြဲပြီးမှ မလောင်တဲ့ အိမ်တွေပါ တောက်လျှောက် မီးရှို့တာ၊ အိမ်ခြေ ၃၀၀‌ ကျော် ရှိတာ၊ အခု ကျွန်တော်တို့ သတင်းနားထောင်ကြည့်တာ ဘုန်းကြီးကျောင်းပဲ ကျန်တော့တယ်လို့ ကြားတယ်” ဟု သူက ပြောသည်။

မီးလောင်မှုနှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်ကောင်စီလေတပ်သည် ထိုနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် ထန်တလန်မြို့မြောက်ဘက် ခြောက်မိုင်ခန့်အကွာရှိ ခွာဖိုးရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ၁၀ ဦး သေဆုံးကာ ၂၀ ခန့် ဒဏ်ရာရသွားကြသည်။ နေ့လယ်ပိုင်းတွင် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းကို လေကြောင်းမှ တိုက်ခိုက်ရာ တစ်ဦး သေဆုံးပြီး ဒေသခံအများအပြားလည်း လေကြောင်းရန်ကြောင့် တိမ်းရှောင်နေကြရသည်။

မတ် ၂၃ ရက်မှစတင်ပြီး ရွှေကူမြို့တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ကျေးရွာများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ခြေမြန်တပ်ရင်း (၁၀)၊ တပ်မ (၈၈) လက်အောက်ခံ ခြေလျင်တပ်ရင်း (၇၇) အပြင် ထပ်တိုးအားဖြည့်ထားသည့် စစ်ကောင်စီတပ်များ ပါဝင်သည်။

တိုက်ပွဲများကြောင့် ရွှေကူမြို့တောင်ဘက်ရှိ ရွာများမှ ထောင်နှင့်ချီသည့် စစ်ရှောင်များမှာ နီးစပ်ရာ ကျေးရွာများ၊ တောတောင်များထဲနှင့် အချို့မှာ ရွှေကူမြို့ပေါ်သို့ တိမ်းရှောင်နေကြရသည်။

ရွှေကူမြို့ပေါ်သို့ စစ်ရှောင်သွားသည့် ဒေသခံအချို့ကိုလည်း မြို့ပေါ်ရှိ စစ်ကောင်စီတပ်က ပြန်မောင်းထုတ်နေပြီး စစ်ရှောင် အယောက် ၃၀ ကျော်ကိုလည်း ဖမ်းဆီးလိုက်သည်ဟု ရွှေကူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့သူတွေကို ဖမ်းထားလိုက်တယ်၊၊ လူပေါင်းကတော့ မနည်းဘူး ၃၀ ကျော်ကျော်ပဲ၊ မဖမ်းတဲ့သူတွေကိုလည်း သူတို့ရွာတွေကို အတင်းပြန်ခိုင်းနေတယ်” ဟု အဆိုပါ အသက် (၄၀) ကျော်အရွယ် အမျိုးသားက ပြောသည်။

ယနေ့နံနက် (မတ်လ ၃၁ ရက်) တွင် နှစ်ဖက်တပ်များ ထိတွေ့တိုက်ပွဲမဖြစ်သေးသော်လည်း မံဝိန်ရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က KPDF တပ်များ ရှိနိုင်မည်ဟု ယူဆရသည့် ဘေးပတ်ဝန်းကျင်ကျေးရွာများကို နံနက် ၅ နာရီမှစတင်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟုလည်း ဒေသခံတို့က ဆိုသည်။

စစ်ကောင်စီတပ်က ကချင်ပြည်နယ်အတွင်းသို့ လက်နက်၊ ခဲယမ်းနှင့် စစ်ကူ၊ ရိက္ခာများ တင်ပို့ရာတွင် ဧရာဝတီမြစ်ကြောင်းကို အဓိက အားပြုလာရာ မြစ်ကြောင်းတစ်လျှောက်ရှိသည့် ဗန်းမောက်၊ အင်းတော်၊ ကသာ၊ မြို့လှ၊ ရွှေကူ စသည့် ဒေသများမှ တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီတပ်ကို အဆက်မပြတ် တိုက်ခိုက်နေသည်။

Myanmar Now News

(က) နိုင်ငံတကာဥပဒေအရဆိုလျှင် သတ်ဖြတ်ခြင်း၏ အင်္ဂါရပ်များကား အဘယ်နည်း။ သတ်ဖြတ်ခြင်းကို လူ့အခွင့်အရေး ချိုးဖေါက်မှုတရပ်အဖြစ် မှတ်တမ်းပြုရန်အလို့ငှာ အောက်ပါ အင်္ဂါ ရပ် (၃)ရပ် ထင်ရှား ကြောင်းဖေါ်ပြရပါမည်။ ၁။ လူ့အသက်ကို သေစေခြင်း။ ၂။ တရားဥပဒေမဲ့ သတ်ဖြတ်ခြင်း။ ၃။ အစိုးရ၏ လုပ်ဆောင်ချက်။ အပြည်ပြည်ဆိုင်ရာ ဥပဒေ- လူတဦး၏ အသက်ရှင်နေထိုင်ခွင့် အသက်ရှင်နေထိုင်ခွင့်ကို အတင်းအကြပ် ရုပ်သိမ်းခြင်းကို အပြည်ပြည်ဆိုင်ရာ ဥပဒေများက ပိတ်ပင် တားမြစ်ထားပါသည်။ သတ်ဖြတ်ခြင်းသည် အသက်ရှင်နေထိုင်ခွင့်ကို ရုပ်သိမ်းခြင်းအဖြစ် အပြည်ပြည် ဆိုင်ရာ ဥပဒေကို ချိုးဖေါက်ရာ ရောက်သည်။ (ခ) တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းဆိုသည်ကို မည်သည့်အချက်များက အထမြောက်စေသနည်း။ “တရားဥပဒေမဲ့”သတ်ဖြတ်ခြင်းတွင် ဥပဒေမဲ့သတ်ဖြတ်ခြင်း သို့မဟုတ် တရားရုံးမှာ စီရင်ခြင်းမရှိသော၊ အကျဉ်းရုံးစီရင်သော သတ်ဖြတ်ခြင်း သို့မဟုတ် အတင်းအကျပ် သတ်ဖြတ်ခြင်းတို့ အကျုံးဝင်ပါသည်။ ယေဘုယျအားဖြင့် ဆိုရလျှင်၊ သတ်ဖြတ်မှုတရပ်သည် တရားမမျှတမှု ဖြစ်စေ၊ ကျိုးကြောင်းမခိုင်လုံမှု ဖြစ်စေ၊ လက်လွတ်စပယ်ပြုခြင်း ဖြစ်စေ ပါရှိနေပါက ၎င်းသည် တရား ဥပဒေမဲ့သတ်ဖြတ်ခြင်း ဖြစ် သည်ဟု ဆိုနိုင်ပါသည်။ အောက်ပါတို့သည် တရားဥပဒေမဲ့သတ်ဖြတ်ခြင်း၏ သာဓကအချို့ဖြစ်ပါသည်။ – ညှဉ်းပမ်းနှိပ်စက်ရာမှ သေဆုံးခြင်း – တရားမျှတသော တရားရုံးကြားနာစစ်ဆေးမှု မရှိဘဲ ကွပ်မျက်ခြင်း – စစ်သုံ့ပန်းကို သတ်ဖြတ်ခြင်း – အလွန်အကျွံ အင်အားအသုံးပြုရာမှ သေဆုံးခြင်း (အထူးသဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများမှာ ဖြစ်ပွားသည်။) – ထိန်းသိမ်းချုပ်နှောင်ထားစဉ် ကာလအတွင်း အသက်သေစေလောက်သော အခြေအနေများမှနေ၍ သေဆုံးခြင်း။ သာဓကအားဖြင့် အစားအစာမကျွေးဘဲ ထားခြင်း၊ သို့မဟုတ် ဆေးဝါးကုသ မပေးခြင်း။ သတ်ဖြတ်ခြင်းသည် လက်နက်ကိုင်တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ရာမှသေဆုံးခြင်း သို့မဟုတ် တရားမျှ တသော တရားရုံး ကြားနာစစ်ဆေးမှု လုပ်ပြီးနောက် သေဒဏ်ပေးမှုကြောင့် သေဆုံးခြင်းကဲသို့သော အ နည်းအကျဉ်းမျှသော အခြေအနေများမှာသာလျှင် “ဥပဒေနှင့်အညီ”ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ကျန် သတ်ဖြတ်ခြင်း အများစု (နိုင်ငံ၏ အရေးပေါ်အခြေအနေများအတွင်းမှာ ကျူးလွန်သော သတ် ဖြတ်ခြင်း အပါအဝင်ဖြစ်သည် ) သည် တရားဥပဒေနှင့်မညီသော သတ်ဖြတ်မှုများဖြစ်သည်)။