စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မကွေးတိုင်းက ရေစကြို၊ မြိုင်၊ ပေါက်၊ ဆော၊ ထီးလင်းနဲ့ ဂန့်ဂေါမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေသလို၊ ဒေသခံတွေ ရာနဲ့ချီ ဖမ်းဆီးခံရပြီး အသတ်ခံရတဲ့ ဖြစ်ရပ်တွေ ရှိနေပါတယ်။

စစ်ကိုင်းတိုင်းထဲက ရွာတွေမှာ စစ်ကြောင်းထိုးခဲ့တဲ့ ဘီလူးစစ်ကြောင်းလို့ခေါ်တဲ့ ခလရ ၉၉ ဟာ မြောင်မြို့နယ်ကနေ မကွေးတိုင်း ရေစကြိုမြို့နယ်ထဲကို ပြီးခဲ့တဲ့လက ရောက်သွားခဲ့ပါတယ်။

မတ်လ ၁၉ ရက်နေ့ မနက် ၅ နာရီမှာ မီးလောင်ကျွန်းရွာသစ်ရွာကို ပိတ်ဆို့လိုက်တဲ့အတွက် ထွက်ပြေးချိန်မရတဲ့ ရွာသား အယောက် ၂၄၀ လောက် ဖမ်းဆီးခံလိုက်ရပါတယ်။

အဲဒီအချိန်မှာ စစ်ဘေးဒုက္ခသည်တွေကို ထမင်းဟင်းချက်ပြုတ်ကျွေးနေတဲ့ အသက် ၅၀ ဝန်းကျင် ဦးဟန် ပစ်သတ်ခံလိုက်ရသလို၊ စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၄၇ နှစ်အရွယ် ကိုဆန်းဒရာကိုလည်း ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးတစ်ယောက်ကိုလည်း ထွက်ပြေးလို့ သေနတ်နဲ့ပစ်လိုက်တဲ့အတွက် ဒဏ်ရာရသွားပါတယ်။

အဖမ်းခံရတဲ့သူတွေထဲမှာ မီးလောင်ကျွန်းရွာသစ်ရွာသားတွေ ပါဝင်သလို စစ်ကိုင်းတိုင်း မြောင်မြို့နယ်က ဒေသခံတွေအပြင် ဇရပ်နီ၊ မင်းလှ၊ သာခေါင်လေး၊ ရွှေလှံ၊ မြေစွန်းနဲ့ ဆင်ခြေရာ ရွာတွေဘက်က အရပ်သားတွေလည်းပါဝင်ပါတယ်။

အဲဒီထဲက အမျိုးသမီးနှစ်ရာလောက်ကို မီးလောင်ကျွန်းရွာထိပ်က တောင်ကျောင်းဆိုတဲ့ ဘုန်းကြီး ကျောင်းမှာနှစ်ဖွဲ့ခွဲထားပြီး အမျိုးသား အယောက်လေးဆယ်ကိုတော့ ရွာထဲက နေအိမ်တွေမှာ သီးသန့်ဖမ်းဆီးချုပ်နှောင်ခဲ့တယ်လို့ ပြန်လွတ်လာတဲ့သူတွေက ပြောပါတယ်။

အမျိုးသားအုပ်စုထဲမှာ အသက် ၄၀ – ၅၀ ဝန်းကျင်နဲ့ အသက် ၁၆ ၊ ၁၇ နှစ်အရွယ် ဆက်ကျော်သက်လူငယ်တွေလည်း တွေ့ခဲ့တယ်လို့ပြောပါတယ်။

အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ ရေလယ်ကျွန်းသူ အမျိုးသမီးတစ်ဦးက သူ့အတွေ့အကြုံကို ပြောပြပါတယ်။

“အဖမ်းခံရတဲ့သူတွေက နှစ်ညအိပ်သုံးရက်ကြာတယ်။ ကျွန်တော်ကကျတော့ တစ်ညအိပ် နှစ်ရက်ပေါ့။ ကျွန်တော်မနက်ခင်းကျ ထွက်ပြေးခဲ့တာလေ။ ထွက်ပြေးပြီးတော့လည်း ရွာထဲ ပတ်ကြည့်သေးတာ။ ရွာထဲကို ပတ်ကြည့် ပြီးတော့ ရွာထဲမှာ သူတို့အနောက်ဘက်ခြမ်း ကို ယောက်ျားလေးတွေ ဖမ်းထားတဲ့ဘက်မှာ အုပ်စုလိုက်နေတာ။ အရှေ့ဘက်ခြမ်းကို လာတော့လာကြတယ်။ သိပ်မလာကြတော့ ကိုယ်က အိမ်တစ်အိမ်ပေါ်မှာ တက်နေပြီးတော့ ရွာထဲကို အခြေအနေ အကဲခတ်ပြီးတော့မှ ပြန်ထွက်ခဲ့တာ။ ကံကောင်းလို့ ပြန်လွတ်လာတယ်လို့ပဲ တွေးရတော့မှာပေါ့”

အဲဒီနေ့က သူပြောင်းခင်းထဲ ဝင်ပုန်းနေတုန်း PDF ဝတ်စုံနဲ့ လူတွေကိုတွေ့လို့ ထွက်ကြည့်လိုက်တဲ့အချိန်မှာ စစ်ကောင်စီတပ်က အုပ်စုလိုက်ထွက်လာပြီး သေနတ်တွေနဲ့ချိန်ပြီး ဖမ်းခေါ်သွားတာလို့ ပြောပါတယ်။

သူတို့ကို ဖမ်းတဲ့ စစ်ကြောင်းထဲမှာ အိန္ဒိယနွယ်ဖွားပုံစံတွေ၊ ကရင်တိုင်းရင်းသားတွေနဲ့ PDF ဝတ်စုံနဲ့ လက်နက်မပါတဲ့ ပျူစောထီးအဖွဲ့ဝင် လူငယ်တွေပါ တွေ့ရတယ်လို့ဆိုပါတယ်။ ဖမ်းတဲ့သူတွေထဲမှာ တစ်ဖွဲ့က ကြမ်းကြမ်းတမ်းတမ်းစစ်ဆေးမေးမြန်းပေမယ့် တစ်ဖွဲ့ကတော့ စစ်ကောင်စီရဲ့ဝါဒရေးရာတွေကို အေးအေးဆေးဆေးပြောတဲ့သူတွေလည်း ပါတယ်လို့ ဆိုပါတယ်။

PDF ဝတ်စုံနဲ့ ပျူစောထီးအဖွဲ့ဝင်လူငယ်တွေက အဖမ်းခံထားရတဲ့သူတွေကို စောင့်ကြည့်ရပြီး သူတို့အလုပ်က ဒေသခံတွေရဲ့ ရွှေ၊ ငွေ၊ တယ်လီဖုန်းနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ရှာဖွေသိမ်းဆည်းရတာလို့ဆိုပါတယ်။ အဖမ်းခံရတဲ့သူတွေထဲကမှာ ဇရပ်နီရွာက အမျိုးသမီးတစ်ဦးရဲ့ ငွေကျပ် ၇၁ သိန်းကို စစ်ကောင်စီတပ်သားတွေက ယူသွားတယ်လို့ဆိုပါတယ်။ အဲဒီငွေတွေ ဟာ သူ့ရွာမှာအခြေချဖို့ စုဆောင်းထားတာလို့ ပြောပြပါတယ်။

sagaing.jpg
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် လည်ကြီးကျေးရွာတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်က ပြည်သူ့စစ် သင်တန်းပေးနေသည့် မြင်ကွင်း။ (Photo: Citizen Journalist)

အဖမ်းခံရတဲ့ အမျိုးသားတစ်ဦးကတော့ စစ်ကာင်စီတပ်ရဲ့ ဝါဒဖြန့်သဘောတရားတွေ နားထောင်ခဲ့ရပြီး ပြန်လွတ်လာပေမယ့် အာဏာရှင်ဆန့်ကျင်ရေးကို ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့က သူတို့လက်ခုပ်ထဲကရေပဲ။ ကျွန်တော်တို့ကတော့ သူတို့နဲ့ မလွတ်မချင်းကတော့ ဒုံးဒုံးချလို့မရဘူး။ တစ်ခါတစ်လေ ရှေ့တန်းပဲ ခေါ်သွားမလား။ မိုင်းနင်းခိုင်းမလား။ နောက်ပိတ်ဆုံး သူတို့ပြန်တဲ့ အချိန်သတ်ခဲ့မလား။ ကျွန်တော်က အဲဒီနှစ်ခုပဲတွေးပါတယ်။ ညီအကို မောင်နှမသားချင်း ရှိရင် ပြောပေးပါပေါ့။ သူတို့ကတော့ မတိုက်နဲ့။ လက်နက်ရှိရင် မြေကြီးထဲမြှုပ်ထားပေါ့ဗျာ။ PDF တွေကို မထောက်ပံ့နဲ့ အဲ့ဒီလိုပြောတာ။ ကျွန်တော်တို့ကတော့ သူတို့ဘယ်လိုပဲဖြစ်ဖြစ် ဒီတော်လှန်ရေးမပြီးမချင်း ရှေ့ဆက်လျှောက်ဦးမှာပဲ”

သူအဖမ်းခံရတဲ့အချိန်မှာ စစ်တပ်က သူ့လက်စွပ်ကို ချွတ်ယူသွားသလို၊ အဲဒီမှာ နှစ်ညအိပ်သုံးရက် နေခဲ့ရတယ်လို့ ပြောပါတယ်။ သူတို့ကို ညှဉ်းပန်းနှိပ်စက်တာတွေတော့ မလုပ်ဘူး။ ဒါပေမဲ့ သူတို့ရဲ့ နာမည်၊ နေရပ်နဲ့ PDF တွေအကြောင်းစစ်ဆေးမေးမြန်းသလို ဓာတ်ပုံ ရိုက်ယူသွားတယ်လို့ ပြောပြပါတယ်။

အဲဒီ ခလရ ၉၉ စစ်ကြောင်းထဲမှာ ဗိုလ်မှူးထွန်းလင်းအောင် ဆိုတဲ့ နာမည်ခေါ်သံလည်း ကြားခဲ့ရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက သူတို့တိုက်ခဲ့တဲ့ PDF စခန်း ၂၀ ကျော်ရှိသွားပြီလို့ အဖမ်းခံရသူတွေကို ပြောပြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း ဆောမြို့နယ် သရက်ချဉ်ရွာသား ၂၆ ဦးကို ကျောက်ထုအခြေစိုက် အမှတ် (၃၆၈) အမြောက်တပ်က ဖမ်းဆီးခဲ့ပါတယ်။ သူတို့ကို တပ်ထဲက အလုံပိတ်အဆောင်တစ်ဆောင်စီမှာ အမျိုးသားခုနှစ်ဦးက သတ်သတ်၊ အမျိုးသမီး ၁၉ ဦးက သတ်သတ် ထားပါတယ်။ သူတို့ထဲမှာ ကလေးသုံးဦးနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်ပါတယ်။

အဖမ်းခံရချိန်မှာ မိသားစုနဲ့ ပြန်တွေ့ရတော့မှာ မဟုတ်တော့ဘူးဆိုတာ ခံစားမိတယ်လို့ ပြန်လွတ်လာတဲ့ အမျိုးသားကြီးတစ်ဦးကပြောပြပါတယ်။

“သွားတုန်းက လှည်းတွေနဲ့သွားရတယ် ကျွန်တော်တို့က။ နောက်မှာထားတယ်၊ ခါးလယ်မှာရော နောက်တွေမှာရော မိန်းမကြီးတွေရော ကလေးတွေရော ဖွတ်စု (ကလေး) တွေရော ပါတယ်ဆိုတော့ လှည်းတွေနဲ့။ ကျွန်တော်တို့ကို ဘယ်အချိန်သတ်မလဲ။ ဘယ်အချိန်မှ လွတ်ပါ့မလဲကစလို့ စိုးရိမ်နေရတော့တာပေါ့။ အထဲမှာ နေရတဲ့အချိန်ကတော့ ရွာဘက်ကို ကိုယ့်သားသမီးတွေနဲ့ ပြန်လို့တွေ့ဆုံရပါတော့မလား။ မွေးချင်းတွေနဲ့ တွေ့ရပါတော့မလား။ ဒီတစ်ခါတော့ ပြန်ရတော့မှာ မဟုတ်တော့ဘူးလို့ ထင်တာ”

သူတို့ထဲက ၂၁ ဦးကို ဖမ်းဆီးစစ်ဆေးပြီး ၁၂ ရက်အကြာမှာပြန်လွှတ်ပေးလိုက်ပေမယ့်၊ သူအပါအဝင် အမျိုးသားငါးဦးကို ၁၅ ရက်ကြာမှ လွှတ်ပေးတယ်လို့ပြောပါတယ်။

အခုလို လူတွေကိုဖမ်းပြီး လူသားဒိုင်းအဖြစ်လုပ်နေတာဟာ ပြည်တွင်း ပြည်ပဥပဒေတွေ ချိုးဖောက်နေတာလို့ ရှေ့နေ ဦးကြီးမြင့်က ထောက်ပြပါတယ်။

” လူသားဒိုင်းအဖြစ်နဲ့ လူတွေကို မိုင်းနင်းခိုင်းတာတို့၊ အတူတူရှေ့ကနေ အသေခံခိုင်းတာတို့ လုပ်တာတွေကတော့ ဂျီနီဗာကွန်ဗန်းရှင်းအရရော၊ စာချုပ်အရရော၊ မြန်မာနိုင်ငံ ရာဇသတ်ကြီး ဥပဒေအရရော၊ နောက်တစ်ခါ ပြဋ္ဌာန်းထားတဲ့ ကိုယ့်ကိုယ်ကို ခုခံပိုင်ခွင့် အဲဒါတွေအရရော၊ နောက်တစ်ခါ လူ့အခွင့်အရေး၊ မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ အဲဒီ အခွင့်အရေး ဥပဒေတွေနဲ့ လုံးဝမကိုက်ညီဘူး။ ဥပဒေကို ချိုးဖောက်တာပေါ့”

အခုလို ဘီလူးစစ်ကြောင်းက ဒေသခံတွေနဲ့ PDF အဖွဲ့ဝင်တွေကို ဖမ်းဆီး သတ်ဖြတ်နေတယ် ဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို စစ်တပ် (Viber) အဖွဲ့ကနေတစ်ဆင့် RFA ကဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းမပြန်ပါဘူး။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဧပြီလ ၅ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၇၃၅၅ ဦး ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

RFA Burmese

မန္တလေးနှင့် စစ်ကိုင်းတိုင်းအစပ် တကောင်းတိုက်နယ်အတွင်း စစ်တပ်က လေကြောင်းမှ ပစ်မည်ဟု သတင်းဖြန့်နေ၍ အနည်းဆုံး ကျေးရွာ ၇ ရွာခန့်မှ ဒေသခံ ထောင်ချီသည် နီးစပ်ရာ ကျေးရွာများနှင့် မြို့ပေါ်သို့ တိမ်းရှောင်နေရသည်။

တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာသော မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်တွင် စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် ထောင်နှင့်ချီသော ဒေသခံများ တက်သုတ်ရိုက် ထွက်ပြေးတိမ်းရှောင်နေရသည်။

မန္တလေးမြို့မြောက်ဘက် တကောင်းမြို့မှ ၅ မိုင်ခန့်အကွာ တကောင်းနယ်ဖြစ်သော မန္တလေး-မြစ်ကြီးနားလမ်းဘေးရှိ ကျေးရွာများအတွင်း ယမန်နေ့ (ဧပြီ ၁၆) တွင် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များ ရောက်ရှိလာပြီး လေကြောင်းမှ တိုက်ခိုက်မည်ဖြစ်သဖြင့် ညနေ ၃ နာရီနောက်ဆုံးထား ရွှေ့ပြောင်းရန် လိုက်လံအော်ဟစ်ပြောဆိုကြောင်း ဒေသခံတို့ထံမှ သိရသည်။

“တချို့ရွာတွေမှာ မိုက်နဲ့ လိုက်အော်တယ်လို့လည်း ကြားတယ်။ တချို့ရွာတွေမှာတော့ စကစခန့် အုပ်ကြီးတွေကတစ်ဆင့် ရွာထဲ သတင်းလိုက်ဖြန့်ခိုင်းတာ။ ညနေ သုံးနာရီနောက်ဆုံးထား ရွှေ့ကြဆိုတော့ နေ့လယ် ၁၁ လောက်ကတည်းက မြို့ပေါ် ရွှေ့ကြရတာ” ဟု တကောင်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ခြောက်လှန့်သတိပေးချက်နှင့်အတူ မန္တလေး-မြစ်ကြီးနားလမ်းဘေးမှ ဥသျှစ်ကုန်း၊ မိုင်းဒိုင်း၊ ပေကုန်း၊ ကျောက်အိုက်၊ ညောင်ကုန်း စသည့် အနည်းဆုံး ကျေးရွာ ၇ ရွာခန့်မှ ဒေသခံများမှာ အခြားကျေးရွာများ အပါအဝင် တကောင်းမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။

“ကျွန်တော်တို့ရပ်ကွက်ထဲတော့ ဘုန်းကြီးကျောင်းတွေရော၊ ‌ဆွေမျိုးမိတ်ဆွေတွေအိမ်တွေရော၊ လူတွေအများကြီးပဲ။ မနေ့ နေ့လယ်ပိုင်းလောက်က စဝင်လာကြတာ။ ရွာတွေက လူတွေ လေယာဉ်နဲ့ ဗုံးကြဲမယ် ကြားတော့ သူတို့လည်း မြို့ပေါ် ရောက်လာကြတာ” ဟု အထက်ပါ တကောင်းမြို့ခံ အမျိုးသားက ဆိုသည်။

ကျေးရွာအတွင်း ကျန်ခဲ့သည့် တိရစ္ဆာန်များနှင့် နေအိမ်ကို စောင့်ကြည့်ရန် လူတချို့သာ အစောင့်ကျန်ခဲ့ပြီး အမျိုးသမီး၊ ကလေးငယ်နှင့် သက်ကြီးရွယ်အိုအားလုံးနီးပါး ကျေးရွာကို စွန့်ခွာလာခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။

“အိမ်တွေ၊ တိရစ္ဆာန်တွေကြည့်ဖို့ တချို့လည်း အစောင့်ချန်ခဲ့ရတာပေါ့။ အများစုကတော့ ရွာက ထွက်လာကြရတယ်” ဟု တကောင်းမြို့ပေါ်သို့ တိမ်းရှောင်နေရသည့် ထိုအမျိုးသားက ဆိုသည်။

၎င်းတို့ရွာတွင် ဗုံးကြဲတိုက်ခိုက်မည့်အကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် သိရသည်ဟု ဆိုသည်၊ ရွာအမည်ကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုလိုခြင်း မရှိပေ။ 

စစ်ကောင်စီ၏ ခြောက်လှန့်သတိပေးချက်နှင့် ပတ်သက်၍ အသေးစိတ် မသိရသေးပေ။

ကရင်နီဒေသအတွင်း လေကြောင်းရန်ကြောင့် ဗုံးခိုကျင်းတူးထားသည်ကို ၂၀၂၂ ဖေဖော်ဝါရီက တွေ့ရစဉ်။ (ဓာတ်ပုံ-ခွန်လှဉာဏ်/Myanmar Now)

မကွေးတိုင်းအခြေစိုက် တပ်မ (၈၈) မှ တပ်ဖွဲ့တချို့က တကောင်းနီကယ်စက်ရုံတွင် ခြေကုပ်ယူ တပ်စွဲထားကာ ထိုအထဲမှ အင်အား ၇၀ ခန့်ဖြင့် ယခုလ ၁၃ ရက်ကတည်းက တကောင်းတိုက်နယ်အတွင်း စစ်ကြောင်းထိုးနေသည်ဟု သိရသည်။

သင်္ကြန်အကြိုနေ့ဖြစ်သော ဧပြီ ၁၃ ရက်တွင် စစ်ကောင်စီစစ်ကြောင်းကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဝင်ရောက် တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ ဆက်ဖြစ်နေသည်။ ယမန်နေ့အထိ ရင်ဆိုင်တိုက်ပွဲ လေးကြိမ်ဖြစ်ကာ ဧပြီ ၁၅ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းမှ ငါးကြိမ် ပစ်ကူပေးခဲ့ကြောင်း တကောင်းပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“လေကြောင်းက တိုက်ခိုက်တာက တိုက်ပွဲနေရာနဲ့တော့ ဝေးတယ်။ ကျောက်အိုက်ဆိုတဲ့ ရွာနားမှာ တိုက်ပွဲကြောင့် စစ်ရှောင်တွေ ရှိနေတဲ့ တောတန်းတွေနားကို ပစ်တာ။ ငါးကြိမ်တောင်မှ ပတ်ပစ်တယ်၊ အထိအခိုက်တော့ မကြားရသေးဘူး” 

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အထိအခိုက်များပြားခဲ့ပြီး အနည်းဆုံး စစ်သား ၂၀ ခန့် သေဆုံးနိုင်ကြောင်း၊ လက်ရှိတွင် ကျွန်းတပင်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့် တပ်စွဲထားကြောင်းလည်း တကောင်းပကဖက ဆိုသည်။

လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး နောက်တစ်နေ့တွင် တကောင်းတိုက်နယ်အတွင်းရှိ ကျေးရွာများကို လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်မည်ဖြစ်ကြောင်း၊ ရွာခံလူထုကို ကျေးရွာများအတွင်းမှ ထွက်ခွာစေလိုကြောင်း စစ်ကောင်စီက အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် သတင်းဖြန့်ခဲ့ခြင်းဖြစ်သည်ဟု ပကဘက်က ဆိုသည်။ 

အနယ်နယ်အရပ်ရပ်တွင် ပြင်းထန်သော ခုခံတိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် နေ့စဉ်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပြီး အရပ်သားများကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေသည်။

ယခုလ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ၌ လူစုလူဝေးပြုလုပ်နေစဉ် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အပြင် ရဟတ်ယာဉ်ဖြင့်ပါ အနီးကပ်ပစ်ခတ်ခဲ့သည်။ ထို့ပြင် ညနေပိုင်း၌ အလောင်းကောက်နေသူများကို လေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ၏ လူမဆန်သော လေကြောင်းတိုက်ခိုက်မှုကြောင့် ပဇီကြီးရွာ၌ ကလေးငယ်များ အပါအဝင် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ရပြီး ထိုလုပ်ရပ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန် ရှုတ်ချထားသည်။

Myanmar Now News

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာမှာ လူ ၈၀၀ လောက်စုဝေးနေတဲ့နေရာကို စစ်ကောင်စီတပ်က ဧပြီ ၁၁ ရက် မနက် ၇ နာရီ ၄၅ မိနစ်မှာ လေကြောင်းကနေ အနည်းဆုံး လူ ၈၀ အစုလိုက်အပြုံလိုက် သေဆုံးသွားအောင် တိုက်ခိုက်တာဟာ အာဏာသိမ်းပြီးနောက် တစ်ချိန်တည်း တစ်ခါတည်း တစ်ပြိုင်တည်း အရပ်သားတွေ အများဆုံးသေဆုံးရတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။

ဒါဟာ စစ်ကောင်စီက သူ့အကြမ်းဖက်မှုကို ထပ်မံပြသတာလို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ထောက်ပြပါတယ်။

“စစ်ကောင်စီက သူ့ကိုယ်သူ အကြမ်းဖက်သမားဆိုတာ နောက်ထပ်ပြလိုက်တဲ့ သက်သေတစ်ခုလို့ပဲ မြင်ပါတယ်။ အင်မတန်ရက်စက်ကြမ်းကြုတ်တဲ့ သူရဲ့ အသွေးအသားကို ဖော်ပြလိုက်တာပဲလို့ ကျွန်မတော့မြင်တယ်။ ကျွန်မတို့တွေ ဒိထက်ပို သန်မာကြရအုန်းမယ်။ ကျွန်မတို့တွေ ဒိထက်ပိုပြီး သတိကြီးကြရအုန်းမယ်။ ဒိထက် ပိုပြီးတော့ တယောက်နဲ့တယောက် ကျောချင်းကပ်ပြီးတော့ စုစည်းကြရအုန်းမယ်။ ညီညွတ်ကြရအုန်းမယ်။ ကျွန်မတို့အနေနဲ့တော့ အတတ်နိုင်ဆုံး ဒီလိုမျိုး ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေကို တရားမျှတမှုပြန်လည်ဖော်ဆောင်နိုင်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားသွားမယ်ဆိုတာကိုပဲ ပြည်သူလူထုကို ပြောချင်ပါတယ်။”

ဒီဖြစ်ရပ်မှာ ကလေးတွေ ကိုယ်ဝန်ဆောင်တွေပါ တိုက်ခိုက်ခံရတာပါ။ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်လို့ သေဆုံးသူ ၈၀ ကျော်သွားပြီလို့ အဲဒီနေရာနားမှာ ရှိတဲ့ လူငယ်တယောက်က ဧပြီ ၁၁ ရက် မြန်မာစံတော်ချိန် ည ၁၀ ညနာရီခွဲလောက်က ပြောပြပါတယ်။

“၂၀၀ မကျော်သေးဘူး၊ ၁၀၀ ဝန်းကျင်ရှိတယ်။ ထိခိုက်ကတော့ ၂၃ ယောက်ရှိသွားပြီ၊ သေတာက ၈၀ ကျော်။ လူနာသွားပို့ရင်း လမ်းမှာသုံးယောက် ထပ်သေသွားသေးတယ်။”

စစ်ကောင်စီဘက်ယိမ်းတဲ့ People Media ကတော့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်မှုနဲ့ ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲကျင်းပနေချိန်မှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ လေကြောင်းက ပစ်ခတ်ရှင်းလင်းတယ်လို့ ဖော်ပြပါတယ်။

ဒီအတိုင်းဆို စစ်ကောင်စီရဲ့ ပစ်မှတ်က NUG ဆိုတာထင်ရှားပေမဲ့ တကယ်တမ်း တိုက်ခိုက်တဲ့အခါ အရပ်သားတွေ၊ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေရှိတဲ့ နေရာဖြစ်နေပါတယ်။ ဒါကို ကန့်ဘလူမြို့နယ် PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က

“သူတို့ပေးချင်တဲ့ မက်ဆေ့ကတော့ ကျနော်တို့ကို ပြည်သူ့အုပ်ချုပ်ရေး မတည်ဆောက်ရဲအောင် သူတို့အမျိုးမျိုး လုပ်နေတယ်လို့ မြင်တယ်။ ဒီဘက်ပိုင်းတွေမှာက ကျနော်တို့ အုပ်ချုပ်ရေး ကျနော်တို့ စတဲ့ အပိုင်းတွေရှိတယ်။ ကျနော်တို့ ပြောချင်တာကတော့ ဒီအရပ်သားတွေရှိတဲ့ ကလေးသူငယ်နဲ့ ကိုယ်ဝန်ဆောင် မိခင်တွေရှိတဲ့ နေရာကို တိုက်ခိုက်တာက အရပ်သားတွေကြီးပဲ ရှိတဲ့နေရာဗျ၊ တပ်ရင်းတပ်ဖွဲ့ကလူ တစ်ဦးတစ်ယောက်မှကို မပါဘူး”

မိခင်လောင်းတွေ၊ ကလေးတွေရှိတဲ့နေရာ တည့်တည့်ကို ရွေးပြီး ၁၅ မိနစ်လောက် ဂျက်တိုက်လေယာဉ်နဲ့ ဗုံးလည်းကြဲ၊ Flying Tank ဆိုတဲ့ ဝေဟင်က တင့်ကားလို့ တင်စားတဲ့ ရုရှားလုပ် Mi-35 တိုက်ရဟတ်ယာဉ်နဲ့ ပစ်လည်း ပစ်ခတ်တဲ့အခါ ကလေးတွေ ကိုယ်တခြား ခေါင်းတခြား ဖြစ်ကုန်တယ်လို့ အသက်ဘေးက လွတ်မြောက်လာတဲ့ ပဇီကြီးရွာသားတစ်ယောက်က ပြောပြပါတယ်။

“ကလေးတွေဆို ခေါင်းတခြား၊ ကိုယ်တခြားပဲ။ လက်ပြတ်တဲ့သူနဲ့ ကျွန်တော်တို့ ဘယ်လို ပြောရမလဲဆို လက်တစ်ဆစ်၊ နှစ်ဆစ်လို အတုံးတွေကလည်း ကတ္တရာလမ်းပေါ်မှာ ခြေချစရာ နေရာကို မရှိဘူး။ ခေါင်းတခြား ကိုယ်တခြားတွေရော၊ လူတွေက ဘယ်သူဘယ်ဝါကို မသိတော့ဘူးပေါ့။ ရွာကို လှည့်ပတ်ပစ်သွားတာ အကုန်လုံး လှည့်ပတ်ပြီးတော့။ ပုန်းနေတဲ့ ပြည်သူတွေ ဘယ်နားပုန်းနေလောက်လဲဆိုတဲ့ ထင်ကြေးတွေနဲ့ကို ပစ်သွားတာ။ ကျွန်တော်တို့ အနားကို နှစ်ချက်လောက် လာကျသေးတာ။ ကျွန်တော်တို့နဲ့ နှစ်တောင်ကွာ သုံးတောင်ကွာလောက်မှာ သူတို့ရဲ့ ကျည်ဖူးတွေလေ။ ခေါင်းကို ဖော်မရအောင် ပစ်တာ”

ဒီလို တိုက်ခိုက်တာမှန်ကန်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက MRTV ကနေ ဧပြီ ၁၁ ရက်ညမှာ ဝန်ခံပြီး PDF အမည်ခံအဖွဲ့တွေသေဆုံးတယ်လို့ ပြောပါတယ်။ စစ်ကောင်စီပြောခွင့်ရက MRTV ကနေ ဆက်လက်ပြောကြားသွားတာကတော့

“မြေပြင်သတင်းပေါ့၊ မြေပြင်သတင်းက ရရှိတဲ့ သတင်းအရ ကျွန်တော်တို့ရဲ့ တိုက်ခိုက်မှု တစ်ခုတည်းကြောင့် ဖြစ်သွားတာ မဟုတ်ပါဘူး၊ မြေပြင်မှာတော့ အဲဒီနေရာအဲဒီအဖွဲ့တွေ အနေနဲ့ အဲဒီနေရာတစ်ဝိုက်မှာ သူတို့ PDF အဖွဲ့တွေ အသုံးပြုနေတဲ့ မိုင်းတွေ ထောင်ထားတာရှိတယ်။ ပြီးရင် အဲ ကျွန်တော်တို့ PDF အဖွဲ့က အသုံးပြုနေတဲ့ ယမ်းတွေ မိုင်းတွေကို သိုလှောင်ထားတဲ့ ခဲယမ်းထားရှိတဲ့ နေရာရှိတယ်။ အဲဒီ နေရာတည့်တည့်ကို ကျွန်တော်တို့လက်နက်ထိမှန်တဲ့အတွက် ပေါက်ကွဲပြီးတော့ ဒါ သေဆုံးရတယ်ဆိုတာကိုလည်း ကျွန်တော်တို့ သတင်းအတိအကျရရှိထားပြီး ဖြစ်ပါတယ်။”

“ကျွန်တော်တို့နဲ့ နှစ်တောင်ကွာ သုံးတောင်ကွာလောက်မှာ သူတို့ရဲ့ ကျည်ဖူးတွေလေ။ ခေါင်းကို ဖော်မရအောင် ပစ်တာ”

ဒီ ပဇီကြီးရွာ အစုလိုက်အပြုံလိုက် အသတ်ခံရမှုမှာ မိသားစုတွေ ကစဉ့်ကလျား ဖြစ်ရတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။ တဆက်တည်း

“ဒီဖြစ်စဉ်မှာ ဒီအကြမ်းဖက်မှုကြောင့် မိသားစုတွေ၊ အသက်တွေ၊ ဘဝတွေ သွေးစွန်းခဲ့ကြတယ်.. ပျက်စီးခဲ့ကြတယ်။ မိသားစုတွေ ညီအစ်ကိုမောင်နှမတွေ သူငယ်ချင်းတွေအတူတူ စိတ်နှလုံးချင်း ထပ်တူထပ်မျှ ခံစားရပါတယ်ဆိုတာလည်း ပြောချင်တယ်။ ကျွန်မတို့ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကိုလည်း ကမ္ဘာကြီးက အကျယ်လောင်ဆုံးကြားနိုင်အောင် ဆက်လက်ပြီးဆောင်ရွက်ပါမယ်။ တရားမျှတမှု ပြန်လည်ဖော်ဆောင်ဖို့လည်း အမှိတ်မသုန် ဆောင်ရွက်နေပါတယ်ဆိုတာ ထပ်လောင်းပြီး သတင်းစကားပေးချင်ပါတယ်။”

NUG ချက်နိုင်ငံအစိုးရကိုယ်စားလှယ်လည်းဖြစ် NUG နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံဆိုင်ရာမြေပြင်အချက်အလက်တွေကို တာဝန်ယူသူလည်းဖြစ်တဲ့ ဦးလင်းသန့်ကတော့ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ လူ ၁၅၀ ကျော်သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရရှိတယ်လို့ RFA ကို အမေရိကန်အရှေ့ခြမ်းစံတော်ချိန် မွန်းလွဲ ၂ နာရီမှာ ပြောကြားပါတယ်။

RFA Burmese

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လူထုစုဝေးပွဲကို စစ်ကောင်စီ တိုက်လေယာဉ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

တစ်ဆက်တည်းမှာ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူဖို့လည်း သူကတောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ဧပြီလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဒီပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အသက်ဆုံးရှုံးရသူတွေရဲ့ မိသားစုဝင်တွေနဲ့အတူ အလွန်ကြေကွဲဝမ်းနည်းရပါကြောင်းလည်း အတွင်းရေးမှူးချုပ်က ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ထိခိုက်ဒဏ်ရသူတွေကိုလည်း ချက်ချင်း ဆေးကုသခွင့်ပြုဖို့နဲ့ လိုအပ်တဲ့အကူအညီတွေ ထောက်ပံ့ခွင့်ရရှိဖို့လည်း အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါတယ်။

သူ့ရဲ့ကြေညာချက်မှာ အကြမ်းဖက်မှုမှန်သမျှကို ပြစ်တင်ရှုတ်ချကြောင်းနဲ့ အရပ်သားပြည်သူတွေကို နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေပြဋ္ဌာန်းချက်တွေနဲ့အညီ အကာအကွယ်ပေးဖို့လည်း အခိုင်အမာ ထပ်မံထည့်သွင်း ပြောကြားသွားပါတယ်။

တစ်ဆက်တည်းမှာပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အာဏာသိမ်းစစ်ကောင်စီကို လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ နဲ့အညီ မြန်မာနိုင်ငံအနှံ့အပြား ပြည်သူလူထုအပေါ် အကြမ်းဖက်မှု မှန်သမျှ ရပ်တန့်ဖို့လည်း ထပ်မံတောင်းဆိုလိုက်ပါတယ်။

RFA Burmese

စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအဖွဲ့ ရုံးဖွင့်ပွဲတစ်ခုကို လေယာဉ်၊ ရဟတ်ယာဉ်များ တိုက်ခိုက်အပြီးတွင် အလောင်းများကို တစ်စစီပြန်ကောက်နေရသည်။

(သတင်းအတွင်း စိတ်မချမ်းမြေ့ဖွယ်ရာ အကြောင်းအရာများ၊ ဓာတ်ပုံများ ပါဝင်သည်)

ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အရှေ့ပိုင်းရှိ ပဇီကြီးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ရုံးဖွင့်ပွဲ ကျင်းပနေချိန် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် သေဆုံးသူ ၈၀ ထက်မနည်းရှိကြောင်း သိရှိရသည်။  

ပဇီကြီးရွာ အနောက်ဘက် မြေကွက်လပ်တွင် သစ်၊ ဝါးတို့ဖြင့် တည်ဆောက်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပလဖရုံးနေရာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့သလို တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၁၀ မိနစ်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတက်ရောက်လာသူများကို ထမင်းကျွေးနေချိန်တွင် စစ်ကောင်စီက လေကြောင်းမှ ရုတ်တရက် တိုက်ခိုက်လာခြင်းဖြစ်ကြောင်း၊ ထိုနေရာတစ်ဝိုက်တွင် ရွာခံ သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေး စုစုပေါင်း၂၀၀ ခန့် ရှိနေကြောင်း အခင်းဖြစ်ပွားရာဒေသတွင် နေထိုင်သည့် သတင်းရင်းမြစ်လေးဦးထံမှ သိရသည်။ ထိုသတင်းရင်းမြစ်လေးဦးအနက် သုံးဦးမှာ တော်လှန်ရေးအဖွဲ့ဝင်များဖြစ်ပြီး ကျန်တစ်ဦးမှာ အရပ်သား အမျိုးသားတစ်ဦးဖြစ်သည်။ 

ပဇီကြီးရွာအတွင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ဒေသခံ အမျိုးသားတစ်ဦး၏ အဆိုအရ ဒဏ်ရာရသူ ၄၀ ဝန်းကျင်ကို အရေးပေါ်ဆေးကုသမှု လုပ်ဆောင်နေကာ ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသူဦးရေ တိုးလာနိုင်ကြောင်း၊ လတ်တလောတွင် ရုပ်အလောင်း ၅၀ ဝန်းကျင်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း မွန်းလွဲ ၂ နာရီတွင် ပြောသည်။

ကိုယ်ခန္ဓာအစိတ်အပိုင်းများ အပိုင်းပိုင်းပြတ်နေခြင်း၊ မီးလောင်ကျွမ်းထားခြင်းတို့ကြောင့် သေဆုံးသူဦးရေ အတိအကျနှင့် မည်သူမည်ဝါဖြစ်သည်တို့ကို အတည်မပြုနိုင်သေးကြောင်း ခန့်မှန်းခြေ ၈၀ ထက်မနည်း ရှိမည်ဖြစ်ကြောင်း ၎င်းတို့က နေ့လယ် ၁ နာရီခန့်တွင် ပြောသည်။

လေကြောင်းတိုက်ခိုက်ခံရသည့် နေရာတွင် မီးကျွမ်းအဆောက်အအုံနှင့်တစ်ပါတည်း မီးလောင်သေဆုံးနေသူများ၊ ခြေ၊ လက်၊ ခေါင်းပြတ်၊ ဗိုက်ပွင့်၊ ခေါင်းပွင့် စသည့် ဆိုးရွားသော ဒဏ်ရာများဖြင့် သေဆုံးနေသူများကို Myanmar Now က ကြည့်ရှုခွင့်ရခဲ့သည့် ဓာတ်ပုံနှင့် ရုပ်သံများတွင် တွေ့ရသည်။

လက်နှစ်ဖက်ပြတ်နေပြီး အူတွင်းကလီစာများ ပွင့်ထွက်နေသည့် အမျိုးသားတစ်ဦး၊ ခါးအောက်ပိုင်းတစ်ခုလုံးပြတ်ထွက်ပြီး သေဆုံးနေသော အမျိုးသမီးတစ်ဦး၊ ပြန့်ကျဲနေသော ခြေပြတ်များ၊ လက်မောင်းပြတ်များနှင့် မီးလောင်ကျွမ်းနေသော မော်တော်ဆိုင်ကယ်များ၊ ဗုံးအရှိန်ကြောင့် မီးလောင်ထားသော သစ်ပင်ချုံပုတ်များကို ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရှိရသည်။ 

ကန့်ဘလူမြို့နယ်သည် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲများ လပေါင်းများစွာဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းမြောက်ပိုင်းရှိ မြို့နယ်တစ်မြို့နယ်ဖြစ်ပြီး၊ ယခုတိုက်ခိုက်မှုဖြစ်သည့် ရွာတွင် လူဦးရေ ၈၀၀ ခန့် နေထိုင်နေသည်။ 

လူအုပ်စုထဲကို ပစ်မှတ်ထားတိုက်ခိုက်သွားခြင်းဖြစ်သည်ဟု NUG လက်အောက်ခံ ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တာဝန်ခံတစ်ဦးက ပြောသည်။ 

“ဂျက်ဖိုက်တာနဲ့ ချတဲ့ ဗုံးနှစ်လုံးက လူတွေစုနေတဲ့ (တဲ) အထဲ တည့်တည့်ကျတာ။ ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးချပြီးတော့မှ Mi 35 (ရဟတ်ယာဉ်) နဲ့ လာပစ်သွားတယ်။ လူစုစုနေတဲ့နေရာကိုပဲ အဓိက ပစ်သွားတာ။ ပြည်သူတွေ စုနေတဲ့နေရာကို လုံးဝတည့်တည့်ကျတာဆိုတော့ ခြေပြတ်လက်ပြတ်တွေ အကုန်ဖြစ်ကုန်တာ” ဟု သူက ပြောသည်။

ဗုံးကျခဲ့သည့် အဆောက်အအုံထဲတွင် ရုံးဖွင့်ပွဲသို့ တက်ရောက်နေသည့် သက်ကြီးပိုင်း ရွာခံ ၃၀ နီးပါးရှိပြီး ထိုနေရာနှင့် မလှမ်းမကမ်း ထမင်းကျွေးသည့် နေရာတွင် ကလေးငယ်နှင့် အမျိုးသမီးအများစုရှိနေသည်ဟု အထက်ပါ သတင်းရင်းမြစ်တို့က ဆိုသည်။

“(အဆောက်အအုံထဲမှာ) အထပ်လိုက်တွေ သေနေတာ။ ဗုံးသီးက တည့်တည့်ကျသွားတာ။ အမိုးတွေရော၊ အကာတွေရော လွင့်ထွက်သွားတာ။ ၇ တောင်လောက် အကွာမှာ ကလေးပေါက်စတွေ။ သူတို့လည်း အကုန်လွင့်ပြီး ချုံတွေပေါ်တင်နေတာ” ဟု ကန့်ဘလူမြို့နယ် PDF တပ်ရင်း (၄) တာဝန်ရှိသူက ပြောသည်။ 

တစ်စစီပြန့်ကျဲနေသည့် ခန္ဓာရုပ်ကြွင်းများကို မီးလောင်ပြင်နှင့် အပျက်အစီးများအတွင်း မိသားစုဝင်တို့က လိုက်ကောက်ကာ တိုက်ဆိုင်စိစစ်နေရသည့် အခြေအနေဖြစ်၍ သေဆုံးသူတို့နှင့် ပတ်သက်သည့် အသေးစိတ်ကို မပြောနိုင်သေးဟု အထက်ပါ တပ်ရင်း (၄) တာဝန်ရှိသူက ပြောသည်။

“ဒါကတော့ ငါ့သားဆိုင်ကယ်လေး….(အဲသလိုမျိုး) ရွာကလူတွေ လိုက်ရှာနေကြတာပေါ့ဗျာ။ အလောင်းတွေက တစ်စစီဖြစ်ပြီး အကုန်လွင့်နေတဲ့အပြင် အသားစတွေပါ မီးတွေလောင်နေတာ။ ခြေထောက်တွေ၊ လက်တွေ၊ အူတွေ အခွေလိုက်လွင့်ပြီး အသားစတွေ မီးလောင်နေတာ” ဟု ထိုသူက ဆက်ပြောသည်။

ဧပြီ ၁၁ ရက်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အရှေ့ပိုင်းရှိ ပဇီကြီးရွာ။

စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပဇီကြီးရွာအတွင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။

“ဗုံးကြဲခံရလို့ ဖရိုဖရဲဖြစ်နေတဲ့ လူအုပ်ကို ရဟတ်ယာဉ်နဲ့ လိုက်ပစ်တဲ့ပုံစံမျိုးပဲ။ သေဆုံးသူတွေထဲမှာ ၅ နှစ်‌ ၆ နှစ် ကလေးလေးတွေလည်း ပါတယ်။ တချို့ဆို အလောင်းကို မပီသတော့ဘူး။ အစိတ်အပိုင်းတွေ တခြားစီဖြစ်သွားတာ” ဟု ၎င်းက ပြောသည်။​

လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသည့် ဆိုင်ကယ်သုံးစီးပါ ပျက်စီးခဲ့ပြီး အမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦးပါ သေဆုံးခဲ့ရကြောင်း၊ ရွာခံများ မဟုတ်သဖြင့် မည်သူမည်ဝါမှန်း အတည်မပြုနိုင်သေးကြောင်း အထက်ပါ PLA တပ်ဖွဲ့ဝင်က ဆက်ပြောသည်။

လေကြောင်းတိုက်ခိုက်ခံရမှုမှ အသက်မသေဘဲ လွတ်မြောက်လာသူများ၊ သေဆုံးသူတို့၏ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အရှေ့ပိုင်းရှိ ပဇီကြီးရွာတွင် ဧပြီ ၁၁ ရက်က တွေ့ရသည့် အပျက်အစီးနှင့် ရုပ်ကြွင်းများ။ ဓာတ်ပုံ – ပေးပို့

Myanmar Now News

ဧပြီလ ၁ ရက်မှ ၇ ရက်အတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ် တို့တွင် စစ်အာဏာရှင်တပ်က လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်မှ တပတ် အတွင်း ပြည်သူ (၉)ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မှ ပြည်သူ (၁)ဦး နှင့် အောင်မြေသာစံမှ ပြည်သူ (၄)ဦး တို့ကို စစ်အာဏာရှင်တပ်၏ လက်အောက်ခံ သွေးသောက်အဖွဲ့မှ ဖမ်းဆီး သတ်ဖြတ် ခဲ့သည်။ ပဲခူးတိုင်းဒေသကြီး သာယာဝတီထောင်မှ နိုင်ငံရေး အကျဉ်းသား (၁၅)ဦးကို ရိုက်နှက် နှိပ်စက်ပြီး (၁၀)ရက် ကြာ တိုက်ပိတ်ထားခဲ့သည်။ စစ်အာဏာရှင်တပ်နှင့် ၄င်း၏ လက်အောက်ခံ အဖွဲ့အစည်းများမှ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှု ကျုးလွန်ခြင်းများ ကို ဆက်လက် ပြုလုပ်နေဆဲ ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် စစ်အာဏာရှင်တပ်က မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပနိုင်ရန် စက်ရုံ၊ အလုပ်ရုံများ နှင့် စားသောက်ဆိုင်များကို ငွေကြေးတောင်းခံခဲ့ပြီး ကော့မှူးမြို့နယ်တွင် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရန်အတွက် အလှူငွေ နှင့် လုံခြုံရေးယူပေးရန် အတွက် တစ်ရွာလျှင် လူနှစ်ဦး လုပ်အားပေးရန် ဖိအားပေး ခိုင်းစေနေကြောင်း သိရသည်။ ရှမ်းပြည်နယ် တောင်ကြီးတွင် ညဘက် အပြင်ထွက်သည့် လူငယ်များကို စစ်အာဏာရှင် တပ်သားများက ဖမ်းဆီး ငွေညှစ် ခြင်းများ ပြုလုပ်ခဲ့သည်။