၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၅)ရက်မှ (၂၁) ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဧပြီ ၁၅ ရက်မှ ၂၁ ရက် အတွင်း စစ်အာဏာရှင်တပ်မှ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ် လေကြောင်း အသုံးပြု တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သည်။ လေကြောင်းတိုက်ခိုက်ရာတွင် အရပ်သား ပြည်သူများကို ပစ်မှတ်ထားကာ ပေါင် ၅၀၀အား ဗုံးကြဲချခြင်း၊ အရပ်သားပြည်သူများ ဆေးကုနေသည့် တိုက်နယ် ဆေးရုံကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ ကျုးလွန်ခဲ့သည်။ မကွေးတိုင်းဒေသကြီး သရက်ထောင်တွင် အကျဉ်းဦးစီးဌာနမှ လူ့အခွင့်အရေး ချိုး‌ဖောက်ကာ နိုင်ငံရေး အကျဉ်းသားများကို ရိုက်နှက် နှိပ်စက်ခြင်း ပြုလုပ်လျှက် ရှိသည်။ စစ်အာဏာရှင်တပ်များက ကချင်ပြည်နယ် ဖားကန့်မြို့မှ ဒေသခံ ပြည်သူ ၉၀ ကျော် အပါအဝင် အခြားဒေသမှ အရပ်သား ပြည်သူ ၁၀၀နီးပါးကို ဖမ်းဆီးကာ လူသားဒိုင်း အဖြစ် ဖမ်းဆီး အသုံးပြုခဲ့ကြသည်။

မြန်မာနိုင်ငံ၏ အချို့နယ်မြေဒေသများတွင် စစ်အာဏာရှင်တပ်၏ စစ်ကြောင်းထိုး တိုက်ခိုက်မှု၊ ပြည်သူပိုင်ပစ္စည်းများ မီးရှို့ ဖျက်စီးမှု၊ ဖမ်းဆီး နှိပ်စက်မှု၊ သတ်ဖြတ်မှုတို့ကြောင့် နေရပ်ဒေသစွန့်ခွာမှုများ ဖြစ်ပွားလျက်ရှိသည်။ စစ်အာဏာရှင်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်မှ ပြည်သူ ၃၀၀ ကျော် နှင့် ကရင်ပြည်နယ် မြဝတီမြို့နယ်တဝိုက်မှ ဒေသခံပြည်သူများသည် ထိုင်းနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အောင်ချမ်းသာရွာကို ဧပြီလ ၂၃ ရက် ဒီနေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ အင်အား ၆၀ ကျော်ရှိတဲ့ စစ်ကြောင်း ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၁၄၀ ဝန်းကျင် မီးလောင် ပျက်စီးပြီး ဒေသခံ တစ်ထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေး နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောင်ချမ်းသာရွာဟာ ဒုတိယအကြိမ်မြောက် မီးရှို့ခံရတာလို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အိမ်ခြေအကုန်လုံးရှိတာက ၂၇၀ လောက်ရှိတယ်။ အရင်က ၁၀၉ အိမ်ရှို့ခံရတာ ဆိုတော့ အခုက ၁၄၀ ဝန်းကျင်လောက် ရှို့သွားတယ်။ ဘာမှ မကျန်တော့ဘူး။ တစ်ရွာလုံးကုန်သလောက်ပဲ”

အောင်ချမ်းသာရွာအနီးမှာ ဒီနေ့မနက် ၁၁ နာရီဝန်းကျင်က ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီးနောက် အဲဒီစစ်ကြောင်းကပဲ ရွာထဲက နေအိမ်တွေကို မီးစရှို့တာလို့ ဆိုပါတယ်။

နေအိမ်တွေကိုမီးရှို့ပြီးတာနဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ပြန်လည်ထွက်ခွာသွားပေမယ့် ဒေသခံတွေ ရွာထဲ ပြန်မဝင်ရဲကြသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့တပ်သားတွေဟာ ဒေသခံတွေရဲ့ နေအိမ်တွေကို ဘယ်တော့မှ မီးမရှို့ဘူးလို့ အရင်က RFA ကမေးမြန်းချိန် ငြင်းဆိုထားဖူးပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ မတ်လ ၁၉ ရက်အထိ စာရင်းအရ စစ်တပ် အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၇,၇၇၈ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။ 

Myanmar Now News

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ဧပြီလ ၂၂ ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် လေးထောင်နီးပါးအထိရှိလာပြီလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

နောင်ချိုမြို့နယ်ထဲက ကုလားကွဲ၊ ဒိုးပင်၊ ဟိုခို၊ ကုန်းကြီး(မြောက်)၊ ဆိတ်ဖူး၊ လုံရုံး၊ ပင်တီး စတဲ့ရွာတွေ အပါအဝင် ရွာ ၂၀ လောက်က ဒေသခံတွေက နေရပ်စွန့်ခွာ ထွက်ပြေး နေကြရတာပါ။

တိုက်ပွဲမပြင်းထန်ခင်ကတည်းက နေရပ်စွန့်ခွာခဲ့သူတွေရှိသလို မနေ့ကတိုက်ပွဲကြောင့် နေရပ်စွန့်ခွာခဲ့ရသူတွေလည်း ရှိတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူ တစ်ဦးက RFA ကို ပြောပါတယ်။

“နောင်ချိုမြို့က ဘုန်းကြီးကျောင်းတစ်ခုမှာ စစ်ဘေးရှောင် ၁၅၀ လောက်ရှိတယ်။ သူတို့အတွက် စားဖို့သောက်ဖို့ကတော့ လိုတာပေါ့ဗျာ။ ရွာလုံးကျွတ် ထွက်ပြေးလာကြရတာ။ တချို့ရွာတွေကတော့ နီးစပ်ရာမြို့ပေါ်က အသိမိတ်ဆွေတွေ ဆီမှာ နေကြတယ်။ အခုတိုက်ပွဲဖြစ်နေတာက နောင်ချိုတစ်မြို့နယ်လုံးပြန့်နေတာ။ တချို့ဆို ပြင်ဦးလွင်တို့ ဘာတို့ထွက်ပြေးကြတယ်”

နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ တစုတစည်းတည်း ထွက်ပြေးကြတာမဟုတ်ဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် ထွက်ပြေးတိမ်းရှောင်ကြတာကြောင့် စစ်ဘေးဒုက္ခသည် အရေးအတွက်ကို အတိအကျ သိရဖို့ခက်ခဲသလို သူတို့ရဲ့ လိုအပ်ချက်ကိုလည်း မသိရသေးဘူးလို့ သူကပြောပါတယ်။

လက်ရှိလည်း နောင်ချိုမြို့အနီး တစ်မိုင်ဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန် နေတာကြောင့် ထပ်ပြီး စစ်ဘေးဒုက္ခသည်တွေ များလာနိုင်တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေကပြောပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေအသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဧပြီ ၁၉ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ ဒသမ ၈ သန်းကျော် ရှိလာပါတယ်။

RFA Burmese

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် မြိတ် – ထားဝယ် ကားလမ်းမအနီးက ရငဲရွာမှာ နေထိုင်တဲ့ ဒေသခံ ၈၀ နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ဆေးနေတယ်လို့ သရက်ချောင်းဒေသခံတွေက RFA ကိုပြောပါတယ်။

အင်အား ၃၀ လောက်ပါတဲ့ စစ်ကောင်စီတပ်သားတွေ ဒီနေ့မနက်ပိုင်းမှာ ရွာထဲ ဝင်လာပြီးနောက် တွေ့သမျှ အရပ်သားတွေကို ဖမ်းဆီးသွားပြီး ရငဲရွာဘုန်းကြီးကျောင်းမှာ စစ်ဆေးမေးမြန်းနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သရက်ချောင်းဒေသခံ တစ်ဦးက RFA ကိုပြောပါတယ်။

“မနက် ၇ နာရီခွဲလောက်က ဖမ်းသွားတာ ရွာထဲမှာတွေ့သမျှလူတွေ အကုန်ဖမ်းတာ။ တချို့ထွက်ပြေးကြတော့ ကျည်ဖောက်ပြီးဖမ်းတယ်။ အမျိုးသား၊ အမျိုးသမီးအကုန် ဖမ်းသွားတယ်။ စဖမ်းတုန်းက အရပ်သား ၁၀၀ လောက် ရှိတယ်။ စစ်မေးပြီး ပြန်လွှတ်တော့ အခုညနေအထိ ၈၀ နဲ့ ၆၀ ဝန်းကျင်လောက်ရှိသေးတယ်”

ဘာကြောင့်ဖမ်းဆီးခဲ့တယ်ဆိုတာ အသေးစိတ်မသိရသေးသလို ဖမ်းဆီးခံရသူတွေအထဲ အမျိုးသား၊ အမျိုးသမီး အသက်အရွယ်တွေကိုလည်း အသေးစိတ်မသိရသေးဘူးလို့ သူကပြောပါတယ်။

သရက်ချောင်းဒေသခံတချို့ကတော့ ရငဲရွာအပါအဝင် အဲဒီအနီးနားရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သွားလာလှုပ်ရှားနေတာရှိတာကြောင့် သံသယနဲ့ ဖမ်းဆီးစစ်ဆေးနေတာဖြစ်နိုင်တယ်လို့ RFA ကိုပြောပါတယ်။

ဒေသခံတွေဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးယဉ်ထွေးကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါ ဒီကိစ္စကို သူမသိသေးတဲ့အကြောင်း ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၁ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းဖမ်းဆီးခံရသူ ၂၁,၄၇၄ ဦးရှိပြီး အဲဒီအထဲက ၁၇,၅၇၀ ဦးက ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။

RFA Burmese

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးကို စစ်ကောင်စီတပ်က ဧပြီလ ၂၂ ရက် ဒီကနေ့ မနက် အစောပိုင်းမှာ လေကြောင်းကနေ သုံးကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီနေ့မနက်အစောပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေပါ ကြားခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြဝတီမြို့ခံတစ်ဦးက RFA ကို ပြောပါ တယ်။

“ဒီမနက်အစောပိုင်းမှာ လေယာဉ်နဲ့ လာပစ်သွားတယ်။ မြို့ပေါ်ကနေလည်း ကြားနေ ရတယ်။ ထိခိုက်မှုက ဘယ်လောက်ရှိမလဲတော့ မသိသေးဘူး။ အဲဒီနေရာက တိုက်ပွဲ ဖြစ်နေတာ ရက်တော်တော်ကြာပြီ ဆိုတော့လေ”

မြဝတီမြို့နဲ့ ခုနစ်မိုင်ခန့်ဝေးတဲ့ မဲကနယ်ကျေးရွာအုပ်စုမှာ KNU/KNLA ပူးပေါင်းတပ်ဖွဲ့၊ ကော်ဘရာစစ်ကြောင်း (၁)၊ ကော်ဘရာစစ်ကြောင်း(၂) ၊ Federal Wings၊ Golden Eagle၊ ရောင်နီ၊ ကျားသစ်နက် စစ်ကြောင်း စတဲ့ တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့် တပ်(BGF) တို့ တိုက်ပွဲပြင်းထန်နေတာပါ။

စစ်ကောင်စီတပ်ဟာ ဒီနေ့မနက်အစော တစ်နာရီဝန်းကျင်မှာ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ သုံးကြိမ်ပစ်ခဲ့သလို မနက် ၉ နာရီခွဲခန့်မှာလည်း မြေပြင်ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း (၂) လို့ အမည်ပေးထားတဲ့ Venom Colum ရဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကိုပြောပါတယ်။

ဒါပေမဲ့ တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေတဲ့အထဲမှာ ပါဝင်တဲ့ ကျားသစ်နက်စစ်ကြောင်းက တော့ ဧပြီလ ၂၁ ရက်က လေကြောင်းတိုက်ခိုက်ခံရမှုရှိခဲ့သလို ဧပြီလ ၂၂ ရက် မနက် ပိုင်းမှာလည်း တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ လာပစ်တာ ရှိခဲ့ပေမယ့် ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့ ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ရက်ရှည်လာတဲ့တိုက်ပွဲတွေကြောင့် မဲကနယ်ကျေးရွာအုပ်စုထဲက ဘုန်းကြီးကျောင်း ငါးကျောင်းမှာ ရောက်နေတဲ့ စစ်ဘေးဒုက္ခသည် ၅၀၀ နီးပါးဟာ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေ ကို အကူအညီပေးနေသူတွေက ပြောပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေ ကြားတာမရှိပါဘူး။

သူ့အနေနဲ့ စစ်ရေးနဲ့ပတ်သက်ပြီး ဖြေဆိုလေ့မရှိဘူးလို့ ကရင်ပြည်နယ်ပြောခွင့်ရသူက RFA ကို အရင်က ဖြေဆိုထားဖူးပါတယ်။

RFA Burmese

၂၀၂၃ ခုနှစ်၊ ဧပြီလ (၈)ရက်မှ (၁၄) ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဧပြီလ ၈ရက်မှ ၁၄ ရက်အတွင်း စစ်အာဏာရှင်တပ်မှ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက် ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သည်။ လေကြောင်းတိုက် ခိုက် ဗုံးကြဲမှုများကြောင့် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်သည်များ အပါအဝင် အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ပြီး စစ်အာဏာရှင်တပ်အနေဖြင့် စစ်ရာဇဝတ်မှု ထပ်မံ ကျုးလွန်နေခြင်း ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်မှ အရပ်သား (၃၀)ကျော်ကိုလဲ စစ်အာဏာရှင်တပ်သားများက လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံးချခဲ့သည်။ စစ်အာဏာရှင်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေး (၁)ဦးအပါအဝင် ပြည်သူ (၂)ဦး သေဆုံးခဲ့ပြီး ပြည်သူ (၁၀)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

၂၀၂၃ ခုနှစ် ဧပြီလ (၈) ရက်မှ (၁၄) ရက်အတွင်း စစ်အာဏာရှင်တပ်များမှ လူ့အခွင့်အရေးချိုးဖောက်မှုပုံစံများ

စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်း‌ဒေသကြီးရှိ ဒေသခံပြည်သူများ သွားလာနေသည့်လမ်းကို ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့ပြီး ကျွန်းလှမြို့နယ်မှ ရွာသုံးရွာကို ပျုသင်တန်း တက်ရောက်ရန် စစ်အာဏာရှင်တပ်သားများ နှင့် ပျုစောထီးအဖွဲ့က ခြိမ်းခြောက်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးမှ ပြည်သူအချို့ကို စစ်တပ်မကောင်းကြောင်းရေးသားမှု၊ ပရိုဖိုင် အနက်ရောင်တင်မှုတို့ကြောင့် ဖမ်းဆီး အမှုဖွင့်ခြင်းများပြုလုပ်ခဲ့သည်။