ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ကန့်ဘလူ ထောက်ရှာအိုင်ရွာက နေအိမ် ၆၀ နီးပါး မီးရှို့ခံရပြီး ဒေသခံ ၁၅ ဦး ဖမ်းဆီးခံရ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ထောက်ရှာအိုင်ရွာကို မေလ ၇ ရက်ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၆၀ နီးပါး မီးလောင်ကျွမ်း ခဲ့ပြီး ဒေသခံ ၁၅ ဦးကိုပါ ဖမ်းဆီးသွားတယ်လို့ ကန့်ဘလူ ဒေသခံတွေက ပြောပါတယ်။
အင်အား ၅၀ နီးပါးပါတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (၃၆၁) ဟာ ယမနေရွာကနေ တဆင့် ထောက်ရှာအိုင်ရွာကို စစ်ကြောင်းထိုးလာတာလို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီနောက် နေအိမ်တွေကိုမီးရှို့ပြီး ဒေသခံတွေကိုပါ ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန့်ဘလူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ထောက်ရှာအိုင်ကို စစ်ကြောင်းဝင်လာလို့ ထွက်ပြေးတဲ့အရပ်သားတွေက စစ်ကြောင်းနဲ့ တိုးသွားတော့ အဖမ်းခံလိုက်ရတာ။ ဘယ်သူတွေလဲဆိုတာ လိုက်ပြီးစုံစမ်းနေတုန်း။ ရွာထဲကအိမ်တွေကတော့ မီးလောင်တာ ၆၀ နီးပါးလောက်ရှိနိုင်တယ်”
ဖမ်းဆီးခံရသူတွေဟာ အရပ်သားတွေဖြစ်ပြီး ထောက်ရှာအိုင်ရွာကလည်းပါသလို တခြားရွာတွေလည်း ပါနိုင်တယ်လို့ ဆိုပါတယ်။
အခုစစ်ကြောင်းဝင်တဲ့ နေရာအနီးမှာ နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီ တပ်သားတွေက အဲဒီရွာကိုစီးနင်းဝင်ရောက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ထောက်ရှာအိုင်ရွာကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
အဲဒီစစ်ကြောင်းဟာ မေလ ၄ ရက်ကလည်း သရက်ကံကြီးရွာထဲ စီးနင်းဝင်ရောက်ပြီး စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၅၀ အရွယ် ဦးခိုင်ဇော်ကို သူ့ရဲ့နေအိမ်ခြံဝန်းထဲမှာပဲ သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၇,၇၇၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
RFA Burmese
ဖားကန့်တွင် လူငယ်နှစ်ဦး သတ်ဖြတ်၊ အလောင်းစွန့်ပစ်ခံရ
စစ်တပ်က လမ်းပေါ်တွင် စွန့်ပစ်ခဲ့သည့် အသက် ၂၀ ဝန်းကျင် လူငယ်နှစ်ဦး၏ အလောင်းများတွင် ရိုက်နှက်ထားသည့် ဒဏ်ရာများအပြင် တစ်ဦး၏ ဦးခေါင်းတွင် သေနတ်ဒဏ်ရာ တွေ့ရသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာအနီး အသက် ၂၀ ဝန်းကျင်ခန့်အရွယ် လူငယ်နှစ်ဦး၏ ဒဏ်ရာများဖြင့် ရုပ်အလောင်းများ စွန့်ပစ်ထားသည်ကို ယနေ့ (မေ ၅) နံနက်တွင် တွေ့ရှိခဲ့ရသည်ဟု ဖားကန့်ဒေသခံအချို့က ပြောသည်။
ယနေ့နံနက် ဈေးဝယ်သူအချို့က အဆိုပါအလောင်းများကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလောင်းများတွင် ရိုက်နှက်ထားသည့် ဒဏ်ရာများအပြင် တစ်ဦးမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာ တွေ့ခဲ့ရသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ကောင်လေးတွေက ငယ်ငယ်လေးတွေ။ တစ်ယောက်က ခေါင်းကို သေနတ်နဲ့ ပစ်ထားတာ။ နောက်တစ်ယောက်က ရင်ဘတ်နဲ့ လည်ပင်းနားမှာ အပေါက်တွေဖြစ်နေတယ်။ သေနတ်နဲ့ပစ်လား ဓားနဲ့ထိုးထားလားတော့ မသိဘူး”
အဆိုပါသတ်ဖြတ်ခံရသူ လူငယ်နှစ်ဦးမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ဝါရင့်တော်လှန်ရေးအဖွဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များ ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေသော်လည်း Myanmar Now အနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သီးခြားအတည်မပြုနိုင်သေးပေ။
Myanmar Now သို့ ပေးပို့လာသော ဓာတ်ပုံများအရ ဘောလုံးအင်္ကျီဝတ်ထားသော လူငယ်နှစ်ဦးမှာ မနီးမဝေးတွင် မှောက်လျက် လဲကျနေပြီး တစ်ဦးမှာ လည်ပင်းအနီး ကျပ်ပြားဝိုင်း အပေါက်တစ်ခုတွေ့ရကာ တစ်ဦးမှာ ဦးခေါင်း ပစ်ခတ်ခံထားရ၍ မျက်နှာပွင့်ထွက်နေသည်။
ယမန်နေ့က ဖားကန့်မြို့နယ်၊ မလန်းယန်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ်လေးဦးကို ဖမ်းဆီးသွားသောကြောင့် ယခုသေဆုံးသူ နှစ်ဦးမှာ အဆိုပါ ဖမ်းဆီးခံလူငယ်များထဲမှ ဖြစ်နိုင်သည်ဟုလည်း ဒေသခံများ ခန့်မှန်းပြောဆိုကြသည်။
KIA,PDF များနှင့် နီးစပ်သူ အသက် ၄၀ ကျော်အရွယ် ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ထိုလူငယ်နှစ်ဦးမှာ PDF များ မဖြစ်နိုင်ဘဲ စစ်ကောင်စီက လူထုထိတ်လန့်အောင် လုပ်ဆောင်ပြခြင်းသာဖြစ်ကြောင်း သုံးသပ်သည်။
“ပြည်သူတွေ မကြောက်ကြောက်အောင် လုပ်ပြတဲ့သဘောပေါ့။ အရင်ကလည်း Happy KTV အရှေ့မှာ သတ်ပြပြီးပြီလေ။ စစ်ကောင်စီကတော့ ဘယ်သူမဆို ဘယ်သူကြီးပဲဖြစ်ဖြစ် သတ်နေတော့တာ” ဟု အထက်ပါ အမျိုးသားက ပြောသည်။
ယခုရက်ပိုင်းအတွင်း ဖားကန့်မြို့တွင် စစ်ကောင်စီက မြို့ပေါ်အနှံ့ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေသလို ဖားကန့်မြို့နယ်အတွင်း ကျေးရွာအချို့တွင်လည်း စစ်ကြောင်းထိုးလှုပ်ရှားမှုများ ရှိနေသည်ဟု ဖားကန့်ဒေသခံအချို့က ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလကုန်မှစ၍ ဖားကန့်မြို့နယ်တွင်းရှိ ကျေးရွာ ၄ ရွာထက်မနည်းမှ ဒေသခံ ၃၀၀ ကျော်ကို KIA,PDF ဆက်စပ်သံသယဖြင့် ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ တချို့ ပြန်လည်လွတ်မြောက်လာသော်လည်း အများစုမှာ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်သည်။
“အခုကတော့ ပိုက်စိပ်တိုက်ပြီး ဖမ်းမဲ့သဘော ရှိတယ်၊ ရွာလုံးကျွတ် ဖမ်း၊ ဖမ်းပြီးတာနဲ့ ချုပ်ထား၊ ပြီးတော့မှ အဲဒီအထဲက ပြန်စစ်ဆေးပြီး လွှတ်၊ အဲဒီလိုမျိုးတွေလုပ်မဲ့သဘော ရှိတယ်” ဟု KIA,PDF များနှင့် နီးစပ်သူ အထက်ပါ ဖားကန့်မြို့ခံ အမျိုးသားက ပြောသည်။
ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အနှံ့ တိုက်ပွဲများဖြစ်ပွားခဲ့ရာတွင် ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့သည်။
ကျောက်စိမ်းအကျိုးစီးပွားရှိနေသည့် ဖားကန့်မြို့ကို စစ်ကောင်စီတပ်နှင့် KIA တို့က ထိန်းချုပ်နိုင်ရန် ကြိုးစားနေပြီး အပြန်အလှန် ဖမ်းဆီးသတ်ဖြတ်မှုများလည်း အဆက်မပြတ်ဖြစ်ပွားနေသည်။
Myanmar Now News
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ ဧပြီ (၂၂)ရက်မှ (၃၀) ရက်နေ့ထိ
ဧပြီလ ၂၂ ရက်မှ ၃၀ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်မှ လူသားဒိုင်း အဖြစ် ဖမ်းဆီးခဲ့သည့် အရပ်သား (၁)ဦး နှင့် ကောလင်းမြို့နယ်မှ ပြည်သူ့ကာကွယ်အဖွဲ့ဝင် (၉)ဦး စုစုပေါင်း (၁၀)ဦး တို့ကို မီးရှို့ သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင်တပ်အနေဖြင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းများပြုလုပ်ခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများပါ ဖမ်းဆီးခံခဲ့ရသည်။ မန္တလေးတိုင်းဒေသကြီးမှ ပြည်သူ ၁ ဦးကို စစ်အာဏာရှင်တပ်၏ လက်အောက်ခံ အဖွဲ့ ဖြစ်သော သွေးသောက်အဖွဲ့ မှ ဖမ်းဆီး သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင်တပ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လေကြောင်း အသုံးပြုတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ဘေးရှောင် စခန်းများ၊ ဆေးပေးခန်းများပါ မကျန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့တွင် စစ်အာဏာရှင်တပ်သားများက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ဝတ်စုံများ ကို ဝတ်ဆင်ခဲ့ပြီး PDFအယောင်ဆောင်ကာ ဒေသခံပြည်သူများကို ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ သည်။တပတ်အတွင်း စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်(၁)ဦး အပါအဝင် ဒေသခံ ပြည်သူ (၁၅)ဦး သေဆုံး (၁၇)ဦး ထိခိုက် ဒဏ်ရာရ ရှိခဲ့သည်။
Infogram
စစ်ကြောင်းထိုးလာလို့ ခင်ဦးနဲ့ကန့်ဘလူအစပ်က ဒေသခံငါးထောင်ခန့် ထွက်ပြေးရ
စစ်ကိုင်းတိုင်း၊ ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်အစပ်က ရွာတွေကို ဧပြီလ ၃၀ ရက် ဒီနေ့မနက်ပိုင်း အင်အားတစ်ရာခန့်ပါ စစ်ကြောင်းဝင်ရောက်မီးရှို့ပြီး နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် ရွာပေါင်းရှစ်ရွာက လူငါးထောင် ဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ခင်ဦးမြို့နယ်အစပ်က အလယ်ရှိုရွာနဲ့ ကန့်ဘလူမြို့နယ်အစပ်က ဘူးကုန်း၊ ကျီကျင်း၊ တင်ငုတ်ကြီး၊ သုံးဆင့်ကန်၊ သောက်ကန်၊ ရေရှင်နဲ့ တရော်ကိုင်းရွာက ဒေသခံတွေ ထွက်ပြေးနေရတာပါ။
ထွက်ပြေးရသူတွေဟာ စားဝတ်နေရေး အခက်အခဲမျိုးစုံကြုံတွေ့နေရတယ်လို့ သောက်ကန်ရွာခံ တစ်ဦးက RFA ကိုပြောပါတယ်။
“ ဒေသခံအကုန်ရှောင်ရတာ၊ ရွာထဲမှာ တစ်ယောက်မှမကျန်ဘူး။ အဲဒီရွာရဲ့ ပတ်ပတ်လည် တောတွေထဲပေါ့ဗျာ။ ဘာတွေ အခက်အခဲရှိလဲဆိုတော့ နေပူထဲ ရှောင်ရတာဆိုတော့ အရိပ်တို့ စားဝတ်နေရေးတွေ ခက်ခဲတာပေါ့။ ဒီ…. ရေတို့၊ သောက်ရေတို့ ပူတာပေါ့ဗျာ။ အခက်အခဲတွေကတော့ အစစအရာအရာ ခက်ခဲတာရော နေရထိုင်ရတာရော အဲဒီ စားရသောက်ရတာရော ကျွန်တော်တို့ ဒီကျန်းမာရေး တစ်ခုခုဖြစ်လို့ ဆေးရုံဆေးခန်း သွားလို့မရတာက အစပေါ့ဗျာ ”
ပဇီကြီးရွာဘက်ကဆင်းလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဒီနေ့မနက် ၇ နာရီဝန်းကျင်မှာ သောက်ကန်ရွာနဲ့ ကပ်လျက် ခင်ဦးမြို့နယ်အစပ်က အလယ်ရှိုရွာထဲဝင်ပြီး နေအိမ်တွေကိုပါ မီးရှို့ခဲ့တယ်လို့ဆိုပါတယ်။
အိမ်ခြေ ၇၀၀ ကျော်ရှိတဲ့ အလယ်ရှိုရွာဟာ ပထမတစ်ကြိမ် နေအိမ် ၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံရတာကြောင့် တစ်ဝက်လောက်သာကျန်ရှိပြီး အခုကဒုတိယအကြိမ် မီးရှို့ခံရတာလို့ ဒေသခံတွေကပြောပါတယ်။
ပထမအကြိမ်မီးရှို့ခံရကတည်းက နေအိမ်ဆုံးရှုံးလိုက်ရတဲ့ ဒေသခံတချို့လည်း အိမ်ပြန် မဆောက်နိုင်လို့ တောထဲမှာပဲ မိုးကာခင်းပြီး ဒီအတိုင်းနေရတယ်လို့ အလယ်ရှိုရွာခံတစ်ဦးက RFA ကိုပြောပါတယ်။
“ အခုကကျွန်တော်တို့က မဝင်ရဲဘူးဗျ။ တောထဲမှာပဲနေရမှာ။ မိုးမလုံလေမလုံ ဒီအတိုင်းဖြစ်သလို နေနေရတာ။ ဒီကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုတွေ ဒုက္ခရောက်တာ ဒုက္ခမျိုးစုံပါပဲဗျာ။ အခက်အခဲကတော့ အများကြီးဗျ။ နေမလုံမိုးမလုံ ဖြစ်သလိုတဲထိုးနေရတာ။ မတတ်နိုင်တဲ့သူတွေကျတော့ အပင်ရိပ်မှာ ဒီအတိုင်း မိုးကာခင်းနေရတာ။ မိုးရွာလည်း ရှိတဲ့ဟာလေးခြုံ ဒီအတိုင်းထိုင်နေရုံပဲဗျ။ မဆောက်နိုင်ဘူးလေ။ တချို့အိမ်တွေ မီးပါ၊ တချို့မရှိဆင်းရဲ တအားခက်ခဲတဲ့သူတွေ မဆောက်နိုင်တော့ဘူးလေ ”
စစ်ကြောင်းတွေဟာ ခင်ဦးနဲ့ ကန့်ဘလူအစပ်ကရွာတွေကို မကြာခဏ စစ်ကြောင်း ထိုးနေတာကြောင့် ဒေသခံ အများစုဟာ ရွာထဲပြန်မဝင်ရဲကြဘဲ တောထဲမှာပဲ နေထိုင်နေရတယ်လို့ ဆိုပါတယ်။
ဒီနေ့မနက် ဝင်ရောက်လာတဲ့ စစ်ကြောင်းဟာ အလယ်ရှိုရွာက နေအိမ်ခြောက်လုံးခန့်ကို မီးရှို့ခဲ့ပြီးနောက် သောက်ကန်ရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး အဲဒီမှာ စခန်းချထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီရွာတွေတစ်ဝိုက်မှာ စစ်ကောင်စီတပ်ကို ခုခံတော်လှန်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကတော့ စစ်ကြောင်းထိုးလာသူတွေကို ရနိုင်သလောက်တိုက်ခိုက်နေတယ်လို့ RFA ကိုပြောပါတယ်။
“သူတို့ကရောက်တဲ့ ရွာတိုင်းကိုတော့မီးရှို့တာပဲ။ ကျွန်တော်တို့လုပ်ငန်း (မိုင်းဆွဲ) လုပ်သည်ဖြစ်စေ၊ ထိတွေ့မှု ရှိသည်ဖြစ်စေ၊ မရှိဘူးဖြစ်စေ၊ သူတို့ (စစ်ကောင်စီ) တပ်တွေက မီးရှို့တာပဲလေ။ ကျွန်တော်တို့ဘက်က ဘာမှမလုပ်လည်း ဒီအတိုင်းနေလည်း မီးရှို့တာပဲ။ ဒါကြောင့် ကျွန်တော်တို့ လုပ်နိုင်တဲ့ အတိုင်းအတာအရ ကြိုးစားပြီးလုပ်နေတယ်။ ဒီအတိုင်းကြီး လွှတ်ပေးတာမျိုးတော့ ကျွန်တော်တို့မရှိဘူး။ ဒီဘက်အခြမ်းမှာ စစ်ကြောင်းဝင်လာပြီဆို အလွတ်တိုင်း ထိုင်ကြည့်နေတာမရှိဘူး”
စစ်ကြောင်းကြောင့် ခင်ဦးနဲ့ကန့်ဘလူအစပ်က ဒေသခံတွေ ထွက်ပြေးနေရတဲ့အပေါ် စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူကို RFA ဖုန်းနဲ့ဆက်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။
ဧပြီ ၁၈ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းဝင်ရောက်လာလို့ ပဇီကြီးရွာ အပါအဝင် ထန်းတော၊ ချောင်းမကြီး၊ ချောင်းသာ၊ ချောင်းရှည်၊ ကျောက်လုံးကြီးနဲ့ နာနတ်တောရွာက ဒေသခံတွေ ထွက်ပြေးခဲ့ရပါတယ်။
ခင်ဦးမြို့နယ်မှာလည်း ဧပြီလ ၁၉ ရက်နေ့က စစ်ကြောင်းဝင်လာလို့ ရွာပေါင်း ၂၁ ရွာက ဒေသခံ နှစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar ရဲ့ ဧပြီလ ၂၈ ရက်နေ့ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၂၀ ရက်အတွင်း စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြို့နယ်တွေထဲမှာ ခင်ဦးမြို့နယ်က စစ်ဘေးဒုက္ခသည် အများဆုံးတိုးလာပြီး လက်ရှိလူဦးရေ ၁၂၁,၃၀၀ ထက်မနည်းရှိလာပြီဖြစ် ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဧပြီလ ၅ ရက်စာရင်းအရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ ဒသမ ၈ သန်းကျော်လာပါပြီ။
RFA Burmese
စစ်ကောင်စီက CNF ဌာနချုပ်အနီးရှိ ရွာကို ဗုံးကြဲ၊ ကျောင်းဆရာမအပါအဝင် ၂ ဦး သေဆုံး
စစ်ကောင်စီ ယာယီတပ်စခန်းတစ်ခုအား ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့ များ သိမ်းယူပြီး လက်နက်ခဲယမ်းတချို့ရပြီးနောက် နာရီပိုင်းအတွင်း လူနေကျေးရွာတစ်ရွာကို လေတပ်က ဗုံးကြဲခဲ့သည်။
အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်နှင့် ခြောက်မိုင်ခန့်သာ ဝေးသည့် ရွာကို စစ်ကောင်စီက ယမန်နေ့ (ဧပြီ ၂၇) တွင် ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းဆရာမတစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးပြီး ကလေးငယ်နှစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားသည်။
ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့နယ်အတွင်း အိမ်ခြေ ၇၀ ခန့်ရှိ တလန်လိုရွာမှာ ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဗုံးကြဲခံရခြင်းဖြစ်သည်ဟု ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုသည်။
“ရွာလယ်တည့်တည့်မှာ ဗုံးတစ်ကြိမ်ချတယ်။ ကျောင်းဆရာမတစ်ယောက်နဲ့ လူကြီးတစ်ယောက်တော့ သေသွားတယ်”
အသက် ၅၄ နှစ်အရွယ် ဒေါ်နီဒိမ်ဆိုသည့် ကျောင်းဆရာမသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူဖြစ်ကာ အခြားသေဆုံးသူတစ်ဦးမှာ ၄၈ နှစ်အရွယ် ဦးဟရမ်ကျဲအိုဆိုသူဖြစ်ပြီး ၎င်းတို့ကို ညတွင်းချင်း မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။
ဗုံးကြဲတိုက်ခိုက်ခံရစဉ် ထိခိုက်ဒဏ်ရာရသူ ၇ ဦးရှိပြီး အသက် ၅ နှစ်နှင့် ၁၁ နှစ်အရွယ် ကလေးငယ် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု CNF ၏ သတင်းထုတ်ပြန်ရေးလူမှုကွန်ရက်စာမျက်နှာဖြစ်သော Chinland Information Center က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်သည်။
တိုက်ခိုက်မှုကြောင့် တလန်လိုရွာမှ လူနေအိမ်နှင့် ဘာသာရေးအဆောက်အအုံများ အပါအဝင် စုစုပေါင်း အဆောက်အအုံ အလုံး ၃၀ ကျော် ပျက်စီးခဲ့သည်ဟု သိရသည်။
ချင်းပြည်နယ်မြို့တော် ဟားခါးနှင့် ထန်တလန်မြို့အကြား သီးမစ်လွင်ပြင်ရှိ စစ်ကောင်စီ၏ ယာယီစခန်းတစ်ခုကို CNA က တိုက်ခိုက်သိမ်းယူပြီး နာရီပိုင်းအတွင်း ၎င်းတို့ဌာနချုပ်အနီးမှ ရွာကို အကြောင်းမဲ့ ဗုံးကြဲခြင်းဖြစ်သည်ဟု ဆလိုင်းထက်နီက ပြောသည်။
“သီးမစ်တံတားက စခန်းကို ဝင်သိမ်းလိုက်တဲ့အတွက် အဲ့ဒါကို တုံ့ပြန်တဲ့အနေနဲ့ အကြောင်းမဲ့ လာတိုက်ခိုက်သွားတာ၊ အဲ့ဒီလိုပဲ မြင်ပါတယ်။ စစ်တပ်ရဲ့လုပ်ရပ်ကတော့ သူတို့အထိနာတိုင်းမှာ ပြည်သူကအစ မခြွင်းမချန်ဘဲနဲ့ ပြောင်ပြောင်တင်းတင်း ရက်ရက်စက်စက်လုပ်တာပါပဲ။ အကြမ်းဖက် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာပါပဲ”
ချင်းအမျိုးသားတပ်ဦးက သိမ်းယူခဲ့သည့် စစ်ကောင်စီလက်အောက်ခံ ယာယီစခန်းနှင့် ဗုံးကြဲခံရသည့် တလန်လိုရွာမှာ မိုင် ၃၀ ခန့်ကွာဝေးသည်ဟုလည်း သိရသည်။
လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျသည့် သီးမြစ်ကူးတံတားကို CNA နှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ပူးပေါင်းကာ ၂၀၂၁ အောက်တိုဘာလအတွင်း မိုင်းခွဲဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီက ဟားခါးနှင့် ထန်တလန်အကြားတွင် ယာယီစခန်း သုံးခုအထိ ချထားခြင်းဖြစ်သည်။
ယမန်နေ့က သီးမြစ်ကူးတံတားအနီးမှ အင်အား ၂၀ ခန့်ရှိ စစ်တပ်ယာယီစခန်းကို စီးနင်းတိုက်ခိုက်စဉ် လက်နက်တချို့သိမ်းဆည်းရမိသည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဆိုသည်။
“ကျွန်တော်တို့ဘက်က ရဲဘော် ၁ ယောက် ကျတယ်။ ၃ ယောက် ဒဏ်ရာရတယ်။ သူတို့ဘက်က လက်နက် ၃ လက် (ချင်းအဖွဲ့တွေ) ရရှိတယ်။ RPG ရယ်၊ ၆၀ မမ ရယ်၊ ၄၀ မမ ရယ် ရတာပေါ့။ နောက်ထပ်စခန်းနှစ်ခုကို ဝင်စီးမယ်အလုပ်မှာ တိုက်လေယာဉ်လာသွားတဲ့အတွက် ကျွန်တော်တို့ ဆုတ်ပေးလိုက်ရတယ်” ဟု ၎င်းက ပြောသည်။
တောတောင်ထူထပ်သည့် နိုင်ငံအနောက်မြောက်ဘက်ခြမ်း ချင်းပြည်နယ်သည် အာဏာသိမ်းစစ်တပ်ကို အပြင်းအထန် ခုခံတော်လှန်နေပြီး ထိုဒေသရှိ ခြေကုပ်စခန်းများ စီးနင်းတိုက်ခိုက်ခံရသည့်အခါ စစ်ကောင်စီက နီးစပ်ရာ ကျေးရွာများကို ဗုံးကြဲလေ့ရှိသည်။
ယခုလဆန်းပိုင်း၌ပင် ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို ချင်းတော်လှန်ရေးအဖွဲ့များက စီးနင်းသိမ်းပိုက်ပြီး နာရီပိုင်းအကြာတွင် ရွာတစ်ရွာ ဗုံးကြဲခံရကာ အရပ်သား ၉ ဦးအထိ သေဆုံးခဲ့ရသည်။
ချင်းပြည်နယ်အတွင်း မတ်လကုန်ပိုင်းမှ ယခုလကုန်ပိုင်းအထိ တစ်လတာအတွင်း စစ်ကောင်စီက ရွာသုံးရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၄ ဦးအပါအဝင် အရပ်သား ၂၁ ဦးအထိ သေဆုံးခဲ့သည်။ ပြည်နယ်တစ်ခုလုံးနီးပါး စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ချင်းပြည်နယ်တွင် ယခုနှစ်ဆန်းပိုင်းမှစ၍ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားနေသည်။
စစ်ကောင်စီက CNF ဌာနချုပ်ကိုလည်း ယခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိုစဉ်က CNA တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည်။
Myanmar Now News
ရှမ်းမြောက် သိန္နီမြို့နယ်တွင် ဗုံးကြဲခံရပြီး ၁ ဦး သေ၊ ၁၂ ဦး ဒဏ်ရာရ
ပြီးခဲ့သည့် ရက်အနည်းငယ်က ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာဒေသခံများကို စုစည်း၍ MNDAA က အစည်းအဝေးများ ခေါ်ယူခဲ့၍ စစ်ရေးလှုပ်ရှားသည့်နေရာဟု ထင်ကာ လာရောက်တိုက်ခိုက်ခြင်း ဖြစ်နိုင်သည်ဟု MNDAA ဘက်က သုံးသပ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ၁၂ ဦး ခန့် ဒဏ်ရာရသည်ဟု ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၂၆ ၊ ည ၁၁ နာရီခန့်က ကိုးကန့်အဖွဲ့ဟု လူသိများသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၏ တပ်မဟာ (၂၁၁) လှုပ်ရှားရာဒေသ သိန္နီမြို့နယ်၊ ဟွေပုံရွာကို စစ်ကောင်စီက နှစ်ကြိမ် ဗုံးလာကြဲခဲ့ရာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု MNDAA ပြန်ကြားရေးအဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။
ပထမအကြိမ် ကြဲချရာတွင် လူနေအိမ်တစ်လုံးအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုပြင်းထန်သည့်အတွက် နေအိမ် နှစ်လုံးထက်မနည်း ပျက်စီးသွားခဲ့သည်ဟု ၎င်းက ဆိုသည်။
“ဗုံးက ဘာဗုံးသီးလဲတော့ ကျွန်တော်လည်း အသေးစိတ် မသိရဘူး။ ဒါပေမဲ့ သူ့ရဲ့အင်အားက တော်တော်လေး ပြင်းတယ်။ ပေါက်ကွဲတဲ့နေရာက မြေအနက်က နှစ်မီတာလောက် ရှိပြီးတော့ ကျင်းအကျယ်က ၆ မီတာလောက် ရှိတယ်ဗျ” ဟု MNDAA ပြန်ကြားရေးအဖွဲ့ဝင်က ပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် ရွာသား ၁၃ ဦး ဒဏ်ရာရခဲ့ပြီး သုံးဦးမှာ ဒဏ်ရာပြင်းထန်သည့်အတွက် ဆေးရုံသို့ ပို့ဆောင်နေစဉ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်က MNDAA အဖွဲ့မှ အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့က အဆိုပါ ဟွေပုံရွာမှ ရွာသူရွာသားကို စုရုံးပြီး ရွာအနီး လမ်းဖောက်လုပ်ခြင်းနှင့် ရပ်ရွာဖွံ့ဖြိုးရေးအတွက် အစည်းအဝေးများ ခေါ်ယူခဲ့သည်ဟု သိရသည်။
ထိုသို့စုရုံးနေခြင်းကို စစ်ကောင်စီတပ်က ၎င်းတို့တပ်များ စစ်ရေးလှုပ်ရှားသည့်နေရာဟု ထင်ကာ လာရောက်တိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု MNDAA က သုံးသပ်သည်။
“ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ပေါ့၊ ကားလမ်းဖောက်ဖို့နဲ့ ပညာရေးဆိုင်ရာ ကိစ္စတွေလုပ်ဖို့ အဲဒီနားက ရွာသားတွေကို ခေါ်ပြီးတော့ အစည်းအဝေးလုပ်ခဲ့တာတွေရှိတယ်။ အဲဒါကို သူတို့ (စကစ)က ကျွန်တော်တို့တပ်တွေ လှုပ်ရှားနေတယ်လို့ ယူဆပြီးတော့ ဗုံးလာကြဲတာ” ဟု အထက်ပါ ပြန်ကြားရေးအဖွဲ့ဝင် အမျိုးသားက ပြောသည်။
စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံအနှံ့ တိုက်ပွဲများ ပြင်းထန်လာရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA လှုပ်ရှားရာ ဒေသများတွင်လည်း တိုက်ပွဲများ ပြင်းထန်နေသည်။
ပြီးခဲ့သည့် ၂၀၂၂ အတွင်း တရုတ်နယ်စပ်မြို့နယ်များဖြစ်သည့် ပန်ဆိုင်း၊ မုံးကိုး၊ မူဆယ်၊ ချင်းရွှေဟော် စသည့် မြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သလို ကိုးကန့်ခရိုင်မြို့တော် လောက်ကိုင်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားမည်ဆိုသည့် သတင်းများကြောင့် လူအမြောက်အမြား မြို့ကို စွန့်ခွာထွက်ပြေးခဲ့ကြသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီ ၁၃၊ ၁၄ တို့တွင် စစ်တပ်နှင့် MNDAA တို့ တိုက်ပွဲဖြစ်ခဲ့သေးသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သော MNDAA, AA (ရက္ခိုင့်တပ်တော်), TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) အပါအဝင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော KIA (ကချင်လွတ်လပ်ရေးတပ်မတော်), KNU (ကရင်အမျိုးသားအစည်းအရုံး), CNF (ချင်းမျိုးသားတပ်ဦး), KNPP (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ) တို့သည် တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ စစ်ကောင်စီကို တိုက်ပွဲဝင်နေကြသည်။
ယခုနှစ် ဇန်နဝါရီလဆန်းက တိုင်းရင်းသားပေါင်းစုံပါဝင်သည့် တပ်မဟာ (၆၁၁) ကို MNDAA က လက်နက်တပ်ဆင်ပေးခဲ့ပြီး ထိုတပ်မဟာကို နွေဦးတော်လှန်ရေးကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လာသည့် နိုင်ငံအနှံ့မှ တိုင်းရင်းသားများနှင့် ဖွဲ့စည်းထားသည်။
Myanmar Now News