ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ စစ်ကောင်စီကို G7 ခေါင်းဆောင်တွေတိုက်တွန်း
မြန်မာအာဏာသိမ်းစစ်ကောင်စီအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ G7 စက်မှုထိပ်သီးနိုင်ငံ ခေါင်းဆောင်တွေရဲ့ ညီလာခံကနေ တိုက်တွန်းလိုက်ပါတယ်။
မေလ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ ၃ ရက်ကြာ ညီလာခံကျင်းပပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မြန်မာအရေးနဲ့ ပတ်သက်လို့ ထည့်သွင်းထားတာဖြစ်ပါတယ်။
မြန်မာစစ်တပ်ကို လက်နက်တင်ပို့နေတဲ့ နိုင်ငံတွေအနေနဲ့လည်း လက်နက်တင်ပို့မှု ရပ်တန်းကရပ်ဖို့ G7 ခေါင်းဆောင်တွေက သတိပေးလိုက်ပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံထားရသူတွေ အားလုံးကိုချက်ချင်းလွှတ်ပေးဖို့၊ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာစေဖို့၊ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လှည့်ဖို့ စတဲ့အချက်တွေကိုလည်း ထပ်မံတောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံက အခြေအနေတွေဟာ အထူးစိုးရိမ်ရဆဲအခြေအနေဖြစ်ပြီး၊ အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေကို အတားအဆီးမရှိ ကူညီခွင့်ပေးဖို့လည်း ပြောဆိုထားပါတယ်။
မြန်မာ့အရေးဆောင်ရွက်နေတဲ့ အာဆီယံကို ဆက်လက်ထောက်ပံ့ပေးသွားမှာဖြစ်ပြီး၊ အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်အောင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေးကိုလည်း G7 ခေါင်းဆောင်တွေက ထောက်ခံထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ G7 ထိပ်သီးညီလာခံရဲ့ ကြေညာချက်ကို ကြိုဆိုကြောင်း ထုတ်ပြန်ပါတယ်။ စစ်ကောင်စီကတော့ ဘာမှပြောဆိုတာ မရှိသေးပါဘူး။
ဂျပန်နိုင်ငံက မြန်မာ့အရေး လှုပ်ရှားသူတွေကတော့ G7 ကြေညာချက်ဟာ ပြင်းပြင်းထန်ထန်မရှိဘူးလို့ ဝေဖန်ကြပါတယ်။ G7 ထိပ်သီးညီလာခံ ကျင်းပနေချိန် ဂျပန်ရောက် မြန်မာတွေ ဆန္ဒပြတောင်းဆိုတာတွေလည်း ရှိခဲ့ပါတယ်။
RFA Burmese
ကန့်ဘလူမြို့နယ်က ရွာသုံးရွာ ဆက်တိုက်မီးရှို့ခံရ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဇီးကုန်းတိုက်နယ်ထဲက မကျီးကုန်း၊ ဆူးတပ်နဲ့ ဖုတ်ကုန်းရွာတွေကို မေလ ၁၈ ရက်ကနေ ၂၀ ရက်အထိ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပြီး ဆက်တိုက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၀ ကျော် မီးလောင် ပျက်စီးသွားတယ်လို့ ကန့်ဘလူဒေသခံတွေက RFA ကိုပြောပါတယ်။
မေလ ၁၈ ရက်က အင်အားတစ်ရာကျော်ပါတဲ့ စစ်ကြောင်း မကျီးကုန်းရွာထဲ စီးနင်းချိန် နေအိမ် ၁၄ လုံး မီးလောင် ပျက်စီးခဲ့သလို မေ ၁၉ ရက်မှာလည်း ဆူးတပ်ရွာကနေအိမ် ၂၀ ခန့် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၂၀ ရက်မှာလည်း ဖုတ်ကုန်းရွာ ဝင်ရောက်မီးရှို့ခံခဲ့ရပြီး ထိခိုက်ပျက်စီးမှု အတိအကျကိုတော့ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန့်ဘလူ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“စစ်ကြောင်းထိုးနေတာကြာပြီ။ မေလ ၁၈ ရက်စပြီး ရွာတွေမီးရှို့တာပဲ။ မနေ့ကဖုတ်ကုန်းရွာ ထိခိုက်ပျက်စီးမှုတော့ မသိရသေးဘူး။ စစ်ကြောင်းကတော့ ဒီမနက်ပြန်ထွက်သွားပြီ”
နေအိမ်တွေကို ဝင်ရောက်မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ခြေမြန်တပ်ရင်း ခမရ (၃၆၈) ကဖြစ်တယ်လို့ ဒေသခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
မေလ ၁၆ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ် ကျီးပင်အက်ရွာကို ခြေမြန်တပ်ရင်း ခမရ (၃၆၁) စစ်ကြောင်းက စီးနင်းဝင်ရောက်ပြီး ကျေးရွာ စာသင်ကျောင်းကို ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
အဲဒီနေ့ဝင်ရောက်ချိန် လက်နက်ကြီးနဲ့ပါပစ်လို့ ထန်းကုန်တိုက်နယ်၊ ထိန်တောရွာက အသက် (၂၆) နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ရွာသစ်ကုန်းရွာက အသက် ၂၇ နှစ်အရွယ် စစ်ဘေးဒုက္ခသည်အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှ မီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA ကမေးမြန်းချိန်မှာ ငြင်းဆိုထားဖူးပါတယ်။
RFA Burmese
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ မေ (၈)ရက်မှ (၁၄) ရက်နေ့ထိ
မေလ(၈)ရက်မှ (၁၄)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်များက မွန်ပြည်နယ်၊ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်းတို့ကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့ပြီး ပြည်သူပိုင် အဆောက်အဦးများ မီးလောင်ပျက်စီး ခဲ့သည်။ ပဲခူးတိုင်းဒေသကြီး ညောင်ပင်သာကျေးရွာမှ ပြည်သူ ၁၈ ဦးကို စစ်အာဏာရှင်တပ်သားများက အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် စစ်အာဏာရှင်တပ်သားများက အမျိုးသမီးများ အများစုပါဝင်သည့် ဒေသခံ (၃၀) ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုတို့ကြောင့် တပတ်အတွင်း ကလေးငယ် (၃)ဦး သေဆုံးခဲ့ရသည်။
စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီးတွင် မုံရွာနှင့်ချောင်းဦးဆက်ထားသော လမ်းပိုင်းနှင့် ကရင်ပြည်နယ် ကော့ကရိတ်မှ လမ်းများကို ဖျက်ဆီးခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်တွင် စစ်အာဏာရှင်တပ်နှင့် SNAတို့ ပူးပေါင်းပြီး နေအိမ် ၁၀ အိမ်လျှင် တပ်သားသစ် ၁ ဦးနှုန်း အတင်းအကျပ် စုဆောင်းလျှက်ရှိသည်။ စစ်အာဏာရှင်တပ်က ဧရာဝတီတိုင်းဒေသကြီးမှ ပြည်သူပိုင်အဆောက်အဦးများ နှင့် နေပြည်တော်မှ ဘုန်းကြီးကျောင်းများ အပါအဝင် လူနေအိမ်များကို အတင်းအဓမ္မဖျက်ခိုင်းခဲ့သည်။
Infogram
မြန်မာနိုင်ငံမှာ မိုခါမုန်တိုင်းကြောင့် ခြောက်ဦးသေဆုံး
အင်အားပြင်းထန်တဲ့ ဆိုင်ကလုန်း မုန်တိုင်းမိုခါဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို မေလ ၁၄ ရက် ဒီနေ့နေ့လယ်ပိုင်းကစလို့ ဖြတ်သန်းဝင်ရောက်နေပြီး ညနေပိုင်းအထိရထားတဲ့ စာရင်းအရ မုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်း လူခြောက်ဦးသေဆုံးခဲ့ပါတယ်။
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်က အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး၊ ဧရာဝတီတိုင်း ရေကြည်နဲ့ တောင်ကုတ်မြို့နယ်က အသက် ၂၀ ကျော်အရွယ် အမျိုးသားနှစ်ဦး၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့က အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့က အသက် ၂၀ ကျော်အရွယ် လူငယ်ဇနီးမောင်နှံ ဖြစ်ပါတယ်။
တာချီလိတ်မြို့က ဇနီးမောင်နှံဟာ ဒီနေ့မနက်အစော အိပ်ပျော်နေချိန် မိုးလေသည်းထန်ပြီး မြေပြိုကျတာကြောင့် သေဆုံးခဲ့တာလို့ တာချီလိတ်အခြေစိုက် လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ကျန်တဲ့ လေးဦးကတော့ လေပြင်းတိုက် သစ်ပင်တွေလဲကျပိမိပြီး သေဆုံးခဲ့တာပါ။
မုန်တိုင်းဗဟိုချက်မအဖြစ် တိုက်ခိုက်ခံခဲ့ရတဲ့ စစ်တွေမြို့ကလမ်းတွေပေါ်မှာ လူသွား လူလာမရှိတော့ဘဲ မုန်တိုင်းနဲ့အတူ မြို့ပေါ်ရပ်ကွက်တချို့မှာ ဒီရေတွေပါတတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြိုရဲ့ အနိမ့်ပိုင်းရပ်ကွက်တချို့မှာတော့ ပင်လယ်ရေရှစ်ပေနီးပါး ဝင်ရောက်နေပြီး၊ နေအိမ် ပရိဘောဂပစ္စည်းတွေလည်း ရေပေါ်မှာမျောနေတယ်လို့ ဆိုပါတယ်။
မုန်တိုင်းအရှိန်ကြောင့် သစ်ပင်တွေလဲတာ၊ နေအိမ်တွေ အမိုးအကာ လေနဲ့အတူပါကုန် သလို စစ်တွေမြို့ပေါ်က နှစ်ပေါင်း ၄၀ ကျော်ရှိတဲ့ ဆက်သွယ်ရေးတာဝါတိုင်တချို့ ပြိုကျကုန်လို့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။
စစ်တွေမြို့၊ ဘောင်းဒွတ်သားစုရပ်ကွက်မှာ နေထိုင်နေတဲ့ ကိုလင်းလင်း (အမည်လွှဲ) ကတော့ လေတိုက်နှုန်းအရှိန်ကြောင့် နေအိမ်တစ်ဝက်နီးပါးအမိုးတွေ လေနဲ့အတူ ပါသွားတယ်လို့ RFA ကို ပြောပါတယ်။
“လေက အပြင်းဆုံးအချိန်မှာရှိတယ်လို့ ပြောလို့ရတယ်ဗျာ၊ ခေါင်မိုးတွေလန်တာတို့၊ ရေတိုင်ကီတွေ ပြုတ်ကျတာတို့ ရှိတယ်ဗျာ။ သစ်ပင်တွေလည်း လဲတယ်။ အခုတော့ ကျွန်တော်တို့က နှစ်ထပ်အိမ်ပေါ့ လောလောဆယ် အိမ်ပေါ်မှာပဲနေပါတယ်၊ ကျွန်တော်တို့ အိမ်ဘေးနားမှာ သုံးထပ်တိုက်တော့ရှိတယ်၊ တစ်ခုခုအရေးပေါ် ဖြစ်လာရင်တော့ သုံးထပ်အိမ်ကိုသွားဖို့ အစီစဉ်ရှိတယ်ပေါ့၊ အခုအခြေအနေက ဘာမှအကာအကွယ်မပါဘဲ သွားဖို့တော့ခက်တယ်ပေါ့”
စစ်တွေမြို့ ရပ်ကွက်တချို့မှာလည်း ဒီကနေ့ နေ့လယ်ပိုင်းကတည်းက ပင်လယ်ရေတွေ ဝင်ရောက်နေပြီး နေအိမ်တွေမှာ ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
မုန်တိုင်းအခြေအနေအရ လေရောမိုးရော သည်းနေတာကြောင့် ကယ်ဆယ်ရေးတွေလည်း မလုပ်နိုင်ကြသေးဘဲ မုန်တိုင်းပြီးမယ့်အချိန်ကိုပဲ စောင့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့မှာတော့ နေ့လယ်တစ်နာရီကျော်က မုန်တိုင်းအရှိန်ကြောင့် လေတိုက်ခိုက်မှု ပြင်းထန်ခဲ့ပြီး ညနေ ၄ နာရီမှာတော့ ငြိမ်သက်သွားတယ်လို့ ကျောက်ဖြူမြို့က အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“နေ့လယ်တစ်နာရီလောက်ကတော့ လေကတော်တော် ပြင်းထန်တယ်၊ တစ်နာရီကို မိုင် ၈၀ လောက်ရှိတယ်။ အခုတော့ ငြိမ်သွားပါပြီ၊ ကျောက်ဖြူတစ်မြို့လုံးမှာတော့ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး၊ လမ်းတွေ၊ သစ်ပင်တွေတော့ ပျက်စီးတာရှိတယ်။ ကူညီကယ်ဆယ်ရေးလုပ်ဖို့ အခုပြင်ဆင်နေကြပါတယ်၊ ပင်လယ်ရေမျက်နှာပြင်လည်း ၁၀ ပေကျော်အထိ ဒီရေမြင့်တတ်လာပြီး ကျောက်ဖြူကမ်းနားလမ်းက လမ်းပေါ်ကို ရေကျော်တော့မယ်လို့ ပြောပါတယ်”
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားဒုက္ခသည်စခန်းမှာတော့ နေ့လယ်နှစ်နာရီကျော် ကတည်းက မိုခါမုန်တိုင်းကြောင့် လေပြင်းတွေ စတင်တိုက်ခိုက်လာတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
မိုးနဲ့လေပြင်းတိုက်ခိုက်မှုတွေရှိပေမယ့် အခြေအနေကိုကြည့်ပြီးမှ ဘင်္ဂလားဒေ့ရှ်အစိုးရ စီစဉ်ပေးထားတဲ့ အရေးပေါ် နေရာတွေကို ရွှေ့ပြောင်းမယ်လို့ ကူတုပါလောင် ဒုက္ခသည်စခန်းက ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
“အခုနေ့လယ်ပိုင်းကျတော့ လေကတော်တော်ပြင်းထန်လာပါတယ်။ လမ်းလျှောက်လို့ မရအောင်ကို တိုက်လာတယ်။ အစိုးရအာဏာပိုင်တွေကတော့ ဘာသာရေးစာသင် ကျောင်းတွေမှာ မုန်တိုင်းရှောင်ဖို့ ပြောထားတာရှိတယ်။ အခုထိတော့ ဒုက္ခသည်တွေက မနေကြသေးပါဘူး။ ကိုယ့်အိမ်မှာပဲ ကိုယ့်ဘာသာကိုယ် နေနေကြတုန်းပဲ၊ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းတယ်။ သူတို့စီစဉ်ပေးထားတဲ့ နေရာတွေကိုကြည့်ရင် လည်း ကိုယ့်အိမ်နဲ့အတူတူပဲ ထရံကာထားတာ၊ တာလပတ်မိုး အကာတွေပဲဆိုတော့ မုန်တိုင်းဒဏ်ကို မခံနိုင်ဘူးလေ၊ အဲဒါကြောင့် ကျွန်တော်တို့ စိုးရိမ်ကြတာပါ”
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ မုန်တိုင်းတိုင်းထွာချက်တွေကို အခြေခံထားတဲ့ သတိပေးချက်တွေကို အချိန်နဲ့တပြေးညီ အသိပညာပေးထုတ်လွှင့် နေတယ်လို့ ဆိုပါတယ်။
မုန်တိုင်းဝင်ရောက်ခဲ့တဲ့ ဒေသတွေဟာ ပြိုကျပျက်စီးတဲ့အန္တရာယ်တွေ နောက်ဆက်တွဲ ရှိလာနိုင်တာကြောင့် စိတ်ချရတဲ့အခြေအနေကို သက်ဆိုင်ရာဌာနတွေက မကြေညာမချင်း အပြင်မထွက်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက RFA ကို ပြောပါတယ်။
“မုန်တိုင်းတစ်ခုမှာ မုန်တိုင်း အဆောက်အအုံ၊ မုန်တိုင်းတိမ်တိုက် ရှေ့ဆုံးပိုင်းတွေမှာ လေကသိပ်မတိုက်ဘူး။ အခုမုန်တိုင်းရဲ့ ဗဟိုချက်နီးလာလေ လေတိုက်နှုန်း ၁၃၅ လို့ မှန်းထားတယ်။ မုန်တိုင်းဗဟိုချက်နီးလေ လေတိုက်နှုန်းက ပိုပိုပြင်းလာလေပဲ။ မုန်တိုင်းဗဟိုချက်လည်းဖြတ်ရော လေကရုတ်တရက်ငြိမ်သွားရော၊ မုန်တိုင်းရဲ့ အချင်းက ၁၀ မိုင်လောက်ရှိရင် လေကနာရီဝက်လောက် ငြိမ်သွားရော။ ငြိမ်သွားရင် လူတွေက မုန်တိုင်းပြီးသွားပြီ၊ လေငြိမ်သွားပြီလို့ ထင်ကြတယ်။ အဲဒါမဟုတ်ဘူး မုန်တိုင်းရဲ့နောက်ဆုံးပိုင်း ကျန်သေးတယ်၊ အန္တရာယ်ရှိတဲ့အပိုင်း ကျန်သေးတယ်။ မုန်တိုင်းဖြတ်နေတဲ့အချိန် အညိုရောင်၊ ဖြတ်ပြီးတဲ့အချိန် အစိမ်းရောင်လို့ သတ်မှတ် ထားတယ်။ အစိမ်းရောင်ဆိုတာ မုန်တိုင်းအန္တရာယ်ကင်းရှင်းသွားပြီ တိမ်တိုက်တွေ လည်း ဒေသတစ်ခုလုံးကို ဖြတ်ပြီးသွားပါပြီလို့ ပြတာပေါ့။ အဲဒီတော့မှသာ အန္တရာယ်ကင်းရှင်းတာပေါ့၊ သက်ဆိုင်ရာက မုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်း မကြေညာမချင်း အပြင်မထွက်ကြပါနဲ့”
မုန်တိုင်းဝင်ရောက်ဖြတ်ကျော်မယ့် ဒေသတွေအနေနဲ့ မုန်တိုင်းအဆင့် သတိပေးချက်တွေကို အဆက်မပြတ်နားထောင်တာ၊ အရေးပေါ်ဆေးဝါးနဲ့ အသုံးအဆောင်တွေကို ကြိုပြင်ဆင် တာမျိုး လုပ်ရမယ်လို့ ဆိုပါတယ်။
မိုခါမုန်တိုင်းဝင်ရောက်တာနဲ့ ပက်သက်ပြီး ပျက်စီးထိခိုက်တဲ့ အခြေအနေကိုသိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံမဖြေဆိုပါဘူး။
အင်အားပြင်းထန်တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ဝင်ရောက်ချိန်ကနေ အန္တရာယ်ကင်းတဲ့ အဆင့်အထိ ၁၂ နာရီ ကြာမြင့်မယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။
RFA Burmese
ဂျီနီဗာကွန်ဗင်းရှင်း အကာအကွယ်မြန်မာနိုင်ငံမှာ မရရှိ
ဂျီနီဗာပဋိညာဉ်စာတမ်း နောက်ဆက်တွဲသဘောတူညီချက်တွေမှာ ပါရှိတဲ့ အရေးအကြီးဆုံးစည်းမျဉ်းက စစ်ပွဲမှာ ရက်စက်တဲ့ အတိုင်းအတာကို ကန့်သတ်ထားတာပဲ ဖြစ်ပါတယ်။
တိုက်ပွဲနဲ့ပတ်လည်းမပတ်သက်၊ ပါလည်းမပါဝင်တဲ့ အရပ်သားတွေ၊ ဆေးဝန်ထမ်းတွေ၊ ကယ်ဆယ်ရေး လုပ်သားတွေကို Geneva Convention က အကာအကွယ်ပေးထားပါတယ်။ တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ဖူးတာတောင် ဒဏ်ရာရနေရင် နာမကျန်းဖြစ်နေရင်နဲ့ သင်္ဘောပျက်ပေါ်ပိတ်မိနေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ စစ်အကျဉ်းသားတွေကို ရက်ရက်စက်စက်မပြုမူဖို့ လည်း အကာအကွယ်ပေးပါတယ်။
ဒါပေမဲ့ အချစ်နဲ့ စစ်မှာ တရားတာမရှိဘူးဆိုရိုးကို လက်ကိုင်ထားတဲ့ မြန်မာစစ်ကောင်စီဟာ ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပိုပြီး ရင်ဆိုင်လာရတဲ့ ပြည်တွင်းပဋိပက္ခကို ရတဲ့နည်းနဲ့ နည်းပေါင်းစုံက ဖြိုခွင်းတဲ့အခါ လေကြောင်းကို အထူးအားပြုပါတယ်။
ပစ်ခတ်နိုင်စွမ်းရည်၊ ပိုင်ဆိုင်တဲ့ လက်နက်စွမ်းရည်နဲ့လူ့စွမ်းရည်ကို အခြေခံပြီး စစ်အင်အား firepower ကို တွက်ချက်တဲ့ Global Firepower ဇယားအရ မြန်မာစစ်ကောင်စီလေတပ်မှာ လေယာဉ်စင်းရေ ၂၈ဝ ရှိပြီး ၁၈၂ စင်းက သုံးဖို့ အသင့်ရှိတယ်လို့ ဖော်ပြပါတယ်။
စစ်ကောင်စီလေတပ်ဟာ ကမ္ဘာ့ ၁၄၅ နိုင်ငံမှာ အဆင့် ၃၄ မှာရှိနေပါတယ်။ ရဟတ်ယာဉ်စင်းရေက ၈ဝ နဲ့ ၄၁ နေရာချိတ်ပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ်က ကိုးစင်းနဲ့ ကမ္ဘာမှာ အဆင့် ၃၇ မှာ ရှိပါတယ်။ တိုက်လေယာဉ်က ၅၅ စင်း၊ အသင့်အနေအထားက ၃၆ စင်းနဲ့ အဆင့် ၃၆ မှာ ရှိပါတယ်။ ဒီတိုက်လေယာဉ်၊ တိုက်ရဟတ်ယာဉ်တွေကို စစ်ကောင်စီဘယ်လို အသုံးချနေပါသလဲ။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာမှာ ဧပြီ ၂၀ က လုပ်ရပ်က သက်သေတစ်ခုဖြစ်ပါတယ်။
ရွာကို ဂျက်တိုက်လေယာဉ်နဲ့ရော Mi-35 တိုက်ရဟတ်ယာဉ်နဲ့ပါ တိုက်ခိုက်ခဲ့တာပါ။ ဒါကို ပဇီကြီးရွာဒေသခံ ကိုမျိုးက
“ဂျက်တိုက်လေယာဉ်နဲ့ ရွာကို နှစ်ပတ်ပတ်ပြီး ဗုံးခြောက်လုံးလောက် အတွဲလိုက် ကြဲချခံရတယ်။ ပေါက်ကွဲအား တော်တော် ပြင်းထန်ပါတယ်။ လောလောဆယ်တော့ ရွာကနေ မီးခိုးလုံးတွေ တက်လာတယ်။ အိမ်တွေ မီးလောင်ကုန်ပြီ ထင်တယ်။ ဒေသခံတွေကတော့ အစကတည်းက နေအိမ်တွေကနေ ရှောင်ထားလို့ ထိခိုက်တာ မရှိပါဘူး။ လောလောဆယ်တော့ နယ်မြေရှင်းလင်းရေး အနေအထားသဘော သက်ရောက်နေတာပေါ့။ ရောက်တာကတော့ မနေ့က ၁၂ နာရီဝန်းကျင်ကတည်းက သူတို့ရောက်တာ၊ ရွာထဲကို ညနေပိုင်းမှ ဝင်ကြတာ။ ဂျက်တိုက်လေယာဉ် နှစ်ခေါက်၊ Mi-35 က တစ်ခေါက်။ မနေ့က ရွာကိုဝင်မယ့်အချိန်ကျတော့ အပေါ်ကနေ ဝဲတာပေါ့။ ကင်းထောက်ပေးတဲ့ သဘောမျိုးပေါ့။”
ကိုမျိုးပြောတဲ့ Mi-35 (M-အိုင် 35) Mi အမျိုးအစားကို နေတိုး မြောက်အက်တလန္တိတ်စာချုပ်အဖွဲ့က Hind ဟိုင်းလို့ ခေါ်ပါတယ်။ ဒီဇိုင်းဆွဲတဲ့ မီခေးလ်လီယွန်နော့ယက်ဗ်မေးလ်ကို အစွဲပြုပြီး မီ လို့ခေါ်တာဖြစ်ပြီး Mi-35 ကို flying tank ဝေဟင်က တင့်ကားလို့တောင် တင်စားတယ်လို့ လွတ်မြောက်နယ်မြေရောက် လေတပ်မှာတာဝန်ထမ်းခဲ့ဖူးတဲ့ CDM ဗိုလ်လေးမိုးညိုက ပြောပါတယ်။
Mi-35 အမျိုးအစားဟာ တနာရီ ၁၈၉ မိုင်ကျော်နဲ့ လေယာဉ်ဆီအပြည့်ဖြည့်ထားရင် မိုင် ၆ဝဝ ကျော် ပျံသန်းနိုင်တယ်လို့ လေတပ်နဲ့ဆိုင်တဲ့ နည်းပညာ Airforce Technology က ဖော်ပြပါတယ်။ Mi-35M ဟာ ရုရှားလေတပ်က ခေတ်မီတိုက်ရဟတ်ယာဉ် အမျိုးအစားတခုဖြစ်ပြီး မြေပြင်က တင့်ကားနဲ့ ကတုတ်ကျင်းတွေကို ဖြိုခွင်းနိုင်တဲ့ အကြီးစားစက်အမြောက်တပ်ဆင်ထားပါတယ်။
မြေပြင်အနေအထား အမျိုးမျိုးမှာ နေ့နေ့ညည တိုက်ခိုက်နိုင်ရုံမက ကိုယ်တိုင်က ခေတ်မီပေမဲ့ ခေတ်မီကိရိယာတပ်ဆင်မထားတဲ့ လေယာဉ်ကွင်းကိုလည်း သုံးနိုင်တယ်လို့ဆိုပါတယ်။ အပူချိန်မြင့်တဲ့ နေရာဖြစ်ဖြစ် တောင်တန်းတွေ ထူထပ်တဲ့နေရာ ဖြစ်ဖြစ် ပျံသန်းနိုင်ပါတယ်။
မြန်မာစစ်ကောင်စီလေတပ်မှာ ရုရှားလုပ် Mi-35, Mi-24V တိုက်ရဟတ်ယာဉ်နဲ့ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် Mi-17 ရှိတယ်လို့ militarywiki ဆိုတဲ့ စစ်ရေးစစ်ရာစွယ်စုံကျမ်းစာရင်းက ဖော်ပြပါတယ်။
ရဟတ်ယာဉ်ဆိုတာ စစ်ရေးသက်သက် သုံးဖို့မဟုတ်ဘဲ သဘာဝဘေးအန္တရာယ် ကျရောက်လို့ ပိတ်မိနေသူတွေ၊ သွားလာရခက်တဲ့နေရာတွေက အသက်လုနေရတဲ့ လူနာတွေ ကယ်ဆယ်ဖို့လည်း သုံးပါတယ်။
စစ်ဘက်သုံးရဟတ်ယာဉ်တွေတောင် လိုအပ်ရင် လူ့အသက်ကယ်ဆယ်တဲ့နေရာမှာ သုံးကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ သာမန်အရပ်သားတွေ အရင်က မသိဖူး၊ မကြုံဖူးတဲ့ Mi-35 ကို လေကြောင်းကတိုက်ခိုက်ခံရတဲ့ ဒေသက အရပ်သားတွေ သိလို့နေပါပြီ။
စစ်မက်ဖြစ်ပွားတဲ့နေရာတွေက အရပ်သားတွေ၊ စစ်ပွဲမှာဝင်တိုက်ပြီး ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေကိုတောင် ရက်ရက်စက်စက်မပြုကျင့်ဖို့ Geneva Convention က စောင့်ထိန်းရမယ့် ကျင့်ဝတ်ကိုညွှန်ပြပေမဲ့ မြန်မာနိုင်ငံမှာတော့ လျစ်လျူရှုခံထားရတယ်လို့ သုံးသပ်နေကြပါတယ်။
RFA Burmese
ညောင်ပင်သာရွာက အစုအပြုံလိုက်သတ်ဖြတ်မှု ကရင်လူ့အခွင့်အရေးအဖွဲ့တွေ ပြင်းပြင်းထန်ထန်ရှုတ်ချ
ပဲခူးတိုင်း ညောင်လေးပင် ခရိုင်၊ ကလာ လွယ်ထူး ခရိုင်၊ ညောင်ပင်သာရွာမှာ ပြီးခဲ့တဲ့ မေလ ၁ဝ ရက်နေ့က စစ်ကောင်စီတပ်တွေက ကလေးငယ်ငါးဦး အပါအဝင် အနည်းဆုံး အရပ်သား ၁၈ ဦးကို ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်ခဲ့တာကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ အသက်ဆုံးရှုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းကြောင်း ကရင် လူ့အခွင့်အရေးအဖွဲ့ KHRG နဲ့ ကရင် ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ယက် KPSN တို့က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဒီသတ်ဖြတ်မှုကို စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နံပါတ် ၁၃ လက်အောက်က ခြေမြန်တပ်ရင်း ၅၉၉ က တပ်သားတွေနဲ့ အခြား တပ်မ၊ တပ်ရင်းတွေက စစ်သားတွေ ကျူးလွန်ခဲ့တာဖြစ်ပြီး၊ မေလ ၁ဝရက်က KNLA တပ်တွေနဲ့ စစ်ကောင်စီ တပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက ညအချိန်မှာ ရွာထဲကို ဝင်ရောက်စီးနင်း မီးရှို့ပြီး၊ အမျိုးသမီး၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေကို သတ်ဖြတ်ခဲ့တာလို့ ကြေညာချက်မှာ ပါရှိပါတယ်။
နိုင်ငံတကာက အစိုးရတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ခေါင်းဆောင်တွေကို ပစ်မှတ်ထားပိတ်ဆို့အရေးယူဖို့၊ လူသားချင်း စာနာမှု အကူအညီတွေ တိုက်ရိုက်ပေးအပ်မှု တိုးမြှင့်ဖို့နဲ့ စစ်ကောင်စီက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုတွေကို အားပေးထောက်ခံဖို့ တိုက်တွန်းကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အလားတူ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ (မူးမြို့နယ်) ကလည်း စစ်ကောင်စီက ညောင်ပင်သာရွာက အရပ်သားတွေကို အစုအပြုံလိုက် မီးရှို့သတ်ဖြတ်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း မေ ၁၂ ရက်နေ့ မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ မိမိတို့အဖွဲ့အနေနဲ့ အခုလို လုပ်ရပ်ကို လုံးဝလက်မခံနိုင်ကြောင်းနဲ့ သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ အစုအဖွဲ့အနေနဲ့ လုံးဝတာဝန်ခံရမှာဖြစ်ကြောင်း၊ တာဝန်ယူမှု တာဝန်ခံမှုရှိလာအောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
RFA Burmese