စစ်ကောင်စီက တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ကနက်သီရီရွာ ဝန်းကျင်ကို ကုန်းကြောင်းနှင့် ရေကြောင်းမှ တိုက်ခိုက်ပြီး စစ်အင်အားတိုးချထားနေရာ ဒေသခံထောင်နှင့်ချီ တိမ်းရှောင်နေကြရသည်ဟု သတင်းရင်းမြစ်နှစ်ခုထံမှ သိရသည်။

အမှတ် (၈) မြိတ်-ထားဝယ်လမ်းမမှ ပင်လယ်ကမ်းစပ်အနီး ကနက်သီရိရွာအပါအဝင် ကျေးရွာများကို စစ်ကောင်စီတပ်က တစ်ပတ်ကြာ ဝင်မွှေနေသည်၊ ဇွန် ၁၃ ညတွင် ထားဝယ်မြို့မှ စစ်ကား ၇ စီးဖြင့် အင်အားထပ်ဖြည့်ထားသည်ဟု ဒေသအခြေစိုက် ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ ပြောရေးဆိုခွင့်​ရှိသူ ရွှေဒေါင်းက ပြောသည်။

ရဲစခန်းနှင့် စစ်တပ် အထိုင်စခန်းများရှိသည့် အမှတ် (၈) လမ်းမဘေး ဝင်းဝကျေးရွာကို စစ်ကား ၅ စီး၊ မင်းဒပ်ရွာကို ၂ စီးဝင်ရောက်လာပြီး မူလရောက်ရှိနေသော မြေပြင်စစ်ကြောင်းနှင့် ပူးပေါင်းနေသဖြင့် အင်အား ၂၀၀ နီးပါး ရှိနိုင်သည်ဟု ယူဆရကြောင်း ၎င်းက ဆိုသည်။

“ပြောက်ကျားစနစ်စစ်ဆင်ရေးတွေ မကြာခဏလုပ်လေ့ရှိတယ်ဗျ။ ဒီဘက်မှာ စစ်တပ်က အကျအဆုံးများတယ်။ လာတဲ့လမ်းကြောင်းတိုင်း ဖြတ်တိုက်ခံရတော့ ပွဲတိုင်းလိုလို အကျအဆုံးရှိတော့ သူတို့တွေက ဒီဘက်ကို မဲလာတဲ့သဘောရှိတယ်” ဟု ၎င်းက ပြောသည်။

စစ်ကြောင်းဝင်ရောက်လာစဉ် ကနက်သီရိ၊ ဝဲရစ်၊ ကမြိုင်၊ ရငဲ၊ ကျွဲမင်းကုန်းနှင့် ကျောက်ခမောက်ရွာမှ ဒေသခံ ၈,၀၀၀ ဝန်းကျင် တိမ်းရှောင်နေရပြီး သီတင်းတစ်ပတ်ကြာသည်အထိ မပြန်နိုင်သေးကြောင်း သိရသည်။

ထားဝယ်၊ လောင်းလုံမြို့တို့နှင့် ကပ်လျက်တည်ရှိသော သရက်ချောင်းမြို့နယ်ရှိ ကနက်သီရိရွာသည် ပင်လယ်ထွက်ပေါက်မှလွဲ၍ ဝင်ထွက်ပေါက်တစ်ခုသာ ရှိသည်။ ယမန်နေ့ (ဇွန် ၁၃) ညတွင် ရငဲရွာထဲ ပြန်လည် ရောက်ရှိလာသည့် စစ်တပ်ကို ထပ်မံတိုက်ခိုက်ခဲ့ရာ တစ်ပတ်အတွင်း ကာကွယ်ရေးအဖွဲ့များက ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ရွှေဒေါင်းက ပြောသည်။

“ကာကွယ်ရေးအဖွဲ့တွေဘက်က (လက်နက်၊ ခဲယမ်း) အားနည်းကြတော့ အပြန်အလှန် မပစ်နိုင်ကြဘူး။ စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးတွေ ထုပြီး လာတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က သူတို့ မိုင်းကွင်းထဲရောက်မှ ခွဲကြတယ်၊ ပစ်ကြတယ်” ဟု ၎င်းက ဆိုသည်။

ပင်လယ်တွင် ကျောက်ချထားသည့် စစ်သင်္ဘောများက လက်နက်ကြီးများဖြင့် ပစ်ခတ်ကြကြောင်း၊ ယနေ့တွင် စစ်သင်္ဘောများဆက်ရှိမရှိကို အတိအကျမသိရသေးကြောင်း ၎င်းက ဆိုသည်။

ကနက်သီရိကျေးရွာသည် စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၏ ဇာတိမြေဖြစ်သဖြင့် နယ်မြေစိုးမိုးရန် ဖိနှိပ်ခြင်းဖြစ်နိုင်ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ အမျိုးသားက ဆိုသည်။

စစ်ကောင်စီတပ်သည် ကျေးရွာ ၆ ရွာကျော်တွင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်၊ ကနက်သီရိရွာမှ ဒေသခံ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်ထားရာမှ ယမန်နေ့ ရငဲရွာသို့ ရောက်ရှိသွားစဉ် ပြန်လွတ်ပေးခဲ့သည်ဟုလည်း သူက ပြောသည်။

“ဒီလူတွေ ပြန်သွားတဲ့အပေါ် အိမ်ပြန်လို့ရပြီဆိုပြီး တချို့လူ‌တွေ ကြောက်ကြောက်နဲ့ ပြန်သွားကြတော့ ပြန်ပိတ်မိနေတယ်လို့ မနေ့က ပြန်ကြားသိရတယ်” ဟု ပြောသည်။

အရဲစွန့်ပြန်သွားသူများသည် ရေကြောင်းမှ ပြန်လည်ထွက်ပြေးရကြောင်း၊ အချို့မှာ ကမ်းစပ်အနီး ဓနိတောများတွင် တိမ်းရှောင်ကာ အိမ်ပြန်ရန် စောင့်ဆိုင်းနေကြကြောင်းလည်း သိရသည်။

ထားဝယ်၊ လောင်းလုံမြို့တို့နှင့် ကပ်လျက်ရှိသော သရက်ချောင်းမြို့နယ်အတွင်း တိုက်ပွဲများတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ရှောင်နေသူများ ထိခိုက်ဒဏ်ရာရသည်၊ မိုးထဲရေထဲ ပြေးလွှား စစ်ရှောင်နေရသဖြင့် စားဝတ်နေရေး ပိုမိုခက်ခဲနေသည်ဟု သရက်ချောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသလို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။

ထိုသို့ တိုက်ပွဲများ ပြင်းထန်နေချိန်တွင် သရက်ချောင်းမြို့နယ်ကို ဖြတ်သန်းသွားသည့် ရေး၊ ထားဝယ်၊ မြိတ်မြို့နယ်တို့ကို ဆက်သွယ်သည့် အမှတ် (၈) လမ်းမကြီးပေါ်တွင် မော်တော်ယာဉ်များကို စစ်ဆေးမည်၊ စစ်ကောင်စီနှင့် ပတ်သက်သည့် လူနှင့် ပစ္စည်းများ မတင်ဆောင်ရဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) က ဇွန် ၁၀ ရက် နေ့စွဲဖြင့်  သတင်းထုတ်ပြန်ထားသည်။

Myanmar Now News

၂၀၂၃ ခုနှစ်၊ ဇွန်လ (၁)ရက်မှ (၇) ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇွန်လ (၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင် တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီး တို့မှ ပြည်သူ (၇၀) ကျော်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တွင် စစ်အာဏာရှင် လက်အောက်ခံ ပျုစောထီးများမှ အမျိုးသမီး (၂)ဦးကို နှိပ်စက် ပစ်သတ်ခဲ့သည်။

စစ်အာဏာရှင်တပ်သားများက မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်မှ ပြည်သူ ၁ဦးကို မီးရှို့ သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် (၁)ဦး အပါအဝင် ပြည်သူ (၃)ဦး သေဆုံးခဲ့ပြီး၊ ကလေး (၂)ဦး အပါအဝင် ပြည်သူ(၁၆)ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ ဗုံးကြဲချခြင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ပြည်သူပိုင် အဆောက်အဦးများ မီးလောင်ခြင်း၊ ပျက်စီး ဆုံးရှုံးခြင်းများ ရှိခဲ့သည်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ ဇွန်လ ၇ ရက်ဒီနေ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတစ်သောင်းကျော် (၁၁၅၂၀ ဦး) ဘေးလွတ်ရာ ထွက်ပြေး နေရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ဒီနေ့ နေ့လယ်ပိုင်း ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းတံတားဂိတ်မှာရှိတဲ့ စစ်ကောင်စီ တပ်က ပစ်ခတ်ခဲ့တာလို့ ကျောက်ကြီး၊ မုန်းဒေသ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ ရှောင်နေကြရတာပါ။ ပုဇွန်မြောင်း၊ ညောင်ပင်သာ၊ ထန်းတပင်၊ ရန်မျိုးအောင် ရွာတွေပေါ့။ ရမ်းသမ်းပစ်ခတ်နေတာပါ။ တိုက်ပွဲကမရှိတော့ပါဘူး။ ဒီရွာတွေက KNU တပ်မဟာ (၃) ညောင်လေးပင်ခရိုင်ထဲကပါ “

စစ်ဘေးဒုက္ခသည်တွေဟာ နီးစပ်ရာ ဘာသာရေးအဆောက်အအုံတွေနဲ့ တောတောင်တွေထဲမှာ နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်တွေအတွက် အမိုးအကာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့အဝတ်အထည်တွေ လိုအပ်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း အလှူရှင်တွေကို လမ်းတစ်လျှောက် ပိတ်ဆို့စစ်ဆေးနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ဇွန်လ ၆ ရက် မနေ့ကတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရှိရာ နတ်သံကွင်းမြို့ရဲစခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီနောက်မှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီတပ်တွေဟာ မေလ ၁ဝ ရက်နေ့ကလည်း ညောင်ပင်သာရွာက ကလေးငယ် ငါးဦးအပါအဝင် အနည်းဆုံးအရပ်သား ၁၈ ဦးကို သတ်ဖြတ်ခဲ့သလို နေအိမ်အလုံး ၂၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေ့ကိစ္စနောက်ပိုင်းကနေ ဇွန်လ ၇ ရက်နေ့အတွင်း ပဲခူးတိုင်း၊ ကျောက်ကြီး မြို့နယ်ထဲမှာ စစ်ဘေးတိမ်းရှောင်ရသူစုစုပေါင်း ၂၉၃၀၀ ဦးရှိနေတယ်လို့ ကျောက်ကြီး၊ မုန်းဒေသ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

RFA News

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ကော့ကရိတ် မြို့နယ်၊ ရွာတန်းရှည်ရွာမှာ ဇွန်လ ၇ ရက် ဒီနေ့မနက် ကိုးနာရီခွဲဝန်းကျင်က လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲတာ ကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

အသက် ၁၂ နှစ်အရွယ် စောကျော်သန်းအောင် သေဆုံးပြီး အသက်လေးနှစ်အရွယ် နန်းရေဝတီနဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်တပိတို့သားအမိ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ တော်လှန်ရေးရဲဘော်တွေကို အကူအညီမပေး နိုင်အောင် စစ်ကောင်စီတပ်က ရွာသားတွေကိုပစ်မှတ်ထားပစ်ခတ်နေတာလို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ဒီတော်လှန်ရေးရဲဘော်တွေကို ထောက်ပံ့မှုတွေ၊ ကူညီမှုတွေမလုပ်နိုင် အောင် ဒီလိုရည်ရွယ်ပြီး တော့ပဲ သူတို့က ရွာသားတွေကိုပစ်မှတ်အနေနဲ့ လုပ်နေတာ”

အမည်မဖော်လိုတဲ့ KNLA စစ်ကြောင်းတာဝန်ရှိသူကလည်း ကော့ကရိတ်တောင်ပိုင်း ရွာတန်းရှည်ရွာဘက်မှာ KLNA ပူးပေါင်းစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ပွဲဖြစ်ပြီး  စာသင်ကျောင်းအနီးကခြံဝင်းထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ သေဆုံးတာလို့  RFA ကို ပြောပါတယ်။

လှိုင်၀အမြောက်တပ်က ၁၂၀ မမ လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့တာလို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် ဒီအပေါ်  RFA အနေနဲ့ သီးခြားအတည်မပြုနိုင် သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမရှိသေး သလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်ကို RFA က တယ်လီဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေဆို ပါဘူး။

ဇွန်လ ၆ ရက်နေ့ကလည်း ကော့ကရိတ်မြောက်ပိုင်း ခနိမ်းမူနဲ့ တတံကူးရွာရွာဘက်ကို ခလရ (၉၇) တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် တောင်ယာခြံကပြန်လာတဲ့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး ရွာသားသုံးဦး ဒဏ်ရာရခဲ့တယ်လို့ KNU ကျန်းမာရေးဝန်ထမ်းက အတည်ပြုပြောပါတယ်။

မေလ ၂၅ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့တံတားထိပ်မှာ စစ်ကောင်စီတပ်ဘက်ကပစ်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ KNU တပ်မဟာ (၆) နယ်မြေထဲက မြဝတီ ကျောက်တောင်၊ ကော့ကရိတ်တောင်ပိုင်း၊ မြောက်ပိုင်း၊ ကြာအင်းဆိပ်ကြီးဒေသတွေမှာ စစ်ကောင်စီ လေတပ်၊ ကြည်းတပ်တွေနဲ့ KNLA – PDF ပူးပေါင်း စစ်ကြောင်းတွေ တိုက်ပွဲဆက်ဖြစ်နေတယ်လို့လည်း KNU က ထုတ်ပြန်ပါတယ်။

KNLA နဲ့ PDF ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကိုသတင်းပို့ကြဖို့ ကော့ကရိတ်မြို့ပြင်ရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တွေကို  စစ်‌ကောင်စီတပ်ဘက်က ပြောဆိုထားပြီး သတင်းမပို့ရင် ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်မယ်လို့ ခြိမ်းခြောက်တာတွေ ရှိတယ်လို့ စစ်ဘေးဒုက္ခသည်ကူညီရေး လုပ်ဆောင်သူတစ်ဦးက RFA ကို ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာအပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်တာတွေကြောင့် KNU ထိန်းချုပ်နယ်မြေတွေမှာ ဒေသခံ လေးသိန်းကျော် ထွက်ပြေးနေရပါတယ်။

RFA Burmese

မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၇ဝ ကျော် ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ မန္တလေး စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီက ဇွန်လ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

တချို့ကို လက်ထိပ်နောက်ပြန်ခတ်၊ မျက်နှာအဝတ်စည်းပြီး ခြေမြန်တပ်ရင်း ခမရ (၁၅) ကို ခေါ်သွားပြီး ရိုက်နှက်နှိပ်စက်နေသလို၊ တချို့ကတော့ ထောင်ပိုင်ရုံးခန်းမှာ သီးသန့်ခေါ်နှိပ်စက်ခံနေရတာလို့ ဆိုပါတယ်။

အဲဒီနိုင်ငံရေးအကျဉ်းသားတွေထဲမှာ ကိုစိုးရာဇာထွန်းလွင်ဟာ ခန္ဓာကိုယ်အနှံ့ ဓားဒဏ်ရာတွေရထားတဲ့အပြင် သွားတွေကျွတ်ထွက်တဲ့အထိ နှိပ်စက်ခံထားရတာကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်ကိုလည်း ထောင်ဝင်စာ ပိတ်ထားတယ်လို့ ထောင်နဲ့ နီးစပ်သူတွေကို ကိုးကားပြီး ပြောဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီတပ်ရဲ့ စစ်ကြောရေးမှာ ခေါ်ယူနှိပ်စက်တာ၊ ထောင်လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေက အကြောင်းမဲ့ရိုက်နှက်တာ၊ ဆေးကုသခွင့်မပေးတာ၊ သတင်းအမှောင်ချတာ စတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အကျဉ်းဦးစီးဌာန ပြောခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က ဖုန်းခေါ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

လက်ရှိ မြင်းခြံအကျဉ်းထောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ၉၀၀ ကျော် ရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၂၂ ရက်နေ့ စာရင်းအရ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၁၈,၃၀၈ ဦး ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ၆,၂၀၄ ဦး ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

RFA Burmese

၂၀၂၃ ခုနှစ် မေလ (၂၂) ရက်မှ (၃၁) ရက်အတွင်း စစ်အာဏာရှင်တပ်များမှ လူ့အခွင့်အရေးချိုးဖောက်မှုပုံစံများ

မေ (၂၂)ရက်မှ မေ (၃၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်များက စစ်ကိုင်းတိုင်းဒေသကြီး ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် လေကြောင်းအသုံးပြုကာ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ ပေါင် ၅၀၀ ဖျက်အားပြင်း ဗုံးများ အသုံးပြုခြင်း တိုက်ခိုက်ခြင်း၊လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုတို့ကြောင့် ပြည်သူပိုင် အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့သည်။ စစ်အာဏာရှင်လက်အောက်ခံ အကျဉ်းဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး မြင်းခြံထောင်၊ ပဲခူးတိုင်းဒေသကြီးမှ သာယာဝတီထောင် နှင့် ကျိုက်စကောထောင် တို့တွင် နိုင်ငံရေးအကျဉ်းသားများကို ညှင်းပန်းနှိပ်စက်ရိုက်နှက်ခဲ့ပြီး တိုက်ပိတ်ထားသောကြောင့် သေဆုံးသူ များလည်း ရှိနေကြောင်း သိရှိရသည်။ စစ်အာဏာရှင်တပ်သားများ၏ မီးရှို့ သတ်ဖြတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃)ဦး သေဆုံးခဲ့သည်။

စစ်အာဏာရှင်တပ်သားများက တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် အသက်မပြည့်သေးသူ အပါအဝင် ပြည်သူ (၈)ဦးကို စစ်ကြောရေးတွင် ဖမ်းဆီးနှိပ်စက် ပစ်သတ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများ က ရန်ကုန်တိုင်းဒေသကြီး ရွာသာကြီး စီးပွားရေးတက္ကသိုလ်အနီး အမှတ် ၂ လမ်းပေါ်တွင် လူငယ် ၅ ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး စမ်းချောင်းမြို့နယ်မှ လူငယ် (၁၆)ဦးကိုလည်း ဖမ်းဆီးခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်တွင် စစ်အာဏာရှင်လက်အောက်ခံ SNA တပ်ဖွဲ့က ဒေသခံပြည်သူများကို ခြိမ်းခြောက်ကာ အတင်းအဓမ္မစစ်သားအဖြစ် စုဆောင်းလျှက်ရှိသည်။