စစ်ကောင်စီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် လျှပ်စစ်မီးပြတ်သည့် အခြေအနေကို နှိုင်းယှဉ်ဝေဖန်သည့် အဆိုတော်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးပြီး ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားသည်။

အာဏာသိမ်း စစ်တပ်လက်ထက်တွင် လျှစ်စစ်မီး ဆိုးဆိုးရွားရွားပြတ်တောက်မှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်ပြောဆိုမှုဖြင့် ဖမ်းဆီးခံထားရသည့် ဟစ်ဟော့ပ်အဆိုတော် ဗျူဟာကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားပြီး ဇွန် ၁၀ ရက်တွင် အင်းစိန်ထောင်ပို့မည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

အသက် ၃၈ နှစ်အရွယ် အဆိုတော်မှာ မေလ ၂၃ ရက်နေ့က Facebook လူမှုကွန်ရက်တွင် လျှပ်စစ်မီးပြတ်သည့်အကြောင်း စစ်ကောင်စီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် နှစ်ခုကို နှိုင်းယှဉ်ဝေဖန်ပြီးနောက် ထိုနေ့ညပိုင်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ် (၄၈) ရပ်ကွက်ရှိ နေအိမ်၌ အဖမ်းခံရပြီးနောက် အဆိုတော်ဗျူဟာကို မြောက်ဒဂုံရဲစခန်း၌ လက်ရှိထိန်းသိမ်းထားကြောင်း၊ ယခုလ ၂၉ ရက်နေ့တွင် ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က) ဖြင့် ရုံးထုတ်ရမန်ယူခဲ့ကြောင်း သိရသည်။​

ဖမ်းဆီးခံထားရသည့် အဆိုတော်ဗျူဟာ ကျန်းမာရေးကောင်းမွန်သည်ဟုလည်း မိသားစုဝင်က Myanmar Now ကို ပြောသည်။

“ပုံ (အွန်လိုင်းပေါ်) တက်လာတုန်းကလို ဒဏ်ရာတွေ မတွေ့ရတော့ပါဘူး။ ကျန်းမာရေး ကောင်းပါတယ်။ ၅၀၅ တစ်မှုပဲ ရှိပါတယ်။ အခြား ထပ်မသိရသေးပါဘူး”

လျှပ်စစ်မီးပြတ်သည့်ကိစ္စကို အကြောင်းပြု၍ စစ်ခေါင်းဆောင်များကို ဝေဖန်သည်ဆိုကာ စစ်ကောင်စီ၏ ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာက ဖမ်းဆီးရန် လှုံ့ဆော်ခဲ့သည့်အပြင် အဖမ်းခံရပြီးနောက် စစ်ကြောရေးတွင် သေဆုံးသွားပြီဟုလည်း ဖြန့်ဝေခဲ့သည်။

မင်းအုပ်မြန်မာ (ခ) ဗျူဟာသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လုပ်ဆောင်သည်၊ ဝါဒဖြန့်သည်ဆိုကာ ၎င်းကို ဖမ်းဆီးအမှုဖွင့်ထားသည်ဟု စစ်ကောင်စီက ယခုလ ၂၉ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့် ဧပြီလအတွင်း သင်္ကြန်ကာလ၌ မည်သည့်နေရာမျှ သီချင်းမဆိုဘဲ နေအိမ်၌သာ နေထိုင်မည်ဟု အဆိုတော်ဗျူဟာက လူမှုကွန်ရက်တွင် ရေးတင်စဉ်ကလည်း ၎င်းကို ဖမ်းဆီးအရေးယူရန် စစ်တပ်လော်ဘီစာမျက်နှာများက လှုံ့ဆော်ခဲ့သည်။

လော်ဘီချန်နယ်များမှ ထုတ်ပြန်သည့် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် တွေ့ရသော ဗျူဟာ။

ထိုစဉ်က စစ်ကောင်စီ၏သင်္ကြန်ကာလပြုလုပ်သည့် အစီအစဉ်များတွင် အနုပညာရှင်များ၊ ပြည်သူများ ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်ထားချိန်ဖြစ်သည်။

ယခုလ ၂၉ ရက် ညနေပိုင်းတွင် အဆိုတော်ဗျူဟာ၏ဖခင် တေးရေးနိုင်မြန်မာ၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ရှာဖွေကာ နိုင်မြန်မာ အိမ်တွင်မရှိသည့်အတွက် ဇနီးဖြစ်သူကို ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ည ၁၁ နာရီခွဲတွင် နေအိမ်သို့ ပြန်ပို့ခဲ့သည်ဟုလည်း သိရသည်။​

တေးရေးနိုင်မြန်မာသည် ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံမှစ၍ ထင်ရှားခဲ့သော “ကမ္ဘာမကြေဘူး” သီချင်းကို ရေးစပ်ခဲ့သူဖြစ်ပြီး ထိုသီချင်းသည် ၂၀၂၁ ခုနှစ် စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးတွင် ပါဝင်သူများက ဆန္ဒပြပွဲများနှင့် စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် သီဆိုလေ့ရှိသည်။

စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ ၅၀၅ (က) နှင့် ဆိုင်သော ပြစ်ဒဏ်များကို အာဏာသိမ်းပြီးစတွင် ပြင်ဆင်ပြဋ္ဌာန်းကာ ၎င်းတို့ကို ဆန့်ကျင်သူမှန်သမျှကို ဖမ်းဆီးအရေးယူရာ၌ ထိုပုဒ်မကို အများဆုံး အသုံးပြုလေ့ရှိသည်။

စစ်အာဏာသိမ်းပြီးနောက် ယခုနှစ် မေလ ၃၀ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဆီးခံရသူ ၂၂,၇၃၇ ဦး ရှိပြီး ၁၈၄,၁၇ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ၆၀၀၀ ကျော်မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဆိုသည်။

Myanmar Now News

ကရင်ပြည်နယ်မှာ မေလ ၃၀ ရက်နေ့က ကျုံဒိုးရဲစခန်း တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်တဲ့အတွက် ရွာသားတစ်ဦးသေဆုံးပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။

မနက် ၉ နာရီလောက်မှာ ကျုံဒိုးရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ခလရ (၅၄၆) စစ်တပ်က လက်နက်ကြီး ပြန်ပြီးပစ်ခတ်တဲ့အခါ ကမ်းနီ-ညောင်ရိပ်သာလမ်းမပေါ်ကို ကျပြီးပေါက်ကွဲလို့ ထိခိုက်သေဆုံးတာလို့ သရက်တောရွာသား ကိုဟန်တလက RFA ကိုပြောပါတယ်။

“ကျုံဒိုး စစ်တပ် ၅၄၆ က မနေ့ကလည်း ကျွန်တော်တို့ရွာတွေဘက် ပစ်ထုတ်တယ်။ ကွင်းတွေဘက် ကျတယ်။ သရက်တောရွာသား သုံးဘီးမောင်းတဲ့ အဖောင် ဆိုတဲ့သူ ပေါင်ရင်းနေရာရယ်၊ ခေါင်းရယ် အလုံးကြီးအစထိပြီး ဆုံးတယ်၊ လမ်းဘေးခြံမှာ မြေပေါက် မြက်ရှင်းလုပ်နေတဲ့ ကိုချဲကတုံး ကတော့ ဗိုက်ကို အစမှန်တာမှာ အခုတော့ ဘားအံဆေးရုံကို ပို့ထားရတယ်”

ကျုံဒိုးရဲစခန်းထဲကို KLNA ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့တိုက်ခိုက်လို့ ရဲနှစ်ယောက်၊ စစ်သားသုံးယောက် ဒဏ်ရာရတယ်လို့ ကျုံဒိုးဆေးရုံက အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ပြောဆိုချက်အရ သိရပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

မေလ ၂၈ ရက်ကလည်း ည ၈ နာရီလောက်မှာ ခမရ (၅၄၆) တပ်က ကျုံဒိုး အရှေ့ဘက် ကော့ကာရွာဘက်ကို ၁၂၀ မမ၊ ၁၀၅ မမ လက်နက်ကြီးတွေ နဲ့ပစ်ခတ်ခဲ့လို့ အဲဒီရွာက ၁၅နှစ်အရွယ် စောထိန်လင်းအောင်၊ ၂၁ နှစ်အရွယ် နော်အေးမာန်ထက်၊ ၅၇ နှစ်အရွယ် ဒေါ်သိန်းရွှေတို့သုံးယောက် လက်နက်ကြီးစတွေ ထိမှန်လို့ ဒဏ်ရာရခဲ့ပြီး အိမ်ခြောက်လုံး ပျက်စီးသွားတယ်လို့ KNU တပ်မဟာ ၆ က ထုတ်ပြန်ထားပါတယ်။

အဲဒီနေ့ နေ့လယ် ၁၂နာရီလောက်မှာလည်း ကော့ကရိတ် ခနိမ်းမူကွက်သစ်လမ်းမပေါ်ကို စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကျလို့ ဆိုင်ကယ်စီးလာတဲ့ ၇၃ နှစ်အရွယ် ဦးဖိုးကျားနဲ့ အသက် ၅၀ အရွယ် ဒေါ်ခင်မြတ်ထွေး ၅၀ တို့ လင်မယားနှစ်ယောက် လက်နက်ကြီးစတွေ မှန်ပြီး သေဆုံးခဲ့တယ်လို့ ကော့ကရိတ်လူမှုကယ်ဆယ်ရေးအသင်းကတစ်ဆင့် သိရပါတယ်။

KNU တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်ခရိုင်ထဲမှာ မေလ ၂၅ ကနေ မေလ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေးတစ်ဦး အပါအဝင် လူ လေးဦးသေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် လူ ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီက သိရပါတယ်။ အဲဒီအပြင် အိမ် ၁၀ လုံးနဲ့ ကားတစ်စီးပျက်စီးပြီး နွားနှစ်ကောင် သေဆုံးတယ်လို့လည်း သိရပါတယ်။ 

RFA Burmese

ဤအစီရင်ခံစာတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ အနန့်ပါ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ကို အထူးပြုတင်ပြထားပြီး၊ အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း၌ တစ်နိုင်ငံလုံးအနှံတွင် တပ်မတော်၏ လက်လွတ်စပယ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်တို့ကိုလည်း ထည့်သွင်းတင်ပြထားပါသည်။

စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် လူပေါင်း ၁၅၉၂ ဦးသေဆုံးခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က မေလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီကာလအတွင်း စစ်ကောင်စီတပ်သားတွေက လူငါးဦးထက်မနည်းတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း အနည်းဆုံး (၁၄၇) ကြိမ် ကျူးလွန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီထဲမှာ ဆန္ဒပြပွဲတွေ ဖြိုခွင်းရာမှာသတ်ဖြတ်မှု၊ လေကြောင်းသုံးသတ်ဖြတ်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်သတ်ဖြတ်မှု အပြင် နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ သတ်ဖြတ်တာတွေပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီအထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးမှုက ၃၂ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ၅၀၈ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ခဲ့တဲ့မြို့နယ်တွေကတော့ ဝက်လက်၊ ယင်းမာပင်၊ ကလေး ၊ ကန့်ဘလူ၊ ဖားကန့်၊ ကလေးနဲ့ ပဲခူးတို့ဖြစ်ပြီး ကန့်ဘလူမြို့နယ်မှာ ၂၁၇ ဦး၊ ဖားကန့်မြို့နယ်မှာ ၈၃ ဦးနဲ့ ပဲခူးမြို့နယ်မှာ ၈၂ ဦးသေဆုံးခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ထုတ်ပြန်ထားပါတယ်။

အဲဒီသုတေသနထုတ်ပြန်ချက်ကို RFA အပါအဝင် သတင်းဌာနကြီးတွေနဲ့ သတင်းစာမျက်နှာ ၄၀ ကျော်အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ၁၃၀၀ ကျော်ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေကနေ လေ့လာပြုစုထားတာလို့ ဉာဏ်လင်းသစ်အဖွဲ့ရဲ့ သုတေသနနဲ့ နိုင်ငံရေးအကြံပေး ကိုမိုးထက်နေက မေလ ၂၅ ရက်နေ့မှာ RFA ကို ဖြေဆိုထားပါတယ်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်မှုရရှိဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

RFA Burmese News

အဆုတ်ထဲ ပိုးဝင်၍ သေဆုံးသည်ဟု အကြောင်းကြားသော်လည်း စစ်ကောင်စီက မိသားစုကို အလောင်းပြန်မပေး၊ သင်္ဂြိုဟ်ခွင့်မပေးခဲ့ပေ။

နာမည်ဆိုးဖြင့် ကျော်ကြားသည့် ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်အတွင်း မေ ၂၁ ရက် ညနေ ၃ နာရီဝန်းကျင်က နိုင်ငံရေးအကျဉ်းသား လူငယ်တစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီက မိသားစုကို ရုပ်အလောင်းသင်္ဂြိုဟ်ခွင့်မပေးခဲ့ဟု စုံစမ်းသိရှိရသည်။

သေဆုံးသူမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၃၆ (မီးရှို့မှု) တို့ဖြင့် စစ်ကောင်စီက စွပ်စွဲ၍ ထောင်ဒဏ် ၇ နှစ် ချခံထားရသည့် အသက် ၂၅ နှစ်အရွယ် ကိုပြည့်ဖြိုးဝင်း (ခ) မဲကြီး ဖြစ်သည်။

ကိုပြည့်ဖြိုးဝင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းပြီးစ ဆန္ဒပြကြချိန်ကတည်းက ဖမ်းဆီးခံရပြီးနောက် တောင်ဒဂုံမြို့နယ်ရှိ စစ်ခုံရုံးက ထောင်ဒဏ်သတ်မှတ်ကာ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်၊ ထိုမှတစ်ဆင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက သာယာဝတီထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်ခံထားရသူဖြစ်သည်။

“ထောင်ထဲက ရဲဘော်တစ်ယောက်ပို့တဲ့စာမှာ သူဆုံးတဲ့အကြောင်း ပါတယ်။ မိသားစုကိုလည်း အဲဒီနေ့ (မေ ၂၁) ညမှာ ထောင်အာဏာပိုင်တွေက သေပြီလို့ ဆက်သွယ်တယ်” ဟု ကိုပြည့်ဖြိုးဝင်း၏ မိတ်ဆွေ ကိုညိုထွန်းက ပြောသည်။

ကိုညိုထွန်းသည်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုဖြင့် ထောင်ချခံခဲ့ရသည့် နိုင်ကျဉ်းတစ်ဦးဖြစ်ပြီး ယခုအခါ ပြန်လည်လွတ်မြောက်နေပြီဖြစ်သည်။ ကိုပြည့်ဖြိုးဝင်းနှင့် ကိုညိုထွန်းတို့သည် သာယာဝတီထောင်သို့ မပြောင်းရွှေ့မီအချိန်အထိ အင်းစိန်အကျဉ်းထောင် တရားစခန်းအဆောင်၌ တစ်နှစ်ကျော် အတူချုပ်နှောင်ခံရဖူးသည်။

ကိုပြည့်ဖြိုးဝင်းသေဆုံးရခြင်းမှာ အဆုတ်ထဲသို့ ပိုးဝင်၍ဖြစ်သည်ဟု ထောင်အာဏာပိုင်များက အကြောင်းပြပြီး မိသားစုကို အလောင်းပြန်မပေးဟု သာယာဝတီထောင်နှင့် နီးစပ်သူ သတင်းရင်းမြစ်နှစ်ဦးကလည်း ပြောသည်။

အတူချုပ်နှောင်ခံထားရရာမှ မေ ၃ ရက်ကမှ သာယာဝတီထောင်မှ ပြန်လွတ်လာသူ အမည်မဖော်လိုသည့် နိုင်ကျဉ်း အမျိုးသားတစ်ဦး၏ အဆိုအရ ကိုပြည့်ဖြိုးဝင်းသည် ကျန်းမာရေးလိုက်စားသူဖြစ်ပြီး ရောဂါသည်တစ်ဦးမဟုတ်ဟု သိရသည်။

“ထောင်အာဏာပိုင်တွေက ဘယ်လိုပဲ ရောဂါနဲ့ သေတယ်ပြောပြော နှစ်ပတ်လောက်ပဲ ရှိသေးတယ်ဗျာ တွေ့ခဲ့တာ။ သန်သန်မာမာကြီး ဘာရောဂါမှ မရှိတဲ့ လူငယ်တစ်ယောက် ဒီလောက်မြန်မြန်သေစရာ ဘာအကြောင်းမှ မရှိဘူး။ ပြီးတော့ သူတို့ရိုးသားရင် Dead body (အလောင်း) ကို မိသားစုထံ ပြန်အပ်လေ။ ခုက မိသားစုကိုလည်း မအပ်ဘူး”။

ကိုပြည့်ဖြိုးဝင်း၏ မိသားစုထံ မေးမြန်းနိုင်ခြင်းမရှိသေး၍ အသေးစိတ်အခြေအနေများကို ထုတ်ဖော်ရေးသားနိုင်ခြင်း မရှိသေးပေ။ ထိုအကြောင်းနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေသည်။

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်။

ယခု မေလအတွင်း၌ပင် ပဲခူးတိုင်း၊ ဒိုက်ဦးထောင်မှ ထောင်ကျ နိုင်ငံရေးအကျဉ်းသား ၁၅ ဦး၊ မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှ ၁၂ ဦးတို့ကို စစ်ကောင်စီက အကျဉ်းထောင်အတွင်းမှ အစုလိုက်အပြုံလိုက် ခေါ်ထုတ်ကာ စစ်ဆေးမေးမြန်းမှုများရှိနေကြောင်း Myanmar Now က သတင်းဖော်ပြထားပြီးဖြစ်သည်။

ဒိုက်ဦးထောင်ထဲမှ ခေါ်ထုတ်ခံရသူ ၁၅ ဦးတွင် ပဲခူးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လေ့ကျင့်စုဆောင်းရေးတာဝန်ခံ ကိုသန့်ဇင်ဝင်း ပါဝင်ပြီး မေ ၂၆ က သေဆုံးသွားကြောင်း ပဲခူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့ (မေ ၂၇) တွင် သတင်းထုတ်ပြန်ထားသည်။

သာယာဝတီထောင်တွင်လည်း မေလအတွင်း နိုင်ငံရေးအကျဉ်းသား ၉ ဦး ခေါ်ထုတ်စစ်ဆေးခံနေရပြီး ထိုအထဲတွင် သေဆုံးသူ ကိုပြည့်ဖြိုးဝင်းလည်း ပါဝင်သည်ဟု ထောင်နှင့် နီးစပ်သူ နိုင်ငံရေးအကျဉ်းသား လူငယ်တချို့က ပြောသည်။ သို့သော် ထိုအချက်ကို အတည်မပြုနိုင်ပါ။

“လက်လွန်ခြေလွန်ဖြစ်ပြီး ဆုံးသွားတယ်လို့ ယူဆတယ်။ ဒါကလည်း မဆန်းပါဘူး။ လူတစ်ယောက်ကို လုပ်ဖို့ (သတ်ဖို့) က သူတို့အတွက် ဘောပင်တစ်ချောင်းနဲ့ စာရွက်တစ်ရွက်ပဲ လိုတယ်ဆိုတာ ထောင်အာဏာပိုင်တွေ ပြောခဲ့တာရှိတယ်” ဟု ကိုညိုထွန်းက ပြောသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေသည့် စစ်ကောင်စီလက်ထဲတွင် ဖမ်းဆီးခံရပြီးနောက် သေဆုံးသည့် ဖြစ်စဉ်များစွာ ပေါ်ပေါက်နေသည်။ ထို့ပြင် နိုင်ငံတစ်ဝန်း အကျဉ်းထောင်များအားလုံးတွင် ချုပ်နှောင်ခံထားရသူများ မိသားစုနှင့် တွေ့ဆုံခွင့်ကို စစ်ကောင်စီက ယနေ့တိုင် ပိတ်ပင်ကာ ထောင်တွင်းဖိနှိပ်မှုများကို သတင်းအမှောင်ချထားဆဲဖြစ်သည်။

Myanmar Now News

မေ (၁၅)ရက်မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်များက ကရင်ပြည်နယ် မြဝတီမြို့နှင့် ကယားပြည်နယ် ဒီမော့ဆိုတို့ကို လေကြောင်းအသုံးပြုကာ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်ကိုလည်း ဆက်သွယ်ရေး လိုင်းများ ဖြတ်တောက်ကာ လေကြောင်းအသုံးပြု တိုက်ခိုက် ဗုံးကြဲ ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်နှင့်ရွှေဘိုမြို့နယ်တို့မှ ကလေးငယ်များ အပါအဝင် ပြည်သူ (၆၀)ခန့်ကို စစ်အာဏာရှင်တပ်သားများကဖမ်းဆီးကာ ဓားစာခံအဖြစ် ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်၏ လက်အောက်ခံ အကျဉ်းဦးစီးဌာနသည်ပဲခူးတိုင်းဒေသကြီး သာယာဝတီထောင်တွင် စွန်ရဲဟုခေါ်သောထောင်တွင်းအကြမ်းဖက်အဖွဲ့ ဖွဲ့စည်းကာ ထောင်ပြောင်းနိုင်ငံရေး အကျဉ်းသားများကို လူ့အခွင့်အရေး ချိုးဖောက်ကာ မတရား ရိုက်နှက် နှိပ်စက်ကာအလုပ်ကြမ်းများ ခိုင်းစေပြုလုပ်လျှက်ရှိသည်။

စစ်အာဏာရှင်တပ်၏ လက်အောက်ခံဖြစ်သော ပျုစောထီးများနှင့်စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင်ဒေသခံပြည်သူများကို ဖမ်းဆီး၊ စစ်ဆေး ခြိမ်းခြောက်ကာ ငွေကြေးကောက်ခံမှုများ ပြုလုပ်လျှက်ရှိသည်။ပဲခူးတိုင်းဒေသကြီး တောင်ငူ-သံတောင် လမ်းပိုင်းက ၄ မိုင်ဂိတ် ကို ဖြတ်သန်းသွားလာနေသော ဒေသခံပြည်သူများကို ဖမ်းဆီး၊စစ်ဆေးကာ ငွေကြေးများကို စစ်အာဏာရှင်တပ်သားများက အတင်းအဓမ္မ သိမ်းယူနေသည်။ စစ်အာဏာ ရှင်တပ်၏ လက်နက်ကြီး၊လက်နက်ငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် တပတ်အတွင်း ကလေးငယ် တဦး အပါအဝင် ပြည်သူ (၄)ဦး သေဆုံးခဲ့ပြီး (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။