ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းနည်းကို ပြန်သုံးသပ်ဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းအပေါ် သူတို့ရဲ့ ကိုင်တွယ် ဖြေရှင်းနည်းကို ပြန်လည်စဉ်းစားရလိမ့်မယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tom Andrews က ပြောလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ မှာရောက်ရှိနေစဉ် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။
၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နဲ့ သဘောတူ ထားတဲ့ အာဆီယံရဲ့ ငြိမ်းချမ်းရေး ဘုံသေဘာတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရာမှာလည်း တိုးတက်မှု မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။
အာဆီယံအစီအစဉ်က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပစ်ဖို့၊ ဘေးကင်း လုံခြုံတဲ့ လူသားချင်း စာနာမှုဆိုင်ရာတွေ ဝင်ခွင့်ရဖို့၊ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ဖို့ အတွက် အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေးတွေ လုပ်ဆောင်ဖို့တွေ ပါဝင်ပေမယ့် မြန်မာ စစ်ကောင်စီက ဒါတွေကို အကောင်အထည်ဖော်ဖို့ ဆန္ဒမရှိတာတွေ့ရတယ်လို့ သူက ပြောပါတယ်။
အာဆီယံအနေနဲ့ အဆင့်မြင့် သံတမန်အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီကို မဖိတ်ဘဲ ဖယ်ထုတ်ထား ရလိမ့်မှာဖြစ်ကြောင်း၊ စစ်ကောင်စီ အာဏာသိမ်းမှု တရားဝင် ဖြစ်စေနိုင်တဲ့ အန္တရာယ် ရှိနေတဲ့အတွက်ကြောင့် ဖြစ်ကြောင်း Tom Andrews က ပြောပါတယ်။
RFA Burmese
ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ဖခင် ဖမ်းဆီးခံရ
စစ်ကောင်စီတပ်ဟာ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကို သူ့မိဘတွေရဲ့ နေအိမ်ဖြစ်တဲ့ လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာက အိမ်မှာ ဇွန်လ ၁၉ ရက်နေ့က စစ်ကားလေးစီး၊ အင်အား ၃၀ ခန့်နဲ့ ဝင်ရောက်ရှာဖွေခဲ့ပြီး သူ့ကိုမတွေ့လို့ ဖခင်ကို ဖမ်းသွားပါတယ်။
နေအိမ်ထဲ ဝင်ရောက်ရှာဖွေတဲ့အခါ ကျောင်းသားသမဂ္ဂလက်ပတ်နဲ့ တီရှပ်တစ်ထည်တွေ့တာကြောင့် ဖခင်ဖြစ်သူကို ဖမ်းဆီးသွားခဲ့ပြီး ဘတ္ထရီအိုးနှစ်လုံးကြားဆက်တဲ့ ကြိုးကိုတွေ့တဲ့အခါ ဒီပစ္စည်းတွေကို အိမ်မှာသုံးလို့မရကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ ကိုမင်းလွင်ဦး ကပြောပါတယ်။
“ဒီဟာတွေ တွေ့တယ်ပေါ့ဗျာ။ သူတို့ရှာဖွေတော့ အဲ့တော့ကျွန်တော့်အဖေကို ဖမ်းမယ်ပေါ့ဗျာ။ လယ်ထွန်စက်မှာ ဘတ္ထရီအိုးတွေ Join ဖို့အတွက် ကျွန်တော့်အမေဝယ်ထားတဲ့ ကြိုးတစ်ပင်ကိုတွေ့တယ်။ ဘတ္ထရီအိုးဆက်ဖို့ ဝယ်ထားတယ်လို့ ပြောတော့ ဒါမျိုးကို အိမ်မှာသုံးလို့မရဘူး ဆိုတာမသိဘူးလားလို့ ပြောတယ်။ စက်တွေမှာ ဘတ္ထရီအိုးဒေါင်းသွားလို့ရှိရင် တခြားတစ်လုံးနဲ့ ချိတ်ပြီးနှိုးတဲ့ကြိုးမျိုးပါ။”
စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ အသက် ၆၅ နှစ်အရွယ် ဖခင် ဦးအောင်ဖေကို လောင်းလုံးမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ကိုမင်းလွင်ဦးက ပြောပါတယ်။
ကိုမင်းလွင်ဦးဟာ စစ်အာဏာသိမ်းပြီးနောက် လူထုသပိတ်လှုပ်ရှားမှုတွေကိုသာ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ သူလုပ်ဆောင်ခဲ့တာတွေဟာ မိဘဖြစ်သူတွေရဲ့ တိုက်တွန်းမှု တစ်စုံတစ်ရာမပါဘဲ မိမိသဘောဆန္ဒအရသာလုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ သူ့ကို ဖမ်းဆီးဖို့ သတင်းပေးနိုင်တဲ့သူတွေကို ကျပ်သိန်းသုံးရာ ပေးမယ်ဆိုပြီး ဓာတ်ပုံနဲ့တကွ လောင်းလုံးမြို့နယ်က လူစည်ကားရာနေရာတွေမှာ ကြေညာထားတာဖြစ်ပါတယ်။
ကိုမင်းလွင်ဦးဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရသူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ကိုမင်းလွင်ဦးရဲ့ မိခင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လေးရက်ကြာ ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။
RFA Burmese
အိတ်ဖွင့်ပေးစာ – ဒွန်ပရာမုဒ်ဝီနိုင်း.. ကျွန်တော်တို့ နိုင်ငံအရေးမှာ ဝင်မစွက်ဖက်ပါနဲ့ သင့်ကြောင့် .. ကျွန်တော်တို့နိုင်ငံမှာ အကြမ်းဖက်မှုတွေ ပိုပြီးမဆိုးရွားပါစေနဲ့
ဇွန် ၁၈၊ ၂၀၂၃။
ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ နိုင်ငံခြားရေး ၀န်ကြီး ဒွန်ပရာမုဒ်ဝီနိုင်းက ၂၀၂၃ ခုနှစ် ဇွန်လ ၁၈ ရက် တနင်္ဂနွေနေ့တွင် ကျင်းပရန် စီစဥ်နေသည့် တရားမဝင် မြန်မာစစ်ကောင်စီ ပါဝင်သော လျှို့ဝှက်အစည်းအဝေးကို ကျွန်ုပ်တို့ မြန်မာနိုင်ငံ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များက ပြင်းထန်စွာ ရှုတ်ချပါသည်။ ထိုင်းနိုင်ငံ အိမ်စောင့် အစိုးရအနေဖြင့် အဆိုပါ အစည်းအဝေးအား ချက်ချင်းဖျက်သိမ်းပေးရန် ကျွန်ုပ်တို့ တောင်းဆိုသည်။
ယင်းသည် မြန်မာစစ်တပ်၏ တနိုင်ငံလုံးအပေါ် အကြမ်းဖက် စစ်ဆင်ရေးများ နှစ်ရှည်လများ ဆင်နွှဲကာ အာဏာ ဆက်လက်ဆုပ်ကိုင်ရန် ကြိုးပမ်းနေမှုကို ဆန့်ကျင်တွန်းလှန်ရင်း အသက်စတေးခဲ့ကြရသည့် မြန်မာပြည်သူများ အား လုံးလုံးလျားလျား စော်ကားလိုက်ခြင်းပင် ဖြစ်သည်။ စစ်ကောင်စီသည် မည်သည့်အခါကမှ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ မဟုတ်သလို နိုင်ငံ၏နယ်မြေများကို ထိထိရောက်ရောက် ချုပ်ကိုင် အုပ်ချုပ်နိုင်ခြင်းလည်း မရှိပေ။
ရာထူးမှ နှုတ်ထွက်တော့မှာ ဖြစ်သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ လျှို့ဝှက်လုပ်ဆောင်မှုသည် အဆင့်မြင့် အစည်းအဝေးများတွင် မြန်မာစစ်ကောင်စီအား ဖိတ်ကြားခြင်း မပြုသည့် အာဆီယံ၏ သဘောတူညီချက်နှင့် ပြောင်ပြောင်တင်းတင်းပင် ဆန့်ကျင်နေပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအား ဖိတ်ကြားစာတွင် နိုင်ငံခြားရေး ဝန်ကြီး ဒွန် ၏ “အာဆီယံနိုင်ငံများအနေနှင့် မြန်မာနိုင်ငံကို ခေါင်းဆောင်ပိုင်းအဆင့် အပြည့်အ၀ ပြန်လည် ဆက်ဆံသင့်သည်” ဟု ဖော်ပြထားမှုအပေါ် ကျွန်ုပ်တို့ ပြင်းစွာဒေါသထွက်မိပါသည်။
အဆိုပါ ဆုံးဖြတ်ချက်မျိုးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက မည်သည့်အခါကမှ သဘောတူခဲ့ခြင်း မရှိခဲ့သလို လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားအစိုးရကလည်း ဤအစည်းအဝေး ကျင်းပရန် စေ့ဆော်လုပ်ဆောင်ခဲ့ ခြင်းမရှိခဲ့ပါ။ ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရသည် ဤအစည်းအဝေးအား ခေါ်ယူကျင်းပပိုင်ခွင့် မရှိဘဲ လုပ်ဆောင် နေခြင်းဖြစ်ပြီး၊ အာဆီယံသဘာပတိနှင့်လည်း ညှိနှိုင်းတိုင်ပင်ခြင်း မရှိဘဲ ဆောင်ရွက်နေခြင်း ဖြစ်သည်။ အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံအနေဖြင့် အစုအဖွဲ့၏ သဘောတူညီချက်မှ သွေဖည်မသွားရန် လိုအပ်ပြီး၊ ဤအစည်းအဝေးအား ချက်ခြင်း ရပ်ဆိုင်းရမည် ဖြစ်သည်။
ထို့အပြင် ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ၏ တစ်ဖက်သတ် လုပ်ဆောင်မှုသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ ကို ထပ်မံဆန့်ကျင်နေသည်။
တရားမ၀င် စစ်အာဏာရှင်များနှင့် “အပြည့်အ၀ ပြန်လည်ထိတွေ့ဆက်ဆံရန်” ကြိုးပမ်းခြင်းသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား မြန်မာပြည်သူများ၏ ဆန္ဒဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့နှင့် ဆန့်ကျင်ရာအရပ်၌ ရပ်တည်သွားစေမည် ဖြစ်သည်။ ဤလျှို့ဝှက်အစည်းအဝေးတွင် ပါဝင်ခြင်း နှင့် တရားမ၀င် စစ်ကောင်စီနှင့် ဆက်ဆံရေးအားလုံး ဖြတ်တောက်ရန် ပျက်ကွက်ခြင်း တို့သည် နောက်ထပ်မအောင်မြင်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ “ကနဦးခြေလှမ်း တစ်စိတ်တစ်ပိုင်းသာ” ဖြစ်ပေလိမ့်မည်။ ဤခြေလှမ်းသည် ကြီးလေးသော ရာဇ၀တ်မှုများ အတွက် အရေးယူညွှန်ကြားချက်များ ရှိသော်လည်း အာဆီယံအနေနှင့် ဤအစည်းအဝေးအပေါ် အသိအမှတ်ပြုရာ ရောက်ကြောင်း စစ်အုပ်စုထံ အချက်ပေးခြင်း သက်သက်သာ ဖြစ်စေပါလိမ့်မည်။
ယင်းသည် စစ်အာဏာရှင်၏ ရာဇ၀တ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို လုပ်ဆောင်ရန်၊ ရွာများကို မီးရှို့ရန်၊ အရပ်သားပြည်သူများအား ၎င်းတို့၏ အိုးအိမ်နှင့် မြေယာများမှ နှင်ထုတ်ရန်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်နက်အဖြစ် အသုံးချရန်နှင့် ပြည်သူ့ဆန္ဒကို ဆန့်ကျင်၍ ရက်စက်ကြမ်းကြုတ်သည့် အုပ်ချုပ်ရေးကို ပြဌါန်းရန် ကြိုးစားနေမှုများအား ရဲဆေးတင် ဆက်လက်ကျူးလွန်စေရန် တွန်းပို့စေမည်ဖြစ်သည်။
Don Pramudwinai ၏ လျှို့ဝှက်လုပ်ဆောင်မှုကို ကျွန်ုပ်တို့ အပြင်းထန်ဆုံး ရှုတ်ချသည်။ ဤအစည်းအဝေးအား ချက်ချင်း ဖျက်သိမ်းပေးရန် ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရအား ကျွန်ုပ်တို့ တောင်းဆိုသည်။
ဖိတ်ကြားခံထားရသည့် နိုင်ငံများအနေဖြင့် ဤအစည်းအဝေးအား မတက်ရောက်ရန် ကျနော်တို့ တောင်းဆိုသည်။ ဒီအစည်းအဝေးသည် ကျွန်ုပ်တို့နိုင်ငံအတွင်း အကြမ်းဖက်မှုများကို ပိုမိုကြီးထွားလာစေရန်မျှမက နိုင်ငံတွင်း ပိုမိုဆိုးရွားလာသည့် အကျပ်အတည်းကို ဖြေရှင်းရန် နိုင်ငံတကာ အသိုက်အဝန်း၏ စစ်မှန်သော ကြိုးပမ်းမှု များကိုပါ ပျက်ပြားစေမည် ဖြစ်သည်။
ဆက်သွယ်မေးမြန်းရန်
၁။ စောအဲလက် +48 728 027 952
၂။ ကိုရဲ +66 816 490 228
ဤအိတ်ဖွင့်ပေးစာကို အမည်မဖော်ပြလိုသော အဖွဲ့အစည်း ၂၃၅ အပါအဝင် အဖွဲ့အစည်းစုစုပေါင်း ၃၁၆ ဖွဲ့မှ လက်မှတ်ရေးထားပါသည်။
PDF ဖိုင်ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ ဇွန်လ (၈)ရက်မှ (၁၄) ရက်နေ့ထိ
၂၀၂၃ ခုနှစ်၊ ဇွန်လ (၈)ရက်မှ (၁၄) ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
ဇွန်လ(၈)ရက်နေ့မှ (၁၄)ရက်နေ့တွင်း စစ်အာဏာရှင်တပ်သားများက တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့ နယ်၊ ရှမ်းပြည်နယ် မဘိမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဆားတောင်မြို့တို့မှ ဒေသခံ ပြည်သူ (၁၀၀) ကျော်ကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ပြုလုပ်ခဲ့သည်။ ရှမ်းပြည်နယ် မိုးဗြဲမြို့နယ်မှ အမျိုးသမီး (၂)ဦး နှင့် ကရင်ပြည်နယ် လယ်ဒိုမြို့မှ အမျိုးသမီး (၁)ဦး စစ်အာဏာရှင်တပ်သားများက အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင် လက်အောက်ခံ အကျဉ်းဦးစီးဌာနက မန္တလေးတိုင်း ဒေသကြီး မြင်းခြံထောင်မှ နိုင်ငံရေး အကျဥ်းသား (၈၀) ကျော် ရိုက်နှက်စစ်ဆေးခဲ့ပြီး ဆေးကုသခွင့်မပေးဘဲ ထောင်ဝင်စာ ၃ လပိတ်ထားကြောင်း သိရသည်။
စစ်အာဏာရှင်တပ်အနေဖြင့် တပတ်အတွင်း ပြည်သူပိုင်နေအိမ်(၅) လုံးနှင့် ဆန်စက်တခု တို့ကို သိမ်းဆည်းခဲ့သည်။ စစ်အာဏာရှင်များက ဇွန်လ (၁၂)ရက်နေ့တွင် PDF ဖမ်းမိလျှင် နေထိုင်ခဲ့သည့် တိုက်ခန်းနှင့် အဆောင်ကို ချိပ်ပိတ်မည်ဟု ခြိမ်းခြောက်ထုတ်ပြန်ကြေငြာခဲ့သည်။ စစ်အာဏာရှင်တပ်သားများအနေဖြင့် ဒေသခံ ပြည်သူများ နေထိုင်ရာ နေရာများကို စစ်ကြောင်းထိုးကာ ပြည်သူပိုင် အဆောက်အဦးများကို မီးရှို့ ဖျက်ဆီးခြင်း၊ ဖမ်းဆီးညှင်းပန်း နှိပ်စက် သတ်ဖြတ်ခြင်းများ ဆက်လက်ကျုးလွန်လျှက်ရှိသည်။
Infogram
၂၀၂၃ ပထမ ငါးလအတွင်း နေအိမ် နှစ်သောင်းကျော် မီးရှို့ခံရ
၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ မေလကုန်အထိ နိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း နှစ်သောင်းကျော် (၂၁,၃၅၃ အိမ်) ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar က ဇွန်လ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
ငါးလအတွင်း မီးရှို့ခံရတဲ့ ဒီအရေအတွက်ဟာ ၂၀၂၁ ခုနှစ် တစ်နှစ်လုံးအတွင်း မီးရှို့ခံခဲ့ရတဲ့ အိမ် နှစ်ထောင်နီးပါး (၁,၉၄၆ အိမ်) ထက် ၁၁ ဆနီးပါး များပြားနေတာပါ။
၂၀၂၃ ခုနှစ် ငါးလအတွင်း စစ်ကိုင်းတိုင်းထဲက အိမ် တစ်သောင်းခြောက်ထောင်ကျော် (၁၆,၆၃၆ အိမ်)၊ မကွေးတိုင်းက နေအိမ် နှစ်ထောင်နီးပါး (၁,၈၄၀ အိမ်)၊ ချင်းပြည်နယ်က အိမ် တစ်ရာ့ငါးဆယ်ကျော် (၁၆၄ အိမ်) မီးရှို့ခံခဲ့ရပြီး ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကလွဲလို့ ကျန်ဒေသတွေ ပါဝင်ပါတယ်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့ဟာ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစလို့ ၂၀၂၃ မေလအထိ မီးရှို့ခံရမှု စာရင်းတွေတိုင်းမှာ ထိပ်ဆုံးက အများဆုံးဖြစ်နေတဲ့ တိုင်းနဲ့ ပြည်နယ်တွေ ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ အရပ်သား နေအိမ်တွေကို မီးရှို့တာမျိုး မလုပ်ဘူးလို့ တုံ့ပြန်ပြောဆိုထားပါတယ်။
RFA News
ခြောက်လအတွင်း သေဒဏ်ချခံရသူ ၁၅ ဦးရှိကြောင်း AAPP ထုတ်ပြန်
၂၀၂၃ ခုနှစ် ပထမခြောက်လတာကာလအတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မအပါအဝင် မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရသူ ၅၄ ဦးနဲ့ သေဒဏ်ချမှတ်ခံရသူ ၁၅ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇွန်လ ၁၄ ရက်နေ့ မှာ ထုတ်ပြန်ပါတယ်။
အခုနှစ် ဇန်နဝါရီလကနေ ဇွန်လဒုတိယအပတ်အထိ နိုင်ငံတစ်ဝန်းက စစ်ကောင်စီတရားရုံးတွေကနေ အခုလိုအမိန့်တွေ ချမှတ်ခဲ့တာပါ။
အဲဒီထဲမှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရသူ အမျိုးသမီး ခုနစ်ဦး၊ အမျိုးသား ၄၇ ဦး ရှိပြီး သေဒဏ်ချမှတ်ခံရထားတဲ့ အမျိုးသမီး လေးဦး၊ အမျိုးသား ၁၁ ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က အသက် ၂၀ ကျော်အရွယ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဝင် ကိုကောင်းဆက်ပိုင်ဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)၊ ၅၀(ည) တို့နဲ့ ထောင်ဒဏ်တစ်သက်အပြင် သေဒဏ် ထပ်တိုးချမှတ်ခံလိုက်ရပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့ပတ်ရထားပေါ်မှာ ရထားလုံခြုံရေးရဲတွေကို ပစ်ခတ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ လူငယ်ငါးဦးကို မေလ ၁၈ ရက်နေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပါတယ်။
ဒီလိုသေဒဏ်တွေအပါအဝင် ပထမခြောက်လတာကာလအတွင်း ထောင်ဒဏ်အမျိုးမျိုး ချမှတ်ခံရသူပေါင်း အယောက် ၇၃၀ ရှိပြီး အဲဒီအထဲမှာ အမျိုးသမီး ၁၀၈ ဦးနဲ့ အမျိုးသား အယောက် ၆၂၀ ပါဝင်တယ်လို့ AAPP က ဆိုပါတယ်။
အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဇွန်လ ၁၄ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၃,၃၃၇ ဦး ရှိတယ်လို့ AAPP ရဲ့ စာရင်းတွေမှာဖော်ပြထားပါတယ်။
RFA News