ရက်စွဲ။       ။ ဇူလိုင် ၁၀ ရက်၊ ၂၀၂၃ခုနှစ်

ဒိုက်ဦး (ကျိုက်ဇကော) ထောင်မှ ဇွန်လ (၂၇) ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများအား ထောင်ပြောင်းရွှေ့သည်ဟုဆိုကာ စစ်တပ်မှ ခေါ်ထုတ်သွားပြီးနောက် နိုင်ငံရေးအကျဉ်းသား (၃၇) ဦးမှာ ပျောက်ဆုံးနေခဲ့ပါသည်။ အဆိုပါနိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများ ဒိုက်ဦးထောင်သို့ သွားရောက်စုံစမ်းရာ ဒိုက်ဦးထောင်တာဝန်ရှိသူများမှ အကြိမ်အကြိမ် ငြင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ( ၇  ) ရက်နေ့တွင် ခန့်လင်းနိုင်(ခ) ကိုခန့် (ခ) လက်ဝဲ (ဘ) ဦးသန်းစိုးနိုင်၊ ထောင်ဝင်အမှတ်- (ပခ/၂၂/၀၀၄၃၆/က) ၏ မိသားစုထံသို့လည်းကောင်း၊ ဇူလိုင်လ (၈) ရက်နေ့တွင် ပြည့်ဖြိုးဟိန်း (ခ) ကိုပြည့် (ဘ) ဦးကျော်ဦး၊ ထောင်ဝင်အမှတ် (ဒဥ/၂၂/၀၀၁၇၆/က) ၏ မိသားစုထံသို့လည်းကောင်း ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ရာတွင် လမ်းခရီး၌ မော်တော်ယာဉ် တိမ်းမှောက်မှုကို အခွင့်ကောင်းယူကာ ထွက်ပြေးခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသွားကြောင်း ဒိုက်ဦးအကျဉ်းထောင်၊ ဦးစီးအရာရှိ (က ၃၇၀၂) ကျော်ဇေယျမှ လက်မှတ်ထိုးပြီး အကြောင်းကြားစာ ပေးပို့ လာခဲ့ပါသည်။

ထိုစာသည် ဇွန်လ (၂၉) ရက်နေ့ဟု ရက်စွဲတပ်ထားသော်လည်း မိသားစု ၂ စုထံသို့ ဇူလိုင်လ (၇) ရက်နှင့် (၈) ရက်နေ့တွင်မှ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အတွင်းစာတွင် ကိုပြည့်ဖြိုးဟိန်း၏ ဇနီးထံသို့ လိပ်မူထားသော်လည်း စာအိတ်အဖုံးတွင် ပျောက်ဆုံးနေသော ကိုအောင်မျိုးသူ၏ ဇနီးနာမည်နှင့် လိပ်စာတပ်ထားပြီး ကိုအောင်မျိုးသူ၏ဇနီး မခင်မိုးမိုးထံသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်အရ ကိုအောင်မျိုးသူ၏ အသက်အန္တရာယ်မှာလည်း စိုးရိမ်စရာဖြစ်နေရသည်။

ထောင်ပြောင်းသည်ဆိုသည်မှာလည်း အကြောင်းပြချက်တခုသာဖြစ်ပြီး ယခုလပိုင်း ဖြစ်စဉ်များအရ အကျဉ်းထောင်များမှ ခေါ်ထုတ်ပြီး စစ်ကြောသတ်ဖြတ်ခြင်းများ ဆက်တိုက်ဆိုသလို သတင်းထွက်ပေါ် နေခြင်းဖြစ်သည်။

ဇူလိုင်လ (၂) ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ဦးစိန်ဝင်း၏ မိသားစုထံသို့ ဇူလိုင်လ ၂ ရက်နေ့တွင် မြင်းခြံထောင်အတွင်း အစာအိမ်သွေးကြောပေါက်၍ သေဆုံးသွားသည်ဟု အကြောင်းကြားခဲ့သည်။ သို့သော်လည်း အကျဉ်းထောင်အသိုင်းအဝိုင်းမှ  ဦးစိန်ဝင်းအား ထောင်ပြင်သို့ခေါ်ထုတ်ပြီး စစ်ကြောရေးလုပ်ရာတွင် ပါဝင်ခဲ့ကြောင်း ထောင်တွင်းရှိအကျဉ်းသားများထံမှ သိရှိရပြီး သေဆုံးချိန်တွင် အညိုအမည်းဒဏ်ရာများ တွေ့ရှိရကြောင်း မိသားစုအသိုင်းအဝိုင်းမှ သိရှိရသည်။

ဇွန်လ (၇) ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကောင်းဇာနည်ဟိန်း(ခ) လပြည့်၏ မိခင်နှင့် အမဖြစ်သူတို့ကို ပျူစောထီးများမှ နေအိမ်သို့ လာရောက်သတ်ဖြတ်ခဲ့ပြီး ဇူလိုင်လ (၆) ရက်နေ့တွင် ကောင်းဇာနည်ဟိန်းနှင့် ကျော်သူရတို့နှစ်ဦးအား စစ်တပ်မှ သတ်ဖြတ်ခဲ့ကြောင်း စစ်တပ် အသိုင်းအဝိုင်းမှ ဖေါ်ထုတ်ရေးသားမှုများ ရှိခဲ့သည်။

၁။ အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအား ယခုကဲ့သို့ လက်လွတ်စပယ် ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေသည့် လုပ်ရပ်မှာ ပြည်တွင်းဥပဒေများကိုသာမက နိုင်ငံတကာဥပဒေများကိုပါ ကျူးလွန်နေသည်မှာ အထင်အရှားဖြစ်နေပါသည်။ ထိုသို့ သတ်ဖြတ်မှုများ မှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးများကို ဥပဒေမဲ့ ရက်ရက်စက်စက်သတ်ဖြတ်သည့် ဖက်ဆစ်နာဇီတို့၏ လုပ်ရပ်များနှင့် ထပ်တူဖြစ်နေပါသည်။ ထို့အပြင် ဒိုက်ဦးထောင်မှခေါ်ဆောင်သွားသည့် ကျန်နိုင်ငံရေးအကျဉ်းသားများမှာလည်း မိသားစုနှင့် အဆက်အသွယ် ပြတ်နေပြီး ယနေ့အချိန်အထိ သေသည်ရှင်သည် မသိရှိရပဲ ပျောက်ဆုံးလျက်ရှိနေပါသည်။  ထိုလုပ်ရပ်များ သည် အကျဉ်းထောင်လုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍လုပ်ဆောင်ခြင်းဖြစ်ပြီး မတရား ညှဉ်းပန်းနှိပ်စက်မှုနှင့် ဥပဒေမဲ့သတ်ဖြတ် ခြင်းဖြစ်သည့် ကြီးမားသည့်ရာဇဝတ်မှုကိုပါ ကျူးလွန်လိုက်သည့်လုပ်ရပ်ဖြစ်သလို အာဆီယံ လူ့အခွင့်အရေးပဋိညာဉ်ကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းဖြစ်သည်။

၂။ မြန်မာနိုင်ငံတွင်  အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးချိန်မှစပြီး တရားဥပဒေစိုးမိုးရေး ပျက်ပြယ်သွားခဲ့ပြီး အကြမ်းဖက် စစ်အုပ်စု၏ အမာခံထောက်တိုင်များဖြစ်ကြသည့် တရားသူကြီးများ၊ စစ်သားများ၊ ရဲများ၊ အကျဉ်းဦးစီးဝန်ထမ်းများက စစ်အုပ်စုအလိုကျ မတရားဖမ်းဆီးခြင်း၊ ဥပဒေမဲ့မတရားပြစ်ဒဏ်များ ချမှတ်ခြင်း၊ အကျဉ်းထောင်အသီးသီးတွင်လည်း နိုင်ငံရေးအကျဉ်းသားများအား ရည်ရွယ်ချက်ရှိရှိဖြင့် ဥပဒေမဲ့သတ်ဖြတ်ခြင်း၊  ညှဉ်းပန်းနှိပ်စက်ခြင်း၊ အနိုင်ကျင့်စော်ကားခြင်းများ ပြုလုပ်လျက်ရှိနေပါသည်။

၃။ ထိုကဲ့သို့ ဥပဒေမဲ့မတရားသတ်ဖြတ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများအပေါ် မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်းအနေဖြင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချလိုက်ပြီး မတရားကျူးလွန်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံး တရားမျှတမှု ရရှိနိုင်ရေးအတွက် အစွမ်းကုန် ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

၄။ အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ အမိန့်ပေးစေခိုင်းသူများ၊ ကိုယ်တိုင်ကျူးလွန်သူများ အားလုံး အနေဖြင့် တာဝန်ခံရမည် ဖြစ်သည်။

၅။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ယခုဖြစ်စဉ်များအပါအဝင် မြန်မာနိုင်ငံအတွင်း နေ့စဉ်ကြုံတွေ့နေရသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဥပဒေမဲ့သတ်ဖြတ်မှုများနှင့် မတရားညှဉ်းပန်း နှိပ်စက်မှုများသည် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ ဥပဒေများအား ကျူးလွန်နေခြင်းဖြစ်ပြီး အဆိုပါကျူး လွန်မှုများကို ပြည်တွင်းတရားစီရင်ရေးကဏ္ဍအတွင်း ကိုင်တွယ်အရေးယူနိုင်ခြင်း မရှိသည့်အတွက် နိုင်ငံတကာတရားစီရင်ရေး ယန္တရားများတွင် အရေးယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေးကြပါရန် အလေးအနက် တိုက်တွန်းလိုက်ပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့ မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်မှ မတရားအာဏာလုယူပြီး နောက်ပိုင်း တရားမဲ့သတ်ဖြတ်ခံရသူ စုစုပေါင်း (၃၇၅၇) ဦး ရှိပြီဖြစ်သည်။ အကျဉ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခံရမှုများကြောင့် အသက်ဆုံးရှုံးရသူများ၊ စစ်ကြောရေးစခန်းများတွင် မတရားညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသူများမှာ စုစုပေါင်း (၁၅၀) ဦး ရှိပြီဖြစ်သည်။ အဆိုပါကိန်းဂဏန်းများမှာ အေအေပီပီမှ စုဆောင်းရရှိထားသည့် အရေအတွက်သာဖြစ်ပြီး အဆိုပါအရေအတွက်ထက် ပိုမိုများပြားနိုင်ပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

ဆက်သွယ်ရန်- info@aappb.org  

၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇွဇူလိုင်(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်သူ (၁၀၀)ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီးသတ်ဖြတ် မှုကြောင့် တပတ်အတွင်း ပြည်သူ (၈)ဦး သေဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်မှ ပြည်သူ (၁)ဦးမှာ မီးရှို့ သတ်ဖြတ်ခံခဲ့ရသည်။ ဇူလိုင်လ (၆)ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် ပစ်သတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ဒေသခံပြည်သူ(၇)ဦးကို သေဆုံးခဲ့ပြီး ပြည်သူ (၆)ဦးကလည်း ထိခိုက်ဒဏ်ရာရ ရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး လက်နက်ငယ်တို့နှင့် ပစ်ခတ်မှုကြောင့် ကလေးငယ် (၁)ဦး သေဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာရ ရှိခဲ့သည်။

စစ်အာဏာရှင်တပ်သားများက တပတ်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးမှ ပြည်သူပေါင်း (၃၀)ကျော်ကို ဖမ်းဆီးခဲ့သည်။ ရန်ကုန်နှင့် မန္တလေးမှ လူငယ်များက Facebook တွင် အလုပ်ရမည်ဟု ကြော်ငြာထားသဖြင့်သွားရောက် လျှောက်ထားရာ စစ်အာဏာရှင်တပ်ထဲသို့ အတင်းအဓမ္မ ထည့်သွင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

ယမန်နေ့ (ဇူလိုင် ၆) က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရုံးကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့စဉ် ဒုတိယညွှန်ကြားရေးမှူးအဆင့်အရာရှိများ အပါအဝင် အဖမ်းခံရသူ ၂၀ ခန့်ရှိသည်ဟု သိရသည်။

ဖမ်းဆီးခံရသူများတွင် MOGE ၏ ဌာနခွဲများဖြစ်သော စီမံဌာနအောက်ရှိ ဘဏ္ဍာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နုနုရီ၊ စီမံကိန်းဌာနမှ ဒုညွှန်ကြားရေးမှူး ဦးကျော်ကျော်အောင်တို့ အပါအဝင် လက်ထောက်ညွှန်မှူး၊ ဦးစီးမှူး၊ ဒုဦးစီးမှူးနှင့် အကြီးတန်း အငယ်တန်းစာရေးများ စသဖြင့် ၂၀ ခန့် ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

“ရုံးအဖွဲ့နှစ်ခုစလုံး ပါသွားတယ်။ ဘယ်ခေါ်သွားလဲတော့ အတိအကျမသိဘူး။ မနေ့ကတော့ ရုံးအမှတ် ၆ ကို ခေါ်စစ်တယ်လို့ ကြားတယ်။ ခုထိတော့ နောက်ဆက်တွဲ မသိရသေးဘူး။ အခြားဌာနကသူတွေကတော့ စစ်တဲ့အထဲ မပါဘူး” ဟု နီးစပ်သူ ဝန်ထမ်းတစ်ဦးက ပြောသည်။

“သူတို့ပြောတဲ့ သူလျှိုပေါ်ရင်တော့ သက်သာမှာ။ မပေါ်ရင်တော့ ထုထောင်းခံရမှာပဲ”

အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကြောင့် ပြည်ပတွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ပိတ်မိနေကြောင်း သတင်းပေါက်ကြားလာပြီးနောက် စစ်တပ်က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာနရုံးကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကာ ဖမ်းဆီးခံရသည့် ဝန်ထမ်းများနှင့် ပတ်သက်၍ အသေးစိတ် မသိရသေးပေ။

ယမန်နေ့ ညနေပိုင်းတွင် စစ်တပ်က ဖမ်းဆီးမည့်လူစာရင်းအတိအကျဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကာ ဌာနအလိုက် ဝင်ရောက်ရှာဖွေစဉ် ဝရုန်းသုန်းကားမဖြစ်ခဲ့သော်လည်း ဝန်ထမ်းများအားလုံး ညနေ ၆ နာရီကျော်မှ အိမ်ပြန်ရကြောင်း၊ ရုံးဆင်းချိန်တွင် ကားဝင်ထွက်နိုင်သည့် ပင်မဂိတ်တံခါးကို ပိတ်ထားကာ လူတစ်ကိုယ်စာ ဝင်ထွက်ပေါက်မှနေ၍ တစ်ဦးချင်း စစ်ဆေးပြီးမှ ပြန်လွှတ်ကြောင်း နေပြည်တော်သတင်းရင်းမြစ်များထံမှ သိရသည်။

စွမ်းအင်ဝန်ကြီးဌာနအောက်တွင် အဓိကဌာနကြီးများအနေဖြင့် စွမ်းအင်စီမံရေးဦးစီးဌာန(EPD)၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE)၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (MPPE) တို့ရှိပြီး အဆိုပါဌာနများအောက်တွင် သီးသန့်ဌာနခွဲများ ရှိသည်။

နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တွင် စီမံကိန်း၊ ရှာဖွေရေး၊ တူးဖော်ရေး၊​ ထုတ်လုပ်ရေး၊ စီမံအုပ်ချုပ်၊ ငွေစာရင်း၊​ ကမ်းလွန်၊ အင်ဂျင်နီယာ၊ ပစ္စည်းကိရိယာ၊ စွမ်းအင်မူဝါဒ ဟူ၍ ဌာနခွဲ ၁၀ ခုရှိပြီး လက်ရှိ ဦးဆောင်ညွှန်ကြားရေးမှူးမှာ ဦးအောင်မင်းဖြစ်ပြီး၊ ဒုဦးဆောင်ညွှန်ကြားရေးမှူးမှာ ဦးသက်ထွန်း ဖြစ်သည်။

လက်ရှိစွမ်းအင်ဝန်ကြီးမှာ ဦးမျိုးမြင့်ဦးဖြစ်ပြီး၊ ဒုဝန်ကြီးမှာ ဦးသန့်စင်၊ MOGE ဦးဆောင်ညွှန်ကြားရေးမှူးမှာ ဦးအောင်မင်းဖြစ်သည်။ ၎င်းတို့အားလုံးမှာ ထိုဝန်ကြီးဌာနတွင် အစဉ်အဆက် တာဝန်ထမ်းဆောင်လာသူများ ဖြစ်ကြသည်။

လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံပိုင် MOGE ကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူပြီးနောက် ပြည်ပတွင် ဒေါ်လာသန်း ၅၀၀ ကျော်ထက်မနည်း ပိတ်မိနေကာ ထိုငွေများ ထုတ်ယူရရှိရေး စစ်ကောင်စီက မြန်မာ့စီးပွားရေးဘဏ် (MEB) တွင် လျှို့ဝှက်ဘဏ်စာရင်းများ ဖွင့်လှစ်ခိုင်းထားသည်။

နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ်တွင် MOGE ကိုယ်စား “ကံ့ကော်” အမည်ဖြင့် အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်ငွေစာရင်းများ ဖွင့်လှစ်ပေးရန် စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက ဧပြီလအတွင်း ဗဟိုဘဏ်ကို တင်ပြခဲ့ခြင်းဖြစ်သည်။

Myanmar Now က ရရှိထားသည့် ပေါက်ကြားလာသည့် ထိုလျှို့ဝှက်စာအရ ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုကြောင့် ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအတွက် တရုတ်နိုင်ငံပိုင် ရေနံကော်ပိုရေးရှင်း (CNOUC) ထံမှ ဒေါ်လာ ၃၂၆ ဒသမ ၈၀ သန်း၊ တရုတ်-မြန်မာဖက်စပ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီများဖြစ်သည့် SEAGP နှင့် SEAOP တို့ထံမှ ဒေါ်လာ ၁၀၈ ဒသမ ၈၂ သန်း၊ ရတနာစီမံကိန်းမှ​ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချနေသော မုတ္တမသဘာဝ ဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီ (MGTC) ထံမှ ဒေါ်လာ ၆၈ ဒသမ ၆၈ သန်း ပြည်ပတွင် ပိတ်မိနေခြင်း ဖြစ်သည်။

မူလသဘောတူစာချုပ်အရ သက်ဆိုင်ရာဘဏ်စာရင်းများမှတစ်ဆင့် MOGE ထံ လွှဲပြောင်းပေးရမည်ဖြစ်သော်လည်း အီးယူ၏ ပိတ်ဆို့မှုကြောင့် Beneficiary Name (အကျိုးခံစားခွင့်ရှိသူအမည်) နေရာတွင် MOGE ကိုယ်စား မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) ၌ “ကံ့ကော်” ဆိုသော ငွေစာရင်းဖြင့် လက်ခံနိုင်ရန် စစ်ကောင်စီက စီစဉ်ခြင်းဖြစ်သည်။

“မူလစာချုပ်ပါ အမေရိကန်ဒေါ်လာဖြင့် လွှဲပြောင်းရန် ခက်ခဲသဖြင့် တရုတ်နိုင်ငံသုံးငွေကြေး (RMB)၊ ထိုင်းငွေကြေး (Baht) တို့ဖြင့် လက်ခံရမည့်အခြေအနေ ဖြစ်ပေါ်နေပါသည်” ဟု လွန်ခဲ့သော နှစ်လကျော်က စီစဉ်သည့် ထိုလျှို့ဝှက်စာတွင် ဖော်ပြသည်။

ဥရောပသမဂ္ဂအပြင် အမေရိကန်အစိုးရ၏ နောက်ထပ် ပိတ်ဆို့အရေးယူမှုများအတွက်ပါ ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်ဟုလည်း စစ်ကောင်စီ၏ လျှို့ဝှက်အစီအစဉ်၌ ဖော်ပြသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်တွင် နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်အစိုးရက ကြေညာခဲ့သည်။

ထိုသို့ကြေညာပြီး ရက်ပိုင်းအတွင်း နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံခြားငွေ သုံးစွဲမရဖြစ်နေသည့်အပြင် ကုန်သွယ်ရေးလုပ်ငန်းများအတွက် ငွေပေးချေရာ၌ အခက်အခဲဖြစ်နေသည်ဟု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ခံပြောဆိုထားသည်။

၎င်းတို့တာဝန်ယူချိန်တွင် နိုင်ငံတကာက ပိတ်ဆို့မှုများ လုပ်လာကြောင်း၊ ရှိပြီးသား နိုင်ငံခြားသုံးငွေများ သုံးစွဲမရစေရန်အပြင် ကုန်ပစ္စည်းရောင်းရငွေများ မပေးချေနိုင်စေရေးအတွက်ပါ မျိုးစုံပိတ်ဆို့လာသည်ဟု နေပြည်တော်အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့သည်။

Myanmar Now News

လီလီနိုင်ကျော်အား လုပ်ကြံမှု သံသယဖြင့်  ဖမ်းဆီးခံထားရသည့် အသက် ၂၃ နှစ်အရွယ် ကိုကောင်းဇာနည်ဟိန်း နှင့် အသက် ၃၀ အရွယ် ကိုကျော်သူရတို့အား ဇူလိုင် ၆ ရက် ညပိုင်းက ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်တွင် စစ်ကောင်စီက သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်လိုက်ပြီဟု ကနဦးသတင်းရရှိသည်။

သေဆုံးခဲ့သည့် အကြောင်းအရင်းကို သက်သေခံပစ္စည်းများ လိုက်ပြခိုင်းစဉ် ထွက်ပြေးရန် ကြိုးစားခြင်းကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု အကြောင်းပြသည်။ ၎င်းတို့နှစ်ဦးသည် လွန်ခဲ့သည် ၁လခန့်ကတည်းက ရန်ကုန်မြို့တွင် ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံထားရသူများအား မြောက်ဒဂုံ (၂၉) ရပ်ကွက်၊ မောင်းမကန်လမ်းအနီးတွင် ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး သေနတ်ဒဏ်ရာ ၃ ချက်စီဖြင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ သတင်းအရင်းအမြစ်များကို ကိုးကားပြီး Voice of Myanmar သတင်းဌာနက ရေးသားသည်။

စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်စာမျက်နှာများကလည်း ယင်းသတင်းကို တပြိုင်နက် အတည်ပြုရေးသားကြပြီး နောက်ထပ်ဖမ်းဆီးခံရသူများအားလည်း ယင်းကဲ့သို့ သတ်ဖြတ်ရန် လှုံ့ဆော်ရေးသားနေကြသည်။

Myanmar Now အနေဖြင့် အဆိုပါသတင်းကို သီးခြားအတည်ပြုနိုင်ရန် စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်နှင့် တော်လှန်ရေးအင်အားစုများ၏ အတည်ပြုချက်ကို ဆက်လက်စောင့်ကြည့်နေစဲဖြစ်သည်။

သေဆုံးသွားသည့် အသက် ၅၈ နှစ်အရွယ် အဆိုတော် လီလီနိုင်ကျော်သည် စစ်တပ်၏ အာဏာသိမ်းမှုများကို ထောက်ခံကြောင်း မကြာခဏထုတ်ဖော်ပြောဆိုသူဖြစ်ပြီး သူ့ကိုယ်သူ “အမျိုးသားရေးသမား” ဟုလည်း ရည်ညွှန်းလေ့ရှိသည်။ လီလီနိုင်ကျော်သည် မေလ ၃၀ ရက်နေ့က ရန်ကုန်မြို့ ရန်ကင်းမြို့နယ်အတွင်း အနီးကပ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီးနောက် ပြင်းထန်သည့်ဒဏ်ရာများ ရရှိခဲ့ကာ ရက်အနည်းငယ်အကြာတွင် စစ်ဆေးရုံ၌ သေဆုံးသွားခဲ့သည်။

လုပ်ကြံသူအဖြစ် စစ်ကောင်စီက စွပ်စွဲထားသည့် ကိုကောင်းဇာနည်ဟိန်း၏ မိခင်နှင့် အစ်မဝမ်းကွဲတို့သည်လည်း ဇွန်လ ၆ ရက်ညပိုင်းတွင် ရန်ကုန်မြို့ ထန်းတပင်မြို့နယ်ရှိ နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသေးသည်။

ထိုအမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ် (သို့မဟုတ်) စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသူများက လီလီနိုင်ကျော်အတွက် လက်စားချေသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားပြောဆိုကြသည့်နည်းတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များက နှုတ်ပိတ်ခြင်းဖြစ်သည်ဟုလည်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် စာမျက်နှာများတွင် ရေးသားကြသည်။

Myanmar Now News

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ကျေးရွာသုံးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဇူလိုင်လ ၇ ရက်က အသက်ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဇူလိုင်လ ၇ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

သေဆုံးခဲ့သူတွေဟာ ရွာသာယာရွာက အသက်ငါးနှစ်အရွယ် မောင်ဖြိုးပိုင်၊ ရာဇကျော်ရွာက အသက် ၃၆ နှစ်အရွယ် ကိုထွန်းသိန်းနဲ့ ပျံလှည့်ရွာက အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လက်နက်ကြီးထိပြီး သုံးဦးစလုံး ဆုံးသွားတာ။ စစ်ကြောင်းက သူတို့အထိုင်ချနေတဲ့ ယင်းမာပင်မြို့လယ်က အထက်တန်းကျောင်းကနေ လှမ်းပစ်တာ။ ဒေသခံတွေကလည်း သူတို့ရွာဘက်ကို စစ်ကြောင်း မလာတန်ကောင်းဘူးဆိုပြီး နေနေတာကို လူတော့မလာဘဲ လက်နက်ကြီး လှမ်းပစ်တာပေါ့၊ သေသွားတဲ့ မောင်ဖြိုးပိုင်ဆို သူငယ်တန်းတောင် မတက်ရသေးဘူး”

အရပ်သားသေဆုံးမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးစောနိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

လက်နက်ကြီးနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဇူလိုင်လအတွင်း ဆားလင်းကြီးမြို့နယ်ဘက်ကနေ ယင်းမာပင်မြို့နယ်ကို ဝင်ရောက်လာတာလို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် နှစ်နှစ်ကျော်အတွင်း အရပ်သား ၂၄၅၄ ဦးထက် မနည်းသေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်းမှာ ၁၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ ဇွန်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

RFA Burmese

ချင်းပြည်နယ် မင်းတပ်မြို့နယ်၊ မရှိန်းလှော်အုပ်စု၊ ဝုမ်းခုန်ကျေးရွာကို ဇူလိုင် ၈ရက်နေ့ မနက်က စစ်ကောင်စီက ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အသက် ကိုးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီက လေယာဉ်နဲ့ သုံးကြိမ် တိုက်ခိုက်ပြီး ပေါင် ငါးရာ ဗုံးနှစ်လုံး ကြဲခဲ့တာလို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောပါတယ်။

ကံကောင်းတာက စနေနေ့ဖြစ်နေတော့ ကျောင်းသားတွေလည်း ကျောင်းမှာမရှိဘူး၊ ရွာသားတွေကလည်း တောင်ယာသွားနေတော့ ရွာမှာသိပ်မရှိကြဘူး၊ တိုက်လေယာဉ်နဲ့ သုံးကြိမ်လာပစ်တယ်၊ ပေါင် ၅၀၀ ဗုံးအကြီးနှစ်လုံးချတယ်၊ တခြား လက်နက်တွေလည်းပစ်တယ်၊ ရွာသူရွာသားတွေကတော့ ကမ္ဘာပျက်သလို ပြေးလွှားနေရတယ်၊ အဲမှာ နို့တိုက်မိခင်တစ်ယောက်က တခြားနေရာပြေးပြီးသားကနေ သူ့ကလေးကျန်ခဲ့လို့အိမ်ပြန်အလာမှာ နောက်ထပ် လေယာဉ်က ဗုံးလာကြဲတော့ သူပုန်းနေတဲ့နား ဗုံးကျပြီး ပွဲချင်းပြီး သေသွားတယ်၊ သူ့အိမ်နီးချင်း ကိုးနှစ်အရွယ်ကလေးလည်း သူ့နားမှာပဲ သေသွားတယ်၊ ခု ရွာသားတွေက ရွာမှာမနေရဲကြတော့ဘူး၊ နီးစပ်ရာတောင်ယာတွေ၊ အခြားရွာတွေကို ထွက်ပြေးနေကြတယ်။”

အဲဒီနေရာတဝိုက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့ လေယာဉ်နဲ့ဗုံးကြဲတာ၊ လေယာဉ်ပေါ်ကနေ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းကနေ တိုက်ခိုက်တဲ့အပြင် မင်းတပ်မြို့ပေါ်မှာရှိတဲ့ ခြေလျင်တပ်ရင်း ခလရ (၂၇၄) ကနေလည်း တာဝေးပစ် အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူတွေဟာ အသက် ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးအပြင် အသက် ၂၈ နှစ်အရွယ် နို့တိုက်မိခင်တစ်ဦးနဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပြီး အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဒီပစ်ခတ်မှုကြောင့် ကျေးရွာစာသင်ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူနေအိမ် ဆယ်လုံး ပျက်စီးသွားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့‌တွေမှာလည်း စစ်ကောင်စီက ထန်တလန်နဲ့ မင်းတပ်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ် လေးလုံးနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းအရ အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဇူလိုင် ၈ ရက်နေ့အထိ အရပ်သား ၄၄ ဦး သေဆုံးခဲ့ပါတယ်။

RFA Burmese