ကရင်ပြည်နယ်မှာ ဩဂုတ်လ ၁ ရက်နေ့ကနေ ဩဂုတ် ၅ ရက်နေ့အထိ မိုးဆက်တိုက်ရွာပြီး ဒေါနတောင်ကျရေ သောင်ရင်းမြစ်ထဲ ဒလဟော စီးဆင်းမှုတွေကြောင့် မြဝတီ ၊ ဝေါလေ ဒေသတစ်လျှောက် ထိုင်းမြန်မာနယ်စပ်ကျေးရွာတွေနဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေ ရေကြီးရေလျှံ နေပါတယ်။

ဘားအံ ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ ကျုံဒိုးဒေသက ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ဒေါနတောင်ကျရေ ဆက်ပြီးတိုးဝင်တာကြောင့် သောင်ရင်းမြစ်၊ လှိုင်းဘွဲ့ချောင်း၊ ဂျိုင်းမြစ်၊ သံလွင်မြစ်၊ ဟောင်သရောမြစ်တွေ ရေကြီးရေလျှံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြဝတီမြို့ပေါ် မှာ လက်ခတ်တောင်တိုက်ပွဲကြောင့် တောရဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ ဒေသခံငါးရာလောက် ရှိခဲ့ရာက အခု ရေဘေးရှောင် ဒေသခံတွေပါ ထပ်တိုးလာတဲ့အတွက် လူဦးရေ ခုနှစ်ရာလောက်အထိ ရှိလာပြီး နောက်ထပ် ရေဘေးရှောင်စခန်းခြောက်ခုမှာလဲ ဒေသခံ ၁၃၃၆ ယောက်အထိ ရှိလာပြီလို့ စစ်ရှောင်တွေကို အစားအသောက် ကူညီပေးနေတဲ့ မြဝတီမြို့ ရှိ ပရဟိတအဖွဲ့ တွေက ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ ခြောက်ရပ်ကွက်မှာလည်း ရေကြီးနေတာကြောင့် အိမ်ခြေ ၈၂ အိမ်လောက် ရေမြှုပ်နေပြီး ရပ်ကွက်အတွင်းနေထိုင်သူတွေ ကြာအင်းဆိပ်ကြီးမြို့ မူကြိုကျောင်း အနောက်ဘက် ကုန်မြင့်လမ်းဘက်မှာ ပြောင်းရွှေ့နေထိုင်ကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဘားအံ ကြာအင်းတောင်တက်လမ်း၊ စုကလိမြို့သစ် တောင်တက်လမ်း၊ ဝေါလေ ၊ ဆုံဆည်းမြိုင်လမ်းပိုင်း၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းတွေမှာလည်း တောင်ပြို၊ မြေပြို ၊လမ်းပြိုပျက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

လှိုင်းဘွဲ့ မြို့ပေါ်ရပ်ကွက် လေးခုအပြင် ကျောင်းတွေ ၊ စျေးတွေ ၊ဆေးရုံ နဲ့ စစ်ကောင်စီရုံးတွေ ရေမြှုပ်နေလို့ ဒေသခံတွေ ရေဘေးရှောင်ဖို့ ကုန်းမြင့်တဲ့နေရာမှာဆောက်ထားတဲ့ မူလတန်းကျောင်းမှာ ယာယီ နေရာချထားပေးတယ်လို့ လှိုင်းဘွဲ မြို့ ရပ်ကွက် အုပ်ချုပ်ရေး တာဝန်ရှိသူက ပြောပါတယ်။

“ဒီမှာ အခုလက်ရှိ ရေတက်နေတယ်၊ အခုလှိုင်းဘွဲ့ဈေးအရှေ့တို့ ဘာတို့ဆို မြှုပ်နေပြီ၊ နောက်ပြီးတော့ ​ လေးရပ်ကွက်မှာရှိတဲ့ အနိမ့်ပိုင်းတွေအကုန်လုံး အခုက မြုပ်နေတယ်၊ (က)ရပ်ကွက်၊ (ခ)ရပ်ကွက်၊ (ဂ)ရပ်ကွက်၊ (ဃ)ရပ်ကွက် မူလွန်ကျောင်း၊ အဲ့ဒီကျောင်းမှာကတော့ လောလောဆယ်တော့ ယာယီပေးပြောင်းရွှေ့ထားတယ်ပေါ့ ၊ လပြည့်မတိုင်ခင်နေ့က စတက်တယ်၊ တက်ပြီးတော့ လပြည့်နေ့မှာ ရေတက်တယ်၊ တက်ပြီးတော့ နည်းနည်းလေးပြန်ကျသွားတယ်၊ ကျတော့ ရေကငြိမ်နေတယ် တစ်အားမကျဘူး၊ မကျတော့ မနေ့ကနေ ပြန်တက်တယ်”

ကရင်ပြည်နယ်ထဲက ဘားအံ မြို့ရဲ့ သံလွင်မြစ်ရေဟာ စိုးရိမ်ရေ အမှတ် ၇၅ဝ စင်တီမီတာကနေ ၈၃၄ စင်တီမီတာအထိ တိုးလာနေပြီး မြဝတီမြို့မှာလည်း သောင်ရင်းမြစ်ရေ စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာကနေ ၁၀၄၄ စင်တီမီတာအထိ မြင့်တက်နေတယ်လို့ စစ်ကောင်စီ မိုးလေဝသဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့မှာ သောင်းရင်းမြစ်ရေကြီးတာကြောင့် ရေနစ်မြှုပ်နေသည့် နေအိမ်တွေမှ ပြည်သူတွေအား လူမှုကူညီရေးအဖွဲ့တွေက သွားရောက်ကူညီနေစဉ်။ (Photo : RFA)
ကရင်ပြည်နယ် မြဝတီမြို့မှာ သောင်းရင်းမြစ်ရေကြီးတာကြောင့် ရေနစ်မြှုပ်နေသည့် နေအိမ်တွေမှ ပြည်သူတွေအား လူမှုကူညီရေးအဖွဲ့တွေက သွားရောက်ကူညီနေစဉ်။ (Photo : RFA)

ဒီလို မိုးဆက်တိုက်ရွာ ရေကြီးရေလျှံတဲ့ကြားကပဲ ဩဂုတ်လ ၃ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေ လက်ခတ်တောင်ကို ပြန်ပြီးသိမ်းဖို့ တက်လာတဲ့အတွက် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ တပ်ရင်း ၂၇ တာဝန် ရှိသူက ပြောပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီအရာရှိ တစ်ဦးအပါအဝင် စစ်သားလေးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ဒီဒဏ်ရာရတဲ့သူတွေကို တပ်မ ၄၄ လက်အောက်ခံ ခမရ ၁၁၈ တပ်ရင်းက ဗိုလ်မှုးအောင်နိုင်ဦးနဲ့ အဖွဲ့က ပြန်သယ်သွားတယ်လို့ သူက ပြောပါတယ်။

“ဝါဆိုလပြည့်ရက်မတိုင်ခင်ထဲက မိုးရွာနေတယ်၊ စစ်တပ်ကလည်း တက်လာတိုက်မယ်ဆိုတာသိတော့ ကျွန်တော်တို့ ပြင်ဆင်ထားတယ်၊ အဲ့တာ ၃ ရက်နေ့က ညဘက်ကြီး ၂၇၅ စစ်တပ် က လက်နက်ကြီး လေကွဲ ဗုံးသီးတွေ ပစ်ကူပြီး တက်လာတာမှာ ပြန်ပစ်ချတော့ စစ်တပ် အရာရှိ တစ်ယောက်နဲ့ ရဲဘော် လေးယောက် ကျည်ထိ၊ မိုင်းထိ လို့ တောင်အောက်ပြန်ဆုတ်ပြီး ဒဏ်ရာရတဲသူတွေကို သင်္ဃန်းညီနောင်ဆေးရုံကို သယ်သွားတယ် “

မြဝတီမြို့က စစ်ကောင်စီရဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့က ကော်ဘရာစစ်ကြောင်းအပါအဝင် ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက်ကလည်း ကြားအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာမှာ မိုးရွာနေချိန် စျေးဝယ်ထွက်လာတဲ့ စစ်တပ်ကို KNLA ပူးပေါင်းစစ်ကြောင်းတွေ တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ KNLA ပူးပေါင်းတပ်တွေဖက်က ပြောပါတယ်။

မိုးအဆက်မပြတ်ရွာနေလို့ ကြာအင်းဆိပ်ကြီး ဒေသမှာ ဒရုန်းတိုက်ခိုက်မှုတွေကို ရပ်နားထားပြီး စစ်ကောင်စီတပ်ရဲ့မြေပြင် စစ်ရေးလှုပ်ရှားမှုတွေကိုတော့ မျက်ခြေမပြတ် စောင့်ကြည့်နေတယ် လို့ Cloud wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုငြိမ်းက ပြောပါတယ်။

တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး မျိုးမင်းနောင် ကို RFA တယ်လီဖုန်းသုံးကြိမ်ထက်မနည်း ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိပါဘူး။

KNLA ပူးပေါင်းအဖွဲ့ ဂဠုန်စစ်ကြောင်းတာဝန်ခံကလည်း ကော့ကရိတ်၊ ကျုံဒိုး ဒေသတွင်းက လမ်းမတွေ၊ ကျေးရွာတွေ ရေကြီးရေမြှုပ်တာကြောင့် စစ်ရေးလှုပ်ရှားဖို့ အဆင်မပြေသေးဘူလို့ ဆိုပါတယ်။

“လူမပြောနဲ့ ကားတောင်ဖြတ်လို့မှမရတာ၊ တချို့ဟာ လမ်းလျှောက်တော့ ရဲဘော်တွေအတွက်လည်း ကျန်းမာရေးအရတွေရော ဘာတွေရော ဘာတစ်ခုမှမကောင်းဘူးလေ ရိက္ခာလည်း အခက်အခဲဖြစ်တာပေါ့ ၊ ဒီမိုးတွင်းအခြေနေဆိုတော့ အရင်တုန်းကတော့ တစ်နေရာနဲ့တစ်နေရာသွားရတာ မြန်ဆန်တယ်ပေါ့ ၊ အခုကတော့ တစ်နေရာနဲ့ တစ်နေရာသွားရတာ ရက်တွေစောင့်ရတာပေါ့ ၊ ရေကျအောင် စောင့်ရတဲ့ရက်တွေ တော်တော်များလာတာပေါ့။”

မြဝတီမြို့ လက်ခတ်တောင်မှာ နယ်မြေ စိုးမိုးထားတဲ့ တပ်မဟာ ၆ KNU/KNLA တပ်ရင်း ၂၇ ၊ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက် စစ်ကြောင်း၊ Federal Wings နဲ့ ရောင်နီ ဒရုန်းတပ်ဖွဲ့ တွေ ကို စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၁၈)၊ လ (၈)၊ မ (၉)၊ မ (၂) နဲ့ ကရင်နယ်ခြားစောင်တပ် BGF တပ်တွေ ပူးပေါင်းပြီး ပြန်သိမ်းပိုက်ဖို့ ဆက်ပြီး ကြိုးစား စစ်ရေးပြင်ဆင်နေတယ်လို့ KNLA ပူးပေါင်းတပ် တာဝန်ရှိသူတွေ က ပြောပါတယ်။

RFA Burmese

(က) နိုင်ငံတကာဥပဒေအရ လူကုန်ကူးခြင်း၏ အင်္ဂါရပ်များကား အဘယ်နည်း။ လူကုန်ကူးခြင်းကို လူ့အခွင့်အရေး ချိုးဖောက်မှုတရပ်အဖြစ် မှတ်တမ်းပြုနိုင်ရန် အောက်ပါအင်္ဂါရပ် (၄) ရပ် ထင်ရှားကြောင်း ဖေါ်ပြရပါမည်။

၁။ လူ (များကို) ရှာဖွေ စုဆောင်းခြင်း။

၂။ နိုင်ထက်စီးနင်းပြုခြင်း သို့မဟုတ် သဘောတူခွင့်ပြုချက် မပါရှိခြင်း။

၃။ အမြတ်ထုတ်လိုသောရည်ရွယ်ချက်ရှိခြင်း။

၄။ အစိုးရ၏ လုပ်ဆောင်ချက်။

ဝေါဟာရနှင့်ပတ်သက်၍ သတိပြုရန် လူကုန်ကူးရောင်းဝယ်ခြင်းနှင့် လူခိုးသွင်းခိုးထုတ်ခြင်း။

လူမှောင်ခိုသွင်းထုတ်ခြင်း ဆိုသည်မှာ ငွေကြေးဆိုင်ရာ၊ သို့မဟုတ် ရုပ်ဝတ္ထုဆိုင်ရာ အကျိုးအမြတ် အ တွက် လူများကို နိုင်ငံ၏နယ်နိမိတ်များကို ကျော်လျက် ရွှေ့ပြောင်းသယ်ယူခြင်း ဖြစ်သည်။ လူကုန်ကူး ခြင်းနှင့် လူမှောင်ခိုသွင်းထုတ်ခြင်းတို့တွင် တူညီသောအင်္ဂါရပ်များ ရှိကြသော်လည်း ၎င်းတို့သည် တခုနှင့် တခု ကွာခြားသော လုပ်ရပ်များဖြစ်သည်။ ဤလုပ်ရပ် (၂) မျိုးစလုံးတွင် အမြတ်ရရေးအတွက် လူများကို ရွှေ့ပြောင်းခြင်းပါဝင်သည်။ သို့ရာတွင် လူကုန်ကူးခြင်း၌ သဘော တူခွင့်ပြုချက်မပါသော သို့မဟုတ် နိုင် ထက်စီးနင်းလုပ်သော နည်းလမ်းအပြင်၊ အမြတ်ထုတ်လိုသော ရည်ရွယ်ချက်တို့ ပါရှိသည်။ အချို့သော ဖြစ်ရပ်များ၌ ချိုးဖောက်မှုသည် လူမှောင်ခိုသွင်းထုတ်ခြင်းနှင့် စတင်တတ်ပြီး၊ နောက်ပိုင်းတွင် လူကုန် ကူးခြင်းခြင်းအဖြစ်သို့ ပြောင်းသွားသည်။ သာဓကအနေနှင့် ဖေါ်ပြရလျှင်၊ လူတဦးကသူ့အား နိုင်ငံခြား သို့သယ်ပို့ပေးရန် သဘောတူခွင့်ပြုခြင်း ရှိနိုင်ပါသည်။ သို့ရာတွင် လူရောင်းဝယ်သူ၏ နိုင်ထက်စီးနင်း ပြုမှုကြောင့် လည်းကောင်း၊ လိမ်လည်လှည့်ဖျားမှုကြောင့် လည်းကောင်း၊ မတော်မတရားလုပ် ရပ်များ ကြောင့် လည်းကောင်း ဤခွင့်ပြုချက်သည် အရာမရောက်တော့ချေ။

၂၀၂၃ ခုနှစ်၊ ဇူလိုင် (၂၂)ရက်မှ (၃၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇူလိုင်လ (၂၂)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသ ကြီး နှင့် ရှမ်းပြည်နယ်တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ရန်ကိုင်းတိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်တွင် အမျိုးသမီး (၁)ဦး စစ်အာဏာရှင်တပ်သားများ၏ ကားဖြင့်တိုက်ဖမ်းဆီးမှုကြောင့် သေဆုံး ခဲ့ရသည်။ ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တံခါးမြို့နယ်မှ ကျေးရွာ (၃၁)ရွာကိုလည်း လျှပ်စစ်မီးများ ဖြတ်တောက် ထားခဲ့သည်။ စစ်အာဏာရှင် တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှ ဒေသခံ ပြည်သူ (၁၀၀) ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံးချခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီး သတ်ဖြတ်မှုကြောင့် မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဒေသခံ ပြည်သူ (၉)ဦးခန့် သေဆုံးခဲ့ရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်ရှိ စစ်အာဏာရှင်လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များက ဒေသခံ ပြည်သူများကို ပျုစောထီး သင်တန်းတတ်ရန် အာဏာပြ ခြိမ်းခြောက်လျှက်ရှိသည်။ စစ်အာဏာရှင်တပ်သားများက ဇူလိုင်လ ၂၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ မူဆယ်မြို့ကို ပုဒ်မ (၁၄၄) ထုတ်ပြန်ခဲ့သည် စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၁၁)ဦး သေဆုံးခဲ့သည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများကို ယနေ့ (ဇူလိုင် ၃၁) နံနက်မှစပြီး စစ်ကြောင်းထိုးနေသဖြင့် စုန်းချောင်းရွာအပါအဝင် အနီးအနား ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်တွင် စုန်းချောင်းရွာအနီး ရွှေတောင်ဦးကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာကို တိတ်တဆိတ်ဝင်ရောက် စီးနင်းပြီး ကျေးရွာ ပကဖ၊ ပအဖ အဖွဲ့ဝင်များ အပါအဝင် ၁၄ ဦးကို နှိပ်စက် ညှဉ်းပန်းသတ်ဖြတ်ခဲ့သည်ဟု သိရသည်။

ထိုစီးနင်းမှုအပြီး ဆယ်ရက်ခန့်အကြာ စုန်းချောင်းရွာနှင့် အနီးအနားကျေးရွာများကို တစ်ကျော့ပြန် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

အိမ်ခြေ တစ်ထောင်ကျော်ရှိသည့် စုန်းချောင်းရွာမှ ဒေသခံများမှာ ထိုစဉ်ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း၊ နေ့အချိန် ရွာအတွင်း ခေတ္တပြန်ဝင်သည့် ဒေသခံတချို့မှာ ယနေ့ စစ်တပ်စီးနင်းမှုကြောင့် ထွက်ပြေးခဲ့ရကြောင်း ရွာခံတစ်ဦးက ပြောသည်။

“နေ့ခင်းတော့ ဝင်လို့ရ…ညဘက်မှာ ပြန်မအိပ်ရဲသေးဘူး။ ဒီနေ့ (စစ်တပ်) ဝင်လာတော့ အကုန်ပြန်ပြေးကြရပြီ။ ဒုတိယအကြိမ် ပြန်ပြေးရတာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စုန်းချောင်းရွာမှ အဆိုပါ အမျိုးသားက ပြောသည်။

ယနေ့ နံနက်က အနောက်မြောက်ပိုင်းစစ်ဌာနချုပ် (နမခ) မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေတောင်ဦးကုန်းမှတစ်ဆင့် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများဖြစ်သည့် စုန်းချောင်းရွာ၊ ကပ်လျက်ရှိ သံပိုရွာနှင့် စေသူရွာတို့ကို အင်အား ၃ ဖွဲ့ခွဲပြီး စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ထိုအခြေအနေကြောင့် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများဖြစ်သည့် စုန်းချောင်း၊ စည်သူ၊ သံပို၊ ပန်းတိမ်ပြင်၊ ကျောက်မှော် စသည့် ကျေးရွာများမှ ဒေသခံ ၅၀၀၀ ထက်မနည်း ဘေးလွတ်ရာ ထွက်ပြေးနေရသည်ဟု စစ်ရှောင်အရေးကူညီနေသူများထံမှ သိရသည်။

ယနေ့ နံနက်ပိုင်း မုံရွာမြို့၊ စစ်ပင်ဆိပ်ကမ်းမှ စတင်ထွက်ခွာလာသည့် စစ်သင်္ဘော ၂ စီး ဦးဆောင်ပြီး ဖလက်ခွံ ၇ စီးပါ စစ်ကောင်စီ ထောက်ပို့ရေယာဉ်အုပ်စုကို အကာအကွယ်ပေးရန် ရည်ရွယ်ပြီး ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများကို စစ်ကြောင်းထိုးခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်သည်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် ထိုရေယာဉ်အုပ်စုမှာ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ စစ်ရေးတင်းမာနေသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းသို့ ဦးတည်နေကြောင်း ဒေသခံများက ပြောသည်။

“ဟုမ္မလင်း၊ မော်လိုက်ဘက်အထိ ပို့မယ့်ရိက္ခာ၊ ခဲယမ်းလက်နက်တွေ ဖြစ်မယ်လို့ ယူဆရတယ်။ ဒီနေ့မနက် ကုန်းကြောင်းက စစ်ကြောင်းထိုးတော့ မြစ်ကမ်းဘေးက စေသူရွာကို သေနတ်တွေ ပစ်ဖောက်ပြီး ဝင်တယ်။ ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်မှာစိုးလို့ မြေပြင်စစ်ကြောင်းကလည်း ရေကြောင်းနဲ့အပြိုင် တက်မဲ့သဘော ရှိတယ်” ဟု ယင်းမာပင်မြို့နယ်မှ အသက် ၃၀ ခန့်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ရေယာဉ်အုပ်စု၏ ရှေ့ပြေးအမြန်ရေယာဉ် (Speed Boat) နှစ်စီးမှာ ကျောက်မှော်ကျေးရွာအနီး ကမ်းကပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

တော်လှန်ခုခံမှုအားကောင်းရာ စစ်ကိုင်းတိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ကြားဖြတ် ချုံခိုတိုက်ခိုက်ခြင်းတို့နှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယခင်ကလည်း စစ်ကိုင်းတိုင်းအထက်ပိုင်းမြို့နယ်များသို့  လက်နက်ခဲယမ်း ပို့ဆောင်ရန်အတွက် ချင်းတွင်းမြစ်ကြောင်းကို အသုံးပြုဖူးသည်ဟု သိရသည်။

ချင်းတွင်းမြစ်ကမ်းတစ်လျှောက် ကြိုတင်နေရာယူထားသည့် ဒေသကာကွယ်ရေးအဖွဲ့များကလည်း စစ်ရေယာဉ်အုပ်ကို စောင့်ကြိုတိုက်ခိုက်လေ့ရှိရာ စစ်ကောင်စီတပ်ကလည်း မြစ်ကမ်းဘေးကျေးရွာများကို စစ်ကြောင်းထိုးလေ့ရှိသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်း ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် နိုင်ငံတစ်ဝန်း ပြည်သူ ၁ ဒသမ ၆ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇူလိုင်အတွင်း ထုတ်ပြန်ထားသည်။

Myanmar Now News

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာကို ယမန်နေ့ (ဇူလိုင် ၂၁) နံနက်အစောပိုင်းတွင် စစ်တပ်က ရုတ်တရက်ဝင်ရောက်စီးနင်းပြီး အသက်မပြည့်သေးသည့် ကလေး ၃ ဦးအပါအဝင် အရပ်သား ၁၄ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်မှ အင်အား ၈၀ ခန့်ပါသည့် စစ်ကြောင်းသည် ယင်းမာပင်မြို့၊ မြောက်ဘက် ၁၅ မိုင်ခန့်အကွာ ချင်းတွင်းမြစ်ကမ်းဘေးရှိ စုန်းချောင်းရွာကို နံနက် ၂ နာရီဝန်းကျင်တွင် ၄ နေရာခန့်ခွဲပြီး ရုတ်တရက်ဝင်ရောက်စီးနင်းခြင်းဖြစ်သည်။

စစ်ကြောင်းဝင်ရောက်စီးနင်းစဉ် ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံရပြီးနောက် စစ်တပ်က ဖမ်းဆီးသွားသည့် ရွာခံ ၁၁ ဦးကို ရွာမှ ပြန်လည်ဆုတ်ခွာစဉ် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အသတ်ခံရသူများအနက် အသက် ၁၅ နှစ်အရွယ် ၂ ဦး၊ ၁၇ နှစ်အရွယ် ၁ ဦး ပါဝင်ပြီး ကျန် ၁၁ ဦးမှာ အသက် ၄၀ ဝန်းကျင် လူလတ်ပိုင်းအရွယ် အမျိုးသားများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကြောင်းနှင့် တွေ့သည့် ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦးကို သေနတ်ဖြင့် ပစ်သတ်သွားပြီး ဖမ်းဆီးသွားသူ ၁၁ ဦးကိုမူ နှိပ်စက်ညှဉ်းပန်းပြီးနောက် ဦးခေါင်းကို တေ့ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

“မျက်လုံးတွေ ဖောက်ထုတ်ထားတာ တွေ့တယ်။ သေနတ်ပစ်သတ်တာ မှန်ပေမဲ့ နှိပ်စက်ပြီးမှ သတ်ထားတာ။ လက်တွေကို ဓားနဲ့ ထိုးဖောက်ထားတဲ့ ဒဏ်ရာတွေ၊ ခြေထောက်တွေ နွှာထားတဲ့ ဒဏ်ရာတွေ တွေ့ရတယ်” ဟု ရုပ်အလောင်းများကို မြင်တွေ့ခဲ့ရသည့် အသက် ၃၀ ဝန်းကျင်အရွယ် ယင်းမာပင်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

Myanmar Now က ရရှိထားသည့် ဓာတ်ပုံများတွင် သတ်ဖြတ်ခံရသူများ၏ ရင်ဘတ်၊ ဝမ်းဗိုက်၊ မျက်နှာ၊ လက်နှင့် ခြေထောက်တို့တွင် နှိပ်စက်ညှဉ်းပန်းထားသည့် ဒဏ်ရာဒဏ်ချက်များ တွေ့ရသည်။

စုန်းချောင်းရွာအနီး ရွှေတောင်ဦးကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုးသည်းထန်နေချိန် ရွာကို တိတ်တဆိတ်ဝင်ရောက်စီးနင်းရာ ဒေသခံများ တိမ်းရှောင်ချိန်မရဘဲ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

“မိုးတွေ တအားရွာနေတဲ့အချိန် ဝင်စီးတာ။ ဒလန်လည်း ကောင်းပုံရတယ်။ ဘယ်သူ့အိမ်၊ ဘယ်ဝါ့အိမ်ဆိုတာ တိတိကျကျလိုက်ဖမ်းပြီးတော့ သတ်ပစ်လိုက်တာပဲ။ အလောင်းတွေကတော့ မတူညီတဲ့နေရာတွေမှာ တွေ့ရတာ” ဟု ယင်းမာပင်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် ဒေသခံ ၁၁ ဦး၏ ရုပ်အလောင်းများကို ကျေးရွာအနီးအနား နေရာအနှံ့အပြားတွင် တွေ့ရခြင်းဖြစ်ပြီး နေ့လယ်ပိုင်းတွင် ကောက်ယူကာ စုပေါင်းသင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တပ်က သတ်ဖြတ်လိုက်သည့် ယင်းမာပင်၊ စုန်းချောင်းရွာသားများ၏ ရုပ်အလောင်းများကို မီးရှို့သင်္ဂြိုဟ်စဉ် (ဓာတ်ပုံ – ပေးပို့)

စစ်တပ်ဝင်ရောက်စီးနင်းခဲ့သည့် စုန်းချောင်းရွာသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အခြေစိုက်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်းဖြစ်သူ ဗိုလ်ချုပ်မြတ်သက်ဦး၏ ဇာတိရွာဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အိမ်ခြေ ၁၂၀၀ ကျော်ရှိသည့် စုန်းချောင်းရွာနှင့် အနီးတစ်ဝိုက်ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းရာ ဒေသများဖြစ်သည့် စစ်ကိုင်း၊ ချင်း၊ ကယား (ကရင်နီ) ကို စစ်ရေးအရှိန်မြှင့်တင်ရန် အာဏာသိမ်းစစ်ခေါင်းဆောင်က ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် ပြောကြားထားသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ထုတ်ပြန်သည့် အချက်အလက်များအရ စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် နိုင်ငံအနှံ့မှ ပြည်သူ ၁ ဒသမ ၆ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။

Myanmar Now News

၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁၅)ရက်မှ (၂၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇူလိုင်လ (၁၅)ရက်နေ့မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ရာတွင် မီးလောင်ဗုံးများကို အသုံးပြုခဲ့ကြသည်။ စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ကလေးငယ်(၂)ဦး အပါအဝင် ပြည်သူ (၁၂)ဦး သေဆုံးခဲ့ရသည်။ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မှ ပြည်သူ (၃)ဦး ကို စစ်အာဏာရှင်တပ်သားများက မီးရှို့ သတ်ဖြတ်ခဲ့သည်။ ဇွန်လ (၂၁)ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ စုန်ချောင်းကျေးရွာရှိ ဒေသခံပြည်သူများကို သတ်ဖြတ်ခဲ့ရာ (၁၂)ဦး ထက်မနည်း သေဆုံးခဲ့ရသည်။

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ CDM များကို ဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး နေအိမ်တွေကို စစ်အာဏာရှင်တပ်သားများ လိုက်လံစစ်ဆေးခဲ့သည်။ စစ်အာဏာရှင်တပ်၏ မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် တပတ်အတွင်း ပြည်သူ (၂)ဦး သေဆုံးခဲ့ပြီး (၁)ဦး ဒဏ်ရာ ရရှိခဲ့သည်။