ပဲခူးတိုင်း သာယာဝတီထောင်မှာ အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုလုပ်ခဲ့လို့ ရိုက်နှက်ခံရပြီး ထောင်တွင်းဆေးရုံ တင်ထားရတဲ့ နိုင်ငံရေးအကျဉ်းသား လေးဦးထဲက နှစ်ဦးသေဆုံးသွားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ဩဂုတ်လ ၁၄ ရက်မှာ RFA ကို ပြောပါတယ်။

သေဆုံးသူတွေဟာ အမျိုးသား ဒီမိုကရေစီအဖွဲချုပ် (NLD) ပါတီ ရန်ကုန်တိုင်း သန်လျင်မြို့နယ် လူငယ်လုပ်ငန်းအဖွဲ့ စည်းရုံးရေးမှူး ကိုသန်းတိုးအောင်နဲ့ သာယာဝတီခရိုင် သုံးဆယ်မြို့က ဦးလှစိုးတို့ ဖြစ်ပါတယ်။

ဒီသေဆုံးမှုနဲ့ပတ်သက်လို့ ထောင်အာဏာပိုင်တွေဘက်က မိသားစုကို အကြောင်းမကြား သေးဘူးလို့ ကိုသန်းတိုးအောင်ရဲ့ မိတ်ဆွေ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုညိုထွန်းက RFA ကို ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားနှစ်ဦး သေဆုံးသွားတယ်ဆိုတာ အကျဉ်းထောင်ကလာတဲ့ တစ်နေရာထဲကနေ မဟုတ်ဘဲ နှစ်နေရာသုံးနေရာကနေ တစ်ပုံစံတည်း ကြားရတဲ့ သတင်းပေါ့နော်။ ဒါပေမဲ့ မိသားစုတွေကိုတော့ ထောင်အာဏာပိုင်တွေဘက်က တရားဝင် အကြောင်းကြားလာတာတော့ မရှိသေးဘူး”

ထောင်တွင်းဆေးရုံတက်ကုသနေရတဲ့ ကိုသန်းတိုးအောင်ဟာ ဦးခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရတဲ့ဒဏ်ရာနဲ့ ဩဂုတ်လ ၅ ရက်နေ့မှာ သေဆုံးခဲ့ပြီး ဦးလှစိုးကတော့ ဩဂုတ်လ ၈ ရက်နေ့မှာ သေဆုံးခဲ့တာလို့ သူက ပြောပါတယ်။

ကိုသန်းတိုးအောင်ဟာ ပုဒ်မ ၅၀၅-က၊ ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများ အက်ဥပဒေတို့နဲ့ ထောင်ခြောက်နှစ် ချမှတ်ခံထားရသူဖြစ်ပြီး ဦးလှစိုးကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ထောင် နှစ် ၂၀ ကျခံနေရသူဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦး ကလည်း နိုင်ငံရေးအကျဉ်းသား နှစ်ဦးသေဆုံးမှုကို အတည်ပြုနိုင်ခဲ့တယ်လို့ ပြောပါတယ်။

“အာဇာနည်နေ့ လှုပ်ရှားမှုမှာပါလို့ ရိုက်နှက်ခံတဲ့ အကျဉ်းသားတွေထဲက နှစ်ဦးသေဆုံး သွားတယ်ဆိုတာ အတည်ပြုနိုင်တယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ အကျဉ်းစီးဌာနပြောခွင့်ရသူကို ဒီကနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က သာယာဝတီအကျဉ်းထောင်ရဲ့ အမျိုးသားအဆောင်မှာ အာဇာနည်နေ့ အထိမ်းအမှတ် အလေးပြုအခမ်းအနားနဲ့ ဆွေးနွေးစကားဝိုင်း ပြုလုပ်ခဲ့သလို အမျိုးသမီး အဆောင်ဘက်မှာလည်း ဖဲကြိုးနက်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာပါ။

ဒီလှုပ်ရှားမှုတွေကြောင့် နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးနဲ့ နိုင်ငံရေးအကျဉ်းသား ၁၆ ဦး၊ စုစုပေါင်း ၃၁ ဦးကို ထောင်အာဏာပိုင်တွေက တိုက်ပိတ်အရေးယူခဲ့ပါတယ်။

အဲဒီထဲ နိုင်ငံရေးအကျဉ်းသား လေးဦးဟာ အပြင်းအထန်နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေနဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကစလို့ ထောင်တွင်းဆေးကုသမှုခံယူခဲ့ရတာပါ။

လက်ရှိမှာ အမျိုးသမီးအဆောင်က တိုက်ပိတ်ခံရသူ တချို့ကို တိုက်ပြန်ဖွင့်ပေးခဲ့ပြီး အမျိုးသားအဆောင်ဘက်က အခြေအနေကိုတော့ မသိရသေးဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၁၁ ရက်အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူ ၁၉၇၄၀ ဦး ထိန်းသိမ်းခံထားရပါတယ်။

RFA Burmese

မြန်မာပြည်သူတွေအတွက် တရားမျှတမှုနဲ့တာဝန်ယူမှုတွေရှိဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း CHRO နဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတွေက ရှေ့နေတွေပူးပေါင်းပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို ဩဂုတ်လ ၁ဝ ရက်နေ့က တိုင်ကြားစာ ပေးပို့လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အာဆီယံရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင် တည်ထောင်ဖို့၊ ကျူးလွန်သူတွေကို ရုံးတင်စစ်ဆေးဖို့အတွက် ဒေသတွင်းရာဇဝတ်မှုခုံရုံး ဖန်တီးဖို့နဲ့ ပြည်သူတစ်ဦးချင်းရဲ့တိုင်ကြားမှုတွေကို လက်ခံစစ်ဆေးမယ့် အဖွဲ့အစည်းတည်ထောင်ဖို့ စတဲ့ အချက်တွေကို CHRO နဲ့အတူ ဖိလစ်ပိုင်လူ့အခွင့်အရေး ရှေ့နေနှစ်ဦးနဲ့ အင်ဒိုနီးရှား ရှေ့နေနှစ်ဦး လက်မှတ်ရေးထိုးပြီး အာဆီယံကို တောင်းဆိုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ဖြစ်ရပ်တွေနဲ့ ရာဇဝတ်မှုတွေကို ရေရှည်လေ့လာစောင့်ကြည့်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် နည်းလမ်းသစ်တွေ ရှာဖွေဖို့အတွက် သီးသန့်ဆောင်ရွက်မယ့် အာဆီယံအထူးသံတမန်နေရာအတွက် အမြဲတမ်းကိုယ်စားလှယ်ရုံး ထားရှိပေးဖို့လည်း ဒီအဖွဲ့တွေက အာဆီယံကို တောင်းဆိုထားပါတယ်။

အာဆီယံဥက္ကဋ္ဌ ပြောင်းလဲတိုင်း ပြောင်းလဲနေတဲ့ အာဆီယံအထူးသံတမန်တွေဟာ မြန်မာနိုင်ငံကို ခဏခဏ ဝင်ထွက်နေကြတဲ့အတွက် အာဆီယံရဲ့တောင်းဆိုချက်တွေကို စစ်ကောင်စီက နည်းအမျိုးမျိုးနဲ့ ရှောင်ဖယ်လို့ ရနေစေတယ်လို့ (CHRO) ဥက္ကဋ္ဌ ဆလိုင်းဇာအုပ်က ပြောပါတယ်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါ်ခင်ဥမ္မာကလည်း …. အာဆီယံနဲ့နိုင်ငံတကာအနေနဲ့ လက်ရှိသွားနေတဲ့ လမ်းကြောင်းကနေ ပြောင်းလဲပြီး၊ မြန်မာပြည်သူတွေ ရသင့်တဲ့ တရားမျှတမှုနဲ့တာဝန်ယူမှုတွေ ရအောင် ဆောင်ရွက်သင့်တာ ကြာပြီဖြစ်တာကြောင့် ဒီလိုတိုင်ကြားတောင်းဆိုမှုတွေနဲ့ပတ်သက်ပြီး ကြိုဆိုကြောင်း ပြောပါတယ်။

RFA Burmese

ရန်ကုန်၊ ဩဂုတ်လ ၉

ရှမ်းပြည်နယ်၊ မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်တို့တွင် ဖြစ်ပွား ခဲ့သော တိုက်ပွဲများ အ တွင်း အကြမ်းဖက်စ်ကောင်စီတပ်က အမျိုးသမီးအပေါ် အုပ်စုဖွဲ့မုဒိမ်းကျင့်မှုနှင့် ရွာသားများကို သတ်ဖြတ်ခဲ့ကြောင်း ရှမ်းလူ့အခွင့် အရေး မဏ္ဍိုင်မှ ပြောရေး ဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်တို့တွင် ၂၀၂၃ ဇူလိုင် လ နောက်ဆုံးပတ်မှ သြ ဂုတ်လ ပထမပတ်၌ အကြမ်းဖက် စစ်ကောင်စီ တပ်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် တအန်းအမျိုးသားလွတ် မြောက် ရေးတပ်မတော် (TNLA) တပ်တို့ကို ထိုးစစ်ဆင်တိုက် ခိုက်မှု များ အတွင်း အကြမ်းဖက်စစ်တပ်က တရား လက်လွတ်သတ်ဖြတ်မှု၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု၊ ရမ်းသမ်းဗုံးကျဲမှုစသည့် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းတို့ကြောင့် ပြည်သူ ၉ ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ သည် ၄င်းတို့ကျူးလွန်ထားသော စစ်ရာဇ၀တ် မှု ၏ သက်သေများကို ဖုံးကွယ်ရန် သေဆုံး သွားသောအရပ်သားများ၏ ခန္ဓာ ကိုယ် ပေါ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ၀တ်စုံများ၀တ်ဆင်ပေးခြင်းနှင့် စစ် တပ် ၏ အဓမ္မကျင့်မှုနှင့်ပတ်သက်၍ သတင်းထွက်လျှင်ကျေးရွာကို လက် နက် ကြီးဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်မှု များ ပြုလုပ်ခဲ့သည်။

ဇူလိုင်လ၂၄ ရက်နေ့တွင် မည်သည့်တိုက်ပွဲမှဖြစ်ပွားခြင်းမရှိဘဲ နမ့်ဖတ်ကာ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၁၂၃ မှ လက်နက် ကြီး များ ရမ်းသမ်းပစ်ခတ်ခဲ့ရာ နမ့်ဖတ်ကာကျေးရွာအုပ်စု မိုင်ဆုန်ကုန်းရွာ အတွင်း ရှိနေအိမ်တစ်လုံးပေါ် လက်နက် ကြီး ကျရောက်ခဲ့ပြီး နေအိမ် မီးလောင်ပျက် စီးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ၂၅ ရက်နေ့ နံနက်ပိုင်းတွင် မူဆယ်မြို့နယ် ဆိုင်းခေါင်ကျေးရွာအုပ်စု ဆိုင်းခေါင်ရွာကို အကြမ်း ဖက် စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကျဲခဲ့ရာ နေအိမ်တစ်လုံးကို လက်နက်ကြီး ထိမှန်ခဲ့ပြီး အသက် ၄၀ ဝန်းကျင်အရွယ် ဦးအိုက်လော သေဆုံးခဲ့ကာ ၎င်း၏ဇနီးမှာ ခြေထောက်တွင် ဒဏ်ရာရရှိ ခဲ့ ကြောင်း သိရသည်။

ထို နေ့ညနေ၌ပင် ကွတ်ခိုင်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ခလရ ၂၄၁ တပ်မှ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သည် နေအိမ် သို့ ရောက်ရှိလာပြီး ဦးအိုက်လော၏ ရုပ်အလောင်းကို စောင့် ကြပ်နေသော ဖခင် ဖြစ် သူအား ရိုက်နှက်ကာ ရုပ်အလောင်းကို လူယူသွားကြောင်း၊ မိသားစုမှ ရုပ် အလောင်းပြန်ပေးရန် ခလရ ၂၄၁ တပ်သို့ သွားရောက်ကာ အကြိမ်ကြိမ် တောင်း ဆိုခဲ့သော်လည်း ပြန်လည်ပေးအပ်ခြင်းမရှိခဲ့ကြောင်း ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင်က ပြောသည်။

ဇူလိုင်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် မူဆယ်မြို့နယ်၊ မန်ဟိုင်းကျေးရွာအုပ်စု တီးမကျေးရွာ ကချင် နှစ် ခြင်း အသင်းတော်မှ အသက် ၂၅ နှစ်အရွယ် တူးဂျာ နှင့် အသက် ၂၇ နှစ်အရွယ် ဘရန်အောင် တို့ ကွတ်ခိုင်မြို့မှ ကျေးရွာသို့ပြန် လာစဉ် လမ်း၌ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ ၅၆၉ တပ်မှ ဖမ်းဆီး ပြီး မူဆယ်မြို့နယ်၊ နမ့်အွန်ကျေးရွာ အနီးရှိ၎င်း တို့တပ်စွဲရာ တောင်ကုန်း သို့ခေါ် ဆောင်သွားကာ ရိုက် နှက် နှိပ်စက်ပြီးနောက် သေနတ်ဖြင့် ပစ်ခတ် သတ် ဖြတ်ခဲ့ကြောင်း ပြည်သူ့စစ်တပ်ဖွဲ့၀င်တစ်ဦးက မြင် တွေ့အတည်ပြု ခဲ့ပေးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၆ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တူးဂျာနှင့် ဘရန်အောင် တို့၏ ရုပ်အလောင်းများ အပါ အဝင် လုယူလာသော ဦးအိုက်လော၏ ရုပ်အလောင်းကို TNLA တပ်ဖွဲ့ယူ နီ ဖောင်းများ ဝတ်ဆင် ပေးကာ ဓာတ်ပုံ ရိုက်ပြီး ၎င်းတို့၏ဝါဒဖြန့် လူမှုကွန်ယက်များတွင် TNLA တပ်သား သုံးဦးကို အသေဖမ်းမိသည်ဟု ဖော်ပြခဲ့သည်ဟု ဆိုသည်။

ဇူလိုင်လ ၃၁ ရက်နေ့တွင် တူးဂျာနှင့်ဘရန်အောင်တို့၏ ရုပ်အလောင်းကို လိုက်လံရှာဖွေကြသော တီး မားရွာခံများ သည် မူဆယ်မြို့နယ်၊ နမ့်အွန်ကျေးရွာ အနောက်တောင်ဘက်ရှိ တောထဲတွင်ရုပ်အလောင်း မီးရှို့ခံထားရပြီး ကျန် ရစ်နေသော အရိုးပြာများ မြုပ်နှံထားသည့် နေရာကို တွေ့ရှိခဲ့ကြောင်း၊ ယင်း နေ ရာနှင့်မနီး မဝေးတွင် မြုပ်နှံထားသော ဦးအိုက်လော၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ၎င်းပတ်ဝန်းကျင် တွင် လူငယ်နှစ်ဦး၏ ဖိနပ်နှင့် အပေါ်ဝတ်အင်္ကျီတို့ကို ရှာတွေ့ခဲ့ရာ မီးရှို့ထားသည့် အလောင်းနှစ်ခုမှာ တူးဂျာနှင့် ဘရန်အောင်တို့ဖြစ်သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

“ဒီလို TNLA ယူနီဖောင်းတွေ ဝတ်ပြီး ဝါဒဖြန့်တယ်ဆိုတာ စစ်တပ်က ပြည်သူလူထုအပေါ် ကျူးလွန် ထားတဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ချင်တဲ့အတွက် တမင် တကာ ရည်ရွယ်ရှိရှိလုပ်တယ်လို့ မြင် ပါတယ်၊ ဒါပေမယ့် သူတို့လုပ်တယ်ဆိုတာ အကုန်လုံးသိနေတာပဲ၊ သူ့တို့ရဲ့ ကောင်းမှုတွေကို ဖုံး ကွယ်ချင်တာပေါ့၊ ဖုံးကွယ်ချင်ပေမယ့် ဖုံးကွယ်လို့မရပါဘူး” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၂၉ ရက်နေ့ကတည်း ကျေးရွာများအတွင်း၌ KIA တပ်သား များရောက်ရှိနေသည်ဟုဆိုကာ နမ့်ဖတ်ကာ ခလရ၁၂၃ တပ်မှ မွန်းလွဲပိုင်းမှ ညအထိ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့ရာ ည၉ နာရီ ၄၅ မိနစ်ခန့်တွင် လွယ်ကုန်းကျေးရွာသို့ လက်နက်ကြီးများ ကျရောက်ခဲ့ရာ အိမ်တစ်လုံးအတွင်းရှိ အ သက် ၆၀ အရွယ် ဒေါ်အေးအိုင် သေဆုံးခဲ့ပြီး အသက် ၄၀ အရွယ် ဒေါ်အေးဝမ်း နှင့် အသက် ၁၅ နှစ် အ ရွယ် လွေးပပဝင်းတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၉ ရက်နေ့ညပိုင်းတွင် ကွတ်ခိုင်အခြေစိုက် ခလရ ၂၄၂ စစ်ကောင်စီစစ်ကြောင်းသည် အင်မိန်း ဟိုကျန် ကျေးရွာအုပ်စု၊ မန်နောင်ရွာသို့ရောက်ရှိလာကာ မန်နောင်ဘုန်းကြီးကျောင်းအတွင်းသို့ အရပ် သား နှစ်ဦး ကို ဖမ်းဆီး ခေါ်ဆောင်လာပြီး တစ်ဦးကို အဆိုပါ ကျောင်းဝင်းအတွင်း၌ပင် ပစ်သတ်ကာရုပ်အလောင်းကို ၄င်းတို့လာရာ လမ်းဖြစ်သော ကျေးရွာအနောက်ဘက် သစ်တောထဲသို့ သယ်ဆောင်သွားသည်ဟု ဆိုသည်။

ထို့အပြင် ဇူလိုင်လ ၃၀ ရက် နံနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ် ခမရ ၅၆၉ တပ်မှ စစ်ကြောင်း သည် ကွတ်ခိုင်မြို့နယ်၊ အူရာဘွန်ကောင်းလိမ်ကျေးရွာအုပ်စု မန္တလေး-မူဆယ်ကားလမ်းမကြီးပေါ်ရှိ ဆွန်လုံကျေးရွာသို့ရောက်လာပြီး ကျေးရွာ အနီးရှိ ကြံစိုက်ခင်းနှင့် ဘုန်းကြီးကျောင်းတို့တွင် တပ်စွဲနေ ထိုင်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၃၀ ရက် ည၁၀ နာရီဝန်းကျင်တွင် အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သား လေးဦးသည် ဆွမ်လုံကျေး ရွာအတွင်းသို့ နှစ်ဦးစီ အုပ်စုခွဲကာ ၀င်ရောက်ခဲ့ကာ ဆွမ်လုံကျေးရွာအတွင်းရှိ အိုက်စိုင်း (အ မည်လွဲ) နှင့်နန်းလောဝ် (အမည်လွဲ) တို့၏နေအိမ်အတွင်းသို့ ဝင်ရောက်လာသည့် စစ်သား ၂ ဦးကိုက အိုက်စိုင်းကို သေနတ်ဖြင့် ထောက်၊ လက်နောက်ပြန်လက်ထိပ်ခတ်ပြီး အသက် ၂၀ အရွယ် အိုက်စိုင်း၏ ဇနီးဖြစ်သူ နန်းလောဝ်ကို ၎င်းတို့ဆီလာရန်ခေါ်ကာ စစ်ကောင်စီတပ်သားနှစ်ဦးက နန်းလောဝ်၏ ရင် သားကို ဆုပ်နယ်ခြင်း၊ အမျိုးသမီးအင်္ဂါကို မဖွယ်မရာပြုလုပ်ခြင်းများပြုလုပ်ခဲ့ရာ ခင်ပွန်းဖြစ်သူ အိုက် စိုင်း မှ ငိုယိုအော်ဟစ်တောင်းပန်ခဲ့သည်ကြောင်း သိရသည်။

အိုက်စိုင်း၏ အော်ဟစ်တောင်းပန်သည့် အသံမှာ ကျယ်လောင်လှသဖြင့် အိမ်နီးချင်းများနိုးလာရာ အ ကြမ်းဖက်စစ်ကောင်စီတပ်သားများက အိုက်စိုင်းနှင့် နန်းလောဝ်ကိုရိုက်နှက်ပြီး လက်ထိပ်ဖြည်ပေး ကာ ပြန်ထွက်သွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၂ ဦး၏ မဖွယ်မရာပြုလုပ်ခံရသူ နန်းလောဝ်မှာ ကိုယ်ဝန် ၃ လ ရှိနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

တချိန်တည်း၌ပင် အခြားစစ်ကောင်စီတပ်သား ၂ ဦးသည် ဆွန်လုံရွာစွန်ရှိ စိုင်းမောင်(အမည်လွဲ) နှင့် နန်းထွေး (အမည်လွဲ) တို့၏ နေအိမ်သို့ရောက်လာကာ စိုင်းမောင်နှင့် ကလေးနှစ်ဦးကို သေနတ်ဖြင့် ချိန် ကာ မသေချင်လျှင် ကလေးနှစ်ဦးကိုခေါ်ကာ နေအိမ်မှထွက်သွားရန်၊ ရွာထဲရှိအခြား သူများကိုပြောပြ လျှင် နေအိမ်ကိုမီးရှို့ပစ်မည် ဟု ခြိမ်းခြောက်သဖြင့် စိုင်းမောင်မှ ကလေး ၂ ဦးကို နေအိမ်မှ ထွက်သွား ခဲ့ရကြောင်း၊ ထိုသို့ ထွက်သွားပြီးနောက် ယင်းစစ်သား ၂ ဦးက အသက် ၃၁ နှစ်အရွယ် နန်းထွေး (အမည် လွှဲ) ကို သေနတ်ဖြင့်ချိန်ကာ တစ်လှည့်စီ အဓမ္မပြုကျင့်ခဲ့ပြီး နေအိမ်မှပြန်ထွက်သွားခဲ့ကြောင်း ရှမ်းလူ့အအခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ချက်ထားသည်။

နောက်တစ်နေ့ မနက်တွင် ကျေးရွာသူရွာသားများက ကျောင်းထိုင်ဆရာတော်ကို သွားရောက်တိုင်ကြား ခဲ့ပြီး ဆရာတော်မှ စစ်ကြောင်းမှူးကိုခေါ်ပြောခဲ့ရာ စစ်ကြောင်းမှူးမှ နန်းထွေးနှင့် နန်းလောဝ်တို့ကို ခေါ် ပြီး အဓမ္မ ပြု ကျင့်ခဲ့သောစစ်သားများကိုရွေးထုတ်စေခဲ့ကြောင်း၊ ၎င်းစစ်သားများကို အများရှေ့တွင် ရိုက်နှက်ခဲ့ပြီး ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရသည်။

အကြးမ်ဖက် စစ်ကောင်စီတပ်သားများသည် ကျေးရွာမှမထွက်ခွာမီ ရွာလူကြီးခေါ်ယူပြီး အဓမ္မပြု ကျင့်မှု ဖြစ်စဉ်ကို သတင်းမီဒီယာများထံ ပြောကြားပါက ရွာကိုလက်နက်ကြီးဖြင့်ပစ်မည်ဟုခြိမ်းခြောက်ခဲ့သည် ဟုဆိုသည်။

“ကျမတို့ဒေသမှာဆိုရင် စစ်တပ်က အမျိုးသမီးတွေအပေါ်မုဒိမ်းကျင့်သတ်ဖြတ်မှုတွေ၊ အုပ်စုဖွဲ့မုဒိမ်း ကျင့်မှုတွေကို အရင်ကတည်းက လုပ်နေကြပေါ့၊ လုပ်နေကြအတိုင်းပဲ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆက်ရှိလာတယ်လို့ပဲ ပြောရမှာပေါ့၊ ဒီလိုမျိုး ဒေသနေပြည်သူအမျိုးသမီးတွေအပေါ် ကျူးလွန်တာတွေ မှန်သမျှ အရေးယူခံရတာမျိုးမရှိဘူး၊ အရင်ကတည်းက ဖြစ်နေခဲ့တာ” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သြဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းက မူဆယ်မြို့မှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ် သား အင်အား ၁၀၀ ခန့်ရှိယာဉ်တန်းကို ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အောက်တုံခန်ကျေးရွာ၌ TNLA တပ်ဖွဲ့ ဝင်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ များ ပြင်းထန်ခဲ့ပြီး၁၀၅ မိုင်အခြေစိုက် အမြောက်တပ်မှ လက် နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ၁၀၅ မိုင်ကျေးရွာ အတွင်းရှိ နေအိမ်တစ်လုံး ပေါ်သို့ လက်နက်ကြီးများ ကျရောက်ပေါက်ခဲ့ပြီး အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကာ တုံခန်ဒေသခံ ၂၀ ခန့်သည် နမ့်အွမ်ကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းသို့ နေ့ချင်း တိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ သြဂုတ်လ ၂ရက်နေ့ နံနက်ပိုင်း၌ပင် မူဆယ်မြို့နယ် စယ်လန့် ကျေးရွာ လွယ်တေးမိန်း တောင်ခြေ၌ ဖယ် ခုံအခြေစိုက် စကခ ၇ လက် အောက်ခံ စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ကြား တိုက် ပွဲများဖြစ်ပွားခဲ့ရာ ၁၀၅ မိုင်ရှိ အကြမ်းဖက်စစ်တပ်မှ စယ်လန့်ကျေးရွာအတွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့သဖြင့် နေအိမ် ၆ လုံးပျက်စီးကာ အသက် ၉ နှစ်အရွယ် ကလေးတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျေးရွာနေ ပြည်သူများမှာလည်း ကြောက်လန့်ကာ မူဆယ်မြို့တွင်း၊ နမ်းခမ်းမြို့ ပေါ်နှင့် လွယ်တေးမိန်းကမ္မဌာန်းကျောင်းတို့၌ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက် စစ်တပ် တပ်သားများ။ 

See less

Khit Thit Media

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဩဂုတ်လ (၁)ရက်မှ (၇)ရက်နေ့အတွင်း တနင်္သာရီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့မှ ပြည်သူ (၆၀)နီးပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ ဩဂုတ်လ (၇)ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်ကို လေကြောင်းအသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်နှင့် ကချင်ပြည်နယ်၊ရွှေကူမြို့ အကြား ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာအချို့ ကို စစ်အာဏာရှင်တပ် သားများ၏ သင်္ဘောများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် လူငယ်များကို ပစ်မှတ်ထားပြီး YBS ကားများပေါ် အထိ တက်ရောက်စစ်ဆေးမှုများ ပြုလုပ်လာခဲ့သည်။

ပဲခူးတိုင်းဒေသကြီး သာယာဝတီထောင် နှင့် ဒိုက်ဦးထောင်တို့တွင် နိုင်ငံရေး အကျဉ်းသားများ ကို စစ်အာဏာရှင်လက်အောက်ခံ အကျဉ်းဦးစီးဌာနက ရိုက်နှက် နှိပ်စက်ခဲ့ပြီး တိုက်ပိတ်ထားခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ကလေးငယ် (၁)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီး မှ ဒေသခံပြည်သူများ နေရပ်စွန့်ခွာ တိမ်းရှောင်မှုများ ပြုလုပ်ခဲ့ရသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဩဂုတ်လ ၅ ရက် ဒီကနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် ကျေးရွာ ၁၂ ရွာက အရပ်သား တစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လျှော်ဖြူ၊ လျှော်ကုန်း၊ ဇီးကုန်း၊ ပေါက်တော၊ ထန်းတော၊ ချုံရွာ၊ မြို့ကြီး၊ တင်းတိမ်ယံနဲ့ မန်ကျဉ်းနီစတဲ့ ကျေးရွာ ၁၂ ရွာက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

အင်အား ရှစ်ဆယ်နီးပါးရှိတဲ့ စစ်ကြောင်းဟာ လက်ရှိမှာ တင်းတိမ်ယံရွာကို စီးနင်းနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တင်းတိမ်ယံရွာက အိမ်ခြေ တစ်ထောင်ကျော် ရှိတယ်။ ဒေသခံ လေးထောင်ကျော် နေပါတယ်။ တင်းတိမ်ယံမှာ စစ်ကြောင်းဝင်နေတော့ နီးစပ်ရာရွာတွေအကုန် ရှောင်ကြရတာပေါ့။ အခုတော့ မိုးရာသီလည်း ဖြစ်တော့ စစ်ကြောင်းမဝင်သေးတဲ့ နီးစပ်ရာ ရွာတွေကို ရှောင်ကြတာပေါ့။ စစ်ကြောင်းတွေ ပြန်ထွက်ရင်တော့ ရွာကိုပြန်ဝင်ကြမယ်”

စစ်ကြောင်းဟာ ရွာတွေကို ဝင်ရောက်စီးနင်းတဲ့အခါ တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်သိမ်းဆည်းသွားလေ့ရှိတယ်လို့ သူက ပြောပါတယ်။

ဩဂုတ်လ ၄ ရက်ကလည်း ရေဦးမြို့နယ်အထဲက ရွာသာလေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး ရွှေငွေအပါအဝင် တန်ဖိုးရှိပစ္စည်းတွေယူဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးစောနိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ရာမှာလည်း လက်ခံဖြေဆိုတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇူလိုင်လ ၁၅ ရက်ကထုတ်ပြန်တဲ့ အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ တစ်ဒသမ ခြောက်သန်းကျော် ရှိလာပါတယ်။ အဲဒီထဲက စစ်ဘေးဒုက္ခသည် ၇၇၈၉၀၀ ဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။

RFA Burmese

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ဇူလိုင်လအတွင်း နိုင်ငံတစ်ဝန်းက အမျိုးသမီး ၂၁ ဦး သေဆုံးခဲ့တယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂ (BWU) ဩဂုတ်လ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၁ ဦး၊ လက်နက်ငယ်နဲ့ ပစ်ခတ်တာကြောင့် ခြောက်ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးဦးနဲ့ မီးရှို့သတ်ဖြတ်မှုကြောင့်တစ်ဦး စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအပြင် အမျိုးသမီး ၁၉ ဦး ဖမ်းဆီးခံခဲ့ရပြီး ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေက အမျိုးသမီးတွေ ဖမ်းဆီးခံရတာပါ။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးက အာဏာသိမ်းပြီး နောက်ပိုင်း အမျိုးသမီးတွေရဲ့ ဘဝဟာ လုံခြုံမှု မရှိတော့ဘူးလို့ ပြောပါတယ်။

“စစ်ကြောင်းတွေကို ကြောက်ရတာ တစ်မျိုး၊ စစ်ဘေးရှောင်ရင်း တခြားအရပ်သား ယောက်ျားတွေက မထိတထိ စတာကို ခံရတာတစ်မျိုးနဲ့ စိတ်အရမ်းညစ်တယ်။ မလုံခြုံတော့တဲ့ အခြေအနေ မဟုတ်တော့ဘူး၊ လုံးဝကို မလုံခြုံတော့တာပါ “

ဖမ်းဆီးခံရတဲ့ အမျိုးသမီး တချို့ဆိုရင် စစ်ကောင်စီ တပ်သားတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားတာ ခံရတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ အမျိုးသမီး ၃,၆၄၇ ဦး ဖမ်းဆီးခံထားရတယ်လို့ မြန်မာအမျိုးသမီး သမဂ္ဂ (BWU) က ထုတ်ပြန်ထားပါတယ်။

RFA Burmese