လျှပ်စစ်မီးပုံမှန်မပေးနိုင်တဲ့ စစ်ကောင်စီကို ဖေ့ဘွတ်စ်စာမျက်နှာကနေ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ ဟစ်ဟော့ အဆိုတော် ဗျူဟာကို စစ်ကောင်စီက ထောင်ဒဏ် အနှစ် နှစ်ဆယ် ချမှတ်လိုက်ပါတယ်။

ဩဂုတ် ၂၃ ရက်နေ့ မနက်ပိုင်းက နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၄ နဲ့ ထပ်တိုးစွဲပြီး အင်းစိန်အကျဉ်းထောင်တရားရုံးက ထောင်ဒဏ်အနှစ် နှစ်ဆယ် ချလိုက်တဲ့အကြောင်း ထောင်အာဏာပိုင်တွေက မိသားစုကိုအကြောင်းကြားတယ်လို့ အဆိုတော် ဗျူဟာရဲ့ ဇနီးဖြစ်သူက RFA ကို‌ပြောပါတယ်။

“ကျန်းမာရေးတော့ ကောင်းပါတယ်၊ ပုဒ်မက အစကတော့ ၅၀၅ (က) စွဲထားတာပေါ့နော် ဒီနေ့ကတော့ ပုဒ်မ ၁၂၄ ထပ်တိုးတာပေါ့၊ ထောင်ဒဏ်အနှစ် နှစ်ဆယ် ချလိုက်တယ်”

နိုင်ငံကျော် အဆိုတော်နဲ့ တေးရေးဆရာ နိုင်မြန်မာရဲ့ သားဖြစ်သူ အဆိုတော် ဗျူဟာ ဟာ မေလ ၂၃ ရက်နေ့က လျှပ်စစ်မီးတွေ မှန်အောင်မပေးနိုင်လို့ဆိုပြီး စစ်ကောင်စီခေါင်းဆောင်နဲ့ လျှပ်စစ်ဝန်ကြီးကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ တိုက်ရိုက်ရုပ်သံလွှင့်ကာ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ပြောဆိုခဲ့ပြီးနောက် အဖမ်းခံလိုက်ရတာပါ။

သူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် နဲ့ စစ်ကောင်စီခေါင်းဆောင်တွေကို နှိုင်းယှဉ်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

သူ အဖမ်းမခံရခင်က အသက် ၃၁ နှစ်အရွယ် ဇနီးသည် မခင်ချစ်ကြည်၊ အသက် ၁ဝ နှစ်အရွယ် သမီးငယ် မဓာတုမြန်မာနဲ့ အသက် ရှစ်နှစ် အရွယ် သားငယ် မောင်ဂုဏ်ရောင်မြန်မာတို့နဲ့အတူ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဩဂုတ် ၂၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကစလို့ လူပေါင်း (၂၄,၄၁၀) ဦး အဖမ်းခံခဲ့ရပြီး အဲဒီထဲက (၇,၁၇၅) ဦး ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

RFA Burmese

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ လက်ထောက်အတွင်းရေးမှူးချုပ် Martin Griffiths က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အရင်အပတ်က နေပြည်တော်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

စစ်ခေါင်းဆောင်က ကုလအကြီးအကဲနဲ့ လက်ဆွဲနှုတ်ဆက်တဲ့ ဓာတ်ပုံရိုက်ပြီး သူတို့ပိုင် မြန်မာ့အလင်းသတင်းစာမျက်နှာဖုံးမှာ ဖော်ပြခဲ့ပါတယ်။

ဒီကိစ္စကို ပြည်တွင်း၊ ပြည်ပ မြန်မာပြည်ဒီမိုကရေစီပြန်လည်ရရှိရေးဆောင်ရွက်နေသူတွေ အဖွဲ့အစည်းတွေက အပြင်းအထန် ကန့်ကွက်ဝေဖန်ခဲ့ကြပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးကွပ်မျက်မှုကို ခံခဲ့ရတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီရဲ့ ဇနီးဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံတောင်ပိုင်း တော်လှန်ရေးနယ်မြေတစ်နေရာမှာ လှုပ်ရှားနေတဲ့ မနီလာသိန်းက UNOCHA အနေနဲ့ တကယ် ဒုက္ခရောက်နေသူတွေကိုကူညီဖို့လိုတယ်။ သူတို့အနေနဲ့ အခုအချိန်အထိ ကုလအဖွဲ့အစည်းတွေထံကနေ အကူအညီတစ်စုံတရာ မရရှိခဲ့ဖူးပါဘူးလို့ RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံမြေလတ်ပိုင်းရှိ 96 Soldiers တော်လှန်ရေးအဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်ကလည်း သူတို့ဒေသမှာ အိမ်မီးရှို့ခံရသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေအားလုံး ပြည်သူ့အားနဲ့ပဲ အခက်အခဲတွေကို ဖြေရှင်းနေရတယ်လို့ ပြောပါတယ်။

UNOCHA အနေနဲ့ တရားမဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ အသုံးချမှုကို ရှောင်ရှားပြီး မြန်မာပြည်သူတွေကို အမှန်တကယ်ကိုယ်စားပြုအဖွဲ့အစည်းတွေဖြစ်ကြတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ တခြားလူမှုအဖွဲ့အစည်းတွေကို ဆက်သွယ်ပူးပေါင်းပြီး မြန်မာပြည်သူတွေကို ကူညီပါလို့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ လူမှုအဖွဲ့ ၅၁၄ ဖွဲ့က သြဂုတ်လ ၂၂ ရက်နေ့စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

အမှန်ပကတိမှာ အာဏာသိမ်းစစ်ကောင်စီဟာ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေထံကို အကူအညီတွေပေးလို့မရအောင် ကန့်သတ်ပိတ်ပင်နေတဲ့အပြင် မြန်မာပြည်သူတစ်ရပ်လုံးကို ဆင်းရဲဒုက္ခကပ်ဘေးဆိုက်အောင်ပြုလုပ်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ 

အိုးအိမ်တွေ မီးရှို့မှု၊ ဥပဒေမဲ့ သတ်ဖြတ်မှု၊ အရပ်သားတွေအပေါ် တိုက်ခိုက်မှု စတာတွေကို ကျယ်ကျယ်ပျံ့ပျံ့နဲ့ သေသေချာချာ စနစ်တကျ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အသိအမှတ်ပြုဆက်ဆံတာဟာ လူမှုပဋိပက္ခတွေ ပိုမိုကျူးလွန်အောင် အားပေးအားမြှောက်ပြုရာကျပါလိမ့်မယ်၊ အဲဒါဟာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့ UNOCHA ရဲ့ မူနဲ့ဆန်ကျင်နေပါတယ်လို့ ဒီကြေညာချက်ထုတ်ပြန်ရာမှာ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ Progressive Voice ရှေ့ပြေးအသံအဖွဲ့တည်ထောင်သူ မခင်ဥမ္မာက RFA ကို ပြောပါတယ်။ 

ထိုင်း-မြန်မာနယ်ခြားဒေသတွေမှာ ဒုက္ခသည်တွေကိုကူညီနေတဲ့ အဖွဲ့အစည်းတွေကလည်း UNOCHA အဖွဲ့ရဲ့လုပ်ရပ်ကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ကရင်ပြည်နယ်တစ်ခုလုံးမှာ ဒုက္ခသည်စခန်းတွေရှိနေတယ်လို့ ပြောပါတယ်။

UNOCHA ရဲ့ လူသားချင်းစာနာထောက်ထားမှုရေးရာနဲ့ အရေးပေါ်ကယ်ဆယ်ရေးညှိနှိုင်းရေးမှူး Martin Griffiths ၂၀၂၂ ဧပြီလ ၁၈ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ သတင်းထောက်တွေနဲ့တွေ့ဆုံစဉ်။ (Photo : Reuters)
UNOCHA ရဲ့ လူသားချင်းစာနာထောက်ထားမှုရေးရာနဲ့ အရေးပေါ်ကယ်ဆယ်ရေးညှိနှိုင်းရေးမှူး Martin Griffiths ၂၀၂၂ ဧပြီလ ၁၈ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ သတင်းထောက်တွေနဲ့တွေ့ဆုံစဉ်။ (Photo : Reuters)

မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ရဲ့ ထိုင်းနိုင်ငံဌာနခွဲခေါင်းဆောင် ကိုဝင်းထွေးကလည်း ထိုင်းနယ်ခြားဒေသတွေမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေထောင်ပေါင်းများစွာ အခက်ကြုံနေရတယ်လို့ ပြောကြားပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ UNOCHA ကုလအဖွဲ့အကြီးအကဲနဲ့ ဆက်သွယ်ဆွေးနွေးမှုတွေရှိခဲ့တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က သြဂုတ်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

NUG ပြောခွင့်ရ ကိုနေဘုန်းလတ်က ကုလအကြီးအကဲကို သူတို့ပွင့်ပွင့်လင်းလင်း တင်ပြခဲ့တယ်လို့ RFA ကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူတစ်ရပ်လုံး အခုလိုဒုက္ခရောက်နေရခြင်းရဲ့ အဓိကတရားခံဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီသာဖြစ်တယ်ဆိုတာကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ပြတ်ပြတ်သားသားရှုမြင်ပြီး လက်တွေ့ကျကျဆောင်ရွက်ဖို့ အရေးကြီးပါတယ်လို့လည်း ကိုနေဘုန်းလတ်က ပြောပါတယ်။ 

RFA Burmese

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၅)ရက်မှ (၂၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဩဂုတ်လ (၁၅)ရက်မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် သာစည်ကျေးရွာသို့ စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များတွင် ဓာတုအဆိပ်ဓာတ်ငွေ့များ ပါဝင်နိုင်ဖွယ်ရှိပြီး ပြည်သူ ၂၀ ဦး ခန့် အဆိပ်သင့်၍ ဆေးဝါး ကုသမှုခံယူ ခဲ့ရသည်။ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ဒေသခံ ပြည်သူ ၃၀ ကျော်ကို စစ်အာဏာရှင် တပ်သားများက လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ်သားများ စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူးမြို့နှင့် ခင်ဦး မြို့နယ်တို့မှ ပြည်သူ (၈)ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့သည်။

စစ်အာဏာရှင်တပ်များသား၏ စစ်ကြောင်းထိုး ဝင်ရောက်ပစ်ခတ်မှုများကြောင့် တပတ်အတွင်း နေရပ်ဒေသစွန့်ခွာမှု (၅) ကြိမ်ကျော် ဖြစ်ပွားခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကလေးငယ် (၂)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့သည်။ တပတ်အတွင်း အသက်မပြည့်သေးသည့်သူ (၅)ဦး ဖမ်းဆီးခံခဲ့ရသည်။ စစ်အာဏာရှင်တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာရ ရ ရှိခဲ့သည်။

အကြမ်းဖက်မှုတွေ ဆက်ရှိနေတဲ့အတွက် လုံခြုံရေးဆောင်ရွက်ဖို့ လိုအပ်နေသေးတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးပေါ်ကာလ ခြောက်လသက်တမ်းတိုးပြီးနောက် အခု ဩဂုတ်လထဲမှာတင် စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်လာတယ်လို့ စစ်ရေး၊ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်ကောင်စီက အရေးပေါ်ကာလ သက်တမ်းတိုးပြီး ဩဂုတ်လ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ နှစ်ပတ်အတွင်းမှာပဲ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၃၄ ဦးသေဆုံးခဲ့ပြီး ၅၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

“ဒီတစ်ခါတော့ အဆုံးအဖြတ်တိုက်ပွဲဖြစ်တဲ့အတွက် အရင့်အရင်ထက်တော့ ပိုမိုပြင်းထန်ကြမ်းတမ်းလိမ့်မယ်လို့ ယူဆပါတယ်”

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်း အရှေ့ခြမ်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ စစ်ကောင်စီက လေကြောင်းနဲ့ ကြည်းကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

အဲဒီတိုက်ခိုက်မှုတွေမှာ မြေပြင်က လက်နက်ကြီးပစ်ကူတွေ သုံးသလို လေကြောင်း ကနေလည်း အသာစီးယူ တိုက်ခိုက်လာတာလို့လည်း စစ်ကိုင်းတိုင်းက PDF တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

“လေးနာရီခွဲလောက်မှာ အပေါ်ကနေပြီးတော့ ဖိုက်တာကနေ လက်နက်ကြီးနဲ့ နှစ်လုံးပစ်တယ်။ တစ်လုံးက မီးကျည်၊ တစ်လုံးက လက်နက်ကြီးပေါ့။ ပြည်သူတွေ ကြားထဲကျတာဆိုတော့ ပြည်သူလေးဦး ပွဲချင်းပြီး ဆုံးသွားပြီးတော့ ၁၅ ဦးလောက် ဒဏ်ရာရတယ်။ မနက်အစောကြီးအချိန်ဆိုတော့ ရွာသူ၊ ရွာသားတွေကလည်း အိပ်ကောင်းတဲ့ အချိန်ပေါ့”

ဩဂုတ်လ ၁၁ ရက်နေ့ မနက်အစောပိုင်းက စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တလိုင်းရွာ စီးနင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ကြုံတွေ့ခဲ့ရတဲ့ တလိုင်းရွာခံတစ်ဦး ပြောသွားတာပါ။

တိုက်လေယာဉ်နဲ့ ကြဲချခဲ့တဲ့ ဗုံးက တလိုင်းရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့လို့ ရှစ်လသားအရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သား လေးဦးသေဆုံးခဲ့ပြီး နောက်ထပ် ၁၅ ဦးလောက် ဒဏ်ရာရခဲ့တာပါ။

စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီးမှ အင်အား ၈၀ လောက်ပါတဲ့ စစ်ကြောင်းက ရွာကို ကုန်းကြောင်းကနေ ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

တလိုင်းရွာနဲ့ မြို့နယ်ချင်းကပ်လျက်ဖြစ်တဲ့ ဝက်လက်မြို့နယ် ပေါက်ကန်ရွာကိုတော့ ဩဂုတ် ၁၃ ရက်နေ့မှာ ဂျက်တိုက်လေယာဉ် နှစ်စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဒေသခံလေးဦး ဒဏ်ရာရခဲ့သလို အရပ်သား ၅၀၀၀ လောက်လည်းထွက်ပြေးခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းလိုပဲ ခုခံစစ် ပြင်းထန်နေတဲ့ မကွေးတိုင်းထဲမှာလည်း တိုက်ပွဲတွေဖြစ်နေသလို လေကြောင်း တိုက်ခိုက်ခံရတာတွေလည်း ဆက်ရှိနေပါတယ်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မင်းရွာ ရဲစခန်းကို ဒေသဆိုင်ရာ PDF တပ်ဖွဲ့တွေက ဩဂုတ်လ ၁၅ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်ကလည်း တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စီးနဲ့ ပစ်ခတ်ခဲ့လို့ မင်းရွာက ဘုန်းကြီး ကျောင်းနဲ့ ဓမ္မာရုံတွေ အပါအဝင် နေအိမ် ၈ လုံးလောက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်လ ၁၆ ရက်နေ့မှာတော့ အင်အား ၈၀ နီးပါးပါတဲ့ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်က စစ်ကြောင်းထိုးနေလို့ မင်းရွာ အပါအဝင် ခေါက်ခူ၊ ပန်းထိပ်၊ ရှောက်ပင် စတဲ့ရွာလေးရွာက ဒေသခံ ၃၀၀၀ နီးပါး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။

ချင်းပြည်နယ်က ထန်တလန်၊ ဖလမ်းနဲ့ တွန်းဇံ မြို့နယ်သုံးခုက စစ်တပ်အခြေစိုက် တပ်စခန်းတွေကို ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CDF) ပူးပေါင်းတပ်တွေက အခု ဩဂုတ်လအတွင်းမှာပဲ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အပြင် လေကြောင်းကနေ ပြန်လည် တိုက်ခိုက်ခဲ့လို့ ထန်တလန်နဲ့ ဖလမ်းမြို့နယ်ထဲက ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီတပ်က ချင်းပြည်နယ်မှာ နယ်မြေစိုးမိုးဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲတွေ ဆက်ပြီးပြင်းထန်နိုင်တယ်လို့ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက သုံးသပ်ပါတယ်။

“အခု ကျွန်တော်တို့ ဒီချင်းတောင် မိုးရာသီစစ်ဆင်ရေးပေါ့ အဲဒီမှာ လေကြောင်း တိုက်ခိုက်မှုတွေ သူတို့ ပိုပြီးအားကိုးနေတာ တွေ့ရတယ်။ အခုသူ့ရဲ့ လှုပ်ရှားပုံကတော့ တစ်နေရာတည်းမှာ အင်အားအလုံးအရင်းနဲ့ စစ်ဆင်ရေးလုပ်ပြီး တစ်ဖြည်းဖြည်းချင်း နယ်မြေစိုးမိုးမှုကိုလုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ကျွန်တော်တို့ တွက်တယ်။ အဲဒါတွက်ချက်ပြီး ခံစစ်ကနေ ထိုးစစ်ဆိုပြီးတော့ သူတို့ရဲ့ တပ်ရင်းစခန်းတွေကို ကျွန်တော်တို့ ဦးတည်သွားရောက်ပြီးတော့ ခရီးဦးကြို သွားရောက်တိုက်ခိုက်တာ ဖြစ်တယ်။ ရှေ့ဆက်ပြီးတိုက်ပွဲကတော့ ဖြစ်လာမယ့်အနေအထားဖြစ်မယ်လို့ အဲဒီလိုပဲ သုံးသပ်တယ်”

ကချင်ပြည်နယ်ထဲမှာတော့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်အနီး နမ်ဆန်ယန်ရွာဘက်မှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို ဖားကန့်မြို့နယ်ထဲမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဖားကန့်မြို့နယ်က စစ်ကောင်စီတပ်စခန်း နှစ်ခုကို ဩဂုတ် ၇ ရက်နေ့မှာ KIA က သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီ တပ်က ဩဂုတ်လ ၈ ရက်နေ့မှာ လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါ အပြင်းအထန် ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။

KIA နယ်မြေထဲမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်ပြီးပြင်းထန်နိုင်တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက သုံးသပ်ပါတယ်။

“ဖားကန့်ဘက်မှာ ဩဂုတ်လ ၇ ရက်၊ ၈ ရက်၊ ၉ ရက်ပေါ့နော် အဲဒီဝန်းကျင်မှာ တိုက်ပွဲ တွေရှိခဲ့တယ်။ ၈ ရက် ၉ ရက်မှာ ဖားကန့် ကဆဲန်ဘွမ်းဘက်မှာ (ကသိုဏ်းတောင်) ဗုံးလာကြဲတာရှိတယ်။ ၉ ရက်နေ့ညမှာ တပ်ရင်း ၆ ဒေသဘက်မှာပေါ့ လေကြောင်းနဲ့ ဗုံးကြဲတာရှိတယ်။ တိုက်ပွဲတွေကတော့ ဆက်ရှိဖို့ အခြေအနေရှိပါတယ်။ နမ်ဆန်ယန် ဘက်မှာလည်း သူတို့ကတော့ စစ်ကြောင်းတွေအကုန်လုံး မဒီးယန်ဘက်မှာပဲ ရှိကြတယ်ဆိုတော့ တိုက်ပွဲကတော့ ဆက်ဖြစ်ဖို့များပါတယ်”

မြန်မာနိုင်ငံတစ်ဝန်းက တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ထိခိုက်နေပြီး တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို မဖြစ်မနေ ဆောင်ရွက်မယ်လို့ ဩဂုတ်လ ၇ ရက်နေ့က စစ်ကောင်စီ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။

ဩဂုတ်လအတွင်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ပဲခူးတိုင်းအရှေ့ခြမ်းတွေမှာလည်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ကြည်းကြောင်း ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ဆက်ရှိနေပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ပူးပေါင်းတပ်တွေ သိမ်းယူထားတဲ့ ကရင်ပြည်နယ် မြ၀တီမြို့အနီး လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းမှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဆက်ပြီးပြင်းထန်နေပါတယ်။

စစ်ကောင်စီတပ်က သူတို့ဆုံးရှုံးထားတဲ့ စခန်းကိုပြန်ရဖို့ ထိုးစစ်ဆင်နေပြီး လက်ခတ်တောင်ခြေရင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

KIA၊ PDF ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ကသိုဏ်းတောင်စခန်းအား တွေ့ရစဉ်။ (Photo: The Kachinnet)
KIA၊ PDF ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ကသိုဏ်းတောင်စခန်းအား တွေ့ရစဉ်။ (Photo: The Kachinnet)


တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ အရပ်သားထိခိုက်မှုတွေ ပိုတိုးလာလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“စစ်ကောင်စီရဲ့ အင်အင်အားတွေကို အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲဆင်မယ့် ကာလနား နီးလာတဲ့အတွက် အဲဒီထက် ပိုပြင်းထန်တဲ့တိုက်ပွဲတွေ မကြာခင်ရင်ဆိုင်ရလိမ့်မယ်လို့ မျှော်မှန်းတယ်။ သူကလည်း စစ်မြေပြင်မှာ တပ်ချင်းမယှဉ်နိုင်တဲ့အခါကျတော့ လေကြောင်းထိုးစစ်တွေ အပြင်းအထန်လုပ်တာကိုး၊ အဲဒီအခါကျတော့ လူထု ထိခိုက်နစ်နာမှုတွေ များလာနိုင်တယ်ဆိုတာတော့ အမှန်ပါပဲ။ ဒီတစ်ခါတော့ အဆုံးအဖြတ်တိုက်ပွဲ ဖြစ်တဲ့အတွက် အရင့်အရင်ထက်တော့ ပိုမိုပြင်းထန်ကြမ်းတမ်း လိမ့်မယ်လို့ ယူဆပါတယ်”

ဩဂုတ်လ ပထမနှစ်ပတ်အတွင်းမှာပဲ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု တွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရသလို စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးအရှေ့နဲ့ တနင်္သာရီတိုင်းအတွင်း ရွာပေါင်း ၁၂ ရွာက နေအိမ်ပေါင်း ၁၅၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီး ခဲ့ပါတယ်။

RFA Burmese

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဩဂုတ်လ (၈)ရက်မှ (၁၄)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ‌လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ စစ်အာဏာရှင်တပ် သား များက တနင်္သာရီတိုင်း ဒေသကြီးမှ ပြည်သူ (၅၀)နီးပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ ဩဂုတ်လ (၁၂)ရက် နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှ ဒေသခံ ပြည်သူ (၂)ဦးကို စစ်အာဏာရှင်တပ်သားများက ဖမ်းဆီး သတ်ဖြတ် မီးရှို့ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက ပုသိမ်-မုံရွာလမ်းမကြီးကို ဆက်သွယ်ထားသည့် ဆိပ်ဖြူလမ်းပိုင်းအား ဖျက်ဆီးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် စစ်အာဏာရှင် လက်အောက်ခံ ပျုစောထီးများမှ ဒေသခံ ပြည်သူများကို နည်းလမ်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ကာ ငွေကြေးကောက်ခံခြင်းများ ပြုလုပ်လျှက်ရှိသည်။ တပတ်အတွင်း စစ်အာဏာရှင်တပ်သားများ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် ပြည်သူ (၈)ဦး အထိရှိခဲ့ သည်။ စစ်အာဏာရှင်တပ်သားများ၏ လူအခွင့်အရေးချိုးဖောက်မှုများကြောင့် ကလေးငယ် (၁)ဦး သေဆုံးခဲ့ ပြီး (၂)ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့သည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့ နဲ့ ငါးမိုင်ခန့်အကွာ ခွါဖိုကျေးရွာကို စစ်ကောင်စီတပ်က ဩဂုတ်လ ၁၄ ရက် ဒီနေ့ မနက်ပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း လူထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် ခွါဖို နှစ်ခြင်းဘုရားကျောင်း အဆောက်အအုံ အပါအဝင် လူနေအိမ် လေးလုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ခွါဖိုမှာ တိုက်ပွဲမရှိဘူး။ မြို့ပေါ်မှာပဲ ဖြစ်တာ။ အဲဒါ လေကြောင်းလာပစ်တော့ ဘုရားကျောင်း၊ နေအိမ်တွေ ပျက်စီးတာပေါ့။ ခွါဖိုရွာသားတွေက ထပ်လာမှာစိုးလို့ ရှောင်နေကြတယ်”

ခွါဖိုရွာအနီး တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ သူက ပြောပါတယ်။

ဒါပေမဲ့ ထန်တလန်မြို့ပေါ်မှာတော့ ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CDF) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ခွါဖိုရွာကို လေယာဉ်နဲ့ ဗုံးကြဲတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ဦးသန့်ဇင်ကို RFAက ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

၂၀၂၃ခုနှစ် မတ်လ ၃၀ ရက်တုန်းကလည်း ခွါဖိုရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် နှစ်ဦး အပါအဝင် ဒေသခံ ကိုးဦး သေဆုံးခဲ့ပါတယ်။

အရေးပေါ်ကာလ သက်တမ်းတိုးပြီး နယ်မြေရှင်းလင်းရေး အရှိန်မြှင့်နေတဲ့ စစ်ကောင်စီတပ်ဟာ လက်နက်ကိုင်ခုခံမှုတွေရှိနေတဲ့ ဒေသတွေမှာ လေကြောင်းနဲ့ရော လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်တိုက်ခိုက် ပစ်ခတ်နေပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်တွေမှာ အတိုက်အခိုက်တွေရှိနေတဲ့အတွက် အရေးပေါ်ကာလအတွင်း တည်ငြိမ်အောင်လုပ်မယ်လို့ ဇူလိုင်လ ၃၁ ရက်က ပြောဆိုခဲ့ပါတယ်။

RFA Burmese