ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ဆေးကုပြန်လာသူ ရွှေဘိုစစ်ဆေးရေးဂိတ်တွင် ပစ်သတ်ခံရ
စက်တင်ဘာ ၄ ရက်နေ့က စစ်ကိုင်းတိုင်းအလယ်ပိုင်း ရွှေဘိုမြို့ရှိ စစ်ကောင်စီလက်နက်ကိုင်တို့ ပစ်ခတ်သဖြင့် ခရီးသည်တစ်ဦး သေဆုံးသွားကြောင်း မျက်မြင်သက်သေ ဒေသခံများက ပြောသည်။
သေဆုံးသူသည် ကောလင်းမြို့နယ် ညောင်ပင်လှကျေးရွာမှ အသက် ၆၀ အရွယ် ဦးပေါ်ထွန်းဖြစ်ပြီး မန္တလေးမြို့တွင် အဆုတ်ရောဂါကုသပြီး ပြန်လာသူ ဖြစ်သည်။
ရွှေဘိုမြို့တောင်ဘက် စစ်ဆေးရေးဂိတ်ရှိ စစ်သားများက ဆိုင်ကယ်တစ်စီးကို လိုက်လံပစ်ခတ်စဉ် ရပ်ထားသည့် ခရီးသည်တင်ကားကိုပါ ပစ်ခတ်မိခြင်း ဖြစ်သည်။
“နေရာတင် ပွဲချင်းပြီးပဲ၊ ခေါင်းထိထားတာ၊ ညာဘက်ခေါင်းတစ်ခြမ်း ပါသွားတာ၊ ဆိုင်ကယ်ကို ရှေ့က ဂိတ်နှစ်ဂိတ်က တားတာ မရပ်ပေးတော့ တတိယဂိတ်ကနေ ဆော်လိုက်တာ၊ ဆိုင်ကယ်မထိဘဲ ကားသွားမှန်တာ” ဟု အလောင်းကောက်ရာတွင် ကူညီခဲ့သည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
ကားမောင်းသူလည်း မှန်ကွဲစများ စိုက်ဝင်သွားသဖြင့် ဒဏ်ရာများရရှိသွားသည်။
အဆိုပါ စစ်ဆေးရေးဂိတ်တွင် ကားပေါ်မှ ခရီးသည်အားလုံး ဆင်းလမ်းလျှောက်ရကာ တစ်ယောက်ချင်း မှတ်ပုံတင်ပြသရသည်၊ ဦးပေါ်ထွန်းမှာ ကျန်းမာရေးမကောင်းသဖြင့် ကားပေါ်တွင် ကျန်နေခဲ့သူ ဖြစ်သည်။
ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွှေဘိုမြို့ရင်ခွဲရုံသို့ သယ်ဆောင်သွားခဲ့သည်၊ နောက်တစ်နေ့တွင် အတူပါလာသည့် အမျိုးသမီးဖြစ်သူက ကောလင်းသို့ ပြန်လည်သယ်ဆောင်သွားကြောင်း သိရသည်။
ဆိုင်ကယ်သမားမှာ ထိခိုက်ခြင်းမရှိဘဲ လွတ်မြောက်သွားသည်ဟု သိရကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။
ခရီးသွားပြည်သူ အများအပြားရှိနေသည့် နေရာတွင် ပတ်ဝန်းကျင်ကို ပစ်ခတ်မှုအတွက် စစ်ကောင်စီက တာဝန်ယူဖြေရှင်းခြင်းပြုမည်မဟုတ်ဟု ရွှေဘိုမြို့နယ် ပကဖတာဝန်ရှိသူက ပြောသည်။
“အကြမ်းဖက် စစ်ကောင်စီလုပ်ရပ် လုံးဝ လက်ခံနိုင်စရာမရှိပါ။ ဘာတာဝန်ယူမှုမှ ရှိမှာမဟုတ်ဘူး။ မြို့အဝင်အထွက် မိန်းလမ်းမကြီးပေါ် အပြစ်မဲ့အရပ်သားပြည်သူတွေ ရှုပ်ယှက်ခတ်အောင် သွားလာနေကြတဲ့ကြားက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာပဲ” ဟု သူက ဆိုသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ မြို့များတွင် စစ်ကောင်စီက ဆိုင်ကယ်စီးသူများအတွက် ထူးခြားသည့်အမိန့် ထုတ်ထားသည်။ ထိုအမိန့်ကြောင့် ဆိုင်ကယ်တစ်စီးတွင် အမျိုးသားနှစ်ယောက် အတူစီးနင်းခွင့် မရပေ။
အမျိုးသားနှင့် အမျိုးသမီး တွဲစီးနိုင်သော်လည်း ဆိုင်ကယ်မောင်းသူမှာ အမျိုးသားဖြစ်ရမည်ဟု ဆိုသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ရှိ လမ်းမကြီးများ၊ လမ်းများတွင် စစ်ဆေးရေးဂိတ်များ ပေါ်ပေါက်လာသည်။ ထိုဂိတ်များကို ဆိုင်ကယ်နှင့် ဖြတ်သန်းမည်ဆိုပါက ဂိတ်ရှေ့တွင် မောင်းနှင်ခွင့် မရှိဘဲ ဆင်းတွန်းရလေ့ရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့ကလည်း ရွှေဘိုမြို့တောင်ဘက် ၅ မိုင်အကွာ၊ ရွှေဘို-မန္တလေးလမ်းမပေါ်ရှိ ဘုန်းဘွဲကျေးရွာတွင် စစ်ကောင်စီစစ်ကြောင်း ထွက်သွားပြီးနောက် သတ်ဖြတ်ထားခံခဲ့သည့် ဒေသခံနှစ်ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှုနှင့် ကြုံတွေ့နေရသည့် စစ်ကောင်စီသည် အရပ်သားများကိုပါ မကြာခဏ ပစ်ခတ်လေ့ရှိသည်။
စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ် ဩဂုတ်လကုန်ထိ သတ်ဖြတ်ခံရသူမှာ ၄၀၄၃ ဦးအထိ ရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက လက်လှမ်းမီသမျှ ပြုစုထားသည့် မှတ်တမ်းအရ သိရသည်။
Myanmar Now News
ညှဉ်းပမ်းနှိပ်စက်မှုကိုအဓိပ္ပါယ်သတ်မှတ်ခြင်း (Torture Inhumane Degrading Treatment)
(က) နိုင်ငံတကာဥပဒေအရ ညှဉ်းပမ်း နှိပ်စက်မှုတွင် မည်သည့် အင်္ဂါရပ်များ ပါဝင်သနည်း။
ညှဉ်းပမ်းနှိပ်စက်မှုကို လူ့အခွင့်အရေးချိုးဖောက်မှုတခုအဖြစ် မှတ်တမ်းတင်နိုင်ရန်အတွက် အောက် ဖေါ်ပြပါ အင်္ဂါရပ်လေးခု ထင်ရှားကြောင်း ဖော်ပြရပါမည်။
၁။ ရုပ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း ပြင်းထန်စွာ နာကျင် စေခြင်း၊ သို့မဟုတ် ခံစားရစေခြင်း။
၂။ ရည်ရွယ်ချက်ဖြင့် အနာတရ ဖြစ်စေခြင်း
၃။ ရည်ရွယ်ချက် အကြောင်းတခုခု ရှိခြင်း။
၄။ အစိုးရ၏ လုပ်ဆောင်ချက် တို့ဖြစ်သည်။
(ခ) ပြင်းထန်စွာ နာကျင်ခြင်း (သို့မဟုတ်) ခံစားရခြင်းတွင် မည်သည့်အချက်များ ပါဝင်သနည်း။
နစ်နာခံစားရသူ၏ နာကျင်မှု၊ သို့မဟုတ် ခံစားရမှုသည် ညှဉ်းပမ်းနှိပ်စက်ခြင်း အဆင့်သို့တိုင်အောင် ရောက်ရှိခြင်းရှိ- မရှိကို အဆုံးအဖြတ်ပေးရန်အတွက် နစ်နာခံစားရသူ၏ သွင်ပြင်လက္ခဏာနှင့် အဖြစ်အ ပျက်၏ အခြေအနေများကို ထည့်သွင်း စဉ်းစားရန် လိုအပ်သည်။ ဥပမာ – ထိုသူ၏ လိင်၊ အသက်အရွယ်၊ ဘာသာရေးကိုးကွယ်မှု သို့မဟုတ် ဓလေ့ထုံတမ်း အစဉ်အလာ ယုံကြည်မှု၊ ကျန်းမာရေး၊ ၎င်းအနိုင် ကျင့် နှိပ်စက်မှု အမျိုးအစား (သို့မဟုတ်) ကာလကြာချိန် (သို့မဟုတ်) နစ်နာခံစားရသူ ခံနိုင်သည်ထက် ပို၍ ပြင်းထန်သော အခြေအနေတွင် ဖြစ်နိုင်သည့်အနေအထား စသည်တို့ဖြစ်သည်။
(ဂ) မည်သည့် ရည်ရွယ်ချက်များကို တရားဥပဒေနှင့် မညီညွတ်ဟု ဆုံးဖြတ်နိုင်သနည်း။
တားမြစ်ခြင်းတွင် အကျုံးဝင်နိုင်သော ရည်ရွယ်ချက်များကို မည်သည့်အမျိုးအစားဟူ၍ သီးသန့် ခွဲခြား သတ်မှတ်ထားခြင်း မရှိပေ။ နိုင်ငံတကာက လက်ခံထားသော စံချိန်စံညွှန်းများကို လိုက်နာခြင်း မရှိသော၊ ရည်ရွယ်ချက်တခုအတွက် မည်သို့သော ညှဉ်းပမ်းနှိပ်စက်ခြင်း ကိုမဆို၊ မည်သည့် အပြုအမူများကိုမဆို တားမြစ်ကန့်သတ်ထားသည်ဟု နားလည်ထားနိုင်သည်။ ဥပမာ – ညှဉ်းပမ်းနှိပ်စက်ခြင်း၏ တားမြစ်ထား သော ရည်ရွယ်ချက်များမှာ
တဦးတယောက်၏ ထင်မြင်ချက်ကြောင့် ဖြစ်ပေါ်ရသော ညှဉ်းပမ်းနှိပ်စက်မှုဖြစ်သောကြောင့် မည်သည့် အတိအကျလုပ်ဆောင်ချက်သည် ညှဉ်းပမ်းနှိပ်စက်မှု ဖြစ်သည်ကို ဆုံးဖြတ်ရန် ခက်ခဲကောင်း ခက်ခဲနိုင် သည်။ နာကျင်မှုနှင့် ခံစားရမှုသည် ညှဉ်းပမ်းနှိပ်စက်ခြင်းဟူသော အဆင့်သို့ထိအောင် ပြင်းထန်ခြင်း မရှိ သော်လည်း မလျော်ကန် ပြုမူခြင်းနှင့် အကျုံး ဝင်နေသည်ကို အမှတ်ရရန်မှာ အရေးကြီးသည်။ အဘယ် ကြောင့်ဆိုသော် ထိုကဲ့သို့ မလျော်ကန် ပြုမူခြင်းကိုလည်း နိုင်ငံတကာဥပဒေတွင် တားမြစ်ထားသည်။ အခန်း ၁၊ အပိုင်း ၂၊ အခြားမလျော်ကန် ပြုမူဆက်ဆံခြင်းပုံစံများအား သတ်မှတ်ခြင်းအခန်းကိုကြည့်ပါ။
ခင်ဦးမြို့နယ် ရှားတောနဲ့ ငါးရုံကြီးရွာက နေအိမ် ၅၀ ကျော် မီးရှို့ခံရ
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရှားတောရွာနဲ့ ငါးရုံကြီးရွာတို့ စစ်ကောင်စီတပ်က စက်တင်ဘာလ ၂ ရက် မနေ့ မနက် ၈ နာရီကျော်မှာ ဝင်ရောက်စီးနင်းပြီး နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခင်ဦးမြို့ပေါ်ကနေ ဆင်းလာတဲ့ မြေမြန်တပ်ရင်း ခမရ-၃၆၁ ဟာ ရွာထဲကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ရှားတောနဲ့ ငါးရုံကြီးဆိုတာ လယ် လေး၊ ငါးကွက်ပဲ ခြားတာ။ စစ်ကြောင်းက နှစ်ရွာကို ခွပြီး မီးရှို့တာ။ မနေ့ကညနေပိုင်း ရှင်းလင်းရေးဝင်တော့ အိမ်တော်တော်များများက ပြာပုံပဲကျန်ခဲ့တာ။ ဘုရားစင်ပါမကျန် လောင်သွားတာပေါ့။ ဒေသခံတွေရဲ့ ဘဝကတော့ ဒီလိုပဲ လုံးပါးပါးနေတော့တာပါပဲ”
မနေ့ ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်ဟာ ငါးရုံကြီးရွာကနေ ပြန်လည်ထွက်ခွာ သွားတယ်လို့ သူက ပြောပါတယ်။
ရှားတောရွာမှာ အိမ်ခြေ ၂၀၀ ရှိပြီး လူဦးရေ ၅၀၀ ကျော် နေထိုင်ပါတယ်။ ငါးရုံကြီးရွာမှာတော့ အိမ်ခြေ ၁၅၀ ရှိပြီး လူဦးရေ ၄၀၀ နီးပါး နေထိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်လာတဲ့ သတင်းကြားကတည်းက အရပ်သားတွေဟာ တောတောင်တွေထဲ ကြိုတင်တိမ်းရှောင်ခဲ့ကြတာကြောင့် ဖမ်းဆီးခံရတာ၊ သေဆုံးဒဏ်ရာရတာတွေ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ကျေးရွာတွေကို ဝင်ရောက်မီးရှို့တာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းသယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
မီးလောင်မှုဖြစ်စဉ်တွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းတွေအရ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၅၇၅၀၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
RFA Burmese
ချောင်းဦးမှာ ဒေသခံ တစ်ဦးအသတ်ခံရပြီး ၁၅ ဦးထက်မနည်း ဖမ်းဆီးခံရ
စစ်ကိုင်းတိုင်း ချောင်းဦးမြို့ ဈေးထဲမှာ စင်တင်ဘာလ ၁ ရက် မနေ့က စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ သေနတ်ကျည်ဆံထိမှန်ပြီး အရပ်သား တစ်ဦးသေဆုံးခဲ့သလို ဈေးအနီးတစ်ဝိုက်က အနည်းဆုံး အရပ်သား ၁၅ ဦးကိုလည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ မနက် ၈ နာရီလောက်မှာ ဈေးထဲကို ဆိုင်ကယ်တစ်စီးကို အမျိုးသားနှစ်ဦးစီးတဲ့အတွက် စည်းကမ်းမလိုက်နာလို့ဆိုပြီး ဈေးအနီး လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာပါ။
ဒါပေမဲ့ ဆိုင်ကယ်စီးလာသူ နှစ်ဦးကို မထိမှန်ဘဲ ဈေးထဲမှာ ဈေးဝယ်နေတဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေနတ်ကျည်ဆံ ထိမှန်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ညနေ ၃ နာရီလောက်မှာလည်း ဈေးထဲက အသက် ၂၀ နဲ့ ၃၅ နှစ် အရွယ်ကြားရှိတဲ့ အမျိုးသား ၁၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးခဲ့ပြီး စက်တင်ဘာလ ၂ ရက် ဒီနေ့ထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့ ချောင်းဦးမြို့ခံတစ်ဦးက ပြောပါတယ်။
“မနက်က ဖြစ်တာက နယ်ကတက်လာတဲ့ ကလေးတွေ စည်းကမ်းသေချာမသိတော့ ယောက်ကျားလေး နှစ်ယောက် ဆိုင်ကယ်စီးတာမှာ အပစ်ခံရတာ သူတို့က လွတ်သွားပြီး တခြားလူကို ထိသွားတာ။ ညနေပိုင်းမှတော့ ဈေးထဲက လူ ၁၅ ယောက်လောက်ကိုလည်း သူတို့ ဖမ်းသွားတယ် ဘာလို့ဖမ်းတယ်ဆိုတာတော့ မသိရဘူး”
စစ်ကောင်စီတပ်က အရပ်သားတွေကို ဘာကြောင့် ဖမ်းဆီးလဲဆိုတာ မသိရဘူးလို့ သူက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ဈေးဆိုင်ခန်းပိုင်ရှင်တွေ၊ ဈေးကို ရွာတွေကနေ အသီးအနှံလာပို့သူတွေ၊ စားသောက်ဆိုင်က ထွက်လာတဲ့လူငယ်တွေ၊ ဈေးလာဝယ်တဲ့ အရပ်သားတွေ ပါဝင်တယ်လို့ သူက ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေကို ချောင်းဦးမြို့မရဲစခန်းကို ခေါ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းသယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်လာတာ မရှိသေးပါဘူး။
ချောင်းဦးမြို့ပေါ်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားပြီး မြို့ရဲ့ လမ်းဆုံလမ်းခွတွေနဲ့ အချက်အခြာကျတဲ့ နေရာတွေမှာလည်း CCTV ကင်မရာ ၁၅ လုံးထက်မနည်း တပ်ဆင်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ လေးထောင်ကျော် (၄၀၂၉ ဦး) အသတ်ခံခဲ့ရပြီး၊ နောက်ထပ် လူနှစ်သောင်းနီးပါး(၁၉၈၄၆ ဦး) ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။
RFA Burmese
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊သြဂုတ်လ (၂၂)ရက်မှ (၃၁) ရက်နေ့ထိ
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၂)ရက်မှ (၃၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
ဩဂုတ်လ (၂၂)ရက်မှ (၃၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ကချင်ပြည်နယ်မှ ကလေးငယ် (၂)ဦး အပါအဝင် ဒေသခံ ပြည်သူ (၃၀)ကျော်ကို စစ်အာဏာရှင်တပ်သားများက လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှ ပြည်သူ (၂၀) ဦးကျော် စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့သည်။ ဩဂုတ်လ (၂၆)ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်မှ အမျိုးသမီး (၁)ဦးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့သည်။
စစ်အာဏာရှင်လက်အောက်ခံ အကျဉ်းဦးစီးဌာနက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၃ ဦးကို ပုဒ်မနှစ်ခုနဲ့ ထပ်မံတရားစွဲဆိုခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း အသက်မပြည့်သေးသည့်သူ (၁)ဦး သေဆုံးပြီး (၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ စစ်ကြောင်းထိုး ဝင်ရောက်ပစ်ခတ်မှုများကြောင့် ဒေသခံ ပြည်သူများ (၆) ကြိမ် ထက်မနည်း နေရပ်ဒေသ စွန့်ခွာခဲ့ကြရသည်။
Infogram
ဒိုက်ဦးထောင်တွင် အကျဉ်းသားများကို အကြီးအကျယ် ကန့်သတ်
ပဲခူးတိုင်း ဒိုက်ဦးထောင်ရှိ အကျဉ်းသားများထံ ပြင်ပမှ ပစ္စည်းပို့ခွင့် ၂ ပတ်လျှင် တစ်ကြိမ်သာ ရတော့ပြီး ဟင်းကိုလည်း ၃ မျိုးအထိသာ အရေအတွက် ကန့်သတ်ခံနေရသည်ဟု ဒိုက်ဦးထောင်နှင့် နီးစပ်သူ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။
ထောင်အစားအသောက် ညံ့ဖျင်းသည့်အတွက် မိသားစု၊ မိတ်ဆွေတချို့က ပေးပို့သည့် ရိက္ခာကို ဆက်လက် အားထားနေဆဲဖြစ်ကြောင်း၊ ဤအခြေအနေတွင် ထောင်ဝန်ထမ်းများက အရည်အသွေးမကောင်းသည့် အစားအစာကို ရောင်းချနေကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
“၂ ပတ် ၁ ကြိမ် ဟင်း ၃ မျိုးက ဘယ်လိုမှ မလောက်ဘူး၊ ထောင်ဝင်စာမလာတဲ့သူတွေဆိုရင် အရင်က မျှစားကြရတယ်။ ခုက မျှစားဖို့ မလောက်ဘူး။ သူတို့ (ထောင်ဝန်ထမ်းများ) ရောင်းတာကို ဝယ်စားဆိုတဲ့ ပုံစံမျိုးပဲ။ သူတို့ရောင်းတာကလည်း ဝါးလို့တောင် မရဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော အဆိုပါ နိုင်ကျဉ်းဟောင်းက ပြောသည်။
ယခင်က ထောင်ဝင်စာကို ၁ ပတ် ၁ ကြိမ် ပို့နိုင်ပြီး ဟင်းအရေအတွက်လည်း ကန့်သတ်ချက် မထားခဲ့ပေ။
ယခုအခါ ထောင်တွင်းရုပ်မြင်သံကြား ကြည့်ရှု့ခွင့်၊ တန်းဖွင့်ချိန် အပြင်လမ်းလျှောက်ထွက်ခွင့်နှင့် မိသားစုများထံ စာပေးပို့ခွင့်တို့ကို ပိတ်ပင်ထားသည်ဟု ဆိုသည်။
အကျဉ်းခန်းများအတွင်း နိုင်ငံရေးနှင့် ပတ်သက်သည့် စာအုပ်စာပေမှန်သမျှလည်း အသိမ်းခံနေရသည်ဟု သိရသည်။
ကိုဗစ်အကြောင်းပြပြီး ဧည့်တွေ့ခွင့် ပိတ်ပင်ထားသောကြောင့် မိသားစုနှင့် စာရေးဆက်သွယ်နိုင်သည့် အခွင့်အရေးလည်း အပိတ်ခံလိုက်ရသည်ဟု ဆိုသည်။
“အဓိကပြဿနာကတော့ အိမ်တွေကို စာပို့လို့ မရတော့ဘူး။ အိမ်တွေနဲ့ အဆက်အသွယ်ပြတ်နေတယ်၊ ၁ လဝန်းကျင် ရှိပြီ၊ အိမ်ကစာလည်း မသွင်းပေးတော့ဘူး။ အရင်က တန်းဖွင့်ချိန်ဆိုရင် လမ်းလျှောက်လို့ ရတယ်၊ ပိုက်ကျော်ခြင်းခတ်တာတို့ ရတယ်၊ အခု လုံးဝမရတော့ဘူး” ဟုလည်း နိုင်/ကျဉ်းဟောင်းက ပြောသည်။
ဒိုက်ဦးထောင်သို့ ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်က အရာရှိတစ်ဦးလာစဉ် အင်းစိန်ထောင်မှ ပြောင်းလာသူ နိုင်ငံရေးအကျဉ်းသား ကိုဖြိုးအောင်က ခေါင်းငုံ့မထိုင်မိ၍ ရိုက်နှက်၊ တိုက်ပိတ်ခံခဲ့ရသည်။ ကိုဖြိုးအောင်ဘက်မှ ကာကွယ်ပြောဆိုခဲ့သူ အခြားနိုင်ကျဉ်း ၇ ဦးလည်း တိုက်ပိတ်ခံရသည်။
တိုက်ပိတ်ခြင်းဆိုသည်မှာ အလင်းရောင်နှင့် လေဝင်လေထွက် မရှိသလောက် နည်းပါးသည့် အခန်းကျဉ်းအတွင်း ထည့်သွင်း ပိတ်လှောင်ထားခြင်း ဖြစ်သည်။
အဆိုပါ ၈ ဦးအနက်မှ ၅ ဦးမှာ ဒိုက်ဦးထောင်၊ အဆောင် ၁ သို့ ပြန်ရောက်လာသည်။ ဆက်လက် တိုက်ပိတ်ခံထားရဆဲ ၃ ဦး မည်သူမည်ဝါဖြစ်သည်ကို မသိရသေးပေ။
“သူတို့ကို လူခွဲပစ်လိုက်တယ်” ဟု ဒိုက်ဦးထောင်နှင့် နီးစပ်သူ နိုင်/ကျဉ်းဟောင်းက ပြောသည်။
ဒိုက်ဦးထောင်မှ နိုင်ကျဉ်း ၄၀ နီးပါးကို ဇွန် ၂၇ တွင် သာယာဝတီထောင်နှင့် အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။
ထိုပြောင်းရွှေ့မှုတွင် နိုင်ကျဉ်းတချို့ ထွက်ပြေးသည်ဆိုကာ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည်။ ထိုအထဲမှ သေဆုံးပြီဟု မိသားစုက အတည်ပြုစာရသူ ၁၀ ဦးအထိ ရှိလာပြီး သတင်းပျောက်နေသူ ၂ ဦး ရှိနေသည်။
ထိုဖြစ်စဉ်နောက်ပိုင်း အောက်ခြေအကျဉ်းဦးစီးဝန်ထမ်းများကို လူသစ်များဖြင့် အစားထိုးလိုက်သည်ဟု သိရသည်။
စစ်သည်၊ စစ်အရာရှိများထဲမှ ထောင်ဝန်ထမ်းအဖြစ် အသွင်ပြောင်းလိုက်သူများ ဒိုက်ဦးထောင်သို့ ပြောင်းရွှေ့လာသည်ဟု သိရကြောင်း နိုင်ကျဉ်းဟောင်းက ပြောသည်။
“အရင်ဝန်ထမ်းတွေ ဘယ်ရောက်သွားလဲ မသိဘူး၊ အခု အကုန် အသစ်တွေချည်းပဲ၊ အသွင်ပြောင်းတွေ ရောက်နေတယ် ကြားတယ်၊ အကျဉ်းသားတွေနဲ့လည်း ဆက်သွယ်မခံဘူး” ဟု သူက ပြောသည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုလည်း အကျဉ်းထောင်များ၏ အခြေအနေ ဝင်ကြည့်ခွင့် ပိတ်ပင်ထားရာ အကျဉ်းသားများအခွင့်အရေး ကန့်သတ်ခံရမှု ပိုမိုများပြားလာသည်။
မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများကို လက်ကိုင်ဖုန်း အသုံးပြုသည်ဟု စွပ်စွဲကာ ပြီးခဲ့သည့် မေ ၂၁ က စတင်၍ ရက် ၁၀၀ စီမံချက်ချကာ နေ့စဉ် ရိုက်နှက်၊ နှိပ်စက် တိုက်ပိတ်စစ်ဆေးနေသည်ဟု မြင်းခြံအကျဉ်းထောင် သတင်းရင်းမြစ်များက Myanmar Now ကို ပြောသည်။
မြင်းခြံထောင်တွင် စစ်ကောင်စီကို ပုန်ကန်မှု၊ တရားမဝင်အသင်းကို ဆက်သွယ်မှု အစရှိသည့် နိုင်ငံရေးပုဒ်မများဖြင့် အကျဉ်းချခံထားရသူ အမျိုးသားနှင့် အမျိုးသမီးပေါင်း ၈၀၀ ကျော်ရှိသည်။
အကြမ်းမဖက်ဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဆရာဝန်တချို့၊ မန္တလေးတိုင်းမှ ရဲအရာရှိတစ်ဦး၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့လည်း မြင်းခြံထောင်တွင် ရှိနေသည်။
သေဒဏ်ကျနေသော ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှ လူငယ် ၁၇ ဦး၊ တရားမဝင်အသင်း ဆက်သွယ်မှုဖြင့် အဖမ်းခံနေရသည့် မြင်းခြံမြို့ခံများဖြစ်သော ဒေါက်တာရဲဇင်အောင်၊ ဒေါက်တာရဲဝင့်သူ၊ ဒေါက်တာဇော်မျိုးဟိန်းတို့အပြင် မန္တလေးအခြေစိုက် ဧရာဝတီသတင်းဌာန ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော်တို့လည်း မြင်းခြံထောင်တွင် ရှိနေသည်။
ဩဂုတ်လ ၁ ရက်တွင် အကျဉ်းသား ၇,၀၀၀ ကျော်ကို စစ်ကောင်စီက ခြွင်းချက်ဖြင့် လွှတ်ပေးရာ ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသား အနည်းငယ် ပါဝင်ခဲ့သည်။ ယခင်ကလည်း အရေအတွက် ထောင်နှင့်ချီ ပြန်လွှတ်ရာတွင် နိုင်ကျဉ်းပါဝင်မှု နည်းပါးသလို လွတ်ရက်စေ့ချိန် နီးနေသည့် နိုင်ကျဉ်းများကို လွှတ်ပေးခြင်း ဖြစ်သည်။
အကျဉ်းသားများကို မိသားစုနှင့် အဆက်ဖြတ်ထားရာ အကျဉ်းသားများ၏ ကျန်းမာရေးနှင့် သတင်းအချက်အလက်များကို ပြင်ပရှိ မိသားစုဝင်တို့ သိရှိရန် ခက်ခဲနေဆဲဖြစ်သည်။
Myanmar Now News