မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် နိုင်ငံတကာအဖွဲ့တစ်ခုဖြစ်သော Lutheran World Federation (LWF) သည် လုပ်ခလစာအရေး ရုံးတွင်း သပိတ်မှောက်ကြသည့် ရခိုင်ပြည်နယ် စစ်တွေရုံးခွဲမှ ဝန်ထမ်း ၈၀ ကို စက်တင်ဘာ ၄ ရက်တွင် တစ်ပြိုင်နက်တည်း အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း ဝန်ထမ်းများထံမှ သိရသည်။

ဝန်ထမ်းများက ယူရိုငွေကြေးဖြင့် ရရှိသည့် ၎င်းတို့လစာအတွက် ယူရို-ကျပ် ငွေလဲနှုန်းကို စျေးကွက်ပေါက်စျေးဖြင့် တွက်ချက်ရန် တောင်းဆိုခဲ့သော်လည်း အဖွဲ့အစည်းက စစ်ကောင်စီ ဗဟိုဘဏ်၏ သတ်မှတ်ငွေလဲနှုန်းဖြင့်သာ တွက်ချက်ပေးချေသဖြင့် အငြင်းပွားခဲ့ကြခြင်းဖြစ်သည်။

ဥရောပနိုင်ငံများတွင် အသုံးပြုသည့် ယူရိုငွေကြေး၏ စက်တင်ဘာ ၈ ရက် ယနေ့တွင် စျေးကွက်ပေါက်စျေးအရ ၁ ယူရိုလျှင် ၃၇၁၅ ကျပ်အထိ ရှိနေသော်လည်း စစ်ကောင်စီသတ်မှတ်ချက်တွင် ၁ ယူရိုလျှင် ၂၂၅၀ ကျပ် ပြား ၃၀ သာရှိသည်။

“အခုက ငွေလွှဲနှုန်းတွေလည်း တက်လာတယ်။ မြန်မာငွေတန်ဖိုးကလည်း အရမ်းကျလာတယ်။ ကုန်စျေးနှုန်းတွေလည်း အရမ်းစျေးကြီးလာတယ်။ ပြီးတော့ စစ်တွေမှာဆိုရင်လည်း မိုခါဆိုင်ကလုန်း တိုက်ပြီးတဲ့နောက် အဆမတန်စျေးတွေတက်သွားတယ်” ဟု ငွေလဲနှုန်း ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ရသည့် အကြောင်းပြချက်ကို အလုပ်ထုတ်ခံ LWF ဝန်ထမ်းတစ်ဦးက ပြောသည်။

ငွေလဲနှုန်းကို ပြင်ဆင်ပေးရန် တောင်းဆိုချက်ကို LWF က ငြင်းဆန်ခဲ့ပြီးနောက် ဝန်ထမ်းတို့က သြဂုတ် ၁၄ မှ ၁၈ အထိ ရုံးတွင်း အသံတိတ်ဆန္ဒပြကြကြောင်း ၎င်းက ဆိုသည်။

Facebook ပေါ်မှ စစ်တွေ LWF ဝန်ထမ်းများ၏ လုပ်ခလစာအရေး လှုပ်ရှားမှု။

တောင်းဆိုချက် မအောင်မြင်သဖြင့် သပိတ်ကို နောက်ထပ်သီတင်းနှစ်ပတ် ထပ်တိုးချိန်တွင် ဆန္ဒပြဝန်ထမ်း ၈၀ ကို အလုပ်ထုတ်ကြောင်း LWF ၏ မြန်မာပြည်ဆိုင်ရာတာဝန်ခံက E-mail မှတစ်ဆင့် အကြောင်းကြားခဲ့သည်ဟု သူက ပြောသည်။

အလုပ်ထုတ်ခံရသူများထဲမှ အခြားအမျိုးသမီးတစ်ဦးကလည်း ဝန်ထမ်းများ အနိုင်ကျင့်ခံရခြင်းဖြစ်သည်ဟု ပြောသည်။

“ကျွန်မတို့ရဲ့ တောင်းဆိုချက်ကို စာနာမှုရှိရှိနဲ့ မဖြေရှင်းပေးဘဲနဲ့ အခုလိုမျိုး အာဏာသုံးပြီးတော့မှ အကြမ်းနည်းနဲ့ ကျွန်မတို့ကို အခုလိုမျိုး ထုတ်ပယ်လိုက်တဲ့အတွက်ကြောင့်မို့လို့ မတရားဘူးလို့ ခံစားရပါတယ်” ဟု သူက ပြောသည်။

စစ်တွေမြို့ရှိ အဆိုပါရုံးတွင် ဝန်ထမ်း ၉၀ ကျော်ရှိပြီး အသံတိတ်သပိတ်ဆန္ဒပြရာတွင် မူလက အားလုံးပါဝင်ခဲ့ကြ သော်လည်း နောက်ပိုင်းတွင် ၈၀ သာ ဆက်လက် ပါဝင်ခဲ့သည်။ အလုပ်ပယ်ခံရသူများမှာ အမျိုးသမီး ၃၇ ဦး၊ အမျိုးသား ၄၃ ဦးတို့ဖြစ်သည်။ ထိုအထဲတွင် နို့တိုက်မိခင် ၄ ဦး၊ ကိုယ်ဝန်ဆောင် ၄ ဦး ပါဝင်သည်ဟု ဆိုသည်။

LWF ဘက်က အဆိုပါဖြစ်ရပ်အတွက် စက်တင်ဘာ ၈ မြန်မာစံတော်ချိန် ညနေ ၅ နာရီအထိ တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။

Myanmar Now က LWF ၏ ရန်ကုန်ရုံးထံ တယ်လီဖုန်း၊ အီးမေးတို့ဖြင့် ဆက်သွယ်ခဲ့သော်လည်း အကြောင်းပြန်ကြားမှု မရသေးပါ။ LWF သည် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

Myanmar Now News

အကျဉ်းဦးစီးညွှန်ကြားရေးမှူးချုပ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးမျိုးဆွေဆိုသူ တာဝန်ယူပြီးနောက်တွင် နိုင်ငံအနှံ့အပြားရှိ အကျဉ်းထောင်အသီးသီးတွင် ဖိနှိပ် ကန့်သတ်မှုများ ပို၍ဆိုးလာကြောင်း စုံစမ်းသိရှိရသည်။

နိုင်ငံအနှံ့ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံနေရချိန်တွင် စစ်ကောင်စီ၏ အကျဉ်းထောင်များကို စီမံခန့်ခွဲရန် ဇူလိုင်လအတွင်း ဦးမျိုးဆွေကို ညွှန်ချုပ်အသစ်အဖြစ် စစ်ကောင်စီက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် အကျဉ်းဦးစီးဌာနသို့ ပြောင်ရွှေ့လာသည့် ဗိုလ်ကြီးအဆင့် ၂၀ ဝန်းကျင်ရှိပြီး အကျဉ်းထောင်များတွင် ဦးစီးအရာရှိနှင့် အဆင့်တူရာထူးများ ထမ်းဆောင်နေကြောင်း စုံစမ်းသိရှိထားသည်။

ထိုသို့ ညွှန်ချုပ်ပြောင်းပြီးနောက် ဩဂုတ်လကုန်ပိုင်းမှစ၍ နိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် ထောင်ဝင်စာ အစားအစာပေးပို့နိုင်သည့် ပမာဏကိုပါ ကန့်သတ်ကာ ထောင်တွင်းစည်းမျဉ်းစည်းကမ်းများကိုလည်း တင်းကျပ်၊ ရုပ်မြင်သံကြားကြည့်ခွင့်၊ စာအုပ်စာပေဖတ်ရှုခွင့်၊ လမ်းလျှောက်ခွင့်များကိုပါ ထိန်းချုပ်လိုက်သည်ဟု နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များထံမှ သိရသည်။

ရန်ကုန်မြို့ အင်းစိန်၊ မန္တလေးတိုင်း မြင်းခြံ၊ အိုးဘို၊ ပဲခူးတိုင်း ပဲခူး၊ ဒိုက်ဦး၊ သာယာဝတီ၊ တောင်ငူ၊ တနင်္သာရီတိုင်း ထားဝယ်၊ မကွေးတိုင်း သရက်၊ စစ်ကိုင်းတိုင်း မုံရွာထောင်များသို့ ရောက်နေသည့်၊ ထောင်ဝင်စာပုံမှန်ပို့ပေးနေရသည့် နိုင်ကျဉ်းမိသားစုဝင် ၇ ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ခြင်းဖြစ်သည်။

အစားအသောက် ၁၅ ရက်တစ်ကြိမ် ပို့ခွင့်ပြုရာတွင် ဟင်းလျာ၊ မုန့်၊ ကော်ဖီထုပ် အရေအတွက်ပမာဏကို လျှော့ချကန့်သတ်ထားသလို မိသားစုကို စာဖြင့် အပြန်အလှန်ဆက်သွယ်ခွင့် မရေရာမသေချာဖြစ်နေကြောင်း ၎င်းတို့ထံမှ သိရသည်။

“(ထောင်ဝင်စာပို့ရင်) သန်းခေါင်စာရင်းအစစ်၊ မှတ်ပုံတင်အစစ် အကုန်ပြရတယ်၊ မိသားစုဝင်ကလွဲလို့ တခြားသူ ဘယ်သူမှ ပေးလို့မရတော့ဘူး၊ အရင်က မိတ္တူပဲလိုတာ၊ အခုလပိုင်းထဲမှာ ဖြစ်သွားတာ” ဟု စစ်ကောင်စီဆန့်ကျင်မှု စွဲချက်ဖြင့် အင်းစိန်ထောင်တွင် အကျဉ်းကျနေသည့် မိသားစုဝင်နှစ်ဦးကို ထောင်ဝင်စာပုံမှန်ပို့နေသူ ဒေါ်နီ*က ပြောသည်။

သစ်သီးကို ယခင်က အမျိုးအမည်နှင့် အရေအတွက် သင့်တော်သလို ပို့ခွင့်ရနေရာမှ စက်တင်ဘာ ၆ရက်က အင်းစိန်ထောင်သို့ ထောင်ဝင်စာသွားပို့ရာတွင် ၁ မျိုးသာ ခွင့်ပြုတော့ကြောင်း၊ ခေါက်ဆွဲခြောက် ၁၀ ထုပ်မှ ၅ ထုပ်၊ ကော်ဖီမစ် အထုပ် ၃၀ မှ ၁၅ ထုပ် လျှော့ချသလို ပို့ပေးနိုင်သည့် ဟင်းလျာပမာဏကိုလည်း ထောင်ဝန်ထမ်းများက ထင်သလို သတ်မှတ်ထားကြောင်း  ၎င်းက ဆက်ပြောသည်။

ထောင်ထဲတွင် ရှိနေသူ ရေးထားသည့်စာကို ဖတ်လိုသော်လည်း စာက ပြင်ပသို့ ရောက်မလာနိုင်သေးဟု ဆိုသည်။

“အမိန့်မချခင်က စာရေးထားတယ် တဲ့။ ထုတ်လိုက်ပါဆိုတာ ခုထိ ထုတ်မရဘူး။ ကိုယ်ကသာ စာထည့်ခဲ့တာ သူ့ဆီက စာလေးဖတ်ချင်လို့ကို ထုတ်မရခဲ့ဘူး။ လမ်းကြောင်းရှိလို့၊ လူကြီးလာနေလို့နဲ့ စောင့်နိုင်ရင် ညနေထိစောင့်တဲ့” ဟု ဒေါ်နီက ဆိုသည်။

နိုင်ငံအနှံ့အပြားအအကျဉ်းသားများကို အသက်သေဆုံးသည်အထိ ထင်သလို ပြုမူနေသည့် စစ်ကောင်စီက အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်အထိ အကျဉ်းသားများနှင့် မိသားစုတို့ သတ်မှတ်ရက်အတိုင်း ပုံမှန်တွေ့ဆုံခွင့်ကို ကိုဗစ်ကပ်ဘေး အကြောင်းပြပြီး ပိတ်ပင်ထားဆဲ ဖြစ်သည်။

ထိုအခြေအနေတွင် အကျဉ်းထောင်များအတွင်း ဖြစ်ပျက်နေသည့် ဖိနှိပ်မှုအခြေအနေများကို သိနိုင်ရန်၊ ကိုယ့်မိသားစုဝင် အကျဉ်းသား၏ ကျန်းမာရေး၊ နေရေး၊ စားရေး အခြေအနေများကို သိနိုင်ရန် အပြန်အလှန်စာပို့ခွင့်ကိုသာ မိသားစုက အားထားနေရသည်။ သို့သော် ထိုအခွင့်အရေးကိုပါ စစ်ကောင်စီက မရေမရာလုပ်ထားလိုက်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ တာဝန်ခံအမျိုးသားတစ်ဦးက “အရင်က မိသားစုဆီကို ထောင်က ထုတ်ပေးတဲ့ စာရွက်နဲ့ရေး၊ ထောင်တံဆိပ်တုံးနဲ့၊ ထောင်ပိုင်ခွင့်ပြုချက်နဲ့ ပို့လို့ရတယ်၊ ခုသိသလောက် ၂ လဝန်းကျင်ရှိပြီ၊ အဲ့လို ထုတ်လို့မရတော့ဘူး။ စစ်တပ်အုပ်စုက အားလုံးကို အပြစ်ပေးတဲ့ပုံစံလုပ်တာပဲ” ဟု ပြောသည်။

ယခင်စစ်အာဏာရှင်များဖြစ်သည့် ဦးနေဝင်း၊ ဦးသန်းရွှေတို့က မိသားစုတစ်စုတွင် နိုင်ငံရေးလုပ်သူတစ်ဦးရှိလျှင် ထိုသူကိုသာ အပြစ်ရှာ ဖမ်းဆီးထောင်ချခဲ့သော်လည်း လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိသားစုနှင့်ဆွေမျိုးများကိုပါ ဒုက္ခပေးနေသည်ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီသည် ၎င်းတို့အလိုရှိသူကို မမိလျှင် မိသားစုဝင်များကို ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ကိုပါ လုပ်သလို ယခုအခါတွင် အကျဉ်းထောင်တွင်းရှိသူများနှင့် မိသားစုတို့ကိုပါ ဆက်သွယ်မှုပြတ်တောက်စေရန် ရည်ရွယ်ချက်ရှိရှိ စီမံလာသည်ဟု အထက်ပါ AAPP တာဝန်ရှိသူက ဆိုသည်။

“ထောင်ထဲကလူကိုလည်း စိတ်ပိုင်း၊ ရုပ်ပိုင်း ညှဉ်းပန်းနှိပ်စက်မှုလုပ်သလို မိသားစုကိုလည်း လုပ်တယ်။ စဉ်းစားကြည့် … ကိုယ့်မိသားစုဝင် ထောင်ထဲရောက်နေတာကို တစ်ကြိမ်မှ မတွေ့ရဘူး၊ ဘာဖြစ်နေမှန်းလဲ မသိရဘူးဆိုတာ အပြင်က မိသားစုက ဘယ်လောက်စိုးရိမ်ပူပန်နေမလဲ​၊ ဒါစကားလုံးနဲ့တောင် ပြောပြဖို့မလိုဘူး”

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ တွင် ပြန်လည် လွတ်မြောက်လာသူ သတင်းထောက် မအလှလေးသူဇာက နိုင်ငံရေးအကျဉ်းသားများအနေဖြင့် အိမ်မှ ပို့သော ထောင်ဝင်စာပါဆယ်ကိုသာ အဓိကထား စားသောက်နေရသည်ဟု ဆိုသည်။

“ထောင်က ကျွေးတဲ့ အစားအစာဆိုတာ လုံးဝစားမရဘူး၊ အတော်ဆိုးတယ် သူတို့ချက်တာတွေက။ အကျဉ်းသားတွေက လူချင်းလည်း တွေ့မရတော့ မိသားစုကို ဘာလေးထည့်ပေးပါဆိုပြီး ပြောမရဘူး၊ ပို့လာတာပဲ စားရတာ။ ဒါလည်း မိသားစုပို့တာ ရောက်လားမရောက်လား မသိရဘူး၊ ထောင်ထဲမှာ ငတ်နေတဲ့သူတွေအများကြီးပဲ” ဟု သူက ဆိုသည်။

သူသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂ တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရသည်။ အင်းစိန်ထောင်တွင် ၁၆ လကျော်ကြာ နေထိုင်ခဲ့ရသူဖြစ်သည်။

အင်းစိန်အကျဉ်းထောင်တွင် သူရှိစဉ်က တနင်္ဂနွေ-ကြက်ဥ ၂ လုံး၊ တနင်္လာ – ကြက်ဥ ၁ လုံး၊ အင်္ဂါ-ငါးမုတ်ဟင်း၊ ဗုဒ္ဓဟူး- ကြက်သားဟင်း၊ ကြာသပတေး- ချဉ်ရည်ဟင်း၊ သောကြာ-ငါးတန်ဟင်း၊ စနေ-ချဉ်ရည်ဟင်းတို့ စားသောက်ရသည်ဟု ပြောပြသည်။

“ကြက်ဥဆိုတာလည်း အရည်အသွေးမမီဘူး၊ ငါးမုတ်ဟင်းဆိုတာလည်း တော်ရုံမစားနိုင်ဘူး၊ ကြက်သားဆိုလဲ​ အမွေးတွေနဲ့ စားလို့အဆင်မပြေဘူး” ဟု မအလှလေးသူဇာက ဆိုသည်။

ပဲခူးတိုင်းရှိ ပဲခူးထောင်၊ ဒိုက်ဦးထောင်နှင့် မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်တို့တွင်မူ စက်တင်ဘာလမှစပြီး ဟင်းလျာ ၃ မျိုးသာ ခွင့်ပြုတော့သည်ဟု စုံစမ်း သိရှိရသည်။ ခွင့်ပြုပစ္စည်းအရေအတွက် လျှော့ချလိုက်ခြင်း၊ မိသားစုဝင်မှတစ်ပါး အခြားသူ ပစ္စည်းပို့ဆောင်ခွင့် မရခြင်းတို့မှာ အကျဉ်းထောင်များအားလုံးတွင် ဖြစ်ပေါ်နေသော အခြေအနေဆိုးများ ဖြစ်သည်။

မြင်းခြံထောင်တွင် ဟင်းလျာအကြော်အလှော်ကို ၃ မျိုး စုစုပေါင်းအလေးချိန် ငါးဆယ်သားခန့်သာ အများဆုံးပို့ခွင့်ပြုသဖြင့်  ရန်ကုန်၊ မန္တလေးကဲ့သို့ ဝေးလံသည့် ဒေသများမှ တကူးတက ထောင်ဝင်စာလာပို့ရသည့် မိသားစုဝင်များ အခက်အခဲကြုံရသည်ဟု ကိုယ်တိုင်ကြုံခဲ့ရသည့် နိုင်ကျဉ်းမိခင်တစ်ဦးက ပြောသည်။

“အစ်မဆိုရင် မန္တလေးက ပို့ရတော့ ၂ ပတ်တစ်ကြိမ် မသွားနိုင်ဘူး။ ဒီတော့ မြေပဲကြော်၊ ပဲလှော်ဆိုလည်း အမက တစ်ခါတည်း ၂ ပိဿာ၊ ၃ပိဿာ၊ အမဲသားကြော်ဆိုလည်း တစ်လစာ ၂ ပိဿာခွဲ အဲဒီလိုမျိုးတွေ ပို့ရတယ်။ အခုကျတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး” ဟု သူက ပြောသည်။

“ထောင်ဝင်စာ တစ်ခါသွားရင် ကားခကိုက သုံးသောင်း၊ စားစရိတ်နဲ့ဆို ငါးသောင်းလောက် ရှိတယ်။ အခု လိုသလောက်လည်း ပို့မရတော့ဘူးဆိုတော့ မသွားနိုင်တော့ဘူး”

မြင်းခြံအကျဉ်းထောင်တွင် နိုင်ကျဉ်းများကို လက်ကိုင်ဖုန်းအသုံးပြုသည်ဟု စွပ်စွဲပြီး ပြီးခဲ့သည့် မေ ၂၁ မှ အစပြုကာ ရက်၁၀၀ စီမံချက်ဖြင့် နေ့စဉ် ရိုက်နှက်၊ နှိပ်စက် တိုက်ပိတ်စစ်ဆေးနေသည်ကို ဩဂုတ် ၂၁ တွင် Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။

မြင်းခြံထောင်တွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် မန္တလေး၊ မြင်းခြံ၊ တောင်သာတို့မှ နိုင်ကျဉ်း ၈၀၀ ကျော် ရှိနေသည်။

ပဲခူးထောင်တွင်မူ ထောင်ဝင်စာပါဆယ်ကို ဟင်း ၂ မျိုး၊ ကော်ဖီထုပ် ၇ ထုပ်သာ ခွင့်ပြုတော့ကြောင်း၊ အကျဉ်းသားတစ်ဦးလျှင် ထောင်အင်္ကျီ ၃ စုံ၊ အပြင်အင်္ကျီ ၁ စုံ၊ စောင် ၄ ထည်၊ ရေချိုးရန်၊ ထမင်းစားရန် ကိစ္စနှစ်ရပ်ပေါင်း ကော်ခွက်တစ်လုံးသာ လက်ဝယ်ထားခွင့်ပြုတော့ကြောင်း ထိုထောင်မှ မကြာသေးမီက လွတ်မြောက်လာသည့် အသက် ၄၀ ကျော်အရွယ်  အမျိုးသားတစ်ဦးက ပြောသည်။

“အရင်က စိတ်ကြိုက်ယူထားလို့ရတယ်။ ပြီးခဲ့တဲ့တစ်ပတ် (ဩဂုတ်လကုန် ထောင်တွင်း) ရှာဖွေရေးအပြီးမှာ အဲဒီလိုဖြစ်သွားတာ” ဟု အဆိုပါ နိုင်ကျဉ်းဟောင်းက ပြောသည်။

ထောင်တွင်းရှိ အဆောင်များတွင် သမံတလင်းနှင့် ကပ်နေသည့် သစ်သားကြမ်းခင်း ခင်းထားသဖြင့် အကျဉ်းသားများမှာ စောင် လေးငါးထည်ကို ထပ်ပြီး မွေ့ရာပမာ အသုံးပြုနေရကြောင်း၊ ပစ္စည်းများ လက်ဝယ်ထားရှိခွင့် ကန့်သတ်လိုက်၍ ဒုက္ခတွေ့ကြမည်မှာ မလွဲမသွေဖြစ်ကြောင်း ထိုသူက ဆက်ပြောသည်။

နိုင်ငံအနှံ့အပြားရှိ ထောင်များကို စစ်ကောင်စီက တစ်ပြိုင်တည်း ကြပ်မတ် ကန့်သတ်လိုက်ခြင်းသည် တိုက်ဆိုင်မှုမဟုတ်ဟု AAPP မှ အထက်ပါတာဝန်ရှိသူက မှတ်ချက်ပြုသည်။

“ရည်ရွယ်ချက်ရှိရှိကို လုပ်တာ၊ မင်းဒီနေရာမှာ ဒီရာထူးယူ၊ ဒါသွားလုပ် ဆိုပြီးကို သေချာကို တာဝန်ပေးခိုင်းတာပဲ​။ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ်ဖို့ သေချာပြင်ဆင်ပြီးလုပ်တဲ့ နည်းဗျူဟာပဲ​၊ ဒါရှင်းပါတယ်”

လက်ကိုင်ဖုန်းများရှာတွေ့သည်ဆိုသော အကြောင်းပြချက် ဖြင့် ထောင်အာဏာပိုင်အချို့ အရေးယူခံရခြင်း၊ နိုင်ကျဉ်းအများအပြား နှိပ်စက်ဖိနှိပ်ခံရခြင်းများ ပေါ်ပေါက်နေချိန်တွင် စစ်တပ်က ထောင်တချို့ကို တိုက်ရိုက်ဝင်၍ အုပ်ချုပ်နေကြောင်း၊ အရပ်သားအကျဉ်းဦးစီးဝန်ထမ်းများမှာ အကျဉ်းသားများနှင့် စကားပင် မပြောရဲသည့် အခြေအနေဖြစ်နေကြောင်း ထောင်တွင်းသတင်းရင်းမြစ်များနှင့် နီးစပ်သည့် နိုင်ကျဉ်းဟောင်း နောက်တစ်ဦးကလည်း ပြောသည်။

https://myanmar-now.org/mm/news/39402/embed/#?secret=qbzgzuaHGv#?secret=WEjqJiFJts

ထိုသို့ အကျဉ်းသားများနှင့် မိသားစုဝင်တို့ကို အဆက်အသွယ်ဖြတ်တောက်ထားချိန်တွင် ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်၌ အာဏာသိမ်းမှုဆန့်ကျင်သည့် အကျဉ်းသား ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ထောင်ပြောင်းမည်ဟု ခေါ်ထုတ်ကာ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ပေါ်ပေါက်ခဲ့ဖူးသည်။

စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းပြီးနောက် သုံးနှစ်နီးပါးအတွင်း စစ်တပ်ဆန့်ကျင်သူ နှစ်သောင်းလေးထောင်ကျော် ဆက်လက် ဖမ်းဆီးခံထားရကြောင်း၊ စစ်တပ်ကြောင့် အသက်ဆုံးရှုံးသူ ၄၀၀၀ ထက်မနည်းရှိကြောင်း AAPP က စက်တင်ဘာလဆန်းတွင် ထုတ်ပြန်ထားသည်။

နိုင်ငံအနှံ့အပြားရှိ အကျဉ်းထောင်များအတွင်း ဖြစ်ပျက်နေသည့် အခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီက ရေငုံနှုတ်ပိတ်နေလေ့ရှိသည်။

Myanmar Now News

စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသား ၅၀ အထိ ရှိလာပြီး ထိုအထဲတွင် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်လည်း ပါဝင်လာသည်ဟု သိရသည်။ စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်တို့က ထောင်ဝင်စာများ ကန့်သတ်ထားသည့်အပြင် အကျဉ်းထောင်အတွင်း ခွင့်ပြုချက်ဖြင့် သွင်းယူထားသည့် ပစ္စည်းများကိုပါ သိမ်းဆည်းသွားသည့်အတွက် ကန့်ကွက် ဆန္ဒပြနေကြခြင်းဖြစ်သည်။ စက်တင်ဘာ ၈ တွင် စစ်ကောင်စီ၏ စစ်တပ်၊ ရဲ၊ အထွေထွေအုပ်ချုပ်ရေးဌာန၊ မီးသတ်တို့ ပါဝင်သည့် အထူးရှာဖွေရေးအဖွဲ့က မုံရွာထောင်သို့ ဝင်ရောက်၍ အကျဉ်းသားများ၏ စာအုပ်များ၊ အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းလိုက်ကြသည်။ ထို့နောက် စက်တင်ဘာ ၉ တွင် အစာငတ်ခံသပိတ်ကို နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက ကနဦးစတင်ခဲ့ကြသည်။ သိမ်းသွားသည့် အကျဉ်းသားများပိုင်ပစ္စည်းများ ပြန်ပေးရန်၊ ထောင်ဝင်စာပါဆယ်များ လွတ်လပ်စွာပို့ခွင့်ပြုရန်နှင့် ကျန်မာရေးမကောင်းပါက အပြည့်အဝတာဝန်ယူဖြေရှင်းပေးရန်တို့ကို တောင်းဆိုခဲ့ကြသည်။ သို့သော် အစာငတ်ခံဆန္ဒပြနေသူတို့၏ တောင်းဆိုချက်များကို ထောင်အာဏာပိုင်တို့က လိုက်လျောခြင်း မရှိသောကြောင့် မုံရွာလူထုသပိတ်ခေါင်းဆောင်ဖြစ်သူ ကိုဝေမိုးနိုင်အပါအဝင် အခြားနိုင်ငံရေးအကျဉ်းသား ၃၆ ဦးက ထပ်မံပူးပေါင်းကာ အစာငတ်ခံ ဆန္ဒပြနေကြသည်ဟု Myanmar Now ၏ သတင်းရင်းမြစ် ၂ ဦးက ပြောသည်။

Myanmar Now News

ဥက္ကဌကြီးနှင့်

ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား …

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရားရဲ့ ပဉ္စမနှစ်ပတ်လည် အစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီထံ တင်သွင်းခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါ တယ်။ မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေ တိုးမြင့်လာတဲ့ အကြောင်းကို ဒီလူ့အခွင့်အရေးကောင်စီမှာ ကျွန်တော် မနှစ်ကအစီရင်ခံခဲ့ပါတယ်။ ဝမ်းနည်းစွာပဲ၊ ဒီစစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှု အကြိမ်ရေနဲ့ ပြင်းထန်မှုက ပြီးခဲ့တဲ့လတွေအတွင်းမှာ ပိုမြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ပြင်းထန်တဲ့လေကြောင်း ဗုံးကြဲမှုတွေနဲ့ အရပ်သားတွေကို မရှောင် ရှားတဲ့ ပစ်ခတ်မှုတွေကို ကျွန်တော်တို့ ပိုမြင်တွေ့ခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှု တွေကြောင့် ကလေးငယ်တွေ အပါအဝင် အပြစ်မဲ့အရပ်သားတွေ သေဆုံးခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သားတွေကို ကွပ်မျက်ခြင်း အပြင် နေအိမ်နဲ့ရွာတွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ခြင်းတွေလည်း ပိုတိုးလာတာကို တွေ့ရပါတယ်။ တရားဥပဒေမဲ့ဖမ်းဆီးမှု အရေအတွက်လည်း မြင့်တက်လာပြီး အကျဉ်းသားအချို့ကို ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ အခြား ဆိုးရွားတဲ့ဆက်ဆံမှုတွေ ကျူးလွန်ခဲ့တဲ့အကြောင်း ခိုင်လုံတဲ့အထောက်အထားတွေ ကျွန်တော်တို့ စုဆောင်းရရှိထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ယန္တရားရဲ့ စုံစမ်းမေးမြန်းမှုလုပ်ငန်းတွေကို ဒေသအများအပြားမှာ ချဲ့ထွင်ဆောင်ရွက် နေပါတယ်။ တဖက်မှာလည်း ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်ကျူးလွန်မှုတွေနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထား စုဆောင်းခြင်းနဲ့ စိစစ်သုံးသပ်ခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်နေဆဲပါ။ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတဲ့ ရွာမီးရှို့မှုတွေ၊ အရပ်သားတွေကို တိုက်ခိုက်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်တဲ့ ခိုင်လုံတဲ့ အထောက်အထားတွေကို ကျွန်တော်တို့ စုဆောင်းထားပါတယ်။ ကျွန်တော်တို့ စုဆောင်းရရှိထားတဲ့ အထောက်အထားတွေအနက် မြောက်မြားစွာသော လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုတွေဟာ အထူး ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်ပါတယ်။

ဥက္ကဌကြီးခင်ဗျား

လွန်ခဲ့တဲ့နှစ်အတွင်း လူပုဂ္ဂိုလ်တစ်ဦးချင်းစီနဲ့ အဖွဲ့အစည်းတွေထံက မကြုံဖူးလောက်အောင် များပြားလှတဲ့ အထောက်အထားနဲ့ အချက်အလက်တွေ ကျွန်တော်တို့ စုဆောင်းရရှိထားပါတယ်။ ဒီလောက် ပမာဏများများရရှိမယ်လို့ မမျှော်လင့်ခဲ့တာ အမှန်ပါ။ အလုပ်တာဝန်များလာပြီး အရင်းအမြစ်တွေမှာလည်း ကန့်သတ်ချက်တွေရှိနေတာကြောင့် ယန္တရားဟာ ထိခိုက်နစ်နာသူတွေအပေါ် သက်ရောက်မှုအပြင်းထန်ဆုံးနဲ့ အကြီးလေးဆုံးရာဇ၀တ်မှုတွေကိုသာ မဟာဗျူဟာကျကျ ရွေးချယ်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းဝင်ရောက်ခွင့်မရခြင်းက ကျွန်တော်တို့အတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေဆဲပါ။ နိုင်ငံတွင်းဝင်ရောက်ခွင့်ပြုပေးဖို့၊ အချက်အလက်တွေမျှဝေပေးဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် စစ်တပ်အာဏာပိုင်တွေ ကျွန်တော်တို့ရဲ့ တောင်းဆိုမှုတွေကို လျစ်လျူရှုထားဆဲဖြစ်ပါတယ်။ သက်သေတွေနဲ့ အချက်အလက်ပေးသူတွေ ရှိနေတဲ့ အခြားနိုင်ငံတွေမှာ စုံစမ်းစစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်ရာမှာလည်း စိန်ခေါ်မှုတွေ ရှိပါတယ်။

ဒီစိန်ခေါ်မှုတွေကို တစိတ်တပိုင်းဖြေရှင်းဖို့အတွက် ယန္တရားရဲ့ စုံစမ်းစစ်ဆေးမှုလုပ်ငန်းတွေမှာ ခေတ်မီနည်းပညာအသစ်တွေကို ထည့်သွင်း အသုံးပြုပါတယ်။ ကျွန်တော်တို့ရဲ့ ပွင့်လင်းသတင်းရင်းမြစ် (Open Source) စုံစမ်းရေးအဖွဲ့က လူမှုကွန်ရက်ပေါ်တင်ထားတဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေနဲ့ အခြား သတင်းအချက်အလက်၊ အကြောင်းအရာ မြောက်မြားစွာကို စိစစ်သုံးသပ် အတည်ပြုဖို့အတွက် နောက်ဆုံးပေါ်နည်းပညာသုံးပြီး လုပ်ဆောင်ပါတယ်။ တိုက်ခိုက်မှုမဖြစ်ခင်နဲ့ ဖြစ်ပြီးနောက် ကျေးရွာများပျက်စီးဆုံးရှုံးမှုကို သုံးသပ်ဖို့ ဂြိုလ်တုပုံရိပ်များလည်း အသုံးပြုနေပါတယ်။ ဒီနည်းနဲ့ရရှိလာတဲ့ အထောက်အထားတွေကို မျက်မြင်သက်သေ ၂၀၀ ကျော်အပါအဝင် အနည်းဆုံး ရင်းမြစ် ၇၀၀ ထံက ရရှိထားတဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေး အတည်ပြု ပါတယ်။

လူ့အခွင့်အရေးကောင်စီက ယန္တရားကို တည်ထောင်ထားခြင်းဟာ အထောက် အထားတွေ သိမ်းဆည်းသိုမှီးထားဖို့ သက်သက် မဟုတ်ကြောင်း ကျွန်တော်တို့ နားလည်ပါတယ်။ ကျွန်တော်တို့ စုဆောင်းထားတဲ့ သက်သေအထောက်အထားတွေကို ရာဇဝတ်မှုတွေ လက်ခံစစ်ဆေးလိုပြီး တရားစွဲဆိုနိုင်တဲ့ တရားရုံး၊ ခုံရုံးတွေရဲ့ တရားမျှတမှုနှင့် တာဝန်ခံမှု ဖြစ်ထွန်းရေးလုပ်ငန်းတွေမှာ ကူညီပေးဖို့ ရည်ရွယ်ထားပါတယ်။ လက်ရှိမှာ ရိုဟင်ဂျာများအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို အဓိကထားဆောင်ရွက်နေတဲ့ တရားစွဲဆိုမှု သုံးခုအတွက် ကျွန်တော်တို့ စုဆောင်းရရှိထားတဲ့ အချက်အလက်အထောက်အထားတွေကို အပြည်ပြည်ဆိုင်ရာတရားရုံး၊ အပြည်ပြည်ဆိုင်ရာရာဇ၀တ်ခုံရုံးနဲ့ အာဂျင်တီးနားတရားရုံးတို့ထံ မျှဝေထားပါတယ်။ နောက်ထပ် စိစစ်သုံးသပ်ချက်အစီရင်ခံစာ သုံးခုကိုလည်း တရားရေးအာဏာပိုင်တွေထံမျှဝေဖို့ အပြီးသတ် လုပ်ဆောင်နေပါတယ်။ ဒီအစီရင်ခံစာသုံးခုမှာ ရခိုင်ပြည်နယ်အတွင်း စစ်တပ်ရဲ့ အထက်အောက်အမိန့်ပေးမှုအဆင့်ဆင့်၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြုရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးရန် ဒါမှမဟုတ် အရေးယူရန် မြန်မာအာဏာပိုင်တွေရဲ့ ပျက်ကွက်မှု နဲ့ ၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးအတွင်း မြန်မာစစ်တပ်က ဖေ့စ်ဘုတ်ပေါ်မှာ အမုန်းစကားများ ပျံ့နှံ့အောင် လှုံ့ဆော် ဆောင်ရွက်မှုတွေကို အဓိက စိစစ်သုံးသပ်ထားပါတယ်။

ဥက္ကဌကြီးခင်ဗျား

လူ့အခွင့်အရေးကောင်စီက ယန္တရားကို တည်ထောင်ထားခြင်းဟာ အထောက် အထားတွေ သိမ်းဆည်းသိုမှီးထားဖို့ သက်သက် မဟုတ်ကြောင်း ကျွန်တော်တို့ နားလည်ပါတယ်။ ကျွန်တော်တို့ စုဆောင်းထားတဲ့ သက်သေအထောက်အထားတွေကို ရာဇဝတ်မှုတွေ လက်ခံစစ်ဆေးလိုပြီး တရားစွဲဆိုနိုင်တဲ့ တရားရုံး၊ ခုံရုံးတွေရဲ့ တရားမျှတမှုနှင့် တာဝန်ခံမှု ဖြစ်ထွန်းရေးလုပ်ငန်းတွေမှာ ကူညီပေးဖို့ ရည်ရွယ်ထားပါတယ်။ လက်ရှိမှာ ရိုဟင်ဂျာများအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို အဓိကထားဆောင်ရွက်နေတဲ့ တရားစွဲဆိုမှု သုံးခုအတွက် ကျွန်တော်တို့ စုဆောင်းရရှိထားတဲ့ အချက်အလက်အထောက်အထားတွေကို အပြည်ပြည်ဆိုင်ရာတရားရုံး၊ အပြည်ပြည်ဆိုင်ရာရာဇ၀တ်ခုံရုံးနဲ့ အာဂျင်တီးနားတရားရုံးတို့ထံ မျှဝေထားပါတယ်။ နောက်ထပ် စိစစ်သုံးသပ်ချက်အစီရင်ခံစာ သုံးခုကိုလည်း တရားရေးအာဏာပိုင်တွေထံမျှဝေဖို့ အပြီးသတ် လုပ်ဆောင်နေပါတယ်။ ဒီအစီရင်ခံစာသုံးခုမှာ ရခိုင်ပြည်နယ်အတွင်း စစ်တပ်ရဲ့ အထက်အောက်အမိန့်ပေးမှုအဆင့်ဆင့်၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြုရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးရန် ဒါမှမဟုတ် အရေးယူရန် မြန်မာအာဏာပိုင်တွေရဲ့ ပျက်ကွက်မှု နဲ့ ၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးအတွင်း မြန်မာစစ်တပ်က ဖေ့စ်ဘုတ်ပေါ်မှာ အမုန်းစကားများ ပျံ့နှံ့အောင် လှုံ့ဆော် ဆောင်ရွက်မှုတွေကို အဓိက စိစစ်သုံးသပ်ထားပါတယ်။

ကျွန်တော့်အနေနဲ့ ဒီရာဇ၀တ်မှုတွေအတွက် သက်သေထွက်ဆိုချက်တွေကို ရဲရဲရင့်ရင့် မျှဝေပေးခဲ့ကြတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို အထူးကျေးဇူးတင်ရှိပါတယ်။ ယန္တရားထံ သတင်းအချက်အလက်မျှဝေပေးတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေရဲ့ ရဲရင့်မှုနဲ့ ကြိုးစားအားထုတ်မှုတွေ မပါရင် ကျွန်တော်တို့ရဲ့ ဘယ်လုပ်ငန်းကိုမှ ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့နဲ့ သတင်းပေးပို့သူတွေရဲ့ကြား အပြန်အလှန်ဆက်သွယ်မှုလမ်းကြောင်းကို အလုံခြုံဆုံးနဲ့ အတတ်နိုင်ဆုံး သိုသိုသိပ်သိပ်ရှိစေဖို့ အဆင့်မြင့်ဆုံးနည်းပညာတွေကို အသုံးပြုပါတယ်။

လူ့အခွင့်အရေးကောင်စီရဲ့ ပံ့ပိုးကူညီမှုအတွက်လည်း ကျွန်တော် အထူးပဲ ကျေးဇူးတင် ပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ နိဂုံးချုပ်ရေးအတွက် ကြိုးစားအားထုတ်တဲ့ အဖွဲ့ဝင်နိုင်ငံအားလုံးကိုလည်း ကျွန်တော်တို့ရဲ့လုပ်ငန်းတွေကို ပံ့ပိုးကူညီပေးဖို့နဲ့ ၎င်းတို့ရဲ့ နယ်မြေအတွင်းမှာရှိနေကြတဲ့ သက်သေတွေနဲ့ တွေ့ဆုံခွင့်၊ သတင်းအချက်အလက်ရယူခွင့် ပြုပေးဖို့ တောင်းဆိုပါတယ်။

ဥက္ကဌကြီးခင်ဗျား

မြန်မာပြည်သူတွေဟာ လက်ရှိဖြစ်ပွားနေဆဲ ကြောက်မက်ဖွယ်ရာဇ၀တ်မှုတွေရဲ့ သက်ရောက်မှုတွေကို ခံစားနေရပါတယ်။ ယန္တရားက မြန်မာပြည်သူတွေအတွက် တရားမျှတမှုရရှိရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့အကြောင်းနဲ့ ကျူးလွန်သူတွေကို တနေ့နေ့မှာ သေချာပေါက် အရေးယူနိုင်ဖို့ ကြိုးပမ်းအားထုတ်နေတဲ့အကြောင်း ကျွန်တော့်အနေနဲ့ မြန်မာပြည်သူတွေကို အသိပေးလိုပါတယ်။

IIMM


၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

စက်တင်ဘာလ (၁)ရက်မှ (၇)ရက်အတွင်းတွင် စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ဒေသခံပြည်သူ(၇၀)ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ စက်တင်ဘာလ(၃)ရက် နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာမြို့နယ်မှ စစ်ကိုင်းတိုင်းမှတ်ပုံတင် ကိုင်ဆောင်သူ အဆောင်နေ အမျိုးသမီး(၁၁)ဦးကို ရိုက်နှက်ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ စစ်ကြောရေးတွင် ဖမ်းဆီးနှိပ်စက် ရိုက်နှက်ခဲ့မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးမှ အမျိုးသမီး (၁)ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသား (၁)ဦးတို့ သေဆုံးခဲ့သည်။ စစ်အာဏာရှင်လက်အောက်ခံ အကျဉ်းဦးစီးဌာနက ပဲခူးတိုင်းဒေသကြီး သာယာဝတီထောင်နှင့် ဒိုက်ဦးထောင်တို့တွင် ထောင်ဝင်စာပစ္စည်းပေးပို့မှုများကို ကန့်သတ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတွင် စစ်အာဏာရှင်လက်အောက်ခံ လျှပ်စစ်ဌာနမှ မီတာမဆောင်လျှင် မီတာပုံးဖြုတ်မည်ဟု သတိပေးစာများဖြန့်ဝေခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုတို့ကြောင့် တပတ်တွင်း ပြည်သူ (၁၄)ဦး သေဆုံးခဲ့ပြီး (၁၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။ စစ်အာဏာရှင်တပ်သားများက ပြည်သူများနေထိုင်ရာ နေရာများကို စစ်ကြောင်းထိုးဝင်ရောက် ပစ်ခတ်၊ မီးရှို့မှုများ ပြုလုပ်နေသောကြောင့် တပတ်အတွင်း နေရပ်စွန့်ခွာမှုများ (၈)ကြိမ်ကျော် ပြုလုပ်ခဲ့ကြသည်။

ယခုလ ၁ ရက်နေ့ထုတ် မြန်မာနိုင်ငံပြန်တမ်းအရ စစ်တပ်ပိုင် MEC ခေါ် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (မစက) က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်း သံမဏိစက်ရုံတည်ဆောက်ရန် မြေဧက ၁၀၀၀ ကျော် သိမ်းယူထားသည်ကို တွေ့ရသည်။

ရန်ကုန်-ပြည်လမ်းဘေးရှိ မှော်ဘီမြို့နယ် မြောင်းတကာကျေးရွာအုပ်စုနှင့် ကံကလေးကျေးရွာအုပ်စုတို့မှ မြေ ၁၀၉၃ ဧကကို မစကပိုင်အဖြစ် သိမ်းယူရန် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနက ယခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြောင်းတကာရွာ၊ မြောင်းတကာစက်မှုဇုန်၊ လှိုင်မြစ်နှင့် ရိုးဝရွာတို့ကြားရှိ ထောင်နှင့်ချီသောမြေများကို အမှတ် (၂) သံမဏိစက်ရုံအတွက် အသုံးပြုရန် ကိုလိုနီခေတ်ဥပဒေတစ်ခုဖြစ်သော ၁၈၉၄ မြေသိမ်းအက်ဥပဒေအရ သိမ်းယူသည်ဟု ဆိုသည်။

မြေသိမ်းယူရေး လုပ်ငန်းစဉ်အတွက် မှော်ဘီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တာဝန်ပေးထားကာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ၁၅ ရက်အကြာတွင် ကာကွယ်ရေးဝန်ကြီးဌာနကို အပ်နှံရမည်ဟုလည်း ဖော်ပြသည်။

မှော်ဘီမြို့နယ် မြောင်းတကာရွာအနီးရှိ အမှတ် (၂) သံမဏိစက်ရုံကို စစ်တပ်ပိုင်ကုမ္ပဏီက လုပ်ကိုင်နေခြင်းဖြစ်ကာ အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းယူပြီးနောက် MEC ပိုင် စီးပွားရေးလုပ်ငန်းအတွက် အလားတူမြေသိမ်းယူမှုလည်း ရှိသည်။

မကွေးတိုင်း၊ အောင်လံမြို့နယ် ကျောက်စွယ်ကျိုးရွာရှိ မစကပိုင် အမှတ် (၁) သံမဏိစက်ရုံအတွက် ပြီးခဲ့သည့်နှစ်အတွင်း ဒေသခံများထံမှ မြေဧက ၇၀ ဒသမ ၇၄ ကို သိမ်းယူခဲ့ကြောင်း နိုင်ငံပိုင် ပြန်တမ်းများအရ သိရသည်။

၁၉၉၇ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ကျောက်စွယ်ကျိုး သံမဏိစက်ရုံအတွက် လယ်ယာမြေများကို လျော်ကြေးမပေးဘဲ သိမ်းယူခဲ့သဖြင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဒေသခံတောင်သူများက လျော်ကြေးငွေရလိုမှုဖြင့် တိုင်ကြားခဲ့ဖူးသည်။

အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မန္တလေးတိုင်းရှိ မြင်းခြံနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အနီးရှိ သံမဏိစက်ရုံစီမံကိန်းကြီးနှစ်ခု ပြန်စရန် အမိန့်ပေးခဲ့ပြီး ထိုစီမံကိန်း လည်ပတ်နိုင်ရေး အပြင်းအထန် ကြိုးပမ်းလျက်ရှိသည်။

ပြည်ပချေးငွေဖြင့် လည်ပတ်ပြီး အကြီးအကျယ်အရှုံးပေါ်နေသော နိုင်ငံပိုင်စီမံကိန်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရလက်ထက်တွင် ရပ်ဆိုင်းခဲ့ရာ ထိုအထဲတွင် မြင်းခြံနှင့် ပင်းပက်သံမဏိစီမံကိန်းများလည်း ပါဝင်သည်။

စစ်တပ်ပိုင် ကုမ္ပဏီက တရုတ်ချေးငွေဖြင့် လုပ်ကိုင်ခဲ့သည့် မြင်းခြံသံမဏိစက်ရုံမှာ လုပ်ငန်းရပ်ဆိုင်းထားသော်လည်း နေ့စဉ် ကျပ်သိန်း ၅၀၀၀ နီးပါး အကြွေးဆပ်နေရသည်ဟု NLD လက်ထက် မန္တလေးတိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးတစ်ဦးဖြစ်သူ ဦးဇာနည်အောင်က ၂၀၁၈ ခုနှစ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

“MEC က တရုတ်နိုင်ငံပိုင် CDB ဘဏ်ကနေ ယူရိုငွေ ၁ ဒသမ ၁၁၇ ဘီလျံ ချေးယူခဲ့ပြီး ယခုအချိန်တွင် အတိုးအရင်းပေါင်း ၁ ဒသမ ၆၂၅ ဘီလျံကျော်ဖြစ်နေပါတယ်။ နေ့စဉ်ပေးနေရသည့်ငွေမှာ မြန်မာကျပ်ငွေဖြင့် သိန်းပေါင်း ၄၉၃၀ ဖြစ်ပါတယ်” ဟု ၎င်းက တိုင်းလွှတ်တော်တွင် ရှင်းလင်းတင်ပြခဲ့သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ မြင်းခြံနှင့် ပင်းပက်သံမဏိစက်ရုံစီမံကိန်းများနှင့် ပတ်သက်၍ ဗျူဟာမြောက် စဉ်းစားခြင်းမပြုဘဲ ရပ်ဆိုင်းခဲ့သည့်အတွက် များစွာထိခိုက်နစ်နာခဲ့ရသည်ဟု ပြစ်တင်ဝေဖန်ထားသည်။

မြင်းခြံသံမဏိစက်ရုံကို မစကကော်ပိုရေးရှင်းက နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ၂၀၀၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် စက်မှုဝန်ကြီးဌာနထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းပြီးနောက် မြင်းခြံနှင့် ပင်းပက်သံမဏိစက်ရုံတို့ကို နိုင်ငံတော်ငွေဖြင့် ပြန်လည်ပတ်ရန် စစ်ကောင်စီက အင်တိုက်အားတိုက် ဆောင်ရွက်နေသည်။ သံမဏိအရိုင်းထုတ်လုပ်မည့် ပင်းပက်သံမဏိစက်ရုံကို ရုရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ၏ လက်ခွဲတစ်ခုဖြစ်သော Tyazhpromexport (TPE) နှင့် MEC တို့ ပူးပေါင်းလုပ်ကိုင်နေသည်။

မြင်းခြံနှင့် ပင်းပက်အပါအဝင် အောင်လံမြို့နယ် ကျောက်စွယ်ကျိုးရွာ၊ မှော်ဘီမြို့နယ် မြောင်းတကာနှင့် အင်းစိန်မြို့နယ် ရွာမရှိ သံမဏိစက်ရုံတို့ကို ယခင်စစ်အစိုးရလက်ထက်တွင် နိုင်ငံပိုင်ငွေဖြင့် စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံပိုင်ငွေဖြင့် တည်ဆောက်ခဲ့သော သံမဏိစက်ရုံငါးခုအနက် မြင်းခြံမှလွဲ၍ ကျန်လေးခုကို မစကကော်ပိုရေးရှင်းက ရယူလုပ်ကိုင်လျက်ရှိသည်။

စစ်ကောင်စီလက်လက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် သံမဏိတန်ချိန် ၁၂ သန်းကျော် တင်သွင်းနေရပြီး ၂၀၂၂ ခုနှစ်တွင် သံ၊ သံမဏိနှင့် ဆက်စပ်ပစ္စည်း အမေရိကန်ဒေါ်လာ သန်း ၅၆၀ ကျော်ဖိုး တင်သွင်းခဲ့ရသည်ဟု သိရသည်။

အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးအခြေအနေ အနုတ်လက္ခဏာပြနေသော်လည်း စစ်တပ်ပိုင် ကုမ္ပဏီများက စိတ်ကြိုက်မြေသိမ်းကာ အမြတ်အစွန်းကြီးမားသည့် စီမံကိန်းကြီးများတစ်ခုပြီးတစ်ခု လုပ်ဆောင်လျက်ရှိသည်။

စစ်တပ်က နယ်ပယ်စုံတွင် စီးပွားရေးချဲ့ထွင်နေရာ အာဏာသိမ်းပြီးနောက် မစက ချုပ်ကိုင်ထားသည့် ရန်ကုန်မှ ဖန်ချက်စက်ရုံ၊ အောက်ဆီဂျင်စက်ရုံ၊ မိခင်နှင့်ကလေးဆေးရုံ၊ မြဝတီမီဒီယာစင်တာ၊ မန္တလေးမြို့မှ ရတနာပုံခန်းမ၊ ဧရာဝတီတိုင်းမှ သာပေါင်းစက္ကူစက်တို့ကို ဖွင့်ပွဲများပြုလုပ်စဉ် စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ခဲ့သည်။

အဆိုပါ စက်ရုံအလုပ်ရုံအများစု လည်ပတ်နိုင်ရေး နိုင်ငံပိုင်ဝန်ကြီးဌာနများက ကမကထပြုဆောင်ရွက်ပေးရခြင်းဖြစ်သည်။

စစ်သားများ၏ ထည့်ဝင်မှုမပါဝင်ဘဲ စစ်တပ်က တိုက်ရိုက်ရင်းနှီးမြှုပ်နှံကာ ကာကွယ်ရေးဦးစီးချုပ်ရုံးက ချုပ်ကိုင်ထားသည့် မစကကို စီးပွားရေးလုပ်ငန်းများ ပို၍လုပ်ကိုင်ခွင့်ပေးနေသည်ဟု စစ်တပ်အရာရှိဟောင်းတစ်ဦးက ပြောသည်။

စစ်တပ်က တည်ထောင်ခဲ့သည့် စီးပွားရေးအင်အားစုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲထားပြီးဖြစ်သောကြောင့် မစကတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံရန် ပိုမိုအားသန်ခြင်း ဖြစ်သည်ဟု သူက သုံးသပ်သည်။

“MEC ကျတော့ ရှယ်ယာရှင်တွေနဲ့ မရှုပ်တော့ဘူးပေါ့ဗျာ။ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက်ရင်းနှီးမြှုပ်နှံတာပေါ့။ ဦးပိုင်ကျတော့ တစ်ဦးချင်းရှယ်ယာတွေ ဘာတွေ ရှိတော့ ပြောရရင် ညီလာခံတွေ ဘာတွေ လုပ်နေရသေးတယ်။ ဟိုကောင်ကျတော့ သူ့ဟာသူ ဆုံးဖြတ်လို့ရတယ်” ဟု MEC တွင် တာဝန်ထမ်းဆောင်ဖူးသည့် ထိုအရာရှိဟောင်းက ဆိုသည်။​

မစကတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူမှာ စစ်ခေါင်းဆောင် အထူးယုံကြည်ကိုးစားသည့် ဒုတိယဗိုလ်ချုပ်ကြီးညိုစောဖြစ်သည်။​ စစ်ထောက်ချုပ်ဟောင်းဖြစ်သူ ၎င်းကို လွန်ခဲ့သည့် ဇူလိုင်လတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်း၏အကြံပေးအဖြစ် ခန့်အပ်ကာ ပြည်ထောင်စုအဆင့် သတ်မှတ်ထားသည်။

နိုင်ငံတော်အဆင့် စီးပွားရေးနှင့်ဆိုင်သော ကော်မတီနှင့် ကော်မရှင်များတွင်လည်း MEC ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးကို စစ်ခေါင်းဆောင်က ထည့်သွင်းထားသည်။

Myanmar Now News