၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

စက်တင်ဘာလ (၈)ရက်မှ (၁၄)ရက်အတွင်းတွင် စစ်အာဏာရှင်တပ်သားများက ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ မန္တလေး တိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တို့နှင့် ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင် တပ်သားများက ကချင်ပြည်နယ် မိုးကောင်းမြို့မှ အမျိုးသမီး (၁)ဦးကို စစ်ကြောရေးတွင် ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်နှင့် ကနီမြို့နယ် အပါအဝင် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ်တို့၏ မြစ်ကမ်းတလျှောက် ကျေးရွာများကို စစ်အာဏာရှင်တပ်သားများ၏ စစ်သင်္ဘောများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများကြောင့် ပြည်သူ (၁၃)ဦးခန့် သေဆုံးခဲ့ပြီး (၁၉)ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ တပတ်အတွင်း ပြည်သူ (၇၀) ကျော် ဖမ်းဆီးခံခဲ့ရ သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုုးဖောက်မှုများကြောင့် အသက်မပြည့်သေးသူ (၃)ဦး သေဆုံး ခဲ့ရသည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာမှ အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရကာ သေဆုံးပြီးနောက်တွင် ဒေသခံအမျိုးသား ၃ ဦးကို စစ်တပ်က သတ်ဖြတ်လိုက်သည်။

မြင်းခြံမြို့တောင်ဘက် ၃ မိုင်ခန့်အကွာ ဂျုပ္ပင် (ဂျုပ်ပင်) ရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၅၀ အရွယ် ဦးဝင်းလှိုင်မှာ ယခုလ ၁၀ ရက်နေ့က နေအိမ်တွင် ရှိနေစဉ် သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံရသည်။

စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရပ်ကျေးဥက္ကဋ္ဌလည်းဖြစ်သူ ဦးဝင်းလှိုင် အသတ်ခံရပြီးနောက် ရွာကို စစ်တပ်ရောက်လာကာ ထင်တိုင်းကြဲခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၂ ရက်၊ ညသန်းခေါင်ခန့်တွင် ကျေးရွာအရှေ့ဘက်သို့ စစ်ကောင်စီ ကားတစ်စီး ရောက်လာပြီးနောက် သေနတ်သံ သုံးချက် ကြားခဲ့ရကြောင်း၊ နံနက်မိုးလင်းမှ ရွာသားများ အပြင်စူးစမ်းစဉ် ရွာအရှေ့ဘက် ယာခင်းထဲ၌ အမည်မသိ ၃ ဦး လဲကျသေဆုံးနေသည်ကို အဝေးမှ တွေ့ရကြောင်း ဂျုပ္ပင်ကျေးရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုနေ့ နံနက် ၈ နာရီခန့်တွင် အလောင်း ၃ လောင်းကို မော်တော်ယာဉ်ပေါ်တင်ကာ စစ်သားများ ပြန်ထွက်သွားကြကြောင်း၊ စစ်ကောင်စီရန်ကြောင့် အနီးမကပ်ဝံ့သဖြင့် သေဆုံးသူများ မည်သူမည်ဝါဖြစ်သည်ကို မသိရကြောင်း ၎င်းက ဆက်ပြောသည်။

“ရှေ့က ဖြစ်ထားတာတွေရောဆိုတော့ ကြောက်လန့်နေတာ။ ဘယ်သူမှ အနီးကပ်မကြည့်ရဲဘူး၊ သုံးယောက်တည်းက တစ်ယောက်က မနက်ထိ မသေသေးဘူး။ လက်လေး (လှုပ်) ပြနေတာကို အဝေးက မြင်နေရတယ်”။

စစ်ကောင်စီခန့်အုပ်ကြီး သတ်ဖြတ်ခံရသဖြင့် ဂျုပ္ပင်ကျေးရွာရှိ ပြည်သူများကို စစ်တပ်က ခြိမ်းခြောက်ခြင်းဖြစ်ပြီး သေဆုံးသူများမှာ ရွာခံများမဟုတ်ဟု မြင်းခြံခရိုင်သပိတ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“သူတို့လူ အသတ်ခံရရင် လက်စားချေသလို လုပ်ပြပြီး ပြည်သူကို ကြောက်အောင် ခြောက်ပြတဲ့လုပ်ရပ်မျိုး လုပ်တတ်တာလည်း စခ၊ ပျူတွေပဲ လုပ်တတ်တာ”။

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်အထိ နိုင်ငံအနှံ့ ခုခံမှုများ မြင့်မားနေသည်။ စစ်ကောင်စီလက်နက်ကိုင်အဖွဲ့များကို စခ၊ စစ်တပ်က လက်နက်ပေးထားသည့် အရပ်သားအဖွဲ့ကို ပျူစောထီး (ပျူ) ဟု တော်လှန်ရေးအင်အားစုများက သတ်မှတ် ခေါ်ဆိုကြသည်။

Myanmar Now News

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က အမေရိကန်နိုင်ငံအနေနဲ့ စစ်ကောင်စီကို ပစ်မှတ်ထား အရေးယူဆောင်ရွက်လျက်ရှိရမှာ၊ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းတွေဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းများ အပါအဝင် ပစ်မှတ်ထား အရေးယူဆောင်ရွက်နေတာကို ပိုပြီး တင်းတင်းကျပ်ကျပ် ဆက်လက် ဆောင်ရွက်ဖို့ ဗုဒ္ဓဟူးနေ့က တိုက်တွန်းလိုက်တယ်လို့ ရိုက်တာ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

Tom Andrews ကအမေရိကန်နိုင်ငံအနေနဲ့ ဆောင်ရွက်နေတာများအနက် အနည်းဆုံး မြန်မာနိုင်ငံတွင်းနဲ့ နိုင်ငံပြင်ပကိုပေးနေတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ဖို့လည်း လိုအပ်တယ်လို့ ပြောပါတယ်။

တစ်ဆက်တည်း Tom Andrews ကအမေရိကန် ကွန်ဂရက်ကြားနာပွဲမှာ ထောက်ပြ ပြောဆိုရာမှာ စစ်တပ်ရဲ့ ဖိအားပေးမှုကြောင့် မြန်မာနိုင်ငံပြင်ပကို ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတွေကိုထောက်ပံ့နေတဲ့ အကူအညီတွေကို အမေရိကန်အပါအဝင် အကူအညီ ပေးနေတဲ့ နိုင်ငံတချို့က ဖြတ်တောက်လိုက်တာကို မီးမောင်းထိုးပြောဆိုပါတယ်။

ဒါ့အပြင် Tom Andrews ကအမေရိကန်နိုင်ငံက မြန်မာ့နိုင်ငံခြားကူးသန်းရောင်းဝယ်မှု ဘဏ်နဲ့ ရင်းနှီးမြှုပ်နှံမှုဘဏ်တွေကို အရေးယူလိုက်တာတွေကို ချီးကျူးလိုက်ပြီး အခုထက် ပိုမိုဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

RFA Burmese

စစ်ကိုင်းတိုင်းမြို့တော် မုံရွာမြို့ရှိ အကျဉ်းထောင်တွင် ငါးရက်ကြာ အစာငတ်ခံဆန္ဒပြနေသော နိုင်ငံရေးအကျဉ်းသားများထံ ထောင်အာဏာပိုင်များက ယနေ့ (စက်တင်ဘာ ၁၃) သွားရောက်ညှိနှိုင်းကာ တောင်းဆိုချက်များကို လိုက်လျောပေးလိုက်သည်ဟု မုံရွာထောင်အခြေအနေကို သိရှိသူတစ်ဦးက ပြောသည်။

ထောင်အာဏာပိုင်များ၏ ဖိနှိပ်မှုကို ရှုတ်ချသည့်အနေဖြင့် မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၅၀ ခန့်က ယခုလ ၉ ရက်နေ့မှစ၍ အစာငတ်ခံဆန္ဒပြနေခြင်းဖြစ်ကာ ငါးရက်မြောက်ဖြစ်သော ယနေ့တွင် ထောင်အာဏာပိုင်များ လာရောက်ညှိနှိုင်းခဲ့သည်ဟု ဆိုသည်။

ထောင်ညွှန်ကြားရေးမှူးကိုယ်တိုင် ဆန္ဒပြနေသော နိုင်ငံရေးအကျဉ်းသားများနှင့် လာရောက်ညှိနှိုင်းခဲ့ခြင်း ဖြစ်သည်ဟု အာဏာသိမ်းမှုဆန့်ကျင်ရေး မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ကိုရှင်းသန့်က ပြောသည်။

“အကျဉ်းထောင်ဘက်က တောင်းဆိုတာတွေ အကုန်လိုက်လျောပေးတယ်လို့ ပြောတယ်ခင်ဗျ။ ပစ္စည်းတွေ ပြန်ရမယ်လို့ ပြောတယ်။ ကျန်းမာရေးအခြေအနေကတော့ အားနည်းနေတဲ့သူတွေတော့ ရှိတာပေါ့။ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ပြန်တောင်းဆိုမယ် ထင်ပါတယ်” ဟု ကိုရှင်းသန့်က ပြောသည်။

“သဘောတူညီမှုရပြီဆိုတော့ အဲဒါလည်း ပါမယ်ထင်ပါတယ်”

ဆန္ဒပြသူတို့၏ တောင်းဆိုချက်ကို ထောင်တာဝန်ရှိသူများက လိုက်လျောလိုက်သည်ဟု သိရသည်၊ အသေးစိတ်အခြေအနေ သိနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက ဆိုသည်။

ငါးရက်ကြာ အစာငတ်ခံဆန္ဒပြခဲ့သူတို့၏ ကျန်းမာရေးအခြေအနေ၊ ထောင်အာဏာပိုင်များ၏ လိုက်လျောမှုနှင့် ပတ်သက်၍ အသေးစိတ် မသိရသေးသလို စစ်ကောင်စီကလည်း ထောင်တွင်းဖြစ်ရပ်များကို သတင်းအမှောင်ချထားတတ်သည်။

စစ်တပ်၊ ရဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ယခုလ ၈ ရက်နေ့တွင် မုံရွာထောင်အတွင်း ဝင်ရောက်ရှာဖွေပြီးနောက် စာအုပ်၊ အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများကို သိမ်းယူသွားသဖြင့် နိုင်ကျဉ်း ၁၄ ဦးက အစာငတ်ခံဆန္ဒပြမှုကို စတင်ခဲ့ခြင်းဖြစ်သည်။

အကျဉ်းသားများပိုင်ပစ္စည်းများ ပြန်ပေးရန်၊ ထောင်ဝင်စာပါဆယ် လွတ်လပ်စွာပို့ခွင့်ပြုရန်၊ ကျန်းမာရေးချို့ယွင်းလာပါက အပြည့်အဝ တာဝန်ယူဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြသော်လည်း ထောင်အာဏာပိုင်များက လိုက်လျောခြင်းမရှိသဖြင့် အစာငတ်ခံဆန္ဒပြမှုတွင် နိုင်ကျဉ်း ၃၀ ကျော် ထပ်မံပူးပေါင်းခဲ့သည်။

ထပ်မံပူးပေါင်းသူများထဲတွင် နာမည်ကျော် မုံရွာလူထုသပိတ်ဦးဆောင်သူ ကိုဝေမိုးနိုင် ပါဝင်ခဲ့သည်။ အစာငတ်ခံဆန္ဒပြသူများအနက် သုံးဦးမှာ သွေးအားနည်းသဖြင့် မူးလဲသွားသော်လည်း ဆေးကုခွင့် မရခဲ့ပေ။ ကိုဝေမိုးနိုင်ကိုလည်း ထောင်အာဏာပိုင်များက တိုက်ပိတ်ပြစ်ဒဏ်ပေးသည်ဟု ဆိုကာ လေဝင်လေထွက်နှင့် အလင်းရောင် မရှိသလောက် နည်းပါးသည့် အခန်းကျဉ်းထဲတွင် ပိတ်လှောင်ထားလိုက်သည်။

အသက် ၂၈ နှစ်အရွယ် ကိုဝေမိုးနိုင်မှာ ၂၀၂၁ ဧပြီလအတွင်းက ဖမ်းဆီးခံရခြင်းဖြစ်ကာ စစ်ကောင်စီက ၎င်းကို ပုဒ်မအများအပြားဖြင့် ထောင်ဒဏ် နှစ် ၅၀ ကျော် ချမှတ်ခဲ့သည်။

အာဏာသိမ်းစစ်တပ်က လူပေါင်းတစ်သောင်းကျော်အထိ ဖမ်းဆီးထောင်ချထားရာ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် နိုင်ကျဉ်းများမှာ နည်းလမ်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ခံနေရသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ရန်ကုန် အင်းစိန်ထောင်၌ အသံတိတ်သပိတ်ဆင်နွှဲသည်၊ အာဏာရှင်ဆန့်ကျင်ရေးသီချင်းများ သီဆိုသည်ဟူသော စွပ်စွဲချက်ဖြင့် အကျဉ်းသား ၈၀ ကျော်ကို သတိလစ်သည်အထိ ရိုက်နှက်ခဲ့ဖူးသည်။

ယခုနှစ်အတွင်း မန္တလေးတိုင်းရှိ အိုးဘိုထောင်၊ မြင်းခြံထောင်၊ ပဲခူးတိုင်းရှိ သာယာဝတီနှင့် ဒိုက်ဦးထောင် တို့တွင် ထောင်တွင်းညှဉ်းပန်းနှိပ်စက်မှုများအပြင် ထောင်ပြောင်းမည်ဟု ပြောဆိုကာ နိုင်ကျဉ်းတချို့ကို အပြင်ထုတ် ပစ်သတ်ခဲ့သည်။

Myanmar Now News

မြန်မာစစ်တပ်ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေကို အောင်အောင်မြင်မြင်စုဆောင်းနိုင်ဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM ရဲ့ လုပ်ပိုင်ခွင့်တွေကို ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် ကုလသမဂ္ဂနဲ့နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ရီတာ ဖရန့်ချ် (Rita French ) က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၅၄ ကြိမ်မြောက် အစည်းအဝေးအတွင်း စက်တင်ဘာလ ၁၁ ရက်နေ့က ပြောလိုက်တာပါ။

မြန်မာနိုင်ငံမှာ တရားမျှတမှုနဲ့ တာဝန်ခံမှုရှိစေရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM က ဆက်လက်ဆောင်ရွက်နေတာတွေအတွက် ကျေးဇူးတင်ကြောင်းလည်း မစ္စရီတာ ဖရန့်ချ် (Rita French ) က ပြောပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းက တိုက်ခိုက်တာ၊ ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်နေတဲ့ မြန်မာစစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်တဲ့ ကျူးလွန်မှုတွေကို IIMM ရဲ့ နောက်ဆုံးအစီရင်ခံစာထဲမှာ ထင်ထင်ရှားရှားမြင်ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကျူးလွန်သူတွေ ပြစ်ဒဏ်က ကင်းလွတ်နေမှုကို အဆုံးသတ်ဖို့အတွက် တာဝန်ခံမှုသည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့လည်း ဗြိတိန်လူ့အခွင့်အရေးသံတမန် မစ္စ ရီတာ ဖရန့်ချ်က ပြောသွားပါတယ်။

ဗြိတိန်နိုင်ငံအနေနဲ့တော့ IIMM ကို ပေါင်စတာလင် ငါးသိန်း ပံ့ပိုးထားပြီးဖြစ်ကြောင်းနဲ့ Myanmar Witness Programme ကို တည်ထောင်ထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

RFA Burmese

ရိုဟင်ဂျာအရေး နိုင်ငံတကာတရားရုံး ICJ မှာ တရားစွဲထားတဲ့ကိစ္စကို ပြင်သစ်နိုင်ငံကလည်း ပါဝင်ဆောင်ရွက်သွားမယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က တနင်္လာနေ့က ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ကို အလည်အပတ်ရောက်ရှိနေတဲ့ ပြင်သစ်သမ္မတဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ တွေ့ဆုံရာမှာ အခုလိုပြောခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီပံ့ပိုးနေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကို ပြင်သစ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁.၇ သန်းနဲ့ညီမျှတဲ့ ယူရို တစ်သန်းထပ်မံလှူဒါန်းတယ်လို့လည်း ပြင်သစ်သမ္မတက ပြောပါတယ်။ မြန်မာစစ်တပ်က ဆက်လက်ကျူးလွန်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူမျိုးသုဉ်းသုတ်သင်မှုတွေကို ရှုတ်ချဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မိတ်ဖက်နိုင်ငံတွေနဲ့အတူ ပြင်သစ်က လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း (ယူကေ)ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်ကလည်း ပြင်သစ်နိုင်ငံ ပါဝင်ဆောင်ရွက်မယ်ဆိုတာဟာ သတင်းကောင်းဖြစ်ကြောင်း သူ့ရဲ့တွစ်တာအကောင့်မှာ ပြောထားပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး ICJ မှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက စတင်တရားစွဲထားတာပါ။ အဲဒီအမှုကိုလည်း ICJ မှာ ကြားနာစစ်ဆေးနေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ICJ တရားရုံးမှာ သွားရောက်ဖြေရှင်းခဲ့သလို အာဏာသိမ်းပြီးတော့လည်း ဦးကိုကိုလှိုင် ဦးဆောင်တဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာတစ်ကြိမ် ဖြေရှင်းခဲ့ပါတယ်။

ဒီအမှုအတွက် ၂၀၂၃ ခုနှစ်၊ မေလ ၂၄ ရက်နေ့ ထုချေလွှာအဆိုတင်သွင်းဖို့ တရားရုံးကဆင့်ခေါ်ခဲ့ပါတယ်။ ထုချေလွှာတင်သွင်းမှုကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ ၁၀ လ ရွှေ့ဆိုင်းပေးဖို့ စစ်ကောင်စီက တောင်းဆိုခဲ့ပေမဲ့ တရားရုံးကတော့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့မှာ တင်သွင်းရမယ်လို့ ဆုံးဖြတ်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ လက်ရှိအချိန်ထိ အမှုနဲ့ပတ်သက်ပြီး ထုချေလွှာမတင်သွင်းနိုင်သေးပါဘူး။

မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာတွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတာပါ။ လက်ရှိအချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားနဲ့ ဘာဆန်ချာကျွန်းတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော် ရှိနေပါတယ်။

RFA Burmese