မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များ မခိုအောင်းနိုင်ရန်ဟုဆိုကာ စိုက်ပျိုးမြေများတွင် ညအိပ်ညနေ နေထိုင်ခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်ပြီး တောတိုက်နယ်ဟု ခေါ်သည့်၊ အမည်ပေါက်ရွာမဟုတ်သည့် အရပ်များတွင် နေထိုင်သူများကိုလည်း အတင်းအကျပ် မောင်းထုတ်နေသည်။

တောတိုက်နယ်များရှိ လူနေအိမ်များကို သြဂုတ်လ ၂၀ မှစတင်ကာ အတင်းအကျပ် ဖယ်ရှားနေပြီး မည်သူ့ကိုမဆို စိုက်ပျိုးမြေနှင့် တောတောင်များထဲတွင် ညပိုင်းတွေ့လျှင် ပစ်သတ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ အမည်မဖော်လိုသည့် တာဝန်ရှိသူအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“တောတိုက်တွေကို ဖိအားပေးတာပေါ့။ စစ်ကြောင်းထွက်ပြီးတော့ တောထဲကို အစည်းဝေးခေါ်တယ်။ လှည့်ပြောတယ်။ ဩဂုတ် ၂၀ ကစပြီးတော့ ပြည်သူတွေကို တောထဲကနေ ရွာထဲကို ရွေ့ရမယ်ဆိုပြီးတော့ အတင်းအကျပ်ပုံစံနဲ့ ရွှေ့ခိုင်းတာပေါ့” ဟု ၎င်းက ဆိုသည်။

မြို့ပေါ်ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၇၇ ခုနှင့် ကျေးရွာပေါင်း ၂၅၀ ခန့်​ရှိသည့် တောင်သာမြို့နယ်တွင် ဘိုးဘွားစဉ်ဆက် တောတောင်ထဲ အခြေချနေထိုင်သူအများအပြားရှိပြီး ယခုအခါ ကျေးရွာများရှိ စာသင်ကျောင်းများ၊ လူလွတ်ရာအိမ်ဝိုင်းများတွင် ပြောင်းရွှေ့နေထိုင်နေကြကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီ၏ တာဝန်ရှိသူက ဆိုသည်။

ရွှေ့ပြောင်းရသူအများစုမှာ ပိုင်ဆိုင်သည့်ပစ္စည်းများကို မူလနေရာတွင် ထားခဲ့ရသဖြင့်​ သူခိုးများ သောင်းကျန်းနေကြောင်း၊ စစ်တပ်က ညဘက်စစ်ကြောင်းထွက်ချိန်တွင် ထိုအိမ်များကို စိတ်ကြိုက်မွှေနှောက်လေ့ရှိကြောင်း ၎င်းက ဆိုသည်။

“ကြောက်ပြီးပြေးရတဲ့အခြေအနေမှာ အိမ်တွင်းပစ္စည်း အယူခံရတယ်။ ယူတာကလည်း သူတို့ပဲ။ နောက်တော့ ပြည်သူတွေက ကြောက်ပြီးတော့ မိသားစုအကုန်မရွှေ့တော့ဘဲ အိမ်ထောင်ဦးစီးတွေက ပစ္စည်းတွေ၊ လှည်းနွားတွေ၊ တိရစ္ဆာန်တွေ စိတ်မချလို့ အိမ်နားက ချုံပုတ်တွေထဲမှာ ခိုအောင်းအိပ်ပြီး ကြည့်နေကြရတယ်” ဟု သူက ဆိုသည်။

တောတိုက်နယ်များတွင် နေထိုင်သူအများစုမှာ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ကြသူများဖြစ်ပြီး တောတောင်ထဲသို့ သွားရောက်အလုပ်လုပ်ရသူများဖြစ်ရာ စစ်ကောင်စီ၏ ကန့်သတ်မှုကြောင့် အခက်ကြုံနေရသည်။

ညအိပ်စောင့်ဆိုင်းနေသူများကို တွေ့ရှိပါက ရိုက်နှက်နှိပ်စက်သလို သင်ခန်းစာပေးသည်ဟုဆိုကာ တောင်သာမြို့အနောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ဇရပ်ကြီးကျေးရွာ၊ သန်းတန်းရွာနှင့် တံတားအနောက်ရွာတို့ အနီးရှိ နေအိမ် ၈ လုံးထက်မနည်းကို ပြီးခဲ့သည့် ဩဂုတ်လ ၁၈ မှ စက်တင်ဘာ ၁၉ တွင် မီးရှို့ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီ၏ ရည်ရွယ်ချက်မှာ လက်နက်ကိုင်ခုခံမှုအားကောင်းသည့် မြင်းခြံခရိုင်အတွင်းရှိ တောင်သာမြို့နယ်တွင် PDF တပ်ဖွဲ့ဝင်များ စိမ့်ဝင်ခိုအောင်းမည်ကို စိုးရိမ်၍ မဟာဗျူဟာကျကျ ရှင်းလင်းနေခြင်းဖြစ်ကြောင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည် တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူက Myanmar Now ကို ပြောသည်။

နွားထိုးကြီး-တောင်သာ လမ်းပေါ်ရှိ မော်တော်ယာဉ်များကို စစ်ဆေးနေသည့် PDF များ (ဓာတ်ပုံ – ပေးပို့)

စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီး ခေါ် ပြည်သူ့စစ်အဖွဲ့များ အားကောင်းသော ကျေးရွာများမှ တောတောင်နေပြည်သူများကို ရွှေ့ပြောင်းခိုင်ခြင်းမရှိပေ။

အာဏာသိမ်းမှုကို မလိုလားသူ အများအပြားရှိတတ်သည့် ရွာများကိုသာ ပစ်မှတ်ထား ရွှေ့ပြောင်းခိုင်းခြင်းဖြစ်ကာ မြို့နယ်တစ်ခုလုံးတွင် ရွှေ့ပြောင်းရသည့် အိမ်ခြေ ရာချီရှိနိုင်သည်ဟု ဒေသခံတို့က ဆိုသည်။

ထိုကဲ့သို့ ရွှေ့ပြောင်းခိုင်းမှုနှင့် ပတ်သက်၍ မန္တလေးတိုင်းစစ်ကောင်စီပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို Myanmar Now က မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။

တောင်သာနယ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အဓိကခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ ကွယ်လွန်သူ ဦးအောင်သောင်၏ မွေးရပ်ဇာတိမြေဖြစ်သည်။ ဦးအောင်သောင်း၏သား ဗိုလ်ချုပ်ကြီးမိုးအောင်ကို အာဏာသိမ်းခေါင်းဆောင်က ရေတပ်အကြီးအကဲအဖြစ် ခန့်အပ်ထားသည်။

တောင်သာနယ်ကို စစ်ကောင်စီက အကြီးအကျယ် ဖိနှိပ်ချုပ်ချယ်ထားပြီး ကျေးရွာတစ်ရွာလျှင် သေနတ် ၅ လက်နှုန်းဖြင့် လက်နက်တပ်ဆင်ပေးသည့် ရွာပေါင်း ၉၀ အထိရှိကာ စစ်သင်တန်းများ ပေးနေသည်ဟု ဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။

ပျူစောထီးအဖွဲ့များ အားကောင်းသလို စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့အများအပြား အခြေစိုက်ထားသည့် မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ မြင်းခြံတို့နှင့် နယ်နမိတ်ချင်း ဆက်စပ်နေ၍ လက်နက်ကိုင်ခုခံတော်လှန်ရန် အခက်အခဲရှိသော်လည်း ကာကွယ်ရေးအဖွဲ့များက ရသည့်နည်းဖြင့် ထိုးဖောက်တိုက်ခိုက်နေသည်။

Myanmar Now News

အင်းစိန်အကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အသက် ၂၁ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုမင်းဟိန်းခန့် (ခေါ်) အားကျယ်ဟာ  နှလုံးရောဂါနဲ့ စက်တင်ဘာလ ၂၄ ရက်က သေဆုံးသွား တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ထောင်အာဏာပိုင်တွေက ကိုမင်းဟိန်းခန့် သေဆုံးသွားတဲ့အကြောင်းကို မနေ့ ညနေပိုင်းမှာ မိသားစုဝင်တွေကို အကြောင်းကြားခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ မိသားစုဝင်တွေ ရုပ်အလောင်းကိုတွေ့ရဖို့ အင်းစိန်ထောင်ကို လိုက်သွားကြတယ်လို့ ဆိုပါတယ်။

အဖမ်းမခံရခင်မှာ ကိုမင်းဟိန်းခန့်က ကျန်းကျန်းမာမာဖြစ်ပေမယ့် ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် နှိပ်စက်ခံခဲ့ရသလို ထောင်ထဲရောက်မှ ရခဲ့တဲ့ နှလုံး ရောဂါအတွက်လည်း လုံလောက်တဲ့ ဆေးကုသခွင့်မရခဲ့ဘူးလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“သူ နှလုံးရောဂါဖြစ်တာ သိတာက ငါးလပိုင်းမှာပေါ့နော်။ သူ မူးလဲတော့ ထောင်ဆေးရုံ ကိုရောက်တယ်။ အဲဒီမှာ ဆရာဝန်တွေ စစ်ဆေးကြည့်တော့ နှလုံးရောဂါဖြစ်နေတာ သိရတယ်။ ဒါပေမဲ့ သူ ထောင်က ထွက်မှပဲ အထူးကုနဲ့ပြဖို့ ပြောတယ်။ ထောင်ထဲမှာက ဘာမှမရှိဘူးလေ။ လောလောဆယ် ဆေးစာ ရေးပေးတယ်ပေါ့နော်။ ဩဂုတ်လထဲမှာ တစ်ခါ မူးလဲတယ်။ ဖြစ်တဲ့နေ့ မနေ့ကလည်း အကောင်းကြီးကနေ မူးလဲပြီး ဆုံးသွားတာ လို့ ကြားတယ်။ အဓိကတော့ ထောင်ထဲမှာဆိုတော့ ဆေးကောင်းကောင်းကုလို့မရဘူး ပေါ့နော်”

ကိုမင်းဟိန်းခန့်ဟာ ပုဇွန်တောင် နဲ့ ဗိုလ်တထောင်မြို့နယ် လူငယ်များသပိတ်ကော်မတီ (PBYSC) ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး  ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ သူ့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အပါအဝင် ပေါက်ကွဲစေတတ်သောဝတ္တုပစ္စည်းများ အက်ဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထား ပါတယ်။

နေပြည်တော် ဗုဗ္ဗသီရိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးခင်မောင်တင့်လည်း ရမည်းသင်းထောင်မှာ အကျဉ်းကျနေတုန်း ကျန်းမာရေးဆိုးရွားလာ လို့ ထောင်အပြင်ဆေးရုံကို ထုတ်ပြီး ဆေးကုသမှုခံယူရင်း၂၀၂၃ ခုနှစ် မတ်လ ၇ ရက်မှာ သေဆုံးခဲ့ပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရတာနဲ့ ပတ်သက်လို့ မိသားစုဝင်တွေနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ တွေက စိုးရိမ်နေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီအကျဉ်းဦးစီးဌာနကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် အကြောင်း မပြန်ပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၂၂ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက  ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူ ၁၉,၂၆၀  ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အဲဒီအထဲက ၇၃၆၄  ဦး ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။ 

RFA Burmese

စစ်ကိုင်းတိုင်း၊ ရေဦးနဲ့ ဒီပဲယင်းမြို့နယ်အစပ်က ရွာတွေကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၅ ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၂၀ က အရပ်သား တစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က အင်အား ၁၃၀ နီးပါးနဲ့ စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

ဒါကြောင့် ရေဦးမြို့နယ် ရွာသာလေး၊ မူးသာကုံး၊ ကုက္ကိုစု၊ ဇိန်ဇွန်းအရှေ့၊ ဇိန်ဇွန်းအနောက်၊ ပိဋကပ်ကျအရှေ့၊ ပိဋကပ်ကျအနောက်၊ ဆယ်ကြီး၊ မုတ်စီ၊ ပေါက်တော၊ ဒီပဲယင်းမြို့နယ် ညောင်လှ၊ ဝဲကြီး၊ သရက်တော၊ လက်ယက်ကုန်း၊ မူးကတွင်း၊ မဲအိုး စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

စက်တင်ဘာလ ၂၅ ရက် ညနေပိုင်းမှာတော့ အဲဒီစစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုသစ္စာက ပြောပါတယ်။

“ညနေ ၄ နာရီခွဲမှာပဲ လက်ယက်ကုန်းရွာထိပ်မှာ ကျွန်တော်တို့ ရဲဘော်တွေလည်း ပါပါတယ်။ အဲဒီမှာ ကင်းပုန်းပြောက်ကျားနဲ့ ခေတ္တထိတွေ့မှုဖြစ်တယ်။ သူတို့ဘက်က တစ်ယောက် အကျအဆုံးရှိတယ်လို့ အတည်ပြုလို့ရတယ်။ ကျွန်တော်တို့ဘက်က ထိခိုက်မှုမရှိသေးဘူး”

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှု အခြေအနေကို RFA က သီးခြား အတည် မပြုနိုင်သေးပါဘူး။

စစ်ကောင်စီ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းသယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စက်တင်ဘာလ ၈ ရက်နေ့ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ ပဋိပက္ခတွေကြောင့် အရပ်သား ရှစ်သိန်းကျော်( ၈၁၃၂၀၀ ဦး) အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

RFA Burmese News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်မှ (၂၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

စက်တင်ဘာ (၁၅)ရက်မှ (၂၁) ရက်အတွင်းတွင် စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ မန္တလေးတိုင်းဒေသ ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ အမျိုးသမီးများ အပါအဝင် ဒေသခံ ပြည်သူ (၁၃၀)ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ ကချင်ပြည်နယ် ရွှေကူမြို့နယ်မှ ပြည်သူ (၁)ဦးကို စစ်အာဏာရှင်တပ်သားများက မီးရှို့သတ်ဖြတ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်အကျဉ်းထောင်တွင် ဝန်ထမ်း များက နိုင်ငံရေး အကျဥ်းသားများ၏ မိသားစုဝင်များထံမှ ငွေကြေး လိမ်လည်တောင်းခံမှုများ ပြုလုပ်ခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများကြောင့် ပြည်သူ (၁၈)ဦး ခန့် သေဆုံးခဲ့ပြီး (၂၉)ဦး ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများက တပတ်အတွင်း ပြည်သူ (၅၀)နီးပါးကို ဖမ်းဆီးခဲ့ပြီး ပြည်သူ (၃၆)ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုုးဖောက်မှုများကြောင့် အသက်မပြည့်သေးသူ (၁)ဦး သေဆုံးခဲ့ရပြီး (၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

စစ်ကောင်စီတပ်က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မကျီးစုရွာသား ၆၀ ကျော်ကို ဖမ်းဆီးကာ တော်လှန်ရေးအဖွဲ့များကို ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲပြီး နှိပ်စက်သလို လက်ဝတ်ရတနာများ လုယူသွားသည်ဟု စုံစမ်းသိရှိရသည်။

ယမန်နေ့ (စက်တင်ဘာ ၂၀) မွန်းလွဲပိုင်းက အင်အား ၂၀ ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်း မကျီးစုရွာထဲ သေနတ်နှစ်ချက်ဖောက်ကာ ဝင်လာပြီး ရွာတောင်ပိုင်းရှိ တိုက်အိမ်တစ်လုံးကို စတင်မီးရှို့ခဲ့ကြောင်း၊ ထို့နောက် တစ်အိမ်ဝင် တစ်အိမ်ထွက် ဝင်မွှေပြီး လူများကို ရွာဘုန်းကြီးကျောင်းတွင် စုဝေးခိုင်းခဲ့ကြောင်း ထိုရွာသားများက ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာသို့ စစ်ကြောင်း ရောက်လာခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။

“တိုက်ပွဲမဖြစ်ဘူး။ သူတို့ဘာသာ ဝင်လာပြီးတော့ မေးတာပေါ့။ ဒီရွာက PDF တွေကို တစ်အိမ်ထောင် ကျပ်သုံးသိန်း ထောက်ပံ့တယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ရွာခံတွေက သုံးသိန်းမဆိုနဲ့ ကိုယ့်ဘာသာကိုယ် မနည်းလုပ်စားနေရတာ။ ဘယ်လိုလုပ်လှူနိုင်မှာလဲ ပြောတော့ မေးမြန်းပြီး လှိမ့်ရိုက်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုရွာသားက ဆက်ပြောသည်။

ဖမ်းဆီးနှိပ်စက်ခံရသူများထဲတွင် ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများလည်း ပါပြီး လူငယ်အမျိုးသားများမှာ ထိပ်ပေါက်၊ ခေါင်းကွဲသည်အထိ ရိုက်နှက်ခံရကြောင်း အမည်မဖော်လိုသည့် အခြားအမျိုးသားတစ်ဦးက ဆိုသည်။

“အိမ်တစ်အိမ်ကျတော့ ကျည်ဆန်တစ်တောင့် ဒီအိမ်ထဲက တွေ့တယ်ဆိုပြီးတော့ စစ်ကြောရေးထဲကို ခေါ်ရမှာလား၊ နားကနားကပ် ချွတ်ပေးမှာလားလို့ဆိုပြီး သူတို့ကျည်တောင့်ကို ပြပြီး ပြောတယ်။ အဲ့ဒါနဲ့ ကြောက်တော့ နားကပ်ကို ဖြုတ်ပေးလိုက်တာ” ဟုလည်း ၎င်းက ပြောသည်။

စစ်ကြောင်း ပြန်ထွက်သွားသည့်အခါ ဖမ်းဆီးနှိပ်စက်ထားသည့် မကျီးစုရွာခံ ၆၀ အနက် သက်ကြီးပိုင်းများ၊ ကလေးများကို ကျေးရွာတွင် ချန်ထားပြီး ငယ်ရွယ်သူ ၃၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားသည်ဟု ၎င်းက ပြောသည်။

အဆိုပါ ဓားစာခံများကို ကျေးရွာမြောက်ဘက် ရွာချင်းကပ်နေသည့် ရွာသာယာကျေးရွာအရောက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ထိုရွာသားက ဆက်ပြောသည်။

မီးလောင်ထားသော မန်ကျည်းစုရွာမှ နေအိမ်တစ်လုံး။ (ဓာတ်ပုံ-ပေးပို့)

နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်အစပ် တည်ပင်၊ မီးပေါက်၊ ရွာသစ်၊ ကျောင်းကုန်း၊ ထိန်ပန်းနှင့် မကျီးစုကျေးရွာတို့ကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ ယမန်နေ့က ဝင်လာသည့် စစ်ကြောင်းတွင် တချို့က စစ်ယူနီဖောင်းဝတ်ထားပြီး တချို့က အရပ်ဝတ် ဝတ်ဆင်ထားကြောင်း ၎င်းက ဆိုသည်။

ထိုစစ်ကြောင်းသည် မြင်းခြံမြို့အခြေစိုက် အမှတ် (၁၅) ခြေလျင်တပ်ရင်းမှ ဖြစ်နိုင်ကြောင်း နောက်ထပ်ရွာသားတစ်ဦးက ပြောသည်။

“မိန်းကလေးတွေကို အကုန်လုံး ဝမ်းလျားမှောက်ခိုင်းပြီး ထန်းလက်ပြားနဲ့ ရိုက်သွားတာ။ နားကပ်ပါတဲ့သူဆိုရင် အကုန် နားကပ်တွေ ချွတ်ယူသွားတယ်။ နောက်ပြီးတော့ ဖုန်းကောင်းရင်လည်း သူတို့ဖုန်းနဲ့ လဲပြီး ယူသွားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုရွာသားက ဆက်ပြောသည်။

စစ်ကြောင်းထိုးရာတွင် တစ်ရွာမှ တစ်ရွာအကူးကို ရွာသားများဖမ်းခေါ်၍ လူသားဒိုင်းအဖြစ် သုံးကြောင်း၊ စစ်တပ်ရန် ကြောက်၍ ရွာနီးချုပ်စပ်ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သူက ဆိုသည်။

ပျောက်ဆုံး၊ လုယက်ခံရသည့် ပစ္စည်းအရေအတွက်ကို မသိရသေးပေ။

ယနေ့တွင် ထိုစစ်ကြောင်းသည် ရွာသာယာဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း ဒေသခံတို့က ဆိုသည်။

မြင်းခြံမြို့၏ အရှေ့မြောက်ဘက် ၁၅ မိုင်အကွာ အိမ်ခြေ ၂၅၀ ကျော်ရှိ ထိုရွာကို စစ်တပ်နှင့် ပျူစောထီးတပ်ဖွဲ့တို့က အကြိမ်ကြိမ် ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးလေ့ရှိသည်။

ရွာတစ်ခြမ်း မီးလောင်ပြာကျသွား၍ ရွာခံအနည်းငယ်သာ ဆက်လက်နေထိုင်ချိန်တွင် စစ်ကောင်စီတပ် ရောက်လာပြီး ယင်းကဲ့သို့ ထပ်မံ နှိပ်စက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၃ မေလအတွင်းက စစ်ကောင်စီတပ်၏ မီးရှို့သည်ကို ခံရပြီးနောက် မန်ကျည်းစုရွာအခြေအနေကို တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ယခုနှစ် မေ ၂၄ တွင် မကျီးစုကျေးရွာကို စစ်တပ်က စီးနင်းမီးရှို့ခဲ့ရာ ထွက်မပြေးနိုင်သော အသက် ၆၀ ကျော် ဒေါ်အေးကြိုင် အသက်သေဆုံးခဲ့ပြီး ခန္ဓာကိုယ်အောက်ပိုင်း မသန်စွမ်းဖြစ်နေသော အသက် ၃၅ နှစ်အရွယ် ကိုခင်မောင်ဌေးလည်း မီးလောင်ကာ ဒဏ်ရာအပြင်းအထန်ရသွားသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မကွေးတိုင်း ရေစကြိုမြို့နယ်တို့နှင့် ထိစပ်နေသည့် မြင်းခြံခရိုင်သည် လက်နက်ကိုင်ခုခံမှု အားကောင်းသည့် ဒေသဖြစ်သည်။

နိုင်ငံအလယ်ပိုင်းဒေသသည် စစ်တပ်စခန်း အများအပြားရှိခြင်း၊ မြေပြန့်လွင်ပြင်ဖြစ်သည့်အပြင် လက်နက်နှင့် ထောက်ပို့လမ်းကြောင်း ခက်ခဲခြင်းတို့ကြောင့် တော်လှန်ရေးအဖွဲ့များက ပြောက်ကျားနည်း အားပြုကာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေသည်။

စစ်ကောင်စီက ၎င်းတို့၏ လက်နက်ကိုင်များ ပြုမူပုံနှင့် ပတ်သက်ပြီး သတင်းဖော်ပြမှုများကို တုံ့ပြန်ခြင်း မရှိပေ။

အာဏာသိမ်း ဗိုလ်ချုပ်များက ၎င်းတို့၏ လက်နက်ကိုင်များက ပြည်သူကို အကာအကွယ်ပေးနေသည်ဟု မကြာခဏ ပြောဆိုလေ့ရှိသော်လည်း ၎င်းတို့အောက်မှ စစ်သားများသည် ပြည်သူများကို မကြာခဏ နှိပ်စက်သတ်ဖြတ်နေသည်။

မကျီးစုရွာကို ဝင်စီးသည့် စက်တင်ဘာ ၂၀ နေ့တွင် မန္တလေးတိုင်းအတွင်းရှိ အခြားမြို့နယ်တစ်ခုဖြစ်သော မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်က ပစ်သည့် လက်နက်ကြီးကျည် နေအိမ်ပေါ် ကျသဖြင့် အထက်ညောင်ကုန်းရွာမှ အသက် ၅ နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့သည်ဟု တအာင်းတပ် TNLA က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

ယင်းနေ့မတိုင်ခင်ကတည်း ညောင်ကုန်းရွာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ စစ်ကောင်စီတပ်က ပစ်သည့် လက်နက်ကြီးကျည်ကြောင့် သေဆုံးခဲ့သေးသည်ဟု TNLA က ဆိုသည်။

Myanmar Now News

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့ မလိဝမ်းကျေးရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲတွေကြောင့် ဒေသခံ ၃၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့အပြင် စစ်ကောင်စီတပ်တွေ ရွာထဲ ဝင်နေတာကြောင့် ထိုင်းဘက်ကို ဒေသခံတွေ စက်တင်ဘာ ၂၀ ရက်နေ့ကတည်းက စပြီးထွက်ပြေးနေကြတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စက်တင်ဘာ ၂၀ ရက်နေ့က ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်တာ၊ စက်တင်ဘာ ၂၁ ရက်နေ့မှာ စစ်ကောင်စီ စစ်ကြောင်းတွေ ကျေးရွာထဲ ဝင်လာတယ်၊ နောက်ပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တယ်၊ ချောင်းဝရွာနားက ဥယျာဉ်ထဲ လက်နက်ကြီးကျတာကြောင့် တစ်ယောက်သေတယ်လို့ ကြားရတယ်၊ အခု မလိဝမ်း၊ ချောင်းဝနဲ့ အနီးအနားက ဥယျာဉ်ခြံတွေထဲ နေထိုင်တဲ့သူတွေ ထိုင်းဘက်ကို ထွက်ပြေးနေရတယ်”

စက်တင်ဘာ ၂၁ ရက်နေ့က စစ်ကောင်စီတပ်သားတွေဟာ ပါချန်မြစ်ထဲကနေ စစ်ရေယာဉ်တွေနဲ့ လည်ပတ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်တာကြောင့် ဥယျာဉ်ထဲမှာလုပ်ကိုင်နေတဲ့ အသက် ၆၀ ကျော် ဦးခင်မြင့် လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ထိုင်း-မြန်မာနယ်စပ် မလိဝမ်းကျေးရွာတစ်ဝိုက်မှာ ကုန်းလမ်း၊ ရေလမ်းနဲ့ပါ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေဟာ နေရပ်မပြန်နိုင်သေးဘဲ သူတို့ကို ထိုင်းအစိုးရနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေက စားသောက်ဖို့ ကူညီပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအကြောင်းနဲ့ ဒေသခံတွေ ထိုင်းနိုင်ငံဘက် ထွက်ပြေးနေရတဲ့အခြေအနေကို တနင်္သာရီတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို မေးမြန်းဖို့ RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ်လကလည်း မလိဝမ်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်တွေ တိုက်ပွဲဖြစ်တာကြောင့် ဒေသခံတွေ ထိုင်းဘက် ယာယီတိမ်းရှောင်ခဲ့ရပါတယ်။

RFA Burmese