ဓာတ်ပုံ ပုံစာ,ကုလသတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ IIMM အကြီးအကဲ နီကိုလက်စ်ခွန်ဂျန် (ပုံဟောင်း)

မြန်မာစစ်တပ်ရဲ့ဖမ်းဆီးထိန်းသိမ်းမှုခံရချိန်မှာ ညှင်းပန်းနှိပ်စက်ခံရတာ၊ လိင်အကြမ်းဖက်မှုတွေ ခံရမှုတွေမှာ ကျူးလွန်ခဲ့သူတွေ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ သူတို့ရဲ့တပ်မှူးတွေက ဘယ်သူတွေဖြစ်တယ်ဆိုတာကို သက်သေ အထောက်အထားတွေ ရရှိထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM) ရဲ့ အကြီးအကဲ နီကိုလက်စ်ခွန်ဂျန်က ထုတ်ပြောလာပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေကို သက်သေစုဆောင်းပြီး စောင့်ကြည့်မှတ်တမ်းတင်တဲ့ IIMM အဖွဲ့ အကြီးအကဲက ကုလအထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးမှာ သူက အခုလို တင်ပြခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးကိုတော့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ အောက်တိုဘာလ ၂၈ ရက်တုန်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတကာရာဇဝတ်မှုတွေ ဖြစ်ပွားတဲ့အကြိမ်ရေနဲ့ ပြင်းထန်မှုတွေ ပိုပြီး မြင့်တက်လာနေတယ်လို့ လည်း သူက စုဆောင်းရရှိတဲ့အချက်အလက်တွေကို အခြေခံပြီး သတိပေးစကားပြောပါတယ်။

“စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီးအားထားလာပါတယ်။ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ နေအိမ်တွေနဲ့ ဘာသာရေးအဆောက်အဦးတွေကို တိုက်ခိုက်နေတာကို ကျွန်တော်တို့ ဦးစားပေးပြီး စုံစမ်းစစ်ဆေးနေပါတယ်” လို့ သူက ကုလအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

မြန်မာစစ်တပ်ကို စွပ်စွဲထားတဲ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ဒရုန်းတိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ မုဒိမ်းမှုတွေ၊ နှိပ်စက်မှုတွေ နဲ့လူသားချင်းစာနာမှုအကူအညီဖြတ်တောက်မှုကြောင့် ငတ်မွတ်ခေါင်းပါးမှု ဖြစ်စဉ်တွေကိုလည်း အထောက်အထားတွေ မှတ်တမ်းတင်နေတယ်လို့ ပြောပါတယ်။

စစ်တပ်တင်မက အတိုက်အခံ နှစ်ဖက်စလုံးက သူတို့ဖမ်းဆီးထားတဲ့ စစ်သား၊ အရပ်သားတွေကို အကျဉ်းချုံး ကွပ်မျက်နေတာတွေကိုလည်း မှတ်တမ်းတင်ထားတယ်လို့ နီကိုလက်စ်ခွန်ဂျန် က အစီရင်ခံပါတယ်။

နောက်ပြီး ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) နှစ်ဖက်စလုံးက စစ်သားအဖြစ်စုဆောင်းနေပြီး ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကလည်း လက်ရှိတိုက်ပွဲတွေမှာ ပါဝင်နေတယ်လို့ IIMM အကြီးအကဲက ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် နှစ်ဖက်စလုံးဆီက အချက်အလက်တွေရရှိဖို့ ယန္တရားက ဆက်သွယ်ခဲ့ပေမယ့် ဒီနေ့အထိ နှစ်ဖက်လုံးကပူးပေါင်းဆောင်ရွက်မှုမရှိသေးတာကိုလည်း သူကပြောပါတယ်။

ယန္တရားက မျှဝေပေးတဲ့ အထောက်အထားတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံးက တရားလိုရှေ့နေရုံးနဲ့ အာဂျင်တီးနားဖက်ဒရယ်ရာဇဝတ်ခုံရုံးက စုံစမ်းစစ်ဆေးရေးတရားသူကြီးတို့က အသုံးပြုနေတယ်လို့ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံက လူမျိုးပြုန်းစေမှုကို တားဆီးရန်နဲ့ ပြစ်ဒဏ်ချမှတ်ရန် သဘောတူစာချုပ်ပါ တာဝန်ဝတ္တရားတွေကို ပျက်ကွက်ခဲ့တယ်လို့ ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားတဲ့ နိုင်ငံတကာတရားရုံးကအမှုမှာ အသုံးပြုဖို့ အချက်အလက်တွေကိုလည်း ယန္တရားက မျှဝေပေးနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း စစ်ရာဇဝတ်မှုတွေမှာ အသုံးပြုခဲ့တဲ့ လက်နက်နဲ့ စစ်ဘက်သုံးကိရိယာတွေကို ရောင်းပေးနေတဲ့ လူပုဂ္ဂိုလ်၊ စီးပွားရေးလုပ်ငန်းတွေဟာ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်နေခြင်းရှိ မရှိ စုံစမ်းစစ်ဆေးနေတဲ့ နိုင်ငံတွေနဲ့လည်း IIMM က ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ပါတယ်။

BBC Burmese

စဉ့်ကူးမြို့နယ်ဘက်မှ နေရပ်ပြန်လာသော ကန့်ဘလူ ဒေသခံ အမျိုးသား ခုနစ် ဦးသည် စစ်တပ်၊ပျူစခန်းနှင့် တိုးကာ ဖမ်းဆီးနှိပ်စက်ခံရပြီး မီးရှို့သတ်ဖြတ်ခံရစဉ် ၁၅ နှစ်အရွယ်တစ်ဦး ထွက်ပြေး လွတ်မြောက် ခဲ့သည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အမျိုးသား ခုနစ်ဦး ဖမ်းဆီးနှိပ်စက်ခံရကာ အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခံရပြီး တစ် ဦး ထွက်ပြေးလွတ်မြောက်လာကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ယနေ့ နံနက်တွင် ပြောသည်။ 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ရွှေမှော်တစ်ခုတွင် အလုပ်လုပ်ကိုင်သည့် ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်း (ရွာဟောင်း) မှ အမျိုးသား ခုနစ် ဦးသည် စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၈ နာရီခန့်က ဆိုင်ကယ် သုံးစီးဖြင့် ပြန်လာခဲ့ကြစဉ် စစ်တပ်နှင့်ပျူ အထိုင်စခန်းနှင့်တိုးကာ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်သည်။ 

“လုပ်ငန်းအဆင်မပြေလို့ ပြန်ခဲ့ကြတာပြောတယ်။ လိုင်းပေါ်တွေလည်း အေးဆေးသွားလို့ရတယ်ဆိုတော့ ဒီတိုင်းဖြတ်ခဲ့ကြတာ။ အားလုံး အရပ်သားတွေချည်းပဲဗျ။ ပြီးခဲ့တဲ့ ၉ ရက်နေ့ ညနေပိုင်း ၃ နာရီလောက်မှာ ဘူးကုန်းလမ်းခွဲမှာ စပြီး အဖမ်းခံရတာဗျ” ဟု ကန့်ဘလူဒေသခံ အမျိုးသားက ဆိုသည်။ 

ထို့နောက် လေး ရက်တာ ညှဉ်းပန်းနှိပ်စက်ခံရအပြီး စက်တင်ဘာလ ၁၂ရက်နေ့ ညနေတွင်  ကြိုးတုပ်၍ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ 

မီးရှို့သတ်ဖြတ်ခံရသူ ခုနစ် ဦးမှာ ဦးစိုးတင့် (၄၅ နှစ်)၊ ကိုချစ်သဲ‌မောင်(၂၃ နှစ်)၊ ကိုသန်း‌ဇော်ထွန်း (၂၃ နှစ်) ၊ ကိုရီ‌ဝေမိုး (၁၈ နှစ်) ၊ မောင်မိုးသက်ခ (၁၆ နှစ်) နှင့် မောင်ချမ်းဖြိုးဝေ (၁၄ နှစ်) တို့ဖြစ်ကြပြီး ၁၅ နှစ်အရွယ် မောင်မောင် (အမည်လွှဲ) ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်သည်ဟု သိရသည်။

“လောလောဆယ်တော့ လွတ်မြောက်လာတဲ့ ကလေးက ထိတ်လန့်နေတယ်။ အသက်ကလည်း ငယ်သေးတာကိုး။ သူ့ကို လုံခြုံတဲ့နေရာမှာ စီစဉ်ပြီး ထားပါတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

မောင်မောင်ဆိုသည့် လူငယ်ကို တုတ်ဖြင့်ရိုက်နှက်၍ စစ်သားများက မီးရှို့ခဲ့ပြီး ပြန်ထွက်သွားစဉ် ပြန်လည် သတိရလာသောကြောင့် ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု သိရသည်။ 

ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ ထုတ်ပြန်ထားသည့် လွတ်မြောက်လာသူ၏ ဓာတ်ပုံအရ မျက်နှာ၊ ကျောကုန်းတို့တွင် နှိပ်စက်ခံထားရသည့် ဒဏ်ရာဒဏ်ချက်များ အပြင် ခါး၊ ပေါင်နှင့်လက် တို့တွင် အပူ လောင်ထားသည့် ဒဏ်ရာများကိုတွေ့ရသည်။ 

လွတ်မြောက်လာသူ ပြောပြသည့်ဖြစ်စဉ်

ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းအတိုင်း ရွှေဘိုမြို့ဘက်မှ ကန့်ဘလူမြို့ဘက်သို့ မောင်းနှင်လာကြစဉ် ကန့်ဘလူမြို့နယ်၊‌ ရေကြည်ဦးရွာနှင့် ဘူးကုန်းရွာအကြား၊ ဘူးကုန်းလမ်းခွဲဇရပ်ရှိ စစ်တပ် အထိုင်ဂိတ်တွင် ဖမ်းဆီးခံရပြီး ဘူးကုန်းဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်သွားခံရသည်ဟု မောင်မောင်ဆိုသူ လူငယ်က ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကို ပြောထားသည်။ 

“လိုင်း‌ပေါ်မှာ ကားသမားတွေပြည်သူတွေတင်ထားတာ ဗျူဟာလမ်းအတိုင်း အေးအေးဆေးဆေး အစစ် အဆေးမရှိသွားလို့ရပြီ၊ ဘာမှ‌ ကြောက်စရာမရှိဘူး ဘာညာတင်ထားတော့ ကျွန်တော်တို့လည်း အေး‌ဆေး ပြန်ခဲ့ကြတာဗျ။‌ ရေကြည်ဦးကျော်အထိအေးဆေးပဲ၊ ဘူးကုန်းလမ်းခွဲနားက ဇရပ်ရောက်မှ ဖမ်းခံရတာ” ဟု ၎င်းက ပြောသည်။

“ အကုန်ဆင်းခိုင်းပြီးရိုက်နှက်တာ၊ အလုပ်လုပ်ပြန်လာတယ်‌ ပြောလည်းမရဘူး။ ပြီး‌တော့ ကျွန်တော်တို့ကို ဘူးကုန်း ဘုန်းကြီးကျောင်းထဲ ခေါ်သွားတာ။‌ ကျောင်းထဲရောက်တာ့ အင်္ကျီတွေ ချွတ်ခိုင်းပြီး ဝါးအစိုနဲ့ ထပ်ရိုက်တယ်။ လေးရက်လုံး ထမင်းမကျွေးဘဲ လက်ပြန်ကြိုးတုပ်ပြီး နှိပ်စက်နေခဲ့တာ”  

ဆက်လက်၍ “ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ.. အချိန်တော့အတိအကျမသိဘူး။ ကျွန်တာ်တို့ ခုနစ် ယောက်လုံးကို လက်ပြန်ကြိုးတုပ်လျက်နဲ့ပဲ တာယာပုံပေါ်တက်ခိုင်းတယ်။ ပြီး‌တော့ ခေါင်းတွေကို တုတ်တွေနဲ့ရိုက်တယ်။ မေ့မြောလို့ မပြေးနိုင်တော့ဘူးဆိုမှ မီးရှို့ပစ်ထားခဲ့တာ။ အဲ့ထဲမှာ ကျွန်တော်က ကံကောင်းပြီး သတိရလို့ ထွက်ပြေးလွတ်မြောက်ခဲ့တာ” ဟု ၎င်းက ပြောထားသည်။ 

စစ်ကိုင်းတိုင်း အထက်ပိုင်းမှသည် ကချင်ပြည်နယ်အထိ ချိတ်ဆက်ထားသည့် ဆက်သွယ်ရေးအရ အချက် အချာကျသည့် ရွှေဘို – မြစ်ကြီးနားဗျူဟာလမ်း ကန့်ဘလူမြို့နယ်ထဲ ဖြတ်သန်းသွားသည့် လမ်းပိုင်းတွင် စစ်တပ်ဂိတ်များရော တော်လှန်ရေးအင်အားစုများကပါ ယခင်ကထိန်းချုပ်ထားသည်။ 

ယခုနှစ် ဩဂုတ်လ ဒုတိယပတ်ကစပြီး ဗျူဟာလမ်းဘက်ဦးတည်ပြီး စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး နယ်မြေရှင်းလင်းခဲ့သည်။

“ ထန်းကုန်း၊ ဇီးကုန်းတိုက်နယ်ကနေစပြီး စစ်ကြောင်းတောက်လျှောက်ထိုးလာတာကနေ ဗျူဟာလမ်း ကြောဘက်ကို တိုးလာတာ အနောက်ဘက်ခြမ်းကနေ အရှေ့ခြမ်းကိုနေရာယူလာတာ။ ငှက်ပျောတိုင်း (ရွာ) ကနေ ရေကြည်ဦး၊ ကျီးကျင်း၊ ဘူးကုန်းတို့ဘက်ကို ရောက်လာတာ။ တကြောလုံးကို ဖြန့်ထားတာ စစ်ကြောင်းက”ဟု ဒေသတွင်းသတင်းများကို ဖော်ပြနေသည့် ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ကန့်ဘလူမြို့နယ် အနောက်ခြမ်းရှိ ကန့်ဘလူ – ကောလင်း ခရိုင်ချင်းဆက်လမ်းကို စစ်တပ်က ယခုနှစ် နှစ်လယ်တွင် အင်အားအများပြားဖြင့် စစ်ကြောင်းထိုးပြီးလမ်းပိုင်းပေါ်ရှိအချက်အချာကျသည့် ကျေးရွာများတွင် တပ်စွဲကာ ထိုလမ်းပိုင်းကို ပြန်လည်နယ်မြေစိုးမိုးထားပြီးဖြစ်သည်။

အမှတ် (၆၀၀၆) တပ်ရင်းအခြေချထားရာ ကန့်ဘလူမြို့နယ်သည် စစ်ကိုင်းတိုင်းတွင် ပြည်သူ့စစ် အင်အားအကောင်းဆုံးဒေသတစ်ခုဖြစ်ပြီး ထိုပြည်သူ့စစ်များကို သင်္ကန်းဝတ် ဦးဝါသဝ ဦးဆောင်သည်။   

ထို့ပြင် စစ်တပ်သည် ရွှေဘို-မြစ်ကြီးနားဗျူဟာ လမ်းပိုင်းအား စိုးမိုးမှုအလုံးစုံရရှိရန် ကြိုးပမ်းလျက်ရှိပြီး လက်ရှိတွင် ရေကြည်ဦး ၊ ဘူးကုန်းရွာလမ်းခွဲ၊ ဇီးကုန်း-မလယ်လမ်းဆုံတို့၌ ထပ်တိုးနေရာယူကာ ပြည်သူများအား ဖမ်းဆီးနှိပ်စက်လေ့ရှိသည့်အတွက် ဒေသခံများ အနေဖြင့် သတိပြုသွားလာကြရန် တော်လှန်ရေးအဖွဲ့ များက သတိပေး ထုတ်ပြန်ထားသည်။ 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည် ဇွန်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း စစ်တပ် စစ်ကြောင်းထိုးရာတွင်လည်း  ကန့်ဘလူတောင်ခြမ်းကျေးရွာ သုံး ရွာမှ ပြည်သူ ကိုး ဦးကို ညှဉ်းပန်း သတ်ဖြတ်သွားခဲ့သေးသည်။  

ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ်ရှိ သပြေသာ ၊ ကျောင်းကုန်း စသည့် ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက်  အသက် ၃၄ နှစ်မှ ၆၀ ကြားရှိ ဒေသခံအမျိုးသား ကိုး ဦး အသတ်ခံရခြင်းဖြစ်ပြီး သတ်ဖြတ်ခံရသူများတွင် စကားမပြောနိုင်သည့် မသန်စွမ်းတစ်ဦး ပါဝင်ကြောင်း ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ခဲ့သည်။ 

ယင်းအပြင်  သြဂုတ်လ ၁၆ ရက်နေ့မှ  ၂၀ ရက်နေ့အတွင်း စစ်တပ်စစ်ကြောင်းသည်လည်း ကန့်ဘလူမြို့နယ် ကျေးရွာများမှ ဒေသခံ ၁၁ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သေးသည်။

Myanmar Now

လူအများအိပ်မောကျနေချိန် ကျောက်တော်မြို့မှ အထက်တန်းကျောင်းတစ်ခု ဗုံး နှစ်လုံးကြဲခံရပြီး ဆက်ကျော်သက်အရွယ် ကျောင်းသားကျောင်းသူ အများစု အပါအဝင် ၁၈ ဦး သေဆုံးသည်၊ ၂၀ ခန့် ဒဏ်ရာရကြသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာရှိ ပညာပန်းခင်း ကိုယ်ပိုင်စာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က ယနေ့ (စက်တင်ဘာလ ၁၂ ရက်နေ့) နံနက် ၁ နာရီခန့်ကဗုံးကြဲခဲ့၍ အထက်တန်း ကျောင်းသားအများစု အပါအဝင် ၁၈ ဦး သေဆုံးကာ ၂၀ ဦးခန့် ဒဏ်ရာ ရသွားကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အိပ်မောကျနေသည့်အချိန် ပေါင် ၅၀၀ ဗုံး နှစ်လုံးဖြင့်ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သေဆုံးသူ၊ ဒဏ်ရာရသူတွေမှာ ၁၁ တန်း၊၁၂ တန်းတွေများတယ်။အလောင်းတွေကိုတောင် တိတိ ကျကျ ဘယ်သူဘယ်ဝါ တိတိကျကျခွဲလို့မရသေး  “ဟု ၎င်းကဆိုသည်။

လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းသူ/ကျောင်းသားများနှင့် ၎င်းအနီးအနားမှ ကလေးငယ်အချို့ အပါအဝင် စုစုပေါင်း ၁၈ ဦး သေဆုံးကာ ၂၀ ကျော် ပြင်းထန် ဒဏ်ရာရရှိခဲ့ကြကြောင်း အာရက္ခတပ်တော်( AA)  ကလည်း ယနေ့ ထုတ်ပြန်ထားသည်။

ယခုကဲ့သို့စာသင်ကျောင်းကိုဗုံးကြဲမှုမှာ ရခိုင်ပြည်နယ်၌ စစ်ရှုံးနေသဖြင့် (စစ်တပ်၏) မနာလိုစိတ် ကြောင့် ဖြစ်သည်ဟု အထက်ပါဒေသခံက ဝေဖန်သည်။

“စစ်ရှုံးတဲ့အခါ မနာလိုစိတ်နဲ့ခံပြင်းမှုကြားမှာ ပြည်သူတွေကိုအစုလိုအပြုံလိုက်သတ်ဖြတ်တာ ဖြစ်တယ် “ဟု ၎င်းက ပြောသည်။

အနာဂတ်တွင် ထွန်းတောက်လာမည့် ကျောင်းသားလူငယ်များကို သတ်ဖြတ်ခြင်းမှာ ဝမ်းနည်းစရာ ဖြစ်ကြောင်း ကျောက်တော်မြို့နယ်မှဆရာမတစ်ဦးက ပြောသည်။

“ငိုတောင်ငိုမိသွားတယ်။ သူတို့မိဘတွေဆိုရင် ဘယ်လိုခံစားရမလဲမသိဘူး “ဟု ဆရာမက ဆိုသည်။

စစ်တပ်သည် ယမန်နေ့ (စက်တင်ဘာ ၁၁ ရက်နေ့) ကလည်း ကျောက်တော်မြို့နယ်၊ ဇီးချောင်းဆည် အနီးတဝိုက်ကို ဗုံးကြဲခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ပေ။

ကျောက်တော်အပါအဝင် ရခိုင်ဒေသတစ်ခုလုံးနီးပါး AA တပ်က သိမ်းပိုက်ထားပြီး လေကြောင်းဗုံးကြဲမှု များကြောင့် အရပ်သားများ အစုလိုက်အပြုံလိုက်သေဆုံးမှုများ ဖြစ်ပေါ်နေသည်။ 

ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့၊ ည ၁၁ နာရီခွဲကလည်း မြောက်ဦးမြို့တွင် လေကြောင်းတိုက်ခိုက် မှုကြောင့် ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအ၀င် အရပ်သား ၁၂ ဦး သေဆုံးပြီး၂၀ ဦး ဒဏ်ရာ ရခဲ့သည်။

အလားတူ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ အား ယခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် လေကြောင်း ဗုံးကြဲမှုကြောင့်  သေဆုံးသူ ၂၆ ဦး၊ ဒဏ်ရာရသူ ၂၇ ဦး ထက်မနည်း ရှိသည်၊ ရပ်ကွက် သုံးခုရှိ လူနေအိမ် ၃၉၈ လုံး မီးလောင်ကျွမ်းမှု  ဖြစ်ပွားခဲ့သည်ဟု AA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ ချုပ် (ULA) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး ( HDCO) ပြုစုထားသောစာရင်းများအရ  သိရသည်။

ယခုနှစ် မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းငလျင်ကြီးလှုပ်အပြီး စစ်တပ်က အပစ်ရပ်ကြေညာထားချိန်မှာ ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း ကျောက်ဖြူ၊ တောင်ကုတ်၊ ကျောက်တော်၊ ပေါက်တော၊ စစ်တွေ မြို့တို့ကို ပစ်ခတ်တိုက်ခိုက်မှု ၄၀၉ ကြိမ်ပြုလုပ်ခဲ့သည်ဟု HDCO က ထုတ်ပြန်ထားသည်။

တိုက်လေယာဉ်၊ ဒရုန်း၊ စက်တပ်လေထီး၊ ရေတပ်သင်္ဘောများမှ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ပြီး အရပ်သား ၁ ဦး သေဆုံးပြီး၊ ၂၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာ ရသူများအနက် ငါးဦးမှာ အသက် ၅ မှ ၁၄ နှစ်အကြားရှိ ကလေးများဖြစ်ပါသည်။ ထို့အပြင် အိမ် ၂၁ လုံး၊ ဆိုင် ၂ ဆိုင်နှင့် ဘာသာရေးအဆောက်အဦ တစ်လုံးထိခိုက်ပျက်စီးခဲ့သည်။

အာဏာသိမ်းစစ်တပ်သည် ရခိုင်အပြင် တစ်နိုင်ငံလုံးအနှံ့အပြားရှိ ၎င်းတို့ဆုံးရှုံးနယ်မြေများအား ဗုံးကြဲပြီး အရပ်သားများကို သတ်ဖြတ်လျက်ရှိသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်လည်း စစ်တပ်က ယခုနှစ်လယ်မှ စတင်ကာ နိုင်ငံအလယ်ပိုင်း၊ ရှမ်းမြောက်၊ ကရင်နီ၊ ကချင်၊ ကရင် ဒေသများကို တန်ပြန် မြေပြင်ထိုးစစ်ဆင်နေရာ လေကြောင်း၊ ဒရုန်း ၊ အင်ဂျင်တပ်လေထီး၊ လက်နက်ကြီး အပါအဝင် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ပြီးခဲ့သည့် ဩဂုလတ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၂၂၁ ကြိမ်အထိပြုလုပ်ခဲ့သဖြင့် ပြည်သူ၂၈၄ ဦးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  လူ့အခွင့်အရေးဝန်ကြီးဌာန က စက်တင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့ပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၂ ကြိမ်ပြုလုပ်ခဲ့ပြီး လူပေါင်း ၂၂၅ ဦးအထိ သေဆုံးသည် ဟု ဆိုသည်။ အလားတူ ဇူလိုင်လအတွင်း စစ်တပ်လက်ချက်ကြောင့် အရပ်သား ၁၂၅ ဦးသေဆုံးခဲ့သည်။

Myanmar Now

စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ပွားပြီးနောက် လေးနှစ်ကျော်ကြာမြင့်လာသည့်ကာလအတွင်း အ ပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်မှုများနှင့် စနစ်တကျ ပစ်မှတ်ထားတိုက်ခိုက်မှုများ ကျယ်ကျယ် ပြန့်ပြန့် ဆက်လက် ဖြစ်ပွားလျှက်ရှိသည်။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် လူ့အခွင့်အ ရေးအခြေအနေမှာ အလွန်စိုးရိမ်ဖွယ် ဖြစ်နေဆဲဖြစ်သည်။

ND-Burma အဖွဲ့ဝင်အဖွဲ့အစည်းများက စုဆောင်းထားသော အချက်အလက်များအရ အစီရင်ခံ ကာလ တစ်လျှောက်လုံးတွင် ပြည်သူများသည် မိမိတို့၏ နေ့စဉ်ဘဝကို ခြိမ်းခြောက်နေသော ကျယ်ကျယ် နှင့် စနစ်တကျ တိုက်ခိုက်မှုများကို ဆက်လက် ခံစားနေရကြောင်း တွေ့ရှိရသည်။

အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု အရေအတွက် မြင့်မားခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုများနှင့် မော်တာဗုံးများကြောင့်လည်း မွေးမြူရေးတိရစ္ဆာန်များ အပါအဝင် ဒေသခံပိုင်ဆိုင်မှုများ အကြီးအကျယ် ပျက်စီးခဲ့သည်။ ထိုကဲ့သို့ ပျက်စီးဆုံးရှုံးမှုများကြောင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းနိုင်စွမ်းသည် ထပ်မံလျော့နည်းသွားခဲ့သည်။

မေလ ပထမလဝက်အတွင်း တော်လှန်ရေးထိန်းချုပ်ဒေသများဖြစ်သည့် ရခိုင်၊ ချင်း၊ ကရင်၊ ရှမ်း၊ ကရင်နီနှင့် မွန်ပြည်နယ် အပြင် စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီး တို့ရှိ ပြည်သူများကို ပစ်မှတ်ထား သည့် လေကြောင်းတိုက်ခိုက်မှု ၅၈ ကြိမ်ကျော် ဖြစ်ပွားခဲ့သည်။ ထိုအကြမ်းဖက် တိုက်ခိုက်မှုများ ကြောင့် လူပေါင်း ၈၆ ဦး သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်[1]

မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူနည်းစုများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး ကာကွယ်သူများ (HRDs) သည် စနစ်တကျ ဖိနှိပ်မှုများကို ခံစားနေရပြီး ၎င်းတို့၏ လူမျိုး၊ လိင်၊ လိင်ပိုင်းဆိုင်ရာ လက္ခဏာအပေါ်မူတည်၍လည်း ပိုမို၍ ထိခိုက်ခံစားနေရသည်။

ND-Burma ၏ မှတ်တမ်းတင်မှုများအရ တိုင်းရင်းသားများမှာ ပစ်မှတ်ထား၍ လူ့အခွင့်အရေးချိုး ဖောက်မှုများကို ကြုံတွေ့နေရပြီး ထိုချိုးဖောက်မှုများတွင် အတင်းအဓမ္မ နေရပ်ရွှေ့ပြောင်းစေမှု၊ တရားမဝင် သတ်ဖြတ်မှုများနှင့် မြေယာသိမ်းဆည်းမှုများ ပါဝင်သည်။

ထိုအသိုင်းအဝိုင်းများအတွင်းရှိ အမျိုးသမီးများနှင့် LGBTQ2I များသည် ဖိနှိပ် ခွဲခြားမှုများကို ဆိုးဆိုး ရွားရွား ခံစားနေရသည်။ အမျိုးသမီးများမှာ လိင်အခြေပြု အကြမ်းဖက်မှုများ (GBV)  ခံစားနေရ သကဲ့သို့ LGBTQ2I များမှာလည်း ဥပဒေကြောင်းဆိုင်ရာ ကာကွယ်မှုများရရှိရန် ရည်ရွယ်ချက်ရှိရှိ ငြင်းပယ် ခံနေရသည်။


လူမျိုးပြုန်းစေမှုဆိုသည်မှာ “နိုင်ငံသား၊ လူမျိုး၊ မျိုးနွယ်စု သို့မဟုတ် ဘာသာရေးအုပ်စု
တစ်စုလုံး သို့မဟုတ် တစိတ်တပိုင်းကို ပျက်သုဥ်းစေရန် ရည်ရွယ်ချက်ဖြင့် သတ်ဖြတ်ခြင်း၊
မုဒိမ်းကျင့်ခြင်း သို့မဟုတ် ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ
ထိခိုက်နစ်နာစေသည့် လုပ်ရပ်များကို ကျူးလွန်ခြင်းဖြစ်သည်။

လူမျိုးပြုန်းစေသည့် ရာဇ၀တ်မှု ကျူးလွန်ရန်အတွက် အစီအစဥ်တစ်ခု သို့မဟုတ်
မူဝါဒတစ်ရပ်ထားရှိ ရန် မလိုပါ။ သို့သော်လည်း ထိုသို့စီမံချက်၊ မူဝါဒများ ရှိနေပါက
ယင်းတို့သည် လူမျိုးပြုန်းစေရန် ကြံ ရွယ်လုပ်ဆောင်သည့် အထောက်အထားများအဖြစ်
သတ်မှတ်နိုင်သည်။ လူမျိုးပြုန်းစေသည့် ရာဇဝတ် မှုဖြစ်ရန် သေဆုံးသူအရေအတွက်
အနည်းဆုံး မည်မျှရှိရမည်ဟူ၍ သတ်မှတ်ချက်မရှိပါ။ သို့သော် ပစ်
မှတ်ထားတိုက်ခိုက်ခံရသူများအပေါ် ကျူးလွန်သည့် ပြစ်မှုသည် အုပ်စုတစ်စုလုံး အပေါ်
ခြုံငုံသက် ရောက်နိုင်သည့် ရာဇဝတ်မှုမျိုး ဖြစ်ရမည်။
လူမျိုးပြုန်းစေသည့် ရာဇ၀တ်မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး၏
ရောမသဘောတူစာချုပ် အပိုဒ် (၆) တွင် နိုင်ငံသား၊ လူမျိုး၊ မျိုးနွယ်စု သို့မဟုတ်
ဘာသာရေးအုပ်စု တစ်စုလုံး သို့မဟုတ် တစိတ်တပိုင်းကို ပျက်သုဥ်းစေရန် ရည်ရွယ်ချက် ဖြင့်
သတ်ဖြတ်ခြင်း။ ရုပ်ပိုင်းဆိုင်ရာ (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ ဆိုးဆိုးရွားရွား ထိခိုက်စေခြင်း။
မုဒိမ်းကျင့်ခြင်း သို့မဟုတ် ပြင်းထန်သော ရုပ်ပိုင်း ဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ
ထိခိုက်နစ်နာစေသည့် လုပ်ရပ်များကို ကျူးလွန်ခြင်း။ အသက် ရှင်သန် မရပ်တည်နိုင်စေရန်
ရည်ရွယ်၍ ရုပ်ပိုင်းဆိုင်ရာများကို ရည်ရွယ်ချက်ဖြင့် ဖျက်ဆီးခြင်း။ ကလေးမွေးဖွားမှုကို

ရည်ရွယ်ချက်ဖြင့် ပိတ်ပင် တားဆီးခြင်း။ ကလေးများကို အခြားလူမျိုးအုပ်စုများ အား
အတင်းအကြပ် လွှဲပြောင်းပေးခြင်းတို့ ပါဝင်သည်ဟု ဖော်ပြထားသည်။
လူမျိုးပြုန်းစေသည့် ရာဇဝတ်မှုနှင့် ပတ်သက်သည့် နိုင်ငံတကာ အတွေ့အကြုံ
မြန်မာနိုင်ငံ၏ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံတွင် ခမာနီခေါင်းဆောင် ပိုပေါ့ (Pol Pot)
လက်ထက် ၁၉၇၅ မှ ၁၉၇၉ ခုနှစ်အတွင်း (၄ နှစ်အတွင်း) ကမ္ဘောဒီးယား ပြည်သူ ၁.၅ သန်း မှ
၂ သန်း (ထိုအချိန်က ကမ္ဘောဒီးယား လူဦးရေ၏ ၂၅ % နီးပါး) သတ်ဖြတ်ခံရသည်။
ခမာနီတို့လက်ထက်တွင် မြို့ပြများရှိ ပြည်သူများအား လက်ပြန်ကြိုးတုတ်၍
ကျေးလက်တောရွာများရှိ အလုပ်ကြမ်းစခန်းများသို့ ခေါ်ဆောင်ပြီး အစုအပြုံလိုက်
သတ်ဖြတ်ခြင်း၊ အတင်းအကြပ် အလုပ်ခိုင်း စေခြင်း၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်း၊
ညှဥ်းပန်းနှိပ်စက်ခြင်းနှင့် အလုပ်ကြမ်းစခန်းသို့ ပို့ဆောင်ခံရသူများမှာ အဟာရချို့တဲ့ခြင်းနှင့်
ရောဂါဘယ ထူပြောမှုကြောင့် သေဆုံးကြရသည်။
၂၀၀၉ ခုနှစ်တွင် ကမ္ဘောဒီးယား ဗဟိုမှတ်တမ်းအဖွဲ့ (Documentation Center of Cambodia) မှ
ခမာနီတို့ လက်ထက်တွင် ခန့်မှန်းခြေ ပြည်သူ ၁.၃ သန်းကို အစုအပြုံလိုက် သတ်ဖြတ်ထားပြီး
မြှုပ်နှံထားသည့် နေရာ ၂၃,၇၄၅ ကို ဖော်ထုတ် မှတ်တမ်းတင်နိုင်ခဲ့သည်။
၂၀၀၃ ခုနှစ်တွင် ကမ္ဘောဒီးယားအစိုးရနှင့် ကုလသမဂ္ဂတို့ သဘောတူညီမှုဖြင့်
ကမ္ဘောဒီးယားနိုင်ငံအ တွက် အထူးခုံရုံး (Extraordinary Chambers in the Court of
Cambodia) ကို ကမ္ဘောဒီး ယား လူမျိုးပြုန်းစေသည့် ရာဇဝတ်မှုနှင့် ပတ်သက်၍
တာဝန်ရှိသူများကို ခုံရုံးတင်စစ်ဆေးရန် ဖွဲ့စည်းခဲ့ သည်။ ခုံရုံးတင် စစ်ဆေးမှုကို ၂၀၀၉ ခုနှစ်တွင်
စတင်ခဲ့ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ပြစ်မှု နှင့် လူမျိုးပြုန်း ရာဇဝတ်မှုများတွင်
တာဝန်ရှိသည့် ခမာနီခေါင်းဆောင်များအား ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံရွာမှာ လူတွေအစုလိုက်အပြုံလိုက် သေဆုံးနေတဲ့ ရုပ်အလောင်းတွေနဲ့ ပတ်သက်လို့  နိုင်ငံတကာပါဝင်တဲ့  လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတရပ်ကို ခွင့်ပြုပေးဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဒုဝန်ကြီးက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်၊ ငှက်သေးကျေးရွားအုပ်စု၊ ထန်းရှောက်ခံ(တန်းလျှောက်ခံ)ရွာက ရွာသား ၆၀၀ ကျော်ကို အာရက္ခတပ်တော် (AA) က သတ်ဖြတ်တယ်ဆိုပြီး စွပ်စွဲရေးသားချက်တွေဟာ မဟုတ်မမှန် လိမ်လည်လုပ်ကြံဖန်တီးတာသာ ဖြစ်တယ်လို့ မောင်တောခရိုင်အတွင်းရှိ အစ္စလာမ်ဘာသာဝင် အကြီးအကဲတွေ အပါအဝင် တက်ကြွလှုပ်ရှားသူတွေက ဩဂုတ် ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် မေ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ထန်းရှောက်ခံရွာမှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရာနဲ့ချီ သေဆုံးခဲ့ရတယ်လို့ အဲဒီထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါကြောင့် ထန်း‌ရှောက်ခံရွာအနီးတွေ့ရတဲ့ အရိုးစုတွေဟာ တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ကြွင်းကျန်တဲ့ အရိုးစုတွေသာဖြစ်ပြီး ရွာသား ၆၀၀ ကျော်ရဲ့ အရိုးစုတွေလို့ စွပ်စွဲ ပြောဆိုတာဟာ လုပ်ကြံဝါဒဖြန့်နေတာသာဖြစ်တယ်လို့ ဆိုထားပါတယ်။

အခုလို လုပ်ကြံဖန်တီးတာဟာ ဒေသတွင်းအတူနေ ရခိုင်နဲ့ ရိုဟင်ဂျာတို့ကြား သဟဇာတ ဖြစ်ဖို့၊ အတူယဉ်တွဲနေထိုင်ဖို့ကို ထိခိုက်ပျက်ပြားစေရုံမက အမုန်းအာဃာတတွေ၊ အထင်အမြင်လွဲမှားမှုတွေနဲ့ အချင်းချင်းကြား မယုံကြည်မှုတွေကိုသာ ဖြစ်ပေါ်စေပါတယ်။ ဒါဟာ နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိနဲ့ လူမျိုးနှစ်မျိုးကြား မသင့်မြတ်အောင် ရန်တိုက်ပေးတဲ့ လုပ်ရပ်တွေ သာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီလိုထုတ်ပြန်ထားပေမဲ့ ဒေသခံ ရိုဟင်ဂျာဘာသာ‌ရေးခေါင်းဆောင်တွေ အပါအဝင် တက်ကြွလှုပ်ရှားသူတွေရဲ့ ထွက်ဆိုချက်ဟာ ဖိအားပေးမှုတွေကြောင့်ပဲ ဖြစ်တယ်လို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူလည်းဖြစ် NUG ရဲ့ လူအခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်တဲ့ ဦးအောင်ကျော်မိုးက ပြောပါတယ်။

“အမှန်တရားပေါ်ပေါက်ဖို့ အဲဒီနေရာမှာ ဘာတွေဖြစ်ခဲ့တယ် ဆိုတာကို အားလုံးသိနိုင်ဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတရပ်ကို AA အနေနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို ဝင်ရောက်စစ်ဆေး စုံစမ်းခွင့်တွေ ပေးဖို့လိုတယ်။ AA ထိန်းချုပ်နယ်မြေတွေ အတွင်းက ရိုဟင်ဂျာတွေရဲ့ ထွက်ဆိုချက်တွေက ဖိအားပေးမှုတွေကြောင့်လို့လည်း ယူဆနေမှုတွေ ရှိတယ်။ ဒါကြောင့်မို့ ဒါတွေကို ဖြေရှင်းတဲ့နည်းလမ်း အဖြေရှာတဲ့နည်းလမ်းက နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုး၊ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းပါဝင်တာမျိုးပဲ ဖြစ်တယ်။”

ဘူးသီးတောင်ဒေသခံတယောက်ကတော့ ထန်း‌ရှောက်ခံရွာမှာ တိုက်ပွဲမဖြစ်ခင်ကတည်းက အများစုဟာ ဘေးလွတ်ရာကို ရှောင်တိမ်း နေထိုင်ကြပြီလို့ ဆိုပါတယ်။

“ဘူးသီးတောင်တိုက်ပွဲ ရှုံးကတည်းက စကစတပ်ကနေပြီးတော့ မွတ်ဆလင်တွေကို စစ်သင်တန်းပေးတာတွေ ရှိတယ်။ ဒီ ထန်းရှောက်ခံရွာကိစ္စထဲမှာ ပါနေတဲ့ မွတ်ဆလင်တွေက မွတ်ဆလင်ပြည်သူတွေ မဟုတ်ပါဘူး။ စကစက လက်နက်တပ်ဆင်ပြီး စစ်သင်တန်းပေးထားတဲ့ ပြည်သူ့စစ်တပ်သားတွေပါ။ အဲဒီမွတ်ဆလင်ရွာက ဒေသခံတွေက တဖက်ကို စစ်ရှောင်နေတဲ့ သူတွေပါ။ တိုက်ပွဲပြီးတော့မှပဲ ပြန်ဝင်လာကြတာပါ။”

ထန်းရှောက်ခံရွာမှာ ရိုဟင်ဂျာပြည်သူ့စစ်သား ၂၀၀ ကျော် အပါအဝင် စစ်ကောင်စီတပ်သားတွေ ၅၀၀ ဝန်းကျင်နဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ AA ရဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရတဲ့ စကခ ၁၅ ဒုတပ်မမှူး ဗိုလ်မှူးကြီး ကောင်းမြတ်က ဒေသတွင်းမီဒီယာတွေမှာ ဖြေကြားခဲ့ပါတယ်။

ထန်းရှောက်ခံရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို မေးမြန်းရာမှာတော့ ဒီစွပ်စွဲချက်တွေဟာ ကိုယ်ကျိုးရှာတဲ့ လူတစုက သူတို့လုပ်နေကျအတိုင်း အခြေအမြစ်မရှိတဲ့ လုပ်ကြံဖန်တီး စွပ်စွဲချက်တွေသာဖြစ်ပြီး ဒါဟာ စစ်ကောင်စီတပ်သားတွေရဲ့ အရိုးစုတွေသာ ဖြစ်တယ်လို့ AA က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။

“အဲဒီ ထန်းရှောက်ခံရွာမှာ တိုက်ပွဲ ၃ ရက်လောက် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအချိန်မှာ အကြမ်းဖက် စစ်ကောင်စီဘက်က အနည်းဆုံး ၂၀၀ ဝန်းကျင်လောက် ကျဆုံးခဲ့ပါတယ်။ ဒါကြောင့်မို့ အဲဒီနေရာမှာ အလောင်းတွေ့‌တာ။ အလောင်းတွေပုံသွားတဲ့ အခြေအနေမျိုးပါ။ တချို့အလောင်းတွေကို အကြမ်းဖက်စစ်ကောင်စီက အလောင်း ၂၀၊ ၃၀ ကို တတွင်း အဲလိုမြှုပ်ထားတာတွေ ရှိခဲ့ပေမဲ့ တချို့ အလောင်း ၁၀၀ နီးပါးက မမြှုပ်နိုင်ဘဲနဲ့ ကျန်ခဲ့တာ ရှိပါတယ်။ အခုစွပ်စွဲပြီးပြောဆိုထားတဲ့ ဓာတ်ပုံတွေဟာ အကြမ်းဖက် စစ်ကောင်စီက ဆောင်းတဲ့ ဦးထုပ်တွေ။ နောက်ပြီး သေနေတဲ့ အလောင်းတွေရဲ့ အရိုးစုတွေမှာ ဝတ်ဆင်ထားတဲ့ စစ်ဖိနပ်တွေ၊ အဲဒါတွေက သက်သေတွေပဲ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီဘက်က ကျဆုံးသွားတဲ့ စစ်သားအလောင်းတွေပဲ ဖြစ်ပါတယ်။”

တဖက်မှာလည်း ထန်းရှောက်ခံရွာက ရိုဟင်ဂျာတွေ အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာ မှန်ကန်တယ်လို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အဲဒီဖြစ်စဉ်အတွင်း အသက်ရှင် လွတ်မြောက်လာသူတွေက အခိုင်အမာ ပြောဆိုနေတာတွေ ရှိနေတယ်လို့ NUG လူ့အခွင့်အရေး ဒုဝန်ကြီးက ဆိုပါတယ်။

ထန်းရှောက်ခံရွာဖြစ်စဉ်နဲ့ပတ်သက်လို့ အဲဒီရွာမှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာ အာရက္ခတပ်တော် (AA) က ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာဟာ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Fortify Rights ကလည်း ထုတ်ပြန်ထားပါတယ်။

ထန်းရှောက်ခံရွာမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် သန်းခေါင်စာရင်းအရ အိမ်ခြေ ၁၁၄ အိမ်၊ လူဦးရေ ၉၃၃ ယောက်ရှိပြီး လက်ရှိ ကောက်ယူထားတဲ့ စာရင်းအရ ဘူးသီးတောင်မြို့နယ်အတွင်း နေထိုင်သူ ၇၉၀ ယောက်နဲ့ ပြည်ပထွက်ခွာသွားသူ ၁၃၈ ယောက် စုစုပေါင်း ၉၂၈ ယောက် ရှိတယ်လို့ အာရက္ခတပ်တော် (AA) ဘက်က တုံ့ပြန်ပြောသလို ဘာသာရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာလည်း အဲဒီအချက် ပါရှိပါတယ်။

ကေခိုင်

DVB News