ဂျီနီဗာ၊ သြဂုတ် ၁၂၊ ၂၀၂၅။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားသည် မြန်မာအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားသူများကို ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အထောက်အထားများ စုဆောင်းခြင်းနှင့် ကျူးလွန်သူများကိုဖော်ထုတ်ရန် ကြိုးပမ်းရာတွင် တိုးတက်မှုများရှိနေပြီဖြစ်ကြောင်း ယနေ့ထုတ်ပြန်သည့် နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းရာဇဝတ်မှုများတွင် ညှဥ်းပန်းနှိပ်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများပါဝင်သည်။  

“မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေအပါအဝင် မြန်မာနိုင်ငံက စစ်ကြော‌ရေးစခန်းတွေမှာ စနစ်တကျ ညှဥ်းပန်းနှိပ်စက်နေတာကို ထင်ထင်ရှားရှားပြသနေတဲ့ အထောက်အထားတွေကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားပါတယ်” ဟု ယန္တရား၏အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောသည်။ “ထိန်းသိမ်းစစ်ကြောတဲ့နေရာတွေကို ကြီးကြပ်တဲ့တပ်မှူးတွေအပါအဝင် ကျူးလွန်သူတွေကို ဖော်ထုတ်ရာမှာ တိုးတက်မှုတွေရှိနေပြီး ဒီအမှုတွေကို စစ်ဆေးစီရင်ဖို့ လိုလားပြီး စီရင်နိုင်ခွင့်ရှိတဲ့ တရားရေးအာဏာပိုင်တွေနဲ့ မျှဝေဖို့ အသင့်ရှိနေပါတယ်” ဟု ဆက်ပြောသည်။ 

ဤအစီရင်ခံစာတွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက် ကာလအပိုင်းအခြားအတွင်းမှ ဆောင်ရွက်ချက်များကို တင်ပြထားပြီး မြန်မာနိုင်ငံရှိ ထိန်းသိမ်းစစ်ကြောသည့်နေရာများတွင် ရိုက်နှက်ခြင်း၊ လျှပ်စစ်ဖြင့်ရှော့တိုက်ခြင်း၊ လည်ပင်းညှစ်ခြင်း၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ လိင်အင်္ဂါအစိတ်အပိုင်းများကို မီးရှို့ခြင်းနှင့် အခြားလိင်အကြမ်းဖက်မှုများကျူးလွန်နေကြောင်း မှတ်တမ်းများကို အသေးစိတ်ဖော်ပြထားသည်။ ယန္တရားသည် သက်ဆိုင်ရာထိန်းသိမ်းစစ်ကြောသည့်နေရာများတွင် တာဝန်ထမ်းဆောင်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်ဖွဲ့များကို ရှာဖွေဖော်ထုတ်ရာတွင် တိုးတက်မှုများရှိနေသည်။  

ဖမ်းဆီးရမိထားသော ရန်သူ့ဘက်မှတိုက်ခိုက်သူများနှင့် သတင်းပေးဟုစွပ်စွဲခံရသည့်အရပ်သားများကို အကျဥ်းချုံး တရားစီရင်ပြီး ကွပ်မျက်ရာတွင် ပါဝင်သူများကိုဖော်ထုတ်နိုင်ရန် အထောက်အထားများကိုလည်း ယန္တရားက စုဆောင်းနေသည်။ မြန်မာ့လုံခြုံရေးတပ်ဖွဲ့များ၊ ၎င်းတို့နှင့်ဆက်စပ်သော ပြည်သူ့စစ်များ၊ စစ်တပ်အားဆန့်ကျင်သည့် လက်နက်ကိုင်တပ်ဖွဲ့များကလည်း အကျဥ်းချုံးစီရင်ကွပ်မျက်မှုများကို ကျူးလွန်နေသည်။ 

စာသင်ကျောင်းများ၊ နေအိမ်များနှင့် ဆေးရုံများကို ဗုံးကြဲတိုက်ခိုက်သောကြောင့် အရပ်သားများ ထိခိုက်သေဆုံးနေရသည့် ဖြစ်ရပ်များကို ယန္တရားက အရှိန်မြင့်ကာ စုံစမ်းစစ်ဆေးနေကြောင်းကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ စုံစမ်းစစ်ဆေးမှုများတွင် ၂၀၂၅ ခုနှစ် မတ်လ၌ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်နေ့ရက်လည်း ပါဝင်သည်။ လေကြောင်းတိုက်ခိုက်မှုများတွင် ပါဝင်ကျူးလွန်သူများကို ဖော်ထုတ်နိုင်ရန် မြန်မာ့လေတပ်၏ ဖွဲ့စည်းပုံနှင့် အမိန့်ပေးကွင်းဆက်များကို စိစစ်သုံးသပ်နေသည်။ 

“မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်လှတဲ့ အကြမ်းဖက်မှုတွေ အကြိမ်ရေပိုတိုးပြီး ဆိုးဆိုးရွားရွား ကျူးလွန်နေဆဲဖြစ်ကြောင်း ကျွန်တော်တို့ရဲ့ အစီရင်ခံစာမှာ အသားပေး ဖော်ပြထားပါတယ်။ ကျူးလွန်သူတွေအနေနဲ့ သူတို့ရဲ့လုပ်ရပ်တွေအတွက် တရားရုံးမှာ သွားရောက်ဖြေရှင်းရတဲ့နေ့ဆီကို မျှော်မှန်းပြီး ကျွန်တော်တို့ လုပ်ကိုင်နေပါတယ်” ဟု နီကိုလတ်စ်ခွန်ဂျန်က ပြောသည်။  

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့က ရခိုင်ပြည်နယ်တွင် နယ်မြေစိုးမိုးရေးကြိုးပမ်းရာ၊ များစွာသော လူမှုအသိုင်းအဝိုင်းများကို အကြမ်းဖက်မှုများရှိနေသောကြောင့် စုံစမ်းစစ်ဆေးရေးလမ်းကြောင်းသစ်တစ်ခု စတင်ထားသည်။ အလားတူ၊ ၂၀၁၆-၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးကာလအတွင်း မြန်မာလုံခြုံရေးအဖွဲ့ဝင်များက ရိုဟင်ဂျာများကို ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကိုလည်း ဆက်လက် စုံစမ်းစစ်ဆေးနေသည်။ အထူးသဖြင့် လူတစ်ဦးချင်း၏ လုပ်ဆောင်ချက်များနှင့် ရာဇဝတ်မှုများကို ချိတ်ဆက်နိုင်သည့် အထောက်အထားများကို စိစစ်နေသည်။

အစီရင်ခံစာမှတွေ့ရှိချက်များသည် မျက်မြင်သက်သေပေါင်း ၆၀၀ ကျော်၏ထွက်ဆိုချက်များ အပါအဝင်၊ ရင်းမြစ်ပေါင်း ၁၃၀၀ ကျော်ထံမှ စုဆောင်းရရှိသော အချက်အလက်များ၊ အခြားအထောက်ထားများဖြစ်သည့် ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များ၊ စာရွက်စာတမ်းများ၊ မြေပုံများ၊ ဂြိုဟ်တုပုံရိပ်များ၊ ဆိုရှယ်မီဒီယာပို့စ်များနှင့် မှုခင်းဆေးပညာအထောက်အထားများကို အခြေခံထားသည်။  

ရိုဟင်ဂျာများနှင့်ဆိုင်သောအမှုများကို ကိုင်တွယ်နေသည့် နိုင်ငံတကာရာဇဝတ်ခုံရုံး (အိုင်စီစီ)၊ နိုင်ငံတကာ တရားရုံး (အိုင်စီဂျေ)နှင့် အာဂျင်တီးနားနိုင်ငံမှ အာဏာပိုင်များထံ သက်ဆိုင်ရာအထောက်အထားများနှင့် စိစစ်သုံးသပ်ချက်များကို ဆက်လက်မျှဝေနေသည်။ ထို့အပြင် ယူကေ၏ အချက်အလက်များမျှဝေရန် သီးသန့်တောင်းဆိုချက်ကိုလည်း အကြောင်းပြန်လျက်ရှိသည်။  

၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အိုင်စီစီ၏ တရားလိုရှေ့နေက မြန်မာစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုရာတွင် ယန္တရားက အထောက်အထားများမျှဝေခြင်းဖြင့် ပံ့ပိုးခဲ့သည်။ Buenos Aires မြို့အခြေစိုက် အာဂျင်တီးနား ဖက်ဒရယ်တရားရုံးမှ စုံစမ်းစစ်ဆေးရေးဆိုင်ရာ တရားသူကြီးသည် ယခုနှစ် ဖေဖော်ဝါရီလတွင် မင်းအောင်လှိုင်နှင့် အခြားပုဂ္ဂိုလ် ၂၄ ဦးအား တရားရုံးသို့ ဆင့်ခေါ်သည့် အမိန့်ထုတ်ပြန်ရာတွင်လည်း ယန္တရားကမျှဝေသော အထောက်အထားများကို အသုံးပြုခဲ့သည်။ 

မြန်မာနိုင်ငံတွင် ကြီးလေးသည့်နိုင်ငံတကာရာဇဝတ်မှုများ ဆက်လက်ကျူးလွန်လျက်ရှိသော်လည်း ကုလသမဂ္ဂ၏ ဘဏ္ဍာရေးအကျပ်အတည်းများသည် ယန္တရား၏ စုံစမ်းစစ်ဆေးရေးများ ဆက်လက်လုပ်ဆောင်ရန် လိုအပ်သည့်ရင်းမြစ်များရရှိရေးကို ကြီးမားစွာ သက်ရောက်နေသည်။ ထို့ကြောင့် ယန္တရားသည် လုပ်ငန်းများကို ထိရောက်စွာလုပ်ဆောင်နိုင်ရန် နည်းလမ်းပေါင်းစုံကို ရှာဖွေလျက်ရှိသည်။ 

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုနှင့်သက်ဆိုင်သောဖိုင်တွဲများကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။  

IIMM

စစ်ကောင်စီရဲ့ စစ်ကြောရေးတွေမှာ လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ထောင်တွင်းမှာ ကျဆုံးရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆက်တိုက်ဖြစ်လာပြီး ပိုတိုးလာနေပါတယ်။

အသက် ၂၆ နှစ်အရွယ်သာ ရှိသေးတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မ၀တ်ရည်အောင်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံပြီးနောက် စစ်ကြောရေးအတွင်း နှိပ်စက်ဒဏ်ရာတွေကြောင့် ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ကာ ဇူလိုင် ၂၀ ရက်မှာ ကျဆုံးခဲ့ရပါတယ်။

စစ်ကြောရေးက ပြင်းထန်ဒဏ်ရာတွေနဲ့ ထောင်ပြင်ပ ဆေးရုံပြသခွင့် အလုံအလောက် မရှိခဲ့တဲ့အတွက် မဝတ်ရည်အောင် ကျဆုံးခဲ့တာဖြစ်ကြောင်း တကသကျောင်းသားဟောင်းများ အင်အားစုရဲ့ လူထုဆက်ဆံရေးနှင့် ပြန်ကြားရေးတာဝန်ခံ ကိုလင်းထက်က  DVB ကို ပြောပါတယ်။

“သူက စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို မခံရခင်အချိန်ထိကို ကျန်းမာသန်စွမ်းတဲ့ လူငယ်တယောက် ဖြစ်တယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရပြီးတဲ့နောက်မှ စစ်ကြောရေးမှာရခဲ့တဲ့ ဦးခေါင်းဒဏ်ရာကြောင့် ဦးခေါင်းမှာ အကြိတ်တည်တာ စဖြစ်ပြီးတော့ အဲဒီရောဂါကို နှစ်ရှည်ခံစားသွားရတဲ့ လူငယ်လေးဖြစ်တယ်။ ၄ နှစ်နီးပါးအကြာမှာတော့ ဆုံးပါးသွားရတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ ညီမငယ် ဝတ်ရည်အောင် သေဆုံးရတဲ့  ဖြစ်စဉ်မှာ စစ်ကောင်စီကြောင့် စစ်ကောင်စီမှာ လုံးဝတာဝန်ရှိပါတယ်။ စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ညီမငယ်ဟာ ကျဆုံးသွားရတာဖြစ်တယ်။ အကျဉ်းဦးစီးက တာဝန်ယူထားတဲ့ အကျဉ်းထောင်တွေ ထဲမှာလည်း လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မရှိခဲ့တာက ညီမငယ်ကို အသက်ဆုံးပါးသွားတဲ့အထိ ဖြစ်စေတာ ဖြစ်ပါတယ်။”

အခုလို နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်ကြောရေးက ညှဉ်းပန်းနှိပ်စက်မှုဒဏ်တွေနဲ့ ထောင်တွင်း လုံလောက်တဲ့ ဆေးဝါးကုသခွင့်တွေ မရရှိတာဟာ လူ့အခွင့်အရေးချိုးဖောက်နေတာတွေဖြစ်ပြီး နိုင်ငံတကာအနေနဲ့ ဒီအပေါ်မှာ လျစ်လျူရှုထားလို့ နိုင်ငံရေးအကျဉ်းသားတွေ ကျဆုံးမှုတွေ ပိုတိုးလာတာဖြစ်ကြောင်း နိုင်ကျဉ်းအရေး ကူညီနေသူ တယောက်ကလည်း ပြောပါတယ်။

“ဆေးဝါးအထောက်အပံ့မရတာတွေ စစ်ကြောရေးမှာ မတရားရိုက်နှက်ခံရတဲ့ အချက်တွေက ဥပဒေမဲ့လုပ်ရပ်တွေပဲ။ စကစသည် ဒီ နိုင်ကျဉ်းတွေပေါ်မှာ လူသားဆန်မှုလည်း မရှိသလို လူသားဆန်တဲ့ စိတ်ဓာတ်လည်း မရှိဘူး။ လူ့စိတ်ဓာတ်လည်းမရှိဘူး၊ လူ့အခွင့်အရေးတွေလည်း အကြိမ်ကြိမ် ချိုးဖောက်နေတာ။ ဒါ လူတိုင်းသိတယ်။ နိုင်ငံတကာကလည်း ဒီ လူ့အခွင့်အရေး ချိုးဖောက်နေတာကို သိရက်သားနဲ့ ပါဝင်အ‌ရေးယူခြင်း လုံးဝကိုမရှိခဲ့ဘူး။ ဒါ အရမ်းကို အားနည်းချက်ပဲ၊ နိုင်ငံတကာက ဒီစကစက လူတွေသည် လူ့အခွင့်အရေးတွေ ချိုးဖောက်နေတာကို ထိုင်ကြည့်နေတဲ့ပုံစံမျိုးကြီးကို ဖြစ်နေတာ။”

နိုင်ငံရေးအကျဉ်းသားတွေ ကျဆုံးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ အကျဉ်းဦးစီးက ကျူးလွန်သူတွေ အားလုံး တာဝန်ခံရမှာဖြစ်ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့် မရရှိစေဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ တကသကျောင်းသားဟောင်းများအင်အားစုက ပြောပါတယ်။

ကိုလင်းထက်က “ဒီဖြစ်စဉ်အတွင်းမှာ ပါဝင်ကျူးလွန်ခဲ့သူတွေကို အကုန်လုံး ပတ်သက်ခဲ့ကြသူတွေ အားလုံးကို ကျနော်တို့အနေနဲ့ အပြည့်အဝ အရေးယူနိုင်ရေး ဆက်ပြီးတော့ ကြိုးပမ်း ဆောင်ရွက်နေမှာ ဖြစ်တယ်။ နောင်လာမယ့် အသွင်ကူးပြောင်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း ပြည်သူ့တရားရုံးတွေရှေ့မှောက်မှာ ကျူးလွန်သူတွေ အားလုံးကို အပြည့်အဝ အရေးယူနိုင်ရေး အတွက် ကျနော်တို့ ဆက်ပြီး ဆောင်ရွက်နေမှာဖြစ်တယ်။ ကျနော်တို့ ဒီနေရာကနေ ကျူးလွန်သူတွေ အကုန်လုံးကို သတိပေးထားချင်တာက ကျနော်တို့အနေနဲ့ ခင်ဗျားတို့ တဦးတယောက်ချင်းစီ အကုန်လုံး ကင်းလွတ်ပြစ်ဒဏ်မရှိစေရေး ဆက်ပြီးဆောင်ရွက်နေမှာ ကြိုးပမ်းနေမှာဖြစ်တယ်လို့ အသိပေးချင်ပါတယ်” လို့ ပြောပါတယ်။

ကွယ်လွန်သူ မဝတ်ရည်အောင်ရဲ့  ကျန်ရစ်တဲ့  ရုပ်အလောင်းကို ဇူလိုင် ၂၁ ရက် ဒီကနေ့ အင်းစိန်ဆေးရုံကြီးမှ ရေဝေးသုသာန်အအေးခန်းကို ပို့ဆောင်ပေးခဲ့တယ်လို့  နာရေးကူညီမှုအသင်း (ရန်ကုန်) က ထုတ်ပြန်ထားပါတယ်။

မဝတ်ရည်အောင် အပြင် နိုင်ငံရေးအကျဉ်းသားတယောက်ဖြစ်တဲ့ ကိုပြည့်စုံအောင်လည်း သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်းရောဂါတွေနဲ့ ဇူလိုင် ၁၉ ရက်မှာ ကျဆုံးခဲ့ရသလို ဇူလိုင် ၈ ရက်တုန်းကလည်း အိုးဘိုအကျဉ်းထောင်တွင်း အကျဉ်းချခံနေရတဲ့ NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသား ဦးမြင့်ဝေ ကျဆုံးခဲ့ပါသေးတယ်။

PPNM စာရင်းတွေအရ ၂၀၂၅ ခုနှစ်အတွင်းမှာ ကျန်းမာရေးကြောင့် ကျဆုံးခဲ့သူ  ၁၃ ယောက်အထိ ရှိလာကြောင်း သိရပါတယ်။

DVB

ရန်ကုန်၊ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာ စစ်ဘေးရှောင်များနေထိုင်ရာ ဘုန်းကြီး ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ စစ်ဘေးရှောင် ပြည်သူ ၂၈ ဦးသေဆုံးကြောင်း၊ ဒဏ်ရာရသူများပြားလွန်း၍ သေဆုံးသူ မြင့်တက် လာနိုင်ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၀၀ နာရီမှ နံနက် ၁ နာရီအကြား စစ်တပ်က တိုက်လေယာဉ်ဖြင့် ၂ ကြိမ် လင်းတလူး ကျေးရွာ ဘုန်းကြီးကျောင်းကို ဗုံးကျဲချကြောင်း၊ ဗုံးကျဲမှုကြောင့် လင်းတလူးကျေးရွာ ဘုန်း ကြီးကျောင်းတွင် စစ်ဘေးရှောင်နေသော ပြည်သူ ၂၈ ဦး သေဆုံးပြီး သေဆုံးသူအရေအတွက်တိုးလာနိုင်ကြောင်း သိရှိရသည်။

” ဒီမနက် ၁ နာရီလောက်မှာ လင်းတလူကျေးရွာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကျဲပါတယ်။ လော လောဆယ်တော့ ကလေး၊ လူကြီး စုစုပေါင်း ၂၈ ဦးသေဆုံးပါတယ်။ ဒဏ် ရာရရှိသူ များပြားတာမို့ သေဆုံးသူ ထပ်တိုးလာနိုင်ပါတယ်။ သေဆုံးတဲ့ စစ်ဘေးရှောင်တွေက ကျော်ဇေယျကျေးရွာက အများဆုံးဖြစ်မယ်” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် လေကြောင်းတိုက်ခိုက်ခံရသော ဘုန်းကြီးကျောင်းကို ကယ်ဆယ်ရေးလုပ်ဆောင်နေသော်လည်း နောက်ထပ် လေကြောင်းအန္တရာယ်ကို စိုးရိမ်နေရကြောင်း၊ ဒဏ်ရာရရှိသူများကို ဆေးဝါးကုသမှုများပေးနေသော်လည်း ဆေး ဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်သော ဆရာဝန်၊ သူနာပြု လိုအပ် ချက် ကြီးမားနေကြောင်း သိရှိရသည်။

ခေတ်သစ်မီဒီယာ

အမှတ်စဉ်။ ။ ၈/၂၀၂၅

ဇွန် ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။

ဥရောပ အကြီးဆုံး လေကြောင်း ကုမ္ပဏီ AIRBUS သည် တရုတ်အစိုးရ စစ်တပ်ပိုင် လေယာဉ်ထုတ်လုပ်ရေးနှင့် စစ်ရေးနည်းပညာ ကုမ္ပဏီ Aviation Industry Corporation of China (AVIC) ၏ လုပ်ငန်းခွဲဖြစ်သော AviChina Industry & Technology Company Limited နှင့် ရင်နှီးမြုပ်နှံမှု ပူးပေါင်း လုပ်ကိုင်ခြင်းကို ယခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ရပ်တန့်ခဲ့သည့်အပေါ် သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့ (Blood Money Campaign) အနေဖြင့် အထူး ကြိုဆိုလိုက်သည်။

ယခုကဲ့သို့ AIRBUS အနေဖြင့် AviChina ကုမ္ပဏီနှင့် ရင်းနှီး မြုပ်နှံမှုဆိုင်ရာ လက်တွဲဖြုတ်ခြင်းသည် မြန်မာ စစ်အုပ်စုအတွက် နိုင်ငံရေး အရ အကြီးအကျယ် ထိခိုက်မည်။ အကြမ်းဖက် စစ်အုပ်စုကို လေယာဉ်၊ စစ်လက်နက်ပစ္စည်းများနှင့် နည်းပညာ ထောက်ပံ့ပေးနေသော တရုတ်အစိုးရပိုင် ကုမ္ပဏီ AVIC အတွက် အရှက်ရဖွယ် ထိုးနှက်ချက်ဖြစ်ပါသည်။

ထို့အပြင် Airbus နှင့် AVIC အကြား ပူးပေါင်းဆောင်ရွက်မှုအပေါ်တွင်လည်း ဆိုးရွားသည့် ထိခိုက်မှုများရှိလာပေမည်။ ယင်းအချက်သည်ပင် စစ်အုပ်စုမှ ကျုးလွန်နေသည့် ရာဇဝတ်မှုများကို ဂုဏ်သိက္ခာရှိသည့် လူ့အသိုင်းအဝိုင်းမှ လက်မခံကြောင်း ပြသနေပါသည်။ တခြားသော နိုင်ငံတကာ ကုမ္ပဏီများအနေဖြင့်လည်း စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် အကြမ်းဖက် စစ်အုပ်စုနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ပတ်သက်ဆက်နွယ် ပံ့ပိုး နေခြင်းများကို ချက်ချင်းရပ်တန့်ရမည် ဖြစ်သည်။

AIRBUS အနေဖြင့် စစ်အုပ်စု ၏ အကြမ်းဖက် စစ်ဆင်ရေး လေကြောင်း တိုက်ခိုက်မှုများအတွက် အားထားရာ တရုတ် အစိုးရပိုင် AviChina ကုမ္ပဏီ မှ ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်လိုက်ခြင်းသည် ပြည်တွင်း၊ ပြည်ပ တော်လှန်လူထု တဦးချင်းစီ နှင့် အဖွဲ့အစည်း ၃၆၁ ဖွဲ့မှ စစ်အုပ်စု၏ ဖိနှိပ်ခြိမ်းခြောက်မှု အကြမ်းဖက်မှုများ ကြားမှ ရရာနည်းဖြင့် သွေးစည်းညီညွတ်စွာ ပါဝင်ခဲ့ကြသော #AirBus2AirStrikes လှုပ်ရှားမှု၏ အောင်မြင်မှု ရလဒ် တခု ဖြစ်ပါသည်။

တော်လှန်ရေးနှင့် သပိတ် အင်အားစုများ၊ လူ့အခွင့်အရေး နှင့် သုတေသန အဖွဲ့အစည်းများ၊ ကဏ္ဍပေါင်းစုံမှ အရပ်ဘက် အဖွဲ့အစည်းများ၊ သမဂ္ဂများ၊ လိင်စိတ်ခံယူမှု ကွဲပြားသူများ၊ မသန်စွမ်း၊ အမျိုးသမီးနှင့် အလုပ်သမား၊ လယ်သမား အစုအဖွဲ့များ၊ အကြမ်းမဖက် အာဏာဖီဆန်သူများ (CDMers)၊ စစ်အုပ်စု ယန္တရား အတွင်းမှ တော်လှန်ရေးတွင် ပါဝင်နေသူများ (တော်လှန် ဖရဲသီးများ)၊ နယ်သာလန်နိုင်ငံ နှင့် နိုင်ငံတကာ အခြေစိုက် မြန်မာပြည်သူများ ၏ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားအားထုတ် လှုပ်ရှားမှုများကြောင့် ရရှိလာသည့် ပြည်သူ့အောင်ပွဲ ဖြစ်ပြီး ဝမ်းသာ ဂုဏ်ယူ ကျေးဇူးအထူးတင်ရှိပါကြောင်း လေးစားစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။

သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ မူလန်က…

“အကြမ်းဖက် စစ်အုပ်စုဟာ စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နိုင်ဖို့ လိုအပ်တဲ့ ပံ့ပိုးမှုတွေကို တရုတ်အစိုးရပိုင် AVIC, AviChina ကုမ္ပဏီတွေကနေ အဓိက အထောက်အပံ့ ရရှိနေတာဖြစ်တယ်။ AIRBUS ကုမ္ပဏီ အနေနဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေး စံနှုန်းတွေအပေါ် ဆက်လက် ခိုင်မာစွာ ရပ်တည်ဖို့လည်း လိုအပ်ပါတယ်။

လက်ရှိမှာ Airbus ဟာ တရုတ်နိုင်ငံအတွင်းမှာ AVIC နဲ့ ဆက်စပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောက်ရွက်တာတွေရှိနေသေးတဲ့အတွက် Airbus ဟာ သူ့ရဲ့ လုပ်နိုင်စွမ်း ဩဇာအရှိန်အဝါကို သုံးပြီး AVIC ကို မြန်မာစစ်အုပ်စုနဲ့ စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်ဖို့ ဆက်လက် ဖိအားပေး လုပ်ဆောင်ရပါမယ်” ဟုပြောသည်။

Justice for Myanmar

အာဆီယံအနေဖြင့် မြန်မာနှင့် ထိတွေ့ဆက်ဆံမှုများ ဆက်လက်ပြုလုပ်ရန်လိုအပ်ကြောင်း မလေရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်က အလေးထား ပြောကြားလိုက်သည်။ သို့သော် ယင်းကဲ့သို့ ကြားဝင်ဆောင်ရွက်ပေးရုံဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းမငြိမ်သက်မှုများ အဆုံးသတ်သွားမည်ဟု အာမ မခံနိုင်ကြောင်းလည်း ၎င်းက ဝန်ခံထားသည်။

လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်သော မလေးရှားအနေဖြင့် မြန်မာနိုင်ငံမှ ဖြစ်ပေါ်တိုးတက်မှုများကို အပတ်စဉ် အနီးကပ်စောင့်ကြည့်နေကြောင်း ၎င်းက ဆက်ပြောသည်။

“ချက်ချင်း အပစ်အခတ်ရပ်စဲဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ လက်လှမ်းမီရရှိနိုင်ဖို့၊ ဖြုတ်ချခံ အရပ်သားအစိုးရနဲ့ စစ်အာဏာရှင်တို့အကြား အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ မိမိတို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်မလာသေးဘူး” ဟု အန်ဝါက ဆိုသည်။

“ဆင်ခြင်တုံတရားက အနိုင်ရရပါမယ်။ ဒီလိုမှမဟုတ်ရင် နိုင်ငံက ပျက်စီးသွားပါလိမ့်မယ်။ ဆင်းရဲမွဲတေမှုက ကျယ်ပြန့်နေပြီး စနစ်ကလည်း ပျက်စီးနေပါတယ်” ဟု ဟေလ်တန်ကွာလာလမ်ပူဟိုတယ်တွင် ဇွန် ၁၉ ရက်က ကျင်းပသည့် (၃၈) ကြိမ်မြောက် အာရှ-ပစိဖိတ် ဆွေးနွေးပွဲစကားဝိုင်းတွင် မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ညှိနှိုင်းဆွေးနွေးမှုများတွင် အခြားနိုင်ငံများ၏ ပါဝင်ပတ်သက်မှုကို ကြိုဆိုသော်လည်း အာဆီယံအနေဖြင့် ငြိမ်းချမ်းရေးဆွေးပွဲများဖြစ်မြောက်ရန် တွန်းအားပေးရသည့်တာဝန်ကို ထမ်းဆောင်နိုင်ခြင်းမရှိပါက “ရှက်ဖွယ်ကောင်းမည်” ဟု အန်ဝါက ဆိုသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်း မငြိမ်သက်မှုများသည် နိုင်ငံနယ်နိမိတ်ကို ကျော်လွန်ပျံ့နှံ့လာနေပြီး မလေးရှား၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်ကဲ့သို့ နိုင်ငံများသည် ရိုဟင်ဒုက္ခသည် အကျပ်အတည်းနှင့် ရုန်းကန်နေကြရကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မတ်လအတွင်း မြေငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၃,၆၀၀ ကျော် သေဆုံးခဲ့ရပြီးနောက် စစ်ကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အကြား ယာယီ အပစ်အခတ်ရပ်စဲမှုရရှိရန် အန်ဝါက ဧပြီလအတွင်း ကြားဝင်စေ့စပ်ပေးခဲ့သည်။

Mizzima

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု (CAH) ကို ကျူးလွန်ခြင်း သည် ကြီးလေးသည့် နိုင်ငံတကာရာ ဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်သည်။

ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုဆိုသည်မှာ စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၊ လူမျိုးပြုန်းစေမှု အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်သည့် ပြစ်မှုများ ဖြစ်သည်။

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများတွင် လူသတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ မုဒိမ်းမှု၊ လိင်ပိုင်း ဆိုင်ရာနှင့် ဂျင်ဒါအခြေပြု ရာဇ၀တ်မှုများ၊ နိုင်ငံတွင်းမှ နှင်ထုတ်ခြင်းနှင့် အတင်းအကြပ်လွှဲ ပြောင်းခြင်း၊ သို့မဟုတ် အရပ်သားများအပေါ် ကျယ်ကျယ်ပြန့်ပြန့် သို့မဟုတ် စနစ်တကျ ကျုးလွန် သည့် ရာဇ၀တ်မှုများ ပါဝင်သည်။

ကျူးလွန်မှုဖြစ်ပွားသည့် နယ်မြေအကျယ်အဝန်း၊ အချိန်အပိုင်းအခြားနှင့် ပစ်မှတ်ထားခံရသူ အရေအတွက်တို့သည် တိုက်ခိုက်မှုတစ်ခု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခြင်းရှိ၊ မရှိ စဉ်းစားဆုံးဖြတ် ရာ၌ အခရာကျသည်။ တိုက်ခိုက်မှုတစ်ခုသည် တသီးတခြားစီ ဖြစ်ပွားခြင်းမျိုး မဟုတ်ဘဲ အစီအစဥ်တ ကျ တိုက်ခိုက်မှုမျိုးဖြစ်နေပါက စနစ်တကျတိုက်ခိုက်မှုဟု သတ်မှတ်နိုင်သည်။ ဥပမာ – လုံခြုံရေးတပ် ဖွဲ့များက တစ်နိုင်ငံလုံးအနှံ့ တိုက်ခိုက်မှုများကို ညှိနှိုင်းဆောင်ရွက်သည့်အခါမျိုး ဖြစ်သည်။

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုသည် နိုင်ငံအဆင့် မူဝါဒ၏ အစိတ်အပိုင်းတရပ်အဖြစ် မကြာခန ကျူးလွန်သည်ကိုတွေ့ရသည်။ အစိုးရမဟုတ်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ (Non-state armed group) (သို့မဟုတ်) ပြည်သူ့စစ်များမှလည်း ကျူးလွန်ကြသည်ကို တွေ့ရသည်။ စစ်ရာဇဝတ်မှုနှင့် မတူသည်မှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုကို စစ်မဖြစ်သည့် (ငြိမ်းချမ်းသော) အခြေအနေတွင် ကျူးလွန်ကြသည်။ လူမျိုးတုန်းသတ်ဖြတ်မှုနှင့်လည်း ကွဲလွဲစွာပင် သီးသန့် နိုင်ငံသားတမျိုးမျိုး၊ တိုင်းရင်းသား အုပ်စုတစုစု (သို့မဟုတ်) ဘာသာရေးအုပ်စု တခုအပေါ် ဦးတည်၍​ကျူးလွန်ခြင်းလည်း မဟုတ်ပေ။

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုကို  ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ နူရင်ဘတ် ပဋိညာဥ်စာ တမ်း (1945 Nuremberg Charger) တွင် ပထမဦးစွာ ဖော်ပြခဲ့သော်လည်း အဓိပ္ပါယ် သတ်မှတ်မှုမှာ ယနေ့ခတ် ဖွင့်ဆိုမှုနှင့် ကွာခြားသည်။

၁၉၉၀ ခုနှစ်များမှစ၍ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုကို နိုင်ငံတကာ စာချုပ်များတွင် စနစ်တကျ ထည့်သွင်းအသုံးပြုလာသည်။ ဥပမာအနေဖြင့် ယခင်ယူဂိုစလားဗီးယားနိုင်ငံအတွက် နိုင်ငံတကာခုံရုံး ဥပဒေ (၁၉၉၃)၊ ရဝမ်ဒါဆိုင်ရာ နိုင်ငံတကာခုံရုံး ဥပဒေ (၁၉၉၄)နှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ၏ ရောမဥပဒေ (၁၉၉၈) တို့တွင်ဖြစ်သည်။ ရောမဥပဒေတွင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုတွင် ပါဝင်နိုင်သော မကြာမီက ဖြစ်ပွားခဲ့သည့် ရာဇဝတ်မှု ဥပဒေ စာရင်းများကို တိတိကျကျနှင့် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားသည်။