ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ဒုက္ခသည်စခန်းကို တိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်တယ်လို့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ ထုတ်ပြန်
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက မုန်လိုင်ခက် ဒုက္ခသည်စခန်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာလို့ မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) တို့က အောက်တိုဘာ ၁၀ ရက်နေ့မှာ ကြေညာချက်ထုတ်လိုက်ပါတယ်။
စစ်ကောင်စီက မုန်လိုင်ခက် ဒုက္ခသည်စခန်းကို ပစ်ခတ်တဲ့ တစ်ချိန်တည်းမှာပဲ လိုင်ဇာမြို့က ရက္ခိုင့်တပ်တော် (AA) တပ်စခန်းတစ်ခုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခတ်ခဲ့တာကြောင့် AA တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုကျူးလွန်ခံရပြီး အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် တရားမျှတမှုနဲ့ အမှန်တရားရရှိဖို့ ကချင်လူထု၊ KIO/KIA တို့နဲ့အတူ မဟာမိတ်သုံးဖွဲ့က တစ်သားတည်းရှိကြောင်း ပါရှိပါတယ်။
ဒါ့အပြင် နိုင်ငံရေး၊ စစ်ရေးအရ အဘက်ဘက်က ရှုံးနိမ့်နေတဲ့ စစ်ကောင်စီက သူတို့ကို မထောက်ခံတဲ့ ပြည်သူတွေအပေါ် လေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ တရားလက်လွတ် သတ်ဖြတ်တဲ့လုပ်ရပ်တွေကို နိုင်ငံအနှံ့အပြားမှာ ကျူးလွန်နေတယ်လို့လည်း ဆိုပါတယ်။
တစ်ဆက်တည်းမှာပဲ အဲဒီလုပ်ရပ်တွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ပြစ်မှုတွေဖြစ်သလို စစ်ရာဇဝတ်မှုတွေကို ဗြောင်ကျကျကျူးလွန်တာဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ဒုက္ခသည်စခန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကချင်တိုင်းရင်းသားတွေရဲ့ ထိခိုက်ဆုံးရှုံးမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ထပ်တူ ခံစားရသလို အတူရပ်တည်သွားမှာ ဖြစ်ပြီး ထိခိုက်ဆုံးရှုံးရသူတွေအတွက် တရားမျှတမှု ပြန်လည်ရယူပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် မုန်လိုင်ခက် ဒုက္ခသည်စခန်းက ကလေးငယ် ၁၁ ဦးအပါအဝင် စစ်ဘေးဒုက္ခသည် ၂၉ ယောက် သေဆုံးခဲ့ရပါတယ်။ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်ရဲ့ လေယာဉ်နဲ့ ပစ်ခတ်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
RFA Burmese
တိုက်ခိုက်ခံရတဲ့ မုန်လိုင်ခက် ဒုက္ခသည်စခန်းက လူဦးရေ ၆၀၀ အရေးပေါ်အကူအညီ လိုအပ်နေ
လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရတဲ့ မုန်လိုင်ခက် ဒုက္ခသည်စခန်းက လူဦးရေ ၆၀၀ ခန့်အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သွားရောက်ကူညီခဲ့တဲ့ Kachin Gender Star Group က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ အစားအသောက်နဲ့ နေစရာအပါအဝင် စောင်၊ အနွေးထည်၊ အဝတ်အစားနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေသေးတယ်လို့ သွားရောက်ကူညီခဲ့တဲ့ Kachin Gender Star Group က ဆိုပါတယ်။
စစ်ကောင်စီတိုက်ခိုက်မှုကြောင့် မုန်လိုင်ခက် ဒုက္ခသည်စခန်းမှာ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၅ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ ကလေး ၁၁ ဦးပါဝင်ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၃၃ လုံးပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅၇ ဦးရှိတယ်လို့လည်း ဆိုပါတယ်။
သေဆုံးခဲ့သူတွေကို အောက်တိုဘာလ ၁၀ ရက်နေ့မှာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပါတယ်။
မုန်လိုင်ခက် စစ်ဘေးဒုက္ခသည် စခန်းဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးမှာ ရှိပြီး ဒီစခန်းတိုက်ခိုက်ခံရမှုဟာ သူတို့လက်ချက်မဟုတ်ကြောင်း စစ်ကောင်စီက ငြင်းဆိုပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တိုင်းရင်းသားတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်သာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
RFA Burmese
လိုင်ဇာ ဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှု စစ်ရာဇဝတ်မှုမြောက်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းတွေ ပြော
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာမြို့နဲ့ သုံးမိုင်လောက်အကွာမှာရှိတဲ့ မုန်လိုင်ခက်ရွာ စစ်ဘေးဒုက္ခသည်စခန်းကို အောက်တိုဘာ ၉ ရက် ည ၁၁ နာရီလောက်မှာ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်ရပ်မှာ၊ ပေါက်ကွဲမှုကြောင့် ကလေးသူငယ် ၁၁ ဦး အပါအဝင် စစ်ဘေးဒုက္ခသည် ၂၉ ဦး သေဆုံးပြီး၊ ၅၇ ဦး အထိ ဒဏ်ရာရခဲ့တဲ့အကြောင်း KIA အဖွဲ့နဲ့ ဒေသခံတွေက RFA ကို ပြောထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးချုပ်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ လိုင်ဇာမြို့အနီးက စစ်ဘေးဒုက္ခသည်စခန်းကို ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ပြည်သူတွေ ဒဏ်ရာရခဲ့တဲ့အကြောင်း သိရတဲ့အတွက် အလွန်မှပဲ စိုးရိမ်ပူပန်မိပါတယ်။ စစ်ဘေးဒုက္ခသည်စခန်းတွေဟာ ခိုလှုံစရာနေရာတွေ ဖြစ်ပါတယ်။ အရပ်သားပြည်သူတွေ ဆိုတာဟာလည်း ဘယ်နေရာမှာရောက်နေနေ ပစ်မှတ်ထား တိုက်ခိုက်စရာ မဟုတ်ပါဘူးလို့ ဖော်ပြထားပါတယ်။
“စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဟာ၊ ရာဇဝတ် ဂိုဏ်းတစ်ခုလို ကျင့်ကြံနေတဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု ညွှန်ပြနေပါတယ်” မစ္စတာ တွမ်အင်ဒရူး၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်
ဒီကချင် စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ကို တိတိကျကျ သိရဖို့ စောင့်ဆိုင်းနေဆဲ ဖြစ်ပေမဲ့၊ ဒါဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေထဲက တစ်ခုဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက RFA ကို ပြောပါတယ်။
“မနေ့က ဖြစ်သွားတဲ့ ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်စခန်းတိုက်ခိုက်မှုနဲ့ ပက်သက်လို့ သတင်းအချက် အလက်တွေ ထပ်ပြီးရရှိဖို့ ကြိုးစားနေပါတယ်။ ဒီဖြစ်ရပ်က အပြစ်မရှိတဲ့ အရပ်သား ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှု ဖြစ်တာ သေချာပါတယ်။ ဒီဖြစ်ရပ်ဟာ မြန်မာစစ်တပ်က အရပ်သား ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်နေတဲ့ ကျယ်ပြန့်တဲ့ စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ စစ်ရေးပဋိပက္ခတွေကနေ ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဟာ၊ ရာဇဝတ် ဂိုဏ်းတစ်ခုလို ကျင့်ကြံနေတဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု ညွှန်ပြနေပါတယ်။”
အရပ်သားတွေဖြစ်တဲ့ စစ်ဘေးဒုက္ခသည်တွေကို တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။
“KIO ဌာနချုပ်တည်ရှိတဲ့ လိုင်ဇာမြို့အနီးက စစ်ဘေးဒုက္ခသည်စခန်းဟာ တိုက်ခိုက်ခံလိုက်ရတာ သေချာပါတယ်။ သေဆုံး ဒဏ်ရာရတဲ့ အရေအတွက် အမျိုးမျိုး ပေါ်ထွက်လာနေပါတယ်။ ကချင်တော်လှန်ရေး အဖွဲ့တွေ ဘက်ကတော့ ဒါဟာ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ သူ့တို့ဘာသာ ပေါက်ကွဲသွားတာဖြစ်ပြီး ဘာကြောင့် ပေါက်ကွဲမှန်း မသိသေးဘူးလို့ ပြောပါတယ်။ ဒီနေရာဟာ အလွန် အလှမ်းဝေးတဲ့အတွက် အဖြစ်မှန်ကို အတည်ပြုဖို့ ခက်ခဲနေပါတယ်။ ဒါပေမဲ့ သေချာပေါက် ပြောနိုင်တာကတော့ စစ်ဘေးဒုက္ခသည်စခန်းကို ဘယ်လိုအကြောင်းနဲ့မှ မတိုက်ခိုက်သင့်ပါဘူး။ သူတို့က စစ်ရေး ပဋိပက္ခအတွင်းမှာ ရှောင်ကြဉ်ရမဲ့ အရပ်သားတွေ ဖြစ်ပါတယ်။ ဒီလုပ်ရပ်က စစ်ရာဇဝတ်မှု မြောက်ရုံတင်မကဘဲ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုလည်း မြောက်ပါတယ်။ ဒီစစ်ဘေးဒုက္ခသည်စခန်းမှာ ဘာတွေဖြစ်သွားသလဲဆိုတာ တိတိကျကျ သိရဖို့နဲ့ ဒီတိုက်ခိုက်မှုအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ ဆုံးဖြတ်နိုင်ဖို့ ဒီဖြစ်ရပ်ကို သေသေချာချာ စုံစမ်းစစ်ဆေးဖို့ လိုပါတယ်။ တာဝန်ရှိတဲ့သူတွေကို တာဝန်ခံ အပြစ်ပေးနိုင်ဖို့ နိုင်ငံတကာ အသိုက်အဝန်းက ဆက်လုပ်သွားဖို့ လိုပါတယ်။”
အောက်တိုဘာ ၁၀ ရက်နေ့ကတော့ ဒီ ကချင်စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်မှုကို သူတို့ လုပ်ခဲ့တာမဟုတ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက မြန်မာစစ်တပ်ထိန်းချုပ်တဲ့ နိုင်ငံပိုင် မီဒီယာတွေကနေ တဆင့် ငြင်းဆိုထားပါတယ်။
အခုလို ဒီတိုက်ခိုက်မှုအတွက် သူတို့မှာ တာဝန်မရှိကြောင်း ငြင်းဆိုတာကလည်း၊ မြန်မာစစ်တပ်က အတိတ်က လုပ်နေကျ အပြုအမူတွေ အတိုင်း လုပ်သွားတာသာ ဖြစ်တယ်လို့ မစ္စတာ တွမ်အင်ဒရူးက ပြောပါတယ်။
“ဒီလို တိုက်ခိုက်မှုတွေ လုပ်ပြီးတိုင်း၊ ငြင်းဆိုတာ၊ အကြောင်းပြချက် အမျိုးမျိုး ပေးတတ်တာ မြန်မာစစ်ခေါင်းဆောင်တွေ လုပ်နေကျ အပြုအမူဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုဖြစ်ခဲ့တာ သေချာပါတယ်။ အပြစ်မရှိတဲ့ အရပ်သား ပြည်သူတွေ သေကျေဒဏ်ရာရကြတာလည်း သေချာပါတယ်။ ဒီဖြစ်ရပ်အကြောင်း အသေးစိတ် အချက်အလက်တွေသိဖို့ လိုနေပါသေးတယ်။ ဒီဖြစ်ရပ်ဟာ အပြစ်မဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ် ဖြစ်နိုင်ပါတယ်။”
မနေ့က အောက်တိုဘာ ၁၀ ရက်က တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဝမ်ဝန်ဘင်းရဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုနဲ့ ပက်သက်ပြီး၊ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့ရာမှာ၊ ဒီဖြစ်ရပ်နဲ့ ပက်သက်လို့ တရုတ်နိုင်ငံအနေနဲ့ သတိထားစောင့်ကြည့်နေပါတယ်။ သက်ဆိုင်သူ အားလုံးကိုလည်း၊ မတူညီမှုတွေကို ငြိမ်းချမ်းစွာ တွေ့ဆုံညှိနှိုင်း တိုင်ပင်ခြင်းအားဖြင့် ဖြေရှင်းကြပါ၊ အခြေအနေ ပိုဆိုးလာအောင် လုပ်ခြင်းကို ရှောင်ကြဉ်ကြပါ၊ တရုတ်-မြန်မာ နယ်စပ်ဒေသ လုံခြုံရေးကို ထိန်းသိမ်းဖို့ ထိရောက်ပြီး လက်တွေ့ကျတဲ့လုပ်ဆောင်ချက်တွေ လုပ်ကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်လို့ ဖြေကြားသွားခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးကလည်း ကြေညာချက်ထုတ်ထားပြီး မြန်မာစစ်တပ်အနေနဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက်တာတွေ ရပ်ဖို့ သတိပေးကြောင်း ရန်ကုန်မြို့ သံရုံး အကြီးအကဲ ကန်န် အို ဖလာဟာတီက ပြောထားပါတယ်။
“ကချင်ပြည်နယ်ရှိ မုန်လိုင်ခက်ကျေးရွာအပေါ် မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူအများအပြား အသက်ဆုံးရှုံးကြရတဲ့သတင်းကို ကြားသိရတဲ့အတွက် ယူကေ အစိုးရအနေနဲ့ ထိတ်လန့်တုန်လှုပ်မိပါတယ်။ အဆိုပါလုပ်ရပ်ကို လက်ခံနိုင်ဖွယ် လုံးဝမရှိပါဘူး။ မြန်မာစစ်တပ်အနေနဲ့ မြန်မာပြည်သူများပေါ် ရက်စက်တဲ့ တိုက်ခိုက်မှုတွေရပ်တန့်ဖို့ မိမိတို့ ထပ်မံအသိပေး ပြောကြားလိုပါတယ်။”
ဒီတိုက်ခိုက်မှုဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လက်ချက်ကြောင့် လူအစုလိုက် အပြုံလိုက်သေဆုံးခဲ့ရတဲ့ ဒုတိယမြောက် ဖြစ်စဉ် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၃ ရက်နေ့ညကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါမှာ ပြုလုပ်နေတဲ့ KIO အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့မှုကြောင့် ကေအိုင်အေ အမှုထမ်းနဲ့ အရပ်သား စုစုပေါင်း ၆၆ ဦး သေဆုံးခဲ့ပါတယ်။
RFA Burmese
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၁)ရက်မှ (၇) ရက်နေ့ထိ)
၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
အောက်တိုဘာလ (၁)ရက်မှ (၇)ရက် အတွင်း စစ်အာဏာရှင်တပ်သားများက ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေကြီး နှင့် ကယားပြည်နယ်တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းများ ပြုလုပ်ခဲ့သည်။ အောက်တိုဘာလ (၁)ရက်နေ့၊ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့တွင် စစ်အာဏာရှင်တပ်သားများ၏ ရေယာဉ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့သည်။ စစ်အာဏာရှင်တပ်သားများ စစ်ကိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီး မှ ဒေသခံ ပြည်သူ (၁၁)ဦးခန့်ကို ဖမ်းဆီးခဲ့ပြီး (၅)ဦးကို လူသားဒိုင်းနှင့် ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည်။
စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၅)ဦး သေဆုံးခဲ့ပြီး (၆)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကလေးငယ် (၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ စစ်ကြောင်းထိုး ဝင်ရောက်မှုများကြောင့် တပတ်အတွင်း နေရပ်ဒေသ စွန့်ခွာမှု (၂)ကြိမ် ပြုလုပ်ခဲ့ကြရသည်။
Infogram
စစ်ကြောင်းထိုးလို့ ကန့်ဘလူဒေသခံ သုံးထောင်ကျော်ထွက်ပြေးနေရ
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ရွာတွေထဲ စစ်ကောင်စီတပ်သား ၂ဝဝ လောက်ပါတဲ့ စစ်ကြောင်း ဝင်ရောက်နေတာကြောင့် ရွာသား သုံးထောင်ကျော်ထွက်ပြေးနေရတယ်လို့ ကန့်ဘလူ-ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ တာဝန်ရှိသူက RFA ကိုပြောပါတယ်။
စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၃၆၁ နဲ့ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေဟာ စက်တင်ဘာလ ၂၅ ရက်နေ့ကနေစပြီး ဒီကနေ့အထိ ရွာတွေထဲ စစ်ကြောင်းလှည့်လည်နေတာကြောင့် အနီးတစ်ဝိုက် ရွာဆယ်ရွာက ဒေသခံတွေ ကြောက်လန့်ထွက်ပြေးနေတာလို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ရွှေဘို-မြစ်ကြီးနားကားလမ်းဘေးကို စိုးမိုးထားနိုင်ဖို့ အဲဒီကားလမ်းဘေးမှာရှိတဲ့ ငှက်ပျောတိုင်းရွာမှာ အထိုင်ချဖို့ လုပ်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
စစ်ကြောင်းဖြတ်သန်းပြီးသွားတဲ့ရွာတွေက ဒေသခံတချို့ ရွာတွေထဲ ပြန်နေကြပြီဖြစ်ပေမဲ့ စခန်းချနေတဲ့ ငှက်ပျောတိုင်း၊ ပေကြီး၊ ခအုံးတာ စတဲ့ ရွာသုံးရွာက ဒေသခံတွေကတော့ ဆက်ပြီး ထွက်ပြေးနေရပါတယ်။
ကန့်ဘလူ-ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက” အရင်က နှစ်ရက်သုံးရက်ပဲ ထွက်ပြေးခဲ့ရပေမဲ့ ဒီတခါ စစ်ကြောင်းလို့ထွက်ပြေးရတာက နှစ်ပတ်ကျော်ကြာပြီ၊ စစ်တပ်ကလည်း အထိုင်ချဖို့ပြင်နေတာကြောင့် ရွာထဲပြန်ဝင်ဖို့က မလွယ်တော့ဘူး။ စားသောက်ဖို့အတွက် အခြေခံလူသုံးကုန်တွေ မရှိတော့လို့ အခက်အခဲဖြစ်နေကြတယ်” လို့ RFA ကိုပြောပါတယ်။
ရွှေဘို-မြစ်ကြီးနားကားလမ်းမှာ စစ်ကြောင်းတပ်စွဲနေတာကြောင့် ဒေသခံတွေအတွက် စားဝတ်နေရေးနဲ့ ဆေးဝါးတွေ ခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၆ ရက်နေ့မှာ အင်းလယ်ကြီးရွာက အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး အသက်နှစ်သားကို နောက်ပိုင်းပြန်လွှတ်ပေးလိုက်ပေမဲ့ ကျန်အမျိုးသားနှစ်ဦးက မလွတ်သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
ဒီစစ်ကြောင်းထိုးနေတဲ့ကိစ္စကို မေးမြန်းဖို့ စစ်ကိုင်းတိုင်းစစ်ကောင်စီပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရပါဘူး။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်းမှာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅ဝဝ) ရှိလာပါပြီ။
RFA Burmese
ပုလဲနဲ့ ဆားလင်းကြီးမှာ ဆယ်ဦး အဖမ်းခံရပြီး ငါးထောင်နီးပါး ထွက်ပြေးနေရ
စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ ပုလဲမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က အောက်တိုဘာ ၄ ရက်ကစလို့ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတာကြောင့် ရွာသား ဆယ်ဦးခန့် ဖမ်းဆီးခံရပြီး၊ လူ ငါးထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၄ ရက် မနက် ၁၀ နာရီခွဲကျော်မှာ ဆားလင်းကြီးနဲ့ ယင်းမာပင် မြို့နယ်ကြားက ရွာတွေကို စစ်ကောင်စီတပ်က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ငါးထောင်နီးပါး ထွက်ပြေးနေရတာပါ။
အောက်တိုဘာ ၅ ရက် ဒီနေ့မနက် ၈ နာရီလောက်မှာတော့ ဆားလင်းကြီးနဲ့ ယင်းမာပင်ဘက်ကနေ ထွက်လာတဲ့ အင်အား သုံးရာခန့်ပါတဲ့ စစ်ကြောင်းဟာ ပုလဲမြို့နယ်၊ လက်တောင်းကြီးရွာကို ရောက်လာပြီး ရွာသား ဆယ်ဦးခန့်ကို ဖမ်းဆီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဆယ်ယောက်လောက် အဖမ်းခံလိုက်ရတယ်။ သူတို့က လက်တောင်းကြီးရွာဘက်နေ လွတ်တဲ့ရွာဘက်ကို စစ်ဘေးရှောင်တာမှာ ထိပ်တိုက်တွေ့ပြီးတော့ အဖမ်းခံလိုက်ရတာ။ ဒီနေ့မနက် အဖမ်းခံရတာ။ စစ်ကြောင်းက ယာဉ်တန်းပါတော့ တစ်ရွာနဲ့ တစ်ရွာ တရွေ့ရွေ့နဲ့ပဲ သွားနေတယ်။ ယာဉ်တန်းက သွားနေတာ တော်တော် ကြာတယ်”
အဲဒီစစ်ကြောင်းမှာ စစ်သား သုံးရာလောက်နဲ့ စစ်ကား ၁၇ စီးလည်းပါလာတာကို တွေ့ရတယ်လို့ သူက ပြောပါတယ်။ ချီတက်ရာလမ်းတစ်လျှောက် ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်နေတာကြောင့် ဖမ်းဆီးခံရသူတွေရဲ့ အသက်နဲ့ နာမည်တွေကို အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်အရေး ကူညီနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဝင်တစ်ဦးက လည်း ဒေသခံတွေကို ဓားစာခံအဖြစ် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင် သွားတာ မှန်ကန်ကြောင်း RFA ကို အတည်ပြု ပြောဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ လက်တောင်းကြီးရွာကို မဝင်ခင် နာရီပိုင်းအလိုမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့ရဲ့ မိုင်းဆွဲ တိုက်ခိုက်ခံရတာကြောင့် ရွာထဲဝင်ပြီး သံသယရှိသူတွေကို ဖမ်းသွားတာ လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ကလည်း မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်က ပျံတက်လာတဲ့ Mi-35 ရဟတ်ယာဉ်ဟာ ဆားလင်းကြီးမြို့နယ် ဘိုက်သရက်ရွာနဲ့ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ရွာကို တစ်နာရီကြာ ပစ်ခတ်ခဲ့တာလို့ စစ်ဘေးဒုက္ခသည်အရေးကူညီနေတဲ့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ရွာနှစ်ရွာကို ပစ်တာဗျာ။ ရွာတွေကိုလည်း ပစ်တယ်၊ ရွာရဲ့လမ်းဘေးတစ်လျှောက် PDF တွေ လာမယ့် အနေအထားကို စိုးရိမ်တဲ့အတွက် လမ်းဘေးဝဲယာတွေကို ပစ်သွားတယ်။ လေယာဉ် Mi 35 နဲ့ပစ်တာ။ ဒေသခံ တွေကတော့ မနေ့က မတောင့်တရွာအကျော်မှာ စစ်ကားပျက်နေတဲ့အတွက် စစ်ကြောင်းကလည်း အဲဒီနားက ရွာတွေကိုလည်း ဝင်ကြတာဆိုတော့ ပြည်သူတွေက ကြိုသတင်းရပြီး ရှောင်နေကြတာပေါ့”
လေကြောင်း တိုက်ခိုက်မှုအပြီးမှာ နောက်ထပ် Mi-17 ရဟတ်ယာဉ်တစ်စင်း ရွာတွေပေါ်မှာ ဝဲပျံခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဆားလင်းကြီးမြို့နယ် ဘိုက်သရက်၊ မတောင့်တ၊ ရွှေသမင်ရွာနဲ့ ယင်းမာပင်မြို့နယ် လည်ငေါက်၊ တဲစု စတဲ့ရွာတွေက ဒေသခံ ငါးထောင်နီးပါး ထွက်ပြေးနေရတာပါ။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော် ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
RFA Burmese