ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

စစ်ကိုင်းတိုင်း ထီးချိုင့်တွင် လေတပ်ကြောင့် အရပ်သား ၂၀ နီးပါး သေဆုံး
ထီးချိုင့်မြို့နယ်ကို လေတပ်က ဗုံးကြဲမှုကြောင့် သေဆုံးကြသူများထဲတွင် ၅ နှစ်အောက် ၃ ဦး ပါဝင်သည်၊ တိုက်ပွဲကာလ ရှို့မီးရှို့ကြောင့်လည်း မြို့ပေါ်ရှိ အိမ်များ ပိုမိုပျက်စီးရသည်ဟု သိရသည်။
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း အရပ်သား ၂၀ နီးပါး သေဆုံးပြီး၊ ပျောက်ဆုံးနေသူတချို့လည်း ရှိနေသည်ဟု ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ပြောသည်။
နိုဝင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် တကောင်း-ထီးချိုင့်-အင်းတော်လမ်းပိုင်းကို KIA, AA, ABSDF နှင့် PDF တပ်ပေါင်းစုက ပိတ်ဆို့လိုက်ပြီးနောက် မြို့ပေါ်တွင် တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။
ထိုနေ့မှ စတင်ကာ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တို့က နေ့စဉ် ၃ ကြိမ်မှ ၈ ကြိမ်ခန့်အထိ ရောက်လာသည်၊ ထီးချိုင့်မြို့ပေါ်ကိုသာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကိုလည်း ဗုံးကြဲသည်ဟု ထီးချိုင့်-ပအဖ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထိုနေ့က ဒေသခံအမျိုးသမီး ၂ ဦး သေဆုံးသည်၊ နောက်တစ်ရက်တွင် ဘုန်းကြီး ၁ ပါးနှင့် ဒေသခံ ၄ ဦး သေဆုံးသည်ဟု အဆိုပါ ပအဖ အဖွဲ့ဝင်က ပြောသည်။
“သူတို့က လေယာဉ်နဲ့ ဗုံးကြဲရုံတင်မကဘူး၊ လေယာဉ်ပေါ်ကနေပါ စက်သေနတ်နဲ့ ပစ်တယ်၊ စစ်ရှောင်တွေနေတဲ့ နေရာတွေကိုပါ လိုက်ကြဲနေတာ” ဟု သူက ပြောသည်။
ဒဏ်ရာရသူလည်း အများအပြားရှိခဲ့သည်ဟု သူက ဆက်ပြောသည်။
ဗုံးကြဲခံရသည့် ရွာများမှာ တောမ၊ ဝါးဘိုးချောင်း၊ သခွပ်ချောင်၊ အလယ်တော၊ အင်းတိန်၊ လေသာ၊ ပိန္နဲကုန်း၊ ကြက်သွန်ခင်းနှင့် ကိုးတဲရွာတို့ ဖြစ်သည်ဟု သိရသည်။
နိုဝင်ဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ကိုးတဲရွာကို စစ်လေယာဉ်က ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ ရွာအတွင်းသို့ ၅ လုံး ကျရောက်ပေါက်ကွဲခဲ့သည်။ တိုက်ခိုက်မှုအတွင်း ကိုယ်ဝန်ဆောင်တစ်ဦး သေဆုံး၊ ၁၅ ဦး ဒဏ်ရာရသွားသည်ဟု ထီးချိုင့်-ပအဖ အဖွဲ့ဝင်က ပြောသည်။
“ကိုးတဲရွာကို တိုက်ပွဲမဖြစ်ဘဲ ဘာမဆိုင် ညာမဆိုင် ဗုံးကြဲလိုက်တာကိုက ကလေးသုံးယောက်နဲ့ ဗိုက်ကြီးသည်တစ်ယောက် သေတယ်၊ ဗုံးကြတဲ့နေရာဆိုရင် လူတစ်ရပ်လောက်တောင် ကျင်းကြီးတွေ ဖြစ်သွားတယ်၊ ဘေးအိမ်တွေ၊ အုတ်နံရံတွေ အကုန်ပြိုကျသွားတယ်” ဟု သူက ပြောသည်။
ကိုးတဲရွာမှ ဒဏ်ရာရသူများတွင် အသက်အန္တရာယ် စိုးရိမ်ရသူများလည်း ပါဝင်နေသည်ဟု သိရသည်။
ထိုသို့ဗုံးကြဲပြီးနောက် တောင်ယာလုပ်ငန်းခွင်မှ အမျိုးသမီးများကိုလည်း စက်သေနတ်ဖြင့် လိုက်လံပစ်ခတ်သည့်အတွက် အသက်လု ပြေးကြရကြောင်း၊ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ပအဖအဖွဲ့ထံမှ သိရသည်။
ယနေ့ (နိုဝင်ဘာ ၁၄ ရက်) မွန်းလွဲပိုင်းတွင်လည်း အလယ်တောရွာနှင့် အင်းတိန်ရွာတို့ကို စစ်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း ထိုရွာများမှ အရပ်သား ၁၂ ဦး ထိခိုက်သေဆုံးသည်ဟု ထီးချိုင့်တော်လှန်ရေးအဖွဲ့များ တည်ထောင်ထားသည့် Tigyaing Revolution -TR လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ နေ့လယ်ပိုင်းက ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၉ ဦး သေဆုံးသည်၊ ထိုအထဲတွင် ငါးနှစ်အောက် ကလေးငယ် ၃ ဦး ပါဝင်သည်ဟုလည်း ဆိုသည်။
“မြို့ပေါ်ပြည်သူတွေရော အခု နယ်ဘက်တွေကို ကြဲလို့ ထိတာရောဆိုရင်တော့ နှစ်ဆယ်လောက်တော့ ရှိမယ်ဗျ၊ ဘာလို့ဆိုရင် ပြည်သူတွေက ပျောက်နေတာရော ရှိမယ်၊ မိသားစုဝင်တွေက သေပြီဆိုပြီး ပြောပေမဲ့ Dead Body ရှာလို့မရတဲ့ ဟာတွေကလည်း ရှိသေးတော့လေ” ဟုလည်း ထီးချိုင့် ပကဖအဖွဲ့ဝင်က ပြောသည်။
ထီးချိုင့်မြို့နယ် ကျေးရွာများရှိ ပြည်သူများ လေကြောင်းအန္တရာယ်ကို သတိထားကြရန် တော်လှန်ရေးအဖွဲ့များက အဆက်မပြတ် တိုက်တွန်းနေသည်။
မီးရှို့ဖျက်ဆီးမှုများလည်းရှိ
တော်လှန်ရေးအဖွဲ့များ နောက်ဆုတ်ထားစဉ် မြို့ပေါ်ရှိ ရဲစခန်းကုန်းမှ စစ်ကောင်စီ လက်နက်ကိုင်များက နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု သိရသည်။ ဗုံးကြဲတိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုတို့ကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ပြီး အရေအတွက်အသေးစိတ်ကို မသိရသေးပေ။
ရဲစခန်းကုန်းနှင့် မြစ်အရှေ့ဘက် မြတောင်လမ်းဆုံတို့ကို တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ပေါင်းစုက နိုဝင်ဘာ ၁၃ နံနက်ပိုင်းတွင် တပ်ပြန်ဆုတ်လိုက်သည်ဟု ထီးချိုင့်-PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“သူတို့ဘက်က လေကြောင်းက ပစ်တာတွေရော၊ ကျေးရွာမီးရှို့တာတွေရော၊ မြို့ပေါ် မီးရှို့တာတွေရောကြောင့် ဒီဘက်က နည်းနည်း နောက်ဆုတ်ထားကြတယ်” ဟု ထီးချိုင့် PDF အဖွဲ့ဝင်က ပြောသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ရုပ်သံ၊ ဓာတ်ပုံမှတ်တမ်းများအရ မြို့ပေါ်ရှိ နေအိမ်များ ပျက်စီးနေပြီး ထွက်ပေါ်လာသည့် မီးခိုးလုံးများကို မြစ်အရှေ့ဘက်ခြမ်းမှပင် လှမ်းမြင်နေရသည်။
မြို့အရှေ့ဘက်ခြမ်းရှိ မြတောင်လမ်းဆုံအနီးတွင် တိုက်ပွဲငယ်များ ဆက်ဖြစ်နေသည်ဟုလည်း ဒေသခံ PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။ တစ်ပတ်တာတိုက်ပွဲအတွင်း နှစ်ဖက် သေဆုံးမှု ရှိသည်၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးသည်ဟု မြို့နယ်ပအဖအဖွဲ့ထံမှ သိရသည်။
နေအိမ် မီးရှို့ခံရသည့် အချက်အလက်များကို ကောက်ယူနေသည့် Data For Myanmar အဖွဲ့၏ နိုဝင်ဘာ ၈ ရက် ထုတ်ပြန်ချက်တွင် နေအိမ်ပေါင်း ၇၆,၉၂၃ လုံး မီးရှို့ခံခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။ ထိုအထဲတွင် စစ်ကိုင်းတိုင်းအတွင်း မီးရှို့ခံရမှု အများဆုံးဖြစ်ပြီး ၅၈,၃၉၇ လုံးဖြစ်သည်။
ဗြိတိန်အခြေစိုက် နိုင်ငံတကာမဟာဗျူဟာလေ့လာမှု (IISS) အဖွဲ့က ပြုစုထားသည့် စာရင်းများအရ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၈၄ ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် တိုက်ပွဲပေါင်း ၂၂၈ ကြိမ် ဖြစ်ပွားသည်ဟုလည်း ဆိုသည်။
ဗိုလ်ချုပ်ကြီးများကမူ နေအိမ်မီးရှို့သူများသည် ယင်းလက်အောက်ခံတပ်သားများ မဟုတ်၊ လေကြောင်းတိုက်ခိုက်ရာတွင်လည်း အရပ်သားပစ်မှတ်များကို တိုက်ခိုက်ခြင်းမဟုတ်ဟု ငြင်းဆိုထားသည်။
အောက်တိုဘာ ၂၇ တွင် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ Operation 1027 စတင်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့သိမ်းတိုက်ပွဲများ ပေါ်ပေါက်လာခဲ့သလို စစ်ကိုင်းတိုင်းအထက်ပိုင်းတွင်လည်း ကောလင်းမြို့မှ စတင်ကာ မြို့သိမ်းတိုက်ပွဲများ ပေါ်ပေါက်လာသည်။
စစ်ဆင်ရေး အစပြုသည်နှင့် ရက္ခိုင့်တပ်တော် (AA) ဦးဆောင်သည့် တပ်များက ထီးချိုင့်မြို့နယ်တွင် လှုပ်ရှားနေခြင်းဖြစ်ကြောင်း အောက်တိုဘာ ၃၀ ရက်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။
Myanmar Now News
မြေမြှုပ်မိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံမှာ ၂ဝ၂၂ ခုနှစ်အတွင်း လူ ၅ဝဝ ကျော် သေဆုံးခဲ့
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် လူ ၅ဝဝ ကျော်သေဆုံးခဲ့တယ်လို့ Landmine Monitor မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေး အဖွဲ့က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့နိုင်ငံ ၄၉ ခုနဲ့ တခြားနေရာဒေသ ၂ ခုမှာ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုတွေကြောင့် သေဆုံးဒဏ်ရာရသူ စုစုပေါင်းကတော့ ၄၇၁ဝ ဦးရှိတယ်လို့ ဆိုပါတယ်။
၁၉၉၇ ခုနှစ်မှာ အတည်ပြဋ္ဌာန်းခဲ့တဲ့ မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်ရေး သဘောတူစာချုပ်ကို ကမ္ဘာ့နိုင်ငံ ၁၆၄ နိုင်ငံက ပါဝင်လက်မှတ်ထိုးထားပေမယ့် အဲဒီစာချုပ်ကို ဒီနေ့အထိ လက်မှတ်ရေးထိုးခြင်းမရှိတဲ့ မြန်မာနဲ့ ရုရှားနိုင်ငံတွေဟာ မြေမြှုပ်မိုင်းတွေကို ပြီးခဲ့တဲ့နှစ်အတွင်း အများအပြားချထားအသုံးပြုခဲ့တယ်လို့ Landmine Monitor အဖွဲ့ရဲ့ ဒီကနေ့ (အင်္ဂါနေ့) ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လတ်တလောမှာ ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံမှာ မြေမြှုပ်မိုင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ချထားသုံးစွဲနေတယ်လို့လည်း ဆိုပါတယ်။ တခြားသတင်းတွေရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းတွေကို စစ်ကောင်စီတပ်ဖွဲ့တွေရော၊ တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေကပါ အသုံးပြုနေကြတယ်လို့ သိရပါတယ်။
RFA Burmese
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊နို၀င်ဘာလ (၁)ရက်မှ (၇) ရက်နေ့ထိ)
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
နိုဝင်ဘာလ (၁)ရက်မှ (၇)ရက်နေ့ အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် နှင့် ချင်းပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စစ်အာဏာရှင် တပ်သားများက ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ သည်။ စစ်အာဏာရှင်တပ်သားများက မန္တလေးတိုင်းဒေသကြီးမှ ၁၀၂၇ စစ်ဆင်ရေး ထောက်ခံကြောင်း ရေးသားခဲ့သူ ၅ ဦး အဖမ်းခံခဲ့ရသည်။ တနင်္သာရီမြို့နယ်တွင် ဆန်တင်လာသည့်ကားများကို စစ်အာဏာရှင်တပ်က ဖမ်းဆီးပြီး ဆန်အိတ် များကို သိမ်းယူခဲ့သည်။
စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃၀)ဦးကျော် သေဆုံးခဲ့ပြီး (၂၀)ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ စစ်ကြောင်းထိုး ဝင်ရောက်မှုများကြောင့် တပတ်အတွင်း နေရပ်ဒေသ စွန့်ခွာမှု (၅)ကြိမ် ပြုလုပ်ခဲ့ကြ ရသည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကလေးငယ် (၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး (၅)ဦး သေဆုံး ခဲ့ရသည်။
Infogram
လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြား လမ်းပိုင်းမှာ အရပ်သားရှစ်ရာခန့် ပိတ်မိနေ
မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက်ဒေသ လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြားက ပါစင်ကျော်ရွာနားမှာ လောက်ကိုင်ကနေ နေရပ်ပြန်လာကြတဲ့ အရပ်သားရှစ်ရာလောက် ပိတ်မိနေတယ်လို့ အဲဒီမှာ ပိတ်မိနေသူတွေက ပြောပါတယ်။
လက်ရှိအားလုံးဟာ လမ်းဘေးမှာပဲ ဖြစ်သလိုနေကြရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ကိုယ်တိုင်ပိတ်မိ နေတဲ့ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“ပါစင်ကျော်အကျော် ချင်းရွှေဟော်သွားတဲ့လမ်းမှာ ပိတ်မိနေတာ။ ပြန်ဝင်တဲ့အချိန် လောက်ကိုင်ဘက်မှာ ဒီဘက်က မြောင်းတူးလိုက်တယ်ပြောတယ်။ ကျွန်မတို့လည်း မသွားနိုင်တော့ဘူး အဲလိုဖြစ်သွားတာ။ စားဖို့ သောက်ဖို့ကတော့ ပါတဲ့သူတွေက ခေါက်ဆွဲခြောက်တွေစား ပါတဲ့ရေကုန်ရင်တော့ ကုန်ပြီ။ တချို့ကျတော့လည်း လမ်းဘေးမှာ ကြံခင်းရှိတယ်၊ အဲဒီကြံခင်းက ကြံတွေ ချိုးစားနေရတာ။ တချို့စားလို့ရတဲ့ အသီးအရွက်တွေ ဒီအတိုင်း ခူးပြီး စားနေရတာ။ အိပ်တာကတော့ လမ်းဘေးမှာ ဖြစ်သလို အိပ်ကြတာပေါ့။ ကားနဲ့လာတဲ့ သူတွေကတော့ ကားပေါ်မှာ အိပ်တယ်။ ဆိုင်ကယ်နဲ့လာတဲ့ သူတွေကတော့လည်း လမ်းဘေးမှာ ထိုးအိပ်နေကြရတယ်။ ဒီလိုမျိုး နောက်ထပ် သုံး လေးရက်ပိတ်ရင်တော့ အစားအသောက်တွေ အကုန်လုံး ပြတ်ပြီး အကုန်ဒုက္ခရောက်တော့မှာ ဒီကလူတွေက”
ပိတ်မိနေသူတွေဟာ လောက်ကိုင်မှာ အလုပ်သွားလုပ်ကြတဲ့ ရှမ်း၊ ကချင်၊ တအာင်းနဲ့ ဗမာတိုင်းရင်းသားတွေ အများစုဖြစ်တယ်လို့ ဆိုပါတယ်။
အရှေ့ဘက် ချင်းရွှေဟော်မြို့အပိုင်းမှာ ကိုးကန့်တပ်ဖွဲ့က နေရာယူထားပြီး အနောက်ဘက် လောက်ကိုင်မြို့ ဘက်အခြမ်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေ ရှိနေတာကြောင့် တိုက်ပွဲကြားထဲ ရောက်နေတာပါ။
ဒါ့ကြောင့် ပိတ်မိနေသူတွေကို ဘေးကင်းလုံခြုံတဲ့နေရာ ရောက်အောင်တော့ ကူညီပေးစေချင်တယ်လို့ ပိတ်မိနေသူ အမျိုးတစ်ဦးက ပြောပါတယ်။
“ဥပမာ ကယ်ဆယ်ရေး လာတာဖြစ်ဖြစ်၊ လမ်းကြောင်း တစ်ကြောင်းပေါ့နော် လောက်ကိုင်ပြန်ဝင်တဲ့ လမ်းကြောင်းဖြစ်ဖြစ်၊ လားရှိုးကိုဆင်းဖို့ လမ်းကြောင်းပဲဖြစ်ဖြစ် အကြီးပိုင်းတွေက ညှိနှိုင်းပြီးတော့ ဖွင့်ပေးနိုင် ရင်တော့ ပိုအဆင်ပြေတယ်။ တချို့ဆိုရင် စားစရာမရှိတာ”
MNDAA ပြန်ကြားရေးတာဝန်ခံ ကိုရန်နိုင်ကတော့ ချင်းရွှေဟော် – လောက်ကိုင်လမ်းမှာ ပိတ်မိနေသူတွေကို ကူညီနိုင်ရေး အလုပ်မှုဆောင်အဖွဲ့ ဖွဲ့ပြီး ချိတ်ဆက်ဖို့ ဆောင်ရွက်နေတယ်လို့ RFA ကို ဒီနေ့ညနေပိုင်း ပြန်လည်ဖြေဆိုပါတယ်။
အလားတူ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ကိုးကန့်တပ်ဖွဲ့ဘက်ကတော့ စစ်ဆင်ရေးစတဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ နောက်ပိုင်းကစလို့ ချင်းရွှေဟော်၊ လောက်ကိုင်၊ မူဆယ်၊ လားရှိုးလမ်းပိုင်းတွေမှာ ခရီးသွားလာတာမလုပ်ဖို့ တားမြစ်ထားတာပါ။
လက်ရှိ နောင်ချို၊ လားရှိုး၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ဟိုပန်၊ ကွတ်ခိုင်၊ မူဆယ် လမ်းပိုင်းတွေအားလုံး ဖြတ်တောက်ခံထားရသလို သိန္နှီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်းလုံနဲ့ ဟိုပန်မြို့တွေမှာလည်း ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပါတယ်။
RFA Burmese
ညောင်လေးပင်မှာ တစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် ငါးထောင်ထပ်တိုး
ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင်ထဲမှာ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ တိုက်ပွဲတွေကြောင့် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း စစ်ဘေးဒုက္ခသည် ငါးထောင်ခန့် ထပ်တိုးလာတယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးက အောက်တိုဘာ ၃၀ ရက်မှာ RFA ကို ပြောပါတယ်။
“တပ်မဟာ ၃ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲမှာ ဒီအောက်တိုဘာ နောက်ဆုံးပတ်ထဲမှာပဲ စကစဘက်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုတွေကြောင့် မုန်းမြို့နယ်ထဲမှာ စစ်ဘေးဒုက္ခသည် IDP ဦးရေ ငါးထောင်အထိ ထပ်တိုးလာပြန်ပါပြီ”
အောက်တိုဘာလ ၂၈ ရက်နေ့ကတော့ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ရွာငါးရွာက ဒေသခံ နှစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရပြီး အစားအသောက်နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ KNU က အောက်တိုဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၂၀ ရက်နေ့လည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မုန်းဒေသခံ လေးရာကျော် တိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အသေးစိတ် သိနိုင်ဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် ပဲခူးတိုင်းအရှေ့ခြမ်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ တစ်သိန်းသုံးသောင်းနီးပါးထိ (၁၂၆,၉၀၀) ရှိလာပါပြီ။
KNU ရဲ့ လက်ရှိစာရင်းတွေအရ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်ထဲမှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော်ထိရှိနေပြီလို့လည်း KNU ပြောခွင့်ရ ပဒိုစောတောနီးက RFA ကိုပြောပါတယ်။
RFA Burmese
အောက်တိုဘာလအတွင်း အမျိုးသမီး ၁၂ ဦး သတ်ဖြတ်ခံရဟု BWU ထုတ်ပြန်
အောက်တိုဘာ ၁ ရက်နေ့ကနေ ၂၆ ရက်နေ့အတွင်း စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်သတ်ဖြတ်မှု တွေကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ အမျိုးသမီး ၁၂ ဦး သေဆုံးခဲ့ပြီး ၁ဝ ဦး ဖမ်းဆီးထောင်ချခံခဲ့ရ တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က အောက်တိုဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီအမျိုးသမီးတွေထဲက တစ်ဦးဟာ ဖမ်းဆီးထိန်းသိမ်းခံရစဉ်မှာ သေဆုံးခဲ့ပြီး ကျန် တစ်ဦးကတော့ မိုင်းနင်းမိလို့ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီကာလအတွင်းမှာပဲ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ အမျိုးသမီး ဆယ်ဦး ဖမ်းဆီးထောင်ချခံခဲ့ရကြောင်းနဲ့ စစ်တပ်အာဏာသိမ်းချိန်ကနေ အခု အောက်တိုဘာလအထိ အမျိုးသမီး ၆၂၈ ဦး သေဆုံးခဲ့ရပြီးပြီလို့ လည်း BWU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကနေ အခု ၂၀၂၃ အောက်တိုဘာ ၂၆ ရက်နေ့အထိ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရတဲ့ အမျိုးသမီး ၃၂၃၂ ဦးရှိတဲ့အနက် ၆၆၈ ဦးဟာ ပြစ်ဒဏ်တွေချမှတ်ခံထားရတယ်လို့လည်း ဆိုပါတယ်။
အခုလို ဖမ်းဆီးခံရတဲ့အမျိုးသမီးအများစုဟာ အကြောင်းတစ်စုံတစ်ရာ မရှိဘဲ အဖမ်းခံရသူတွေများပြီး တချို့ကတော့ လူမှုကွန်ရက်စာမျက်နှာမှာ သတင်းအမှားဖြန်ဝေရေးသားမှု စတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရတာလို့ BWU က ပြောပါတယ်။
ဒီအချက်အလက်တွေဟာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့စာရင်းတွေနဲ့ သတင်းမီဒီယာတွေမှာ ရေးသားတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံထားကြောင်းနဲ့ မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။
အခုလို ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ အခု အောက်တိုဘာလ ၃၀ ရက်နေ့အထိ ပြည်သူ ၄၁၆၁ ဦး သေဆုံးခဲ့ပြီး အတည်ပြုရန်လိုအပ်နေတဲ့ စုံစမ်းဆဲ သတ်ဖြတ်ခံရသူဦးရေ ငါးရာ ဝန်းကျင်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ကြေညာထားပါတယ်။
RFA Burmese