၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၂၂)ရက်မှ (၃၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

အောက်တိုဘာလ (၂၂)ရက်မှ (၃၁)ရက်အတွင်း စစ်အာဏာရှင် တပ်သားများက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

စစ်အာဏာရှင်တပ်သားများက တပတ်အတွင်း ပြည်သူ (၅၀)ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ အောက်တိုဘာလ (၂၇)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်မှ ပြည်သူ (၅)ဦးကို စစ်အာဏာရှင်တပ်သားများက မီးရှို့ သတ်ဖြတ်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်မှ တောင်သူများမှ စစ်အာဏာရှင်တပ်ကို ငွေကြေးပေးရတဲ့သတင်းထွက်လာပြီးနောက် တောင်သူများကို ခံဝန်ထိုးရန် စစ်အာဏာရှင်တပ်သားများက ခြိမ်းခြောက်ခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃၀)ဦးကျော် သေဆုံးခဲ့ပြီး (၃၄)ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ တပတ်အတွင်း ပြည်သူ (၁၁)ဦးကျော် ဖမ်းဆီးခံ ခဲ့ရပြီး စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ (၉)ဦး သေဆုံးခဲ့ရသည်။ စစ်အာဏာရှင် တပ်သားများ၏ စစ်ကြောင်းထိုး ဝင်ရောက်မှုများကြောင့် တပတ်အတွင်း နေရပ်ဒေသ စွန့်ခွာမှု (၈)ကြိမ် ပြုလုပ်ခဲ့ကြ ရသည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကလေးငယ် (၇)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး (၁)ဦး သေဆုံး ခဲ့ရသည်။

(က) နိုင်ငံတကာဥပဒေအရဆိုလျှင် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို ပိတ်ပင်ဟန့်တား ခြင်း၏ အင်္ဂါရပ်များကား အဘယ်နည်း။          လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်အပေါ် ပိတ်ပင်ဟန့်တားခြင်းကို လူ့အခွင့်အရေး ချိုးဖောက်မှု တရပ်အဖြစ် မှတ်တမ်းပြုနိုင်ရန်အတွက် အောက်ပါ အင်္ဂါရပ် (၃) ရပ် ထင်ရှားကြောင်း ဖေါ်ပြရပါမည်။

၁။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို ကြားဝင်နှောက်ယှက်ခြင်း။

၂။ ဥပဒေနှင့်မညီခြင်း

၃။ အစိုးရ၏ လုပ်ဆောင်ချက်တို့ ဖြစ်သည်။

(ခ) လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို သီးသန့်ကာကွယ်မှုပေးထားသော အဓိကကျသည့် နိုင်ငံတ ကာ သဘောတူညီချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

         လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်း ဥပဒေများအရကာကွယ်မှု ပေးထားကြပါသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံသည် အထက်ဖော်ပြပါ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးမထားသော်လည်း၊ ဤအပြည်ပြည်ဆိုင်ရာဓလေ့ထုံးတမ်း ဥပဒေများနှင့် ဆက်နွယ်မှုရှိနေသည်ဟုယူဆနိုင်ပါသည်။ (သို့မဟုတ်ပါက ဤဥပဒေအရ စည်းနှောင်မှု မရှိစေရန် အစဉ်အဆက် ငြင်းပယ်ဖော်ပြမှုမျိုး ပြုလာရမည် ဖြစ်သည်။)

(ဂ) ကြားဝင်နှောက်ယှက်ခြင်း ဆိုသည်ကိုမည်သို့သတ်မှတ်သနည်း။

         လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ကို နှောင့်နှေးကြန့်ကြာစေခြင်း အလို့ငှာသွယ်ဝိုက်၍ (သို့) တိုက် ရိုက်ဟန့်တားပိတ်ပင်ခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့ကို အစိုးရဌာန (သို့) အဖွဲ့အစည်းတခုခုကပြုလုပ်သော မည်သည့်ဆောင်ရွက်မကိုမဆို “ကြားဝင်နှောက်ယှက်ခြင်း”အဖြစ် နိုင်ငံတကာ လူ့အခွင့်အ ရေးဥပဒေများအရ လူ့အခွင့်အရေး ချိုးဖောက်မှုမြောက်စေပါသည်။ “ကြားဝင်နှောက် ယှက်ခြင်း” ၏ ပမာဏ အတိုင်းအဆမှာ သက်ဆိုင်မှုမရှိပါ။ လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် အခွင့်အရေးကို တနည်းနည်းဖြင့် အနည်းအကျဉ်း အနှောက်အယှက် ဖြစ်စေသည်၊ လုံးလုံးလျားလျားတင်းကျပ် ကန့်သတ်သည်ဆိုသည့် အတိုင်းအတာဖြစ်စေ ကြားဝင်နှောက်ယှက်ခြင်း မြောက်သည်။ “ကြားဝင် နှောက်ယှက်ခြင်း”  ပုံစံသည်လည်း  အလားတူ သက်ဆိုင်မှု  မရှိပါ။  ကန့်သတ်ထားသော ဥပဒေများ၊ ဒီဂရီများ၊ အမိန့်များ၊ တရားရုံး  ဆုံးဖြတ်ချက်များနှင့်  ရုပ်ဝတ္ထုပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ အား လုံးပါဝင်သည်။

(ဃ) မည်သည့်အခွင့်အရေးများသည် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် အခွင့်အရေးများတွင် ပါဝင်သနည်း။

         လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေမှ သိသာထင်ရှားသော အခွင့်အရေး (၃) မျိုးဖြင့် လွှမ်းခြုံပြဌာန်းထားခြင်းဖြစ်သည်။ ဤအခွင့်အရေးများထဲမှ တခုခုအား ချိုးဖောက်ခြင်းသည် လွတ်လပ်စွာလှုပ်ရှား သွားလာခွင့် အခွင့်အရေးအပေါ် ချိုးဖောက်ခြင်းအဖြစ် သတ်မှတ်နိုင်သည်။ လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် အခွင့်အရေးများမှာ –

(၁) တိုင်း နိုင်ငံတခုအတွင်း လွပ်လပ်စွာ လှုပ်ရှားသွားလာခွင့်

(၂) တိုင်း နိုင်ငံတခုခုသို့ လွပ်လပ်စွာ ထွက်ခွာ သွားလာခွင့်

(၃) မိမိပိုင်ဆိုင်ရာ တိုင်းနိုင်ငံတခုခုအတွင်းသို့ လွတ်လပ်စွာ ဝင်ရောက်နိုင်ခွင့်တို့ ဖြစ်သည်။

ထောင်ဝင်စာတွေ့လိုသူသည် ရဲစခန်း၊ အုပ်ချုပ်ရေးမှူးတို့ထံမှ ထောက်ခံစာရယူရမည်ဖြစ်ပြီး ကိုဗစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းလည်း လိုအပ်မည်ဟု ဆိုသည်။

စစ်ကောင်စီက ကိုဗစ်ကပ်ဘေးအကြောင်းပြကာ ထောင်ဝင်စာတွေ့ဆုံခွင့်ကို ကာလရှည် ပိတ်ထားရာမှ ကန့်သတ်ချက်များစွာနှင့် မကြာမီ ပြန်လည်ခွင့်ပြုတော့မည်ဖြစ်သည်ဟု အကျဉ်းထောင်သတင်းရပ်ကွက်က ပြောသည်။

နိုဝင်ဘာ (၂၄) မှ စတင်ပြီး တွေ့နိုင်သည်ဟု မန္တလေးအိုးဘိုထောင် သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။

ထောင်ရှေ့ရှိ ဗီနိုင်းဆိုင်းဘုတ်သစ်တွင် ထောင်ဝင်စာတွေ့မည့်သူတို့ လိုက်နာရမည့် စည်းကမ်းချက်များစွာ ဖော်ပြထားသည်၊ ထိုအထဲတွင် ယူဆောင်လာရမည့် စာရွက်စာတမ်းအထောက်အထား ၆ ခု စာရင်းလည်း ပါဝင်သည်ဟု သူက ပြောသည်။

“ထောင်မှာလည်း ဗီနိုင်းချိတ်ထားတယ်။ မိသားစုတွေဆီလည်း အကြောင်းကြားတယ်။ လာမယ့် အင်္ဂါကနေစပြီး လူတွေ့ရတော့မယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ပေးရမည့် အထောက်အထားများတွင် ကို​ဗစ်ရောဂါကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပြီးကြောင်း အထောက်အထား၊ ၇ ရက်အတွင်း ပြုလုပ်ထားသည့် ကျေးရွာ ရပ်ကွက်အတွင်း နေထိုင်ကြောင်းထောက်ခံစာနှင့် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ၊ ထောင်ဝင်စာလာတွေ့မည့်သူ၏ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူတို့ ပါဝင်သည်။

နိုင်ငံအတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိနှုန်း ၂ ရာခိုင်နှုန်းအထက်ဖြစ်ပါက ၄၈ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်ကင်းရှင်းကြောင်း အဖြေပြသရမည်ဟုလည်း ဖော်ပြထားသည်။ အောက်တိုဘာလအတွင်း ပိုးတွေ့နှုန်းသည် ၁ ရာခိုင်နှုန်းအောက် ဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဌာန ထုတ်ပြန်ချက်များတွင် တွေ့ရသည်။

အကျဉ်းထောင်ကြီးများတွင် အကျဉ်းသားနှင့် မိသားစု ခပ်ခွာခွာ တွေ့ဆုံရန် စီစဉ်ထားပြီးဖြစ်သည်ဟု အကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

“ကိုဗစ်က အကြောင်းပြချက်ပါ။ မှန်ကာပြီး တယ်လီဖုန်းနဲ့ ပြောရတဲ့ လူအကန့်အသတ်ရှိတဲ့ ထောင်ဝင်စာခန်းမှာ အခက်အခဲ မဟုတ်ပါဘူး။ ဒါပေမဲ့ အပြင်မှာ စောင့်ဆိုင်းတဲ့ လူတွေ အများကြီးစုမှာကို အကြောင်းပြခဲ့ပါတယ်။ အကျဉ်းသားအခွင့်အရေးနဲ့ ပတ်သက်ရင်တော့ အချိုးဖောက်ဆုံးကိစ္စပါပဲ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက Myanmar Now ကို ပြောသည်။

အကျဉ်းထောင်၏ ကန့်သတ်ချက်များတွင် လုံခြုံရေးဆိုင်ရာအခက်အခဲများပင် ရှိနေသောကြောင့် မိသားစုများ အဆင်မပြေနိုင်ဟု ၎င်းက ဆိုသည်။

“ထောက်ခံစာယူရချိန်အတွက် အန္တရာယ်တွေက ရှိနေနိုင်ပါတယ်။ တချို့ မှတ်ပုံတင်ပျောက်တာ၊ အိမ်ထောင်စု မပြည့်စုံတာတွေအတွက်လည်း အခက်အခဲဖြစ်မှာပါ” ဟု ၎င်းက ဆက်ပြောသည်။

“ထုံးစံအတိုင်းပေါ့။ မဖြစ်လို့ ခွင့်ပြုရပေမဲ့ လက်တစ်လုံးခြားတွေကတော့ ရှိနေမှာပါပဲ။ မိသားစုတွေကတော့ ပေးကားပေး၏ မရလို့ ပြောနေကြပါတယ်”

ထောင်ဝင်စာကို ယခင်က တစ်လနှစ်ကြိမ် တွေ့ခွင့်ရခဲ့ပြီး ယခုလည်း ထိုကန့်သတ်ချက်အတိုင်းသာ တွေ့ခွင့်ရဖွယ်ရှိသည်။ မိသားစုက သွားရောက် တွေ့ဆုံတိုင်း ထောက်ခံစာရရန် ရဲစခန်း၊ အုပ်ချုပ်ရေးမှူးတို့ထံ သွားကြရမည် ဖြစ်သည်။

မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်ကလည်း ထောင်သို့ သွားတွေ့နိုင်တော့မည်ဖြစ်ကြောင်း အကျဉ်းထောင်ထံမှ သတင်းရရှိပြီး ဝမ်းမြောက်နေသည်ဟု ဆိုသည်။

“ပိတ်ထားတာလည်း နှစ်ကြာပြီ။ နေကောင်းကျန်းမာလားတောင် မသိရတဲ့ အခြေအနေဆိုတော့ ခုလိုတွေ့ရမှာ အရမ်းပျော်တယ်။ ဒါပေမဲ့ နိုင်ကျဉ်းမိသားစု​တွေ မပါဝင်မှာလည်း စိုးရိမ်နေတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက မိသားစုဝင်များကိုပါ လိုက်လံဖမ်းဆီးနှိပ်ကွပ်လျက်ရှိရာ ဤအခြေအနေတွင် ထောင်ဝင်စာတွေ့သူတို့အပေါ် ချမှတ်လိုက်သည့် ကန့်သတ်ချက်အသစ်များကြောင့် နောက်ဆက်တွဲဖမ်းဆီးမှုများ ကြုံတွေ့ရမည်ကို စိုးရိမ်ကြောင်း ပြောသည်။

“ထောင်ဖမ်းတာတွေလည်း ဖြစ်နိုင်တယ်။ ကိုယ်ရေးအချက်အလက်တွေ တောင်းခံတော့ နောက်ဆက်တွဲ စိတ်မလုံခြုံရဘူးပေါ့” ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်၊ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်အထိ စစ်ကောင်စီသည် ၎င်းတို့ ဖမ်းဆီးထားသူအားလုံးကို မိသားစုနှင့် တွေ့ခွင့် ပိတ်ပင်ထားခဲ့ပြီး ထောင်ဝင်စာပစ္စည်း ပေးပို့ခြင်းကိုပင် ကန့်သတ်ချုပ်ချယ်ထားသည်။

ထို့အတူ နိုင်ငံအနှံ့ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများကို ဆိုးရွားစွာဖိနှိပ်နေပြီး လူမသိသူမသိ အသက်သေဆုံးမှုများလည်း ရှိနေသည်။ ထောင်ပြောင်းရွှေ့စဉ် အကြောင်းရင်း ခိုင်လုံစွာမသိရဘဲ နိုင်ကျဉ်းများ သတ်ဖြတ်ခံရသည့်ဖြစ်စဉ်တချို့လည်း ပေါ်ပေါက်နေသည်။

အကျဉ်းသားများကို မိသားစုတွေ့ခွင့်ရမည်ဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အစားအသောက်၊ ဆေးဝါး မပြည့်စုံသော အကျဉ်းကျနေသူထံ ပစ္စည်းပေးပါက မိသားစုက ထောင်အထိ သွားရောက်ပြီး ထောင်ဝန်ထမ်းများထံ အပ်နှံရသည်။

နိုင်ငံအနှံ့ အကျဉ်းထောင်များသို့ သွားရာတွင် ကုန်ကျမည့် ခရီးစရိတ်အတွက် မိသားစုက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ထံတွင် အကူအညီတောင်းနိုင်သည်။

အသေးစားငွေကြေးထောက်ပံ့မှု ရယူလိုပါက ICRC ၏ မြန်မာပြည်ရုံးခွဲ ၁၀ ရုံးထဲမှ အနီးဆုံးရုံးကို ဆက်သွယ်နိုင်သည်။

စစ်ကောင်စီက အာဏာသိမ်းမှု ဆန့်ကျင်သူဟု ယူဆရသူအများအပြားကို နေ့စဉ် ဖမ်းဆီးပြီး ပုဒ်မမျိုးစုံတပ် အမှုဖွင့်လျက်ရှိရာ ၁၉၆၀၃ ဦး အကျဉ်းချခံထားရသည်ဟု စစ်တပ်၏ သတ်ဖြတ်၊ ဖမ်းဆီးမှုများကို လက်လှမ်းမီသမျှ မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ ၂၀ တွင် ထုတ်ပြန်ထားသည်။

Myanmar Now News

၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၁၅)ရက်မှ (၂၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

အောက်တိုဘာလ (၁၅)ရက်မှ (၂၁)ရက် အတွင်း စစ်အာဏာရှင်တပ်သားများက ပဲခူးတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်သူ (၁၇)ဦးကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ ရေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်မှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရ ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်မှ ပြည်သူ (၁)ဦး သေဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာရှိခဲ့သည်။ အောက်တိုဘာလ (၂၀)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ပြည်သူ (၇)ဦးကို စစ်အာဏာရှင် လက်အောက်ခံ ခရိုင်တရားသူကြီးမှ သေဒဏ် ချမှတ်ခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၁၁)ဦးခန့် သေဆုံးခဲ့ပြီး (၁၇)ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ တပတ်အတွင်း ပြည်သူ (၁၀)ကျော် ဖမ်းဆီခံ ခဲ့ရပြီး စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ (၁၄)ဦး သေဆုံးခဲ့ရသည်။ စစ်အာဏာရှင် တပ်သားများ၏ စစ်ကြောင်းထိုး ဝင်ရောက်မှုများကြောင့် တပတ်အတွင်း နေရပ်ဒေသ စွန့်ခွာမှု (၇)ကြိမ် ပြုလုပ်ခဲ့ကြရသည်။

စစ်တပ်အာဏာမသိမ်းခင်အချိန်က မခင်စန္ဒာညွန့်ဟာ မြန်မာနိုင်ငံက တိုင်းရင်းသားမျိုးနွယ်စုတွေအကြောင်း လေ့လာရင်း မနုဿဗေဒဘွဲ့လွန်အတွက် သုတေသနစာတမ်းတွေ ရေးသားပြုစုရင်း တစ်ဖက်ကလည်း လူငယ်ရေးရာလှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်နေသူပါ။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှာတော့ သုတေသနမှတ်တမ်းတင်ရာမှာ လိုအပ်လို့ သူသင်ယူထားတဲ့ ဓာတ်ပုံပညာနဲ့ ရန်ကုန်မြို့က သပိတ်စစ်ကြောင်းတွေကို မှတ်တမ်းတင်ရိုက်ကူးခဲ့ပါတယ်။

အဲဒီကနေ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်ကို ၂၀၂၁ စက်တင်ဘာလမှာ ထွက်ခွာခဲ့ပါတယ်။

“၂၀၂၁ ခုနှစ် ၅ လပိုင်းနောက်ပိုင်း ကရင်နီမှာက တိုက်ပွဲတွေ တအားပြင်းထန်တယ်။ အဲဒီလိုဆိုတော့ ကျွန်မအတွက် ကရင်နီပြည်နယ်က နယ်မြေဒေသအသစ်ဖြစ်တယ်။ စိန်ခေါ်မှုတွေလည်း များမယ်။ လေ့လာစရာတွေလည်း အများကြီးရှိလိမ့်မယ်လို့ ယုံကြည်တယ်။ ပြီးတော့ ကရင်နီရဲ့ သမိုင်းကြောင်းနဲ့ ပတ်သက်လို့လည်း အနည်းအကျဉ်းလေး သိထားတာရှိတယ်။ စိတ်ဝင်စားတယ်။ အဲဒီလိုဆိုတော့ ကျွန်မ ကရင်နီကို တစ်ယောက်တည်း ထွက်လာခဲ့တာ ဖြစ်တယ်ပေါ့နော်”

ကယားပြည်နယ်ရဲ့ ရှေ့တန်းစစ်မြေပြင်လှုပ်ရှားမှုတွေကို ဓာတ်ပုံမှတ်တမ်းရိုက်ယူရင်း စစ်ပွဲအတွင်းမှာ ပညာရေးဟာ ရပ်တန့်ထားလို့ မရဘူးဆိုတာကို သူသိလာခဲ့ပါတယ်။

“ကျွန်မသွားတော့ လာတော့ တစ်ယောက်တည်းပဲပေါ့နော်။ စစ်ရှောင်တွေနဲ့ ရောက်တဲ့နေရာမှာ သူတို့နဲ့အတူတူ တောထဲမှာနေကြ ထိုင်ကြ စားကြ သောက်ကြ အဲဒီမှာ စစ်ရှောင်တွေက တစ်ချို့ရွာတွေမှာဆိုရင် မိသားစုက ငါးစုလောက်ပဲ ကျန်တော့တာလေ။ ကလေးတွေလည်း ရှိတယ်။ အဲဒီလိုမျိုးဆိုရင် ဆရာမ ကျွန်တော်တို့လည်း ရွှေ့ရတော့မယ်ထင်တယ်။ ကျွန်တော်တို့ မရွှေ့ချင်ဘူး။ ရွာကို မစွန့်ချင်ဘူးပေါ့နော်။ အဲဒီတော့ ကလေးတွေကို သားသမီးတွေကို ဒီမှာ စာသင်ပေးမယ်ဆိုရင် မရွှေ့ဘူးပေါ့နော်။ အဲဒီလိုမျိုး‌ပြောလာတာတွေ ရှိတယ်။ အဲဒီမှာ ကျွန်မ စစ်ရှောင်နေရင်းနဲ့ တောထဲမှာ စာစသင်ပေးဖြစ်တယ်”

ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းတွေအရ ကယားပြည်နယ်တစ်ခုလုံးမှာ စစ်တပ်အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်း နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းခွဲကျော် ရှိနေပါတယ်။ အဲဒီစစ်ဘေးဒုက္ခသည်တွေထဲမှာ စစ်ပွဲတွေကြောင့် ပညာမသင်နိုင်တော့တဲ့ ကလေးတွေလည်း မနည်းပါဘူး။

မခင်စန္ဒာညွန့်ဟာ တိုက်ပွဲတွေကြားထဲ နေရာမျိုးစုံပြောင်းရွှေ့ရင်း စစ်ဘေးဒုက္ခသည်ကလေးငယ်တွေကို စာသင်ပေးနေတာပါ။

တိုင်းရင်းသားတွေရဲ့ အခြေခံလူမှုရေးရာယဉ်ကျေးမှုတွေကို အခြေခံပြီး အော်တာနေးတစ်ပညာရေး သင်ရိုးညွှန်းတမ်းတွေ ရေးဆွဲရင်း သူကိုယ်တိုင် ကလေးတွေကို ပညာသင်ကြားပေးနေတာပါ။

“Social Science Background ကိုမှ ကျွန်မ Science Studies Background ကနေ လာတာဆိုတော့ တောထဲမှာနေထိုင်ရင်းနဲ့ ကျွန်မတို့ အများကြီးသင်လို့ ရတယ်။ စာအုပ်သင်ရိုးမရှိလည်း ရတယ်။ ကျွန်မတို့ သင်ရိုးဆွဲလို့ရတယ်။ ဒါအားသာချက်၊ Alternative School တွေရဲ့ အားသာချက်ဖြစ်တယ်”

ကရင်နီပြည်နယ်အတွင်း စာသင်ကြားနေသည့် စစ်ဘေးဒုက္ခသည် ကလေးများအား တွေ့ရစဉ်။ (Photo: Khin Sandarnyunt/Facebook)
ကရင်နီပြည်နယ်အတွင်း စာသင်ကြားနေသည့် စစ်ဘေးဒုက္ခသည် ကလေးများအား တွေ့ရစဉ်။ (Photo: Khin Sandarnyunt/Facebook)

စစ်ဘေးဒုက္ခသည်ကလေးငယ်တွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ပိုင်းဆိုင်ရာ အားဖြစ်စေမယ့် နည်းလမ်းတွေနဲ့ တီထွင်ကြံဆပြီး သူသင်ကြားပေးနေတာဖြစ်ပါတယ်။

“ဒီဟာတွေက ရပ်ရွာနဲ့ ပြန်လည်ချိတ်ဆက်ဖို့ကို ပညာရေးကအဓိက ဦးစားပေးတယ်။ ဒီ Alternative ပညာရေးက။ အဲဒီလိုဆိုတော့ ကျွန်မတို့မှာ ပတ်ဝန်းကျင်မှာ ဒုက္ခသည်စခန်းတွေ အများကြီးရှိတယ်။ အဲ့လိုဆိုတော့ ဒေသအကြောင်း ရပ်ရွာမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေ ဒါတွေကို ပြန်လည်ချိတ်ဆက်ဖို့အတွက်ဆိုရင် ကျွန်မတို့ လေ့လာစရာတွေက အနီးအနားဝန်းကျင်မှာပဲ ရှိတယ်ပေါ့။ အဲဒါဆိုတော့ ဒါတွေကို ကျွန်မတို့ ပြန်သုံးတယ် သင်ကြားရေးနည်းစနစ်မှာ”

ပညာဆက်မသင်နိုင်တဲ့ တိုင်းရင်းသားလူငယ်တွေ အနာဂတ်ပညာရေးအတွက် သူအတူရှိနေမယ်လို့ ပြောပါတယ်။

“ကျောင်းမတက်တော့တဲ့ လူငယ်တွေ အများကြီးရှိတယ်။ ရှေ့တန်းမသွားဖြစ်နိုင်တော့တဲ့ လူငယ်တွေ အများကြီးရှိတယ်။ သူတို့အတွက် အသက်မွေးဝမ်းကျောင်း ပညာတွေ အရမ်းလိုအပ်တယ်။”

မခင်စန္ဒာညွန့်ဟာ တစ်နေ့ စစ်အာဏာရှင်ချုပ်ငြိမ်းချိန်မှာတော့ သူဝါသနာပါရာ မနုဿဗေဒ သုတေသနပညာရှင်တစ်ဦးအဖြစ် သူ့ဘဝလမ်းကို ဆက်လက်လျှောက်လှမ်းသွားမယ်လို့ ပြောပါတယ်။

RFA Burmese

၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

အောက်တိုဘာလ (၈)ရက်မှ (၁၄)ရက် အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်သူ (၇)ဦးကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှ အသက်မပြည့်သေးသူ အပါအဝင် ပြည်သူ (၂)ဦးကို မီးရှို့ သတ်ဖြတ်ခဲ့သည်။ အောက်တိုဘာလ (၉) ရက်နေ့တွင် ကချင်ပြည်နယ် လိုင်ဇာရှိ မုန်လိုင်ချက် စစ်ဘေးရှောင် စခန်းကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကလေးငယ် (၁၃)ဦး အပါအဝင် ပြည်သူ (၃၂)ဦး သေဆုံးခဲ့သည်။ အောက်တိုဘာလ (၁၃)ရက် နေ့မှ စ၍ ချင်းပြည်နယ် တီးတိန်မြို့ကို

စစ်အာဏာရှင်တပ်က ဖုန်းလိုင်းများ ဖြတ်တောက်ထားခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃၅)ဦးခန့် သေဆုံးခဲ့ပြီး (၁၈)ဦး ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ တပတ်အတွင်း ပြည်သူ (၂၂)ကျော် ဖမ်းဆီခံ ခဲ့ရပြီး စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ (၇)ဦး သေဆုံးခဲ့ရသည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကလေးငယ် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၁၅)ဦး သေဆုံး ခဲ့ရသည်။