စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ မှာ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၆ ရက်နေ့ကစပြီး ထိုးစစ်ဆင်လာ တာကြောင့် ဒေသခံတွေ ထပ်မံထွက်ပြေးနေရတယ်လို့ ခါမ်းပါတ်မြို့ခံတွေက RFA ကို ပြောပါတယ်။

ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ သိမ်းပိုက်ထားတဲ့ ခါမ်းပါတ်မြို့ကို စစ်ကောင်စီတပ်က နယ်မြေပြန်လည်စိုးမိုးနိုင်ဖို့အတွက် ကလေးမြို့ကနေ စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဒေသခံတွေက တိုက်ပွဲဖြစ်လာနိုင်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီတပ်တွေက ခါမ်းပါတ်မြို့ကို စစ်ကြောင်းထိုး လာတာကြောင့် ကျွန်တော်တို့က ကြိုရှောင်နေရတာ ပေါ့ အနီးနားကရွာတွေမှာ။ စစ်ကောင်စီတပ်တွေကတော့ ခါမ်းပါတ်မြို့တော့ မရောက်သေးဘူး။ နီးတော့ နီးလာပြီလို့ ပြောကြတယ်။ အဓိက ကတော့ လေကြောင်းနဲ့ လက်နက်ကြီးတွေ ကြောက်လို့ပါ။ ထွက်ပြေးနေရတဲ့ လူဦးရေကတော့ အတိအကျ မပြောနိုင်သေးဘူး”

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ခါမ်းပါတ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက ဒီဇင်ဘာ ၅ ရက်နေ့ ညပိုင်းမှာ ကင်းစောင့်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် ခြောက်ဦးကို ဖမ်းဆီးခဲ့ပြီး နှစ်ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် လေးဦး သတ်ဖြတ်ခံရတယ်လို့ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း အမှတ် ၂ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အခုလက်ရှိမှာ တမူးမြို့နယ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။

ခါမ်းပါတ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလ ၇ ရက်နေ့မှာ KIA နဲ့ ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

RFA News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်မှ (၃၀)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

နိုဝင်ဘာလ (၂၂)ရက်မှ (၃၀)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ စစ်အာဏာရှင်တပ်က လေကြောင်းမှ တိုက်ခိုက်ရာတွင် ဓာတုအဆိပ်ဗုံးနှင့် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးများ အသုံးပြုခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာသည်။ ဂြိုဟ်တုဆက်သွယ်ရေး အသုံးပြုလျှင် အရေးယူမည်ဟု စစ်အာဏာရှင် လက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ (၂၂)ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။ စစ်အာဏာရှင် တပ်သားများက မန္တလေးတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီး အရပ်သားပြည်သူ လူငယ်များကို ငွေကြေးတောင်းခံခြင်း နှင့် ဖမ်းဆီးခြင်းများ ပြုလုပ်လျှက်ရှိသည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃၆)ဦးကျော် သေဆုံးခဲ့ပြီး (၄၀)နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အသက်မပြည့်သူ (၄)ဦး ဒဏ်ရာရရှိခဲ့ပြီး (၅)ဦး သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်၏ မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် ကလေးငယ် တဦး အသက်သေဆုံးခဲ့ရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်မှ (၂၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

နိုဝင်ဘာလ (၁၅)ရက်မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် မွန်ပြည်နယ် ကျိုက်မရော မြို့နယ်မှ ပြည်သူပိုင်တံတား(၄)စင်းကို စစ်အာဏာရှင်တပ်သားများက ဖျက်ဆီးခဲ့သည်။ နိုဝင်ဘာ ၁၉ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်အာဏာရှင်တပ်က ရေကြောင်းသွားလာ၊ ငါးဖမ်းခွင့် တလပိတ်ပင်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် စစ်အာဏာရှင်တပ်က ညအချိန် အပြင်ထွက်သည့် လူငယ်များကို ဖမ်းဆီးကာ ငွေကြေး တောင်းခံခြင်းများ ပြုလုပ်လျှက်ရှိသည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၅၀)ဦးကျော် သေဆုံးခဲ့ပြီး (၉)ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အသက်မပြည့်သူ (၁၁)ဦး သေဆုံးခဲ့ရသည်။ နိုဝင်ဘာလ (၁၈)ရက်နေ့တွင် စစ်အာဏာရှင် တပ်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်မှာ အဆိပ်ငွေ့ဗုံးဖြင့်တိုက်ခိုက်လာဟု တအောင်းတပ်မတော်က ထုတ်ပြန်ကြေညာခဲ့သည်။

ရှမ်းပြည်နယ် နမ့်ခမ်းမြို့မှာ နိုဝင်ဘာလ ၂၁ ရက်နေ့က စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား နှစ်ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ တအာင်း အမျိုးသမီးအဖွဲ့ (TWO) က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းက နမ့်ခမ်းမြို့၊ ပေါက်နေရပ်ကွက်မှာ စစ်ကောင်စီရဲ့ စခန်းသစ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အမျိုးသမီး နှစ်ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။ ဒဏ်ရာရသူ လေးဦးထဲမှာတော့ သုံးနှစ်အရွယ်ကလေးတစ်ဦး ပါဝင်ပါတယ်။

ဒဏ်ရာရသူလေးဦးဟာ နမ့်ခမ်းဆေးရုံမှာ ဆေးကုသခံနေပြီး တချို့က ဒဏ်ရာပြင်းထန်တယ်လို့လည်း TWO ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၂၁ရက်နေ့က နမ့်ခမ်းမြို့နယ်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံးခဲ့ရတာလို့လည်း TWO က ဆိုပါတယ်။

TWO ကြေညာချက်နဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း နမ့်ဆန်မြို့နယ်နဲ့ မူဆယ်မြို့နယ်မှာ စစ်ကောင်စီတပ်ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ်တစ်ဦး အပါအဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တအာင်းအမျိုးသမီးအဖွဲ့ (TWO) ရဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ စာရင်းတွေအရ အောက်တိုဘာလ ၂၇ ရက် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေအတွင်း အရပ်သား အယောက် ငါးဆယ် သေဆုံးပြီး ၉၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

RFA Burmese

အောက်တိုဘာလကုန်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် သုံးသိန်းနီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (OCHA) က နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကယား၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးတိုင်း အရှေ့ခြမ်း၊ မွန်၊ တနင်္သာရီ စတဲ့ ပြည်နယ်၊ တိုင်းတွေမှာ စစ်ဘေးဒုက္ခသည် ၂၈၆,၀၀၀ ‌ကျော် ရှိလာတယ်လို့ OCHA က ဖော်ပြထားတာပါ။

အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ် အပါအဝင် ၁၈၇ ဦးဟာ ပဋိပက္ခတွေအတွင်းမှာ သေဆုံးခဲ့ရပြီး ၂၄၆ ဦး ထိခိုက်ဒဏ်ရာရမှု ရှိတယ်လို့ ရေးသားထားပါတယ်။

ဒီလိုစစ်ဘေးဒုက္ခသည်တွေ တိုးလာတာဟာ လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်ဖွယ်ဖြစ်ပြီး ရှိနေပြီးသား စစ်ဘေးဒုက္ခသည်တွေနဲ့ ထပ်တိုးစစ်ဘေးဒုက္ခသည် အားလုံးအတွက် အကူအညီတွေပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေဖြစ်ရာ မြို့နယ်တွေမှာလည်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ပိတ်ဆို့နေတာကြောင့် အရပ်သားတွေ ရွှေ့ပြောင်းသွားလာဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်ဖို့ အကန့်အသတ်ဖြစ်နေတယ်လို့ OCHA က ဖော်ပြထားပါတယ်။

RFA Burmese

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

နိုဝင်ဘာလ (၈)ရက်မှ (၁၄)ရက်နေ့ အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

စစ်အာဏာရှင် တပ်သားများ၏ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပြည်သူ (၂၅)ဦးကျော် သေဆုံးခဲ့ရပြီး (၁၀)ဦးခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်က နိုဝင်ဘာ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်ရှိ မြို့နယ်(၈) မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ ရခိုင်ပြည်နယ် စစ်တွေမြို့ကိုလည်း နိုဝင်ဘာ ၁၃ ရက်နေ့က ပုဒ်မ ၁၄၄ ထုတ်ပြန် ကြေညာခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၆၀)ဦးကျော် သေဆုံးခဲ့ပြီး (၄၀)နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အသက်မပြည့်သူ (၅)ဦး သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်က ရခိုင်ပြည်နယ် စစ်တွေမြို့မှ ပရဟိတ ဒါရိုက်တာ တဦးကို ဖမ်းဆီးခဲ့ပြီး ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ပရဟိတကား၂ စီးကိုလည်း သိမ်းဆည်း ခဲ့သည်။