ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

နှစ်လအတွင်း အရပ်သား ၁၁ ဦး မီးရှို့သတ်ဖြတ်ခံရ
၂၀၂၄ ခုနှစ် ပထမနှစ်လတာအတွင်း နိုင်ငံတစ်ဝန်းမှာ မီးရှို့သတ်ဖြတ်ခံရတဲ့ အရပ်သား ၁၁ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၇ ရက်နေ့အထိ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူ ၁၁ ဦးရှိခဲ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် ရုပ်အလောင်း မီးရှို့ခံရသူ သုံးဦးရှိခဲ့တယ်လို့ AAPP က ဖော်ပြပါတယ်။
အဲဒီ ၁၄ ဦးထဲမှာ အသက် ၆၀ နဲ့အထက် သေဆုံးသူ ခုနစ်ဦးနဲ့ စစ်ကိုင်းတိုင်းထဲက ဆယ်ဦးပါဝင်နေတယ်လို့ AAPP က ရေးသားထားပါတယ်။
ဖေဖော်ဝါရီလ ၂၉ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကံပြားရွာက ဒေသခံ ဒေါ်တင်ရွှေဟာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့တိုးပြီး မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ AAPP က ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့အထိ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ၄၆၅၀ ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။
RFA Burmese
ထိုင်း-မြန်မာနယ်စပ်မှာ ဘေးကင်းလုံခြုံရေးဇုန်လုပ်ဖို့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတိုက်တွန်း
ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်မြို့နဲ့နီးတဲ့ မြန်မာနယ်စပ်မှာ ဘေးကင်းလုံခြုံရေးဇုန် (ဒါမှမဟုတ်) လူသားချင်းစာနာထောက်ထားမှု စင်္ကြန်တစ်ခု ထူထောင်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချူလာလောင်ကွန်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပံဌာနရဲ့ တွဲဖက်ပါမောက္ခလည်းဖြစ် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူလည်းဖြစ်တဲ့ ပါနိထန် ဝပ်ထနာယာဂွန် (Panitan Wattanayagorn) က ပြောလိုက်ပါတယ်။
မတ်လနဲ့ ဧပြီလတွေမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တာကြောင့် မြန်မာနိုင်ငံက ဒုက္ခသည်တွေ အများအပြားဝင်ရောက်လာနိုင်တယ်လို့ ပါနိထန်က ထိုင်းအခြေစိုက် Thai PBS သတင်းဌာနကို မတ်လ ၇ ရက်နေ့က ပြောခဲ့တာပါ။
ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ ပြင်ဆင်ထားတာမရှိသေးကြောင်း လုံခြုံရေးကျွမ်းကျင်သူက မှတ်ချက်ပြုထားပြီး ဘေးကင်းလုံခြုံရေးဇုန်ထူထောင်ဖို့ တပ်မတော်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ ညှိနှိုင်းဆောင်ရွက်ဖို့ အစိုးရက အထူးကော်မတီ တစ်ရပ်ဖွဲ့စည်းသင့်တယ်လို့ ပါနိထန်က ထောက်ပြထားပါတယ်။
ထိုင်းအစိုးရကတော့ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံအကြားမှာ ဘေးကင်းလုံခြုံတဲ့နယ်မြေ တစ်ခုဖန်တီးပြီး မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို မြဝတီ-မဲဆောက် လမ်းကြောင်းကနေတစ်ဆင့် ထိုင်းနဲ့ မြန်မာ ကြက်ခြေနီအဖွဲ့တွေ ပူးပေါင်းပြီး ပို့ဆောင်ဖို့ ထိုင်းအစိုးရက အာဆီယံကို အဆိုပြုထားတာကို ပြီးခဲ့တဲ့ ဇန်နဝါရီလက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထောက်ခံခဲ့ကြပါတယ်။
ထိုင်းအစိုးရက တင်ပြထားတဲ့ အကူအညီပေးအပ်ရာမှာ အသုံးပြုမဲ့ လမ်းကြောင်းတော်တော်များများဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေပြီး အကူအညီတွေ ပေးဝေရာမှာ တာဝန်ယူမဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီကို သွားရောက်ခွင့်ပြုပါ့မလားဆိုတာလည်း မသေချာဘူးလို့ ဝေဖန်တာတွေလည်း ရှိပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေပြန်ဌာန်းလိုက်တာနဲ့ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် မြန်မာနိုင်ငံသား တစ်သောင်းဝန်းကျင်လောက် ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခိုလှုံလာကြောင်းနဲ့ အများစုဟာ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာတာဖြစ်ပြီး ချမ်းသာတဲ့ မြန်မာတွေက ဘန်ကောက်နဲ့ အခြားပြည်နယ်တချို့မှာ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူကြပြီး သူတို့ရဲ့ သားသမီးတွေကို ထိုင်းနိုင်ငံက နိုင်ငံတကာကျောင်းတွေမှာ ပညာသင်ကြားခိုင်းထားတယ်လို့လည်း ပါနိထန်က ပြောပါတယ်။
RFA Burmese
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ(၂၂)ရက်မှ (၂၉) ရက်နေ့ထိ)
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်မှ (၂၉)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
ဖေဖော်ဝါရီ (၂၂)ရက်မှ (၂၉)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်နဲ့ မဘိမ်းမြို့နယ်ကို စစ်အာဏာရှင်တပ်က ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာခဲ့သည်။ စစ်အာဏာရှင်တပ်က ရခိုင်သို့ ကုန်းလမ်း၊ လေယာဉ်လမ်းဖြင့် သွားမည့် ခရီးသည်များကို ဖမ်းဆီး ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်က ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် မွန်ပြည်နယ်တွင် စစ်မှုထမ်းရန် စည်းရုံးခြင်း၊ လူစာရင်းကောက်ယူခြင်းများ ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်ရှိ ကျောက်တလုံး ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ၁၁၂ ဦးကို စစ်သင်တန်းတတ်ရန် အဓမ္မခိုင်းစေခဲ့သည်။
စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၂၀)ကျော် သေဆုံးခဲ့ပြီး (၆၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေးချိုးဖောက်မှု များကြောင့် အသက်မပြည့်သူ (၄)ဦး သေဆုံးခဲ့ရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာရဲစခန်းတွင် ဖမ်းဆီး ညှင်းပန်းနှိပ်စက်ခံရသောကြောင့် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် LGBT ၁ ဦး သေဆုံး ခဲ့ရသည်။
Infogram
ကန့်ဘလူ အချုပ်စခန်းက အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှု
“လင်းယုန်ကို အာခံပြီး ထွက်သွားရင် အသက်အာမခံချက်မရှိဘူး။ အရှင်ထွက် မရှိဘူး။ အသေထွက်ပဲရှိမယ်” ဆိုတဲ့ ကြိမ်းဝါးသံက မရှိုင်းဇာနည်အတွက် ထိတ်လန့် တုန်လှုပ်စေခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်နေ့ မနက် တနာရီခွဲ အချိန်မှာဖြစ်ပွားခဲ့တာပါ။
မရှိုင်းဇာနည်ဟာ အသက် ၃၃ နှစ်အရွယ် ဒုရဲအုပ် တယောက် ဖြစ်ပါတယ်။ လူခြေတိတ်ချိန် သူမနေထိုင်ရာ အဆောင်ခေါင်းရင်းထိ လာပြီး ဒေါသတကြီး ကြိမ်းဝါးသူကတော့ သူမရဲ့ အထက်အရာရှိ အသက် ၅၀ ကျော်အရွယ် စခန်းမှူး လင်းယုန် ခေါ် ဦးရဲရင့် ပါ။
နှစ်ဦးစလုံးက စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြသူတွေ ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပြည်သူ့လုံခြုံရေး အဖွဲ့ (ပလဖ) အချုပ်စခန်း (၂) မှာ တာဝန် ထမ်းဆောင် နေကြသူတွေဖြစ်ပါတယ်။
ကန့်ဘလူမြို့နယ်ဟာ NUG အစိုးရ စိုးမိုးမှုအားကောင်းပြီး မြို့နယ်ပြည့်သူအုပ်ချုပ်ရေးအဖွဲ့၊ မြိုန့ယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့၊ မြို့နယ်တရားရေးဌာန စတဲ့ ကြားကာလ အုပ်ချုပ်ရေး ယန္တရားတွေ အားကောင်းကောင်းနဲ့ လည်ပတ်နေတဲ့ မြို့နယ်တခုလို့ ပြောနိုင်ပါတယ်။
မရှိုင်းဇာနည်အပေါ် ဦးရဲရင့်ရဲ့ ကြိမ်းဝါးခြိမ်းခြောက်မှုဟာ ဒီတကြိမ်အပါအဝင် ၃ ကြိမ်မက ရှိခဲ့ပြီဖြစ်တယ်လို့ အနီးကပ် မြင်တွေ့နေကြရသူတွေဖြစ်တဲ့ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ (ပအဖ) နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အဖွဲ့ဝင်တွေကလည်း ရှင်းပြကြပါတယ်။
တင်းမာမှုတွေရဲ့ အစ
ဒုရဲအုပ် ရာထူးနဲ့ အမှုစစ်ရာထူးကိုပါ ပူးတွဲထမ်းဆောင်ခဲ့တဲ့ မရှိုင်းဇာနည်ဟာ ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်နေ့ မနက် ၃ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ တခြား ပလဖ အဖွဲ့ဝင် ၂ ဦးဖြစ်တဲ့ ကိုသောင်ပြင်၊ ကိုကောင်းရှိတို့နဲ့အတူ အချုပ်ခန်းကို စစ်ဆေးပြီး၊ စားဖိုဆောင်မှာ ထားရှိတဲ့ တရားခံ အချုပ်သူ တချို့ကို စစ်ဆေးရာမှာ တလင်တမယားစနစ်ဥပဒေနဲ့ ဖမ်းဆီးထားတဲ့ အသက် ၂၅ နှစ်အရွယ် အချုပ်သူ မဝေဝေ (အမည်လွှဲ) ကို သူမရဲ့ အိပ်ယာမှာ မတွေ့လို့ လိုက်ရှာတဲ့အခါ စခန်းမှူး ဦးရဲရင့် နဲ့အတူ စားဖိုဆောင်မှာရှိတဲ့ ထမင်းစားတန်းလျားမှာ အိပ်နေတာကို တွေ့ခဲ့ရပြီး ပြန်လှည့်လာခဲ့ကြရတယ်လို့ မရှိုင်းဇာနည်ရဲ့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။
နောက်တနေ့မနက်မှာ မဝေဝေကို ခေါ်ယူပြီး ကိုယ်အိပ်ရမယ့်နေရာမှာ ရှိမနေတဲ့ ကိစ္စကို မေးမြန်းရာမှာ မဝေဝေ က စခန်းမှူးက သူ့အနားမှာလာအိပ်ဖို့ ပြောတဲ့အတွက် အိပ်ခဲ့ရတယ်လို့ ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။ စခန်းဂုဏ်သိက္ခာ ကျဆင်းမှာကို စိုးရိမ်တဲ့အတွက် အနေအထိုင် ဆင်ခြင်ဖို့ သတိပေးခဲ့ပြီး အမျိုးသမီး အချုပ်ခန်းထဲမှာ ချုပ်ထားကြောင်း သိရပါတယ်။
မဝေဝေကို အချုပ်ခန်းထဲ ဘာကြောင့် ချုပ်ရသလဲဆိုတဲ့ မေးခွန်းကို စခန်းမှူး ဦးရဲရင့်က မကျေမနပ် မေးမြန်းခဲ့တဲ့ အပေါ်မှာလည်း အချုပ်ရီမန်ယူထားတဲ့ အချုပ်သားကို အချုပ်ခန်းထဲ ထည့်ထားခြင်းသာဖြစ်တယ်လို့ မရှိုင်းဇာနည် က ဥပဒေ လမ်းကြောင်းက ဖြေရှင်းခဲ့တဲ့ အပေါ် တုန့်ပြန်မှု မရှိပေမယ့် တင်းမာမှုတွေရှိလာခဲ့တယ်လို့ ဆိုပါတယ်။
မဝေဝေကို အချုပ်ထဲပြန်လည်ချုပ်နှောင်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စခန်းမှူးရဲ့ မကျေမနပ်ဖြစ်မှုတွေ အရှိန်မြင့်လာတဲ့ အတွက် ၂၀၂၃ ခုနှစ် မေလ ၂၂ ရက်နေ့ မနက် ၁၀ နာရီမှာ ကိုသောင်ပြင်၊ ကိုကောင်းရှိ တို့နဲ့ အတူ မရှိုင်းဇာနည်က ထွက်စာ တင်ခဲ့တဲ့အကြောင်း NUG ကို တင်တဲ့ တိုင်စာမှာလည်း ဖတ်ရှုရပါတယ်။
ထွက်စာတင်တဲ့ အခါမှာလည်း ဦးရဲရင့် က မရှိုင်းဇာနည် ကို “မင်းက လူစု Group ထောင်ထွက်သွားပြီး အချုပ်သားတွေကို လွှတ်ပေးပြီး၊ ထုတ်ယူခေါ်ဆောင်သွားတယ်လို့ ကြေးနန်းတပ်ပြီး ဖမ်းခိုင်းလိုက်မယ်။ မင်းထွက်ချင်ထွက်” လို့ ခြိမ်းခြောက် ခဲ့တယ်လို့ ဆိုပါတယ်။
နောက်တနေ့ မနက် လူခြေတိတ်ချိန် မနက် တနာရီခွဲမှာလည်း မရှိုင်းဇာနည် အိပ်နေတဲ့ အဆောင်ခေါင်းရင်းမှာလာပြီး “လင်းယုန်ကို အာခံပြီး ထွက်သွားရင် အသက်အာမခံချက်မရှိဘူး။ အရှင်ထွက် မရှိဘူး။ အသေထွက်ပဲရှိမယ်” ဆိုပြီး ခြိမ်းခြောက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
သူ့ရဲ့ အသက်အန္တရာယ် စိုးရိမ်နေရပြီလို့ ခံစားနေရတဲ့ မရှိုင်းဇာနည်က ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး NUG ရဲ့ ပြည်ထဲရေး ဝန်ကြီးဌာနအောက်က ပြည်သူ့ရဲတပ်ဖွဲ့ဌာနချုပ်ကို ဇွန်လ ၁၅ ရက်နေ့က တိုင်ကြားစာပေးပို့ခဲ့ပါတယ်။
ဒါပေမဲ့ ထိရောက်တဲ့ အရေးယူမှု မရှိတဲ့ အပြင် ဇွန်လ ၂၄ ရက်နေ့မှာပဲ ဦးရဲရင့် က မရှိုင်းဇာနည် နေထိုင်ရာ အမျိုးသမီးဆောင်ပေါ်ကို တံခါး ကန်ချိုးပြီး ဝင်ရောက်လာတဲ့ အတွက် မရှိုင်းဇာနည် ထွက်ပြေးခဲ့ရပါတယ်။ အခန်းတံခါး ချိုးဝင်လာတဲ့ ဦးရဲရင့်ဟာ မူးယစ်နေပြီး ကြိမ်းမောင်းဆဲဆိုမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဦးရဲရင့်က မဝေဝေကို အချုပ်ထဲကနေ ပြန်ထုတ်ပေး၊ မထုတ်ပေးရင် သူ့ကိုယ်သူ ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ အထိ ရှိခဲ့ကြောင်း ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ ပလဖ အဖွဲ့ဝင်တဦးက ဆိုပါတယ်။
ဦးရဲရင့်က မဝေဝေကို“ပေးစမ်း၊ လက်ပေးစမ်း၊ ငါ့လက်ကို ကိုင်ထားတဲ့။ အဲဒီလို တယောက်လက် တယောက်ကိုင်၊ တယောက်က အချုပ်ခန်းထဲ၊ တယောက်က အချုပ်ပြင်ပကပေါ့။ အဲဒီလိုတွေ လုပ်နေကြတာ”လို့ ပလဖ အဖွဲ့ဝင်က ရှင်းပြပါတယ်။
အချုပ်သားတွေ
ကန့်ဘလူမြို့နယ်၊ ပလဖ အချုပ်စခန်း (၂) မှာ ပြစ်မှု အမျိုးမျိုးနဲ့ အဖမ်းခံရပြီး အချုပ်ကျနေတဲ့ အကျဉ်းသား ၂၀ ကျော် ဝန်းကျင်ရှိပါတယ်။ အဲဒီအထဲမှာ အချုပ်သူ ၇ ဦးပါဝင်ပါတယ်။ အမျိုးသမီး အကျဉ်းသူတွေထဲမှာ တလင်တမယား စနစ်နဲ့ အဖမ်းခံထားရသူ၊ ပဇီကြီး ဖြစ်စဉ်မှာ သတင်းပေးအဖြစ် စွပ်စွဲဖမ်းခံထားရသူနဲ့ Nom-CDM လိုဝန်ထမ်းတချို့ ပါဝင်ပါတယ်။
အချုပ်သားတွေကို ဝါးနဲ့ ပြုလုပ်ထားတဲ့ အချုပ်ထောင်ထဲမှာထားပြီး ထွက်မပြေးနိုင်ဘူးလို့ ယူဆရတဲ့ အချုပ်သားတွေကို နေ့ခင်းဘက်မှာ စခန်းဝေယျာဝစ္စတွေလုပ်ခိုင်းတာ ရှိပြီး အချုပ်သူတွေကိုတော့ အချုပ်ဆောင်မှာ သီးသန့်ထားကာ နေ့ခင်းဘက်တွေမှာ ချက်ပြုတ်ရေးနဲ့ သန့်ရှင်းရေး လုပ်ငန်းတွေကို လုပ်ခိုင်းတယ်လို့ ပလဖ အဖွဲ့ဝင်တွေက ရှင်းပြပါတယ်။
လိင်အမြတ်ထုတ်မှုတွေထပ်ပေါ်လာ
စခန်းမှူး ဦးရဲရင့်ရဲ့ ခြိမ်းခြောက်မှုကိစ္စနဲ့ပတ်သက်ပြီး ဌာနတွင်း ရှင်းလင်း စိစစ်မှု ပြုလုပ်နေတဲ့ ကာလမှာပဲ အလားတူ အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှုနဲ့ လိင်အကြမ်းဖက်မှုလို့ ခေါင်းစဥ်တပ်ထားတဲ့ စွပ်စွဲချက် ၂ မှု ထပ်မံ ပေါ်ထွက် ခဲ့ပါတယ်။
တိုင်ကြားစာတွေအရ အမှုသုံးမှုစလုံး ကန့်ဘလူမြို့နယ်၊ စခန်း ၂ အတွင်း ဖြစ်ပွားခဲ့ပြီး ကျုးလွန်ခံရသူ အမျိုးသမီးသုံးဦး ဟာလည်း အချုပ်စခန်း ၂ မှာ အကျဉ်းကျနေသူတွေ ဖြစ်ပါတယ်။
ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) ခေါင်းဆောင် မဲခေါင် (ခ) ဦးမြင့်ဇော်ဦးက အချုပ်သူ မဝင်းဝင်း (အမည်လွှဲ) ကို အာဏာ အလွဲသုံး လိင်အမြတ်ထုတ်မှု စွပ်စွဲချက်နဲ့ ပလဖ အဖွဲ့ဝင် ဦးအာကာက အချုပ်သူ မရတနာ (အမည်လွှဲ) ကို အတင်းအဓမ္မ ကာမရယူဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ NUG ဝန်ကြီးဌာနတွေကို တိုင်ကြားတဲ့ စာတွေထဲမှာ ဖတ်ရှုရသလို စခန်း ၂ နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကလည်း ပြောပါတယ်။
တလင်တမယားစနစ်ဥပဒေနဲ့ အဖမ်းခံထားရတဲ့ မဝေဝေ နဲ့ Non-CDM ကျန်းမာရေးဝန်ထမ်း ဖြစ်လို့ အဖမ်းခံထားရတဲ့ မဝင်းဝင်းတို့ဟာ အသက် ၂၅ နှစ်အရွယ်တွေဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် ဆယ်တန်းကျောင်းသူ မရတနာ ကတော့ ပဇီကြီးဖြစ်စဉ် သတင်းပေးမသင်္ကာမှုနဲ့ အဖမ်းခံထားရတဲ့သူ ဖြစ်ပါတယ်။
စခန်းမှူး ဦးရဲရင့်နဲ့ ပလဖ ခေါင်းဆောင် ဦးမြင့်ဇော်ဦးတို့ဟာ စခန်းက ညဘက် အရက်ဝိုင်းတွေမှာ မဝေဝေနဲ့ မဝင်းဝင်းတို့ ၂ ဦးကို အရက်ငှဲ့ခိုင်းတာ၊ ဘီယာဗူးဖောက်ခိုင်းတာ၊ အမြည်းလုပ်ခိုင်းတာတွေ စတဲ့ ဧည့်ခံခိုင်းတဲ့ လုပ်ရပ်တွေကြောင့် KTV သွားချင်ရင် စခန်း ၂ ကိုသွားလို့ အဖွဲ့နဲ့ နီးစပ်သူတွေအကြားမှာ စနောက်ပြောဆိုမှုတွေပါ ရှိလာတယ်လို့ ပလဖ အဖွဲ့ဝင်တချို့က ပြောပါတယ်။
CDM ကျန်းမာရေးဝန်ထမ်း မဝင်းဝင်းကို အာဏာအလွဲသုံး လိင်အမြတ်ထုတ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေဟာ သူ့ကိုဂုဏ်သိက္ခာညှိုးနွမ်းစေဖို့ ရည်ရွယ်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဦးမြင့်ဇော်ဦး က ဧရာဝတီကို ရှင်းပြပါတယ်။
“ဒီတောထဲတောင်ထဲ နေတဲ့ကိစ္စမှာ အချုပ်ဆိုတာလည်း သူ့ဟာနဲ့သူ ကင်းတွေနဲ့ လုံခြုံရေးတွေနဲ့၊ ရှင်းရှင်းပြောရရင် ဘယ်အချိန် ဘယ်အချိန် မဖြတ်ရဘူးဆိုတဲ့ သတ်မှတ်ထားတဲ့ကိစ္စတွေကလည်း ရှိပြီးသားတွေ။ ဒါကြောင့် ဒီဟာတွေအပေါ်မှာ ကျနော်တို့လုပ်ခဲ့တာ တခုမှမရှိဘူး”လို့ ဦးမြင့်ဇော်ဦးက ပြောပါတယ်။
အသက် ၁၈ နှစ်အရွယ် အချုပ်သူ ဆယ်တန်းကျောင်းသူ မရတနာကို ကာမရယူဖို့ အကြမ်းဖက်ခဲ့တယ်လို့ တိုင်ကြားခံထားရတဲ့ ဦးအာကာဟာ ရဲ CDM တဦးဖြစ်သလို ပလဖ အခြေခံ စစ်ရေးနည်းပြ တဦးလည်းဖြစ်ပါတယ်။ သတင်းတွေထွက်နေတဲ့ အချိန် ပလဖ စခန်း ၂ မှာ နေထိုင်သူလည်း ဖြစ်ပါတယ်။
တိုင်ကြားစာပါ အချက်အလက်အရ ဦးအာကာဟာ မရတနာကို အချုပ်ဆောင်နဲ့ မနီးမဝေးမှာရှိတဲ့ တရားခွင် အဆောင်အတွင်းကို ည ၁၁ နာရီမှာ ခေါ်ထုတ်သွားပြီး ကာမရယူဖို့ ကြိုးစားခဲ့ရာမှာ မရတနာက ငြင်းဆန်တာကြောင့် လည်ပင်းညှစ်ပြီး ပါးကို ၃ ချက် ရိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဦးအာကာ သတင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့လည်း ဦးမြင့်ဇော်ဦး က “တိုင်ကြားပြီးရင်တော့ စစ်ဆေးကြရုံ ရှိတာပါ။ ကျနော်တို့ မြေပြင်၊ ကျနော်တို့ မျက်စိအောက်မှာ ကျနော်တို့ရှိနေတဲ့ အတောအတွင်းမှာတော့ မဖြစ်ခဲ့တာ အသေအချာပဲ”လို့ ပြောပါတယ်။
ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေဟာ လက်ရှိမှာ ရာထူးကြီးယူထားသူတွေ ဖြစ်သလို လက်နက်ရှိသူတွေ ဖြစ်တဲ့အတွက် မျက်မြင်တွေ့ရှိခဲ့တယ်လို့ ထွက်ဆိုသူ၊ သက်သေအထောက်အထားပေးသူ အပါအဝင် ကန့်ဘလူမြို့နယ် ပအဖနဲ့ ပလဖ အဖွဲ့၀င်အများစုက သူတို့ ကြုံတွေ့နိုင်တဲ့ လုံခြုံရေးအန္တရာယ်ကြောင့် အမည်ထုတ်ဖော် မရေးသားဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒီဖြစ်စဉ် ၃ ခုလုံးကို ဖြစ်စဉ်မှန် ပေါ်ပေါက်ရေး စစ်ဆေးဖော်ထုတ်ပေးဖို့ ကန့်ဘလူမြို့နယ်၊ တရားရေးဌာန မြို့နယ်တရားသူကြီး ၂ ဦးက NUG အကျဉ်းဦးစီးဌာနကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့မှာ တင်ပြတိုင်ကြားခဲ့သလို ဦးအာကာရဲ့ ဖြစ်စဉ်ကိုလည်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို ပလဖ အဖွဲ့ဝင် ကိုကကြီးက ဩဂုတ်လ ၁၁ ရက်နေ့မှာ တိုင်ကြားခဲ့ပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းနေတဲ့ အခြေအနေအသေးစိတ်တွေကို သိရှိနိုင်ဖို့ အမှု တိုင်ကြားစာတွေ လိပ်မူပေးပို့ထားတဲ့ ကန့်ဘလူမြို့နယ် တရားရေးဌာန၊ အမျိုးသားညီညွှတ်ရေး အစိုးရလက်အောက်က ဝန်ကြီးဌာန တာဝန်ရှိသူတွေအပြင်၊ ဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်သူတွေနဲ့ နယ်မြေခံ ပအဖ၊ ပလဖ အဖွဲ့ဝင်အချို့အပါအဝင် စုစုပေါင်း ၁၄ ဦးကို ဧရာဝတီက ဆက်သွယ်စုံစမ်းခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အကျဉ်းသားတွေရဲ့ ဂုဏ်သိက္ခာအတွက် အမည်လွှဲတွေ အသုံးပြုထားသလို လုံခြုံရေးအရ သတင်းရင်းမြစ်တွေရဲ့ နာမည်နဲ့ တာဝန်တွေကို ထိန်ချန်ထားပါတယ်။
လူမှုရေး ကိစ္စလား၊ အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှုလား
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုင်းကြားမှုတွေရှိခဲ့ပေမယ့် “လူမှုရေးပြဿနာ” တရပ်အဖြစ် ပလဖ အဖွဲ့ဝင်တွေကြားမှာရော အထက် အဆင့်ဆင့် ပုဂ္ဂိုလ်တွေ တချို့အကြားမှာ ရှုမြင်မှုတွေ ရှိနေသလို တော်လှန်ရေး ဂုဏ်သိက္ခာ၊ အဖွဲ့အစည်း ဂုဏ်သိက္ခာ ထိခိုက်တယ်လို့ ပြောနေတဲ့ ပလဖ အဖွဲ့ဝင်တချို့ရှိနေပါတယ်။ ဒါပေမဲ့ ဥပဒေပညာရှင်တွေကတော့ တိုင်ကြားချက်တွေထဲကအတိုင်းသာ မှန်ကန်ခဲ့မယ်ဆိုရင် ဒါဟာ အချုပ်သူတွေအပေါ်မှာ အာဏာအလွဲသုံးပြီး လိင်အမြတ်ထုတ်တဲ့ အမှုမြောက်တယ်လို့ ပြောပါတယ်။
အချုပ်သူအပေါ် ကန့်ဘလူစခန်းမှူး ဦးရဲရင့်က လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တယ်ဆိုတဲ့ တိုင်ကြားချက်အရ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ပြုလုပ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနဆိုင်ရာ အွန်လိုင်း အစည်းအဝေးတခုမှာ ထည့်သွင်း ဆွေးနွေးခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနအောက် ပအဖ၊ ပလဖ အဖွဲ့ဝင်တွေအပါအဝင် ဝန်ကြီးဌာနက တာဝန်ရှိခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် အစည်းအဝေးတက်တဲ့ ခေါင်းဆောင်တချို့ဟာ ဒီဖြစ်စဉ်ဟာ ၂ ဦး သဘောတူ လူမှုရေးကိစ္စအဖြစ် ပြောဆိုမှုတွေရှိတယ်လို့ ကန့်ဘလူမြို့နယ် ပအဖ အဖွဲ့ဝင်တဦးက ပြန်ပြောပြပါတယ်။
“အိပ်နေတဲ့အချိန်က ဘယ်အချိန်လဲပေါ့။ မနက် ၃ နာရီ ၄ နာရီ ဒါကို ခုံတခုံထဲ အထက်အောက် အိပ်တာကို တွေ့တဲ့ ကိစ္စလေးနဲ့ ဒါမျိုးကြီး ဖြစ်စရာလားလို့ အစည်းအဝေးမှာ တာဝန်ရှိသူ တယောက်က ပြောတယ်” လို့ ပြန်ရှင်းပြပါတယ်။
“သူတို့ဘာသာ နှစ်ဦးသဘောတူတာတွေ ဘာတွေ ကျနော်တို့ လိုက်စဉ်းစားစရာ အကြောင်းကို မရှိဘူး။ ရိုးရိုးလေး စဉ်းစားကြည့်ရင် သူတို့က အကျဉ်းသူတွေ။ ဟိုလူတွေက အကျဉ်းကို စီမံအုပ်ချုပ် ပိုင်ခွင့်ရှိတဲ့သူတွေ။ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ စောင့်စည်းရမယ့် ၀တ္တရားရှိသင့်တယ်” လို့ သူကဆက်ပြီး မှတ်ချက်ပြုပါတယ်။
NUG လက်အောက် တရားဥပဒေ စိုးမိုးရေးအတွက် ကူညီပေးနေတဲ့ တရားလွှတ်တော် ရှေ့နေတဦးက ဥပဒေကြောင်းအရ အမျိုးသမီးရဲ့ သဘောတူချက် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ အာဏာရှိသူနဲ့ အချုပ်သူကြား အဆိုပါ ဆက်ဆံရေးမျိုး မရှိသင့်ကြောင်း မှတ်ချက်ပေးပါတယ်။
တရားလွှတ်တော်ရှေ့နေ က “သဘောတူတူ မတူတူ လုပ်လို့မရဘူး။ စည်းမျဉ်းစည်းကမ်းအရ ဒီလို ချုပ်ထားတဲ့ အမျိုးသမီး တယောက်ကို အဲဒီလိုမျိုး ခေါ်နေတယ် ဆိုကတည်းက စည်းကမ်းဖောက်နေပြီ။ အဲဒီထဲမှာ အမျိုးသမီးက သဘောမတူဘူး ဆိုရင် မုဒိမ်းမှုပါ ထပ်မြောက်တယ်”လို့ ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ တရားမျှတမှု
ဦးရဲရင့်ရဲ့ ခြိမ်းခြောက်မှုအပေါ် မရှိုင်းဇာနည်ရဲ့ တိုင်ကြားမှုနဲ့ပတ်သက်ပြီး ဇူလိုင်လ ၄ ရက်နေ့မှာ NUG ပြည်ထဲရေး ဝန်ကြီးဌာန အောက်မှာရှိတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ ဦးစီးဌာန ညွှန်ကြားချက်အရ ခရိုင်ပလဖတာဝန်ခံ ဦးအောင်ကျော်မိုး (ခ) ရဲမှူး ၀ရဇိန်နဲ့ ရဲမှူးစွန်ရဲ တို့က မျက်မြင်သက်သေတွေနဲ့ အချုပ်သူ/အချုပ်သားတချို့ကို လာရောက် မေးမြန်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
ပြည်ထဲရေးဝန်ကြီးဌာန၊ တွဲဖက်အတွင်းဝန် ဒေါ်ဇူလိုင် (တော်လှန်ရေးအမည်) က“ဒီကိစ္စကို စုံစမ်းပါ၊ စစ်ဆေးပါ၊ မှန်ကန်ရင် အရေးယူမှု ပြုလုပ်ပါဆိုပြီးတော့ပဲ ညွှန်ကြားထားတာရှိတယ်” လို့ သူမက ပြောပါတယ်။
စစ်ဆေးမှုထဲမှာ တွဲဘက်အမှုစစ်အဖြစ် ပါဝင်ခဲ့တဲ့ ရဲမှူးစွန်ရဲကို ဆက်သွယ်မေးမြန်းရာမှာ ရလာဒ် ထွက်ခဲ့တယ်လို့ ဆိုပေမယ့် အသေးစိတ်ကိုတော့ အထက်ခွင့်ပြုချက်မရှိသေးလို့ဆိုပြီး ဖြေဆိုပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
အမှုနဲ့ ပတ်သက်တဲ့ စစ်ဆေး ပေါ်ပေါက်ချက်တွေကို ပြည်ထဲရေးဝန်ကြီးဌာနကို ပေးပို့ထားပြီးဖြစ်တယ်လို့ ရဲမှူးစွန်ရဲက ဖြေဆိုခဲ့ပေမယ့် ပြည်ထဲရေး တွဲဘက်အတွင်းဝန် ဒေါ်ဇူလိုင်ကတော့ ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး သေချာမသိဘူးလို့ ဆိုပါတယ်။
ဖြစ်စဉ်တွေကို တိုင်ကြားခဲ့သူတွေ၊ မြို့နယ် ပလဖတာဝန်ခံ အပါအဝင်၊ တရားရေးဌာန တာဝန်ရှိသူတွေ အနေနဲ့ စစ်ဆေးချက်ရလဒ်၊ အရေးယူမှု အပြစ်ပေးမှု စတာတွေနဲ့ ပတ်သက်တဲ့ အခြေအနေ တစုံတရာမှ မသိရှိထားတာကို တွေ့ရှိရပါတယ်။
ကန့်ဘလူမြို့နယ် ပလဖ တာဝန်ခံ ဦးသူရိန်က “ဆရာကြီး ခေါ်အိပ်ရင်လည်း အိပ်ရမယ်၊ စခန်းမှူး ခေါ်အိပ်ရင်လည်း အိပ်ရမယ်ဆိုပြီး ဒီဟာတွေက အစ တိုင်ထားတာ။ တိုင်ကြားထားသော်လည်း စစ်ဆေးတဲ့ ရလာဒ်က ထွက်မလာတော့ ကျနော်တို့က မတင်မကျ ဖြစ်တာပေါ့”လို့ ဆိုပါတယ်။
ဦးသူရိန် က ဆက်ပြီး“စစ်ဆေးရေးအဖွဲ့နဲ့လည်း ကျနော်က ဘာမှ မဆွေးနွေး မပြောရဘူး။ စစ်ဆေးရေးအဖွဲ့ကလည်း တာဝန်ခံကို ဒါကတော့ ဒီလိုရှိတယ်၊ ဒီလို စစ်ဆေးတာ ဒါတွေတွေ့တယ်ဆိုတာကို သူတို့က ဆွေးနွေးမသွားဘူး။ တာဝန်ခံ မသိလည်း ဖြစ်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ဒီအခြေအနေတွေကို မပြောတာလို့ ကျနော် သတ်မှတ်တယ်” လို့ ရှင်းပြပါတယ်။
စခန်းမှူး ဦးရဲရင့်ဟာ မြို့နယ် ပလဖတာဝန်ခံ ဦးသူရိန်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဦးရဲရင့် အမှုစစ်ဆေးရေး ဦးဆောင်သူ ဦးအောင်ကျော်မိုးဟာ မရှိုင်းဇာနည်ကို အဆောင် တံခါးဖျက် ဆဲဆိုခြိမ်းခြောက်ချိန်မှာ ဦးရဲရင့်တို့နဲ့ အတူ ရှိနေခဲ့ကြောင်း ပလဖ တာဝန်ခံ ဦးသူရိန်က ပြောပါတယ်။
ဒီအချက် အပါအဝင် စွပ်စွဲခံရသူ ၃ ဦးလုံးနဲ့ ပုံမှန်ထက် ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ ခရိုင် ပလဖ ရဲမှူးဦးအောင်ကျော်မိုး ကိုယ်တိုင်ဦးဆောင်တဲ့ အဲဒီစစ်ဆေးမှုရဲ့ သမာသမတ်ကျမှုဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
“ခရိုင်ပလဖက သူတို့တွေ (စွပ်စွဲခံရသူတွေ)နဲ့ မိတ်ရင်းဆွေရင်း ဆရာတပည့်တွေပဲကို။ ဒီလိုလေးလာပြီး ပြန်သွားတော့ စစ်ဆေးမှု ဟုတ်မနေဘူး”လို့ ကန့်ဘလူ တရားသူကြီးတဦးဖြစ်တဲ့ ဦးပေါ်ထွန်းက ပြောပါတယ်။
စစ်ဆေးပြီးနောက်ပိုင်းမှာလည်း ဦးရဲရင့်က ခြိမ်းခြောက်မှုတွေ ထပ်လုပ်လာတဲ့အတွက် NUG ရဲ့ လူ့အခွင့် အရေးဆိုင်ရာ ဝန်ကြီးဌာနကို ဩဂုတ်လ ၁၁ ရက်နေ့က ထပ်မံတိုင်ကြားခဲ့ပေမယ့် ဘာမှ မထူးခြားတဲ့ အတွက် စိတ်ပျက်ခဲ့ ကြရတယ်လို့ ကာယကံရှင်နဲ့ ပလဖ အဖွဲ့ဝင် တချို့က ဆိုပါတယ်။
ဦးမြင့်ဇော်ဦးက အချုပ်သူ မဝင်းဝင်းကို လိင်အမြတ်ထုတ်မှုရှိခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်မှုနဲ့ ပတ်သက်ပြီး ၂၀၂၃ ခုနှစ်ထဲမှာပဲ ပြည်ထဲရေးဝန်ကြီးဌာန တွဲဘက်အတွင်းဝန် ဒေါ်ဇူလိုင်နဲ့ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာ အတွင်းဝန်တို့က မေးမြန်းမှု တချို့ လုပ်ခဲ့တာ ရှိတယ်လို့ ဦးမြင့်ဇော်ဦးက ဆိုပါတယ်။
“ကျနော့်ကို တိုင်ထားတာမို့လို့ တိတိကျကျ စစ်ချင်တယ်ဆိုလည်း စစ်၊ အဲဒီလိုမဟုတ်ဘူးဆိုရင် အထင်မျိုးနဲ့ ကျနော့်ကို စစ်ဆေးတဲ့ပုံစံမျိုးဆိုရင် ကျနော်က လက်မခံနိုင်ပါဘူးလို့ ကျနော်က ပြောလိုက်တယ်” လို့ ဦးမြင့်ဇော်ဦးက ပြောပါတယ်။
ဦးအာကာဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ ဌာနအတွင်းမှာ စစ်ဆေးမေးမြန်း ဆွေးနွေးမှု တစုံတရာ မရှိသေး ကြောင်း စုံစမ်း သိရှိရပါတယ်။
ဖြစ်စဉ် ၃ ခုလုံးနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ပွင့်လင်းမြင်သာတဲ့ စစ်ဆေးဖော်ထုတ်မှု တရပ် အမြန်ဆုံးလုပ်ဖို့ မြို့နယ် တရားသူကြီးနှစ်ဦးက အကျဉ်းဦးစီးဌာနကို ၂၀၂၃ ဇူလိုင်လ ၆ ရက်နေ့က တင်ပြတိုင်ကြားစာ တစောင် ပို့ခဲ့ပါတယ်။ တင်ပြချက်နဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ ကန့်ဘလူအကျဉ်းဦးစီးဌာန တာဝန်ရှိသူတဦးက တိုင်စာဌာနက ကိုင်တွယ်ဆောင်ရွက်နေကြောင်းသာ ဖြေဆိုခဲ့ပေမယ့် နောက်ဆက်တွဲအခြေအနေကိုတော့ တိတိကျကျ မဖြေပေးပါဘူး။
ကန့်ဘလူမြို့နယ် တရားသူကြီး ဦးဂျိုကာဂျိမ်းက “စခန်းမှူးရဲ့ လိင်အမြတ်ထုတ်မှုကို မျက်မြင်မြင်ခဲ့ပြီး တိုင်ကြားတာတောင်မှ ဘာမှ အရေးယူဆောင်ရွက်မှု တစုံတရာ မရှိဘဲ လာတော့ စစ်တယ်။ ဟန်ပြစစ်ပြီးတော့ တိုင်ကြားတဲ့သူကိုတောင် အသက်အန္တရာယ် ခြိမ်းခြောက်မှုလုပ်တယ်”လို့ ပြောပါတယ်။ ဒါ့အပြင် အခုချိန်ထိလည်း တရားခံလို့ စွပ်စွဲခံထားရသူက တာဝန်ဆက်ပြီး ထမ်းဆောင်နေဆဲပဲဆိုတာ သူက ထောက်ပြပါတယ်။
ကန့်ဘလူအချုပ်စခန်း ၂ က အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှု သတင်းဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို တိုင်ကြားထားတယ်ဆိုတဲ့အတွက် မေးမြန်းရာမှာ တရားရေးဆိုင်ရာ ဖြစ်တာကြောင့် သူ့အနေနဲ့ ဖြေကြားလို့ မရဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက တုန့်ပြန်ပါတယ်။
အချုပ်ကျနေတဲ့ အမျိုးသမီးတွေအပေါ် ကျူးလွန်ခံရမှုအတွက် ကာယကံရှင်ကိုယ်တိုင် တရားဝင် တိုင်ကြားခြင်း မပြုနိုင်တဲ့အခြေအနေမှာ ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုကို လုပ်သင့်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ထောက်ပြပါတယ်။
ဒါ့အပြင် “တိုင်ကြားတဲ့သူရှိတယ်၊ ဟုတ်တယ်မဟုတ်ဘူးကို စစ်ဆေးလိုက်တယ်ဆိုရင်တော့ စစ်ဆေးတဲ့ ရလဒ်ကို သိရမယ်။ စစ်ဆေးခံရတဲ့သူအပါအဝင် အများပြည်သူ သိအောင် ထုတ်ပြောသင့်တယ်” လို့ သူက ဆိုပါတယ်။
ကွင်းဆင်းစစ်ဆေးမှုတွေရဲ့ နောက်ဆက်တွဲ အခြေအနေတွေ ပွင့်လင်းမြင်သာမှုမရှိခဲ့တဲ့အပြင် တင်ပြတိုင်ကြားမှုတွေ လုပ်ပြီးနောက်ပိုင်းမှာ စခန်း ၂ က အမျိုးသမီးအချုပ်သူတွေအားလုံးကို အချုပ်သားအရေအတွက်အကြောင်းပြချက်နဲ့ စခန်း ၁ ကို အားလုံး ရွှေ့ပြောင်းခဲ့ပြီး အရင် အချုပ်သူအဆောင်နဲ့ ဖြစ်စဉ်ဖြစ်ပွားရာ စားဖိုဆောင်တွေကို ဖျက်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ဒီလို အချုပ်သူတွေကို စခန်းပြောင်းရွှေ့မှုနဲ့ပတ်သက်ပြီး ဒုတာဝန်ခံကသာ လုပ်ဆောင်သွားတာဖြစ်ပြီး တာဝန်ခံအနေနဲ့ ဘာမှ မသိရဘူးလို့ ပလဖ တာဝန်ခံ ဦးသူရိန်က ပြောပါတယ်။
“အမျိုးသမီးတွေ အကုန်လုံး C1 (စခန်း ၁) ဘက်ကို ရွှေ့သွားတယ်။ ဘာလို့ ပြောင်းသွားတာလည်း ဆိုတာကတော့ ကျနော်လည်း မသိဘူး။ ကျနော့်ကိုလည်း အစီရင်ခံခြင်းမရှိဘူး” လို့ ဦးသူရိန်က ပြောပါတယ်။
စခန်းနဲ့နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ ဒုတာဝန်ခံဖြစ်သူ ဦးဇော်ဝင်းမောင်ဟာ ဦးမြင့်ဇော်ဦး၊ ဦးရဲရင့်တို့နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဌာနတွင်း တရားဝင် တင်ပြ တိုင်ကြားမှုတွေ လုပ်ဆောင်ခဲ့တာ အခုဆို ၆ လနီးပါးရှိခဲ့ပါပြီ။ ဒါပေမဲ့ ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ပအဖ တာဝန်ခံ ဦးမြင့်ဇော်ဦး၊ စခန်းမှူးဦးရဲရင့်နဲ့ ပလဖ အဖွဲ့ဝင်ဦးအာကာတို့လည်း ရွေ့လျားသွားလာ တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလမှာ စခန်းမှူး ဦးရဲရင့်က သူရဲ့ အရင် ပလဖ စခန်းမှူးတာဝန်က နှုတ်ထွက်ပြီး စခန်း ၂ နဲ့မနီးမဝေး ကျေးရွာတခုမှာ NUG ပြည်ထဲရေးဌာနအောက်က ပြည်သူရဲတပ်ဖွဲ့ဦးစီးဌာနအောက်မှာ ပြည်သူ့ရဲစခန်း အသစ်ဖွင့်ပြီး စခန်းမှူးအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်နေပါတယ်။
ဦးမြင့်ဇော်ဦး ကလည်း ပုံမှန်အတိုင်း မြို့နယ်နဲ့ခရိုင် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) အဖွဲ့ခေါင်းဆောင်အဖြစ် ဆက်လက်တာဝန် ထမ်းဆောင် နေဆဲဖြစ်သလို ဦးအာကာကိုလည်း ဌာနတွင်းစစ်ဆေးမှုခေါင်းဆောင် ခရိုင် ပလဖတာဝန်ခံ ဦးအောင်ကျော်မိုး ကပဲ အခြား တာဝန်ထမ်းဆောင်ဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ စခန်းပြောင်း ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေ တဦးက “သူ တကယ် မကျူးလွန်ဘူးဆိုရင်တော့ ဒီအခြေအနေမှာ ရှိနေတာ ပြဿနာ မဟုတ်ဘူး။ သံသယ ရှိနေတယ်ဆိုရင်တော့ သူ့ကို ခေတ္တခဏ တာဝန်ကနေ အနားပေးပြီး သေသေချာချာ စစ်ဆေးပြီး လုပ်သင့်တယ် လို့ ဥပဒေကြောင်းအရ ယူဆတယ်” လို့ ထောက်ပြပါတယ်။
NUG ဝန်ကြီးဌာနရဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဖွဲ့စည်းမှုအောက်မှာ ရှိပါတယ်။
“ကျမတို့ကတော့ မတရားတာဆို ဘယ်သူ့မှ ကာကွယ်ပေးစရာ တကွက်မှ မရှိဘူး” လို့ ပြည်ထဲရေးတွဲဘက် အတွင်းဝန် ဒေါ်ဇူလိုင်က ပြောပါတယ်။
ဒါပေမဲ့ မြေပြင်မှာတော့ အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှု ကျုးလွန်နေတယ်ဆိုတဲ့ တင်ပြတိုင်ကြားမှုတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ချပြမှု မရှိသေးသလို စစ်ဆေးချက်အဖြေ တိတိကျကျ မပေါ်ပေါက်ခဲ့တဲ့အတွက် စွပ်စွဲခံရသူတွေအပေါ် စစ်ဆေးမှု၊ အရေးယူ အပြစ်ပေးမှုတွေ မတွေ့ရသေးပါဘူး။
ဒါပေမယ့် ဖြစ်စဉ်ကို တိုင်ကြားခဲ့တဲ့ မျက်မြင်သက်သေဖြစ်တဲ့ အမှုစစ် ဒုရဲအုပ်မရှိုင်းဇာနည်နဲ့ သက်သေအဖြစ် လိုက်ပေးခဲ့တဲ့ ပလဖအဖွဲ့ဝင် ကိုသောင်ပြင်တို့အပေါ်တော့ ထုတ်ဖော်ပြောဆိုမှု အကျိုးဆက်တွေ ရှိခဲ့တာ တွေ့ရပါတယ်။
ဝန်ကြီးဌာနတွေကို တိုင်ကြား တင်ပြထားတဲ့ကြားမှာပဲ စခန်းမှူးဦးရဲရင့်ရဲ့ ဆဲဆိုခြိမ်းခြောက်မှုတွေကို ကြုံတွေ့ရတာကြောင့် မရှိုင်းဇာနည်က ပြီးခဲ့တဲ့ ဇူလိုင်လမှာပဲ ရာထူးက နှုတ်ထွက်ခဲ့ရသလို သက်သေဖြစ်တဲ့ ကိုသောင်ပြင်လည်း လုံခြုံရေးစိုးရိမ်ရတဲ့အတွက် ပလဖ ကနေ နှုတ်ထွက်ပြီး အခြားဌာနတခုကို ပြောင်းရွေ့ခဲ့ရပါတယ်။ နောက်ထပ် မျက်မြင်သက်သေဖြစ်သူ ကိုကောင်းရှိကလည်း ပလဖကနေ နှုတ်ထွက်ပြီး နယ်ပြောင်းခဲ့ရပါတယ်။
“အားကိုးရတဲ့ ရဲဘော်နှစ်ဦးကတော့ သူတို့ရဲ့ အသက်အန္တရာယ်တွေ ဘာတွေအတွက် ကျနော့်အဖွဲ့ကနေ နားသွားရတဲ့သဘောပေါ့ ” လို့ ကန့်ဘလူမြို့နယ် ပလဖ တာဝန်ခံ ကိုသူရိန်က ပြောပါတယ်။ သူပြောတဲ့ ရဲဘော်နှစ်ဦးကတော့ မရှိုင်းဇာနည်နဲ့ ကိုသောင်ပြင်ကို ရည်ညွှန်းပြောဆိုခဲ့တာဖြစ်ပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေးယန္တရားနဲ့ တရားရေးအပေါ် ကန့်ဘလူ မြို့နယ် ဒေသခံ ပြည်သူလူထုကြား ယုံကြည်မှု မလျော့ကျအောင် ဒီလိုဖြစ်စဉ်မျိုးကို ပြည်ထဲရေးကနေ ကိုင်တွယ်ဖြေရှင်းတာထက် သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်း ဌာနတခုခုက ကြားဝင် စုံစမ်းစစ်ဆေးမှု လုပ်သင့်ကြောင်း ကန့်ဘလူမြို့နယ် တရားရေးဌာနက ထောက်ပြပါတယ်။
ကန့်ဘလူမြို့နယ် တရားရေးဌာန ဥက္ကဋ္ဌ ဦးပေါ်ထွန်းက “ကိုင်တွယ်စမ်းပါ။ မှန်မှန်ကန်ကန် အဂတိကင်းကင်း။ ကြားလာတဲ့အသံတွေနဲ့ တပြေးညီ ပြည်သူမျှော်လင့်တဲ့အတိုင်း ပြည်သူ့စိတ်ထဲမှာ ရှိတဲ့ယုံကြည်ချက်ကို လုပ်ပေးစမ်းပါ။ ဘာမှ တော်လှန်ရေးကြီး ယုတ်လျော့သွားမှာတွေ ဘာတွေမရှိပါဘူး” လို့ မှတ်ချက်ပေးပါတယ်။
“အပြစ်ကို ခံယူရဲတဲ့သူတွေနဲ့ အပြစ်ရှိသူတွေကို အရေးယူပေးမယ့် အဖွဲ့အစည်းပဲ လိုနေတာ။ တော်လှန်ရေး ကြီးက မယုတ်လျော့တဲ့အပြင် ပိုလို့ကျစ်လစ်ခိုင်မာလာဦးမှာပါ” ဟု သူက ယုံကြည်ချက် အပြည့်ပါတဲ့ အသံနဲ့ ပြောဆိုလိုက်ပါတယ်။
Irrawaddy News
စစ်တွေမြို့ပေါ် လက်နက်ကြီးကျ၊ ၁၂ ဦးသေဆုံး ၃၀ ကျော်ဒဏ်ရာရ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်၌ ယနေ့နံနက် အစောပိုင်းတွင် စစ်ကောင်စီ၏ ရေတပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျည် ၁ လုံး ကျရောက် ပေါက်ကွဲပြီး အရပ်သား ၁၂ ဦး သေဆုံးကာ၊ ၃၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြော ခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
ထိုပစ်ခတ်မှုသည် စစ်တွေပွိုင့်ကမ်းခြေအနီး အခြေပြုနေသည့် ရေတပ်စစ်သင်္ဘောက ပစ်ခတ်လိုက်ခြင်းဖြစ်ပြီး ဈေး ရောင်းဈေးဝယ်များဖြင့် လူဦးရေထူထပ်သော ကိုရီးယားဆိပ်ကမ်းဈေးအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် ထိခိုက် သေဆုံးမှု များပြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
၎င်းက “လက်ရှိအချိန်အထိ ၁၂ ဦး သေဆုံးပြီးတော့ ၃၁ ဦးကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံမှာရောက်နေပြီလို့ သိရတယ်။ ကျန်တဲ့ မစိုးရိမ်ရ ဒဏ်ရာရတဲ့သူ ဆယ်နဲ့ချီပြီး ရှိတယ်လို့ သိရတယ်။ သေဆုံးတဲ့သူက ဆက်ပြီး တိုးလာနိုင် သလို ဒဏ်ရာရတဲ့ စာရင်းလည်း တိုးလာနိုင်ပါသေးတယ်” ဟု ပြောသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး AA ၏ ယနေ့ညနေပိုင်း ထုတ်ပြန်ချက်တွင် စုစုပေါင်း ၁၂ ဦး သေဆုံးကာ ပြင်းထန် ဒဏ်ရာရသူ ၃၁ ဦးနှင့် အလတ်စားနှင့် အသေးစား ဒဏ်ရာရသူ ၅၀ နီးပါးရှိကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီအနေဖြင့် စစ်တွေမြို့အနီးတဝိုက်တွင် မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ ဈေးရောင်းဈေးဝယ် လူစည်ကား ချိန်တွင် လူအစုလိုက်အပြုံလိုက် သေဆုံးစေရန် ရည်ရွယ်ချက်ဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုအား ပြောင်ပြောင် တင်းတင်း ကျူးလွန် ချိုးဖောက်လိုက်ခြင်းပင် ဖြစ်ကြောင်းလည်း AA က ပြောထားသည်။
ဦးခိုင်သုခက “ဒါဟာ အလွန်ဆိုးဝါးတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတခု ဖြစ်တယ်။ ဒါဟာ အရှေ့တောင်အာရှမှာ မြန်မာ စစ် ကောင်စီဟာ အဆိုးဆုံးအကြမ်းဖက်အဖွဲ့အစည်းတခု ဖြစ်လာနေပြီဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတာ ဖြစ်တယ်” ဟု ပြောသည်။
ယခု အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အမိန့်ပေးစေခိုင်းခဲ့သော စစ်ကောင်စီအနေဖြင့် တာဝန်ခံ၊ တာဝန်ယူရမည် ဖြစ်ပြီး ပါဝင်ပတ်သက်သည့် တယောက်ချင်းစီအား အပြစ်ပေး အရေးယူနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း AA က ပြောထားသည်။
စစ်ကောင်စီဘက်ကမူ စစ်တွေမြို့ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
AA အနေဖြင့် ယနေ့မနက်ပိုင်းကလည်း မြောက်ဦးမြို့အခြေစိုက် ခမရ-၃၇၈ တပ်ရင်းအတွင်း သတင်းသမား ကိုဖိုးသီဟ အပါအဝင် ဖမ်းဆီးတရားစွဲဆိုထားသည့် အချုပ်သား ၇ ဦးကို သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး အမိန့်ပေးစေခိုင်း၊ လုပ်ဆောင် ခဲ့ကြသည့် ခမရ-၃၇၈ မှ ဗိုလ်မှူးသိန်းထိုက်စိုး၊ မြောက်ဦးခရိုင် ရဲမှူးကြီး ခင်မောင်စိုးနှင့် ဗိုလ်ကြီး အာကာမြင့်တို့၏ ဝန်ခံ ထွက်ဆိုချက် ဗီဒီယိုဖိုင်များအား ထုတ်ပြန်ခဲ့သေးသည်။
၎င်းတို့ သုံးဦးသည် AA ထံတွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရပြီးနောက် ယခုကဲ့သို့ အစုလိုက်သတ်ဖြတ်မှုအား ဝန်ခံထား ကြခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အခြားသော စစ်ရာဇဝတ်မှုကျူးလွန်မှုများကိုလည်း ဆက်လက် စစ်ဆေးလျက်ရှိကြောင်း AA က ဆိုထားသည်။
ထိုသို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် ဆိုးဝါးသော စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီ၏ လုပ်ရပ် များအား အိမ်နီးချင်းနိုင်ငံများအပါအဝင် အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းကန့်ကွက်တားဆီးရန် လိုအပ် ကြောင်းလည်း ဦးခိုင်သုခက ပြောသည်။
ရခိုင်စစ်မျက်နှာတွင် တပ်စခန်းများနှင့် မြို့များလက်လွှတ်နေရသည့်စစ်ကောင်စီအနေဖြင့် အရပ်သားပစ်မှတ်ထား တိုက် ခိုက်မှုများ ပြုလုပ်လျက်ရှိသည့်အပြင် လူမျိုးရေး ပဋိပက္ခဖန်တီးလုပ်ဆောင်မှုများရှိနေသည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြရန်လည်း AA က သတိပေးထားသည်။
Irrawaddy News
ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ
လွန်ခဲ့သောနှစ် မေလနှောင်းပိုင်းနှင့် ဇူလိုင်လအစောပိုင်းတွင် နိုင်ငံရေး အကျဉ်းသား တဒါဇင်ကျော် အပါအဝင် အကျဉ်းသား ၃၇ ဦးကို ရန်ကုန်အနီး ပဲခူးတိုင်းမှ ဒိုက်ဦးအကျဉ်းထောင်ရှိ ၎င်းတို့တိုက်ခန်းများမှာ ဆွဲထုတ်သွား ပြီးနောက် ပျောက်ကွယ်သွားသည်။ ထိုသို့ ပျောက်ကွယ်သွားခြင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးထားသည့် အကျဉ်းသားများ အများဆုံး ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
ထို့နောက် စစ်ကောင်စီက အကျဉ်းသားအုပ်စုတစုကို “ထောင်ပြောင်းရန်” ခေါ်ဆောင်ခဲ့ကြောင်းနှင့် ထိုအကျဉ်းသားများသည် လမ်းတွင် ထွက်ပြေးရန်ကြိုးစားစဉ် သေဆုံးသွားကြောင်း မိသားစုအချို့ကို အကြောင်းကြားသော်လည်း အလောင်းများကို ပြန်လည် ပေးအပ်ခြင်း မရှိပေ။ ထိုအကျဉ်းသားများ သေဆုံးရသည့် အကြောင်းသည် လိမ်ညာမှုဖြစ်သည်ဟု မိသားစုများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် သုတေသီများက ပယ်ချခဲ့သည်။
ဧရာဝတီ သတင်းဌာနသည် ဒိုက်ဦးထောင် အာဏာပိုင်များက မိသားစုထံပေးပို့သည့် သေဆုံးကြောင်း အကြောင်းကြားစာများကို စစ်ဆေးပြီး သေဆုံးသူများ၏ မိသားစုများ၊ နီးစပ်သူများနှင့် နိုင်ငံရေးအကျဉ်းသား အခွင့်အရေးအဖွဲ့ ကိုယ်စားလှယ်များကို တွေ့ဆုံမေးမြန်းကာ စုံစမ်းဖော်ထုတ်လိုက်သည်။
မှောင်မိုက်သောနေ့ စတင်ခြင်း
“ဒါဟာ ကျနော့် ညီအကိုတွေအတွက် မှောင်မိုက်တဲ့နေ့ ဖြစ်တယ်” ဟု ဒိုက်ဦးမှ သြဂုတ်လတွင် ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသီဟက မေလ ၂၅ ရက်နေ့ နံနက် စောစောအချိန်တွင် ဖြစ်ပျက်ခဲ့သည်များကို ဧရာဝတီ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းစဉ် ပြန်လည်ပြောကြားခဲ့သည်။
ထိုနေ့တွင် ထောင်ဝန်ထမ်း ၂၀ ခန့်သည် တုတ်များ၊ ဒိုင်းများနှင့် သံကြိုးများကိုင်ကာ ကိုသီဟတို့ နေထိုင်ရသည့်တိုက်သို့ ရောက်လာပြီး စာရင်းပါ အကျဉ်းသား အမည်များကို ဖတ်ပြသည်။ သူ့အခန်းမှ အကျဉ်းသားတဦးနှင့် ဘေးခန်းများမှ အကျဉ်းသားများ အပါအဝင် အကျဉ်းသား တဒါဇင်ခန့်သည် ထိုတိုက်မှဖြစ်ပြီး ကျန်သူများမှာ အခြားတိုက်များမှ ဖြစ်သည်။
ထိုစာရင်းပါ အကျဉ်းသားများကို တော်လှန်ရေး အင်အားစုများ၏ လှုပ်ရှားမှုများအတွက် စစ်မေးရန် ခေါ်ယူခြင်းဖြစ်ပြီး ၎င်းတို့ကို တဦးချင်း သီးခြားချုပ်နှောင်ထားသည်ဟု ၎င်းကပြောသည်။ ထို့နောက် မကြာမီ ထောင်ဝန်ထမ်း တဒါဇင်ကျော် ဖမ်းဆီးခံရပြီး နိုင်ငံရေးအကျဉ်းသားများ မိုဘိုင်းဖုန်းရရန် ကူညီသည်ဟုဆိုကာ ထောင်ချလိုက်သည်။
ထိုအကျဉ်းသားများအနက် အချို့ ညှဉ်းပန်းနှိပ်စက်ခံရသည်ဟု ကိုသီဟထံက သိရသည်။ ကိုသီဟ၏ ရင်းနှီးသော သူငယ်ချင်း ကိုယာလေး (ခေါ်) ကိုဇင်မြင့်ထွန်းနှင့် တွေ့ဆုံခဲ့သည့် အခြားနိုင်ငံရေး အကျဉ်းသားတဦးက ထိုအကြောင်းများကို ကိုသီဟအား ပြန်လည် ပြောကြားခြင်းဖြစ်သည်။ မေလ ၂၅ ရက်နေ့က တိုက်ခန်းများမှ တဦးချင်း သီးခြားချုပ်နှောင်ခံရသူများတွင် ပါဝင်သည့် ကိုယာလေးကလည်း သူနေကောင်းကြောင်း အခြားနိုင်ငံရေး အကျဉ်းသားများမှတဆင့် သတင်းစကား ပေးပို့ခဲ့သော်လည်း သူ့တွင်ညှဉ်းပန်းနှိပ်စက် ခံထားရသည့် လက္ခဏာများ ရှိနေကြောင်း အထက်ပါ အကျဉ်းသားက ပြောပြသည်။
အနည်းဆုံးအားဖြင့် ဖြစ်ရပ်တခုတွင် စစ်ကောင်စီက အကျဉ်းသားတဦးသည် ထိုထောင်အတွင်းတွင် သေဆုံးကြောင်း ဝန်ခံခဲ့သည်။ ထိုသို့ ပထမဆုံး သီးခြားခေါ်ယူခံရသည့် နိုင်ငံရေး အကျဉ်းသားများအနက် တဦးဖြစ်သူ အသက် ၁၉ နှစ်အရွယ် ကိုသန့်ဇင်ဝင်းကို စစ်ကြောရေးပြုလုပ်စဉ် သတ်ဖြတ်ခဲ့သည်ဟု ယူဆရသည်။ အကျဉ်းဦးစီးဌာနက အပူရှပ်သေသည်ဟု ပြောသည်။ သူသည် ပြည်သူ့ကာကွယ်ရေးတပ် (ပဲခူး) PDF Bago အတွက် စစ်သားစုဆောင်ရေး အရာရှိတဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး ထောင်အနှစ် ၈၀ ကျော် ချခံထားရသူ ဖြစ်သည်။
နောက်တပတ် ကြာသောအခါ ထောင်အာဏာပိုင်များကို ကိုသန့်ဇင်ဝင်း သေဆုံးကြောင်း သူ့ဇနီးထံ အကြောင်းကြားသည်။ သူ၏ ဇနီးသည်လည်း တော်လှန်ရေးအင်အားစုများကို ကူညီသောကြောင့် ထိုထောင်တွင်ပင် ထောင် ၁၀ နှစ် ချထားခံရသူဖြစ်သည်ဟု လက်စားချေမည်ကို စိုးရိမ်သောကြောင့် အမည်မဖော်လိုသည့် သူနှင့် ရင်းနှီးသူတဦးက ပြောသည်။
“သူ့မိန်းမက အဲဒီသတင်းကို မယုံဘဲ သူ့အလောင်းကို တွေ့ရမှ သူသေဆုံးတယ်ဆိုတာကို ယုံမယ်လို့ ပြောခဲ့တယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။ သို့သော် ထောင်အာဏာပိုင်များက သူ၏ တောင်းဆိုချက်ကို ပယ်ချခဲ့သည်။ သူ့ခင်ပွန်းသည် ထောင်တွင်းတွင်နေထိုင်စဉ် ကော်ဖီမစ်အိတ်များဖြင့် ပြုလုပ်ထားသည့် လက်မှုပစ္စည်းတခုသာ ပေးခဲ့သည်။
အလောင်းကို မိသားစုထံ ပြန်မပေးသလို ဘာသာရေး ထုံးစံနှင့်အညီ ရေစက်ချအမျှဝေရန် တပတ်အတွင်း ကျင်းပရသည့် ရက်လည်အခမ်းအနားလည်း ကျင်းပခွင့် မပေးခဲ့ပေ။ မိသားစုဝင် ထောင်အတွင်း သေဆုံးကြောင်း အကြောင်းကြားခံရသည့် မည်သည့် မိသားစုများထံမှ သေဆုံးသည့် အကျဉ်းသားအလောင်းကို ပြန်လည် ရယူခွင့် မပြုပေ။
ပဲခူး PDF က ကိုသန့်ဇင်ဝင်းသည် ပဲခူးမြို့နယ်မှ ပျဉ်ပုံကြီး စစ်ကြောရေးစခန်းတွင် ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးကြောင်း နောက်ပိုင်းတွင် ကြေညာသည်။ ထိုအချက်ကို ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ပျောက်ဆုံးနေသည့် ကျန်နိုင်ငံရေးအကျဉ်းသားများကိုလည်း ထိုစစ်ကောင်စီ စစ်ကြောရေးစခန်းသို့ပင် ခေါ်သွားနိုင်ကြောင်း ထိုစစ်ကြောရေးစခန်းသို့ တပတ်ခန့် ခေါ်ယူစစ်မေးရန် ခေါ်သွားခံရပြီး ပြန်ပို့ခံရသည့် နိုင်ငံရေး အကျဉ်းသားတဦးထံမှ သတင်းအချက်အလက်များကို ကိုးကားပြီး ကိုသီဟက ပြောသည်။
နိုင်ငံရေးအကျဉ်းသားများသည် ခေါင်းစွပ် စွပ်ခံထားရသောကြောင့် မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသော်လည်း ၎င်းတို့အားလုံးကို ထောင်မှခေါ်ထုတ်သွားပြီး ထိုနေရာတွင်သာ စစ်မေးခံရကြောင်း နိုင်ငံရေး အကျဉ်းသားများက ပြောသည်။
ဇွန်လ ၇ ရက်နေ့တွင် အထက်ပါစာရင်းပါ သူ့သူငယ်ချင်း သုံးဦးကို တဦးစီ သီးခြားချုပ်နှောင်လိုက်ပြီး ထောင်ကားဖြင့် ခေါ်သွားသည်ကို တွေ့ရကြောင်း ကိုသီဟက ပြောသည်။ သို့သော် ထိုထောင်ကားအတွင်း အခြားအကျဉ်းသားများ ပါ၊ မပါ သူ မသိရကြောင်း ပြောသည်။
ကိုယာလေးကို တိုက်ခန်းမှ ခေါ်သွားပြီး တပတ်ကြာသောအခါ သူသည် ဒိုက်ဦးတွင် မရှိတော့ကြောင်း ကိုသီဟ သိလိုက်ရသည်။ သူ့ဇနီးက သူ့ထံပေးပို့သည့် အစားအသောက်များကို ထောင်အာဏာပိုင်များက ကိုယာလေး ထောင်တွင် မရှိတော့ကြောင်းပြောပြီး လက်မခံသောကြောင့် ထိုသို့ သိရခြင်းဖြစ်သည်။
ထိုကာလအတွင်း ကိုသီဟနှင့် အခြားအကျဉ်းသားများသည် ထောင်အတွင်း တင်းကျပ်သော လုံခြုံရေး အစီအမံများကို ရင်ဆိုင်ရသည်။ အကျဉ်းသားများကို တိုက်များတွင် ရက်ပေါင်းများစွာ ပိတ်ထားပြီး ထောင်ဝန်ထမ်းများ နေရာတွင် စစ်သားများကို အစားထိုးထားကြောင်း သူသိလာသည်။ “လုံခြုံရေး တင်းကျပ်တယ်။ ကျနော်တို့ကို ထောင်ဝင်းထဲမှာ စစ်သားတွေက စောင့်ကြပ်နေတာ” ဟု ၎င်းကပြောသည်။
နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၃၇ ဦးကို ထောင်မှ ရွှေ့ပြောင်းလိုက်ကြောင်း ဇွန်လ ၂၇ ရက်နေ့ ရောက်သောအခါ နိုင်ငံရေးအကျဉ်းသားများ သိကြရသည်။ ထိုအချိန်တွင် အကျဉ်းသားများကို ထောင်မှ ရွှေ့ပြောင်းထားသည်မှာ အနည်းဆုံး တလကြာပြီဖြစ်သည်ဟု ကိုသီဟက ပြောသည်။ သူသည် အကျဉ်းသား သုံးဦးကို ဇွန်လ ၇ ရက်နေ့တွင် ထောင်ကားပေါ် တင်သွားသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ပြီး ကိုယာလေးကို ရွှေ့ပြောင်းသည်ကိုလည်း သိသူဖြစ်သည်။
“သတိပေး ပစ်ခတ်”၍ ခြေကျင်းခတ် အကျဉ်းသား ၁၀ ဦးသေဆုံး
ဇူလိုင်လ ၇ ရက်နေ့မှစတင်ပြီး ထောင်အာဏာပိုင်များသည် အထက်ပါ အကျဉ်းသား ၃၇ ဦးအနက် အနည်းဆုံး ရှစ်ဦး၏ မိသားစုများထံ အကျဉ်းသားများ သေဆုံးကြောင်း အကြောင်းကြားခဲ့သည်။ အကြောင်းကြားစာများတွင် အကျဉ်းသားများ၏ ထောင်ဝင်နံပါတ်နှင့် ထောင်တံဆိပ်တုံး ပါဝင်ပြီး ဦးစီးအရာရှိ ကျော်ဇေယျဆိုသူက လက်မှတ်ရေးထိုးထားသည်။
ဧရာဝတီသတင်းဌာနက ကြည့်ရှုခဲ့သည့် ထိုစာများတွင် အကျဉ်းသားများကို ဒိုက်ဦးမှ ရန်ကုန်ရှိ အင်းစိန်ထောင်နှင့် ပဲခူးတိုင်းမှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ပေးစဉ် အစောင့်များက သတိပေး ပစ်ခတ်သောကြောင့် သေဆုံးသွားသည်ဟု ဖော်ပြထားသည်။
ကိုယာလေး သေဆုံးသည့် အကြောင်းကြားစာကို သူ့ဇနီး ဇူလိုင်လ ၇ ရက်နေ့တွင် ရရှိသည်။ သူ့ကို အင်းစိန်ထောင်သို့ ပြောင်းရွှေ့စဉ် ဇွန်လ ၂၇ ရက်နေ့က သေဆုံးကြောင်း သူ့ဇနီးကို အကြောင်းကြားသည်။ ထိုစာက သူသည် မော်တော်ယာဉ် မတော်တဆမှုကို အခွင့်ကောင်းယူကာ ထွက်ပြေးရန် ကြိုးစားသည်ဟု ဖော်ပြသည်။ ထို့ကြောင့် အကျဉ်းသားများကို ပြန်လည်ဖမ်းဆီးရန် အစောင့်က သတိပေးပစ်ခတ်ရာတွင် ထိမှန်သေဆုံးကြောင်း ဖော်ပြထားသည်။
အခြားအကျဉ်းသား အနည်းဆုံး နှစ်ဦး၏ မိသားစုများကိုလည်း ၎င်းတို့မိသားစုဝင် အကျဉ်းသားများ အလားတူ သေဆုံးကြောင်း ဒေသအာဏာပိုင်များ အကြောင်းကြားခဲ့သည်။
ထိုသို့ သတ်ဖြတ်ခံရသူများအနက် အနည်းဆုံး သုံးဦးသည် ထိုစဉ်က ဒိုက်ဦးအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများ၏ မိသားစုဝင်များဖြစ်သည်ဟု ဒိုက်ဦးထောင်မှ အမျိုးသမီးဆောင်များအကြောင်း တိုက်ရိုက်သိပြီး လုံခြုံရေးအရ အမည်မဖော်လိုသည့် သတင်းရင်းမြစ်တခုက ပြောသည်။
ထိုအမျိုးသမီး အကျဉ်းသူများအနက် တဦးသည် ခင်ပွန်းသည်ကို ဆုံးရှုံးပြီး အခြားတဦးသည် ဖခင်ကို ဆုံးရှုံးကာ ကျန်တဦးသည် ဦးလေးဖြစ်သူကို ဆုံးရှုံးသည်ဟု ထိုသတင်းရင်းမြစ်က ပြောသည်။ ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့သည့် အကျဉ်းသူကို ဖခင်သေဆုံးပြီး သုံးလကြာမှသာ အကြောင်းကြားသည်ဟုလည်း ထိုသတင်းရင်မြစ်က ပြောသည်။ ထိုအမျိုးသမီးက ဖခင်နှင့် တွေ့ရန်တောင်းဆိုသည်ကို ထောင်အာဏာပိုင်များက ငြင်းဆန်သောအခါမှသာ ဖခင်သေဆုံးသည့်သတင်းကို အသိပေးခြင်းဖြစ်သည်။ သူနှင့်အလားတူ ထောင်အတွင်း ကျခံနေရသည့် မိသားစုဝင်များကို ပုံမှန်အားဖြင့် အတွင်းထောင်ဝင်စာ တွေ့ခွင့်ပေးသည်။
“ငါ့ အပါးဆုံးပြီလို့ ပြောပြီး သူ ရက်ပေါင်းများစွာ ငိုတယ်” ဟုလည်း ထိုသတင်းရင်းမြစ်က ပြောသည်။
ရှေ့နောက်မညီသော အချက်အလက်များ
အကြောင်းကြားစာ ပထမဆုံးရရှိသော မိသားစုများအနက်တခုမှာ ပဲခူးခရိုင်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင် မိသားစုဖြစ်သည်။ အသက် ၂၀ အရွယ် ထိုကျောင်းသားအရေး လှုပ်ရှားသူကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်းဆီးပြီး အကြမ်းဖက်မှု စွပ်စွဲချက်ဖြင့်ထောင် ၁၅ နှစ် ချထားသည်။
ထိုစာများကို ဇွန်လ ၂၉ ရက်နေ့ရက်စွဲ ရေးထိုးထားသော်လည်း ဇူလိုင်လ ၇ ရက်နေ့မတိုင်မီ ပေးပို့ခြင်း မရှိခဲ့ပေ။ အကျဉ်းသား မိသားစုများရသည့် အကြောင်းကြားစာများ အားလုံးသည် တူညီသည်။ မည်သည့် မိသားစုကိုမှ အလောင်းပြန်မပေးအပ်ခဲ့ပေ။
အလောင်းကို မတွေ့ရသောကြောင့် မရေရာမှုများ ပိုမိုဖြစ်စေပြီး သတ်ဖြတ်ခံရသူများသည် စစ်ကြောရေးတွင် သတ်ဖြတ်ခံရခြင်း ဖြစ်သည်ဆိုသည့် သံသယကို အကျဉ်းသားအခွင့်အရေး စောင့်ကြည့်သော အဖွဲ့များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ အကြားတွင် ဖြစ်စေသည်။
အကြောင်းကြားစာများတွင် ဖော်ပြသည့် သေဆုံးရခြင်း အကြောင်းရင်းသည် အလွန် ကျိုးကြောင်းဆီလျော်မှု မရှိပေ။ အကျဉ်းသားများသည် မတူညီသော နေရာ နှစ်ခုသို့ သွားနေပြီး ၎င်းတို့ အားလုံးသည် မော်တော်ယာဉ် မတော်တဆဖြစ်ချိန် ထွက်ပြေးရန် ကြိုးစားစဉ် သတိပေး ပစ်ခတ်သောကြောင့် သေဆုံးသည်ဟု ဖော်ပြသည်။
၎င်းတို့ပြောကြားသည့်အတိုင်း အမှန်တကယ်ဖြစ်ခဲ့ပါက ထိုမတော်တဆမှုများ သို့မဟုတ် ထောင်ပြင်ပ ပစ်ခတ်မှုများကို ဖုံးကွယ်ထားစရာ အကြောင်းမရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ပြောခွင့်ရသူ ကိုအောင်မျိုးကျော်က ပြောသည်။
“တကယ်ဖြစ်ခဲ့ရင် အနီးနားက ဒေသခံတွေ မသိဘဲ၊ မပြောဘဲနေမှာ မဟုတ်ဘူး။ ထောင်ကလည်း မိသားစုတွေကို ချက်ချင်း အကြောင်းကြားခဲ့မှာပဲ။ အခုကျတော့ ဖုံးကွယ်ထားပြီး အကြာကြီးနေမှ မိသားစုကို အကြောင်းကြားတယ်” ဟုလည်း ပြောသည်။
မိသားစုများ ဈာပနကျင်းပခွင့် ငြင်းပယ်ခံရသည်သာမက ထိုအကြောင်းကြားစာပါ အချက်အလက်များကို အခြားသူများကို အသိမပေးရန် နှုတ်ဖြင့် သတိပေးခဲ့သည်ဟု မိသားစုများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။
ထောင်ပြောင်းသောအခါ အကျဉ်းသားများ ထွက်မပြေးစေရန် သံခြေကျင်းနှင့် လက်ထိပ်ခတ်ထားခြင်းသည် စံလုပ်ထုံးလုပ်နည်းဖြစ်ကြောင်း ဧရာဝတီသတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် အကျဉ်းသားအခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။ အများအားဖြင့် အကျဉ်းသားများကို နှစ်ဦးတတွဲ ခြေကျင်းခတ်ကြောင်း ၎င်းတို့က ပြောသည်။
ကိုသီဟကလည်း ထိုအချက်ကိုထောက်ပြပြီး “ခြေကျင်းခတ်ထားတာ ဘယ်လိုပြေးမလဲ” ဟု မေးသည်။
သတ်ဖြတ်ခံရသူများတွင် ပါဝင်သည့် သူငယ်ချင်းများနှင့် ပြောခဲ့သော စကားများကိုလည်း သူကပြန်ပြောပြသည်။ တိုက်တံခါးပွင့်နေလျှင်ပင် ပြေးမည် မဟုတ်ကြောင်း ၎င်းတို့ပြောခဲ့ကြသည်ဟု သူပြောသည်။ “ထွက်ပြေးဖို့ ကြိုးစားတယ်ဆိုတဲ့ စွဲချက်တွေ ထပ်တင်ဖို့ စစ်ကောင်စီကို ကျနော်တို့ ခွင့်ပြုမှာ မဟုတ်ဘူး” ဟု ပြောပြီး နောက်ဆုံးတွင် တော်လှန်ရေး အောင်မြင်မည်ဆိုသည်ကို အားလုံးယုံကြည်ကြောင်း ပြောပြသည်။
ဧရာဝတီသတင်းဌာနက ကြည့်ရှုခဲ့ရသည့် အကျဉ်းဦးစီးဌာနမှ သေဆုံးကြောင်း အကြောင်းကြားစာ နှစ်စောင်တွင် နံပါတ် ၀၀၁ နှင့် ၀၁၄ ဟု ဖော်ပြထားသောကြောင့် သတ်ဖြတ်ခံရသည် အကျဉ်းသားအရေအတွက်သည် ၁၄ ဦးအထိ များနိုင်ဖွယ်ရှိနေသည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများက လွန်ခဲ့သောနှစ်တွင် တည်ထောင်သည့် နိုင်ငံရေးအကျဉ်းသားများကွန်ရက် -မြန်မာ (PPN-M) ကို တည်ထောင်သူတဦးဖြစ်သူ ကိုသိုက်ထွန်းဦး၏ အဆိုအရ ထိုကာလအတွင်း ဒိုက်ဦးထောင်တွင် မည်သည့်အကျဉ်းသားမှ သေဆုံးခြင်း မရှိဟု သိရသည်။
စစ်ကောင်စီက လက်စားချေခြင်း
အဖမ်းမခံရမီက စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုများအတွက် နိုင်ငံရေးအကျဉ်းသားများကို လက်စားချေ သတ်ဖြတ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း အများအပြားက ယူဆကြသည်။
၎င်းတို့၏ အတွေ့အကြုံအရ ပြင်ပတွင် စစ်ကောင်စီတပ်များ ပိုမိုဆုံးရှုံး တိုက်ခိုက်ခံရလေ နိုင်ငံရေး အကျဉ်းသားများ ပိုမိုဖိနှိပ်ခံရလေပင်ဖြစ်ကြောင်း အကျဉ်းသားအခွင့်အရေး လှုပ်ရှားသူများက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“ထောင်ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသားတွေကို သူတို့ရဲ့ရန်သူလို့ ထင်ကြတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောကြားပြီး ထောင်ဝန်ထမ်း အများအပြားသည် စစ်သားဟောင်းများဖြစ်ကြောင်း ပြောသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ စစ်ကောင်စီကြေညာချက်အရ ကိုခန့်လင်းနိုင် အပါအဝင် ဒိုက်ဦးထောင်မှ သတ်ဖြတ်ခံရ သို့မဟုတ် ပျောက်ဆုံးနေသော နိုင်ငံရေး အကျဉ်းသားများကို စစ်ကောင်စီပစ်မှတ်များအား ပြောက်ကျား တိုက်ခိုက်မှုတွင် ပါဝင်သည်၊ ပဲခူး PDF လှုပ်ရှားမှုများနှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု သိရသည်။
ဒိုက်ဦးထောင် ဖြစ်ရပ်တွင် ၎င်းတို့အဖွဲ့မှ တော်လှန်ရေးသမား ငါးဦး သတ်ဖြတ်ခံရသည်ဟု သိရကြောင်း ပဲခူး PDF ပြောခွင့်ရသူ ကိုဖြိုးမောင်က ပြောသည်။
“သူတို့အားလုံးကို ထောင်နှစ်ရှည်ချထားတယ်။ ဒါပေမယ့် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ထပ်မံစစ်မေးပြီး သတ်လိုက်တာ” ဟု ကိုဖြိုးမောင်က ပြောကြားပြီး စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက်တိုက်ခိုက်မည် ဖြစ်ကြောင်း ပြောသည်။
PDF အဖွဲ့ဝင်များနှင့် စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် အငြိုးထားခံရသူများ၊ ထောင်တွင်းမှ မတရားသည့် ကန့်သတ်ချက်များကို အာခံသူများအား ထောင်ပြောင်းမည်ဟုဆိုကာ ထွက်ပြေးရန် ကြိုးစားသည်ဟု အကြောင်းပြပြီး ရည်ရွယ်ချက်ရှိရှိ ရွေးချယ်သတ်ဖြတ်ခြင်းဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအသင်း (FPPS) မှ ဦးထွန်းကြည်က ပြောသည်။
တနိုင်ငံလုံးမှ အကျဉ်းထောင်များတွင် လွန်ခဲ့သောနှစ်က သေဆုံးသည့် နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၃၅ ဦးအနက် ၁၈ ဦးသည် ညှဉ်းပန်းနှိပ်စက်မှုနှင့် မတရားသတ်ဖြတ်မှုကြောင့် သေဆုံးပြီး ၁၇ ဦးသည် လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှု မရသောကြောင့် သေဆုံးကြောင်း PPN-M က ဖော်ပြသည်။
“၂၀၂၃ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသား သတ်ဖြတ်ခံရမှု အများဖြစ်တယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြမ်းတမ်းသော အခြေအနေများ၊ မလုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများကြောင့်သေဆုံးသည့် နိုင်ငံရေးအကျဉ်းသား ၈၀ ခန့်ရှိသည်ဟု AAPP ၏ အဆိုအရ သိရသည်။
စစ်ကောင်စီသည် ဆေးဝါးများပေးပို့ခြင်းကို ဇူလိုင်လမှ စတင်ပိတ်ပင်လိုက်သောကြောင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနှင့် အစာအိမ်ရောဂါ ကဲ့သို့သော နာတာရှည်ရောဂါ ခံစားနေရသည့် အကျဉ်းသားများသည် ဒဏ်ခံနေရပြီး မကြာခဏဆိုသလို သေဆုံးသည်အထိ ဖြစ်ရသည်။
အကျဉ်းသားများ မည်သည့်ရောဂါ ခံစားရသည်ဖြစ်စေ ထောင်အာဏာပိုင်များသည် အကိုက်အခဲပျောက်ဆေး ပါရာစီတမောနှင့် ဓာတ်မတည့်ခြင်းအတွက် သုံးသည့် ဘာမီတွန်သာပေးကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။
လွန်ခဲ့သောနှစ် စက်တင်ဘာလတွင် စစ်ကောင်စီသည် အဖမ်ဆီးခံ ဒီမိုကရေစီခေါင်းဆောင် အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် ပြင်းထန်သော သွားဖုံးရောဂါ ခံစားနေရချိန်တွင်ပင် စနစ်တကျ ဆေးဝါးကုသခွင့် မပေးကြောင်း သိရသည်။ ထောင်စနစ်ပြင်ပ အဆင့်မြင့်ဆေးရုံမှ သမားတော်နှင့် ပြသခွင့် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုသည်ကို စစ်ကောင်စီက ပယ်ချခဲ့ကြောင်း သိရသည်။
တနိုင်ငံလုံးမှ ထောင်များ အကျဉ်းစခန်းများသို့ သွားရောက်ခွင့်ရသည့် တခုတည်းသော အဖွဲ့အစည်းဖြစ်ပြီး ထောင်များကို စစ်ဆေးကာ လူ့အခွင့်အရေး ကာကွယ်ပေးခွင့်ရသည့် မြန်မာအမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) ကို ဧရာဝတီက ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပေ။
ထိုကိစ္စနှင့်ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနသည် မြန်မာမှ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ (ICRC) ကို မှတ်ချက်ပေးရန်နှင့် မည်သို့ အရေးယူဆောင်ရွက်ခဲ့သည်ကို မေးမြန်းခဲ့ရာ ၎င်းတို့အဖွဲ့အစည်း၏ လုပ်နည်းလုပ်ဟန်သည် ပွင်းလင်း ရိုးသားသော ဆွေးနွေးမှုဖြစ်စေရေးအတွက် နိုင်ငံအားလုံးတွင် သက်ဆိုင်သူများနှင့် နှစ်ဖက်သဘောတူ သီးသန့် ထိတွေ့ဆက်ဆံရေးဖြစ်သောကြောင့် အသေးစိတ်များကို မပြောနိုင်ကြောင်း ICRC ၏ ပြည်တွင်းမီဒီယာ ဆက်ဆံရေး အရာရှိတဦးက ပြောသည်။
မိသားစုဝင်ဆွေမျိုးများနှင့် အဆက်အသွယ်ပြတ်နေသော အမှုများတွင် မိသားစုဝင်များသည် ICRC သို့ ဆက်သွယ်နိုင်ကြောင်းနှင့် ထိုမိသားစုဝင်များကိုသာ အကြောင်းပြန်ကြားမည်ဟု ထို ပြည်တွင်း မီဒီယာ အရာရှိက ပြောသည်။
အပ်ကြောင်းထပ်နေသော အကြောင်းပြချက်
ထွက်ပြေးရန် ကြိုးစားသောကြောင့် သတ်ဖြတ်သည်ဆိုသည့် အကြောင်းပြချက်သည် အသစ်အဆန်း မဟုတ်ကြောင်း အကျဉ်းသားအခွင့်အရေး အဖွဲ့အစည်းများက ပြောသည်။ မြင်းခြံထောင်မှ သေဆုံးမှု နှစ်ခု၊ သာယာဝတီထောင်တွင်သေဆုံးမှု တခုနှင့် အင်းစိန်ထောင်မှ သေဆုံးမှု နှစ်ခု အပါအဝင် လွန်ခဲ့သောနှစ်က အခြား နိုင်ငံရေးအကျဉ်းသား သေဆုံးမှု ငါးခုတွင်လည်း အလားတူ အကြောင်းပြချက်ကိုသာ ပေးခဲ့သည်။
စစ်ကောင်စီလိုလားသော ဝါဒဖြန့်သူ လီလီနိုင်ကျော်ကို သတ်ဖြတ်သည်ဟု စွပ်စွဲခံရသည့် အင်းစိန်ထောင်မှ အသက် ၂၃ နှစ်အရွယ် ကိုကောင်းဇာနည်ဟိန်းနှင့် အသက် ၃၀ အရွယ် ကိုကျော်သူရတို့ကို ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်သို့ ခေါ်ဆောင်လာစဉ် ထွက်ပြေးရန် ကြိုးစားသောကြောင့် ပစ်သတ်လိုက်သည်ဟု စစ်ကောင်စီက လွန်ခဲ့သောနှစ် ဇူလိုင်လ ၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲတခုတွင် ပြောသည်။
ကိုကောင်းဇာနည်ဟိန်းကို ဇွန်လအစောပိုင်းတွင် ဖမ်းဆီးပြီးနောက် မကြာမီ သူ၏ မိခင်နှင့် အမတို့သည် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်မှ နေအိမ်တွင် ပစ်သတ်ခံရပြီး စစ်တပ်လိုလားသူများကို သတ်ဖြတ်ခြင်းအတွက် လက်စားချေခြင်းဖြစ်ကြောင်း ထင်ရှားသည်။
ထိုအကျဉ်းသား သေဆုံးမှုများ အားလုံးကို ရှုတ်ချကြောင်း AAPP ပြောခွင့်ရသူ ကိုအောင်မျိုးကျော်က ပြောပြီး ထိုသတ်ဖြတ်မှုများသည် နိုင်ငံ့သမိုင်းတွင် အဆိုးရွားဆုံး တရားမဲ့သတ်ဖြတ်မှုဖြစ်ကြောင်း ပြောသည်။
“အခု သူတို့က အကျဉ်းသားတွေကို ခေါ်ထုတ် ထပ်မံစစ်မေးပြီး ထင်သလို သတ်ဖြတ်နေတယ်” ဟု ၎င်းကပြောသည်။
ဒိုက်ဦး အကျဉ်းထောင်မှ မည်သည့်အကျဉ်းသားမှ ပျောက်ဆုံးခြင်း၊ သေဆုံးခြင်းမရှိကြောင်း စစ်ကောင်စီ၏ ပဲခူးတိုင်းပြောခွင့်ရသူ ဦးတင်ဦးက ပြောသည်။
ထိုဖြစ်ရပ်များအကြောင်း မေးသောအခါ သူက “ခင်ဗျားကို ဘယ်ယူပြောလဲ” ဟု ပြန်မေးပြီး “ဒါမမှန်ဘူး။ ဘယ် အကျဉ်းသားမှ မပျောက်ဘူး၊ ဘာမှလည်း မဖြစ်ဘူး။ ဒိုက်ဦးထောင်မှာ အားလုံးပုံမှန်ပဲ” ဟုပြောပြီး ဖုန်းချသွားသည်။
မျှော်လင့်ချက်ရောင်ခြည်
ဒိုက်ဦးမှ ပြောင်းရွှေ့သည့် အကျဉ်းသား ၃၇ ဦးအနက် အချို့သည် အင်းစိန်ထောင်သို့ ရောက်လာသည်ဆိုသည့် အင်းစိန်ထောင်မှ မကြာသေးမီက ထွက်ပေါ်လာသည့် သတင်းများကြောင့် မိသားစုများအကြား မျှော်လင့်ချက်များ ဖြစ်ပေါ်စေသည်။
ဒဏ်ရာရပြီး သွေးထွက်သံယိုဖြစ်နေသည့် အကျဉ်းသား ၂၀ ခန့် ၂၀၂၃ ခုနှစ်၊ မေလ နောက်ဆုံးအပတ်က ရောက်လာသည်ဟု ကိုသိုက်ထွန်းဦး၏ ပြောကြားချက်အရ သိရသည်။ ထိုသို့ရောက်ရှိလာသည့် အချိန်နှင့် ထိုစဉ်က အခြား မည်သည့်ထောင်ပြောင်းရွှေ့မှုမှ မရှိသောကြောင့် ၎င်းတို့သည် ဒိုက်ဦးထောင်မှ အကျဉ်းသားများ ဖြစ်နိုင်ကြောင်း ပြောသည်။
သို့သော် ထိုသို့အကျဉ်းသားများ ရောက်ရှိလာသည့် သတင်းကို ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ပျောက်ဆုံး အကျဉ်းသားများ၏ မိသားစုများသည် အင်းစိန်ထောင်နှင့် သာယာဝတီထောင်သို့ သွားရောက် စုံစမ်းသော်လည်း ထောင်အာဏာပိုင်များထံမှ မည်သည့်သတင်းမှ မရပေ။
မိသားစုဝင်များသည် နေ့စဉ် စိုးရိမ်ပူပန် ထိတ်လန့်စွာနေရကြောင်း ပဲခူတိုင်းအရှေ့ပိုင်း နိုင်ငံရေး အကျဉ်းသားများ အဖွဲ့မှ ကိုဘိုတောက်က ပြောသည်။ လက်ရှိအချိန်အထိ ၎င်းတို့အဖွဲ့သည် ပျောက်ဆုံးအကျဉ်းသားများ သို့မဟုတ် အင်းစိန်ထောင်သို့ရောက်လာသည်ဆိုသည့် အကျဉ်းသားများနှင့် ပတ်သက်ပြီး မည်သည့်သတင်းမှ မရကြောင်း ပြောသည်။
မီဒီယာသို့ ပြောကြားခြင်းအတွက် လက်စားချေခံရမည်ကို စိုးရိမ်သောကြောင့် သတ်ဖြတ်ခံရသည့် မည်သည့် နိုင်ငံရေးအကျဉ်းသား၏ မိသားစုကမှ ဧရာဝတီသို့ ထိုသေဆုံးမှု ပျောက်ဆုံးမှုများအတွက် မှတ်ချက်ပေး ပြောကြားခြင်း မရှိပေ။ သို့သော် ပျောက်ဆုံးအကျဉ်းသားများ၏ မိသားစုဝင် နှစ်ဦးက ၎င်းတို့သည် မိသားစုဝင် အကျဉ်းသားနှင့် ပတ်သက်သည့် မည်သည့်သတင်းမှ မရကြောင်း ပြောသည်။
ထောင်ချခံထားရသော နိုင်ငံရေးအကျဉ်းသားများကို သတ်ဖြတ်ခြင်းသည် အဆိုးရွားဆုံး လူမဆန်မှုဖြစ်ကြောင်း ပျောက်ဆုံး အကျဉ်းသားများအနက် တဦး၏ မိသားစုနှင့် နီးစပ်သော သတင်းရင်မြစ်တခုက ပြောသည်။
ဘယ်သူ့တွင် တာဝန်ရှိသနည်း
ထိုအမှုတွင် မည်သူ အမိန့်ပေးသည်၊ သတ်ဖြတ်မှု၊ လက်စဖျောက်မှုအား မည်သူကျူးလွန်သည်ကို ရှင်းလင်းတိကျစွာ မသိရသေးသော်လည်း တာဝန်ရှိသည်ဟု သတ်မှတ်နိုင်သူအချို့ကို ဖော်ထုတ်နိုင်သည်။ ထို့အပြင် ဧရာဝတီက တွေ့ဆုံမေးမြန်းခဲ့သော သတင်းရင်းမြစ်များနှင့် ရရှိသော စာရွက်စာတမ်းများအရ ထောင်ဝန်ထမ်းများကို ထိန်းချုပ်သည့် စစ်ကောင်စီတပ်များနှင့် ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူသည် ထိုအမှုတွင် ပတ်သက်နေကြောင်း ပြသနေသည်။
ပထမဆုံးအချက်မှာ စစ်တပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနကို အပြည့်အဝ ထိန်းချုပ်ထားသည့် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်သည် ဒိုက်ဦးထောင်မှ ထိုနိုင်ငံရေး အကျဉ်းသားများကို သတ်ဖြတ်မှု၊ လက်စဖျောက်မှုအတွက် လုံးဝတာဝန်ရှိသည်။
ထို့ပြင် နိုင်ငံရေး အကျဉ်းသားများကို စစ်တပ်စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားသောကြောင့် ပဲခူးအခြေစိုက် စစ်တပ် တပ်မ ၇၇ မှ စစ်ကောင်စီ စစ်သားများနှင့် စစ်ဘက်ရေးရာ လုံခြုံရေးအကြီးအကဲရုံး (စရဖ) ၏ ပဲခူးမှ စစ်ထောက်လှမ်းရေး စစ်သားများ အမှုတွင် ပါဝင်ပတ်သက်သည်ဟု နိုင်ငံရေးအကျဉ်းသား အခွင့်အရေး လှုပ်ရှားသူများနှင့် သတင်းရင်းမြစ်များက ယူဆသည်။
စစ်ကောင်စီ၏ ထိုစဉ်က ပြည်ထဲရေးဝန်ကြီး၊ အကျဉ်းဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့ကို တာဝန်ခံသည့် ဒု ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ထိုအမှုတွင် တာဝန်အမြင့်မားဆုံးရှိပြီး သူ၏ ခွင့်ပြုချက်မရဘဲ သတ်ဖြတ်မှု၊ လက်စဖျောက်မှုကို မလုပ်နိုင်ကြောင်း AAPP မှ ကိုအောင်မျိုးကျော်က ပြောသည်။
ထို့အပြင် အဆင့်အဆင့် အမိန့်ပေးခဲ့သော စစ်ကောင်စီ အရာရှိများနှင့် ကိုယ်တိုင် ကျူးလွန်သူများသည်လည်း ၎င်းတို့လုပ်ရပ်များအတွက် တာဝန်ရှိသည်။
“စစ်ကောင်စီက ခွင့်ပြုခဲ့တဲ့အတွက် စစ်ကောင်စီလည်း ဒီနိုင်ငံရေးအကျဉ်းသားတွေကို သတ်ဖြတ်မှုမှာ တာဝန်ရှိတယ်” ဟု ၎င်းကပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးဌာနသည် စစ်တပ်၏ တိုက်ရိုက် ထိန်းချုပ်မှုအောက်တွင် လုပ်ငန်းလည်ပတ်သည်။ ထိုစဉ်က ပြည်ထဲရေးဝန်ကြီး စိုးထွဋ်သည် စစ်ကောင်စီအဖွဲ့ဝင်ဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရင်းနှီးသူဖြစ်သည်။
ထိုအမှုတွင် တာဝန်ရှိသူများသည် ထိုစဉ်က အကျဉ်းထောင် အရာရှိများဖြစ်သော ဆန်းအောင်၊ သိုက်ထွေး၊ မျိုးသီဟအောင်တို့တွင်လည်း တာဝန်ရှိကြောင်း PPN-Myanmar မှ ကိုသိုက်ထွန်းဦးက ပြောသည်။ ၎င်းတို့ ပါဝင်ပတ်သက်မှုကို ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ပဲခူးမှ ခရိုင်ရဲတပ်ဖွဲ့တွင် အဓိက တာဝန်ရှိကြောင်း ၎င်းကပြောသည်။ အကျဉ်းသား မိသားစုများထံ ပေးပို့သည့် သေဆုံးကြောင်း အကြောင်းကြားစာများတွင် ထောင်ပြောင်းရွှေ့စဉ် မော်တော်ယာဉ် မတော်တဆမှုများနှင့် သတိပေး ပစ်ခတ်သောကြောင့် အကျဉ်းသား သေဆုံးမှုများကို ပဲခူးခရိုင်ရဲတပ်ဖွဲ့ရုံးက သတင်းပို့သည်ဟု ဖော်ပြထားသည်။
“အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပေမယ့် အကျဉ်းဦးစီးဌာနက ဘယ်သူ့ကိုမှ အရေးယူပိတ်ဆို့တဲ့ စာရင်းမှာ မထည့်သွင်းသေးတာ ဝမ်းနည်းစရာပဲ” ဟုလည်း ကိုသိုက်ထွန်းဦးက ပြောသည်။
တွေ့ဆုံမေးမြန်းမှုများ၊ ရရှိသော စာရွက်စာတမ်းများမှ အချက်အလက်များအရ ဒိုက်ဦးထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးကို သတ်ဖြတ်မှုများနှင့် လက်စဖျောက်မှုများ နောက်ကွယ်မှ ဖြစ်နိုင်ခြေရှိသော အမိန့်ပေးကွင်းဆက်ကို အောက်ပါအတိုင်း ဖော်ပြနိုင်သည်။
ဒိုက်ဦးထောင်အမှုသည် ၎င်းတို့အဖွဲ့ ရင်ဆိုင်ရသည့် အဆိုးရွားဆုံး ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ကြောင်း FPPS မှ ဦးထွန်းကြည်က ပြောသည်။
“အပြစ်ပေး အရေးယူမခံရဘဲ နိုင်ငံတကာအသိုက်အဝန်းကလည်း နှုတ်ဆိတ်နေရင် စစ်ကောင်စီက အလားတူ အမှုတွေ ဆက်လက်ကျူးလွန်နေလိမ့်မယ်။ သူတို့ကို သားသတ်လိုင်စင် ထုတ်ပေးတာနဲ့ အတူတူပဲ” ဟု ၎င်းကပြောသည်။
နိုင်ငံရေး အကျဉ်းသားများကို သတ်ဖြတ်ခြင်းဖြင့် ပြည်တွင်း ဥပဒေများကိုသာမက နိုင်ငံတကာဥပဒေများကို ဗြောင်ကျကျ ချိုးဖောက်ခြင်းမှ ၎င်းတို့ကို တားဆီးရန်အတွက် စစ်ကောင်စီ အပြစ်ကင်းလွတ်နေခြင်းကို အဆုံးသတ်ရန် အရေးကြီးကြောင်း AAPP မှ ကိုအောင်မျိုးကျော်နှင့် PPN-M မှ ကိုသိုက်ထွန်းဦးတို့ကလည်း ပြောသည်။
“စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် အပြစ်ကင်းလွတ်ခွင့် ရနေတာကို အဆုံးသတ်ပြီး ကျဆုံးသွားတဲ့ ကျနော်တို့ ရဲဘော်တွေအတွက် တရားမျှတမှု ရှာဖွေရမယ်။ အခု စစ်ကောင်စီ ဖမ်းဆီးထားသူတွေမှာ ရှင်သန်ခွင့် မရဘဲ ဥပဒေမဲ့သတ်ဖြတ်ခံရမယ့် အန္တရာယ် ကျရောက်နေတယ်” ဟု ၎င်းတို့က ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ခင်နဒီ၏ Vanished: What Happened to 37 Prisoners Taken From Myanmar’s Daik-U Prison? ကို ဘာသာပြန်သည်။)