ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ထိန်းချုပ်ရာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ မတ်လအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ လေကြောင်းကနေတိုက်ခိုက်တာကြောင့် ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် ကိုးဦး သေဆုံးခဲ့တယ်လို့ KNU တပ်မဟာ ၅ က ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မတ်လအတွင်း စစ်ကောင်စီတပ်တွေနဲ့ KNU တပ်မဟာ ၅ လက်အောက်ခံတပ်တွေအကြား နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အရပ်သားတွေနေထိုင်တဲ့ ရွာတွေနဲ့ တောင်ယာလုပ်ငန်းခွင်တွေအတွင်း လက်နက်ကြီးနဲ့ ၄၂ လုံးပစ်ခဲ့သလို ဒရုန်းတွေ၊ တိုက်လေယာဉ်တွေနဲ့ ဗုံးအကြီးအငယ် စုစုပေါင်း တစ်ထောင့်ငါးရာနီးပါး ကြဲခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါးနဲ့ ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် စုစုပေါင်း အရပ်သား ကိုးဦးသေဆုံးခဲ့သလို ဘုန်ကြီးတစ်ပါးနဲ့ အရပ်သား ၃၀ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ပြောထားပါတယ်။

မတ်လအတွင်း တိုက်ပွဲတွေကြောင့် တပ်မဟာ ၅ နယ်မြေ ဖာပွန်ဒေသမှာ အရပ်သား တစ်ထောင့်ခြောက်ရာကျော် (၁,၆၂၄ ဦး) ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်နှစ်ဦးအပါအဝင် ၄၂ ဦးသေဆုံးခဲ့ပြီး ၅၅ ဦး ထိခိုက်ဒဏ်ရာရသလို KNU ဘက်ကလည်း ရှစ်ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ စစ်ကောင်စီနဲ့ KNU တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတဲ့ အရေအတွက်ကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မတ်လ ၂၈ ရက်နေ့ကစပြီး ဖာပွန်မြို့ကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားပါတယ်။

RFA Burmese

၂၀၂၄ ခုနှစ်၊ မတ်လ (၂၂)ရက်မှ (၃၁)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

မတ်လ (၂၂)ရက်မှ (၃၁)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီ တိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်၊ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ရဲစခန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ အကျဉ်းထောင်တို့တွင် စစ်အာဏာရှင်လက်အောက်ခံ အကျဉ်းဦးစီးဌာနက နိုင်ငံရေး အကျဉ်းသား များကို အာဏာပြခြိမ်းခြောက်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြောင့် ၁ဦး သေဆုံးခဲ့ရပြီး ၁၈ ဦးကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်က ရခိုင်ပြည်နယ် အမ်းထောင်မှ အကျဉ်းသားများကို အင်းစိန်ထောင်သို့ လည်းကောင်း နှင့် ဘူးသီးတောင်ထောင်မှ အကျဉ်းသားများကို စစ်တွေထောင်သို့ လည်းကောင်း ရွှေ့ပြောင်းခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး တို့မှ လူငယ်များ နှင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို စစ်မှုထမ်းရန် အတွက် ခေါ်ဆောင်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၂၀)နီးပါး သေဆုံးခဲ့ပြီး (၇၀)နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက် မှု များကြောင့် အသက်မပြည့်သူ (၃)ဦး သေဆုံးခဲ့ရပြီး (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၂)ဦး သေဆုံးခဲ့ရပြီး (၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ မြန်မာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေကို မတ်လ ၂၅ ရက်က ပေးအပ်ခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

လူနှစ်သောင်းခန့်အတွက် ဆန်၊ ရိက္ခာခြောက်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေ အပါအဝင် ကယ်ဆယ်ရေးအိတ် လေးထောင်ကျော်ကို မြဝတီခရိုင် မြန်မာကြက်ခြေနီအဖွဲ့ဆီ လွှဲပေးခဲ့တာပါ။

ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ ကြက်ခြေနီအသင်းတွေပေါင်းပြီး လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာ အတည်ပြုခဲ့တာပါ။ အဲဒီနောက် ထိုင်းဘက်က အကူအညီပေးရေးလုပ်ငန်းတွေ စတင်လာတာဖြစ်ပါတယ်။

ဒီအကူအညီတွေကို ကရင်ပြည်နယ်အတွင်း စတင် ဖြန့်ဖြူးပေးမှာ ဖြစ်ပါတယ်။

အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA Centre) ကလည်း ဒေသခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လူသားချင်းစာနာမှုအကူအညီတွေ ထိထိရောက်ရောက်ပေးနိုင်ဖို့ ကူညီသွားမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ ကရင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းနီးပါး ရှိပါတယ်။

RFA Burmese

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ချောင်းရိုးရွာကို စစ်ကောင်စီပူးပေါင်းတပ်က မတ်လ ၂၂ ရက်ကနေ ၂၃ ရက် အထိ နှစ်ရက်ကြာ ဝင်ရောက်စီးနင်းပြီးနောက် အမျိုးသားလေးဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ ချောင်းရိုးရွာသား အသက် ၄၃ နှစ်အရွယ် ဦးမိုးဝင်း၊ အသက် ၄၄ နှစ်အရွယ် ဦးအောင်ကျော်ဦးနဲ့ ကာကွယ်ရေးအဖွဲ့ဝင် အသက် ၄၁ နှစ်အရွယ် ဦးစိုးသူ၊ အသက် ၁၇ နှစ်အရွယ် ကိုဝေဖြိုးအောင်တို့ ဖြစ်ပါတယ်။

စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့မှာ အင်အား တစ်ရာကျော်ပါဝင်တယ်လို့ ချောင်းရိုးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာသား နှစ်ယောက်လုံးက ၂၂ ရက်နေ့က သတ်ခံရတာ။ တစ်ယောက်က ခေါင်းဖြတ်အသတ်ခံရတာ၊ နောက်တစ်ယောက်ကိုကျ ကြိုးတုပ်၊ လည်ပင်းကို ဓားနဲ့လှီးသတ်သွားတာ။ ကျန်တဲ့ နှစ်ယောက် ရဲဘော်နှစ်ဦးလို့ ပြောတယ်။ ချောင်းရိုးရွာ အစပ်နားမှာ ပစ်သတ်ခံရတာ”

ရုပ်အလောင်းတွေကို မတ်လ ၂၄ ရက်မနက်မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

ဒီ့အပြင် ချောင်းရိုးရွာ နဲ့ ဖမ်းခါးဇဉ်ရွာက အဆောက်အအုံ ၁၂ လုံးကို မီးရှို့ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။

တန့်ဆည်မြို့နယ်နဲ့ ရေဦးမြို့နယ်အစပ်မှာရှိတဲ့ ချောင်းရိုးရွာမှာ အိမ်ခြေ လေးရာကျော် ရှိပါတယ်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် ချောင်းရိုးရွာကို ဝင်ရောက်စီးနင်းတာ သုံးကြိမ်ရှိပါပြီ။၂၀၂၂ ခုနှစ် မတ်လနဲ့ မေလတွေတုန်းကလည်း ဝင်ရောက်စီးနင်းမီးရှို့ခဲ့လို့ နေအိမ် ၂၈၀ ကျော် ပျက်စီးခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၂၂ရက်နေ့စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခံရသူ ၄၇၇၁ ဦး ရှိပါတယ်။

RFA Burmese

၂၀၂၄ ခုနှစ်၊ မတ်လ (၁၅)ရက်မှ (၂၁)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

မတ်လ (၁၅)ရက်မှ (၂၁)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်း များ ပြုလုပ် ခဲ့သည်။ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးအကျဉ်းထောင်၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ထောင်၊ မကွေးတိုင်း ဒေသကြီး ဂန့်ဂေါ ရဲစခန်းနှင့် မကွေးထောင်တို့တွင် စစ်အာဏာရှင်လက်အောက်ခံ အကျဉ်းဦးစီးဌာနက နိုင်ငံရေး အကျဉ်းသား များကို အာဏာပြခြိမ်းခြောက်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံ၏ နေရာ ဒေသ အနှံ့တွင် စစ်အာဏာရှင်တပ်သားများ နှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှုးများက စစ်မှုထမ်းရန် အတွက် သတ်မှတ် အသက်ပြည့် သူများကို အတင်းအဓမ္မ ဖိအားပေးခြင်း၊ ငွေကြေးတောင်းခံခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်ကာ စည်းရုံး သိမ်းသွင်း မှုများ ပြုလုပ်လျှက်ရှိသည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၆၀)ကျော် သေဆုံးခဲ့ပြီး (၆၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှု များကြောင့် အသက်မပြည့်သူ (၃)ဦး သေဆုံးခဲ့ရပြီး (၆)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ် က ရိုဟင်ဂျာများကို ရခိုင့်တပ်တော် (Arakan Army – AA) အား ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ရန် ဖိအားပေး စေခိုင်း မှုများ ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်မှာ နောက်ထပ်လူမျိုးရေးပြဿနာမဖြစ်အောင် တားဆီးကာကွယ်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က မတ်လ ၁၈ ရက်မှာ ကြေညာချက်ထုတ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေကြီးလာတာဟာ လူတွေကို အိုးအိမ်စွန့်ခွာထွက်ပြေးဖို့ဖြစ်စေသလို၊ နဂိုကတည်းကရှိနေတဲ့ လူ့အဖွဲ့အစည်းရဲ့အားနည်းချက်တွေ၊ ခွဲခြားဆက်ဆံမှုတွေကို ပိုဖြစ်လာစေတယ်လို့လည်း အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထောက်ပြပါတယ်။

မြန်မာပြည်မှာ တောက်လျှောက်ဖြစ်နေတဲ့ ပဋိပက္ခတွေ၊ ယိုယွင်းပျက်စီးနေတဲ့အခြေအနေတွေကို စိုးရိမ်ပူပန်နေသလို၊ အကြမ်းဖက်မှုပုံစံအားလုံးကို ပြစ်တင်ရှုတ်ချတယ်လို့ ဆိုပါတယ်။

လူသားချင်းစာနာမှုတွေ ကူညီထောက်ပံ့နေတဲ့ ဝန်ထမ်းတွေအပါအဝင် အရပ်သားအားလုံးကို နိုင်ငံတကာဥပဒေနဲ့အညီ ကာကွယ်ပေးဖို့ကိုလည်း အတွင်းရေးမှူးချုပ်က တောင်းဆိုထားပါတယ်။

ရိုဟင်ဂျာတွေအပါအဝင် လူငယ်တွေကို ဖမ်းဆီးထိမ်းသိမ်းတာ၊ အဓမ္မစစ်သားစုဆောင်းနေတာ၊ စစ်မှုမထမ်းမနေရဥပဒေကြောင့် လူ့အသိုင်းအဝိုင်းကြားမှာရိုက်ခတ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်လာမှာကိုလည်း စိုးရိမ်ပူပန်နေတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအပြင် အိမ်နီးချင်းနိုင်ငံတွေကိုထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ကာကွယ်ကူညီဖို့အပါအဝင် မြန်မာ့အရေးကို နိုင်ငံတကာရော၊ ဒေသတွင်းနိုင်ငံတွေကပါ အလေးပေးဆောင်ရွက်ကြဖို့ကိုလည်း မစ္စတာ ဂူးတားရက်စ်က တောင်းဆိုလိုက်ပါတယ်။

RFA Burmese