ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ရခိုင်စစ်ပွဲကြားက ရိုဟင်ဂျာတွေကို နိုင်ငံတကာ ကာကွယ်ပေးဖို့ တောင်းဆို
ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်နေတဲ့ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့ကြားတိုက်ပွဲတွေအတွင်း ရိုဟင်ဂျာတွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အကာအကွယ်ပေးဖို့ ရိုဟင်ဂျာ တရားမျှတရေး ကြိုးပမ်းတဲ့အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အမြန်ဆုံးစုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို အမြန်ဆုံးအရေးယူဖို့ မတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။
စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေအတွင်း ရိုဟင်ဂျာအယောက် တစ်ရာကျော်သေဆုံးခဲ့ရပြီး ရိုဟင်ဂျာအယောက် ၂ဝဝ ကျော် ဒဏ်ရာရခဲ့တဲ့အပြင် ရာနဲ့ချီ မတရားဖမ်းဆီးခံနေရတယ်လို့ ရိုဟင်ဂျာတရားမျှတရေး ကြိုးပမ်းတဲ့အဖွဲ့က ထောက်ပြထားပါတယ်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သာဒါ ရိုဟင်ဂျာရွာထဲကို မတ်လ ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ရိုဟင်ဂျာ ၂၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ၃၃ ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားပါတယ်။
တိုက်ပွဲကြားမှာနေနေရတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံတကာအနေနဲ့ အကာအကွယ်နဲ့ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့တွေပေးဖို့လည်း တောင်းဆိုထားပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာတရားရုံး ICJ က ချမှတ်ထားတဲ့ အချက်တွေကို လိုက်နာဖို့လိုပြီး၊ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေရပ်သွားအောင် လုပ်ဖို့လိုတယ်လို့လည်း ပြောထားပါတယ်။
RFA Burmese
မင်းပြားမြို့နယ်၊ တိုင်းဗဟို ၉ မှ ထွက်ပြေးလာသော စစ်တပ်က သားဖြစ်သူ လူငယ်များကို မျက်စိ ရှေ့တင် နှိပ်စက်သတ်ဖြတ်ခဲ့ဟု ဖခင်ဖြစ်သူ ဦးမောင်ခင်ရွှေနှင့် ဦးမောင်သန်းမြင့်တို့က ပြောဆို
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ တိုင်းဗဟို ၉ မှ ထွက်ပြေးသွားကြသော အကြမ်း ဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ၎င်းတို့၏ သားများကို မျက်စိရှေ့ တင် နှိပ်စက်ညှင်းပန်းကာ ပစ်သတ်လိုက် ကြောင်း ရခိုင့်တပ်တော်၏ ကယ်ထုတ် မှုကြောင့် လွတ်မြောက်လာသော စပါးထားရွာသား ဖခင်များဖြစ်ကြသည့် ဦးမောင်ခင်ရွှေနှင့် ဦးမောင်သန်း မြင့် တို့က ပြောကြားသည်။
မင်းပြားမြို့နယ်၊ တိုင်းဗဟို (၉) မှ ထွက်ပြေးသွားကြသောအ ကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံနေရချိန် ရက္ခိုင့်တပ်တော်က ကယ် တင်၍ အသက်ရှင်လွတ်မြောက်လာခဲ့ရသူ ဖခင်ဖြစ်သူ ဦးမောင်ခင်ရွှေနှင့် ဦးမောင်သန်းမြင့်တို့က ယင်းသို့ ပြောဆိုကြခြင်းဖြစ်သည်။
မင်းပြားမြို့နယ်၊ တိုင်းဗဟို ၉ မှ ထွက်ပြေးသွားသည့် အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်း၌ တွေ့ရှိသည့် ပြည်သူများကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ် ဆောင်သွားကာ အထုပ်ထမ်းခိုင်းခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ကျနော့်သားနှစ်ယောက်ကို သတ်လိုက်ကြပါတယ်၊ သားတစ်ယောက်၊ သမက်တစ်ယောက်ပါ။ ကျနော့်ကိုလည်း သူတို့နဲ့အတူတူ နောက်တစ်နေ့မှာ သတ်ဖို့လုပ်ထားပါတယ်၊ နောက်တနေ့ သတ်မယ့်အချိန်ရောက်လာပေမယ့် မသတ်ဖြတ်ခဲ့ပါ။ မသတ်ဖြစ်လိုက်တာက နောက်တနေ့ ဆက်သွားတဲ့အခါ နွားတစ်ကောင်နဲ့တွေ့ပါတယ်။ နောက်တနေ့ သတ်မယ့်အချိန်မှာလည်း နွား တစ်ကောင်နဲ့ ကျွဲတစ်ကောင် တောင်ပေါ်ကလာတာတွေ့တဲ့အတွက် ကျနော်တို့ကို မသတ်ဖြစ် လိုက်တာပါ၊ ကျနော်တို့ကို မသတ်ဘဲ အဲဒီနေ့ ညနေ ကျွဲနဲ့နွားကို သတ်ပြီးတော့ ကင်ကြပါတယ်။ ဗိုလ်မှူးအဘဆိုတဲ့သူကို ရှေ့တန်းပွိုင့်သမားက “အဘ နွားတစ်ကောင်နဲ့ ကျွဲတစ်ကောင်တော့ ရထားပြီ။ လူ ၁၀ ယောက်ကို ဘယ်လိုလုပ်မလဲ၊ ဘယ်သူ့ကို အရင်သတ်မလဲ မေးပါတယ်။” ကို ဦးမောင်ခင်ရွှေက အတွေ့အကြုံကို ပြောပြသည်။
အလားတူ စစ်တပ်က ဖမ်းဆီးခဲ့သော ဦးမောင်သန်းမြင့်၏ သားဖြစ်သူ မောင် ဦးကျော်ဝင်းကိုလည်း စစ်တပ်က ဖတ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ မိုးမလင်းခင်ကတည်းက လက်နောက်ပြန်ကြိုးတုတ်ကာ ထမင်းမကျွေးဘဲ ချည်နှောင်ထားခဲ့ကြောင်း၊ ပတ်ပတ်လည်တွင် ကျည်ထိုးပြီး ဝိုင်းထားကာ အိပ်စောင့်နေကြကြောင်း၊ နံနက်အစောပိုင်း ၄ နာရီခွဲ ၅ နာရီခန့်တွင် ရခိုင့်တပ်တော်၏ ကယ်တင်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။
“ကျနော့်သားကိုလည်း ကျနော့်လိုပဲ ရိုက်နှက်ကြပါတယ်၊ ကျနော့်ရှေ့မှာတင် ပုံစံအမျိုးမျိုးနဲ့ ရိုက် နှက် ပါတယ်၊ ကျနော့်သားကို ရိုက်နှက်တာတွေ ကျနော် လုံးဝမကြည့်ရက်ခဲ့ပါဘူး၊ ကျနော့်သားလေး ဟာ ဒီနှစ်မှ အသက် ၁၈ နှစ်ပြည့်တာပါ။ နာမည်က ဦးကျော်ဝင်းပါ။ ကျနော့်သားလေးကို ကျနော့် ရှေ့မှာတင် ရက်ရက်စက်စက် ရိုက်နှက်နေတာတွေကို ကျနော် မျက်ရည်စက်လက်နဲ့ ကြည့်နေခဲ့ ရပါတယ်။ ကျနော့်သားလေးကို ထမင်းမကျွေးကြပါဘူး၊ ဒီလောက်ချမ်းလွန်းတဲ့အချိန်တောကြီး မျက်မည်းထဲမှာ လက်ပြန်ကြိုးတုတ်၊ ရိုက်နှက်ယူဆောင်လာပြီးတော့ နောက်မှာ ကျနော့်သားလေး ပစ်သတ်ခံလိုက်ရပါတယ်” ဟု ဦးမောင်သန်းမြင့်က ထွက်ဆိုထားသည်။
လူသတ်မှု၊ နှိပ်စက်ညှင်းပန်းမှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီကို ရခိုင့်တပ်တော်အနေဖြင့် ထိထိရောက်ရောက်အရေးယူပေးစေလိုကြောင်း ၎င်းတို့နှစ်ဦးစလုံးက တောင်းဆိုထားသည်။
ဓားစာခံပြည်သူများကို သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် တိုင်းဗဟို ၉ မှ အုပ်ချုပ်ရေးဌာနမှူး ဒုတိယဗိုလ် မှူး ကြီး ရဲထွဋ်ဝင်းပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရခိုင့်တပ်တော်က မတ်လ ၈ ရက် နံနက် ၆ နာရီ မိနစ် ၃၀ အချိန်တွင် အသေဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ရခိုင်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
Khit Thit Media
ကလေးမြို့နယ် နန်းစောင်းပုရွာမီးရှို့ခံရပြီး ဒေသခံတချို့ ပိတ်မိနေ
စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်းက နန်းစောင်းပုရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က မတ်လ ၁၄ ရက် ညပိုင်းမှာ ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီး ရွာမှာရှိတဲ့ ဒေသခံတချို့လည်း ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကံကြီးရွာနဲ့ ကံသာယာရွာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာစဉ် နန်းစောင်းပုရွာအနီးမှာ မတ်လ ၁၃ ရက်က တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် အဲဒီရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က အဲဒီရွာနားမှာ ထိတွေ့မှုရှိတယ်။ စကစဘက်က ကျတာရှိတယ်၊ ဒါကြောင့် အခုလို မီး၀င်ရှို့တာ။ ရွာက ဒေသခံတွေက တိုက်ပွဲတွေ စကတည်းက ပြေးကြပြီ။ ရွာထဲမှာ မပြေးဘဲနေခဲ့တဲ့ ဒေသခံနည်းနည်းတော့ ပိတ်မိနေတယ်လို့ ကြားတယ်”
အိမ်ခြေ ခြောက်ဆယ်ခန့်ရှိတဲ့ အဲဒီရွာမှာ မီးလောင်သွားတဲ့ နေအိမ်တွေနဲ့ ပိတ်မိနေတဲ့ ဒေသခံအရေအတွက် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
မတ်လ ၁၄ ရက် တစ်ရက်တည်းမှာပဲ ကလေးမြို့နယ် လက်ပံချောင်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA Burmese
နိုင်ငံရေးအကျဉ်းသား သေဆုံးမှုများတဲ့ ဒိုက်ဦးထောင် နာမည်ဆိုးနဲ့ကျော်လာ
ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နဲ့ မိုင် ၂၀ ခန့်အကွာ၊ လူနေရပ်ရွာတွေနဲ့ ဝေးကွာတဲ့ ပဲခူးရိုးမ တောင်ခြေမှာ တည်ဆောက်ထားတဲ့ ဒိုက်ဦးဗဟိုအကျဉ်းထောင်မှာ ၂၀၂၃ ခုနှစ် မေလကနေ ၂၀၂၄ ခုနှစ် မတ်လအထိ တစ်နှစ်နီးပါးအတွင်း သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၅ ဦးအထိရှိနေပါတယ်။ ဒီနှစ် ဖေဖော်ဝါရီနဲ့ မတ်လအတွင်း နိုင်ငံရေးအကျဉ်းသားနှစ်ဦး ဆက်တိုက် သေဆုံးခဲ့တာပါ။
သေဆုံးသူနှစ်ဦးဟာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ အသက် ၆၄ နှစ်အရွယ် ဦးခင်စိုးနဲ့ အသက် ၆၈ နှစ်အရွယ် ဦးအေးဝင်းတို့ဖြစ်ပြီး သူတို့ဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုအပြည့်အ၀မရလို့ သေဆုံးခဲ့တာလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဦးခင်စိုးဟာ သားဖြစ်သူကို ဖမ်းမမိလို့ စစ်ကောင်စီတပ်က သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဦးခင်စိုး ကျန်းမာရေးဆိုးရွားနေတယ်ဆိုတာကို ကြိုတင်သတင်းကြားသိခဲ့ရပေမယ့် သူ့အတွက်ကူညီခွင့်မရဘဲ သေဆုံးသွားရတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ကျန်းမာရေးဆိုးရွားတယ်ဆိုတာကိုသိတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဘာမှလည်း လုပ်ပေးလို့မရဘူး။ ဆေးကုသခွင့်ခံယူလို့မရဘူးဗျာ။ မရတဲ့အချိန်မှာ ကျွန်တော့်မိတ်ဆွေ တစ်ယောက်က ပြောတယ်။ သတင်းဌာနကနေ ဒီလိုမျိုးပြောကြည့်ပါလားလို့ ဆိုပြီးတော့ အဲဒီလိုပြောလိုက်ရင် ကျန်တဲ့မိသားစုကို ဒုက္ခပေးမှာစိုးလို့ ကျွန်တော်တို့မှာ ရေငုံနှုတ်ပိတ်နေခဲ့ရတယ်”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ဦးအေးဝင်းကတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) အပါအဝင် ပုဒ်မ နှစ်ခုနဲ့ ဒိုက်ဦးထောင်မှာ ထောင်ဒဏ် ရှစ်နှစ် ကျခံနေရတာပါ။
ဒိုက်ဦးအကျဉ်းထောင်မှာပဲ အကျဉ်းကျနေစဉ် သေဆုံးသူတွေထဲမှာ ပဲခူးတိုင်း ဝေါမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ဒီလည်း ပါပါတယ်။
အသက် ၇၂ နှစ်အရွယ် ဦးမောင်ဒီဟာ ဖမ်းဆီးအကျဉ်းချခံထားရစဉ် အူမကြီးကင်ဆာရောဂါဝေဒနာကို ခံစားရပြီး လုံလောက်တဲ့ဆေးကုသခွင့်တွေ အချိန်မီမရခဲ့ဘူးလို့ ဦးမောင်ဒီရဲ့ မိတ်ဆွေတစ်ဦးက RFA ကို ပြောပါတယ်။
“ကိုမောင်ဒီက ပုဒ်မနှစ်ခုနဲ့ ထောင်ကျတယ်။ နောက်ပုဒ်မကို အမှုရင်ဆိုင်နေတဲ့အချိန်မှာပဲ ထောင်ထဲမှာ အူမကြီးကင်ဆာလို့ပြောတယ်။ သူ့မိသားစုတွေကတော့ အကုန်လုံးအမျိုးတွေကစ ပြေးနေရတာ။ ဘာလို့ဆိုတော့ အကုန်လုံးဖမ်းတာကိုး။ အကုန်လုံးလိုက်ဖမ်းတဲ့အခါကျတော့ မိသားစုတွေရော၊ အမျိုးတွေရော အိမ်ပါ ချိပ်ပိတ်ထားတယ်လေ။ အကုန်လုံး ကစဉ့်ကလျားတွေပြေး အကုန်လုံးဒုက္ခရောက်ကြတယ်”
ဦးမောင်ဒီဟာ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့ ညပိုင်းမှာ သေဆုံးခဲ့တာဖြစ်ပြီး သူမဆုံးခင် တစ်ရက်အလို ဇူလိုင် ၁၆ ရက်နေ့ကတော့ နိုင်ငံရေးအကျဉ်းသား ကိုအောင်စိုးမိုး (ခ) ကိုမဲလုံးဟာ ဒိုက်ဦးအကျဉ်းထောင်တွင်းမှာပဲ လုံလောက်တဲ့ဆေးကုသခွင့်တွေမရဘဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒိုက်ဦးအကျဉ်းထောင်ဟာ အကျဉ်းသားတစ်ထောင်ခန့်ကို ထားနိုင်ဖို့ ရည်ရွယ်ဆောက်လုပ်ခဲ့တဲ့ ဗဟိုအဆင့် အကျဉ်းထောင်တစ်ခုဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ် ဩဂုတ်လမှာ အကျဉ်းသား တစ်ရာခန့်ကို စတင်ပြောင်းရွှေ့ခဲ့တဲ့ အကျဉ်းထောင်သစ်တစ်ခုလည်း ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်မှာတော့ ထောင်အာဏာပိုင်တွေက ကျန်းမာရေးအတွက် ဆေးဝါးတွေသွင်းခွင့်မပေးတာ၊ ထောင်ဆေးရုံကလည်း ရှိတဲ့ဆေးဝါးကို အလုံအလောက်ထုတ်မပေးဘဲ အကျဉ်းသားတွေကို ဖိနှိပ်ခဲ့တယ်လို့ အဲဒီအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာသူတွေက ပြောပါတယ်။
ခါးအာက်ပိုင်းချည့်သွားတာကြောင့် ထောင်ပြင်ပဆေးရုံမှာ ဆေးကုခွင့်တောင်းခဲ့ပေမယ့် ထောင်အာဏာပိုင် တွေက ခွင့်မပြုခဲ့လို့ ထောင်ဆေးရုံမှာပဲ ငါးလကြာဆေးကုသခဲ့ရတယ်လို့ ဒိုက်ဦးအကျဉ်းထောင်က ပြန်လည် လွတ်မြောက် လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက RFA ကိုပြောပါတယ်။
“ကျွန်တော်တို့တင်ပြတဲ့အခါမှာလည်း အပြင်ကိုဆေးကုသခွင့်မပေးတာရှိတယ်။ ကျွန်တော်ကိုယ်တိုင် အောက်ပိုင်းချည့်သွားတဲ့အတွက် အပြင်ကိုဆေးကုသခွင့်တင်ခဲ့ပေမယ့် မရခဲ့ဘူး။ ထောင်ထဲမှာပဲ ဆေးရုံအဆောင်မှာ ငါးလလောက် ဆေးရုံတက်ခဲ့ရတယ် မလိုအပ်ဘဲနဲ့ပေါ့နော်။ အပြင်က ဘာဆေးမှ သယ်ယူခွင့်မပေးဘူး။ မိသားစုဆီက သောက်နေကျဆေးတွေ အကျဉ်းသားတွေကို ပေးပို့ခွင့်မပေးဘူး။ ထောင်ထဲမှာပဲရှိတဲ့ ပါရာစီတမော့တစ်မျိုးတည်းနဲ့ပဲ ဘာရောဂါပဲဖြစ်ဖြစ် ပေးတဲ့ ပါရာစီတမောတစ်မျိုးပဲ သောက်ပြီး နေခဲ့ရတာပေါ့နော်”
ဖမ်းဆီးခံရစဉ် စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန်နှိပ်စက်ခံရတဲ့ ဝေဒနာတွေကို ကုသဖို့ ထောင်တွင်းမှာ ဆေးဝါးလုံလုံလောက်လောက်မရခဲ့သလိုအစာရေစာမလုံလောက်တာကြောင့်လည်း နိုင်ငံရေး အကျဉ်းသားတွေဟာ အာဟာရချို့တဲ့တဲ့ ဒဏ်ကို ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေက ပြောပါတယ်။
ချွေးထွက်စေတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေကိုလည်း ထောင်ဖောက်ပြေးမယ်ဆိုတဲ့ သံသယနဲ့ မလုပ်ဖို့ တားမြစ်ထားတာကြောင့် နိုင်ငံရေးအကျဉ်းသားအများစုက ကိုယ့်ခန္ဓာချည့်နဲ့တဲ့ ရောဂါဝေဒနာကို ခံစားရတယ်လို့ ဆိုပါတယ်။
ဒိုက်ဦးအကျဉ်းထောင်မှာ အကျဉ်းသားတွေကို ထားဖို့အတွက် အမှတ်စဉ် (၁) ကနေ (၆) အထိရှိတဲ့ အဆောင်ခြောက်ခုနဲ့ သီးသန့်ဆောင်တစ်ခု စုစုပေါင်း ခုနစ်ခုရှိပါတယ်။ အမှတ် (၁) ကနေ (၄) အထိ အဆောင်တွေက အမျိုးသားဆောင်ဖြစ်ပြီး အမှတ်စဉ် (၆) အဆောင်ကတောတော့ အမျိုးသမီးဆောင် ဖြစ်ပါတယ်။
အမှတ်စဉ် (၅) ကတော့ ဆေးရုံဆောင်ဖြစ်ပြီး သီးသန့်ဆောင်မှာတော့ ထောင်ဒဏ် တစ်သက်နဲ့ ဒေသဒဏ်အကျဉ်းသားတွေကို ထားတယ်လို့ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို အမှတ် (၁) (၂) (၃) အဆောင်တွေမှာ တခြားရာဇဝတ်အကျဉ်းသားတွေနဲ့ ရောနှောထားပြီး နိုင်ငံရေးအကျဉ်းသူတွေကိုတော့ အမှတ် (၆) အဆောင်တစ်ခုတည်းမှာပဲ တခြားပြစ်မှု ကျခံနေရတဲ့ အမျိုးသမီးတွေနဲ့ ရောထားတယ်လို့ ဆိုပါတယ်။
အဲဒီမှာ ရာဇဝတ်အကျဉ်းသားတွေကို တန်းစီးလို့ခေါ်တဲ့ အခန်းလူကြီးတွေအဖြစ် ခန့်အပ်ထားပြီး နိုင်ငံရေးအကျဉ်းသားတွေက ထောင်တွင်း အလုပ်တွေမလုပ်ရဖို့ သူတို့ကိုငွေပေးရလေ့ရှိတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ရာဇဝတ်အကျဉ်းသားတွေနဲ့ ထောင်ဝန်ထမ်းတချို့ရဲ့ စီးပွားရေးဖြစ်တဲ့ ထောင်တွင်း မူးယစ်ဆေးဝါးတွေကို အတင်းအကျပ် ဝယ်ယူသုံးစွဲခိုင်းလေ့ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။
လွန်ဆန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တရားမဝင်ဖုန်းခိုးပြောတယ်၊ ထောင်ဖောက်ပြေးဖို့ တိုင်ပင်နေကြတယ် စတဲ့စွပ်စွဲချက်တွေနဲ့ ထောင်အာဏာပိုင်တွေဆီ တိုင်ကြားတာကြောင့် ထောင်ပြင်ထုတ်စစ်ဆေးခံရတာ၊ ရိုက်နှက်တိုက်ပိတ်ခံရတာနဲ့ နောက်ဆုံးသတ်ဖြတ်ခံရတဲ့ အခြေအနေတွေထိ ကြုံလာရတာလို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့ကတော့ ဒိုက်ဦးထောင်က နိုင်ငံရေးအကျဉ်းသား ၂၄ ယောက်ကို ထောင်အပြင်ခေါ်ပြီး စစ်ကြောရေးထပ်လုပ်တဲ့အခါ အသက် ၁၉ နှစ်အရွယ် ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကိုသန့်ဇင်ဝင်းနဲ့ နောက်ထပ် နာမည်မသိရသေးတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ယောက် သေဆုံးခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အဲဒီနောက် ၂၀၂၃ ခုနှစ် ဇွန်လမှာ ဒိုက်ဦးထောင်ကနေ ခေါ်ထုတ်ခံခဲ့ရပြီးနောက် ဘယ်ရောက်နေမှန်းမသိရဘဲ ပျောက်ဆုံးနေတဲ့ နိုင်ငံရေးအကျဉ်းသား ၃၇ ယောက်ရှိပြီး အဲဒီထဲမှာ ရှစ်ယောက်က သေဆုံးသွားတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
သေဆုံးသွားတဲ့သူတွေက ကိုဇင်ဝင်းထွဋ် (ခ) တရုတ်ကြီး၊ ကိုနေအေး (ခ) အာကာထက်ပိုင်မျိုး၊ ကိုရာလေး (ခ) ဇင်မြင့်ထွန်း၊ ကိုပြည့်ဖြိုးဟိန်း (ခ) ကိုပြည့်၊ ကိုဝေယံလွင် (ခ) ဂျာကြီး၊ ကိုခန့်လင်းနိုင် (ခ) ကိုခန့်၊ ကိုဘိုဘိုဝင်း (ခ) ထန်းတောကြီးနဲ့ ကိုအောင်မျိုးသူ တို့ဖြစ်တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သူတို့ကို ထောင်ပြောင်းတဲ့အချိန်၊ လမ်းမှာကားမှောက်တော့ ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် သေဆုံးသွားတဲ့အကြောင်း ကာယကံရှင်မိသားစုဆီ ထောင်အာဏာပိုင်တွေ အကြောင်းကြားတဲ့ စာကို RFA က ဖတ်ခွင့်ရခဲ့ပါတယ်။
အခုနှစ်ပိုင်းတွေအတွင်း နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်တဲ့နေရာမှာ ဒိုက်ဦးထောင်က အဆိုးဆုံးဖြစ်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
“ဒိုက်ဦးအကျဉ်းထောင်ဟာ သူတို့ရဲ့ နာမည်ဆိုးနဲ့ကျော်ကြားနေမှုကို သူတို့ဆက်လက်ထိန်းထားတာကို ကျွန်တော်တို့ မြင်ရတယ်။ အကျဉ်းသား ၃၇ ယောက် ထောင်ပြောင်းမရွှေ့ခံရခင်ကာလနဲ့ဆိုရင် လုံး၀ကိုမှ ပြောင်းလဲသွားတဲ့ အနေအထားဖြစ်တယ်။ အကျဉ်းသားတွေဟာ အကျဉ်းထောင်ထဲမှာ အရမ်းကိုမှကျပ်တယ်။ ပြီးတော့ ဖိနှိပ်ထားတာကို တွေ့ရတယ်။ ခေတ်သမိုင်းမှာ သာယာ၀တီထောင်က နာမည်ဆိုးတွေနဲ့ ကျော်ကြားတယ်။ အဲဒီလိုပဲ အင်းစိန်၊ မန္တလေးအိုးဘို၊ နောက်ပိုင်း မြင်းခြံတို့လိုက်လာတယ်ပေါ့။ ဒါပေမဲ့ လက်ရှိ ၂၀၂၃ နဲ့ ၂၀၂၄ အတွင်းမှာ အဆိုးဆုံးထောင်ကို ညွှန်ပြပါဆိုရင်တော့ နံပါတ် ၁ နေရာမှာ ချိတ်လာတာတော့ ဒိုက်ဦးအကျဉ်းထောင် ဖြစ်တယ်ပေါ့နော်”
လက်ရှိမှာလည်း အကျဉ်းထောင်အတွင်း စည်းရုံးလှုံ့ဆော်နိုင်တယ်လို့ ယူဆတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပစ်မှတ်ထားစောင့်ကြည့်တာ၊ စစ်ဆေးရေးဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထောင်ဝင်စာ အစားအသောက်တွေကို သွန်ပစ်တာ၊ ရိုက်နှက်နှိပ်စက်တာတွေ ဆက်ရှိနေတယ်လို့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ အကျဉ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။
အရင် RFA က ဆက်သွယ်မေးမြန်းစဉ်ကတော့ ထောင်ထဲမှာ အကျဉ်းသားတွေကို ဆေးကုခွင့်မပေးဘဲ ထားတာမရှိသလို အကျဉ်းထောင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းပဲ ဆောင်ရွက်နေတယ်လို့ ဦးနိုင်ဝင်းက ဖြေခဲ့ဖူးပါတယ်။
ဥပဒေနဲ့အညီ အကျဉ်းသား၊ အချုပ်သားတွေအပေါ် မှန်ကန်သင့်မြတ်တဲ့ အုပ်ချုပ်မှုစနစ်ကို ပြုပြင်ပြောင်းလဲသင့်ပြီလို့ ရန်ကုန်မြို့က ဥပဒေပညာရှင်တစ်ဦးက ပြောပါတယ်။
“နိုင်ငံရေးအကျဉ်းသားဆိုတဲ့လူတွေအပေါ်မှာ ဒီလိုဖိနှိပ်ချုပ်ချယ်နေတာသည် ဥပဒေနဲ့အညီမဟုတ်သလို လူမှုတရားမျှတရေးအရလည်း လက်ခံနိုင်ဖွယ်မရှိဘူး။ အခုလက်ရှိဖြစ်နေတာတွေရဲ့ အခြေခံအကြောင်းအရင်းကိုကြည့်ရင် မသမာသော အကျဉ်းထောင်အရာရှိတွေ ဝန်ထမ်းတွေရဲ့ မလျော်ကန်တဲ့ အပြုအမူတွေကြောင့် ဖြစ်လာတာလို့မြင်တယ်။ အဲဒီတော့ သူ့အထက်မှာရှိတဲ့ ညွှန်ကြားရေးမှူးချုပ်ရုံးတို့ ပြည်ထဲရေးဝန်ကြီးဌာနတို့က ဒါတွေကို ပြန်လည်စိစစ်ပြီးတော့ တည့်မတ်ထိန်းကျောင်းပေးဖို့လိုအပ်တယ်လို့ မှတ်ချက်ပြုချင်ပါတယ်”
အကျဉ်းထောင်တွေအတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို တခြားအကျဉ်းသားတွေနဲ့ ရောနှောထားတာမလုပ်ဖို့၊ ဆေးဝါးတွေ အလုံအလောက် သွင်းခွင့် ရဖို့နဲ့ ထောင်တွင်းမှာလည်း ဆေးဝါးတွေ အပြည့်အ၀ထားပေးဖို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက တောင်းဆိုနေကြပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တွင်းအလုပ်တွေခိုင်းစေတာ၊ ရောဂါပိုးကူးစက်လွယ်တဲ့ စအိုပေါက်နှိုက်စစ်ဆေးတာမလုပ်ဖို့နဲ့ ထောင်တွင်းမူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတာတွေကို တားမြစ်ပေးဖို့လည်း တောင်းဆိုကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ တစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွင်းသေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၄ ဦးရှိပြီး အဲဒီထဲမှာ ထောင်တွင်းအသတ်ခံရသူ ၁၈ ဦးနဲ့ ဆေးကုသခွင့်အပြည့်အ၀မရလို့ သေဆုံးရသူ ၁၆ ဦး ပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က စာရင်းပြုစုထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၁၄ ရက်နေ့အထိစာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ဆက်နွှယ်ပြီး ဖမ်းဆီးခံထားရသူ နှစ်သောင်းကျော် (၂၆,၂၄၂ ဦး) ရှိပြီး အဲဒီအထဲမှာ ကိုးထောင်နီးပါး (၈,၈၂၉ ဦး) က ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။
RFA Burmese
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊မတ်လ(၈)ရက်မှ (၁၄) ရက်နေ့ထိ)
၂၀၂၄ ခုနှစ်၊ မတ်လ (၈)ရက်မှ (၁၄)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
မတ်လ (၈)ရက်မှ (၁၄)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ကရင်ပြည်နယ် မြဝတီမြို့တွင် အင်တာနက်နှင့်ဆက်သွယ်ရေး လိုင်းများကို ဖြတ်တောက် ခံခဲ့ရသည်။ စစ်အာဏာရှင်တပ်သားများ၏ မီးရှို့သတ်ဖြတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး နှင့် မန္တလေး တိုင်းဒေသကြီးတို့မှ သက်ကြီးရွယ်အို (၃) ဦး မီးလောင် သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်က ရန်ကုန်တိုင်းဒေသကြီး နှင့် နေပြည်တော်တို့တွင် စစ်မှုထမ်းရန်အတွက် နာမည်နှင့် တကွ ဆင့်ခေါ်ခြင်းများ စတင် ဆောင်ရွက်ခဲ့သည်။
စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃၀)ကျော် သေဆုံးခဲ့ပြီး (၇၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှု များကြောင့် အသက်မပြည့်သူ (၃)ဦး သေဆုံးခဲ့ရပြီး (၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ် က စစ်မှုထမ်းရန်အတွက် ရိုဟင်ဂျာများကို အတင်းအဓမ္မခေါ်ဆောင်သွားပြီးနောက် (၉၇)ဦး သေဆုံးခဲ့ကြောင်း ပြန်လည် အကြောင်း ကြားခဲ့သည်။
Infogram
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊မတ်လ(၁)ရက်မှ (၇) ရက်နေ့ထိ)
၂၀၂၄ ခုနှစ်၊ မတ်လ (၁)ရက်မှ (၇)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
မတ်လ (၁)ရက်မှ (၇)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်။ ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အင်တာနက်နှင့် ဆက်သွယ် ရေးလိုင်းများကို ဖြတ်တောက်ခံခဲ့ရသည်။ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား (၁)ဦး ဆေးကုသခွင့် လုံလောက်စွာမရရှိခဲ့သောကြောင့် သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်သားများ၏ အဓမ္မပြုကျင့် သတ်ဖြတ်မှုကြောင့် မကွေးတိုင်းဒေသကြီးမှ အမျိုးသမီး(၂)ဦး သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်က နေပြည်တော် တွင် စစ်မှုထမ်းရန်အတွက် ပြည်သူများကို ခေါ်ဆောင်သွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး နှင့် ကရင်ပြည်နယ်တို့တွင် စာရင်းများ ကောက်ယူကာ ပြည်သူများကို စစ်မှုထမ်းရန်အတွက် အဓမ္မ စုဆောင်းရန် ပြင်ဆင်လျှက်ရှိသည်။
စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၁၀)ကျော် သေဆုံးခဲ့ပြီး (၃၀)နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှု များကြောင့် အသက်မပြည့်သူ (၁)ဦး သေဆုံးခဲ့ရပြီး (၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ပြည်သူ့စစ်မှုထမ်း ဥပဒေကြေညာပြီးနောက် စစ်အာဏာရှင်တပ်သားများကပြည်သူများကို နည်းလမ်းအမျိုးမျိုးဖြင့် အာဏာပြခြိမ်းခြောက် ကာ ငွေကြေးတောင်းခံ မှုများ ပြုလုပ်လျှက်ရှိသည်။
Infogram