စစ်ကောင်စီက ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေကို အတင်းအဓမ္မ စစ်သားစုဆောင်းကာ လက်နက်ကိုင်ခိုင်းပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေတာတွေကို သတိထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီလ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။‌

လူထုအကြား လူမျိုးရေး ပဋိပက္ခ အရှိန်မြင့်လာအောင် ရည်ရွယ်ချက်နဲ့ ရက္ခိုင့်တပ်တော် (AA) ကို ရိုဟင်ဂျာလူမျိုးစုတွေက ကန့်ကွက်ဆန္ဒပြပွဲတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတယ်လို့လည်း ပြောထားပါတယ်။

ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့တိုင်းရင်းသားလူထုတွေအနေနဲ့ သတိရှိရှိနဲ့ လုပ်ဆောင်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။

“အဓိကကတော့ နှစ်ဖက်လူထုက ဒီနေရာမှာအရေးကြီးဆုံးပဲ။ စစ်ကောင်စီကတော့ နိုင်ငံအနှံ့မှာရှိတဲ့ ပြည်သူလူထုတွေကို နည်းမျိုးစုံနဲ့အသုံးချဖို့ ကြိုးစားနေတယ်။ ရခိုင်ပြည်နယ်မှာတော့အဆိုးရွားဆုံးပေါ့လေ။ နှစ်ဖက်မှာ နဂိုကတည်းက လူမျိုးရေး ဘာသာရေးအသွင်သဏ္ဌာန်ဆောင်တဲ့ အရာတွေကိုအရင်တုန်းက သူတို့ လုပ်ဆောင်နိုင်ခဲ့တာရှိတော့ ဒါကိုအရင်းခံပြီး ပိုမိုလှုပ်ရှားတဲ့သဘောပေ့ါ။”

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက လူမျိုးရေးဘာသာရေးပဋိပက္ခဖြစ်အောင် လုပ်ဆောင်နေတဲ့ နိုင်ငံရေးလှည့်ကွက်တွေကို ပြည်သူလူထုတွေအနေနဲ့ လူမျိုးစု အချင်းချင်းကြား သတိထားကျော်ဖြတ်ကြဖို့ကိုလည်း NUG အစိုးရက မေတ္တာရပ်ခံထားပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့အတွင်း စစ်ကောင်စီက အရပ်သား ပြည်သူတွေရဲ့ နေအိမ်အဆောက်အအုံတွေနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့အစည်းတွေရဲ့  ရုံးအဆောက်အအုံတွေကို မီးရှို့ ဖျက်ဆီးတာတွေလည်း လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ဘူးသီးတောင်မြို့ပေါ်က နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတာဟာ မွတ်စလင်တွေနဲ့ တခြားဘာသာဝင်တွေကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးနေတာဖြစ်ကြောင်း  ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက RFA ကို ပြောထားပါတယ်။

NUG ထုတ်ပြန်ပြောဆိုချက်၊ AA ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာကတွေမှာတော့ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေဖြစ်အောင် ရက္ခိုင့်တပ်တော် (AA) က ဖန်တီးလုပ်ဆောင်နေတာသာဖြစ်တယ်လို့ ဧပြီလ ၁၈ ရက်နေ့က ပြောထားပါတယ်။  

RFA Burmese

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာတာကြောင့် ကျေးရွာသုံးရွာက ဒေသခံ ငါးထောင်နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ အဲဒီရွာတွေမှာ နေထိုင်တဲ့ဒေသခံတွေက ဧပြီလ ၁၈ ရက် ဒီနေ့မှာ ပြောပါတယ်။

ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းမှာ အရာတော်မြို့နယ်ကနေ အင်အား ၁၅၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာတာကြောင့် ကျောက္ကာ၊ ထနောင်းဝင်းနဲ့ ရွာတုံရွာတို့က ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်လာတဲ့ အဲဒီစစ်ကြောင်းဟာ ဧပြီလ ၁၈ ရက် ဒီနေ့ နေ့လယ်ပိုင်းအချိန်အထိ ထနောင်းဝင်းရွာမှာ ရှိနေသေးတာကြောင့် ဒေသခံတွေ ရွာထဲပြန်မဝင်နိုင်သေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထနောင်းဝင်း ရွာခံတစ်ဦးက RFA ကိုပြောပါတယ်။

“မနေ့ညက ကျောက္ကာရွာမှာ ညအိပ်ပြီး ဒီနေ့မနက် ထနောင်းဝင်းထဲ ရောက်လာပြီး အခုထိ (စစ်ကောင်စီတပ်) ပြန်မထွက်သေးဘူး”

ထွက်ပြေးနေရာတဲ့ ကျေးရွာသုံးရွာဟာ ရွာကြီးတွေဖြစ်ပြီး ရွာသုံးရွာပေါင်း စုစုပေါင်းအိမ်ခြေ တစ်ထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကလည်း မုံရွာမြို့နယ်အရှေ့ခြမ်းက ရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်စီးနင်းမီးရှို့ခဲ့တာကြောင့် နေအိမ် ၁၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ငါးထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ မီးရှို့ခံရတဲ့ရွာခံတွေက ပြောပါတယ်။

RFA Burmese

၂၀၂၄ ခုနှစ်၊ ဧပြီလ (၈)ရက်မှ (၁၄)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဧပြီ (၈)ရက်နေ့မှ (၁၄)ရက် အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်။ ကယားပြည်နယ် လွိုင်ကော်ထောင်၊ မွန်ပြည်နယ် ကျိုက်မရောထောင်၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ထောင် နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုထောင် တို့တွင် စစ်အာဏာရှင် လက်အောက်ခံ အကျဉ်းဦးစီးဌာနက နိုင်ငံရေး အကျဉ်းသားများ ကို အာဏာပြ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများ၊ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသား အနေဖြင့် ဆေးကုသခွင့် လုံလောက်စွာ ရရှိရန် လိုအပ်လျှက်ရှိသည်။ စစ်အာဏာရှင်တပ်က ကရင်ပြည်နယ် မြဝတီ မြို့နယ်ကို ဖုန်း နှင့် အင်တာနက်လိုင်း ဖြတ်တောက်မှုများ ပြုလုပ်ထားသည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၁၀)ဦးကျော် သေဆုံးခဲ့ပြီး (၄၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက် မှု များကြောင့် အသက်မပြည့်သူ (၁)ဦး သေဆုံးခဲ့ရပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့သည်။

မြဝတီမြို့အနောက်ဘက် ၁၀ မိုင်ကျော်အကွာမှာရှိတဲ့ သင်္ဃန်းညီနောင် တပ်ရင်းဌာနချုပ်ကနေ စစ်သုံ့ပန် ၆၀၀ ကျော်ဟာ ဧပြီလ ၆ ရက်နေ့ နေ့လည်ပိုင်းက ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် (KNLA) နဲ့ ကာကွယ်ရေးတပ်တွေဆီမှာ လက်နက်ချ အညံ့ခံခဲ့ပါတယ်။

စစ်ကောင်စီဟာ စစ်သုံ့ပန်းတွေကို မဲဆောက်ကတဆင့် ထိုင်းနိုင်ငံ အကူအညီနဲ့ ပြန်ခေါ်ထုတ်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတော့ စစ်သုံ့ပန်တွေကို KNU က ပြန်မလွှတ်ဘဲ ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းဟာ မှားယွင်းနေကြောင်းနဲ့ ကာယကံရှင်တွေရဲ့ သဘောဆန္ဒမပါဝင်ဘဲ ဘယ်သူ့ကိုမှ စစ်ကောင်စီထံကို ပြန်လည်ပေးပို့မှာ မဟုတ်ဘူးလို့ ကရင်သတင်းမီဒီယာ တခုဖြစ်တဲ့ KIC သတင်းဌာနမှာ ပြန်လည် ဖြေကြားထားပါတယ်။

လက်ရှိအချိန် တော်လှန်ရေးအင်အားစုတွေက မြဝတီမြို့ကို ထိန်းချုပ်ထားနိုင်ပေမယ့်၊ စစ်ကောင်စီက မြို့အတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း မြို့ခံတွေက စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေကြပါတယ်။

Irrawaddy News

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုစတဲ့ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်တဲ့ သက်သေအထောက်အထားတွေ တိုးလာနေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီနေ့ပြောဆိုလိုက်ပါတယ်။

ကျူးလွန်သူတွေကို ရုံးတင်စစ်ဆေး အပြစ်ပေးနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့(IIMM) က ကြိုးပမ်းနေတာဖြစ်ပြီး၊ အဖွဲ့အစည်းအသီးသီးကနေ ပေးပို့လာတဲ့ အချက်အလက်ပေါင်း ၂၈ သန်းနီးပါး ရရှိထားတယ်လို့ ဆိုပါတယ်။

IIMM အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို လာမယ့်လမှာ နိုင်ငံတကာတရားရုံး (ICJ)၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) နဲ့ အာဂျင်တီးနားတရားရုံးအပါအဝင် သက်ဆိုင်ရာအာဏာပိုင်တွေကို ပေးပို့သွားမယ်လို့လည်း ပြောထားပါတယ်။

IIMM အဖွဲ့ခေါင်းဆောင် နီကိုလတ်စ်ခွန်ဂျန်က “ကျူးလွန်သူတွေဟာ သူတို့လုပ်ရပ်အတွက် တာဝန်ယူဖြေရှင်းရလိမ့်မယ်” လို့ ပြောပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ လေကြောင်းသုံးတိုက်ခိုက်မှု၊ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်မှု၊ အရပ်သားတွေသေဆုံးမှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုစတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေအပြင်၊ အာဏာမသိမ်းခင်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကိုပါ စုံစမ်းစစ်ဆေးနေတယ်လို့ IIMM ကပြောပါတယ်။

နိုင်ငံတကာရာဇဝတ်မှုကျူးလွန်တဲ့ သက်သေအထောက်အထားတွေစစ်ဆေးတဲ့နေရာမှာ မြန်မာ စစ်တပ်အာဏာပိုင်တွေကျူးလွန်တဲ့ ကိစ္စတွေကိုချည်း စစ်ဆေးတာမဟုတ်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအပါအဝင် ကျူးလွန်တဲ့ ဘယ်အဖွဲ့အစည်းကိုမဆို စစ်ဆေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

RFA Burmese

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက်မှ (၇)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဧပြီ (၁)ရက်နေ့မှ (၇)ရက် အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်း များ ပြုလုပ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ အကျဉ်းထောင်တွင် စစ်အာဏာရှင် လက်အောက်ခံ အကျဉ်းဦးစီး ဌာနက နိုင်ငံ‌ရေး အကျဉ်းသားများကို အာဏာပြခြိမ်းခြောက်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသား (၁၈)ဦးကို ထောင်စည်းကမ်းဖောက်ဖျက်မှုနဲ့ ထပ်တိုးပြစ်ဒဏ် ခြောက်လစီ ချမှတ်ခဲ့သည်။ ရန်ကုန်တိုင်း ဒေသကြီးအင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား (၂)ဦး ဆေးကုသခွင့်ရရန် လိုအပ်လျှက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် စစ်အာဏာရှင်တပ်သားများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှုးမျာက ပြည်သူ့စစ်မှုထမ်း ဥပဒေကို အကြောင်းပြပြီး ငွေကြေးတောင်းခံခြင်းများ ပြုလုပ်လျှက်ရှိသည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၁၀)ဦးကျော် သေဆုံးခဲ့ပြီး (၄၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက် မှု များကြောင့် အသက်မပြည့်သူ (၁)ဦး သေဆုံးခဲ့ရပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့သည်။