ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

စဥ့်ကူးမှာ စစ်ကြောင်းဝင်လာချိန် အရပ်သားတစ်ဦး သတ်ဖြတ်ခံရ
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် တောင်ယာကြီးရွာကို မေလ ၁၄ ရက်နေ့က အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ ဝင်ရောက်စီးနင်းပြီးနောက် အမျိုးသားတစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းဝင်လာတဲ့အချိန်မှာ ထွက်ပြေးချိန်မရခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် ကိုမျိုးဇော်ဦးကို စစ်ကောင်စီတပ်က ခေါင်းဖြတ်သတ်ဖြတ်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ခန္ဓာကိုယ်နဲ့ ခေါင်းက တခြားစီဖြစ်နေတာ။ ခေါင်းကို ခြံစည်းရိုးရဲ့ တိုင်ထိပ်မှာ တွေ့တယ်။ ခန္ဓာကိုယ်ကျတော့ လမ်းမပေါ်မှာ တွေ့တယ်။ ခေါင်းဖြတ်သတ်ခဲ့တဲ့ပုံပါ။ သူက တော်လှန်ရေးအဖွဲ့တွေနဲ့လည်း ရင်းနှီးမှုရှိတော့ သူအသတ်ခံရတာ သတင်းပေးတဲ့သူရှိတဲ့အတွက် အသတ်ခံရတာ ဖြစ်နိုင်တယ်”
စစ်ကြောင်းဝင်လာစဥ် တခြားရွာက ဖမ်းဆီးခေါ်ဆောင်လာတဲ့ ဒေသခံခြောက်ဦးကိုတော့ စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၁၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၅၀၅၀ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
RFA Burmese
စစ်ရာဇဝတ်မှုတွေ စစ်ကောင်စီ ကျူးလွန်နေကြောင်း AA ပြော
စစ်ကောင်စီက တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ အရပ်ဘက်နေရာတွေကို ဦးတည်ပစ်ခတ် တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ ရက္ခိုင့်တပ်တော် (AA) က မေ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မေ ၁၄ ရက်နေ့ညက ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဝဲကြီးထောင့်ရွာ ဆေးရုံ နဲ့ စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး AA က သတင်းထုတ်ပြန်တာဖြစ်ပါတယ်။
စစ်ကောင်စီ ကျူးလွန်ထားတာတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေဆီ ပေးပို့သွားမယ်လို့လည်း AA က ဆိုပါတယ်။
ဝဲကြီးထောင့်ရွာ ဆေးရုံကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ပြီး ဆေးဝန်ထမ်း၊ လူနာနဲ့ လူနာစောင့် အရပ်သား စုစုပေါင်း အယောက် ၂ဝထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို သေဆုံးသူတချို့ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေဆုံးသူအရေအတွက်ကိုတော့ ဖော်ပြမထားပါဘူး။ ဒဏ်ရာရသူတွေထဲ ငါးဦးက စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီက လူမျိုးရေးအမုန်းတရားတွေကို အခြေခံပြီး တိုက်ပွဲနဲ့မသက်ဆိုင်တဲ့နေရာတွေကို ဦးတည်တိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာလို့ စွပ်စွဲထားပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက ဗုံးသုံးလုံးကြဲချခဲ့တာလို့ RFA ကို ပြောထားပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ဖုန်းမဖြေပါဘူး။
RFA Burmese
ဘုန်းကြီးကျောင်းမှာ ဝင်ပုန်းတဲ့ အရပ်သား ၃ဝ ကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရ
မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာကို မေလ ၁၁ ရက်နေ့မနက်မှာ စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက် ပစ်ခတ်ချိန်မှာ ဘုန်းကြီးကျောင်းထဲ ဝင်ပုန်းနေတဲ့ အရပ်သား ၃၁ ယောက်ကို ခေါ်ထုတ်ပြီး သတ်ဖြတ်သွားတယ်လို့ အဲဒီနေရာကို ရောက်ရှိနေတဲ့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတချို့က ပြောပါတယ်။
“တချို့က ဘုန်းကြီးကျောင်းတွေထဲ ပြေးကြတာ၊ အဲဒီအချိန်မှာ ဘုန်းကြီးကျောင်းတွေထဲကဟာတွေကို ခေါ်ထုတ်ပြီး အမျိုးသားတွေကို အကုန်လုံး ထိုင်ခိုင်းပြီး တစ်ယောက်မကျန် ပစ်သတ်သွားတာ”
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်ပစ်ခတ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျား ၃၁ ဦးနဲ့ မ တစ်ဦး သတ်သွားတယ်၊ ဒဏ်ရာရသူက ခြောက်ဦးရှိပါတယ်၊ တိုက်ပွဲဖြစ်တာတော့ မရှိဘူး၊ စစ်ကြောင်းထိုးရင်းနဲ့ တွေ့လို့ပစ်သွားတာ”
အဲဒီရွာကို ရောက်ခဲ့တဲ့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ CDSOM တာဝန်ရှိသူ ကိုနွေဦးက ဘုန်းကြီးကျောင်းမှာရှိနေတဲ့ အရပ်သားတွေကို စစ်ကောင်စီတပ်သားတွေက ခေါ်ထုတ်ပြီး ပစ်သတ်သွားတာလို့ ပြောပါတယ်။
“ဝင်ကတည်းက လက်နက်ကြီးတွေရော လက်နက်ငယ်တွေရော မပြတ်တမ်းပစ်တယ်၊ ပစ်တဲ့အတွက်ကြောင့် ပြည်သူတွေက ရှောင်ကြတိမ်းကြရင်းနဲ့ တချို့က ဘုန်းကြီးကျောင်းတွေထဲ ရှောင်ကြတာ၊ ပြေးကြတာ၊ အဲဒီအချိန်မှာ ဘုန်းကြီးကျောင်းတွေထဲကဟာတွေကို ခေါ်ထုတ်ပြီး အမျိုးသားတွေကို အကုန်လုံး ထိုင်ခိုင်းပြီး တစ်ယောက်မကျန် ပစ်သတ်သွားတာ၊ ကျွန်တော်အဲဒီမှာ ရှိနေတဲ့အချိန်တုန်းက တွေ့ရတဲ့အလောင်းက အနောက်ဘက် ဘုန်းကြီးကျောင်းက ငါးယောက်၊ အရှေ့ဘက် ဘုန်းကြီးကျောင်းက ၂၃ ယောက်၊ လမ်းပေါ်မှာ အသတ်ခံရတာက တစ်ယောက်”
အဲဒီပစ်ခတ်သတ်ဖြတ်မှုမှာတော့ မြောင်လမ်းပေါ်မှာရှိတဲ့ စစ်တပ်အထိုင်စခန်းက စစ်ကောင်စီတပ်သားတွေ၊ ချောင်းဦးမြို့နယ် နတ်ရေကန်အထိုင်စခန်းက တပ်သားတွေနဲ့ လက်ထုတ္တောရွာမျက်နှာချင်းဆိုင်က ဂွေးပင်တောရွာမှာရှိတဲ့ စစ်တပ်အထိုင်စခန်းက တပ်သားတွေ စတဲ့ နေရာသုံးခုက စစ်ကောင်စီတပ်ဖွဲ့တွေ ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။
“PDF တွေ နေတဲ့နေရာကိုမေးတာပေါ့နော်၊ ဘယ်နေရာမှာနေလဲဆိုတာ မေးတာ၊ မေးတဲ့အချိန်မှာ နေရာကိုတော့မသိပါဘူးလို့ပြောလိုက်တဲ့အချိန်မှာ သူတို့ကို အကုန်ပစ်သတ်လိုက်တာ”
ဒီသေဆုံးသူတွေထဲမှာ လက်ထုတ္တောရွာခံ အများစုဖြစ်ပြီး သုံးဦးကတော့ ဘုန်းကြီးကျောင်း အဆောင်သစ် လာဆောက်ပေးနေတဲ့ ဝမ်းပြည့်ရွာက ပန်းရံအလုပ်သမား လေးဦးထဲက သုံးဦးလည်း ပါဝင်ပါတယ်။
စစ်ကောင်စီတပ်သားတွေက အရပ်သားတွေကို မသေမချင်း ပစ်သတ်ခဲ့တာလို့လည်း ကိုနွေဦးက ပြောပါတယ်။
“PDF တွေ နေတဲ့နေရာကိုမေးတာပေါ့နော်၊ ဘယ်နေရာမှာနေလဲဆိုတာ မေးတာ၊ မေးတဲ့အချိန်မှာ နေရာကိုတော့မသိပါဘူးလို့ပြောလိုက်တဲ့အချိန်မှာ သူတို့ကို အကုန်ပစ်သတ်လိုက်တာ၊ ပစ်သတ်တဲ့အချိန်မှာ ခြေထောက်လှုပ်တာတွေရှိတာပေါ့၊ ခြေထောက်လှုပ်ရင်းလည်း ဒီကောင်တွေ ခြေထောက်လှုပ်နေသေးတယ်ဆို ထပ်ပစ်တယ်၊ ခေါင်းလှုပ်ရင်လည်း ခေါင်းကို ထပ်ပစ်တယ်၊ အဲဒါကို ပစ်သတ်ခံရတဲ့အထဲမှာ ကံကောင်းထောက်မစွာနဲ့ လူသေအလောင်းတွေရဲ့ အောက်ဆုံးမှာ အထပ်ခံရတဲ့လူက သူက သေနတ်တော့မှန်တယ် မသေခဲ့ဘူး၊ မသေခဲ့တဲ့သူက ပြန်ပြောတာပေါ့နော်”
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသ ထုတ်ပြန်ချက်နဲ့ ဒေသခံတချို့ ပြောဆိုချက်အရ အဲဒီသတ်ဖြတ်မှုကြောင့် နေရာမှာတင်သေဆုံးသူ ၃၁ ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်စဉ် လမ်းမှာ နောက်ထပ်တစ်ဦး သေဆုံးသွားတာကြောင့် သေဆုံးသူ စုစုပေါင်း ၃၂ ယောက်ရှိပါတယ်။
အဲဒီထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်အချို့လည်း ပါဝင်ပြီး အမျိုးသမီးတွေအပါအဝင် လူ ၂၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒေသခံတစ်ဦးပြောပြတာကတော့ ဖမ်းခေါ်သွားသူတွေထဲ ၁၇ ယောက်ကိုတော့ ပြန်လွှတ်လိုက်တယ်လို့ ဆိုပါတယ်။ ဒီအချက်အလက်တွေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီသတ်ဖြတ်မှုဟာ စစ်ကောင်စီက စစ်ရာဇဝတ်မှု ထပ်မံကျူးလွန်တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။
“အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းတွေ ထိုးလာတိုင်း ပြည်သူလူထုကို အဲဒီလိုပဲ လူမဆန်စွာရက်ရက်စက်စက် စစ်ရာဇဝတ်မှု ကျူးလွန်တာပါ၊ မြင်းမူမှာလည်း ပြည်သူလူထုတွေကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်တာ တွေ့ရပါတယ်၊ အဲကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်နေပါတယ်”
ဒီသတ်ဖြတ်မှုမှာ မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာ ဘုန်းကြီးကျောင်းမှာအခြေချနေတဲ့ အမှတ်-၁၃ ခြေမြန်တပ်ရင်း (ခမရ-၁၃)၊ အမှတ်-၉၀၉ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း (စအရ-၉၀၉)၊ စစ်မှုထမ်းဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ လှုပ်ရှားတပ်ဖွဲ့၊ ပျူစောထီး ပူးပေါင်းအင်အား (၄၀) ခန့်၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာက အမှတ်-၉၂၉ ထောက်ပံ့နဲ့ ဆက်သွယ်ရေးတပ်ရင်း (ထပရ-၉၂၉) ပူးပေါင်းအင်အား (၃၀) ခန့် စတဲ့တပ်တွေ ပါဝင်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
အခုလိုအရပ်သားတွေ သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း နဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မေလ ၉ ရက်နေ့ကလည်း မကွေးတိုင်း၊ ဆောမြို့နယ်၊ အကြည်ပန်းပလွန်းရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား အနည်းဆုံး ၁၆ ဦးသေဆုံးခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခတွေမှာ အရပ်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု ၂၂ ခုထက်မနည်း ဖြစ်ပွားခဲ့ပြီး အဲဒီသတ်ဖြတ်မှုတွေမှာ အရပ်သား ၅ဝ၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြန်မာ့မဟာ ဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေး အင်စတီကျု (ISP-Myanmar) က ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
RFA Burmese
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊မေလ(၁)ရက်မှ (၇) ရက်နေ့ထိ)
၂၀၂၄ ခုနှစ်၊ မေလ (၁)ရက်မှ (၇)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
မေလ (၁)ရက်မှ (၇)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး ၊ပဲခူတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ မေလ (၁) ရက်နေ့တွင် အမျိုးသားများ ပြည်ပထွက် အလုပ်လုပ် ခွင့်ကို စစ်အာဏာရှင်တပ်က တားမြစ် ပိတ်ပင်ခဲ့သည်။ စစ်အာဏာရှင်တပ်၏ လက်အောက်ခံ ပျုစောထီး အဖွဲ့က ပဲခူးတိုင်းဒေသကြီးတွင် ပြည်သူ (၄)ဦးကို ဖမ်းဆီးသတ်ဖြတ် စွန့်ပစ်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်သား များက စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့တွင် အမျိုးသားများကို စစ်မှုထမ်းရန်အတွက် အဓမ္မ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။
စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၇)ဦး သေဆုံးခဲ့ရပြီး (၅၀)ဦးကျော် ဖမ်းဆီးခံ ခဲ့ရသည်။ စစ်အာဏာရှင် တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့ရပြီး (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
Infogram
မြန်မာစစ်ခေါင်းဆောင်အချို့ အာဂျင်တီးနားတရားရုံးကနေ ဖမ်းဝရမ်းထုတ်ခံရဖွယ်ရှိ
ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်မှုစွဲချက်နဲ့ အာဂျင်တီးနားနိုင်ငံ တရားရုံးမှာ စွဲဆိုထားတဲ့ အမှုမှာ မြန်မာစစ်ခေါင်းဆောင်အချို့နဲ့ သတ်ဖြတ်မှုတွေမှာ ပါဝင်ခဲ့သူတွေရဲ့ နာမည်စာရင်းကို တင်သွင်းထားပြီး၊ စွပ်စွဲခံရသူတွေကို အခုနှစ်အတွင်းမှာ နိုင်ငံတကာအဆင့် ဖမ်းဝရမ်းထုတ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဒီအမှုအတွက် တရားလို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စတာ တိုးမာ့စ် ကင်တားနားက ပြောပါတယ်။ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တွေ့ဆုံမေးမြန်းထားပါတယ်။
______
RFA – မစ္စတာ ကင်တားနား ခင်ဗျာ။ အခု မြန်မာစစ်ခေါင်းဆောင်တွေကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု စွဲချက်နဲ့ အာဂျင်တီးနား တရားရုံးမှာ စွဲဆိုထားတဲ့ အမှု ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ ခင်ဗျ။
မစ္စတာ ကင်တားနား – ဒီအမှုက ရှေ့ဆက်သွားနေပါတယ်။ အမှုအတွက် လိုအပ်တဲ့ သက်သေအထောက်အထားတွေကို အာဂျင်တီးနား ဥပဒေပညာရှင်တွေက စုဆောင်းနေပါတယ်။ ဒီအမှုတွဲမှာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ရိုဟင်ဂျာတွေရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေကို ထွက်ဆိုချက် လေးခုပါဝင်ပါတယ်။ ဒီရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇား ဒုက္ခသည် စခန်းကနေ အာဂျင်တီးနားနိုင်ငံအထိ ကမ္ဘာတစ်ပတ်နီးပါး ခရီးနှင်ပြီး လူကိုယ်တိုင် လာရောက်ထွက်ဆိုခဲ့ကြတာပါ။ ဒါက Universal Jurisdiction သဘောတရားအရ စွဲဆိုတဲ့အမှုတစ်ခုအတွက် အရေးကြီးတဲ့ ထွက်ဆိုချက်ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ အာဂျင်တီးနား တရားရုံးဟာ မြန်မာနိုင်ငံဘက်မှာ ကျန်နေတဲ့ သက်သေအထောက်အထားတွေကိုလည်း ရယူနိုင်ဖို့ ကြိုးစားနေပါတယ်။ အခုအချိန်မှာ စုံစမ်းစစ်ဆေးနေတဲ့ အဆင့်မှာ ရှိနေပါတယ်။ မကြာခင်မှာ ဒီအမှုအတွက် စွပ်စွဲခံထားရတဲ့ သူတွေနဲ့ ပက်သက်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုခု ချနိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ်။
RFA – ဒီအမှုအတွက် ချမယ့် ဆုံးဖြတ်ချက်တွေနဲ့ ပက်သက်လို့ အချိန်ဇယား ရေးဆွဲ သတ်မှတ်ထားတာမျိုး ရှိပါသလား။
မစ္စတာ ကင်တားနား – ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဒီအမှုမှာ တရားလိုအဖြစ် စွဲဆိုခဲ့တဲ့ မြန်မာရိုဟင်ဂျာအသင်း ယူကေ (BROUK) ကနေ ဒီအမှုမှာ စွပ်စွဲခံထားရသူတွေကို နိုင်ငံတကာအဆင့် ဖမ်းဝရမ်းထုတ်ပေးဖို့ တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။ အခု အဲဒီလျှောက်ထားချက်ကို တရားရုံးက သုံးသပ်နေပါတယ်။ ဖမ်းဝရမ်းထုတ်ဖို့ လုံလောက်တဲ့ သက်သေအထောက်အထားတွေကို တရားရုံးက စုဆောင်းနေပါတယ်။ နိုင်ငံတကာအဆင့် ဖမ်းဝရမ်းထုတ်ပေးဖို့ လိုအပ်တဲ့အခြေအနေတွေ ပြည့်မီခြင်းရှိမရှိ ဆိုတာကို အခုနှစ်အတွင်းမှာ အာဂျင်တီးနားတရားရုံးကနေ ဆုံးဖြတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
RFA – ဒီအမှုမှာ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုအတွက် တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေကို နာမည်စာရင်း ထုတ်ထားတယ်လို့ သိရပါတယ်။ ဒီစာရင်းမှာ ပါတဲ့သူတွေနဲ့ ပက်သက်ပြီး ဘာများ ပြောပြနိုင်မလဲ။
မစ္စတာ ကင်တားနား – ဒါကတော့ လျှို့ဝှက်ချက်ပါ။ ကျွန်တော် ပြောပြနိုင်တာက တရားလို ဖြစ်တဲ့ မြန်မာရိုဟင်ဂျာအသင်း ယူကေ (BROUK) ကနေ ပြုစုထားတဲ့ စာရင်းမှာ ကျူးလွန်သူ ၇ ဦးရဲ့ နာမည်တွေ ပါဝင်ပါတယ်။ ဒီအထဲမှာ မြန်မာစစ်တပ်ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေကနေ၊ ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုတွေမှာ တိုက်ရိုက်ပါဝင်ခဲ့တဲ့သူတွေရဲ့ နာမည်တွေ ပါဝင်ပါတယ်။ ဒီလောက်ပဲ ပြောပြနိုင်ပါတယ်။ ကျွန်တော် ပြောခဲ့သလိုပဲ အခုနှစ် တစ်ချိန်ချိန်မှာ အာဂျင်တီးနားတရားရုံးကနေ ဒီအမှုနဲ့ ပက်သက်လို့ အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အဲဒီဆုံးဖြတ်ချက်က ရိုဟင်ဂျာ အသိုက်အဝန်းတစ်ခုလုံးအတွက် တရားမျှတမှုရဖို့ မျှော်လင့်ချက် ဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် မြန်မာစစ်ခေါင်းဆောင်တွေအတွက်လည်း သူတို့ရဲ့ လုပ်ရပ်တွေအတွက် အပြစ်ပေးအရေးယူခံရတာကနေ ရှောင်လွှဲလို့ရမှာ မဟုတ်ဘူးဆိုတဲ့ သတင်းစကား ဖြစ်ပါလိမ့်မယ်။ နိုင်ငံတကာ အသိုင်းအဝန်းတစ်ခုလုံးအတွက်လည်း ရိုဟင်ဂျာတွေ လူမျိုးတုန်းသတ်ဖြတ်ခံခဲ့ရတဲ့ နိုင်ငံတကာအဆင့် ရာဇဝတ်မှုကြီးနဲ့ ပက်သက်ပြီး လုပ်သင့်လုပ်ထိုက်တာ လုပ်ပေးဖို့ တွန်းအားဖြစ်လာပါလိမ့်မယ်။
RFA – အခုလိုမျိုး Universal Jurisdiction သဘောတရားနဲ့ အခြားတစ်နိုင်ငံမှာ စွဲဆိုပြီးတဲ့နောက်မှာ ကျူးလွန်သူတွေ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကျခံသွားရတဲ့အမှုမျိုးက အလွန်နည်းပါးတာ တွေ့ရပါတယ်။ အထင်ရှားဆုံး ဥပမာအနေနဲ့ ချီလီနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် သမ္မတဟောင်း သြဂတ်စတို ပီနိုရှေးဆိုရင် အလားတူ အခြားတစ်နိုင်ငံမှာ တရားစွဲဆိုခံရပြီး ဖမ်းဝရမ်းထုတ်ခံရခဲ့ပေမယ့် အပြစ်ပေးခံရတဲ့အဆင့်ကို မရောက်လိုက်ပဲ ကွယ်လွန်သွားတာ တွေ့ရပါတယ်။ အခု ဒီအမှုကနေရော ဘယ်လောက်အထိ မျှော်လင့်လို့ ရနိုင်လဲ။
မစ္စတာ ကင်တားနား – ချီလီ အာဏာရှင် ပီနိုရှေးရဲ့ အမှုက ကမ္ဘာအရပ်ရပ်က တရားမျှတမှု ရဖို့ ကြိုးပမ်းမှုတွေအတွက် အလွန်အရေးပါတဲ့အမှု ဖြစ်ပါတယ်။ သူ့ကို စပိန်နိုင်ငံမှာ Universal Jurisdiction သဘောတရားအရ အမှုဖွင့်ခဲ့ပြီး လန်ဒန်မှာ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ပီနိုရှေးကို ဖမ်းဝမ်းထုတ်နိုင်ခဲ့တာဟာ သူအာဏာရှင်အဖြစ် အုပ်ချုပ်စဉ်က ဖိနှိပ်ခံခဲ့ရတဲ့သူတွေအတွက် အရေးကြီးတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ အခု ကျွန်တော်တို့လည်း အာဆီယံ၊ ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တို့အပါအဝင် နိုင်ငံတကာ ရာဇဝတ်မှုတွေကို အရေးယူဆောင်ရွက်ဖို့ လိုလားတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆက်သွယ်နေပါတယ်။ ရိုဟင်ဂျာတွေအတွက် အမှုအားလုံးဟာ လူမျိုးတုန်း သတ်ဖြတ်မှုဆိုတာ ဘယ်မှာ ဖြစ်ခဲ့တာဖြစ်ဖြစ် လက်ခံအားပေးလို့ မဖြစ်ဘူးဆိုတဲ့ အားလုံးနဲ့ ဆိုင်တဲ့ အယူအဆကို အခြေခံထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အာဂျင်တီးနား တရားရုံးကနေ ဖမ်းဝရမ်းထုတ်နိုင်ခဲ့ရင် ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူအပြစ်ပေးဖို့ တရားရုံးက ဆင့်ခေါ်တာခံရပြီဆိုတာ သတင်းမီဒီယာတွေ အပါအဝင် အားလုံးကို အသိပေးသွားပါမယ်။
RFA – အခု အခြားနိုင်ငံတကာ အရေးကိစ္စတွေပေါ်လာတိုင်း ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုက မြန်မာနိုင်ငံအပေါ်မှာ မရှိတော့ဘဲ ဖြစ်နေပါတယ်။
မစ္စတာ ကင်တားနား – မြန်မာနိုင်ငံအတွက် နိုင်ငံတကာက အရေးယူဆောင်ရွက်ဖို့ လိုနေပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံအခြေအနေနဲ့ ပက်သက်လို့ လုပ်နေတာ ရှိပေမယ့် ဖြစ်ပြီးမှ တုံ့ပြန်တဲ့ သဘောဆောင်နေပါတယ်။ မြန်မာစစ်တပ်က ၂၁ ရာစုမှာ ပထမဆုံးသော လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တာ တကယ့်အမှန်တရား ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီအာဂျင်တီးနားတရားရုံးအမှုဟာ ကမ္ဘာ အရပ်ရပ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ဖို့ ဦးတည်နေတဲ့ အခြေအနေတွေ ထပ်မဖြစ်အောင် ကာကွယ်ကြဖို့ အသိတရားရစေလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။
RFA Burmese
အိန္ဒိယဘက် ဝင်လာသူတွေကို လူသားဆန်ဆန် နေထိုင်ခွင့်ပေးစေလိုတယ်
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ ထောင်များတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဖြင့် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၂၀၀ ကျော်ရှိနေပြီး ၎င်းတို့အနက် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများ ပါဝင်ကာ ထောင်တွင်း၌ပင် မီးဖွားရသည့် အမျိုးသမီးများလည်း ရှိသည်။
မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာမှ ထွက်ပြေးလာသူများကို ယာယီခိုလှုံခွင့် ပေးသော်လည်း ကသည်းနှင့် ကူကီးလူမျိုးတို့ကြား ပဋိပက္ခဖြစ်ထားသည့် မဏိပူရ်ပြည်နယ်တွင်မူ မြန်မာနိုင်ငံမှ ဝင်လာသူများအား ဖမ်းဆီးထောင်ချထားသည်။
ထိုသို့ ဖမ်းဆီးထောင်ချခံခဲ့ရသူများထဲမှ ပထမဆုံးအသုတ်အနေဖြင့် အမျိုးသမီးနှင့် ကလေးငယ် ၃၈ ဦးကို အိန္ဒိယ ဘက်က မိုရေး-တမူးနယ်စပ်မှတဆင့် မေ ၂ ရက်တွင် မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
သို့သော် မဏိပူရ်ပြည်နယ် အင်ဖာထောင်တွင် မလွတ်မြောက်သေးသည့် မြန်မာနိုင်ငံသားများ ရှိနေသေးရာ ၎င်းတို့ အခြေအနေ အပါအဝင် မြန်မာပြည်မှ ထွက်ပြေးလာသူများအပေါ် အိန္ဒိယအစိုးရ၏ သဘောထားနှင့်ပတ်သက်၍ တိုက်တွန်းတောင်းဆိုမှုများ လုပ်နေသော အိန္ဒိယနိုင်ငံအခြေစိုက် India for Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ မဏိပူရ်ပြည်နယ်ထဲမှာ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၂၀၀ ကျော် ရှိတယ်လို့ သိရတယ်။ ထောင်ထဲမှာ သူတို့ နေထိုင်ဖြတ်သန်းနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လိုများသိထားပါလဲ။
ဖြေ ။ ။ ထောင်ထဲမှာ မီးဖွားတာက မဏိပူရ် ထောင်မှာ ၅ ဦး၊ မီဇိုရမ်ကနေ နယူးဒေလီသွားဖို့ လုပ်ရင်း အာသံမှာ အဖမ်းခံရတဲ့ မြန်မာ ၂၇ ဦးထဲက အမျိုးသမီး ၁ ဦး အားလုံး ၆ ဦး ပေါ့။ တော်တော်ကျပ်တည်းတဲ့ အခြေအနေရှိတယ်။ Foreigner Act (တရားမဝင် ဖြတ်ကျော်နေထိုင်မှု) နဲ့ ထောင်ကျတာဆိုတော့ အမှုမကြီးရင် ၆ လနဲ့ ငွေဒဏ်ရိုက်တယ်၊ Foreigner Act ရဲ့ သဘောက ထောင်ကလွတ်ပြီးရင် သက်ဆိုင်ရာနိုင်ငံက လာခေါ်မှ Deportation (ပြည်နှင်ဒဏ်) ပေးတယ်၊ အခုလောလောဆယ် အမှုက ပြီးသွားပေမယ့် စစ်ကောင်စီဘက်က လာခေါ်မှသာ လွှဲလို့ရမယ့်ပုံမျိုး ဖြစ်နေ တာ။
ထောင်က လွတ်ပေမယ့် လာမခေါ်တော့ Foreigner Detention Center ထိန်းသိမ်းရေးစခန်းကို ရောက်ပြန်ရော အဲဒီမှာ ထောင်စည်းကမ်းအတိုင်းပဲ ဖြစ်နေတာပေါ့။ တချို့ အဖမ်းခံရတာ ၃ နှစ်လောက် ရှိကြပြီ၊ နောက် ပြည်နယ် ၂ ခုက ထောင် ၂ ခုမှာ ၁၈ နှစ်အောက်က ၃၀ ကျော်၊ ၄၀ လောက်ရှိတော့ ပညာသင်ရမယ့်အရွယ် ထောင်ထဲမှာ နှစ်ရှည် အပိတ်ခံထားရမယ့်သဘော ဖြစ်နေတယ်။ ၅ နှစ်အောက် ကာကွယ် ဆေးထိုးရမယ့် ကလေးက ၁၀ ဦးလောက် ရှိတယ်။ ဒါကြောင့် ၂၀၂၃ ဒီဇင်ဘာ ၁၆ မှာ မဏိပူရ်ဗဟိုထောင်မှာ အစာငတ်ခံ ဆန္ဒပြမှု ဖြစ်ခဲ့တယ်။ နောက်ပိုင်း မိသားစုနဲ့ တပတ်ကို ၁၀မိနစ် စကားပြောခွင့်ရတော့ သူတိုအခက်အခဲတွေ ပြောပြလို့ သိခွင့်ရတယ်။
ဒီတော့ အပြင်ကနေ စိတ်ခွန်အားပေးတာတွေ စလုပ်လာနိုင်တယ်။ တချို့လည်း လွတ်မယ်ဆိုပြီး ငွေတောင်းငွေညှစ် တာ ခံရသူ ၁၉ ဦးလောက်ရှိတယ်။ ငွေပမာဏကတော့ တဦးကို မြန်မာငွေ သိန်း ၂၀ နဲ့ညီတဲ့ အိန္ဒိယ ရူပီး ၅ သောင်း ပါ။ တချို့ဆန္ဒပြလို့ ရိုက်နှက်ခံရတာတွေလည်း ရှိတယ်။ စစ်ကောင်စီ လက်အောက်မှာ ထောင်ကျနေတဲ့သူ တွေရဲ့ အခြေအနေနဲ့ ထပ်တူနီးပါးရှိတယ်လို့ ဆိုလို့ရပါတယ်။
မေး ။ ။ ထောင်ထဲမှာပဲ မီးဖွားလိုက်ရတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေရဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ လောလောဆယ် ကလေးတွေက နိုင်ငံမဲ့ပုံစံ ဖြစ်သွားတာပေါ့။ အိန္ဒိယကလည်း မွေးစာရင်းထုတ်မပေးဘူး။ မြန်မာစစ်ကောင်စီကလည်း မထုတ်ပေး။ NUG ကလည်း ဘာမှမတတ်နိုင်ဆိုတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။ အခုအချိန်ထိ ကာကွယ်ဆေးလည်း တခါမှမထိုးရဘူး။ အစက ကလေးတွေ ထောက်ပံ့ကြေးရမယ် သက်ဆိုင်ရာက ပြောလာတယ်။ အခုတော့ ကလေးတိုက်ဖို့ နို့မှုန့်လေးတောင်မရတဲ့ အခြေအနေ ဖြစ်နေတယ်၊ အာသံနဲ့ မဏိပူရ်တို့ဆိုတာ မြေပြန့်ဖြစ် တဲ့တော့ ထောင်ကလည်း အင်မတန်ပူတဲ့ အခြေအနေပါ။ ပန်ကာတောင်မှ မရတဲ့အနေအထားဆိုတော့ မွေးကင်းစ ကလေးတွေအတွက် တော်တော်လေး ဒုက္ခရောက်တဲ့အနေအထားပဲ။
မေး ။ ။ ဒီလိုအဖမ်းခံရမှုတွေက မဏိပူရ်ပြည်နယ်ထဲက ကူကီးနဲ့ ကသည်းလူမျိုးတွေကြားဖြစ်တဲ့ ပဋိပက္ခနဲ့ရော ဆက်စပ်မှုရှိပါသလား။
ဖြေ ။ ။ စစ်ကောင်စီ အာဏာသိမ်းပြီးချိန် မဏိပူရ်ပြည်နယ်မှာ ပဋိပက္ခတွေမစခင် အိန္ဒိယဗဟိုအစိုးရက မြန်မာနိုင်ငံ သားတွေကို လက်မခံဖို့၊ လက်ခံထားရင် ပြန်မောင်းထုတ်ဖို့ ပြောတာရှိတယ်။ မီဇိုရမ်ပြည်နယ်ကတော့ မြန်မာနယ်စပ် က ပြည်သူတွေဟာ နိုင်ငံသာခြားတာ လူမျိုးတူ ညီအစ်ကိုတွေဖြစ်တာမို့ လူမျိုးရေးအရ ပတ်သက် ဆက်နွယ်တာ ကြောင့် ကျနော်တို့လူမျိုးတွေ ဖြစ်တယ် ပြန်မမောင်းထုတ်နိုင်ဘူးဆိုပြီး ပြတ်ပြတ်သားသား ပြောလိုက်တယ်။
ဒါပေမယ့် မဏိပူရ်ဘက်မှာကတော့ လူမျိုးတူမျိုးနွယ်စုတွေ ရှိပေမယ့် လူနည်းစုတွေ ဖြစ်နေတယ်။ အရင်တုန်းက မြန်မာစစ်ရှောင်တွေကို ကူညီမယ် ဆိုပေမယ့် နောက်ပိုင်း ဗဟိုအစိုးရ BJP ပါတီကလည်း မဲနိုင်နေတော့ ဗဟိုဖိအားကို မလွန်ဆန်နိုင်ဘဲနဲ့ မြန်မာနိုင်ငံသားတွေကို လက်မခံချင်တဲ့ ပုံစံဖြစ်လာပြီး ပြန်မောင်းထုတ်တာတွေ ဖြစ်လာတယ်။
တဆက်တည်းမှာပဲ မဏိပူရ်ပြည်နယ်ထဲမှာ ပဋိပက္ခကလည်း ဆက်တိုက်ဆိုသလို ဖြစ်လာတော့ ဒါတွေဟာ မြန်မာ စစ်ဘေးရှောင်တွေနဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တိုးလာတယ်။ ပထမ စွပ်စွဲချက်ကတော့ ကူကီးချင်းတွေက စစ်ရှောင်တွေကို အိန္ဒိယနိုင်ငံသားကတ်တွေ တရားမဝင်နည်းနဲ့ လုပ်ပေးပြီး လူဦးရေတိုးပွားအောင်လုပ်တယ်။ လူနည်း စုကနေ လူများစုဖြစ်အောင်လုပ်တယ်ဆိုတဲ့ တိုက်ခိုက်မှုနဲ့ ကြုံရတယ်။ ဒုတိယစွပ်စွဲချက်က ပဋိပက္ခတွေဟာ မြန်မာဘက်က နိုင်ငံရေးပယောဂ ပါတယ်ပေါ့။
အဲဒီကစလို့ မဏိပူရ်နယ်အတွင်း ဖမ်းဆီးတာတွေလုပ်တယ်။ အထူးသဖြင့် Foreigner Act ကို သုံးပြီး တရားမဝင် ဝင်ရောက်မှုနဲ့ ထောင်ထဲထည့်တာများတယ်။ ဖမ်းတဲ့အချိန် စာရွက်စာတမ်း၊ အထောက်အထားအတု လုပ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေ၊ မြန်မာနိုင်ငံသား တော်တော်များများက မဏိပူရ်နဲ့ မီဇိုရမ်ပြည်နယ်တွေကို ဖြတ်ပြီး နယူးဒေလီက UNHCR ရုံးကို ကတ်လုပ်ဖို့ UNHCR Protection ယူဖို့ သွားကြတာကြောင့် ဒါကို အခြေခံပြီး အဲဒီလမ်းကြောင်းမှာ သုံးတဲ့ကတ်တွေ စာရွက်စာတမ်းတွေ မပြည့်စုံဘဲ မဏိပူရ်ကနေ နယူးဒေလီကို သွားဖို့လုပ်တယ်ဆိုပြီး ဖမ်းတယ်။ ဒါတွေဟာ နိုင်ငံရေးဆိုတော့လည်း အကွက်ကျကျ စီစဉ်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်သလို တိုက်ဆိုင်မှုလည်း ဖြစ်နိုင် တယ်။ သေချာတာကတော့ မဏိပူရ်ပြည်နယ်မှာ အဖမ်းခံရတဲ့သူ တော်တော်များများဟာ မြန်မာနိုင်ငံသားတွေ ဝင်ရောက်ဖြတ်ကျော်မှုကို လက်မခံတားဆီးချင်တဲ့ ရည်ရွယ်ချက်ကနေစတယ်လို့ ခေါ်လို့ရပါတယ်။
မေး ။ ။ ကသည်းနဲ့ ကူကီးတို့ရဲ့ ပဋိပက္ခဟာ အိန္ဒိယကို လာခိုလှုံမယ့် မြန်မာနိုင်ငံသားတွေအပေါ် သက်ရောက်မှု ဘယ်လောက်ကြီးပါသလဲ။
ဖြေ ။ ။ အိန္ဒိယနိုင်ငံထဲ ဝင်လာတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အတွက်က ပြည်နယ်တခုနဲ့တခု ဖြတ်ကျော်လာ တဲ့ အပေါ် မူတည်ပြီး ကွာခြားမှုရှိတာပေါ့။ ဥပမာ မီဇိုရမ်ပြည်နယ်ဘက်ကနေ ဖြတ်လာတဲ့သူတွေအတွက် ထွေထွေ ထူးထူး လုံခြုံရေး စိုးရိမ်မှု အခက်အခဲ မရှိဘူး။ ဒါပေမယ့် ကိုယ်ထူကိုယ်ထ ရုန်းကန်နိုင်မှသာ အိန္ဒိယဘက်ကို ဝင်လာ တာက အသင့်တော်ဆုံးပေါ့။ ဒီလိုမဟုတ်ဘဲ ဒီတိုင်းဝင်လာပြီး စစ်ရှောင်စခန်းမှာနေဖို့ဆိုရင် စနစ်တကျနဲ့ လုပ်တယ်ဆို တာထက် သူ့အုပ်စုနဲ့ သူ နီးစပ်ရာစုပေါင်းနေထိုင်မှုက ပိုများတဲ့အခါကျတော့ တော်တော်လေးမလွယ်တဲ့ကိစ္စ ဖြစ် တယ်။
သို့သော် မဏိပူရ်ဘက်က ဝင်လာတဲ့ဟာတွေဆိုရင် လုံခြုံရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာတွေမှာ တော်တော်လေး စိုးရိမ်စရာရှိပါတယ်။ အခုဆိုရင် မဏိပူရ်ပြည်နယ်မှာ ဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၂၀၉ ဦး ရှိနေတယ်ဆိုတာ ကျနော်တို့ စာရင်းအတိအကျ ပြုစုထားနိုင်ပါတယ်။ အဲဒီလိုပုံစံဖြစ်တော့ အခုအချိန်မှာ မြန်မာနိုင်ငံက ဝင်လာရင် ဖမ်းခံရနိုင်ခြေလည်းရှိတယ်။ လူသားချင်းစာနာမှုဆိုင်ရာနဲ့ ပတ်သက်ပြီး အကျပ်အတည်း ကြုံရနိုင်ခြေ ရှိတယ်။
အများအားဖြင့် နယူးဒေလီမှာနေတဲ့သူတွေ၊ UNHCR စောင့်ရှောက်မှုအောက်မှာ ရှိတဲ့သူတွေကလည်း သူ့ပုံစံနဲ့သူ ခက်ခဲမှုတွေက ရှိတယ်။ အိန္ဒိယဘက်ကို ဝင်လာတယ်ဆိုတာ မြန်မာနိုင်ငံအတွင်းမှာ လုံခြုံမှုမရှိလို့ ဝင်လာတာ ပိုများ ပြီး နိုင်ငံခြားကနေ မိသားစု အထောက်အပံ့ ရှိတဲ့သူတွေလောက်ပဲ ခိုလှုံလို့ရတဲ့ အခြေအနေ အခင်းအကျင်းမျိုးပါ။
မေး ။ ။ လက်ရှိ အိန္ဒိယထောင်ထဲကျန်နေသေးတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီဘက်ကရော ဆက်ပြီးတော့ ပြန်လည်ခေါ်ယူမယ့် အခြေအနေ ရှိပါသလား။
ဖြေ ။ ။ ရက်အတိအကျတော့ မသိဘူး လွန်ခဲ့တဲ့လက စာထုတ်ထားတာတော့ ရှိတယ်။ မဏိပူရ်ပြည်နယ်အစိုးရက ပထမအသုတ် ၇၇ ဦး မြန်မာနိုင်ငံ ပြန်ပို့ဖို့ လုပ်နေတယ်။ ၃၉ ဦးကတော့ အာသံရိုင်ဖယ်ရဲ့ တပ်စခန်းမှာပါ။ ဒါပေမယ့် စစ်ကောင်စီရဲ့ တမူးနယ်စပ်ဂိတ်က တာဝန်မယူတော့ လေယာဉ်နဲ့ ပြန်ခေါ်ရမလိုဖြစ်နေတယ်။ စစ်ကောင်စီက အကုန် အကျများတဲ့ဟာမျိုး လုပ်ချင်ပုံမရဘူး၊ မဏိပူရ်ပြည်နယ် အစိုးရကို ကျနော်တို့ တောင်းတာက စစ်ကောင်စီ ဘက်ကို ပြန်မပို့ဘဲနဲ့ ပြည်တွင်းမှာလွှတ်ပေးပြီး သူတို့ အစီအစဉ်နဲ့ သူတို့ လုံခြုံစွာအိမ်ပြန်နိုင်ရေး လုပ်ပေးဖို့ပဲ။ ဘာကြောင့်ဆို တော့ အသက်ပိုင်းဆိုင်ရာအရ လူလတ်ပိုင်း ၃၀ အောက်က ပိုများနေလို့ပါ။
သူတို့ကိုလွှတ်ဖို့ မဏိပူရ်ပြည်နယ်အစိုးရ ဆုံးဖြတ်ခဲ့တာကလည်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးတဲ့ နောက်ဆိုတော့ ဒီအပေါ်မှာ ကျနော်တို့ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုတာတွေလည်း ရှိသလို ပြည်နယ်အစိုးရ ကလည်း စိိုးရိမ်ကြောင်း အသံထွက်ခဲ့တာရှိပေမယ့် အခြေအနေကို ကျနော်တို့ မေးမြန်းတဲ့အခါ စစ်ကောင်စီလာခေါ်ရင် ပြန်ပို့မယ် တချို့ဆိုရင် ဒီနေ့အထိ နယ်စပ်မှာပဲထားထားတဲ့ အနေအထား ဖြစ်နေပြန်ရော အိန္ဒိယရွေးကောက်ပွဲပြီးမှ တက်လာတဲ့ အစိုးရ လုပ်ဆောင်ချက်ပေါ် မူတည်ပြီး သူတို့ရဲ့အနာဂတ်တွေက မှီခိုနေတဲ့အနေအထား ဖြစ်နေတယ်။
မေး ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုအစိုးရကို တောင်းဆိုတာလား။ ပြည်နယ်အစိုးရကို တောင်းဆိုတာလား။ တောင်းဆိုချက်အပေါ်မှာ ဘယ်လိုတုံ့ပြန်ပါသလဲ။
ဖြေ ။ ။ ပြည်နယ်အစိုးရရော ၊ ဗဟိုအစိုးရရောပဲ။ ဒါပေမယ့် ဗဟိုအစိုးရကျတော့ တရားဝင်စာနဲ့ ထုတ်ပြန်တာ မရှိဘူး။ ကျနော်တို့ ပုံမှန်ဆက်သွယ်နေကျလမ်းကြောင်းနဲ့ ဆက်သွယ်တော့ အဲဒီလမ်းကြောင်းမှာ ရှိတဲ့သူတွေကတော့ အရမ်းကြီးမစိုးရိမ်ဖို့နဲ့ ဒီတိုင်းကြီးတော့ လုံခြုံရေးအာမခံချက်မရှိဘဲနဲ့ ပြန်လွှတ်လိမ့်မယ် မထင်ဘူးပေါ့။ မလွှတ်ပါဘူး လို့တော့ ပြောတယ်။
မေး ။ ။ မြန်မာပြည်က ထွက်ပြေးလာတဲ့သူတွေနဲ့ပတ်သက်တဲ့ အိန္ဒိယရဲ့ လက်ရှိမူဝါဒကို ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ အိန္ဒိယရဲ့မူဝါဒက မကြာခဏ ပြောင်းနေတယ်လို့ ဆိုရမယ်၊ အာဏာသိမ်းခါစတုန်းက ဗဟိုက လုံးဝလက် မခံဖို့ပြောပေမယ့် မီဇိုရမ်ပြည်နယ်အစိုးရက တင်းခံပြီးလုပ်လာတော့ ဗဟိုက ငွေကြေးအနည်းငယ် ပံ့ပိုးကူညီတာတွေ ရှိလာတယ်။ မဏိပူရ်ပြည်နယ် ပဋိပက္ခမှာဆိုရင်လည်း အစက မြန်မာနိုင်ငံသားတွေ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲတာ တွေ ရှိတယ်။
နောက် ဗဟိုအစိုးရ တာဝန်ရှိသူ ပြည်ထဲရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာနိုင်ငံသား ထိန်းသိမ်းခံရ သူတွေကို ဖမ်းပြီး ပြန်ပို့တာ မလုပ်ပါဘူး။ ကျနော်တို့ အတတ်နိုင်ဆုံး မြန်မာနိုင်ငံ မတည်ငြိမ်မချင်း စောင့်ရှောက်ပါမယ် ဆိုတာတွေလည်း ရှိတယ်။ ဒီကြားထဲ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က ပြန်ပို့ဖို့ လုပ်နေတာတွေလည်း ရှိတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်လို့ လောလောဆယ် အိန္ဒိယရဲ့ ရပ်တည်ချက်က ဒါဟာ သူ့မူပါဆိုပြီး လက်ဆုပ်လက်ကိုင်ပြ စရာ မရှိဘူးလို့ ပြောလို့ရတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ပြောဆိုလုပ်ကိုင်မှုအပေါ်မှာပဲ မူတည်နေတဲ့ အနေအထား ဖြစ်နေတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အိန္ဒိယမှာ ကောင်းမွန်ခိုင်မာတဲ့မူ မရှိသေးတာလား။ မကြာခဏ မေးခွန်း ထုတ်ရမယ့်ဟာ ရှိပါတယ်။
မေး ။ ။ ထောင်ထဲမှာ အခက်အခဲတွေ့နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အနာဂတ်နဲ့ အလားအလာကို ဘယ်လိုများ သုံးသပ်မိပါသလဲ။
ဖြေ ။ ။ ဘာဆက်ဖြစ်မလဲတော့ ကျနော်တို့ ကြိုပြောလို့မရဘူး။ သူတို့ ဒုက္ခမရောက်အောင် ကျနော်တို့ India for Myanmar အနေနဲ့ သက်ဆိုင်ရာတွေကို အမြဲတိုက်တွန်းတာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ တွေရှိရင်လည်း ကန့်ကွက်ရှုတ်ချတာတွေ ရှိတယ်။ အိန္ဒိယအနေနဲ့ ဒီမိုကရေစီအရေးကို ကူညီလာအောင် လုပ်တယ်။ အဆိုးဘက်က မျှော်လင့်တာထက် အကောင်းဘက်ကနေ ဖြစ်လာအောင် တွန်းနေတဲ့ ပုံစံမျိုးဖြစ်တော့ ကျနော်တို့ လုပ်ဆောင်ချက် တွေကို သူတို့က နားထောင်ပေးတယ် ဆိုရင် အလိုလိုဖြေရှင်းပြီးသားဖြစ်မှာပေါ့။
လောလောဆယ် အခြေအနေအထိကတော့ အဆိုးကြီးဖြစ်လာမယ်လို့ မျှော်လင့်ချက်မထားဘူး။ အိန္ဒိယဟာ မြန်မာရဲ့ တခုတည်းသော အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့အတွက် မြန်မာ့အရေးနဲ့ ပတ်သက်လာရင် ကျန်တဲ့ဟာ မကူညီရင် တောင် လူသားချင်းစာနာ ထောက်ထားမှုအရ အိန္ဒိယနိုင်ငံဘက်ကို ဝင်လာတဲ့သူတွေကို လူသားဆန်ဆန် နေထိုင်ခွင့် ပေးဖို့ကို ကျနော်တို့ တွန်းနေပါတယ်။
မေး ။ ။ India for Myanmar အနေနဲ့ မြန်မာပြည်က ထွက်ပြေးလာသူတွေနဲ့ပတ်သက်လို့ စိတ်ပိုင်းရုပ်ပိုင်း ဆိုင်ရာ ဘာတွေ ကူညီပေးနေပါသလဲ။
ဖြေ ။ ။ အမှန်တကယ်ဆိုရင် ကျနော်တို့က အိန္ဒိယရဲ့ လက်ရှိ မြန်မာ့အရေးအပေါ် ရပ်တည်ချက် ပြောင်းလဲလာဖို့ Advocacy လုပ်တဲ့အပိုင်းကိုပဲ အဓိကလုပ်ပါတယ်။ ပြောမယ်ဆိုရင် နိုင်ငံရေးလှုပ်ရှားမှုပဲ လုပ်ပါတယ်။
ဒီလို ဖမ်းဆီးမှုတွေ ရှိလာတဲ့အခါမှာ ဖမ်းဆီးခံရသူတွေအရေးကို တတ်နိုင်သလောက်လုပ်နေတာ ရှိတယ်။ ကျနော်တို့ လုပ်နေတာကလည်း ဥပဒေလမ်းကြောင်းအရ တရားဝင် ဘာမှလုပ်ပိုင်ခွင့်မရှိတော့ ဖမ်းဆီးခံရသူတွေရဲ့ နစ်နာချက် တွေ၊ အခက်အခဲတွေ ၊ ဖမ်းဆီးခံထားရတဲ့ စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်ကလူတွေဟာ တကယ့် အခက်အခဲကြုံနေ သူတွေဖြစ်တော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ အစိုးရတာဝန်ရှိသူတွေ သူတို့အခက်အခဲကို သိအောင် ထုတ်ဖော် ပြောဆိုမှုတွေလုပ်တယ်။ နိုင်ငံတကာသိလာအောင်လည်း လုပ်ပေးနေတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို အိတ်ဖွင့်ပေးစာ ပေးပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတာတွေ ရှိပါတယ်။ လက်ရှိ လုပ်နေတာတွေကတော့ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး လျစ်လျူရှုသလို လုပ်နေတာတွေကို လျစ်လျူရှုတာမလုပ်ဖို့၊ မြန်မာနိုင်ငံအရေး တော်လှန်ရေးမှာ ပူးပေါင်းပါဝင်လာဖို့ Advocacy လုပ်ပါတယ်။
Irrawaddy News