ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

လူငယ်ထိန်းသိမ်းရေး သင်တန်းကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေရှိနေကြောင်း PPNM ထုတ်ပြန်
လူငယ်ထိန်းသိမ်းရေး သင်တန်းကျောင်းတချို့မှာ နိုင်ငံရေးနဲ့ဆက်နွယ်ပြီး ဖမ်းဆီးခံထားရတဲ့ အသက်မပြည့်သေးတဲ့ အမျိုးသမီးတွေ အပါအဝင် ထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးငယ်တွေဟာ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှု၊ လိင်ပိုင်းဆိုင်ရာ အရှက်ရစေမှုနဲ့ ကလေးသူငယ် အခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က မေလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်မှာရှိတဲ့ ရန်ကုန်တိုင်း ဗဟန်းနဲ့ ကော့မှူးမြို့နယ်တို့က သင်တန်းကျောင်း နှစ်ခုနဲ့ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်က လူငယ်သင်တန်းကျောင်းတို့မှာ အခွင့်အရးချိုးဖောက်မှုတွေ ကြုံနေရတာလို့ ဆိုပါတယ်။
အဲဒီသင်တန်းကျောင်းတွေမှာ အမျိုးသမီးငယ်တွေကို အဝတ်အစားတွေ ချွတ်ခိုင်းပြီး အပြစ်ပေးတာ၊ အမျိုးသမီးနေရာတွေကို အမျိုးသမီးဝန်ထမ်းရဲ့ မိသားစုဝင် အမျိုးသားတွေက ဝင်ထွက်နေတာ၊ အိပ်ခန်း အပါအဝင် ရေချိုးဖို့ သတ်မှတ်ထားတဲ့နေရာနဲ့ အိမ်သာတွေကို မြင်နိုင်တဲ့နေရာတွေမှာ CCTV ကင်မရာ တပ်ဆင်ထားတာတွေကြောင့် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ရှိနေတာလို့ PPNM က ပြောပါတယ်။
ဒီအပြင် အစားအစာ လုံလောက်မှုမရှိတာ၊ အမျိုးသမီးလစဉ်သုံးပစ္စည်း မလုံလောက်တာတွေ ကြုံနေရသလို တုတ်နဲ့ရိုက် အပြစ်ပေးတာနဲ့ ထင်းခွဲခိုင်းတာလိုမျိုး ပင်ပန်းတဲ့အလုပ်တွေကိုပါ ခိုင်းစေနေတာတွေရှိတယ်လို့လည်း ဆိုပါတယ်။
ဒီလို လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုအပေါ် ကန့်ကွက်တယ်လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။
“လက်ရှိအချိန်မှာ စားသောက်နေထိုင်ရေးဖြစ်တဲ့ အခြေခံထောက်ပံ့မှုတွေကို လုံလုံလောက်လောက် မရရှိနေခြင်းဟာလည်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်း ဖြစ်ပါတယ်။ ပိုပြီးဆိုးရွားတာက အမျိုးသမီးငယ်တွေ အိပ်တဲ့အခန်းတွေ၊ ပြီးတော့ သူတို့တွေ ရေချိုးတဲ့နေရာတွေနဲ့ အိမ်သာတွေကို မြင်ရတဲ့ ထောင့်တွေမှာ စီစီတီဗီတွေကို တပ်တပ်ထားတာ ဖြစ်တယ်ပေါ့။ ဒီလိုမျိုးထားခြင်းဟာ အမျိုးသမီးငယ်တွေ ရေချိုးရမှာသော်လည်းကောင်း၊ အိမ်သာတက်ရမှာသော်လည်းကောင်းပေါ့။ သူတို့ရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ၊ ဒီရဲ့ စီစီတီဗီ မှတ်တမ်းတွေက ပြင်ပကိုပေါက်ကြားသွားခဲ့သည်ရှိသော် သူတို့ရဲ့ ဂုဏ်သိက္ခာ ထိခိုက်နိုင်တဲ့အရာတွေပေါ့”
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလွင်ဦးကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ တယ်လီဖုန်းကတစ်ဆင့် ဖြေကြားနိုင်မှာမဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
စစ်ကောင်စီရဲ့ လူမှုဝန်ထမ်းဦးစီးဌာန စာရင်းတွေအရ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာ၀တီတိုင်း၊ ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ လူငယ်သင်တန်းကျောင်း ၁၁ ခုရှိပါတယ်။
RFA Burmese
တစ်ပတ်အတွင်း ကလေးရှစ်ဦးအပါအဝင် အရပ်သား ၃ဝ ကျော် သေဆုံး
နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မေလ ၁၅ ရက်ကနေ ၂၁ ရက်နေ့အထိ တစ်ပတ်အတွင်း ကလေး ရှစ်ဦးအပါအဝင် အရပ်သား သုံးဆယ်ကျော်သေဆုံးပြီး ငါးဆယ်ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) (ND Burma) အဖွဲ့က မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
သေဆုံးသူတွေထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းတို့က ငါးဦးစီ၊ ကရင်ပြည်နယ်က လေးဦး၊ ရခိုင်နဲ့ ကချင်ပြည်နယ်က သုံးဦးစီ၊ စစ်ကိုင်း၊ တနင်္သာရီနဲ့ ပဲခူးတိုင်းတွေမှာ နှစ်ဦးစီနဲ့ ချင်းပြည်နယ်က တစ်ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
ဒီတစ်ပတ်အတွင်း စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုတွေအပြင် လေကြောင်းကနေ တိုက်ခိုက်တာ၊ ဖမ်းဆီးခေါ်ဆောင်တာတွေ အပါအဝင် လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒီထုတ်ပြန်ချက်ပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
RFA Burmese
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊မေလ(၁၅)ရက်မှ (၂၁) ရက်နေ့ထိ)
၂၀၂၄ ခုနှစ်၊ မေလ (၁၅)ရက်မှ (၂၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
မေလ (၁၅)ရက်မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ် တို့တွင် လေကြောင်းအသုံးပြုဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ မကွေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့မှ အမျိုးသား စုစုပေါင်း (၂၀၀)ကျော်ကို စစ်မှုထမ်း အပတ် စဥ်(၂) အတွက် အဓမ္မဖမ်းဆီးခြင်း၊ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်သား များနှင့် စစ်အာဏာရှင် လက်အောက်ခံဝန်ထမ်းများက ဧရာဝတီတိုင်းဒေသကြီးတွင် ခရီးသွားယာဉ်များ နှင့် လူများကို ငွေကြေးတောင်းခံခြင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်မှတ်ပုံတင် ပြုလုပ်ရာတွင် ငွေကြေးတောင်းခံခြင်းများ ပြုလုပ် လျှက်ရှိသည်။
စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၂၀)ကျော် သေဆုံးခဲ့ပြီး (၅၀)ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေးချိုး ဖောက်မှု များကြောင့် အသက်မပြည့်သူ (၈)ဦး သေဆုံးခဲ့ရပြီး (၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သား များ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့ရသည်။
Infogram
ပလက်၀မှာ ဗုံးကြဲတိုက်ခိုက်ခံရလို့ ဒေသခံငါးဦး သေဆုံး၊ ဆယ်ဦးထက်မနည်း ဒဏ်ရာရ
ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ ကုလားတန်မြစ်ဘေးက ထရွန်အိုင်ရွာကို မေလ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားငါးဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေက အသက် ၁၇ နှစ်အရွယ် မစန္ဒာ၊ အသက် ၄၇ နှစ်အရွယ် ဒေါ်လှခိုင်ဦး၊ အသက် ၃၂ နှစ်အရွယ် ကိုမောင်သိန်းနိုင်၊ အသက် ၃၃ နှစ်အရွယ် ကိုအောင်ကျော်ညွန့်နဲ့ အသက် ၇၆ နှစ်အရွယ် ဦးအောင်ထွန်းတို့ ဖြစ်ကြပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ သုံးကြိမ်ဗုံးကြဲခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲမရှိဘူး။ စစ်ကောင်စီတပ်က လေယာဉ်ဂျက်ဖိုင်တာနဲ့ သုံးကြိမ် ဗုံးကြဲတယ်။ ထရွန်အိုင် အထက်ဈေးတန်းမှာ ကြဲသွားတာ ငါးဦး သေတယ်။ သေတဲ့သူတွေက အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားသုံးဦး”
ဒီတိုက်ခိုက်မှုမှာ နေအိမ်တစ်လုံးနဲ့ ဈေးဆိုင်ခန်းတစ်ခုလည်း ပျက်စီးခဲ့တယ်လို့ သူကဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ထရွန်အိုင်ရွာဟာ စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းစခန်း တည်ရှိတဲ့နေရာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ရက္ခိုင့်တပ်တော် AA က သိမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကနေ ဧပြီလအထိ လေးလအတွင်းမှာ သေဆုံးသူ ၅၁၄ ဦးရှိခဲ့ပြီး ဒဏ်ရာရသူက ၁၁၅၂ ဦးအထိ ရှိခဲ့ပါတယ်။
RFA Burmese
စစ်ခေါင်းဆောင်နဲ့ စစ်တပ်ပိုင်လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူဖို့ ဂျပန်နိုင်ငံကို HRW တိုက်တွန်း
ဂျပန်ဝန်ကြီးချုပ် ဖူမီရို ကီရှီဒါက မြန်မာစစ်တပ်ကို အရေးယူဆောင်ရွက်ဖို့ သင့်တော်သလို ကိုင်တွယ်သွားမယ်လို့ ကတိပေးထားပေမဲ့ ဂျပန်နိုင်ငံဟာ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေနဲ့ ငွေအပေးအယူ ရှိနေဆဲဖြစ်တယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ HRW ရဲ့ အစီရင်ခံစာတစ်စောင်မှာ ပါရှိပါတယ်။
ဂျပန်ကုမ္ပဏီ Yokogawa Bridge Corp က တည်ဆောက်ပေးနေတဲ့ ပဲခူးမြစ်ကူးတံတား စီမံကိန်းအတွက် လိုအပ်တဲ့ သံမဏိတိုင်တွေကို စစ်တပ်ပိုင် MEC ရဲ့ စက်ရုံဆီကနေ ဝယ်ယူနေတဲ့အကြောင်း၊ HRW ရဲ့ လေ့လာစုံစမ်းမှုတွေအရ Yokogawa ကုမ္ပဏီဟာ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေအတွင်းမှာ MEC ကို ဒေါ်လာ နှစ်သန်းပေးချေခဲ့တာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်ပိုင် MEC ကော်ပိုရေးရှင်းကို ပေးချေဖို့ရှိတဲ့ ငွေကြေးတွေကို ဆိုင်းငံ့ထားဖို့၊ စစ်ကောင်စီကို လူသားချင်း စာနာမှုမဟုတ်တဲ့ အကူအညီတွေပေးအပ်နေတာ ရပ်ဆိုင်းဖို့နဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင် လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူမှုတွေချမှတ်ဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က တိုက်တွန်းလိုက်ပါတယ်။
RFA Burmese
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊မေလ(၈)ရက်မှ (၁၄) ရက်နေ့ထိ)
၂၀၂၄ ခုနှစ်၊ မေလ (၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
မေလ (၈)ရက်မှ (၁၄)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ မကွေးတိုင်းဒေသကြီး ဆောမြို့နယ် နှင့် စစ်ကိုင်း တိုင်း ဒေသကြီး ဒီပဲယင်းမြို့နယ်တို့တွင် စစ်အာဏာရှင်တပ်၏ လေကြောင်း ဗုံးကြဲ သတ်ဖြတ်မှုကြောင့် ပြည်သူ (၂၀) ကျော် သေဆုံးခဲ့ပြီး (၅၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများက မေလ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာမှ ဒေသခံ ပြည်သူ (၃၀)ကျော်ကို အစုလိုက် အပြုံလိုက် ဖမ်းဆီး ပစ်သတ်ခဲ့သည်။ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး တို့မှ အမျိုးသားများ ကို စစ်မှုထမ်း အပတ်စဉ်(၂) အတွက် အဓမ္မဖမ်းဆီးခြင်း၊ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး တွင် စစ်မှုထမ်းရန် ငြင်းဆိုသည့် လူငယ်(၇)ဦး အပါအဝင် မိသားစုဝင်များကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းများ ပြုလုပ် ခဲ့သည်။
စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၈၀)ကျော် သေဆုံးခဲ့ပြီး (၁၂၀)ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့ရသည်။
Infogram