၂၀၂၄ ခုနှစ်၊ မေလ (၂၂)ရက်မှ (၃၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

မေလ (၂၂)ရက်မှ (၃၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြု လုပ် ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် စစ်မှုထမ်းရန် အသက်ပြည့်မှီသော လူငယ်များကို ခရီးသွားထောက်ခံစာ ထုတ် မပေးခြင်း၊ စစ်မှုမထမ်းလိုလျှင် ငွေကြေးပေးရမည်ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်လျှင် ပစ်ခတ်မည်ဟု အာဏာပြ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျှက်ရှိသည်။ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့မှ လူငယ်များကို စစ်မှု ထမ်းရန် အတွက် ဆင့်ခေါ်စာများ ပေးပို့ကာ အတင်းအဓမ္မဖမ်းဆီးခြင်းများ ပြုလုပ်ခြင်းကြောင့် လူငယ်များ ထွက်ပြေး တိမ်းရှောင်နေရသည်။ ဧရာဝတီတိုင်းဒေသကြီးမှ စစ်မှုထမ်းရန် ငြင်းဆိုသော လူငယ် (၁)ဦးကို စစ်အာဏာရှင်တပ်သား များက ရိုက်နှက်ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ် အနေဖြင့် မြန်မာနိုင်အနှံ့မှ စစ်မှုထမ်းရန် သတ်မှတ် အပြည့်မှီ လူငယ်များကို ဖမ်းဆီးလျှက်ရှိသည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၁၀)ကျော် သေဆုံးခဲ့ပြီး (၂၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့ပြီး (၅)ဦး ဒဏ်ရာ ရရှိခဲ့သည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မတောရွာမှာ မင်္ဂလာဆောင်ပွဲ ကျင်းပနေတဲ့အချိန် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်အတွင်း ကလေးငယ်တွေ အပါအဝင် သေဆုံးသူ ၂၈ ဦးအထိရှိလာပြီလို့ ဒေသခံတွေက RFA ကို ဇွန်လ ၄ ရက် ဒီနေ့မနက်မှာ ပြောပါတယ်။

ဇွန်လ ၃ ရက်မနေ့က နေ့လယ်အထိ သေဆုံးသူ ၂၁ ဦးသာရှိရာက‌နေ ဒဏ်ရာရထားသူတွေ ထပ်မံသေဆုံးတာကြောင့် အရေအတွက်တွေ ထပ်တိုးလာတာဖြစ်ပြီး ဒီအထဲမှာ အသက် တစ်နှစ်ခွဲနဲ့ ရှစ်နှစ်အရွယ် ကလေးနှစ်ဦး ပါဝင်တယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုမှာ ဒဏ်ရာပြင်းထန်သူတွေ အချိန်မီဆေးကုသခွင့်မရလို့ ထပ်မံနေဆုံးတာဖြစ်ပြီး လက်ရှိမှာလည်း ဒဏ်ရာရထားသူ ၄၁ ဦးရှိတယ်လို့ ဒီဖြစ်ရပ်ကို မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးဌေးက RFA ကို ပြောပါတယ်။

“နောက်ဆက်တွဲက သေဆုံး ၂၈ ဦးနဲ့ ဒဏ်ရာရ ၄၁ ဦးဖြစ်သွားပြီဗျ။ ကြောက်လန့်ပြီးမှ တော‌တောင်ထဲ ပြေးသွားသူတွေ‌‌ပေါ့။ ရှာဖွေပြီးမှ ဆေးကုပေးမယ်ဆိုပြီး ခေါ်ထုတ်၊ ဆေးကု‌‌ပေးမယ်၊ ဘာလုပ်‌ပေးမယ် ပြောမှသာလျှင် ထွက်လာတော့တာလေ၊ မဟုတ်ရင် ထွက်မလာကြဘူး။ ဒဏ်ရာပြင်းတဲ့သူတွေပါတော့ သေဆုံးတိုးလာတာပေါ့။ ခြေထောက်နှစ်ဖက်လုံး ပြတ်ထွက်တဲ့လူတွေ၊ လက်တွေ ပြတ်တာတွေ၊ ခါးတွေ ပေါက်ထွက်သွားတာ အဲဒါတွေ ပြင်းထန်တာလေ”

ဒဏ်ရာရထားသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေလည်းပါတာကြောင့် အခြေအနေစိုးရိမ်ရတယ်လို့ ‌‌‌‌‌‌‌‌မတောရွာ ဒေသခံတွေက ပြောပါတယ်။ မင်္ဂလာဆောင် သတို့သားနဲ့ သတို့သမီးကတော့ ဗုံးကြဲခံရတဲ့အချိန် ရွာဘုန်းကြီးကျောင်းဘက် ဆွမ်းကပ်ဖို့ရောက်နေတာကြောင့် ထိခိုက်ဒဏ်ရာရတာ မရှိကြဘူးလို့ ဆိုပါတယ်။

မနေ့က လေကြောင်းနဲ့ ဗုံးကြဲမှုအပြီး မတောရွာနဲ့ အနီးအနားကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ဆက်ပစ်ခတ်ခဲ့ပေမဲ့ ဒီနေ့ မနက်ပိုင်းမှာ ပစ်ခတ်တာမရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ မတောရွာနဲ့ အနီးအနား ရွာခြောက်ရွာက ဒေသခံ နှစ်ထောင်ကျော်ကတော့ ရွာထဲတွေကို ပြန်မဝင်ရဲသေးဘဲ တောတောင်တွေထဲ ဆက်ပြီးနေထိုင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို မနေ့ညနေပိုင်းမှာ RFA က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအာင်ကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ မေလအထိ ငါးလအတွင်းမှာ သေဆုံးသူ ၆၆၂ ဦးရှိခဲ့ပြီး ဒဏ်ရာရသူက ၁၄၉၂ ဦးအထိရှိခဲ့ပါတယ်။

RFA Burmese

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့အနီး ဆတ်ရိုးကျရပ်ကွက် (ယခင် ဗျိုင်းဖြူရွာ) မှာ သတ်ဖြတ်ခံရတဲ့ အရပ်သား ၇၆ ဦးအထိ ရှိလာပြီလို့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၄ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း မကြာခင်ထုတ်ပြန်မယ်လို့ AA က ပြောပါတယ်။

အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ ဗျိုင်းဖြူရွာကို မေလ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်သားက တစ်ရာကျော်က ကားခုနစ်စီးနဲ့အတူ တစ်ရွာလုံးကို ပိတ်ဆို့ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီတပ်က အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ လူနေအိမ်တချို့ကို မီးရှို့တာနဲ့ တန်ဖိုးရှိ ပစ္စည်းတွေကို လုယူတာ စတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့သလို ထောင်နဲ့ချီတဲ့ ရွာသားတွေကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားဆဲဖြစ်တယ်လို့ AA က ပြောထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဗျိုင်းဖြူရွာ မြောက်ဘက်က ကံပြင်ရွာဟောင်းနဲ့ ကံပြင်ရွာသစ်ကနေ စစ်တွေမြို့ထဲကို ဒရုန်းဗုံးနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် မေလ ၂၉ ရက်နေ့က ဗျိုင်းဖြူရွာထဲ နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့တာလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေကတစ်ဆင့် ဇွန်လ ၃ ရက်နေ့မှာ ပြောပါတယ်။

အဲဒီနေ့က လုံခြုံရေးစစ်ဆေးနေစဉ် ဗျိုင်းဖြူရွာသား မဟုတ်တဲ့ လူသုံးဦးဟာ စစ်ကောင်စီတပ်သားတစ်ဦးဆီက သေနတ်လုယူခဲ့တာကြောင့် ပြန်ပစ်ခတ်ခဲ့စဉ် အဲဒီလူသုံးဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

ရက္ခိုင့်တပ်တော် (AA) ဘက်ကပြောသလို အမျိုးသမီးတွေ အဓမ္မပြုကျင့်တာ၊ လူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တာလည်း မရှိခဲ့ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ အခုလို အစုအလိုက်အပြုံလိုက်သတ်ဖြတ်မှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုအသီးသီးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) နဲ့ ကျောင်းသားလက်ရုံး တပ်တော် (က.လ.တ) တို့ကလည်း ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

RFA Burmese

နေ့စွဲ – ၂၀၂၄ခုနှစ်၊ ဇွန်လ (၄) ရက်။

စာအမှတ် – ရကလစ/ဗဟို/ထုတ်ပြန်/၂/၂၄။

၁။ ၂၀၂၄ခုနှစ်၊ မေလ (၂၉) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂း၀၀) နာရီခန့်တွင် ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်(ဗျိုင်းဖြူရွာ) သို့ စစ်ကောင်စီ၏ ဒကစ (စစ်တွေ) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာကာ ရွာသားများအား လမ်းမပေါ်သို့ထွက်ခိုင်းပြီး အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးများအား လမ်းတဖက်တချက်၌ တန်းစီကာ ရိုက်နှက်ခဲ့ကြောင်း သိရသည်။

၂။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အမျိုးသားများ၏မျက်နှာကို အသင့်ယူဆောင်လာသော ပိတ်စအမဲဖြင့် စည်းနှောင်ခြင်း၊ တချို့ကို ၎င်းတို့၏အဝတ်ဖြင့် စည်းနှောင်ခြင်း၊ လက်ပြန်ကြိုးတုပ်၍ ရိုက်နှက်စစ်ဆေး ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ညနေမိုးချုပ်ချိန်တွင် အမျိုးသားများအား ရွာ၏အရှေ့ဘက် ရေကန်နံဘေး သို့ ခေါ်ဆောင်၍ ရိုက်နှက်စစ်ဆေးပြီး၊ ထိုမှတဆင့် ရွာမြောက်ဘက်သင်္ချိုင်းသို့ ခေါ်ဆောင်၍ ထပ်မံစစ်ဆေး ညှဉ်းပန်းနှိပ်စက်ကာ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။ ပစ်ခတ်သတ်ဖြတ်သော သေနတ်သံကို ကြားရသောကြောင့် အမျိုးသမီးတဦးလည်း နှလုံးရပ်၍ သေဆုံးသွားခဲ့သည်။

၃။ စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ဗျိုင်းဖြူရွာမှ အမျိုးသား (၄၈) ဦးနှင့် အမျိုးသမီး (၅) ဦးသေဆုံးကာ အမျိုးသမီး (၂) ဦးမှာ မုဒိန်းကျင့် သတ်ဖြတ်ခံခဲ့ရကြောင်း ကြားသိရသည်။ တချို့အမျိုး သားများမှာ လက်ရှိအချိန်ထိ ဖမ်းဆီးစစ်ဆေးခံနေရပြီး ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခံရသော အမျိုးသားများ ထဲတွင် အရွယ်မရောက်သေးသည့် လူငယ်နှင့် ကျောင်းသားများလည်းပါဝင်ကြောင်း သိရသည်။ ဗျိုင်းဖြူ ရွာသား အားလုံးမှာလည်း နေရပ်စွန့်ခွါတိမ်းရှောင်ခဲ့ကြရပြီး တချို့မှာ စစ်တွေမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း များ၌ ခိုလှုံနေကြရသည်။

၄။ စစ်ကောင်စီသည် ဗျိုင်းဖြူရွာသားများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သလို လက်နက်ကိုင်ပဋိပက္ခ ကာလတလျှေက်တွင် ရခိုင်ပြည်ရှိ အပြစ်မဲ့အရပ်သားပြည်သူများအား ရေကြောင်း၊ လေကြောင်းမှ ပစ်ခတ်ခြင်း၊ ကြည်းတပ်အင်အားဖြင့် လူမဆန်စွာ ပြုမူရက်စက်သတ်ဖြတ်နေခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ရုံမျှမက စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ထပ်မံကျူးလွန်နေခြင်းပင်ဖြစ်သည်။

၅။ ရခိုင်ပြည်တွင် စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ရခိုင်ပြည်သူများအား ပစ်မှတ်ထား၍ အကြမ်းဖက် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ မြို့ရွာ၊ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း စသည့်လုပ်ရပ်များကို ကျူးလွန်နေသည့်အပေါ်တွင် မိမိတို့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC) မှ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။

၆။ စောမြရာဇာလင်းဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည်လည်း ရခိုင်ပြည် အနှံ့အပြား၌ စစ်ရာဇဝတ်မှုကျူးလွန်နေသည့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း ဝေဖန် သံများကို ကြိမ်ဖန်များစွာ ကြားသိရသောကြောင့် မိမိတို့အနေဖြင့် အထူးပင်စိတ်မကောင်း ဖြစ်ရပါသည်။ တော်လှန်ရေးအစဉ်အလာရှိသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အမည်ကိုအသုံးပြု၍ ဖက်ဆစ် တပ်များနှင့် ပူးပေါင်းကာ လူထုဆန့်ကျင်ရေးလုပ်ငန်းများ၌ ပါဝင်နေမည်ဆိုပါက ရခိုင်အမျိုးသား လွတ်မြောက်ရေးလမ်းကြောင်းမှ သွေဖီသွားမည်ကို အထူးပင်သတိထားရန် လိုအပ်ပေသည်။

၇။ ရခိုင်ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုကျူးလွန်သူ စစ်ကောင်စီအား အပြစ်ပေးအရေးယူနိုင်ရန်အတွက် မိမိတို့ AASYC အနေဖြင့် ကုလသမဂ္ဂအပါအဝင် ပြည်တွင်းပြည်ပရှိ အင်အားစုအားလုံးနှင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပြီး ကျူးလွန်ခံရသော မိသားစုများအတွက် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကူညီစောင့်ရှောက်မှုများကိုလည်း တတ်စွမ်းသမျှ ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC)

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းထားစဉ် ရိုက်နှက်စစ်ဆေးခံရလို့ အမျိုးသားငါးဦးထက်မနည်း သေဆုံးသွားတယ်လို့ ဒေသခံတွေက မေလ ၃၁ ရက်နေ့မှာ ပြောပါတယ်။

အဲဒီရွာကို စစ်ကောင်စီတပ်က မေလ ၂၉ ရက်နေ့ကစလို့ ဒီနေ့အထိ ဝင်ရောက်စီးနင်းထားတာဖြစ်ပြီး ဖမ်းဆီးထားတဲ့အထဲက အမျိုးသမီးတွေကို ရွာကနေထွက်ခွာခိုင်းနေပေမယ့် အမျိုးသားတွေကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လောလော အတည်ပြုနိုင်တာက သေတာ ငါးယောက်ရှိပြီ။ အဲဒီအလောင်းတွေကို ရွာဈေးနားမှာ ပုံထားတယ်။ နောက်ထပ်အသတ်ခံရသူတွေလည်း ရှိသေးတယ်။ သူတို့က ယောကျာ်းတွေကို မျက်နှာအုပ်ပြီး ဖမ်းထားတာ။ ပြီးရင် ရိုက်ပြီးစစ်ဆေးတယ်။ မိန်းမတွေကိုတော့ ဒီနေ့ ထွက်သွားခိုင်းတယ်။ တစ်ဝက်တော့ စစ်တွေဝင်္ကာကွင်းကို ပို့ထားတယ်။ အကုန်ငိုနေကြတယ်”

ဖမ်းဆီးထားတဲ့ အမျိုးသားတွေထဲက တချို့ကို ရွာထဲမှာစစ်ဆေးနေဆဲဖြစ်ပြီး မျက်နှာတွေအုပ်ပြီး စစ်ကားတွေနဲ့ ခေါ်ဆောင်သွားတာရှိတယ်လို့လည်း သူက ဆိုပါတယ်။ လက်ရှိမှာတော့ ဘယ်နှစ်ဦးဖမ်းဆီးခံထားရတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ဗျိုင်းဖြူရွာမှာ အိမ်ခြေတစ်ထောင်ကျော်ရှိပြီး စစ်ကောင်စီတပ်သားတွေက နေအိမ်တွေထဲက အဖိုးတန်ပစ္စည်းတွေကို ယူဆောင်နေတာတွေလည်းရှိနေတယ်လို့ နောက်ထပ် ရွာသားတစ်ဦးက ပြောပါတယ်။

“မိန်းမတွေ၊ ကလေးတွေကို ရွာမှာနေလို့မရတော့ဘူးလို့ ပြောပါတယ်။ သူတို့ ရွာထိပ်အထိ လိုက်ပို့မယ်တဲ့။ ပစ္စည်းတွေသိမ်းဖို့ အိမ်ကို ငါးမိနစ် ဝင်ခွင့်ပေးတယ်။ ဘာမှမကျန်တော့ဘူး။ စစ်သားတွေ အကုန်လုံးယူသွားပြီ။ တန်ဖိုးရှိပစ္စည်းတွေလည်း မရှိဘူး”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ ၂၀၁၃ နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၂၀၂၄ မေလ ၁၃ ရက်နေ့အထိ အချိန်ခြောက်လအတွင်း စစ်ကောင်စီက အရပ်သား ၄၂၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မေလ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

အဲဒီကာလအတွင်း စစ်ကောင်စီရဲ့ လက်ချက်ကြောင့် အရပ်သား ၂၆၈ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၆၄၀ အထိရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese

လူ့အခွင့်အရေးနှင့် နိုင်ငံတကာလူသားချင်းစာနာသည့် ဥပဒေကို ဆိုးဆိုးရွားရွား ချိုးဖောက်ခံရသူ များနှင့် ၎င်းတို့၏ မိသားစုများသည် ထိရောက်သည့် ကုစားပေးမှုများကို ခံစားပိုင် ခွင့်ရှိသည်။ ထိုအထဲတွင် ၎င်းတို့ခံစားခဲ့ရသည့် ချိုးဖောက်မှု အဖြစ်မှန်နှင့် မည်သူက ကျူးလွန်သည်၊ ချိုးဖောက်မှု ဖြစ်ပွားခြင်း၏ အရင်းခံအကြောင်းတရားများနှင့် ဖြစ်နိုင်ပါက အတင်းအကြပ် လက်စတုန်း ဖျောက်ဖျက်ခံရသူများ မည်သည့်နေရာတွင် ဖျောက်ဖျက်ခံရသည် (သို့မဟုတ်) ၎င်းတို့၏ အဆုံးစွန်ဆုံး ဖြစ်ခဲ့သည့် ကံကြမ္မာနှင့်ပတ်သက်ပြီး သိခွင့်ရှိရမည်ဖြစ်သည်။ ထိုအခွင့်အရေးကို နိုင်ငံအတော်များများတွင် တရားရုံးများက ဥပဒေချမှတ် ပြဌာန်း၍ အသိအမှတ် ပြုထားသကဲ့သို့ နိုင်ငံတကာ တရားစီရင်ရေး ယန္တာရားများကလည်း ပြဌာန်း အသိအမှတ်ပြုထား သည်။

၎င်းနှင့်ပတ်သက်ပြီး အဓိက ပါဝင်ရမည့် အင်္ဂါရပ်များကို ကောင်းမွန်စွာ ပြုစုဖော် ပြထားချိန် တွင်ပင် အမှန်တရားသိရှိပိုင်ခွင့်နှင့် ပတ်သက်၍ ဆက်လက် တိုးတက်ဖြစ်ပေါ်နေပြီး ဥပဒေ စနစ် အမျိုးမျိုးအောက်တွင် ထူးခြားကွဲပြားသည့် လက္ခဏာများအဖြစ် ဖြစ်ထွန်းနေသည်။

အဓိကထား ဆောင်ရွက်မှုများ အမှန်တရားရှာဖွေ ဖော်ထုတ်ခြင်းလုပ်ငန်းသည် မှတ်တမ်းတင်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက် မှုများအပေါ် အသိအမှတ်ပြုခြင်းစသည့် အစွမ်းထက်သော အခန်းကဏ္ဍမှ ပါဝင်သည်။ အထိမ်းအ မှတ်ဆိုင်ရာ လုပ်ငန်းများသည်လည်း အတိတ်မှ ကျူးလွန်ချိုးဖောက်မှုများကို လူထုနားလည် သဘောပေါက်စေရန် စွမ်းဆောင်ပေးနိုင်သည်။ အမှန်တရား သိရှိပိုင်ခွင့်သည် တရားဝင် အမှန်တရားဖော်ထုတ်ရေးကော်မရှင်အပြင် အရပ်ဖက်အဖွဲ့အစည်းများ၏ မတူကွဲပြားသည့် ကြိုးပမ်းမှုများဖြစ်သော လှုပ်ရှားဆောင်ရွက်မှုများ အဖြစ် (ဥပမာ- မှတ်တမ်းတင်ခြင်း)၊ အထိမ်းအမှတ် လုပ်ငန်းများ (ပြတိုက်၊ အောက်မေ့ဖွယ် အခမ်းအနား များ၊ နေရာ) နှင့် အတိတ်တွင် အမှန်တကယ်ဖြစ်ပွားခဲ့မှုများကို ဖော်ထုတ်မြှင့်တင်ရန်နှင့် အဓိကကျသည့် နေ့ရက်များအား ဂုတ်ပြု အထိမ်းအမှတ်ပြုလုပ်စေရန် ရည်ရွယ်သည့် တခြားလုပ်ငန်းများ လုပ်ဆောင်ရန် ဖြစ်သည်။