ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊ဇွန်လ(၈)ရက်မှ (၁၄) ရက်နေ့ထိ)
၂၀၂၄ ခုနှစ်၊ ဇွန်လ (၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
ဇွန်လ (၈)ရက်မှ (၁၄)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်မှ လူငယ်(၁)ဦးကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင်တပ်က Cyber Security Law ကို အတည်ပြုထားခြင်း မရှိသော်လည်း စစ်အာဏာရှင်တပ်သားများက ၎င်းတို့ ထိန်းချုပ်စိုးမိုးထားသော နေရာများတွင် Mobile Phone များကို စစ်ဆေးခဲ့ပြီး VPN အသုံးပြုသူများကို ဖမ်းဆီး ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့သည်။ မကွေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့မှ ဒေသခံပြည်သူ (၁၀၀)နီးပါးကို စစ်အာဏာရှင်တပ်သားများက လူသား အဖြစ် ဖမ်းဆီးအသုံးပြုခဲ့သည်။
စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၂၀)ကျော် သေဆုံးခဲ့ပြီး (၃၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
Infogram
သာယာဝတီထောင်မှာ အကျဥ်းသားတချို့ ရိုက်နှက်ခံရပြီး နိုင်ငံရေးအကျဥ်းသားသုံးဦး တိုက်ပိတ်ခံရ
ပဲခူးတိုင်း၊ သာယာဝတီအကျဥ်းထောင်မှာ ဇွန်လ ၁၇ ရက်နေ့က အကျဉ်းသားတချို့ရိုက်နှက်ခဲ့ရပြီး နိုင်ငံရေး အကျဥ်းသားသုံးဦး ခြေချင်းခတ်တိုက်ပိတ်ခံရတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
နိုင်ငံရေးအကျဥ်းသားတွေဖြစ်တဲ့ အဆောင် (၆) က ကိုထူးအောင်၊ စောချစ်ဝင်းထွန်းနဲ့ အဆောင် (၅) က ကိုသက်ပိုင်တို့ကတော့ ရိုက်နှက်ခံရတဲ့အပြင် ခြေချင်းခတ်ခံရပြီး တိုက်ပါ အပိတ်ခံလိုက်ရတာလို့ ဆိုပါတယ်။
အကျဥ်းသားတွေကို ထောင်အာဏာပိုင်တွေက ကိုဗစ်ဆေးထိုးရာမှာ တချို့တွေမူးလဲတာနဲ့ ဖျားနာတာတွေရှိတာကြောင့် ရောဂါအခံရှိသူတချို့က ဆေးမထိုးဖို့ ငြင်းဆိုရာကနေ အခုလို ရိုက်နှက်တိုက်ပိတ်ခံရတာလို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးကတော့ သာယာဝတီထောင်မှာ အကျဥ်းသားတွေ ရိုက်နှက်ခံရတာ ကြားသိရပေမဲ့ ဆက်လက်စုံစမ်းနေဆဲလို့ RFA ကို ပြောပါတယ်။
“ဟုတ်ကဲ့ ဒီသတင်းကို ကျွန်တော်တို့လည်း ကြားထားပါတယ်။ အသေးစိတ်အခြေအနေကိုတော့ ကျွန်တော်တို့ ဆက်စုံစမ်းနေပါတယ်”
အကျဥ်းသားတွေ ရိုက်နှက်တိုက်ပိတ်ခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
ဇွန် ၁၅ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသူ ရှစ်ဆယ်ကျော်ကို ထောင်အာဏာပိုင်တွေ ရိုက်နှက်ခဲ့တာကြောင့် အသက်သုံးဆယ်ကျော်အရွယ် အမျိုးသမီးငါးဦး ဒဏ်ရာရခဲ့ပြီး သုံးဆယ်ကျော် တိုက်ပိတ်ခံထားရတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
RFA Burmese
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊ဇွန်လ(၁)ရက်မှ (၇) ရက်နေ့ထိ)
၂၀၂၄ ခုနှစ်၊ ဇွန်လ (၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
ဇွန်လ (၁)ရက်မှ (၇)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ကချင်ပြည်နယ်တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်ခံရသူများက တိမ်းရှောင်နေသဖြင့် ၎င်းလူငယ်များ၏ မိသားစုဝင် (၂၀)ကျော် စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးခဲ့သည်။ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မ ဖမ်းဆီးခြင်းများ ရှိခဲ့ပြီး ဖမ်းဆီးခံရသူများအထဲတွင် အမျိုးသမီးများ ပါဝင်လာခဲ့သည်။
စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၆၀)ကျော် သေဆုံးခဲ့ပြီး (၃၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၂)ဦး သေဆုံးခဲ့သည်။
Infogram
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်နေပြီး ရွာငါးရွာထက်မနည်း မီးရှို့ခံရ
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ အင်အားသုံးရာနီးပါးရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းသုံးခုနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား ဇွန်လ ၈ ရက်နေ့ကစလို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး ရွာငါးရွာထက်မနည်း မီးရှို့ခံထားရတယ်လို့ ဒေသခံတွေက ဇွန်လ ၁၀ ရက်နေ့မှာ ပြောပါတယ်။
နွားထိုးကြီးမြို့နယ်ထဲက မကျီးကန်၊ ဆူးဖြူကုန်း၊ ဖောင်ကျင်း (ဖောင်းချဉ်)(မြောက်)၊ ဖောင်ကျင်း (ဖောင်းချဉ်)(တောင်)၊ နဘူးတော၊ ဘုတ်ကုန်း စတဲ့ရွာတွေက နေအိမ်တွေ မီးရှို့ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
အခု မီးရှို့ခံရတဲ့ ရွာတွေဟာ အိမ်ခြေငါးရာကနေ ခုနစ်ရာဝန်းကျင်ရှိတဲ့ ရွာကြီးတွေဖြစ်ပြီး စစ်ကြောင်းတွေ ဒီနေ့အထိ ရှိနေတာကြောင့် မီးလောင်သွားတဲ့ နေအိမ်အရေအတွက် အသေးစိတ်မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၁၀ ရက် မနက်ပိုင်းမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဘုတ်ကုန်းရွာကို မီးရှို့နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နွားထိုးကြီးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲက အပြင်းအထန်ပဲ ကျွန်တော်တို့နဲ့ဆိုရင် နှစ်မိုင်လောက်ပဲ ဝေးတယ်။ အခု ဘုတ်ကုန်းရွာကို မီးရှို့တာ ဘာမှမကျန်တော့ဘူး။ အဲဒီနားမှာပဲ ခံစပ်ကုန်း အရှေ့ရွာ၊ အနောက်ရွာရှိတယ်။ စစ်ကြောင်းက ခံစပ်ကုန်းဘက်ကို စစ်ကြောင်းထိုးမယ့် အခြေအနေမှာတော့ ရှိတယ်”
တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ရွာပေါင်းနှစ်ဆယ်နီးပါးက ဒေသခံတစ်သောင်းကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
Data for Myanmar ရဲ့ စာရင်းတွေအရ အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝန်း နေအိမ်ပေါင်း ကိုးသောင်းနီးပါး (၈၈,၃၇၃ လုံး) မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
RFA Burmese
သံတွဲ ဆင်ခေါင်းရွာ ဗုံးကြဲခံရမှု အရပ်သား ၁၄ ဦးသေ၊ ၂၄ ဦး ဒဏ်ရာရကြောင်း AA ပြော
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာကို ဇွန်လ ၄ ရက်နေ့က စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်း၊ ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၁၀ ရက် ညနေမှာ သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁ နှစ်နဲ့ ၃ လအရွယ်ရှိတဲ့ ကလေးတစ်ဦးလည်း ပါဝင်ပြီး ဆယ်ကျော်သက်အရွယ် ကလေးနှစ်ဦးနဲ့ အမျိုးသမီးလေးဦးလည်းပါဝင်ပါတယ်။ အဲဒီလို စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် လူနေအိမ် ခြောက်ဆယ်လည်း လုံးဝပျက်စီးသွားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
သံတွဲမြို့နယ် ဂေါ့ရွာအနီးမှာ ဇွန်လ ၂ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲ ပြင်းထန်ပြီးနောက် ဆင်ခေါင်းရွာကို စစ်ကောင်စီတပ်က အခုလို ဂျက်တိုက်လေယာဉ်၊ လက်နက်ကြီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ ဆင်ခေါင်းရွာနဲ့က အဝေးကြီးပါ။ အဲဒါကို ဘာလို့ ဒီရွာကိုပစ်တာလဲဆိုတာကိုတော့ ကျွန်တော်တို့ မသိဘူး။ အဲဒီနေ့က ဗုံးတွေရော၊ လက်နက်ကြီးတွေရော ရွာထဲကိုပစ်ချတာ။ ကျွန်တော်တို့ ရွာကတောင် မီးခိုးထွက်တာကို မြင်ရတယ်။ ရွာသားတွေ အသေအပျောက်များတယ်လို့ သိရတယ်။ အရေအတွက် အတိအကျတော့ ကျွန်တော်တို့ မသိရဘူး”
လက်ရှိမှာလည်း သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကတော့ မဇင်လေယာဉ်ကွင်းနားကနေ ခုခံတိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။
ဆင်ခေါင်းရွာနဲ့ အနီးဝန်းကျင်မှာ ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ ဖြတ်တောက်ခံထားရတာကြောင့် ဆင်ခေါင်းကျေးရွာက အခြေအနေတွေနဲ့ပတ်သက်လို့ RFA က အသေးစိတ်ကို ဆက်သွယ်စုံစမ်းနိုင်ခြင်း မရှိသေးပါဘူး။
ရက္ခိုင့်တပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ မေးမြန်းဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကာလ ခုနစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် သေဆုံးတဲ့အရပ်သား ၃၁၉ ဦး၊ ဒဏ်ရာရသူ ၁၁၄၆ ဦးအထိ ရှိသွားပြီလို့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၈ ရက်နေ့က ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
RFA Burmese
စစ်တွေမြို့နယ်က ရွာငါးရွာကိုရွှေ့ပြောင်းဖို့ စစ်ကောင်စီတပ် အမိန့်ပေး
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က မေယုမြစ်ကမ်းအနီးမှာရှိတဲ့ ရေချမ်းပြင်၊ အောင်တိုင်၊ ကျက်တောပြင်၊ ပလ္လင်ပြင်၊ အုန်းရေဖော် စတဲ့ကျေးရွာတွေမှာ နေထိုင်သူတွေကို ဇွန်လ ၉ ရက်ကနေ ၁၄ ရက်အတွင်း စစ်တွေမြို့ပေါ်ကို ပြောင်းရွှေ့ဖို့ စစ်ကောင်စီတပ်က အမိန့်ပေးထားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ဇွန်လ ၈ ရက်နေ့က စစ်ကားတွေနဲ့ ရွာထဲကိုလာပြီး ပြောင်းရွှေ့ခိုင်းခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ရေချမ်းပြင်၊ အောင်တိုင်၊ ကျက်တောပြင် စတဲ့ရွာတွေကို စစ်တပ်က စစ်တွေမြို့ထဲကို ရွှေ့ဖို့ပြောပါတယ်။ သူတို့က အဲဒီနေရာတွေမှာ နေလို့မရတော့ဘူး။ မြို့ထဲကို ပြောင်းကြဆိုပြီး ခိုင်းတာပါ”
မြို့ပေါ်မှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေထိုင်ကြရမှာဖြစ်ပြီး သတ်မှတ်ရက်အတွင်း ပြောင်းရွှေ့မပေးရင် ဗျိုင်းဖြူရွာလို အဖြစ်မျိုးဖြစ်သွားမယ့်အကြောင်း စစ်ကောင်စီတပ်သားတွေက ခြိမ်းခြောက်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကားတွေနဲ့လာပြီးတော့ ကိုယ်တတ်နိုင်တဲ့သူတွေက ကိုယ့်ဟာကိုယ်ပြောင်း၊ မတတ်နိုင်တဲ့သူတွေကတော့ သူတို့ ကားတွေနဲ့ပို့ပေးမယ်လို့ ပြောခဲ့ပါတယ်။ တကယ်လို့ သူတို့သတ်မှတ်ထားတဲ့နေ့ မပြောင်းရင် ဗျိုင်းဖြူရွာလို အဖြစ်ဆိုးတွေဖြစ်မယ်လို့ ခြိမ်းခြောက်သွားတယ်။ ကျက်တောပြင်ရွာသားတွေကတော့ တဖြည်းဖြည်း ထွက်လာနေကြပါပြီ။ လမ်းစရိတ်မတတ်နိုင်တဲ့သူတွေကတော့ ဟိုဘက်ကအစီအစဉ်နဲ့ သွားဖို့လုပ်နေကြတယ်”
လက်ရှိမှာတော့ ငွေကြေးတတ်နိုင်တဲ့ ကျေးရွာသားတချို့ကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် စစ်တွေမြို့ကို ပြောင်းရွှေ့နေကြပြီး ငွေကြေးမတတ်နိုင်သူတွေကတော့ စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ မြို့ပေါ်ကိုသွားဖို့ ပြင်ဆင်နေကြတယ်လို့လည်း ဆိုပါတယ်။
ဒေသခံအများစုဟာ သာမန်လက်လုပ်လက်စားတွေဖြစ်တာကြောင့် အိုးအိမ်ကိုစွန့်ခွာဖို့ အဆင်မပြေကြပေမဲ့ စိုးရိမ်ကြောက်လန့်စိတ်ကြောင့် အခုလို ပြောင်းရွှေ့ပေးဖို့ ပြင်ဆင်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်တွေမြို့ကို ရက္ခိုင့်တပ်တော် (AA) လက်ထဲမကျရောက်အောင် ခုခံဖို့အတွက် ကျေးလက်ခံစစ်၊ မြို့အနီး ခံစစ်နဲ့ မြို့ပေါ် ဗဟိုခံစစ်ဆိုပြီး စစ်ခံကြီးသုံးခုပြင်ဆင်ထားပြီး လက်နက်ကြီး စခန်းတွေ၊ ရေတပ် စစ်သင်္ဘောတွေနဲ့ စစ်အင်အားအများအပြား တိုးချထားတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ကျေးလက်နေလူထုတွေကို မြို့ပေါ်ကို ပြောင်းရွှေ့ခိုင်းတာဟာ လူထုကိုအကာအကွယ်ယူပြီး ခုခံဖို့ဖြစ်နိုင်တယ်လို့ ရခိုင်စစ်ရေးလေ့လာသူ စစ်တွေဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီကျေးလက်တွေမှာ လူတွေရှိနေခြင်းအားဖြင့် ULA/AA တပ်သားတွေက ဝင်နေပြီးတော့ ထိုးစစ်အတွက် ပြင်ဆင်နိုင်တဲ့ အနေအထားရှိတယ်လို့ တွက်ပုံရတယ်။ အဲဒီတော့ ဒီကျေးလက်တွေကို လူမနေရအောင် လုပ်လိုက်တဲ့ အခြေအနေမျိုးတစ်ရပ်လည်းဖြစ်တယ်။ နောက်တစ်ခုက စစ်တွေမြို့မှာ သူတို့ရဲ့ ဗဟိုခံစစ်ကြီးကို လူထုကိုအကာအကွယ်ယူပြီးတော့ စစ်တွေကိုခုခံမယ့် ရည်ရွယ်ချက် နည်းစနစ်ကျင့်သုံးတယ်လို့ ပြောလို့ရမယ်”
အခုလို အရပ်သားတွေကို အတင်းအကျပ် ရွှေ့ပြောင်းခိုင်းတာဟာ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခ က RFA ကို ပြောပါတယ်။
“တိုက်ပွဲဖြစ်တာလည်း မရှိဘဲနဲ့ အဲဒီရွာတွေကို အတင်းပြောင်းရွှေ့ခိုင်းတာကတော့ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တာပေါ့။ ဥပမာ တိုက်ပွဲဖြစ်လို့၊ ဒီလူတွေတကယ်အန္တရာယ်ရှိလို့၊ သူတို့က ကာကွယ်ပေးချင်လို့ ပြောင်းခိုင်းတာဆိုရင်တော့ တစ်မျိုးပေါ့။ အခုက မြို့ထဲကို ပြည်သူတွေကို အတင်းပြောင်းခိုင်းတယ်။ ဘယ်နေရာမှ ထွက်သွားခွင့်မရှိဘူး။ မြို့ထဲကိုပဲ လာရမယ်ဆိုပြီး အဲဒီအမိန့်ပေးထားတာက ဘာနဲ့တူလဲဆိုတော့ ပြည်သူတွေကို လူသားဒိုင်းကာအဖြစ်လုပ်ပြီးတော့မှ စစ်တွေမြို့ကို ကာကွယ်မယ်ဆိုတဲ့ သဘောမျိုး တွေ့ရတာပေါ့”
ကျေးရွာတွေကို ပြောင်းရွှေ့ခိုင်းတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
စစ်တွေမြို့နယ်မှာတော့ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားတာ မရှိသေးပါဘူး။ ဒါပေမဲ့ စစ်ကောင်စီတပ်ကတော့ AA အဖွဲ့ ဝင်ရောက်တိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် ကျေးရွာတချို့ကို ဝင်ရောက်စီးနင်းတာနဲ့ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ကလည်း အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက် (ဗျိုင်းဖြူရွာ) ကို အင်အား ၁၇၀ လောက်နဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး ရွာလုံးကျွတ် ဖမ်းဆီးခံခဲ့ရပါတယ်။ အမျိုးသမီးနဲ့ ကလေးတွေကိုတော့ ပြန်လွှတ်ပေးခဲ့ပေမယ့် အမျိုးသား ခုနစ်ဆယ်ကျော်ကိုတော့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ငြင်းဆိုထားပါတယ်။
RFA Burmese