ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေထံ လက်နက်မရောက်ရေး ဥပဒေနဲ့ကာကွယ်ဖို့ သံအမတ်ကြီးတိုက်တွန်း
စစ်ကောင်စီဟာ နယ်ခြားစောင့်တပ်တွေကို လက်နက်တွေလွှဲပြောင်းပေးသလို တရားဥပဒေမဲ့နေရာတွေ ဖန်တီးပေးပြီး အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို လုပ်ခွင့်ပေးနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။
နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ ကုလသမဂ္ဂအသေးစားနဲ့ အပေါ့စားလက်နက်များ တရားမဝင် ကုန်သွယ်မှု တားဆီးတိုက်ဖျက်ရေးနဲ့ ပပျောက်ရေးအစည်းအဝေးကို ဇွန်လ ၁၈ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပနေတာဖြစ်ပြီး အဲဒီအစည်းအဝေးမှာ သံအမတ်ကြီးက တင်ပြခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေ တည်ငြိမ်အေးချမ်းဖို့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီနဲ့ မိတ်ဖက်အဖွဲ့တွေထံကို လက်နက်တွေ လွှဲပြောင်းရောင်းချတာမျိုးမလုပ်ဖို့ သူက တောင်းဆိုခဲ့တာပါ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ငြိမ်းချမ်းရေး အစီအစဥ်မှာလည်း ကမ္ဘာတစ်ဝန်း အကြမ်းဖက်သေဆုံးတွေရဲ့ အဓိကအကြောင်းအရင်းဟာ အသေးစားနဲ့ အပေါ့စားလက်နက်၊ ခဲယမ်းတွေကြောင့်လို့ ဖော်ပြထားပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ အသေးစားနဲ့ အပေါ့စားလက်နက်များ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ အစီအစဥ်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ ထောက်ခံတယ်လို့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
လက်နက်တွေကို အာဏာရှင်တွေ၊ အကြမ်းဖက်သမားတွေနဲ့ ရာဇဝတ်မှု ကျူးလွန်သည့်အဖွဲ့တွေထံ မရောက်ဖို့နဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေနဲ့တားဆီးဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီကအာဏာသိမ်းပြီးနောက် အပြစ်မဲ့အရပ်သား ၅,၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီး လူဦးရေ သုံးသန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို လူဦးရေ (၁၈.၆) သန်းကျော်လည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေတယ်လို့ သံအမတ်ကြီးက ကုလသမဂ္ဂထံ တင်ပြခဲ့ပါတယ်။
RFA Burmese
ရိုဟင်ဂျာတွေကို ထပ်မံလက်ခံမှာမဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်တာဝန်ခံပြော
မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ နောက်ထပ် ရိုဟင်ဂျာတွေကို လက်ခံတော့မှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေးကော်မရှင်နာ Mizanur Rahman က ဇွန်လ ၂၂ ရက်နေ့က ပြောလိုက်ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြားတိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေ မြန်မာနယ်စပ်မှာ စုရုံးနေကြတယ်ဆိုတဲ့သတင်း ထွက်ပေါ်နေတဲ့အပေါ် သူက အခုလို ပြောဆိုလိုက်တာပါ။
မြန်မာနယ်စပ်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး နေ့စဉ်လူတွေ သေကြေနေကြကြောင်း၊ ရိုဟင်ဂျာတချို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးပမ်းနေကြတယ်ဆိုတာ ကြားသိရကြောင်း၊ သူတို့ဟာ Teknaf ခရိုင်အနီးက မြန်မာဘက်ခြမ်း နယ်စပ်မှာ စုရုံးနေကြကြောင်း သူက ပြောပါတယ်။
လက်ရှိ ရိုဟင်ဂျာမွတ်စလင် တစ်သန်းကျော် ကော့ဘဇားက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြကြောင်း ၊ ဒီဒုက္ခသည်တွေက မောင်တောနဲ့ အနီးတစ်ဝိုက်မှာ နေထိုင်ကြတဲ့ သူတို့ရဲ့ ဆွေမျိုးတွေအတွက် အလွန်စိုးရိမ်ပူပန်နေကြကြောင်း၊ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဒီတစ်သန်းကျော်နဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာကြောင့် ရိုဟင်ဂျာတွေကို ထပ်ပြီးလက်ခံလို့ မရတော့ကြောင်း Mizanur Rahman က ပြောပါတယ်။
RFA Burmese
၅၆ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအ၀ေး မဟာမင်းကြီးVolker Türk၅၆ ၏ထုပ်ပြန်ချက်
လေးစားအပ်ပါသော
နာယကကြီး
အဖွဲ့၀င်များနှင့် ဂုဏ်သရေရှိ ကိုယ်စလှယ်တော်ကြီးများခင်ဗျာ
ကျနော်တို့လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံရေးရာကိစ္စကို ထပ်မံစည်းဝေးဆွေးနွေးနေချိန်မှာတော့ တရားမဝင် စစ်အာဏာရှင်(အစိုးရ) တရပ်ကြောင့် မွန်းကြပ်နေရတဲ့ တိုင်းပြည်တစ်ခုကို မျက်၀ါးထင်ထင် တွေ့မြင်သက်သက်ခံနေကြပါတယ်။
ကမ္ဘာ့ဒုက္ခသည်များနေ့မှာ မြန်မာဒုက္ခသည်တွေရဲ့ ပြောစကား
ဆူဒန်ကနေ ယူကရိန်း၊ အရှေ့အလယ်ပိုင်းကနေ မြန်မာနဲ့ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံတွေသာမက တခြားဒေသတွေမှာပါ ပဋိပက္ခ၊ ရာသီဥတု ဖောက်ပြန်မှုနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် လူဦးရေအများအပြား စံချိန်တင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ကြီးမားတဲ့ လူသားဘေးဒုက္ခတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ ကမ္ဘာတစ်ဝန်းမှာ လူပေါင်း သန်း ၁၂၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး မြန်မာနိုင်ငံမှာတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ သုံးသန်းကျော် ရှိနေပါတယ်။
ကချင်ပြည်နယ်မှာ လူပေါင်း တစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
စစ်ဘေးဒုက္ခသည်တစ်ဦး (ဝိုင်းမော်မြို့နယ်)။ ။ “အခုစစ်ရှောင်လာတာဆိုလို့ ကျွန်မတို့က ဆယ်စုနှစ်လောက်တော့ ရှိလာပြီပေါ့နော်။ ၂၀၁၁ ခုနှစ်ကစတာ အခုက ၂၀၂၄ တောင် ရောက်ပြီပေါ့နော်။ ဒါပေမဲ့ ကျွန်မတို့ အခုချိန်ထိ မူရင်းရပ်ရွာကို အခုရော မပြန်နိုင်သေးဘူးပေါ့နော်။ ပြန်ဖို့ရော အရမ်းမျှော်လင့်တယ်။ ဒါပေမဲ့ အခု ကျွန်မတို့မျှော်လင့်ချက်က ပိုဆိုးသွားသလိုပဲပေါ့နော်။ ဘာလို့လဲဆိုတော့ အခုက နေရာတိုင်းမှာ စစ်တွေဖြစ်လာတယ်။ စစ်ရှောင်တွေတဲ့သူတွေကို တစ်ရက်ပြီးတစ်ရက် ပိုပြီးများလာတာပေါ့နော်။ ဒီစစ်ရှောင်တွေ ပိုများလာတဲ့အတွက်ကြောင့် ကျွန်မတို့ အိမ်ပြန်ဖို့မျှော်လင့်ချက် ပိုမဲ့လာသလိုမျိုး ခံစားရတာပေါ့”
မြန်မာနိုင်ငံရဲ့ အနောက်ဘက်ခြမ်းဒေသ ရခိုင်ပြည်နယ်မှာလည်း လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက စတင်လာခဲ့တဲ့တိုက်ပွဲတွေဟာ အခုလက်ရှိမှာ ပိုမိုပြင်းထန်နေပြီး ပြည်နယ်တစ်ဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်ဟာ သုံးသိန်းကျော်အထိ ရှိနေပါတယ်။
ဦးအောင်မြင့် (အထက်မြတ်လှဲဒုက္ခသည်စခန်း၊ ပုဏ္ဏားကျွန်းမြို့နယ်)။ ။“ကျွန်တော်တို့ ဒုက္ခသည်ဖြစ်တာ အခုဆိုရင် ခြောက်နှစ်လောက် ရှိပြီဆိုတော့ မိမိနေရပ်ကို ပြန်ချင်ကြတာပါပဲ။ ဒါပေမဲ့ ပြန်ရမဲ့စရိတ်တောင် မရှိဘူး။ မိမိနေရပ်မှာ အိမ်တွေလည်း မရှိတော့ဘူး။ ပြီးရင် ကျွန်တော်တို့က တောင်ယာကိုပဲ မှီခိုပြီးလုပ်စားနေရတာ တောင်ယာလည်း လုပ်လို့မရှိဘူးဆိုတော့ ပြန်သွားရင်လည်း အခက်အခဲရှိမယ်။ ဒီမှာနေရင်လည်း စားရေး၊ သောက်ရေးက အခက်အခဲပဲ”
ဒုက္ခသည်ဘဝနဲ့ အချိန်ခုနစ်နှစ်ကြာ ဖြတ်သန်းနေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းက ကိုခင်မောင်ကတော့ ကမ္ဘာ့ဒုက္ခသည်များနေ့ကိုရောက်တိုင်း ပိုပြီးဝမ်းနည်းရတယ်လို့ RFA ကို ပြောပါတယ်။
ကိုခင်မောင် (ရိုဟင်ဂျာဒုက္ခသည်စခန်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ)။ ။ “ဒီနေ့ရောက်တိုင်း ကျွန်တော်တို့ ဝမ်းနည်းရပါတယ်။ ကျွန်တော်တို့မှာ အနာဂတ်လည်းမရှိဘူး။ ပညာလည်း သင်ခွင့်မရဘူး။ အလုပ်အကိုင်လည်း ဘာမှမရှိဘူး။ ကုလသမဂ္ဂအနေနဲ့လည်း ဒီကိစ္စနဲ့ပတ်သက်လို့ အလေးထားဖို့လိုတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့လည်း ဒီထက်မက ကျွန်တော်တို့နိုင်ငံကို ကျွန်တော်တို့ ပြန်သွားနိုင်အောင် ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံလိုပါတယ်”
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ထွက်ပြေးခိုလှုံနေသူတွေအထဲမှာ လွန်ခဲ့တဲ့ သုံးလကျော်က ပဲခူးတိုင်းအရှေ့ခြမ်း ပဲနွယ်ကုန်းမြို့နယ်က မခင်ရတနာစိုးနဲ့ မိသားစုသုံးဦးလည်း ပါဝင်ပါတယ်။
မခင်ရတနာစိုး (ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံနေသူ)။ ။ “ရွာမှာ တပ်တွေဝင်လို့လေ၊ ထွက်ပြေးကြရင်းက ဒီဘက်ကို လာခဲ့လိုက်တာ၊ လေယာဥ်ပျံက အဲဒီမှာ ရွာပေါ်ကနေ၊ ဘေးနားကရွာတွေမှာ PDF တွေရှိတယ်ဆိုပြီး သမီးတို့ရွာမှာတော့ PDF တွေမရှိဘူး။ အဲဒီဘေးနားကရွာတွေကို လာလာကြဲတာလေ။ ဗုံးနဲ့လှမ်းပစ်တော့ ထိတဲ့အိမ်တွေလည်း ထိကုန်တယ်။ ရွာကိုပြန် အိမ်ကိုပြန်မကြည့်နိုင်တော့ ဘယ်အိမ်တွေ မှန်ကုန်လဲတော့ မသိဘူး။ သမီးတို့ရွာထဲ လောင်တဲ့အိမ်တွေတော့ လောင်ကုန်တယ်။ ပါလာတဲ့အမေက အိမ်ပဲပြန်ချင်နေတယ်။ ရွာမှာက ခြံကျယ်နဲ့နေရတော့ ဒီမှာကျဥ်းကျဥ်းနဲ့နေရတော့ စိတ်တွေ ညစ်နေတယ်။ လယ်ထဲ လယ်ပဲလုပ်စားနေသူတွေဆိုတော့ လယ်ပဲလုပ်စားချင်တယ်။ ဒီဘက်ကမ်းမှာ အလုပ်တွေက မရဘူးလေ။ တစ်ယောက်ပဲရတယ်။ အလုပ်က လေးယောက်ပြေးလာတာ တစ်ယောက်ပဲရတယ်။ အမေရယ်၊ သမီးရယ်၊ ယောက်ျားရယ်၊ အစ်မရယ်၊ သမီးတို့ ဒီမှာအမျိုးတွေရှိတော့ လစာထုတ်ရင် ပြန်ပေးလိုက်၊ ချေးသုံးလိုက်နဲ့ ဒီလိုပဲလှည့်နေရတယ်”
သူများနိုင်ငံမှာ ခိုလှုံနေရတဲ့အချိန်မှာ သူ့နိုင်ငံရဲ့ဥပဒေနဲ့ ယဥ်ကျေးမှုကို လေးစားဖို့လိုတယ်လို့ မဲဆောက်မြို့က ရခိုင်ဒုက္ခသည် ကူညီစောင့်ရှောက်ရေးအဖွဲ့ ဒါရိုက်တာက ပြောပါတယ်။
နိုင်အောင်အောင် (ဒါရိုက်တာ၊ ရခိုင်ဒုက္ခသည် ကူညီစောင့်ရှောက်ရေးအဖွဲ့၊ မဲဆောက်မြို့)။ ။ “ဒီကမ္ဘာ့ဒုက္ခသည်နေ့မှာ တော်တော်များများက ကျွန်တော်တို့လက်ရှိအချိန်မှာ တစ်ချိန်တုန်းကတော့ ဒုက္ခသည်စခန်းတွေကလည်း များစွာရှိသေးတယ်။ ထိုင်းနယ်စပ်တစ်လျှောက်လုံးမှာ အဲဒီဒုက္ခသည်စခန်းမှာရှိတဲ့ လူတွေကိုတောင်မှ ပြဿနာတွေ နေ့စဥ်လိုလိုရှိနေတယ်။ နောက်ထပ်တစ်ခု စစ်တပ်အာဏာသိမ်းလိုက်တဲ့အခါကျတော့ ဒုက္ခသည်စခန်းမှာပဲ ဒုက္ခသည်စခန်းထက် ဆိုးတဲ့ဒုက္ခသည်တွေက ပိုရောက်လာသေးတယ်။ ရောက်လာတဲ့အခါကျတော့ နေတဲ့အခါ ထိုင်းနိုင်ငံရဲ့ယဥ်ကျေးမှုဥပဒေကို လေးစားလိုက်နာဖို့လိုတယ်။ ကိုယ့်ဒုက္ခသည်အချင်းချင်း အပြန်အလှန် လေးစားပြီးတော့ ကူညီဆောင်ရွက်ပေးဖို့လိုတယ်။ ကျွန်တော်တို့ကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရောက်လာတဲ့ဒုက္ခသည်တွေရော အရင်တုန်းက ရှိတဲ့ဒုက္ခသည်တွေရော ဒုက္ခသည်က အမျိုးအစားတွေ တူတဲ့အခါမှာ ဘာပဲဖြစ်ဖြစ် အရင်တုန်းကရောက်လာတဲ့ ဒုက္ခသည်တွေကတော့ ဒုက္ခသည်စခန်းတွေ ရှိကြတယ်။ တချို့သော ပုဂ္ဂိုလ်တွေမှာလည်း မိတ်ဆွေသူငယ်ချင်းတွေက တတိယနိုင်ငံတစ်ခုခုရောက်တဲ့အခါမှာ အပြန်အလှန် ကူညီဆောင်ရွက်ပေးနေလို့ရတဲ့အနေအထားမှာ ရောက်သွားပြီ။ သို့သော်လည်း လက်ရှိ စစ်တပ်အာဏာသိမ်းနောက်ပိုင်းမှာ ရောက်လာတဲ့ဒုက္ခသည်တွေရော၊ နောက်ပြီးတော့ စစ်မှုမထမ်းမနေရကိစ္စကြောင့် ထွက်လာတဲ့အုပ်စုတွေကရော ဒုက္ခရောက်လာတဲ့အခါကျရင်လည်း အတက်နိုင်ဆုံး ကူညီဆောင်ရွက်ပေးတဲ့ပုဂ္ဂိုလ်တွေကို ရှိတဲ့လူက အကူအညီ တောင်းခံတာမျိုးတွေကို လုပ်ဆောင်ဖို့ လိုအပ်တယ်။ နောက်တစ်ခုက ကိုယ့်ကြောင့် တခြားဒုက္ခသည်တွေ ဒုက္ခမရောက်အောင် အလုပ်လုပ်တဲ့အခါမှာ သတိရှိရှိနဲ့ လုပ်ဆောင်ဖို့အတွက်လည်း အကြံပေးမျှဝေချင်တယ်”
ထိုင်းနိုင်ငံ နိုဖိုးဒုက္ခသည်စခန်းမှာ ၁၇ နှစ်ကြာနေပြီဖြစ်တဲ့သူတစ်ဦးကတော့ တတိယနိုင်ငံကိုပဲ အမြန်ထွက်ချင်တယ်လို့ ပြောပါတယ်။
ကိုမင်းမင်း (ထိုင်းနိုင်ငံ နိုဖိုးဒုက္ခသည်စခန်းမှာ ၁၇ နှစ်ကြာခိုလှုံနေသူ)။ ။“ဒုက္ခသည်များနေ့မှာ ကျွန်တော်တို့က ကမ့်ပ် (စခန်း) ထဲမှာ အရမ်းမွန်းကျပ်စွာ နေထိုင်နေရပါတယ်။ ကျွန်တော်တို့က ၁၇ နှစ်ရှိပြီဆိုတော့ နေရတဲ့အခြေအနေက လုံးဝမတိုးတက် မကောင်းမွန်လာဘူးဆိုတော့ အဲဒါက အဓိကသေချာတယ်။ စာရင်းယူတာတွေ ဘာမှမရှိဘူး။ အခြေအနေက ဘာမှမရှိဘူး။ ဒီအတိုင်းပဲ ပရောဂျက်က ဘာမှမလုပ်ဘူး။ အခြေအနေကတော့ ဘာမှမရှိဘူး။ ထိုင်းက ဘော်လီဘောပုတ်လိုက် ဒီဘက်က ဘော်လီဘောပုတ်လိုက်၊ ကျွန်တော်တို့နေနေတယ်ဆိုတာ ကျွန်တော်တို့က မြန်မာနိုင်ငံကို လုံးဝပြန်လို့မရတဲ့လူ၊ စောစီးစွာ တတိယနိုင်ငံကို ထွက်ခွာချင်ပါတယ်လို့ အဲဒါလေးပဲ ပြောချင်ပါတယ်”
နယ်စပ်တွေမှာ ခိုလှုံနေရတဲ့သူတွေရှိသလို ပြည်တွင်းမှာလဲ စစ်ဘေးဒုက္ခသည် သိန်းနဲ့ချီရှိနေပါတယ်။
စစ်ဘေးဒုက္ခသည်တစ်ဦး (ကနီမြို့နယ်၊ စစ်ကိုင်းတိုင်း)။ ။ “ကျွန်မတို့တတ်နိုင်တာလည်း ကျွန်မတို့ကူညီခဲ့တယ်။ ကျွန်မတို့မောင်လေးတွေ ကျွန်မတို့အဖေတွေဆိုရင်လည်း တောထဲမှာ နေကြတယ်ပေါ့နော်။ ဒီဘက်ကို စစ်ဘေးရှောင်အနေနဲ့ ရောက်လာတဲ့အခါကျတော့ ကလေးတွေ ကျောင်းနေလို့ မရဘူးပေါ့။ ခိုးကျောင်းမှာ ထားခဲ့လို့ဆိုပြီးတော့။ ကျွန်မတို့တင် မဟုတ်ဘူး။ ကျွန်မတို့လို စစ်ဘေးကနေ ပြေးနေတဲ့သူတွေအကုန်လုံးလည်း ခံစားခဲ့ရတယ်။ ကြုံရာကျပမ်းအလုပ်ကို လုပ်ရတယ်။ ပေါင်းပေါက်တွေ၊ မြေပဲစိုက်ချိန်ဆို သူများမြေပဲ စိုက်ခေါ်တဲ့အချိန်ဆိုမြေပဲ ဆီးသီးကောက် ခေါ်တဲ့အချိန်ဆို ဆီးသီး ကျွန်မတို့လိုက်လုပ်ရတယ်။ စားစရာတော့ အခက်အခဲကတော့ ဖြစ်နေကြတာချည်းပဲပေါ့။ ကျွန်မတို့တင် မဟုတ်ပါဘူး။ စစ်ပြေးတွေအကုန်လုံး ခက်ခဲနေကြတာပေါ့နော်”
ကနီမြို့နယ်ကပဲ နောက်ထပ် စစ်ဘေးဒုက္ခသည် အမျိုးသားတစ်ဦးကလည်း အခုလိုရင်ဖွင့်ပါတယ်။
စစ်ဘေးဒုက္ခသည်တစ်ဦး (ကနီမြို့နယ်၊ စစ်ကိုင်းတိုင်း)။ ။ “အခုဆိုရင် ကျွန်တော်တို့မိသားစု စားဝတ်နေရေးမှာ ခက်ခက်ခဲခဲ ဖြေရှင်းနေရပါတယ်။ ဘယ်လိုဖြေရှင်းနေရလဲဆိုရင် ကျွန်တော်တို့မိသားစု တစ်ရက်တစ်ရက် စားဖို့သောက်ဖို့အတွက် ကြီးမားနေတဲ့ကုန်စျေးနှုန်းဒဏ်တွေကြောင့် ကျွန်တော်က ရရာလုပ်ငန်း တောင်သူပိုင်းကဏ္ဍတွေရော၊ လယ်ကူလီပေါ့ဗျာ။ လုပ်ရတယ်။ ပန်းရံလုပ်ရတယ်။ မလုပ်တတ်တာရော လုပ်တတ်တာရော ပိုက်ဆံရဖို့အတွက်။ စားဝတ်နေရေးပြေလည်ဖို့အတွက် ဖြေရှင်းနေရပါတယ်။ ကျွန်တော်တင်မကပါဘူး။ ကျွန်တော့်လိုပဲ စစ်ဘေးရှောင်တွေ မိသားစုတွေအများကြီး ဒုက္ခကြုံနေရတာ ရှိပါတယ်ဗျ”
ကယားပြည်နယ် လွိုင်ကော်က ထွက်ပြေးလာရတဲ့သူတစ်ဦးကတော့ အိမ်ပြန်ချင်ပြီလို့ ပြောပါတယ်။
စစ်ဘေးဒုက္ခသည် (လွိုင်ကော်)။ ။ “အိမ်ကြီးကိုက ဒီတိုင်းထားခဲ့ရတာ။ ဘာမှမသယ်နိုင်ဘူး။ အခုအဲဒါတွေက သူခိုးဖောက်လို့ ကုန်ရော။ ဒီဘက်ကို စစဦးဆုံးထွက်လာကတည်းက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်လာခဲ့ရတဲ့အခါကျတော့ စားဖို့သောက်ဖို့ကို အနိုင်နိုင်ပေါ့။ ပြန်ချင်တာပေါ့။ မြန်မြန်လည်း ပြီးစေချင်နေပါပြီ။ ဒီလို အဖြစ်ဆိုးတွေကိုပေါ့”
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒုက္ခသည်တွေကို လက်ခံကြိုဆိုဖို့၊ ကူညီထောက်ပံ့ဖို့၊ သူတို့ရဲ့ လူ့အခွင့်အရေးတွေကို ထိန်းသိမ်းဖို့၊ အကာအကွယ်ပေးဖို့နဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် တစ်ကမ္ဘာလုံးက စုပေါင်းတာဝန်ယူကြရမှာဖြစ်ပြီး ဒါမှသာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်မှာဖြစ်တယ်လို့ ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့အတွက် ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။
RFA Burmese
စစ်ဘေးဒုက္ခသည် ဆယ်သိန်းကျော်ရှိလာကြောင်း KNU ထုတ်ပြန်
၂ဝ၂၁ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂ဝ၂၄ ခုနှစ် မေလအထိ ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သား ဆယ်သိန်းကျော်ရှိလာပြီလို့ KNU က ဇွန်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီစစ်ဘေးဒုက္ခသည် ဆယ်သိန်းကျော် (၁,ဝ၇၈,၅၀၅ ဦး) ထဲက ခြောက်သိန်းကျော်ကိုသာ အကူအညီပေးနိုင်ပြီး ကျန်တဲ့စစ်ဘေးဒုက္ခသည်တွေ အားလုံးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရအောင်လည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်တွေထဲမှာ ညောင်လေးပင်ခရိုင်က ငါးသိန်းနီးပါးနဲ့ အများဆုံးဖြစ်ပြီး ဒူးပလာယာခရိုင်မှာ တစ်သိန်းခွဲကျော်၊ သထုံခရိုင်မှာ တစ်သိန်းခွဲနီးပါး၊ ဘိတ်-ထားဝယ်ခရိုင်မှာ တစ်သိန်းကျော်၊ တောင်ငူခရိုင်မှာ ရှစ်သောင်းကျော်၊ ဖာပွန်ခရိုင်မှာ ရှစ်သောင်းနီးပါးနဲ့ ဘားအံခရိုင်မှာ နှစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလအထိ KNU ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေးဒုက္ခသည် ခုနစ်သိန်းကျော်(၇၅၁၆၆၉ ဦး) ရှိရာကနေ ငါးလကျော်အတွင်း သုံးသိန်းနီးပါးတိုးလာတာပါ။
KNU ထိန်းချုပ်နယ်မြေမှာ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီက အရပ်သား နှစ်ရာနီးပါးကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ KNU က ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း KNU ထိန်းချုပ်ဧရိယာထဲမှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှု အကြိမ် ၈ဝဝ နီးပါး၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ အကြိမ် နှစ်ထောင်ကျော်၊ အရပ်သားတွေကို အကြောင်းမဲ့ ပစ်ခတ်တာ အကြိမ် ၅ဝ ကျော်နဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်တာတွေကို အကြိမ်ရေ သုံးထောင်ကျော် ကျူးလွန်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် သုံးသန်းကျော် ရှိနေပါတယ်။
RFA Burmese
ကမ္ဘာ့ဒုက္ခသည်များနေ့ ပူးတွဲထုတ်ပြန်ကြေညာချက် – အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှု ဖြစ်ပေါ်စေသည့် မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှု များအား အဆုံးသတ်ရန်
ကမ္ဘာ့ဒုက္ခသည်များနေ့ ပူးတွဲထုတ်ပြန်ကြေညာချက်
အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှု ဖြစ်ပေါ်စေသည့် မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှု များအား အဆုံးသတ်ရန်
နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသည့် လူထုအသိုင်းအဝိုင်းများအတွက် အကာအကွယ်နှင့် ဒေသခံများ ဦးဆောင်သည့် နယ်စပ်ဖြတ်ကျော်အကူအညီများ ရရှိစေရေး သေချာစေရန်
၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ၂၀ ရက်နေ့
ယနေ့ကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့တွင် အောက်ပါလက်မှတ်ရေးထိုးထားသည့် မိမိတို့ အဖွဲ့အစည်း ၁၂၈ ဖွဲ့တို့သည် ကမ္ဘာ့ကုလသမဂ္ဂ၊ အရှေ့တောင် အာရှနိုင်ငံများအသင်းကြီး (အာဆီယံ)၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် တခြားနိုင်ငံတကာအသိုင်းအဝိုင်း တို့အနေဖြင့် မြန်မာနိုင်ငံတွင် ယခင်က တစ်ခါမျှမဖြစ်ခဲ့ဖူးသည့် အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရမှုနှင့် ၎င်း၏ ရိုက်ခတ်မှုများကို ဒေသတွင်းအထိ ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းခံဖြစ်သော မြန်မာစစ်အုပ်စုအပေါ် အရေးယူဆောင်ရွက်မှုများ ချက်ချင်းလုပ်ဆောင် ကိုင်တွယ်ဖြေရှင်းပေးရန် တောင်းဆိုလိုက်သည်။ ထို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်ရန်နှင့် ကျူးလွန်သူများကို နိုင်ငံတကာဥပဒေအရ တာဝန်ယူ တာဝန်ခံခိုင်းစေရန် ဖြစ်နိုင်သည့် လမ်းကြောင်းများ အားလုံးဖြင့် အရေးယူဆောင်ရွက်မှုများ အရေးတကြီး ဆောင်ရွက်ရန် မိမိတို့မှ တိုက်တွန်းတောင်းဆို လိုက်သည်။
နိုင်ငံတကာအသိုင်းအဝိုင်းများ အနေဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် လူထု အသိုင်းအဝိုင်းများအတွက် အရေးတကြီးလိုအပ်နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပံ့ပိုးရာတွင် ဒေသခံဦးဆောင်သော နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် ရှေ့တန်းတွင် လှုပ်ရှားနေကြသည့် ယုံကြည်စိတ်ချရသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ကိုင်ဆောင်ရွက် နေသူများအား အကူအညီများ တိုက်ရိုက်ပံ့ပိုးပေးရန် တောင်းဆိုသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ အနေဖြင့်လည်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသော လူထုအသိုင်းအဝိုင်းများထံ အကူအညီများ ပေးပို့နိုင်ရန်အတွက် ရှေ့တန်းတွင် လှုပ်ရှားနေကြသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ကိုင် ဆောင်ရွက်နေသူများအား နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများကို အသုံးပြုခွင့်နှင့် အကူအညီများ ပံ့ပိုးပေးရန် မိမိတို့မှ တောင်းဆိုသည်။
ထို့အပြင် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့အနေဖြင့် အတင်းအကျပ် နေရပ်ပြန်မပို့ရေး အခြေခံမူကို လေးစားလိုက်သောအားဖြင့် မြန်မာပြည်သူများအား တရားလက်လွတ် ဖမ်းဆီးခြင်း၊ အတင်းအကျပ်ပြန်ပို့ခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းတို့ကို ရပ်တန့်ရန်၊ နှင့် မြန်မာပြည်သူများအား ဥပဒေအကာအကွယ်ပေးခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးခြင်းနှင့် အခြေခံကျသော ဝန်ဆောင်မှုများ လက်လှမ်းမီရရှိရေးတို့အတွက် ကူညီပံ့ပိုးပေးရန်ကိုလည်း မိမိတို့မှ တောင်းဆိုလိုက်သည်။
၂၀၂၁ ခုနှစ်မှစ၍ မြန်မာစစ်အုပ်စု၏ အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေ ၂.၈ သန်းကျော်ရှိ
မြန်မာစစ်အုပ်စုက ဆက်လက်ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများကြောင့် အစုလိုက် အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှုနှင့် အတိဒုက္ခများသည် နိုင်ငံ၏ နယ်နိမိတ်ကိုကျော်လွန်၍ အိမ်နီးချင်းနိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံများအထိ ပိုမိုပြင်းထန်လာနေပြီ ဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် တရားမဝင်အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ စစ်အုပ်စု၏ ဆိုးရွားလှသော အကြမ်းဖက်မှုများကြောင့် နိုင်ငံတစ်ဝန်းတွင် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ရသူဦးရေ ၂.၈ သန်းကျော်ရှိလာနေပြီး ယင်းပမာဏသည် ပြီးခဲ့သောနှစ်တွင် ရှိခဲ့သည့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ရသူဦးရေ ၁.၅ သန်းနှင့် နှိုင်းယှဥ်လျှင် ၈၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်း ဖြစ်သည်။ အာဏာသိမ်းရန် ကြိုးပမ်းမှုမတိုင်မီကလည်း မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများကြောင့် အထူးသဖြင့် ရခိုင်၊ ကချင်၊ ချင်း၊ ရှမ်းနှင့် မွန်ပြည်နယ်တို့တွင် ကာလရှည်ကြာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ဦးရေ ၃၂၈,၀၀၀ ဦးခန့် ရှိနေခဲ့ပြီး ဖြစ်သည်။ အမှန်တကယ် အရေအတွက်သည် သက်ရောက်မှုဒဏ်ခံရသည့် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ လုပ်ဆောင်နေသော မြေပြင်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်သူများ၏ တင်ပြချက်များအရ ထို့ထက်ပို၍များစွာ များနိုင်သည်။
၂၀၂၄ ခုနှစ် ဧပြီလအထိ ရရှိသောအချက်အလက်များအရ စစ်အုပ်စုသည် ကျရှုံးနေသည့် အာဏာသိမ်းရေး ကြိုးပမ်းချိန်မှစ၍ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၂,၄၇၁ ကြိမ် လုပ်ဆောင်ခဲ့ပြီး ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ (IDP) စခန်းများ၊ စာသင်ကျောင်းများ၊ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများ၊ သာသနိကနယ်မြေများ၊ နှင့် IDP များ ခိုလှုံရန်ကြိုးပမ်းနေသည့် အခြားနေရာများကို ပစ်မှတ်ထားလုပ်ဆောင်ခဲ့သည်။ ရက်စက်ကြမ်းကြုတ်သော စစ်အုပ်ချုပ်ရေးစနစ် အဆုံးသတ်ရန် ရည်ရွယ်လုပ်ဆောင်သည့် ပြည်သူ့ဒီမိုကရေစီ ခုခံတော်လှန်လှုပ်ရှားမှုအပေါ် စုပေါင်းအပြစ်ပေးသည့် အနေဖြင့် စစ်အုပ်စုသည် ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှစတင်၍ နိုင်ငံတစ်ဝန်းလုံးတွင် IDP များအပါအဝင် အရပ်သားပြည်သူများအပေါ် တရားလက်လွတ် အရမ်းကာရောပစ်ခတ်သည့် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကို အဆမတန် တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ ဤလုပ်ဆောင်မှုနှင့်အတူ စစ်အုပ်စုသည် ပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ နှင့် မြို့ပေါင်းများစွာအား မြို့လုံးကျွတ်ဖျက်ဆီးခြင်းသာမက လူထုအသိုင်းအဝိုင်းများကို ရွာလုံးကျွတ် နေရပ်စွန့်ခွာထွက်ပြေးစေခဲ့သည့် အရပ်သားနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းတို့ ပါဝင်သည့် ဆိုးရွားသော မြေပြင်ထိုးစစ်ဆင်းမှုများကိုလည်း ပြုလုပ်နေသည်။ ထိုတိုက်ခိုက်ထိုးစစ်ဆင်မှုများဖြစ်ပြီးနောက် ၎င်းတို့၏ အိုးအိမ်များသို့ ပြန်ရန်ကြိုးစားကြသော IDP များမှာလည်း စစ်အုပ်စုထောင်ခဲ့သည့် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် လက်နက်ကြီးဗုံးဆန်များ၏ ကြီးမားသောအန္တရာယ်နှင့် ကြုံတွေ့နေကြရသည်။
ယင်းအခြေအနေကို လူငယ်များအား လမ်းပေါ်တွင် အကြမ်းဖက်ပြန်ပြေးဆွဲခြင်း အပါအဝင် ယခုနှစ် ဖေဖော်ဝါရီလမှစ၍ စစ်ဘက်အင်အား ဖြည့်တင်းရန် အသည်းအသန်ကြိုးစားနေသည့် စစ်အုပ်စု၏ အတင်း အဓမ္မ စစ်မှုထမ်းခိုင်းစေရေးက ပိုမိုဆိုးရွားလာစေခဲ့သည်။ မြောက်များလှသည့် လူငယ်ပေါင်းများသည် စစ်အုပ်စုအတွက် အဓမ္မလက်နက်ကိုင်ခိုင်းခံရမည့် အရေးမှ ရှောင်တိမ်းနိုင်ရန်အတွက် ၎င်းတို့၏ အသက်များကို စွန့်စား၍ တော်လှန်ရေးတပ် ထိန်းချုပ်ထားသည့် ဒေသများ သို့မဟုတ် နိုင်ငံတကာနယ်စပ်များ တစ်လျှောက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
အိမ်နီးချင်းနိုင်ငံများရှိ မြန်မာဒုက္ခသည်များသည် အကာအကွယ်ကင်းမဲ့နေပြီး ဆိုးရွားသော အခြေအနေများ နှင့် ကြုံတွေ့နေကြရ
နိုင်ငံတကာနယ်စပ်များကို ဖြတ်ကျော်၍ စစ်အုပ်စု၏ အကြမ်းဖက်မှုမှ ကင်းလွန်ရန် ကြိုးပမ်းနေသူ ထောင်ပေါင်းများစွာအတွက် အကာအကွယ်ရရှိနိုင်ရေး အာမခံမှုမှာ များစွာဝေးကွာနေလျက်ရှိသေးသည်။ မြန်မာပြည်သူများစွာသည် တရားလက်လွတ် ဖမ်းဆီးခြင်းနှင့် ချုပ်နှောင်ခြင်းတို့ကို ရင်ဆိုင်နေရရုံသာမက ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား နှင့် ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံများမှ နှင်ထုတ်ခြင်း သို့မဟုတ် မြန်မာနိုင်ငံသို့ အတင်းအဓမ္မ ပြန်လည်ပို့ဆောင်ခြင်းများနှင့် ကြုံတွေ့နေကြရသည်။ ယင်းကဲ့သို့ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပို့ဆောင်ခံရသည့် မည်သူမဆိုသည် မြန်မာစစ်အုပ်စု၏ လက်ထဲတွင် ဖော်ပြ၍မရနိုင်သည့် အန္တရာယ်များနှင့် ရင်ဆိုင်နေကြရမည်မှာ မလွှဲဧကန်ဖြစ်နေသည့်တိုင် အတင်းအကျပ် ပြန်ပို့ခံရသည့်ဖြစ်စဥ်များသည် ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်။
ထို့အပြင် မြန်မာပြည်သူများသည် အိမ်နီးချင်းနိုင်ငံများစွာ၌ ဥပဒေအကာအကွယ်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ၊ အလုပ်အကိုင်၊ တရားဝင်ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြား အခြေခံကျသော ဝန်ဆောင်မှုများ ရယူလက်လှမ်းမီနိုင်မှု ကင်းမဲ့နေသည်။ ဒေသတွင်း၌ ခိုလှုံရာ ရှာဖွေနေကြသည့် အလွန်များပြားသော ပြည်သူများသည် အမှောင်ရိပ်တွင် နေထိုင်နေကြရပြီး ၎င်းတို့၏ လူ့ဂုဏ်သိက္ခာများ ငြင်းပယ်ခံနေရကာ ဥပဒေဆိုင်ရာ ကုစားမှုရနိုင်ရေး နည်းလမ်းမရှိဘဲ ခေါင်းပုံဖြတ်မှု၊ အကြမ်းဖက်မှုနှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ကြုံတွေ့နေကြရသည့် အခြေအနေတွင် ရှိနေသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်း ဆိုးရွားလှသည့် အခြေအနေအတွင်း နေထိုင်နေကြရသည့် ရိုဟင်ဂျာဦးရေ ၁ သန်းနီးပါးအတွက် ပို၍ပင် ဆိုးရွားလာနေလျက်ရှိသည်။ ရိုဟင်ဂျာများသည် နေထိုင်၍ပင်မရနိုင်သည့် အခြေအနေများအတွင်း လူပြည့်သိပ်ကျပ်မှု၊ မီးဘေး၊ အစားအစာပြတ်တောက်မှု၊ လုံလောက်မှုမရှိသော ကျန်းမာရေးစောင့်ရှောက်မှု၊ အကြမ်းဖက်မှု၊ နှင့် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်အပေါ် ကြီးမားသောကန့်သတ်မှုများကို ကြုံတွေ့နေကြရသည်။ ရိုဟင်ဂျာဒုက္ခသည်များစွာသည် ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရပြတ်လပ်မှုတို့ကို ခံစားနေကြရပြီး ၂၀၂၄ ခုနှစ် ဇွန်လထိ အချက်အလက်များအရ လူတစ်ဦးလျှင် လစဥ် အမေရိကန် ၁၁ ဒေါ်လာသာ ရိက္ခာရရှိနေသည်။ ထောင်နှင့်ချီသည့် ရိုဟင်ဂျာများသည် အဆိုပါ ကြောက်မက်ဖွယ် အခြေအနေများမှ လွတ်မြောက်ရန် အန္တရာယ်များသော ပင်လယ်ပြင်ကို နှစ်စဥ် ကူးဖြတ်နေကြသည်။ ၂၀၂၃ ခုနှစ်သည် ကိုးနှစ်တာကာလအတွင်း ရိုဟင်ဂျာများအတွက် ပင်လယ်ပြင်ဖြတ်ကျော်စဥ် သေကြေပျက်စီးမှု အများဆုံးနှစ်တစ်နှစ် ဖြစ်ခဲ့သည်။ အန္တရာယ်များသည့် ပင်လယ်ပြင်ခရီးကြမ်းမှ အသက်ရှင်လျက် ကျော်ဖြတ်နိုင်ခဲ့သူများမှာလည်း ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် အမုန်းစကား အပါအဝင် အလွန်ပင်ဆိုးရွားလှသည် ဒေသခံများ၏ ရန်လိုမုန်းထားသော တုံ့ပြန်မှုနှင့် ကြုံတွေ့ကြရသည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်း ကိုးခုတို့တွင် ဒုက္ခသည်ပေါင်း ၉၀,၀၀၀ ကျော်သည် နေထိုင်နေကြသည်။ ယခုအချိန်တွင် အဆိုပါ လူထုအသိုင်းအဝိုင်းများသည် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေးအတွက် ရန်ပုံငွေဖြတ်တောက်မှုဒဏ်ကို ခံနေရပြီး ရိက္ခာအတွက် လူတစ်ဦးလျှင် လစဥ် ထိုင်းဘတ်ငွေ ၃၀၀ (အမေရိကန် ၈ ဒေါ်လာ) ကိုသာ ရရှိကြသည်။ အဆိုပါစခန်းများတွင် ဒုက္ခသည် များသည် အသက်ကယ်ဆေးများ၊ ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုများ၊ ရာသီဥတုနှင့်လိုက်ဖက်သော အဝတ်အစားများ၊ ပညာရေးဆိုင်ရာအခွင့်အလမ်များ၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဒေသခံများနှင့်ပေါင်းစည်းနေထိုင်ခြင်း တို့အပါအဝင် အခြား မရှိမဖြစ်သော အခြေခံလိုအပ်ချက်အရာများကို အရေးတကြီး လိုအပ်နေလျက်ရှိသည်။ ထို့အပြင် အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ ထိုင်းနိုင်ငံတွင် ခိုလှုံရန် ထွက်ပြေးလာသည့် သူများသည် အကာအကွယ် ရရှိရေးအတွက် ကြီးမားသောစိုးရိမ်ပူပန်မှုများ အပါအဝင် ရေတွက်၍ မရနိုင်သော စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေကြရပြီး နေရပ်ပြန်ခြင်းသည်လည်း ရွေးချယ်စရာ မဟုတ်ပေ။
အထူးသဖြင့် အလွန်ပင် ကန့်သတ်ခံထားရသည့် မြန်မာဒုက္ခသည်များ၏ ပညာရေး အခွင့်အလမ်းသည် မြန်မာနိုင်ငံ၏ အသက်အငယ်ဆုံး မျိုးဆက်များအပေါ် လွန်စွာမှ ဆိုးရွားသော သက်ရောက်မှုများကို ဆက်လက်၍ ဖြစ်ပေါ်နေစေသည်။ မြန်မာနိုင်ငံလူငယ်များအတွက် ပိုမိုတောက်ပသော အနာဂတ်ရရှိစေရေး သေချာစေရန် သာမက မြန်မာနိုင်ငံကို အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖြစ်လာေစရန် ပြည်သူများ၏ အသွင်ကူးပြောင်းရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အထောက်အပံ့ဖြစ်စေရန် အတွက် တိုင်းရင်းသား ပညာရေးလမ်းကြောင်းများအား တရားဝင် အသိအမှတ်ပြုခြင်း အပါအဝင် မြန်မာဒုက္ခသည်များအတွက် တရားဝင်ပညာရေးကို ဦးစားပေးလုပ်ဆောင် ရမည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ IDP များ၏ အရေးပေါ်လိုအပ်ချက်များက နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများမှတစ်ဆင့် ဒေသခံ ဦးဆောင်သော အကူအညီများကို တောင်းဆိုနေလျက်ရှိ
မြန်မာနိုင်ငံရှိ IDP များအတွက် လူသားချင်းစာနာထောက်ထားမှု အခြေအနေများသည် အလွန်ဆိုးရွားနေပြီး သန်းနှင့်ချီသောပြည်သူများမှာ စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အလွန်အမင်း လိုအပ်နေလျက်ရှိသည်။ အထူးသဖြင့် အခြေခံစားသောက်ကုန်အတွက် ငွေကြေးဖောင်းပွမှု တစ်ဟုန်ထိုးမြင့်တက်လာနေခြင်းကြောင့် နိုင်ငံတစ်ဝန်းရှိ IDP များ ရင်ဆိုင်နေရသော စားနပ်ရိက္ခာမလုံခြုံမှုမှာ သိသိသာသာ မြင့်တက်လာနေသည်။ စစ်အုပ်စုက မြှုပ်ထားသည့် ဖောက်ခွဲရေး ပစ္စည်းများ သို့မဟုတ် စစ်အုပ်စု၏ တိုက်ခိုက်မှုများ အန္တရာယ်ကျရောက်နိုင်ခြေ မြင့်မားမှုကြောင့် ပြည်သူအများအပြားမှာ ၎င်းတို့၏သီးနှံများ စိုက်ပျိုးရန် သို့မဟုတ် ရိတ်သိမ်းရန် အိမ်သို့မပြန်နိုင်ကြပေ။ နိုင်ငံတစ်ဝန်းရှိ IDP များသည် ဆိုးရွားသော ရာသီဥတုအခြေအနေ၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းမှု လက်လှမ်းမီမှု လုံးဝမရှိလုနီးပါး အခြေအနေနှင့် ကျန်းမာရေးဆိုင်ရာ သန့်ရှင်းမှု အခြေအနေ ဆိုးရွားမှုများကြောင့် ကျန်းမာရေးရလဒ်ဆိုးများကို ဖြစ်ပေါ်စေရုံသာမက အသက်ရှင်ရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများလည်း ရှားပါးလာနေသည်။
ပြည်သူ့ဒီမိုကရေစီရေးခုခံတော်လှန်ရေးလှုပ်ရှားမှု ခိုင်မာအားကောင်းသော ဒေသတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်အုပ်စုသည် ရွာများ၊ ဘုန်းကြီးကျောင်းများနှင့် စစ်ဘေးရှောင်များခိုလှုံသည့် အခြားသော အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများအပေါ် အကြိမ်ကြိမ်နှင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသည့်အတွက် စစ်ဘေးရှောင် ၁ သန်းကျော် ရှိလာနေပြီ ဖြစ်သည်။
မေလလယ်အတွင်း ရခိုင်ပြည်နယ်တွင် မြန်မာစစ်အုပ်စုနှင့် အာရက္ခတပ်တော်တို့၏ မီးရှို့ ဖျက်ဆီးမှုနှင့် အခြားသော ကြီးလေးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်ပြီးနောက်ပိုင်း ရိုဟင်ဂျာများသည် ၎င်းတို့၏ မြို့၊ ရွာများမှ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည့်အတွက် ထပ်တိုးရိုဟင်ဂျာ IDP ၂၀၀,၀၀၀ သည် ကြီးမားသော ငတ်မွတ်ခေါင်းပါးမှုနှင့် ကြုံတွေ့နေကြရသည်။ တစ်ချိန်တည်းတွင် စစ်အုပ်စု၏ ရခိုင်တိုင်းရင်းသားများအပေါ် ရက်စက်ကြမ်းကြုတ်သော မီးကုန်ယမ်းကုန် တိုက်ခိုက်မှု များကြောင့် ပြီးခဲ့သော သီတင်းပတ်များအတွင်း ရွာလုံးကျွတ် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှုများ ရှိခဲ့သည်။ စစ်အုပ်စုသည် ရခိုင်ပြည်နယ်အတွင်းရှိ လူထုအသိုင်းအဝိုင်း အားလုံးအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လုံးဝနီးပါး ပြတ်လပ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် နေသည်။
စစ်အုပ်စုသည် နိုင်ငံတစ်ဝန်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဆက်လက်၍ လက်နက်သဖွယ်အသုံးချခြင်းနှင့် လွှမ်းမိုးချုပ်ကိုင်မှုများ လုပ်ဆောင်ခြင်း၊ အကူအညီပေးရေး အေဂျင်စီများ လည်ပတ်ရန် “လက်လှမ်းမီမှု” ကိုလျှော့ချခြင်း၊ လမ်းများနှင့် ရေလမ်းများကို ပိတ်ဆို့ခြင်း၊ အကူအညီများ သိမ်းယူခြင်းနှင့် အကူအညီပေးနေသည့် ဝန်ထမ်းများကို ပစ်မှတ်ထားခြင်းတို့ဖြင့် အကူအညီများပေးပို့မှုကို ပိတ်ပင်တားဆီးမှုများ လုပ်ဆောင်နေလျက်ရှိသည်။ သို့ဖြင့် စစ်အုပ်စုမှတစ်ဆင့် ပေးပိုမည့် မည်သည့်လူသားချင်းစာနာထောက်ထားမှု အကူအညီမဆိုသည် အလိုအပ်ဆုံးဖြစ်နေသော IDP များထံသို့ မရောက်နိုင်သကဲ့သို့ ရောက်ရှိမည်လည်း မဟုတ်ပေ။
ယင်းအခြေအနေဖြစ်နေသည့်တိုင် ကုလသမဂ္ဂအေဂျင်စီများနှင့် ကြီးမားသော အကူအညီပေးရေး အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းသည် အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (National Unity Government – NUG) နှင့် တိုင်းရင်းသားတော် လှန်ရေးအဖွဲ့အစည်းများ (Ethnic Resistance Organizations – EROs) တို့နှင် ပူးပေါင်းဆောင်ရွက်ပြီး ဒေသခံဦးဆောင်သည့် နယ်စပ် ဖြတ်ကျော်လမ်းကြောင်းများမှတစ်ဆင့် IDP များကို တိုက်ရိုက်ထောက်ပံ့ရမည့်အစား စစ်အုပ်စုနှင့် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်နေသည်။ မတ်လနှောင်းပိုင်းတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီများအတွက် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်ရေး စင်တာ (AHA စင်တာ) ၏ အထောက်အပံ့ဖြင့် မြန်မာစစ်အုပ်စု၏ အရန်အင်အားနှင့် လုံခြုံရေးအစွယ်အပွား ဖြစ်သော မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည့် ထိုင်းနိုင်ငံ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး လုပ်ငန်းစဥ်သည် အကူအညီအလိုအပ်ဆုံးသော IDP များထံ မရောက်ရှိရုံမျှမက အကူအညီလက်ခံရရှိခဲ့သူများ၏ လိုအပ်ချက်များနှင့်လည်း မပြည့်မီဘဲ ဒေသခံ အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်ရန်လည်း ပျက်ကွက်ခဲ့သည်။ စစ်အုပ်စုမှ အကူအညီများကို လက်နက်သဖွယ် စနစ်တကျ အသုံးချနေခြင်းကို သေချာစွာ ထည့်သွင်းစဥ်းစားလျှင် စစ်အုပ်စုနှင့်ဖြစ်စေ စစ်အုပ်စု၏ အရန်အင်အား လက်ဝေခံများနှင့်ဖြစ်စေ ပူးပေါင်းဆောင်ရွက်သည့် ဤလုပ်ငန်းစဥ်နှင့် အခြားမည်သည့်လုပ်ငန်းစဥ်မဆိုသည် အကူအညီများ ပေးအပ်ရန် ရည်ရွယ်ထားေသာ လူထုအသိုင်းအဝိုင်းများ၏ လူသားလုံခြုံရေးအတွက် အလွန်ပင်ကြီးမားသော အန္တရာယ်ကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။
ဒေသခံဦးဆောင်သည့် နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများသည် မြန်မာပြည်အလယ်ပိုင်းနှင့် အထက်ပိုင်း အပါအဝင် နယ်စပ်ဒေသတစ်လျှောက်နှင့် နယ်စပ်ကိုကျော်လွန်၍ မြန်မာနိုင်ငံမှ IDP များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ကြောင်း လွန်ခဲ့သောသုံးနှစ်အတွင်း ထိရောက်သောလုပ်ဆောင်မှုများက သက်သေပြခဲ့ပြီး ဖြစ်သကဲ့သို့ ယခုထိတိုင်လည်း ဖြစ်နေဆဲဖြစ်သည်။ ဒေသခံ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအဖွဲ့များနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများသည် ရှေ့တန်းမြေပြင်တွင် ဆယ်စုနှစ် ပေါင်းများစွာကတည်းက ရှိနေခဲ့ပြီး ဒေသခံလူထုအသိုင်းအဝိုင်းများနှင့် လက်ချင်းချိတ်၍ အကူအညီများကို ထိထိရောက်ရောက် ပေးပို့နိုင်စွမ်းရှိသည့် နှစ်များစွာချီသော အတွေ့အကြုံ၊ ဗဟုသုတနှင့် ယုံကြည်မှု များလည်း ၎င်းတို့တွင် ပြည့်စုံစွာ ရှိနှင့်နေပြီးဖြစ်သည်။ ထို့အပြင် ပြည်သူမှပြည်သူသို့နှင့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာခုခံတော်လှန်သော ချဥ်းကပ်မှုများဖြင့် IDP အသိုင်းအဝိုင်းများထံ အကူအညီများ ထိရောက်စွာ ပေးပို့ရန် အသင့်ဖြစ်နေသကဲ့သို့ လုပ်ကိုင်နိုင်စွမ်းလည်းရှိသော ရှေ့တန်းတွင် လုပ်ဆောင်နေသူများသည် ဝန်ဆောင်မှုပေးသူတိုင်းရင်းသားများ၊ CDM တွင်ပါဝင်သူများ၊ ERO များ၊ ပြည်သူ့စီမံအုပ်ချုပ်ရေးများနှင့် NUG တို့ဖြစ်ကြသည်။
အရေးပေါ်အကျပ်အတည်းတုံ့ပြန်မှုဆိုင်ရာ တောင်းဆိုချက်များ
မိမိတို့အားလုံးမှ ထပ်မံသတိပြုရမည်မှာ စစ်အုပ်စု၏ အကြမ်းဖက်မှုများမှ လွတ်မြောက်နိုင်ရန် မြန်မာပြည်သူများစွာသည် ၎င်းတို့နေအိမ်များကို စွန့်ခွာ၍ မြန်မာနိုင်ငံတွင်းသာမက နယ်စပ်စည်းမျဥ်းများ ဖြတ်ကျော်ကာ ယနေ့ထိတိုင် ဖြစ်ပေါ်နေသော အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်ရမှု အပါအဝင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း၏ အကြောင်း ရင်းခံသည် မြန်မာစစ်တပ်ဖြစ်ကြောင်း ဆိုသည့်အချက်ကိုပင် ဖြစ်သည်။ ယခုအချိန်သည် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အလျင်အမြန် ပြင်းထန်လာနေသော မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန်နှင့် အားလုံးပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်ရန် မြန်မာပြည်သူ များ၏ တစ်ပေါင်းတစ်စည်းတည်းသော ဆန္ဒ၊ အားထုတ်မှုနှင့် စတေးမှုများကို ပံ့ပိုးကူညီရန်အပြင် မိမိဆန္ဒ အလျောက်၊ ဘေးကင်းလုံခြုံ ဂုဏ်သိက္ခာရှိစွာဖြင့် ရေရှည်တည်တံ့သော နေရပ်ပြန်နိုင်ရေး သေချာစေရန် တို့အတွက် ဟန်ချက်ညီသော အကျပ်အတည်းတုံ့ပြန်ရေးတစ်ခုကို လုပ်ဆောင်ရမည့် အလွန်အရေးကြီးသော အချိန်ပင် ဖြစ်သည်။
ယနေ့ကမ္ဘာ့ဒုက္ခသည်များနေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံ၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့ထံ မိမိတို့မှ အောက်ပါအချက်များကို တောင်းဆိုလိုက်သည် –
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
မြန်မာနိုင်ငံအတွင်း စစ်အုပ်စု၏ ဆက်လက်ကျူးလွန်နေသော အကြမ်းဖက်မှုများကြောင့် အမည်မဖော်ပြ လိုသည့် အဖွဲ့အစည်း ၆ ဖွဲ့ အပါအဝင် အဖွဲ့အစည်း စုစုပေါင်း ၁၂၈ ဖွဲ့တို့မှ ထောက်ခံလက်မှတ်ရေးထိုး ထားသည်။
ထုတ်ပြန်ချက် PDF ဖိုင်ကို အောက်ပါလင့်မှရယူရန်။
မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ