၂၀၂၄ ခုနှစ်၊ ဇူလိုင် (၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇူလိုင်လ (၁)ရက်မှ (၇)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက မုံရွာ – မန္တလေး လမ်းတွင် ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုကာ မိုင်း ရှာဖွေ ရေးများ ပြုလုပ်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီးတွင် စစ်အာဏာရှင်လက်အောက် ခံ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှုးများ က စစ်မှုထမ်း ဥပဒေကို အကြောင်းပြပြီး ငွေကြေးတောင်းခံမှုများ ပြုလုပ်ခဲ့သည်။ နိုင်ငံကူးလက်မှတ် အလည်အပတ် (PV) ဖြင့် ပြည်ပနိုင်ငံများသို့သွားရောက် အလုပ် လုပ်ကိုင်မှုများကို တားဆီးမည်ဖြစ်ကြောင်း စစ်အာဏာရှင်တပ်၏ အလုပ်သမားဝန်ကြီးက ဇူလိုင်လ (၆)ရက်နေ့တွင် ပြောကြားခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃၀)နီးပါး သေဆုံးခဲ့ပြီး (၂၀)နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေးချိုးဖောက် မှု များကြောင့် အသက်မပြည့်သူ (၃)ဦး သေဆုံးခဲ့ရပြီး (၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရုံးမှာ လုံခြုံရေးတာဝန် ဆောင်ရွက်ခဲ့တဲ့ ဦးကျော်မောင် သေဆုံးမှုအတွက် ဝမ်းနည်းမိကြောင်း UNHCR က ဇွန်လ ၈ ရက်နေ့မှာ RFA ကို ပြောပါတယ်။

အသက် ၅၃ နှစ်အရွယ် လုံခြုံရေးဝန်ထမ်း ဦးကျော်မောင်ကို စစ်ကောင်စီတပ်က ဧပြီလ ၃၀ ရက်နေ့မှာ ဖမ်းဆီးရိုက်နှက်ပြီး ပြန်လွှတ်ပေးခဲ့ပေမဲ့ ရိုက်နှက်ခံရတဲ့ဒဏ်ကြောင့် နောက်တစ်ရက်မှာ သေဆုံးခဲ့တာလို့ ရခိုင်အခြေစိုက် သတင်းဌာနတွေက ဖော်ပြပါတယ်။

UNHCR ကတော့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ ဆိုးရွားနေတာကြောင့် ဦးကျော်မောင် သေဆုံးရတဲ့အကြောင်းအရင်းကို အတည်မပြုနိုင်သေးကြောင်း RFA ကို ပြောပါတယ်။

သေဆုံးသွားတဲ့ ဦးကျော်မောင်ဟာ UNHCR က ခန့်အပ်ထားတဲ့ ဝန်ထမ်းမဟုတ်ဘဲ လုံခြုံရေးအေဂျင်စီတစ်ခုကနေ ငှားရမ်းထားတာလို့လည်း ဆိုပါတယ်။ ဦးကျော်မောင်ရဲ့ မိသားစုဝင်တွေကတော့ UNHCR နဲ့ သူရဲ့ အလုပ်ရှင်ဆီက ထောက်ပံ့ကူညီမှုတွေ ရလိမ့်မယ်လို့လည်း ဆိုပါတယ်။

ပဋိပက္ခမှာပါဝင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကိုတော့ အရပ်သားတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေခံလုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ UNHCR က တိုက်တွန်းထားပါတယ်။

ဦးကျော်မောင် သေဆုံးမှုနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ကတော့ မွန်ပြည်နယ် မော်လမြိုင်မြို့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ဝန်ထမ်းတစ်ဦး ဖြစ်သူ ဦးမျိုးမင်းထွဋ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ဖြစ်ခဲ့တဲ့ ကယားပြည်နယ်၊ ဖရူဆိုရွာအနီးက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုမှာလည်း Save The Children အဖွဲ့က ဝန်ထမ်းနှစ်ဦး အပါအဝင် လူငါးဆယ်နီးပါး သေဆုံးခဲ့ပါတယ်။

RFA Burmese

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဇူလိုင်လ ၈ ရက်နေ့အထိ တိုက်ပွဲဆက်ပြင်းထန်နေပြီး ဒေသခံ ၁၅ ဦးခန့် သေဆုံးခဲ့ပြီဖြစ်သလို ဒေသခံ ငါးသောင်းခန့်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြို့ခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေက ပြောပါတယ်။

ဇူလိုင်လ ၃ ရက်နေ့ကတည်းက နမ်တွန်းရွာ၊ မန်ဟောင်ရွာ၊ နမ္မဗေဒရွာနဲ့ နောင်မွန်ရွာတွေမှာ ကိုးကန့်တပ် (MNDAA) ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲစဖြစ်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိ တိုက်ပွဲဆက်ဖြစ်နေပြီး တိုက်ပွဲခြောက်ရက်အတွင်း ဒေသခံ ၁၅ ဦးခန့် သေဆုံးသွားပြီလို့ လားရှိုးမြို့မှာ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတစ်ဦးက RFA ကိုပြောပါတယ်။

“ပထမနေ့ကလည်း ရပ်ကွက် (၁) ဘက်လည်း ကျတယ်။ ၁၄၊ ၁၅ ဦးတော့ရှိတယ်။ အဲဒီ ရှော့တိုက်ဒုံးတွေကျတာ။ ရပ်ကွက် (၁) ရယ်၊ ပန်အုပ်ကျောင်းရယ်၊ ရပ်ကွက် (၄) ရယ်၊ (၇) ရယ် ရှော့တိုက်ဒုံးတွေ ကျတယ်။ အခုလည်း ရံဖန်ရံခါတော့ ပစ်လိုက်နားလိုက်ဖြစ်နေတယ်။ အခု သူတို့ပစ်တဲ့နားတွေကိုတော့ အကုန်လုံးရှောင်ကြတယ်။ တချို့လည်း အဝေးကိုရှောင်ကြတာ”

ဇူလိုင်လ ၇ ရက်နေ့ကလည်း ရပ်ကွက် (၇) ဘက်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကိုရင်သုံးပါးနဲ့ ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

MNDAA တပ် သိမ်းယူပြီးနောက် ပြန်ဆုတ်ခဲ့ရတဲ့ ခမရ (၅၀၇)၊ ရပ်ကွက် (၇) ကွက်သစ်ဖြစ်တဲ့ အလယ်ကုန်း ဇွပ်ရာရွာ၊ AD တံတားနားက ခလရ (၆၈) တပ်နဲ့ မန္တလေးဘက်အထွက် နောင်မွန်ရွာတွေမှာ လက်ရှိ တိုက်ပွဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခမရ (၅၀၇) ဘက်ကို ဇူလိုင်လ ၇ ရက်နေ့က လေကြောင်းနဲ့ လာပစ်တာကြောင့် ရပ်ကွက် (၅) နဲ့ မန်အိုင်ရွာက ဒေသခံတွေရော နေအိမ်တွေပါ ထိခိုက်မှုရှိတယ်လို့ အမည်မဖော်လိုတဲ့ လားရှိုးဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“တိုက်ပွဲက အရမ်းကိုပြင်းထန်နေတယ်။ မနေ့ည (၅၀၇) က ကျသွားပြီဆိုတဲ့ သတင်းကြောင့်မို့ မန်အိုင်ဘက်ကို စစ်တပ်ကနေ လေယာဉ်အဆက်မပြတ် လာပစ်တာတွေရှိတယ်။ ပြီးရင် နောက်တစ်ခုက လက်နက်ကြီးတွေနဲ့ ထုနေတော့ အရပ်သားပြည်သူတွေ အိမ်တွေ တော်တော်လည်း ထိခိုက်တာတွေ တွေ့ရတယ်။ အများကြီး ရှောင်ပြေးကုန်ကြတာတွေ ရှိပါတယ်။ မနေ့ကဆို လေယာဉ်နဲ့ လာပစ်တော့ထိတယ်။ ဆေးကုဖို့သွားခေါ်ဖို့အတွက်တောင်မှ ပရဟိတတွေက အဆင်သင့်ဖြစ်နေပေမဲ့လည်း ဝင်လို့မရဘူးပေါ့နော်”

တိုက်ပွဲကြောင့် လားရှိုးမြို့ပေါ် လူဦးရေ ရှစ်သောင်းဝန်းကျင်ထဲက တစ်ဝက်လောက်လည်း တောင်ကြီး၊ မန္တလေး၊ ရန်ကုန်ဘက်တွေဆီ ထွက်ပြေးသွားကြသလို လမ်းမှာပဲ ပိတ်မိနေသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

“ဆေးကုဖို့သွားခေါ်ဖို့အတွက်တောင်မှ ပရဟိတတွေက အဆင်သင့်ဖြစ်နေပေမဲ့လည်း ဝင်လို့မရဘူး

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လားရှိုးဒေသခံတစ်ဦးကလည်း ဇူလိုင်လ ၇ ရက်နေ့ညမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ တစ်ညလုံးလာပစ်ခဲ့သလို ဇူလိုင်လ ၈ ရက်နေ့ နေ့လယ်မှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။

“ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတယ်၊ အမြောက်တွေနဲ့ ဗုံးကြဲတာတွေရှိတယ်။ ဒီမနက်ထိတော့ နှစ်နာရီလောက် တစ်ကြိမ် အဲလိုမျိုး ဗုံးကြဲတယ်။ သေနတ်အသေးသံက အခုမှပြန်ကြားရတာ။ အခုလောလောဆယ် ၅၀၇ ဘက်မှာ စစ်ပွဲ ပြန်ဖြစ်နေတယ်။ လားရှိုးမြို့အထွက် နောင်မွန်ရွာမှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ ကြားတယ်”

ကွတ်ခိုင်မြို့နယ်မှာလည်း လေကြောင်းရန်ကို စိုးရိမ်တာကြောင့် စာသင်ကျောင်းတွေ အကုန်ပိတ်ထားလိုက်ပြီလို့ ကွက်ခိုင်ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးနေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း တွေ့ရစဉ်။ (Citizen Photo)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးနေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း တွေ့ရစဉ်။ (Citizen Photo)

တိုက်ပွဲအခြေအနေ အသေးစိတ်သိရဖို့ MNDAA ပြောခွင့်ရသူ လီကျားဝင်း (ခေါ်) ဦးကျော်နိုင်နဲ့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

ဇွန် ၂၅ ရက်နေ့ကစပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက မြို့လေးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို TNLA၊ MNDAA နဲ့ မန္တလေးကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်နေတာပါ။

ဒီစစ်ဆင်ရေးအတွင်း မြို့တစ်ခုလုံးကို အပြည့်အဝထိန်းချုပ်နိုင်တာ မရှိသေးပေမဲ့ မိုးကုတ်၊ နောင်ချိုမြို့နယ်တွေက နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA Burmese

၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၂)ရက်မှ (၃၀)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇွန်လ (၂၂)ရက်မှ (၃၀)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ ‌လေကြောင်းအသုံးပြုခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှု တို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့တွင် ပြည်သူ များ အစုလိုက်အပုံလိုက် သေဆုံးခြင်းများ ဖြစ်ခဲ့ရသည်။ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်း သားများကို ပဲခူးတိုင်းဒေသကြီး ကျိုက်စကောထောင်သို့ ပြောင်းရွေ့ခဲ့သည်။ ယခုတပတ်အတွင်း စစ်အာဏာရှင်တပ် က ဆန်များကို သတ်မှတ်ဈေးအတိုင်း ရောင်းချရန် အတင်းအကြပ် သတ်မှတ်ခဲ့ပြီးနောက် ဆန်ကုန်သည်၊ ဆန်စက် ပိုင်ရှင် များကို ဖမ်းဆီးခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၈၀)ကျော် သေဆုံးခဲ့ပြီး (၆၀)နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၁)ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် Gender Equality လို့ ခေါ်တဲ့ ကျား-မတန်းတူညီမျှမှုရရေး ကြိုးပမ်းချက်တွေ နောက်ပြန်ရောက်သွားစေကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက ဇူလိုင်လ ၂ ရက် မနေ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေနဲ့ လိင်တူချစ်သူ LGBT တွေဟာ စစ်ကောင်စီတပ်ရဲ့ ခွဲခြားဆက်ဆံတာ၊ အကြမ်းဖက်တိုက်ခိုက်တာ၊ အမြတ်ထုတ်တာ စတဲ့ မတရားမှုမျိုးစုံ ကျူးလွန်ခံနေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျား-မအခြေပြု လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေရဲ့ခြိမ်းခြောက်မှုက သူတို့နောက်ကို အရိပ်မည်းလို လိုက်ပါနေတယ်လို့လည်း မစ္စတာ တွမ်အင်ဒရူးက ပြောပါတယ်။

စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ဒေသတွေ၊ စစ်ဆေးရေးဂိတ်တွေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာလည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို စစ်ကောင်စီတပ်သားတွေက ရက်ရက်စက်စက်နဲ့ လူမဆန်စွာ အမြဲကျူးလွန်လေ့ရှိတဲ့အကြောင်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

ဒါ့အပြင် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံက အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေနဲ့ လိင်တူချစ်သူ LGBT တွေအတွက် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ ပညာရေး အခွင့်အလမ်းတွေ ပုံစံအမျိုးမျိုးနဲ့ ဆုံးရှုံးနေကြရတယ်လို့လည်း ဆိုပါတယ်။

“မြန်မာနိုင်ငံတစ်ဝန်းက မြို့ရွာတွေ၊ ဒုက္ခသည်စခန်းတွေမှာ အမျိုးသမီးတွေဟာ မိသားစုရဲ့ဒုက္ခအခက်အခဲတွေကို တာဝန်ယူနေရပါတယ်။ သားသမီးတွေ ထမင်းနပ်မှန်အောင် စားရဖို့အတွက် ထမင်းတစ်နပ် လျှော့စားလိုက်ရတာလို အနစ်နာခံနေကြရသလို မလုံခြုံတဲ့ပတ်ဝန်းကျင်မှာ မိသားစုရှင်သန်နိုင်ဖို့အတွက် ပုံစံအမျိုမျိုးနဲ့ ရုန်းကန်နေကြရပါတယ်။ ဒီလို အခက်အခဲအမျိုးမျိုး ကြုံနေရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုလိုက်ရတာ၊ လူကုန်ကူးခံရတာနဲ့ လိင်ပိုင်းအမြတ်ထုတ်ခံရတာလိုမျိုး အဖြစ်တွေ ထပ်ပြီး ကြုံရဖို့ ဖြစ်နိုင်ခြေများနေတယ်” လို့ မစ္စတာ တွမ်အင်ဒရူးက အစီရင်ခံစာထဲမှာ ပြောထားပါတယ်။

ရိုဟင်ဂျာအမျိုးသမီးတွေဟာဆိုရင်လည်း ခွဲခြားဆက်ဆံတာနဲ့ လုံခြုံမှုမရှိတဲ့ အခြေအနေတွေအပြင် နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရတာ၊ အခြေခံလူ့အခွင့်အရေးမရှိတာတွေ ကြုံနေရပြီး၊ ရိုဟင်ဂျာ အသိုက်အဝန်းထဲမှာတင် အစဉ်အလာတွေအရ ခွဲခြားဆက်ဆံခံရတဲ့ဒဏ်ကို ခံစားနေရတယ်လို့လည်း ဆိုပါတယ်။

ဒီလိုအခြေအနေတွေကြားမှာပဲ စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေနဲ့ လိင်တူချစ်သူ LGBT ဟာ ရှေ့တန်းက ပါဝင်နေပြီး စိန်ခေါ်မှုနဲ့ အန္တရာယ်တွေကြားမှာပဲ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်သူတွေကို အရေးယူနိုင်ရေးနဲ့ ကျား-မတန်းတူညီမျှမှု ရရှိရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားအကောင်အထည်ဖော်နေကြတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာအနေနဲ့လည်း မြန်မာနိုင်ငံထဲက အမျိုးသမီးတွေ၊ မိန်းကလေးတွေနဲ့ လိင်တူချစ်သူ LGBT တွေအတွက် ဒေသဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ လိုတယ်လို့လည်း အစီရင်ခံစာထဲမှာ တိုက်တွန်းထားပါတယ်။

RFA Burmese

၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၅)ရက်မှ (၂၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇွန်လ (၁၅)ရက်မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်က စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဒရုန်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ မန္တလေးတိုင်း ဒေသကြီး၊ အိုးဘိုထောင်နှင့် မွန်ပြည်နယ်၊ ကျိုက်မရောထောင်တို့မှ နိုင်ငံရေး အကျဉ်းသားများကို ထောင်ပြောင်း ရွေ့ခဲ့ ကြသည်။ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးအကျဉ်းထောင်တွင် စစ်အာဏာရှင်လက်အောက်ခံ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း များသည် နိုင်ငံရေး အကျဉ်းသူများကို ဖမ်းဆီးညှင်းပန်းနှိပ်စက်ခဲ့ခြင်းကြောင်း (၈၀) ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ဇွန်လ (၁၉) ရက်နေ့တွင် ကျရောက်သော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် ပန်းရောင်းသူ၊ ပန်းဝယ်သူ ပြည်သူများကို စစ်အာဏာရှင်တပ်သားများ ဖမ်းဆီးခဲ့ကြသည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၂၀)နီးပါး သေဆုံးခဲ့ပြီး (၂၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများက တပတ်အတွင်း ပြည်သူ (၂၈၀)ကျော်ကို ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၃)ဦး သေဆုံးခဲ့ရသည်။