ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

တရုတ်ဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက်တိုက်ပွဲ လူပေါင်း ၄ဝ ကျော်သေဆုံး
တရုတ်ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သွားတဲ့ ရှမ်းပြည်နယ် နောင်ချို၊ ကျောက်မဲနဲ့၊ သီပေါမြို့တွေမှာ ဇွန်လကုန်ပိုင်းနဲ့ ဇူလိုင်လအစောပိုင်း နှစ်ပတ်အတွင်းဖြစ်တဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၄၆ ယောက်ထက်မနည်းသေဆုံးခဲ့ရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ဇူလိုင်လ ၂၂ ရက် ဒီနေ့ပြောပါတယ်။
မြောက်ပိုင်းလက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့တွေရဲ့ ၁ဝ၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတဲ့အချိန်ကစလို့ စစ်ကောင်စီဘက်ကလည်း လေကြောင်းသုံးပြီး လက်နက်ကြီးနဲ့ ပြန်ပစ်ခတ်တာကြောင့် အရပ်သားတွေ သေဆုံးနေရတာလို့ ဆိုပါတယ်။
တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက်မှာ တိုက်ပွဲတွေ အဓိကဖြစ်နေပြီး၊ စစ်ကောင်စီဟာ အဲဒီပိုက်လိုင်းတစ်လျှောက်မှာရှိတဲ့ မြို့နဲ့ရွာတွေကို အဓိကပစ်မှတ်ထားနေတယ်လို့လည်း ပြောထားပါတယ်။
နှစ်ပတ်အတွင်း ဒဏ်ရာရတဲ့ အရပ်သား ၃၅ ယောက်ထက်မနည်းရှိပြီး၊ အဆောက်အဦပေါင်း ၁၅ဝ ကျော် ပျက်စီးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ စစ်ကောင်စီဘက်က အင်အားပြင်း ပေါင် ၅၀၀ ဗုံးတွေပါ ကြဲချနေတယ်လို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ကစလို့ “၁ဝ၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက မြို့တချို့မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို TNLA၊ MNDAA နဲ့ PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
RFA Burmese
ကချင်တစ်ပြည်နယ်လုံး ဖုန်းနဲ့ အင်တာနက် ပြတ်တောက်နေ
မြို့နယ်ပေါင်း ၁၈ ခု၊ လူဦးရေ တစ်သန်းကျော်နေထိုင်တဲ့ ကချင်ပြည်နယ်မှာ ဇူလိုင် ၂၁ ရက် မနေ့မနက် ဆယ်နာရီခန့်ကစလို့ ဖုန်းလိုင်းနဲ့ အင်တာနက် ဆက်သွယ်ရေးတွေအားလုံး ပြတ်တောက်နေပါတယ်။
ဒီနေ့ညနေပိုင်းအထိ ဆက်သွယ်ရေးတွေအားလုံး ပြတ်တောက်နေတာလို့ ကချင်ပြည်နယ်ပြင်ပကို ရောက်ရှိနေတဲ့ ဟိုပင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အင်တာနက်လှိုင်းက မနေ့က ဆယ်နာရီလောက်ကနေ ပြတ်တောက်သွားတယ်။ ပြီးရင် အင်တာနက်လိုင်းတွေတင်မကဘူး၊ ဖုန်းလိုင်းတွေလည်း မရတော့ဘူး။ လောလောဆယ်တော့ ကချင်တစ်ပြည်နယ်လုံး မရဘူးလို့သိထားတယ်။ တစ်ပြည်နယ်လုံးဆိုတဲ့နေရာ Starlink သုံးနိုင်တဲ့နေရာတွေနဲ့ နယ်စပ်ဒေသဘက် တရုတ်ဘက်ခြမ်းက အင်တာနက်မှီခိုနေတဲ့သူတွေတော့ အင်တာနက်လိုင်း ရတာပေါ့နော်။ လောလောဆယ်တော့ အဲဒီလိုမျိုးရှိတယ်”
ဆက်သွယ်ရေးအားလုံး ပြတ်တောက်နေတာ အချိန်နှစ်ရက်အထိ ကြာလာပြီဖြစ်လို့ မိသားစုအတွက် စိုးရိမ်မိတယ်လို့ ရန်ကုန်မြို့ကိုရောက်နေတဲ့ မြစ်ကြီးနားဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဓိကက မိသားစုပဲ။ တခြားသတင်းတွေလည်း ကြားနေရတယ်။ လတ်တလောမှာလည်း မြစ်ကြီးနားမြို့တွေမှာ အခြေအနေတွေကလည်း မငြိမ်မသက်ပေါ့နော်။ ဖြစ်နေတဲ့အခြေအနေမှာ မနေ့က ရုတ်တရက်ကြီး အင်တာနက်က ပိတ်သွားတာပေါ့လေ။ ပိတ်သွားတဲ့အခါကျတော့ ပုံမှန်ဆိုရင် မိသားစုနဲ့ အမြဲတမ်းဆက်သွယ်တယ်။ အဆင်ပြေလား၊ ဘာတွေထူးခြားလဲ စသဖြင့်ပေါ့။ မနေ့ကတည်းကနေ စိတ်ပူရတဲ့အခြေအနေပေါ့”
ကချင်ပြည်နယ်ဘက်ကို ဆက်သွယ်ထားတဲ့ ဖိုက်ဘာဆက်သွယ်ရေးလိုင်းတွေ မန္တလေးတိုင်း တကောင်းမြို့ဘက်မှာ တိုက်ပွဲတွေကြောင့် ပြတ်တောက်သွားကြောင်း လူမှုကွန်ရက်တွေမှာ ရေးသားတာတွေရှိပေမဲ့ ဆက်သွယ်ရေးပြတ်တောက်ရတဲ့အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကို RFA ကဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
ကချင်ပြည်နယ်မှာ အရင်ကတိုက်ပွဲတွေပြင်းထန်ချိန် မြို့နယ်အချို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းအချို့ ပြတ်တောက်တာတွေရှိခဲ့ပေမဲ့ အခုလို ပြည်နယ်တစ်ဝန်းက ဆက်သွယ်ရေးကွန်ရက်အားလုံး ပြတ်တောက်သွားတာမျိုး တစ်ခါမှမကြုံခဲ့ဖူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
RFA Burmese
စဉ့်ကူးမြို့ ဗုံးကြဲခံရမှု နေအိမ်တစ်ရာခန့် ပျက်စီး၊ လူနှစ်ဆယ်ကျော် ဒဏ်ရာရ
မန္တလေးတိုင်း စဉ့်ကူးမြို့ပေါ်ကို ဇူလိုင်လ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်တစ်ရာခန့် ပျက်စီးပြီး၊ အရပ်သား နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တာဝန်ရှိသူတွေက ပြောပါတယ်။
မနေ့က တစ်ရက်တည်းမှာပဲ လေကြောင်းကနေ အကြိမ်နှစ်ဆယ်ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ဒဏ်ရာရသူတွေကို ဆေးကုသမှုတွေ လုပ်နေတယ်လို့ စဉ့်ကူးမြိုနယ် (ပ.က.ဖ) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံကို သံမဏိက RFA ကို ပြောပါတယ်။
“စဉ့်ကူးကို MDY-PDF က သိမ်းလိုက်ပြီဆိုပြီး လေကြောင်းကနေ တစ်နေကုန်ပစ်တာ။ သေဆုံးသူတော့ မရှိဘူး။ ဗုံးစထိမှန်တဲ့ သူတွေတော့ စိတ်ချရတဲ့ နေရာရွှေ့ပြီး ဆေးကုသမှု ပေးနေပါတယ်။ မြို့တစ်မြို့လုံး တော်တော်လေး ပျက်စီးနေတယ်လို့ ပြောလို့ရတယ်”
စစ်ကောင်စီတပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတာကြောင့် စဉ်ကူးမြို့အတွင်း အသွားအလာမရှိဘဲ အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ပက်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ဇွန်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” နောက်ဆက်တွဲမှာ ရှမ်းပြည်နယ် မြောက်ပိုင်းအပြင် မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေပြီး တိုက်ပွဲအတွင်း အရပ်သားထိခိုက်၊ သေဆုံးမှုတွေလည်း နေ့စဉ်မြင့်တက်နေပါတယ်။
RFA Burmese
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊ဇူလိုင်(၈)ရက်မှ (၁၄) ရက်နေ့ထိ)
၂၀၂၄ ခုနှစ်၊ ဇူလိုင် (၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
ဇူလိုင်လ (၈)ရက်မှ (၁၄)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင်လေကြောင်း အသုံးပြု ဗုံးကြဲတိုက်ခိုက် ခြင်းများ ပြုလုပ်ခဲ့သည်။ ရခိုင်ပြည်နယ်၊ သံတွဲအကျဉ်းထောင်တွင် စစ်အာဏာရှင်တပ်က နိုင်ငံရေး အကျဉ်းသားများ ကို လူသားဒိုင်းအဖြစ် အသုံးချခြင်းများ ပြုလုပ်ခဲ့ပြီး စစ်အာဏာ ရှင်တပ်သားများ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် နိုင်ငံရေး အကျဉ်းသူ (၂)ဦး သေဆုံးခဲ့ရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်အကျဉ်းထောင်တွင် စစ်အာဏာ ရှင် လက်အောက်ခံ အကျဉ်းဦးစီးဌာနက၊ နိုင်ငံရေး အကျဉ်းသားများကို ထောင်ဝင်စာကန့်သတ်ခြင်း၊ ညှင်းပန်းနှိပ်စက် ခြင်း နှင့် ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်အများ ကျွေးမွေးခြင်းများ ပြုလုပ်ခဲ့သည်။ ဧရာဝတီတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတွင် စစ်အာဏာရှင်တပ်သားများက ပြည်သူများကို စစ်မှုထမ်းရန်အတွက် အဓမ္မ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။
စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၄၀)ကျော် သေဆုံးခဲ့ပြီး (၆၀)နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ မြေမြှုပ်မိုင်း ကြောင့် ပြည်သူ (၃)ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်။
Infogram
နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်ညှဉ်းပန်းမှုတွေ ပိုပြင်းထန်လာ
ကယားပြည်နယ်၊ လွိုင်ကော်ထောင်ထဲက အကျဉ်းသားလေးရာကျော်ဟာ ထောင်ဝင်စာမရလို့ အာဟာရ မပြည့်ဝဘဲ ကျန်းမာရေးချို့တဲ့လာနေတယ်လို့ (NLD) ပါတီက သူတို့ရရှိထားတဲ့ အချက်အလက်တွေကို အခြေခံပြီး ပြောပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ တစ်လေးလုံးစစ်ဆင်ရေးနဲ့အတူ လွိုင်ကော်မြို့အတွင်း တိုက်ပွဲတွေပြင်းထန်လာပြီးနောက် စစ်ကောင်စီတပ်က လွိုင်ကော်ထောင်မှာ တပ်စွဲထားတာကြောင့် မိသားစုဝင်တွေ ထောင်ဝင်စာ ပို့ခွင့်မရတာ ခြောက်လကျော်နေပါပြီ။
မြန်မာပြည်တွင်းက ဆိုးဝါးတဲ့ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကလည်း လျစ်လျူရှုထားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က ပြောပါတယ်။
“လွိုင်ကော်က တော်တော်လေးကို အခြေအနေဆိုးတယ်။ စကစက စစ်ရှုံးလာတဲ့အခါကျတော့ မစားရတဲ့အမဲ သဲနဲ့ပက်မယ်ဆိုပြီးတော့ ထောင်အသီးသီးမှာရှိတဲ့ နိုင်ကျဉ်းတွေအပေါ်မှာ ထောင်ဝင်စာကိစ္စနဲ့ပတ်သက်လို့ အရေးပေါ်ဆေးဝါးလိုအပ်ချက်တွေနဲ့ ပတ်သက်လို့ ပိတ်ဆို့မှုတွေအများကြီးလုပ်နေတယ်။ ICRC ကလည်း ဖိအားမပြောနဲ့ တွန်းအားတောင် မပေးဘူး။ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုမရှိရင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံခေါင်းဆောင်တွေ၊ နိုင်ကျဉ်းတွေရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို အလွန်အမင်း စိုးရိမ်မကင်းဖြစ်မိတယ်ဗျ”
ဒါ့အပြင် မန္တလေးဗဟိုအကျဉ်းထောင်ထဲမှာ အကျဉ်းသား ၅၀ ပဲ ထားလေ့ရှိတဲ့ အဆောင်တွေမှာ လူဦးရေ ၁၀၀ ကနေ ၂၀၀ အထိ စုပြုံထားတာကြောင့် နွေရာသီမှာ ပူလွန်းတာ၊ မိုးတွင်းမှာ အဝတ်အစားတွေ ခြောက်ဖို့ခက်တာလို ပြဿနာတွေကြုံနေပြီး အကျဉ်းသားတွေဟာ ပွေး၊ ဝဲ စတဲ့ အရေပြားရောဂါတွေ ဖြစ်နေတယ်လို့ NLD ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
NLD ပါတီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများမှတ်တမ်းကောက်ယူရေးအဖွဲ့ စာရင်းအရ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာ သိမ်းချိန်ကစပြီး သုံးနှစ်ခွဲအတွင်း စစ်ကောင်စီ အကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီးခံရသူ (၁၀,၉၂၄) ဦးရှိပြီး အဲဒီထဲမှာ NLD ပါတီဝင် (၁,၅၃၉) ဦးပါဝင်ပါတယ်။
ဒီစာရင်းအရ ဖမ်းဆီးခံရသူတွေရဲ့ (၁၄.၁) ရာခိုင်နှုန်းက NLD ပါတီဝင်တွေ ဖြစ်ပါတယ်။ ဒီအကျဉ်းသားတွေဟာ ကျန်းမာရေးနဲ့ ညီတဲ့အစားအသောက်တွေ မရရှိတာနဲ့ ကျန်းမာရေးပြဿနာတွေအတွက် လုံလောက်တဲ့ ဆေးဝါးကုသမှုတွေမရကြဘူးလို့ ဆိုပါတယ်။
ကင်ဆာရောဂါ အပြင်းအထန်ခံစားနေရတဲ့ ဖမ်းဆီးခံ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ပတ်သက်ပြီး စိုးရိမ်နေတယ်လို့ NLD ပါတီရဲ့ စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက ပြောပါတယ်။
“ဒေါက်တာဇော်မြင့်မောင်က ကျွန်တော်တို့သိသလောက် အိုးဘိုထောင်ကနေ ပြင်ပဆေးရုံတစ်ခုကို ထုတ်သွားတယ်လို့ အဲ့လိုသိထားပါတယ်။ ပြင်ပမှာကုပေးတာ နည်းနည်းလေး တိုးတက်မှုတစ်ခုလို့ ကျွန်တော်တော့ မြင်ပါတယ်။ သူ့ရောဂါက တော်တော်လေးဆိုးနေတော့ ကျွန်တော်တို့ စိုးရိမ်နေတာပါ။ သူ့ကို ချွင်းချက်မရှိထောင်ကနေ လွှတ်ပေးသင့်တဲ့လူမျိုးပါ။ စကစ လက်ထက်မှာ အဓိက မဲတာက NLD ဆိုပိုမဲတယ်။ NUG တို့ PDF တို့နဲ့ပတ်သက်တဲ့သူဆိုရင် ပိုပြီးမဲတယ်။ ၁၀၂၇ စစ်ဆင်ရေးတွေစပြီး မြောက်ပိုင်းမှာ တိုက်ပွဲတွေ စတင်လာပြီးနောက် ထောင်တွေထဲမှာ နှိပ်ကွပ်မှုတွေ ပိုတင်းကျပ်လာတယ်။ ပိုဆိုးလာတယ်ခင်ဗျ”
တစ်ဖက်မှာလည်း ထောင်တွင်းအကြမ်းဖက်မှုတွေလို့ဆိုတဲ့အထဲ ထောင်ပြောင်းတယ်ဆိုပြီး ထောင်ပြင်ပမှာ အသတ်ခံရသူ အယောက် ၃၀၊ ထောင်တွင်းရိုက်နှက်ခံရမှုကြောင့် သေဆုံးသူ ၁၇ ဦး၊ ထောင်ထဲကထုတ်ပြီး စစ်ကြောရေးပြုလုပ်ချိန်မှာ အသတ်ခံရသူ လေးဦး၊ လုံလောက်တဲ့ ဆေးကုသမှုမရလို့ သေဆုံးသူ ၂၅ ဦး စုစုပေါင်း ၇၆ ဦး ရှိခဲ့တယ်လို့ ပြောထားပါတယ်။ အဲဒီအထဲမှာ NLD ပါတီဝင် ၁၁ ဦး ပါဝင်တယ်လို့ NLD စာရင်းတွေမှာ ဖော်ပြပါတယ်။
ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို NLD ပါတီက ထုတ်ပြန်လာတဲ့ ဖြစ်ရပ်တွေထဲမှာ ဒီနှစ် မတ်လ ၁ ရက်နေ့က ပဲခူးတိုင်း သာယာဝတီထောင်မှာ လိင်စိတ်ခံယူမှုကွဲပြားသူ အသက် ၂၄ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားကို အကျဉ်းသားအချင်းချင်း မုဒိမ်းမှုကျူးလွန်တဲ့ ကိစ္စကိုလည်း ထည့်ဖော်ပြထားပါတယ်။
ဒါ့အပြင် မွန်ပြည်နယ် ကျိုက်မရောထောင်မှာ ဇွန်လ ၁၂ ရက်နေ့က အကျဉ်းသားတွေကို အတင်းအဓမ္မ အလုပ်စေခိုင်းခဲ့လို့ အသက် ၂၅ နှစ်အရွယ် အကျဉ်းသားတစ်ဦး အမြင့်ပေ ၂၀ ကနေ ဓာတ်လိုက်ပြီး ပြုတ်ကျခဲ့ပါတယ်။
သူ့ကို ဆေးကုသပေးဖို့ တောင်းဆိုတဲ့ အကျဉ်းသား အယောက် ၁၆၀ ကတော့ ထောင်ပြောင်းခံခဲ့ရပါတယ်။
အလားတူ မိတ္ထီလာ၊ ပြည်၊ ပုသိမ်၊ မြစ်ကြီးနား၊ ဖျာပုံ၊ ပခုက္ကူ၊ ဂန့်ဂေါ၊ ဒိုက်ဦး၊ ကျိုက်မရော၊ အင်းစိန် စတဲ့ အကျဉ်းထောင် အသီးသီးမှာ အစားအသောက်နဲ့ သောက်သုံးရေ ရှားပါးနေတာ၊ ဆေးဝါးကုသခွင့်မရတာ၊ ထောင်ဝန်ထမ်းတွေက အကျဉ်းသားတွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားတာ၊ ခြိမ်းခြောက်တာတွေ ရှိတယ်လို့ NLD က ထောက်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီ အကျဉ်းဦးစီးဌာနကို RFA က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။
စစ်ကောင်စီလက်အောက်ခံ မြန်မာ့အသံကတော့ အင်းစိန်အကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ဖိအားပေးငွေတောင်း စီးပွားရှာနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အပေါ် မဟုတ်မှန်ကြောင်းနဲ့ အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသား ဆိုတာမရှိဘဲ တည်ဆဲဥပဒေကို ချိုးဖောက်လို့ ပြစ်ဒဏ်ကျခံနေရသူတွေသာ ရှိတယ်လို့ ဇူလိုင်လ ၁၆ ရက်နေ့ညက သတင်းထုတ်လွှင့်ခဲ့ပါတယ်။
RFA Burmese
စစ်တပ်ညှဉ်းပန်းနှိပ်စက်တဲ့ ဗီဒီယိုတွေ ရရှိထားကြောင်း Fortify Rights ထုတ်ပြန်
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားသူတွေကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်နေတဲ့ ဗီဒီယိုတွေကို သက်သေအဖြစ် လက်ခံရရှိထားကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights အဖွဲ့က ဇူလိုင် ၁၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
မန္တလေးတိုင်းအတွင်း စစ်ကြောရေးစခန်းတစ်ခုမှာ အဖမ်းခံထားရသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နှိပ်စက်နေတဲ့ မြင်ကွင်းတွေကို လျှို့ဝှက်ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင် ဆယ်ခုကို ၂ဝ၂၃ ခုနှစ် မတ်လအတွင်း လက်ခံရရှိခဲ့တာလို့ ဆိုပါတယ်။
ဒီဗီဒီယိုတွေထဲမှာ အမျိုးသမီး နှစ်ဦး အပါအဝင် ဖမ်းဆီးစစ်ဆေးခံရသူ ၄၈ ဦးလောက် ပါဝင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့ကို အသက်သေဆုံးတဲ့အထိ ပြင်းပြင်းထန်ထန် ရိုက်နှက်ကန်ကျောက်တာ၊ လျှပ်စစ်ရှော့တိုက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြိမ်းခြောက်တာ စတဲ့ ညှဉ်းပန်းမှုမျိုးစုံနဲ့ နှိပ်စက်နေတာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဒီလိုလူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေဟာ ၂ဝ၂၁ ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလတွေအတွင်း ဖြစ်ပျက်ခဲ့တာတွေပါ။ ဒီဗီဒီယိုတွေကိုတော့ နှိပ်စက်ညှဉ်းပန်းစစ်ဆေးချိန် အဲဒီနေရာမှာ ရှိနေတဲ့ စစ်ကောင်စီလေတပ်က တပ်သားတစ်ဦးကိုယ်တိုင် လျှို့ဝှက်ရိုက်ကူးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ရိုက်ကူးခဲ့တဲ့ တပ်သားက လွတ်မြောက်နယ်မြေတစ်နေရာကို ထွက်ပြေးချိန်မှာ အဲဒီဗီဒီယိုတွေကို တစ်ပါတည်း ယူဆောင်ခဲ့တာဖြစ်ပါတယ်။
စစ်တပ်ဥပဒေအရဆိုရင် စစ်ကြောရေးမှာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ (စရဖ)ကသာ စစ်ဆေးမေးမြန်းခွင့်ရှိပေမဲ့ ဒီဖြစ်ရပ်တွေမှာတော့ စရဖအရာရှိအပြင် ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ အရာခံဗိုလ်၊ ဗိုလ်ကြီး၊ တပ်ကြပ် စတဲ့ တပ်ဖွဲ့ဝင်တွေကပါ နှိပ်စက်စစ်ဆေးကြတဲ့အကြောင်း ထွက်ပြေးလွတ်မြောက်လာသူ လေတပ်သားရဲ့ ပြောဆိုချက်ကို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သူ့ပြောဆိုချက်အရ တချို့ဆိုရင် စစ်ကြောရေးမှာ အကြိမ်ကြိမ် နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့ဒဏ်တွေကြောင့် နောက်တစ်နေ့ မနက်မှာ သေဆုံးသွားကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းစုံစမ်းအရေးယူဖို့နဲ့ ဒီဖြစ်ရပ်ဆိုးတွေကို မှတ်တမ်းတင်ခဲ့တဲ့ မျက်မြင်သက်သေတွေကို အကာအကွယ်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကို တောင်းဆိုလိုက်ပါတယ်။
ဒီလိုလုပ်ရပ်တွေအပေါ် နိုင်ငံတကာက အလေးအနက်ထားပြီး အရေးမယူသရွေ့ စစ်ကောင်စီဟာ အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်သူတွေကို နှိပ်စက်သတ်ဖြတ်နေဦးမှာ ဖြစ်တယ်လို့ Fortify Rights အဖွဲ့က ထောက်ပြပါတယ်။
လက်ရှိမှာတော့ ဒီဗီဒီယိုတွေကို ရိုက်ကူးခဲ့တဲ့ မျက်မြင်သက်သေ လေတပ်သားကို အကာအကွယ်ပေးဖို့ လိုအပ်နေပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့ကို ဒီဗီဒီယိုတွေ ဆက်သွယ်ပေးပို့ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
RFA Burmese