ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့မှာ ဇူလိုင်လ ၂၄ ရက်ကနေ ဩဂုတ်လ ၂ ရက်နေ့အထိ မြန်မာအလုပ်သမား နှစ်ရာနီးပါး ဖမ်းဆီးခံထားရတယ်လို့ အဲဒီအခြေအနေကိုသိသူတစ်ဦးက RFA ကို ပြောပါတယ်။

သူတို့ဟာ လောက်ကိုင် ဒေသအာဏာပိုင်တွေ ထုတ်ပေးထားတဲ့ တရားဝင်နေထိုင်ခွင့် စမတ်ကတ် (Smart Card) မရှိသူတွေနဲ့ စမတ်ကတ် (Smart Card) ပြုလုပ်ထားဆဲသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

လောက်ကိုင်မြို့ကို တခြား တိုင်းနဲ့ ပြည်နယ်က ဒေသခံလူငယ်တွေ အလုပ်လုပ်ဖို့ လာရောက်ကြတာပါ။

ဖမ်းဆီးခံထားရသူတွေရဲ့ ဖုန်းနဲ့ ငွေသားတချို့ သိမ်းခံရပြီးနောက် အာဏာပိုင်တွေက ရိုက်နှက်တာတွေလည်း ရှိတယ်လို့ လောက်ကိုင်မြို့ကို ရောက်နေတဲ့ မြန်မာလူငယ်ဦးက RFA ကို ပြောပါတယ်။

“သူတို့က အဖွဲ့တွေအများကြီးနဲ့ ဖမ်းဆီးတာပါ။ အကုန်လုံးကို ပိုက်စိပ်တိုက် လိုက်ရှာဖမ်းကြတာ။ တချို့တွေလည်း ပြန်လွတ်တယ်။ တချို့လည်း ပြန်မလွတ်သေးဘူး။ ဖမ်းခံထားရတဲ့နေရာကလည်း တစ်နေရာနဲ့ တစ်နေရာ မတူကြဘူး”

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက လောက်ကိုင်မြို့ကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ကြုံရပြီးနောက် မြန်မာလူမျိုးအများစုကို ဖမ်းဆီးစစ်ဆေးမှုတွေ စခဲ့တာလို့ သူကပြောပါတယ်။

စစ်ဆေးမေးမြန်းမှု ပြီးရင်တော့ ဖမ်းဆီးထားတဲ့သူတွေကို လောက်ကိုင်မြို့မှာ ဆက်နေထိုင်ခွင့်မပြုတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကိုးကန့်တပ် (MNDAA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်း(ခေါ်) ဦးကျော်နိုင်နဲ့ ပြင်ပဆက်ဆံရေးဌာနမှူး ဗိုလ်မှုးချုပ် ဖုန်းဝင်းနိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

လောက်ကိုင်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကာလအတွင်း စစ်ကောင်စီရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကနေ ကိုးကန့်တပ် (MNDAA) က သိမ်းပိုက်ထားတာဖြစ်ပါတယ်။

RFA Burmese

(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမည်ဟူသောသတင်းများကြောင့် ထွက်ပြေးတိမ်းရှောင်သည့် စစ်ဘေးရှောင်အချို့လိုက်ပါလာသောကားတစီးတိမ်းမှောက်ပြီး အမျိုးသမီးတဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိသွားကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)နှင့်ဒေသခံများထံမှသိရသည်။

ယာဉ်မောင်းအပါအဝင် လူရှစ်ဦးလိုက်ပါလာသော စစ်ဘေးရှောင်ကားတစီးသည် ဗားရ်တံတားနှင့် မွန်လီကျေးရွာအကြားတွင် ဇူလိုင်လ ၃၀ရက်နေ့က တိမ်းမှောက်ခဲ့ခြင်းဟု သိရသည်။

လမ်းမြေပြိုထားပြီး ပျက်စီးနေသဖြင့် ကားနောက်ပြန်လန်ကျပြီး တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ ယင်းဖြစ်စဥ်၌ အသက် ၆၀ နှစ်အရွယ် အမျိုးသမီး ပီးခဲမ်ရမ် သေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဒဏ်ရာရသူ ငါးဦး အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်းချင်းအမျိုးသားအဖွဲ့ချုပ်(CNO)မှ တာဝန်ရှိသူတဦးကပြောသည်။

ယခုရက်ပိုင်း၌ တော်လှန်ရေးအင်အားစုများက ဖလမ်းမြို့သိမ်းတိုက်ပွဲဖော်ဆောင်မည်ဟူ သော သတင်းများကြောင့် မြို့နေလူဦးရေ ၅,၀၀၀ခန့်အနက် သုံးပုံနှစ်ပုံကျော်သည် တိမ်းရှောင်ရန်ကြိုးစားနေကြောင်း စုံစမ်းသိရှိရသည်။ကလေးနှင့် သက်ကြီးရွယ်အို အများစုမှာ ဖလမ်းမြို့နယ်အတွင်းကျေးရွာများ ၊ ဟားခါး ၊ ကလေးမြို့နှင့် မြေပြန့်ဒေသများအပြင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်အထိ စစ်ဘေးတိမ်းရှောင်နေကြကြောင်းသိရသည်။

စစ်ရေးအခြေအနေနှင့်ပတ်သက်၍ သီးခြားမှတ်ချက်မပြုသော်လည်း စစ်ဘေးရှောင်များအတွက် လိုအပ်သည့် စားနပ်ရိက္ခာနှင့် အမိုးအကာများအတွက် ကူညီထောက်ပံ့ပေးရန် အလှူရှင်များကို ဖိတ်ခေါ်ထားသည်ဟု CNO က ပြောသည်။

ဖလမ်းမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှသိရသည်။

ဇူလိုင်လ ၂၉ရက် ည ၁၀နာရီခန့်က ဖလမ်းမြို့အခြေစိုက် ခလရ (၂၆၈) တပ်ရင်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ မြို့ပေါ်နှင့် အနီးအနားပတ်ဝန်းကျင် ကျေးရွာများတွင် ကျရောက်ပေါက်ကွဲခဲ့သည်။အဆိုပါပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

မဇ္စျိမ

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နဲ့ သိန္နီခရိုင်အတွင်းရှိ အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်က အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေတာကို ရှုတ်ချလိုက်ပြီး စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်နေတာကို နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူပေးဖို့ ကိုးကန့်တပ်မတော် (MNDAA) က ဩဂုတ်လ ၂ ရက်နေ့ညက ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီက စာသင်ကျောင်း၊ ဘုရားကျောင်း၊ ဆေးရုံတွေနဲ့ အရပ်သားနေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေတာဖြစ်တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ MNDAA တပ်ဖွဲ့အနေနဲ့ အဲဒီနေရာတွေကို ပစ်မှတ်ထား စစ်ရေးဖော်ဆောင်မှာ မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။

MNDAA ထိန်းချုပ်ထားတဲ့ ဒေသတွေအတွင်း စစ်ကောင်စီရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်လအတွင်း ဒေသခံအရပ်သား အနည်းဆုံး ၁၄ ဦးသေဆုံးခဲ့ရပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်အဆောက်အဦများစွာလည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

လောက်ကိုင်မြို့က တုံချိန်နဲ့ ကျင်မောက်ဒေသကို သြဂုတ်လ ၂ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမှတ် ၂ ပြည်သူ့ဆေးရုံက ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပြီး လူနာနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

MNDAA ရဲ့ ထုတ်ပြန်ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းအတွင်း ရှမ်းမြောက်ဒေသ ချင်းရွှေဟော်၊ လောက်ကိုင်၊ သိန္နီ၊ ဟိုပန်၊ ပန်လုံ၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ ကုန်းကြမ်း၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံ စတဲ့မြို့ ၁၄ မြို့ကို မြောက်ပိုင်း ညီနောင်သုံးဖွဲ့ သိမ်းပိုက်ထားပါတယ်။

RFA Burmese

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ့ ဇူလိုင် ၃၁ ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် အရပ်သား ၃၃၄ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက (AAPP) ဩဂုတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အမျိုးသမီး ၁၁၁ ဦးနဲ့ အမျိုးသား ၂၂၃ ဦး စုစုပေါင်း ၃၃၄ ဦးကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ၃၉ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲက ၁၀၅ ဦးဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် နည်းပေါင်းစုံနဲ့ သတ်ဖြတ်ခံရမှုကြောင့် အများဆုံး သေဆုံးခဲ့တာဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

အခုနှစ် ခုနစ်လအတွင်း စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီလက်အောက်ခံ တရားရုံးတွေကနေ မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားသူ ၁၆၁ ဦးရှိပြီး အသက် ၁၈ နှစ်အောက် ၁၂ ဦး ပါဝင်တယ်လို့ ပြောပါတယ်။ အဲဒီအထဲမှာ သေဒဏ်ချမှတ်ခံထားရသူ တစ်ဦးနဲ့ ထောင်ဒဏ်တစ်သက်ချမှတ်ခံရသူ ၁၄ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ရေးသားထားပါတယ်။

AAPP ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ဩဂုတ်လ ၂ ရက်နေ့အထိ သုံးနှစ်ကျော်အတွင်း AAPP စာရင်းတွေအရ စစ်ကောင်စီကြောင့် အရပ်သား ငါးထောင်ကျော် (၅,၄၇၂) ဦးသေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ နှစ်သောင်းခုနစ်ထောင်ကျော် (၂၇,၁၄၁ ) ရှိပါတယ်။

RFA Burmese

၂၀၂၄ ခုနှစ်၊ ဇူလိုင် (၁၅)ရက်မှ (၂၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇူလိုင်လ (၁၅)ရက်မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်း များ ပြုလုပ်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်ရှိ ဧရာဝတီမြစ်ကမ်းတလျှောက် ကျေးရွာများကို စစ်အာ ဏာရှင်တပ်၏ ရေယာဉ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသားများကို ပဲခူးတိုင်းဒေသကြီးရှိ သာယာဝတီထောင်နှင့် ကျိုက်စကောထောင်များသို့ ထောင်အာဏာပိုင်များ က ပြောင်းရွေ့ခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၄၀)ကျော် သေဆုံးခဲ့ပြီး (၂၀)နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တပတ်အတွင်း ပြည်သူ (၃၀)ကျော် ဖမ်းဆီးခံ ခဲ့ရပြီး စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ (၁၀)ဦးကျော် သေဆုံးခဲ့ရသည်။

မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် ၁၃ နှစ်အရွယ် ယောကျ်ားလေးတဦးသေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဇူလိုင်လ ၂၀ ရက်နေ့က စစ်ကောင်စီတပ်သည် မုံရွာဘက်ကမ်းမှ ချင်းတွင်းမြစ်ကိုဖြတ်ကူးပြီး ဆားလင်း ကြီးမြို့နယ် ပေါင်းဝကျေးရွာသို့ရောက်ရှိလာစဉ် ဆိုင်ကယ်စီးလာသည့်လူငယ်သုံးဦးအား ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီ ၁၃ နှစ်အရွယ်ယောက်ျားလေးတဦးသေဆုံးကာ ၁၆ နှစ်အရွယ် ယောက်ျားလေးတဦး ဒဏ်ရာရရှိခဲ့ ခြင်း ဖြစ်သည်။
“သူတို့(စစ်ကောင်စီတပ်)လာတဲ့လမ်းမှာ တွေ့ရင်တွေ့သလို အကြောင်းမဲ့ပစ်နေတာ။ မြစ်ကြောင်းကနေ ဆားလင်းကြီးဘက်ကမ်းကို အဲဒီလိုကူးလာနေကြ”ဟု ဆားလင်းကြီးနယ်ခံက မဇ္စျိမကို ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် တိုက်ပွဲ ရှိရှိ၊ မရှိရှိ မြစ်ကြောင်းမှ ကူးလာတတ်ပြီး ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာများကို ဝင်ရောက်ကာ ရမ်းသန်းပစ်ခတ်သွားလေ့ရှိသည်ဟု ဆိုသည်။
ဦးခေါင်းကိုသေနတ်မှန်ပြီးပြုတ်ကျခဲ့သည့် မောင်မင်းခန့်ကျော်၏အလောင်းကို စစ်ကောင်စီတပ်က ချင်း တွင်းမြစ်အတွင်း ပစ်ချဖျောက်ဖျက်ခဲ့သော်လည်း ညသန်းခေါင်ယံအချိန်၌ မြစ်ကမ်းဘေးမှ ပြန်လည်တွေ့ ရှိခဲ့ရကြောင်း ဒေသခံက ဆက်ပြောသည်။
ဇူလိုင်လ ၁၉ ရက်နေ့က ဆားလင်းကြီးမြို့အတွင်းတပ်စွဲထားသည့် ဆေးရုံ၊ မင်းကန်ကြီး၊ တာဝတိံသာ ကျောင်း၊ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့အား ဒရုန်း၊ လက်နက်ကြီးငယ်များဖြင့် တော်လှန်ရေးအဖွဲ့ ၂၃ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးများခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့သတင်းရင်း မြစ်များထံမှ သိရသည်။

မဇ္စျိမ