ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊သြဂုတ်(၁)ရက်မှ (၇) ရက်နေ့ထိ)
၂၀၂၄ ခုနှစ်၊ ဩဂုတ်(၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
ဩဂုတ်လ (၁)ရက်မှ (၇)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာ ရှင်တပ်သားများက ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် စစ်မှုထမ်း အပတ်စဉ်(၄) အတွက် လူငယ် များကို စာရင်းကောက်ယူ ဖမ်းဆီးလျှက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ် တို့မှ ဒေသခံပြည်သူ (၁၀၀)ကျော်ကို စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးခဲ့သည်။
စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃၀)ကျော် သေဆုံးခဲ့ပြီး (၄၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုး ဖောက်မှု များကြောင့် အသက်မပြည့်သူ (၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
Infogram
မြောက်ဦးမြို့ ဗုံးကြဲခံရမှု ခြောက်ဦးသေဆုံး၊ ခုနစ်ဦးထက်မနည်း ဒဏ်ရာရ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ကို သြဂုတ်လ ၁၀ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ လာရောက်ဗုံးကြဲတာကြောင့် အရပ်သားခြောက်ဦး သေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သေဆုံးသူတွေက အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားငါးဦးဖြစ်ပြီး အဲဒီအထဲမှာ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
မြောက်ဦးဟိုတယ်အနီး သျှစ်သောင်း ဘုရားဘက်ကိုသွားတဲ့ ကားလမ်းမပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ မြောက်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။
“ဂျက်လေယာဥ်နဲ့ ဗုံးတစ်လုံး ချသွားတာ။ မြောက်ဦးဟိုတယ်နားက လမ်းမပေါ်မှာ ကျတယ်။ အဲဒီအနားမှာ သွားလာနေတဲ့သူတွေ သေဆုံးဒဏ်ရာရတာ။ လောလောဆယ်တော့ ခြောက်ယောက် သေသွားပြီ။ အခု အလောင်းတွေကို ကျွန်တော်တို့ နာရေးရုံးကို ပို့နေတယ်”
ဗုံးကြဲခံရတဲ့ မြောက်ဦး ဟိုတယ်အနီးမှာ ဈေးဆိုင်ငယ်လေးတွေလည်းရှိပြီး တိုက်ပွဲတွေလည်း မရှိတော့တာကြောင့် ဘုရားဖူးခရီးသည်တွေ၊ လာရောက်လည်ပတ်သူတွေနဲ့ လူစည်ကားတဲ့နေရာ ဖြစ်တယ်လို့ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
သြဂုတ် ၆ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် အုပ်ဖိုကန်ရွာအနီးမှာရှိတဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ရုံးကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA Burmese
ထွက်ပြေးလာသည့် ရိုဟင်ဂျာ ဒုက္ခသည် ၃၄ ဦးအလောင်းများ ဘင်္ဂလားဒေ့ရှ် ဆယ်ယူ
စစ်ဖြစ်နေသော မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာစဉ် လူအပြည့်အကျပ်တင်ဆောင်ထားသည့် လှေနစ်မြုပ်ပြီး သေဆုံးသည့် ရိုဟင်ဂျာ ဒုက္ခသည် ၃၄ ဦး၏ အလောင်းများကို ပြန်လည်ရရှိထားကြောင်း ဒေသဆိုင်ရာ အဆင့်မြင့်အရာရှိတဦးက ကြာသပတေးနေ့တွင် ပြောသည်။
လူထောင်ပေါင်းများစွာ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားစဉ် ပြင်းထန်သော ပဋိပက္ခကြောင့် ထွက်ပြေးလာသည့် အခြားဒုက္ခသည်များက သွေးချောင်းစီးသည့် လွန်စွာတုန်လှုပ်ဖွယ် မြင်ကွင်းများကို ပြောကြားကြသည်။
ထိုလှေသည် အင်္ဂါနေ့တွင် နစ်မြုပ်ခြင်းဖြစ်ပြီး ထိုစဉ်က ကလေးငယ်များအပါအဝင် လူ ၁၀ ဦး၏ အလောင်းများကို ကနဦး ပြန်လည် ရရှိသည်။
သို့သော် ထိုနောက်ပိုင်းတွင် နောက်ထပ်အလောင်းများ ကမ်းခြေသို့ မျောပါလာပြီး စုစုပေါင်းသေဆုံးသူ ၃၄ ဦးအထိ ရှိလာသည်။
ထိုဒုက္ခသည် အုပ်စုသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ကျေးရွာများမှ ထွက်ပြေးလာပြီး ၎င်းတို့၏ လှေငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှာဖါရီ ကျွန်းအနီး နတ်မြစ်အတွင်း နစ်မြုပ်သည်ဟု ရဲတပ်ဖွဲ့ပြောသည်။
ထိုလှေသည် မြန်မာမှ ရိုဟင်ဂျာ မွတ်ဆလင်များကို တင်ဆောင်လာကြောင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ တက်ခ်နက်မှ အစိုးရအုပ်ချုပ်ရေးမှူး အက်ဒနန် ချောင်ဒရီ ပြောသည်။
ထိုအလောင်းများကို မြှုပ်နှံပေးနေကြောင်း ဒေသကောင်စီဝင် အက်ဗ်ဒတ် ဆလမ်ပြောသည်။
“ဒီ ရိုဟင်ဂျာတွေက အသက်ဘေးကြောင့် မြန်မာကနေ ထွက်ပြေးလာတာ” ဟု သူပြောသည်။
လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ စစ်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသည့် ရိုဟင်ဂျာ အနည်းဆုံး ၁၀၀၀ ရှိကြောင်း ချောင်ဒရီပြောသည်။
အာရက္ခတပ်တော် (AA) က စစ်ကောင်စီတပ်များကို နိုဝင်ဘာလတွင် စတင်တိုက်ခိုက်ပြီးနောက် တိုက်ပွဲများဖြစ်ပွားပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်နောက်ပိုင်း အပစ်အခတ်ရပ်စဲရေး ပျက်စီးသွားသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ရိုဟင်ဂျာ ဒုက္ခသည် တသန်းခန့် လက်ခံထားပြီး ထိုဒုက္ခသည် အများစုသည် မြန်မာစစ်တပ်က ဖြိုခွဲမှု လုပ်သည့် ၂၀၁၇ ခုနှစ်တွင် ထွက်ပေးလာသူများဖြစ်သည်။ ထိုဖြိုခွဲမှုကို ကုလသမဂ္ဂတရားရုံးတွင် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စုံစမ်း စစ်ဆေးနေသည်။
အသက် ၃၅ နှစ်အရွယ် ရိုဟင်ဂျာ ဒုက္ခသည် အဗ္ဗဒူ ကလမ်သည် ရခိုင်ပြည်နယ်မောင်တောမြို့မှ အခြားလှေတစီးဖြင့် ထွက်ပြေးလာပြီး ဗုဒ္ဓဟူး နေ့တွင်ရောက်လာသူဖြစ်ပြီး ထောင်ပေါင်းများစွာသောသူများ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားနေကြောင်း သူပြောသည်။
“AA က ကျနော်တို့ကို သတ်နေတယ်။ သူတို့က ကျနော်တို့ကို ရခိုင်ကနေ မောင်းထုတ်ချင်နေတာ” ဟု သူပြောသည်။ “သွေးထွက်သံယိုဖြစ်တာ အများကြီး ကျနော်တွေ့ခဲ့တယ်။ သူတို့က ကျနော်တို့ကို သတ်နေတယ်” ဟု သူပြောသည်။
AA ကမူ စွပ်စွဲချက်များကို ပယ်ချထားပြီး မြန်မာစစ်တပ်က လေ့ကျင့်ပေးထားသည့် မွတ်ဆလင်လက်နက်ကိုင်အုပ်စုအချို့သည် AA ထိန်းချုပ်နိုင်ခြင်း မရှိသေးသည့် မောင်တောတွင် လူသတ်မှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှု၊ ငွေညှစ်မှုနှင့် မီးရှို့မှုများ ကျူးလွန်နေကြောင်း ဗုဒ္ဓဟူးနေ့ထုတ် ကြေညာချက်တစောင်တွင် ပြောသည်။
Irrawaddy News
မြောက်ဦးနှင့် တနင်္သာရီကို လေကြောင်းကတိုက်ခိုက်၊ အရပ်သား ၆ ဦးသေ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်ကို ဩဂုတ် ၁၀ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၆ ယောက်သေ၊ ၇ ယောက် ထက်မနည်း ဒဏ်ရာရပြီး တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။
ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က တိုက်လေယာဉ်ကကြဲတဲ့ဗုံးဟာ မြောက်ဦးဟိုတယ်နဲ့ နဝရတ်ဟိုတယ်ကြားက ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး လမ်းသွားလမ်းလာ ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို မြိုခံတယောက်က ပြောသည်။
“လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာက မြို့အလယ်နေရာဖြစ်တယ်။ ဘာစစ်ဘက်ဆိုင်ရာမှလည်း မရှိဘူး။ ဒီအတိုင်း အရပ်သားတွေကို ပစ်မှတ်ထားပြီး လူစည်ကားတဲ့နေရာကို ပစ်သွားတာ။ ကားလမ်းမပေါ်မှာသွားနေတဲ့ အိန္ဒိယ သုံးဘီးတစီးပြိုသွားပြီးတော့ သုံးဘီးမောင်းသူနဲ့ ခရီးသည် ၂ ယောက်နဲ့ သေဆုံးသွားတယ်။ နောက်ထပ် လမ်းမှာသွားလာနေတဲ့ အရပ်သား ၃ ဦးလည်း သေသွားတယ်။ တခြား ဒဏ်ရာရရှိသွားတဲ့လူ ၇ ဦးထက်မနည်းရှိတယ်လို့ သိထားရတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရှိတဲ့သူတွေအထဲမှာ ကလေးငယ်တွေလည်းပါဝင်ပြီး လက်ရှိမှာ ဆေးရုံကို အရေးပေါ်လူနာတွေအဖြစ် ပို့ထားရသူတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဩဂုတ် ၆ ရက်နေ့ကလည်း မြောက်ဦးမြို့က အုတ်ဖိုကန်ကျေးရွာနားကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုမရှိခဲ့ပါဘူး။
စစ်ကောင်စီက စစ်ပွဲဇုန်မဟုတ်တဲ့ မြို့နယ်တွေမှာ လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်နေတာဟာ သူတို့ရဲ့ လက်ကျန်သက်တမ်းမှာ လူထုကို အစွမ်းကုန်ဒုက္ခပေးနေတဲ့သဘောဖြစ်တယ်လို ရခိုင်က လူ့အခွင့်အရေး လှုပ်ရှားသူတယောက်က ပြောပါတယ်။
“စစ်ကောင်စီက အခုရက်ပိုင်းမှာ စစ်ပွဲဇုန်မဟုတ်တဲ့ မြိုနယ်တွေမှာ လေကြောင်းတိုက်ခိုက်လာတာကို တွေ့လာရတာက သူတို့ရဲ့ လက်ကျန်သက်တမ်းမှာ ပြည်သူတွေကို အစွမ်းကုန်ဒုက္ခပေးသွားမယ်ဆိုတဲ့ သဘောကိုပြသနေတာဖြစ်တယ်။ စစ်တိုင်းဌာနချုပ်တွေ တပ်ရင်းတွေ ဆုံးရှုံးနေရတဲ့ စစ်ကောင်စီက သူတို့မပြုတ်ခင်မှာ သူတို့ကိုထောက်ခံမှုမရှိတဲ့ ပြည်သူတွေကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်တယ်” လို့ ပြောပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ စစ်ပွဲဇုန်မဟုတ်တဲ့နေရာတွေကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်နေတာကြောင့် နိုင်ငံတကာအနေနဲ့ အရေးယူကြဖို့ ဩဂုတ် ၆ ရက်နေ့မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာ ရခိုင်ပြည်အတွင်းက တိုက်ပွဲဖြစ်ပွားနေတဲ့ သံတွဲမြိုနယ်နဲ့ မောင်တောမြို့နယ်တို့မှာ စစ်ကောင်စီက နေ့တိုင်းဆိုသလို လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာတဲ့ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ သြဂုတ် ၉ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်က ရွာတွေကို စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ခမရ ၅၆၁ တပ်ရင်းအခြေစိုက် ညောင်ပင်ကွင်းကျေးရွာအရှေ့ကမ်းအပြင် ချောင်းဝရွာ၊ မုတ်ဆိတ်ကွင်း ရွာ၊ ကွင်းသစ်ရွာနဲ့ ကျောက်မိကျောင်းရွာတို့ကို စစ်တပ်ရဲ့K-8W အမျိုးအစား ဂျက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တိရစ္ဆာန်တချို့သေဆုံး၊ ရာဘာပင်တွေ ထိခိုက်ပျက်စီးပြီး လူတွေတော့ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူးလို့ ဆိုပါတယ်။
ညောင်ပင်ကွင်းရွာသားတယောက်က “ဘုန်းကြီးကျောင်းအောက်ဘက်လည်း ဗုံးသီးကျတယ်။ နွား ၂ ကောင်မှာ ၁ ကောင်သေတယ်။ တခြားရွာတွေမှာတော့ လိုင်းမကောင်းလို့ သိပ်မသိဘူး။ ပြေးလိုက်လွှားလိုက်ဆိုတော့ ကိုယ့်ဘာသာကိုယ်တောင် အသက်လုနေရတာပါ”လို့ ပြောပါတယ်။
အဲဒီနေ့ ညနေ ၆ နာရီဝန်းကျင်လောက်မှာလည်း ညောင်ပင်ကွင်းရွာအရှေ့ကမ်းနဲ့ အနောက်ကမ်းဘက်ကမ်းတို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်သေးတယ်လို့ ညောင်ပင်ကွင်းရွာခံတွေက ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပြီး ည ၁၀ နာရီအချိန်လောက်မှာ ရွာအနောက်ကမ်းမှာအခြေစိုက်ထားတဲ့ ခမရ ၅၆၁ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ညောင်ပင်ကွင်းရွာအရှေ့ကမ်းဘက်ကို ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်တလုံး ထိမှန်ပျက်စီးခဲ့တယ်လို ရွာခံတယောက်က ပြောပါတယ်။
“အရှေ့ကမ်းနဲ့ အနောက်ကမ်းပစ်နေတာပါ၊ အလယ်မှာ တံတားတခုပဲ ခြားတယ်။ လက်နက်ကြီးပစ်လို့ တောင်ကုန်းဘက်က အိမ်တဆောင်တော်တော်ထိတယ်တဲ့။ ဒီမနက်တော့ ပစ်ခတ်မှုမရှိသေးဘူး။ PDF တွေ ဝင်လာသံကြားတာနဲ့ လက်နက်ကြီးတွေ ပစ်နေတာပါ။ အရှေ့ကမ်းမှာစစ်တပ်မရှိဘူး။ အလိုရှိရင်ခဏလေးလာတယ်။ ပြီးရင်အမြန်ပြန်သွားတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့ကလည်း ဂဏန်းကွင်းရွာ၊ သကျက်နဲ့ ကျွဲထိန်းကုန်းရွာဘက်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အိမ်မွေးဝက်တကောင်သေဆုံးပြီး အရပ်သားတယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။
မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ အခုရက်ပိုင်း ထိတွေ့တိုက်ပွဲတွေ တကျော့ပြန် ပြင်းထန်လာပြီး စစ်ကောင်စီက လမ်းပိုင်းတလျှောက်ကင်းလှည့်လှုပ်ရှားနေတာကြောင့် ပြည်သူတွေ ခရီးအသွားအလာ သတိပြုကြဖို့ကိုလည်း တော်လှန်ရေးတပ်တွေက အသိပေး ပြောဆိုထားပါတယ်။
DVB News
ရခိုင်ပြည်နယ်ကထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရ
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ ဒရုန်းတိုက်ခိုက်မှုတစ်ခုကြောင့် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ တော်တော်များများ သေဆုံးသွားတယ်လို့ ကိုယ်တွေ့ ကြုံခဲ့သူတွေရဲ့ ပြောကြားချက်တွေကို အခြေခံပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးဖို့ကြိုးစားနေတဲ့ ရိုဟင်ဂျာမိသားစုတွေ ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတာလို့ ကိုယ်တွေ့ကြုံခဲ့တဲ့ ရိုဟင်ဂျာလေးဦး၊ တက်ကြွလှုပ်ရှားသူတွေရဲ့သံတမန်တစ်ဦးက ပြောပါတယ်။
တိုက်ခိုက်ခံခဲ့ရတဲ့အထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီတစ်ဦးနဲ့ နှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးပါဝင်ပြီး ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေထဲမှာ အရပ်သားတွေကိုထိခိုက်တဲ့အထဲ အဆိုးဆုံး တိုက်ခိုက်မှုဖြစ်တယ်လို့ သတင်းက ဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုကို အာရက္ခတပ်တော် (AA) က ကျူးလွန်ခဲ့တာလို့ ပြီးခဲ့တဲ့ သောကြာနေ့က မျက်မြင်သက်သေသုံးဦးက ရိုက်တာသတင်းဌာနကို ပြောထားပြီး AA ဘက်ကတော့ ဒီလို ပြောဆိုချက်တွေကို ငြင်းဆန်ထားပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူ စုစုပေါင်း ဘယ်နှစ်ဦးရှိမလဲဆိုတာရယ်၊ ဘယ်အဖွဲ့က ကျူးလွန်ခဲ့သလဲဆိုတာတွေကို အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
လူမှုကွန်ယက်တွေပေါ်မှာ ပေါ်ထွက်လာတဲ့ ဗွီဒီယိုအချို့မှာတော့ မြေပြင်ပေါ်မှာ ရွှံ့ပေနေတဲ့ ရုပ်အလောင်းတော်တော်များများနဲ့ ပြန့်ကျဲနေတဲ့အထုပ်အပိုးနဲ့ အိတ်တွေကို မြင်ရပါတယ်။
ရိုက်တာနဲ့ ဆက်သွယ်စကားပြောခဲ့တဲ့ မျက်မြင်သက်သေလေးဦးထဲက သုံးဦးက သေဆုံးသူ ၂၀၀ ကျော်ထိ ရှိနိုင်တယ်လို့ ပြောပြီး၊ ကျန်တစ်ဦးကတော့ အနည်းဆုံး အလောင်း ၇၀ လောက် တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
RFA Burmese
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊ဇူလိုင်(၂၂)ရက်မှ (၃၁) ရက်နေ့ထိ)
၂၀၂၄ ခုနှစ်၊ ဇူလိုင် (၂၂)ရက်မှ (၃၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
ဇူလိုင်လ (၂၂)ရက်မှ (၃၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းမြစ်ကမ်း တလျှောက် ကျေးရွာများကို စစ်အာဏာရှင်တပ်၏ ရေယာဉ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်ထောင်နှင့် ပဲခူးတိုင်းဒေသကြီး ကျိုက်စကောထောင်တို့တွင် အကျဉ်းသားများ ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားလျှက်ရှိပြီး ဆေးကုသခွင့်ရရန် လိုအပ်သည်။ စစ်အာဏာရှင်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန မှ အလုပ်သမားများ၏ ကိုယ်ရေးအချက်အလက် မပေးသည့် အေဂျင်စီများကို ဒဏ်ကြေးဆောင်ရန်နှင့် ထိုင်းနိုင်ငံသို့ သွားရောက်မည့် မြန်မာအလုပ်သမားများသည် လစာ၏ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ပေးပို့ လွှဲပြောင်းသည့် အထောက်အထား ပြသနိုင်မှသာ စေလွှတ်ရေးအတွက် စာရွက်စာတမ်းကို ဆောင်ရွက်ပေးရန် ထုတ်ပြန် ကြေညာ ခဲ့သည်။
စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၅၀)ခန့် သေဆုံးခဲ့ပြီး (၇၀)နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ မြေမြှုပ်မိုင်း ကြောင့် ပြည်သူ (၁)ဦး သေဆုံး ခဲ့ရသည်။
Infogram