ရိုဟင်ဂျာတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်ဖို့ လိုအပ်နေပြီး နိုင်ငံတကာက အကူအညီတွေပေးဖို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (BROUK) က တောင်းဆိုလိုက်ပါတယ်။

သြဂုတ် ၂၅ ရက်နေ့မှာကျရောက်တဲ့ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်မှု ခုနစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ တောင်းဆိုလိုက်တာပါ။

မြန်မာ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ထားတဲ့ပြစ်မှုတွေအတွက် တရားမျှတမှုရရှိအောင် နိုင်ငံတကာက အရေးယူဆောင်ရွက်နိုင်ဖို့ လိုအပ်နေဆဲဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကလည်း ပျက်ကွက်မှုတွေရှိနေတယ်လို့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောကြားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်က ၂၀၁၇ ခုနှစ်က နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာ တစ်သန်းကျော်ထွက်ပြေးခဲ့ရပြီး အခုလည်း ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြားမှာ ရိုဟင်ဂျာ ခြောက်သိန်းလောက်ဟာ တိုက်ပွဲတွေအတွင်း လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲအကြားမှာလည်း ရိုဟင်ဂျာတွေ သေဆုံးရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ကို ထွက်ပြေးတိမ်းရှောင်သူတွေ နေ့စဉ်တိုးလာတဲ့အတွက် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံခွင့်ရနိုင်ဖို့နဲ့ ဒီလူတွေအတွက် အကူအညီတွေ ရရှိဖို့လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာနေထိုင်နေရတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရက ထောက်ပံ့ကူညီမယ်လို့ ပြောပေမယ့် အကူအညီတွေလိုအပ်နေဆဲဖြစ်ပြီး နိုင်ငံတကာက လူသားချင်း စာနာရေး အကူအညီတွေပေးအပ်ပေးဖို့ကိုလည်း BROUK က တိုက်တွန်းပါတယ်။

RFA News

စစ်ကိုင်းတိုင်းက ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေ (PDF) တွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီ လက်အောက်ခံ ဘီလူးစစ်ကြောင်းက စစ်ကြောင်းမှူးအပါအင် ငါးဦး ဖမ်းမိထားပြီး စစ်ဆေးမေးမြန်းနေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က RFA ကိုပြောပါတယ်။

သူတို့ကို သြဂုတ်လ ၁၄ ရက်နေ့က မိုးကုတ်-သပိတ်ကျင်းလမ်းပေါ်က ဖော့တော့တိုက်ပွဲအတွင်းမှာ ဖမ်းဆီးရမိခဲ့တာလို့ PLA ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောပါတယ်။

“ဘီးလူးစစ်ကြောင်းမှူးနဲ့ သူအပါအဝင် ငါးယောက်ကို အရှင်ဖမ်းမိပါတယ်၊ မိုးကုတ်နဲ့ သပိတ်ကျင်း လမ်းပိုင်းမှာပေါ့နော်၊ ၁၄ ရက်နေ့က ဖမ်းမိတယ်ဆိုတာ သတင်းဝင်လာပါတယ်၊ စစ်ရသလောက် ဘီးလူးစစ်ကြောင်းမှူး နာမည်က ဂျက်ဖိုက်တာပေါ့၊ အဲလိုနာမည်ပေးထားတယ်၊ တပ်မ ၉၉ လက်မောင်းတံဆိပ်ကို တပ်ထားတယ်၊ သူတို့စစ်ကြောင်းက ၁၅၀ နဲ့ ၂၀၀ ကြားမှာရှိတယ်၊ လေးဆယ်ကျော်လောက်တော့ ကျန်သေးတယ်ပြောတယ်၊ သပိတ်ကျင်း ခုနစ်မိုင်ဘက်မှာ ပုန်းခိုနေတယ်၊ ကျွန်မတို့ ရဲဘော်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေကြတယ်”

စစ်ဆေးချက်အရ အဲဒီ ဘီးလူးစစ်ကြောင်းဟာ စစ်တပ်ထဲ ပြစ်ဒဏ်ချခံရသူတွေ၊ ဆိုးသွမ်းရမ်းကားသူတွေနဲ့ အရပ်သားတွေထဲက လူသတ်မှု၊ မုဒိန်းမှုတွေနဲ့ ထောင်ကျခဲ့သူတွေ၊ လက်မရွံ့လူသတ်သမားတွေနဲ့ စုစည်း ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

သူတို့ဟာ မိုးမိတ်နဲ့ မိုးကုတ်မြို့နယ်တွေဘက်ကို စစ်ကြောင်းထိုးပြီး လူသတ်၊ မီးရှို့၊ မုဒိန်းကျင့်တာတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မိုးကုတ်ဘက်မှာ မြို့သိမ်းတိုက်ပွဲတွေဖြစ်လာပြီးနောက် သပိတ်ကျင်းမြို့နယ်ဘက်အဆုတ်မှာ ဖမ်းမိတာလို့လို့ ဆိုပါတယ်။

ဘီးလူးစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းထဲက ရွာတွေကို စီးနင်းတိုက်ခိုက်ပြီး ဒေသခံ အရပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေကို ခေါင်းနဲ့ ခြေလက်အင်္ဂါတွေဖြတ် သတ်ဖြတ်မှုတွေ နာမည်ကြီးတဲ့ စစ်ကြောင်းပါ။

ဒီပဲယင်း၊ ရေဦး၊ ယင်းမာပင်၊ ဆားလင်းကြီးနဲ့ ပုလဲမြို့နယ်မှာ လူတွေကိုသတ်ဖြတ်ပြီးတဲ့ အခါ “ဘီလူးစစ်ကြောင်း”၊ “ကျားဘီလူးစစ်ကြောင်း” ဆိုတဲ့နာမည်တွေကို အိမ်နံရံတွေ၊ ရွာခြံစည်းရိုးတွေမှာ ရေးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းစစ်ကြောင်းထိုးတဲ့ ဒီ “ဘီလူးစစ်ကြောင်း” မှာ အောင်လံမြို့အခြေစိုက် အမှတ် ၇၁ ခြေလျင်တပ်ရင်းနဲ့ ပျုစောထီးတွေပါဝင်သလို ရေဦးမြို့နယ်မှာ တပ်စွဲထားတဲ့ အမှတ် ၇၀၁ နဲ့ စစ်ကောင်စီတပ်မ ၉၉ လက်အောက်ခံ အမှတ် ၇၀၈ ခြေမြန်တပ်ရင်းတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA Burmese

မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတားရက်စ်က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ အခြား လူမျိုးစုတွေ အလုံးအရင်းနဲ့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတာ ဩဂုတ် ၂၅ ရက်နေ့မှာ ခုနှစ်နှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ 

အခုအချိန်မှ ရိုဟင်ဂျာတစ်သန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေထိုင်နေရပြီး နောက်ထပ် တစ်သိန်း သုံးသောင်းလောက်ကတော့ ဒေသတွင်းနိုင်ငံတွေမှာ ရောက်ရှိ ပျံ့နှံ့နေပြီး၊ နေရပ်ပြန်ဖို့ မျှော်လင့်ချက် မရှိဘဲ ဖြစ်နေတယ်လို့ သြဂုတ်လ ၂၃ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မလုံခြုံမှုနဲ့ လူသားချင်းစာနာမှုအကူအညီ လိုအပ်မှုတွေကြောင့် အရင်ကတည်းက ထိခိုက်လွယ်တဲ့ အခြေအနေ ဖြစ်နေတဲ့ မြန်မာပြည်သူတွေအတွက် အခြေအနေ ပိုဆိုးစေပါတယ်။ ဒီအထဲက ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်မှာ စစ်ရေးတိုက်ခိုက်မှုတွေ မြင့်တက်လာချိန်မှာတောင် ခွဲခြားဆက်ဆံမှုနဲ့ ဖိနှိပ်မှုတွေ ဆက်ပြီး ကြုံနေရပါတယ်လို့ အန်တိုနီယို ဂူတားရက်စ်က ပြောထားပါတယ်။

အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို သစ္စာခံတဲ့ တပ်ဖွဲ့အားလုံးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒါမှမဟုတ် ‘လွတ်လပ်ရေး’ ရဖို့ တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင်အဖွဲ့အားလုံးအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ အရပ်သား ပြည်သူတွေကို နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ လူသားချင်းစာနာမှု ဥပဒေတွေနဲ့အညီ အကာအကွယ်ပေးကြဖို့ အန်တိုနီယို ဂူတားရက်က တိုက်တွန်းတဲ့အကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

အခုအချိန်မှာ ရခိုင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေ အခြေအနေ ပိုဆိုးလာနေပြီး ပြီးခဲ့တဲ့ လေးလလောက်အတွင်းမှာ AA တပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာ မွတ်စလင်အများစု ဖြစ်တဲ့ သောင်းနဲ့ချီတဲ့ အရပ်သားပြည်သူတွေ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့အကြောင်း ထွက်ပြေးလာတဲ့အထဲက တစ်ဝက်လောက်ဟာ ကလေးငယ်တွေဖြစ်ပြီး စစ်ရေးတိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာတွေ ရလာကြတဲ့အကြောင်း၊ အချို့ကလည်း ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ အများစုဟာ သန့်ရှင်းတဲ့သောက်သုံးရေ မရှိဘဲ ဆင်းရဲနိမ့်ကျတဲ့ အခြေအနေတွေကြောင့် ဝမ်းရောဂါနဲ့ သေလုနီးပါး ဖြစ်နေကြတဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ နှစ်ဘက်လုံးဟာ ရိုဟင်ဂျာတွေကို ပြန်ပေးဆွဲတာ၊ အတင်းအကျပ် စစ်မှုထမ်းခိုင်းတာ၊ မြို့ရွာတွေကို ဒရုန်းတွေ လက်နက်ကြီးတွေ သုံးပြီး အလွန်အကျွံအင်အားသုံး ဗုံးကြဲတာနဲ့ ခေါင်းဖြတ်သတ်ဖြတ်တာတွေအပါဝင် ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မတရားမှုတွေကို ကျူးလွန်ခဲ့တဲ့အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese

၂၀၂၄ ခုနှစ်၊ ဩဂုတ်(၁၅)ရက်မှ (၂၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဩဂုတ်လ (၁၅)ရက်မှ (၂၁)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် စစ်မှုထမ်းရန်အတွက် ပြည်သူများကို အတင်းအဓမ္မဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦး အကျဉ်းထောင်နှင့် သာယာဝတီ အကျဉ်းထောင်တို့တွင် နိုင်ငံရေး အကျဉ်း သားများကို ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၂၀)ကျော် သေဆုံးခဲ့ပြီး (၄၀)ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများက တပတ်အတွင်း လူပေါင်း (၂၀၀) ကျော်ကို ဖမ်းဆီးခဲ့သည်။

ဂျီနီဗာ၊ ဩဂုတ် ၁၃၊ ၂၀၂၄။         ။မြန်မာစစ်တပ်သည် ရက်စက်ကြမ်းကြုတ်သော စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို နိုင်ငံတဝှမ်းတွင် စိုးရိမ်ဖွယ်နှုန်းဖြင့် ပိုမိုပြင်းထန်စွာ ကျူးလွန်နေသည့် အထောက်အထား အများအပြားရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (ယန္တရား) က စုဆောင်းစိစစ်သုံးသပ်ထားသော အချက်အလက်များနှင့် ယနေ့ထုတ်ပြန်သည့် နှစ်ပတ်လည်အစီရင်ခံစာ က ညွှန်ပြနေသည်။

ဤအစီရင်ခံစာတွင် စစ်အုပ်ချုပ်ရေးကို စိန်ခေါ်တွန်းလှန်မှုများ ပြင်းထန်ပြီး နိုင်ငံတဝှမ်း လက်နက်ကိုင် ပဋိပက္ခများ အရှိန်မြင့်နေသည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ကာလကို အလေးပေး ဖော်ပြထားသည်။

ဤအချိန်ကာလအတွင်း ယန္တရားသည် ပိုမိုပြင်းထန်ကြမ်းကြုတ်သော စစ်ရာဇ၀တ်မှုများ ကျူးလွန်သည့် အထောက်အထား အများအပြားကို စုဆောင်းခဲ့သည်။ ယင်းတို့အနက် စစ်ဘက်ဆိုင်ရာပစ်မှတ် မရှိသော စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် ဆေးရုံများကို လေကြောင်းမှ တိုက်ခိုက်မှုများ၊ ခေါင်းဖြတ်ခြင်း၊ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ရုပ်အလောင်းများနှင့် လိင်အင်္ဂါဖြတ်ထားသော ရုပ်အလောင်း များကို လူမြင်ကွင်းတွင်ပြသခြင်းအပါအဝင် လက်နက်ကိုင် ပဋိပက္ခများအတွင်း ထိန်းသိမ်းခံထားရသူများ၏ ကိုယ်အင်္ဂါဖြတ်တောက်မှုများ ပါဝင်သည်။

“မြန်မာနိုင်ငံတဝှမ်း ကြောက်မက်ဖွယ် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ဖော်ပြနေတဲ့ အထောက်အထား အများအပြားကို ကျွန်တော်တို့ စုဆောင်းထားပါတယ်။ အရပ်သား ပြည်သူတွေကို အပြစ်ပေးဖို့နဲ့ ကြောက်လန့်စေဖို့ ရည်ရွယ်ပြီး ဒီရာဇ၀တ်မှုတွေကို ကျူးလွန်တာဖြစ်ပါတယ်” ဟု ယန္တရား၏အကြီးအကဲ နီကိုလက်စ်ခွန်ဂျန်က ဆိုသည်။

စစ်အစိုးရအားဆန့်ကျင်သည်ဟု သံသယရှိသူများကို မတရားဖမ်းဆီးချုပ်နှောင်ခြင်းနှင့် တရားမျှတမှုမရှိသော တရားစီရင်မှုများ အပါအဝင် တရားမ၀င်အကျဉ်းချခြင်းများကိုလည်း ယန္တရားက စုံစမ်းစစ်ဆေးလျက်ရှိသည်။ ထောင်နှင့်ချီသော လူများဖမ်းဆီးခံရပြီး၊ အများအပြားသည် အကျဥ်းထောင်အတွင်း ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခြင်း ခံရသည်။ ရိုက်နှက်ခြင်း၊ လျှပ်စစ်ဖြင့် ရှော့တိုက်ခြင်း၊ လည်ပင်းညှစ်ခြင်းနှင့် အိပ်စက်မရအောင် လုပ်ခြင်း စသည့် ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ညှဥ်းပန်းနှိပ်စက်မှုများကို စနစ်တကျ ကျူးလွန်ခဲ့သည့် အထောက်အထားများစွာ ရှိသည်။ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု၊ လိင်အင်္ဂါ အစိတ်အပိုင်းများကို မီးရှို့ခြင်းနှင့် အခြားကြမ်းကြုတ်သော လိင်ပိုင်းဆိုင်ရာနှင့် ဂျင်ဒါအခြေပြု ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည့် အထောက်အထားများလည်း ရှိသည်။ သေဆုံးသူများတွင် ကလေးငယ်များအပါအဝင် ဂျင်ဒါမရွေး၊ အသက်အရွယ်မရွေး အားလုံးပါဝင်သည်။

“ရာဇ၀တ်မှုတွေအတွက် ဘယ်သူမှ ပြစ်ဒဏ်ပေးခံရခြင်း မရှိသေးပါဘူး။ ဒါဟာ ကျူးလွန်သူတွေကို ပိုအတင့်ရဲစေပြီး တိုင်းပြည်အတွင်းမှာ ပြစ်ဒဏ်ကင်းလွတ်တဲ့ယဉ်ကျေးမှုကို ပိုခိုင်မြဲစေပါတယ်။ ဒီသံသရာကို အဆုံးသတ်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ယန္တရားက ဒီရာဇ၀တ်မှုတွေအတွက် တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေကို တရားစွဲဖို့ အမှုတည်ဆောက်ရာမှာ သိသာတဲ့တိုးတက်မှုတွေ ရှိနေပါတယ်” ဟု ခွန်ဂျန်က ရှင်းပြသည်။

အစီရင်ခံစာပါတွေ့ရှိချက်များသည် မျက်မြင်သက်သေများ၏ ထွက်ဆိုချက် ၄၀၀ ကျော် အပါအဝင် သတင်းရင်းမြစ် ၉၀၀ ကျော်ထံမှ စုဆောင်းရရှိသော အချက်အလက်နှင့် အထောက်အထားများကို အခြေခံထားခြင်း ဖြစ်သည်။ ယင်းတို့အနက် ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များ၊ စာရွက်စာတမ်းများ၊ မြေပုံများ၊ ဂြိုလ်တုပုံရိပ်များ၊ ဆိုရှယ်မီဒီယာပို့စ်များနှင့် မှုခင်းဆေးပညာဆိုင်ရာ အထောက်အထားများ ပါဝင်သည်။

ယန္တရားက စုဆောင်းရရှိသည့် အချက်အလက်အများစုသည် မြန်မာလုံခြုံရေးတပ်ဖွဲ့များ ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများ ဖြစ်သော်လည်း စစ်တပ်ကို တိုက်နေသည့် လက်နက်ကိုင်အဖွဲ့များ၏ ရာဇ၀တ်မှုများနှင့် သက်ဆိုင်သည့် အထောက်အထားများလည်း ခိုင်လုံစွာ ရရှိထားသည်။ ယင်းတို့အနက် စစ်တပ်သတင်းပေးများ သို့မဟုတ် စစ်တပ်နှင့်ပူးပေါင်းသူများဟု သံသယရှိသည့် အရပ်သားများကို တရားမဝင်ကွပ်မျက်ခြင်းများ ပါဝင် သည်။

ယန္တရားသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှု မြောက်မြားစွာကို စုံစမ်းစစ်ဆေးရန် ကြိုးပမ်းနေသလို မြန်မာစစ်တပ်၏ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာများအပေါ် ကျုးလွန်ခဲ့သည့် အစောပိုင်းရာဇ၀တ်မှုများကိုလည်း ဆက်လက် စုံစမ်းစစ်ဆေးနေသည်။ အထူးသဖြင့် စစ်တပ်မှ တပ်ဖွဲ့ များ၏ လှုပ်ရှားမှုများ၊ ရခိုင်ပြည်နယ်သို့ ရိုဟင်ဂျာမဟုတ်သည့် ရွှေ့ပြောင်းနေထိုင်သူများကို ဆွဲဆောင်ရန် ရည်ရွယ်သည့် ပြန်လည်နေရာချထားရေး လုပ်ထုံးလုပ်နည်းများနှင့်မူဝါဒများ၊ ရှင်းလင်းစစ်ဆင်ရေး စတင်သည့်အချိန်တွင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် လက်ဝယ်ရှိ လက်နက်အရေအတွက်နှင့် အရည်အသွေးများကို စိစစ်သုံးသပ် ထားသည်။

ယန္တရားသည် ရိုဟင်ဂျာများနှင့်ပတ်သက်သည့် အမှုများကို လက်ရှိစစ်ဆေးနေသော နိုင်ငံတကာရာဇ၀တ်ခုံရုံး၊ နိုင်ငံတကာတရားရုံးနှင့် အာဂျင်တီးနားတရားရုံးရှိ တရားရေးအာဏာပိုင်များထံ အထောက်အထားများစွာနှင့် စိစစ်သုံးသပ်ချက်များကိုလည်း မျှဝေထားသည်။ ယန္တရားသည် တရားစွဲဆိုမှုများနှင့် ဆက်စပ်နိုင်သည့် အထောက်အထားများကို ကြိုတင်ပြင်ဆင်ကာ မျှဝေနေပြီး၊ တရားရေးအာဏာပိုင်များက အတိအကျ တောင်းဆိုလာသည့် အချက်အလက်နှင့် စိစစ်သုံးသပ်ချက်များကိုလည်း အကြောင်းပြန်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုတွဲများကိုပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။

ပိုမို သိရှိရန် iimm.un.org ကို ကြည့်နိုင်သလို iimm@un.org ကို ဆက်သွယ်နိုင်ပါသည်။

iimm

၂၀၂၄ ခုနှစ်၊ ဩဂုတ်(၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဩဂုတ်လ (၈)ရက်မှ (၁၄)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်လက်အောက်ခံ အကျဉ်းဦးစီး ဌာနရှိ ဝန်ထမ်းများက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ အကျဉ်း ထောင်နှင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီထောင် တို့တွင် နိုင်ငံရေး အကျဉ်းသားများကို ရိုက်နှက် ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်လျှက်ရှိသည်။ စစ်အာဏာရှင်တပ်သား များနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှုးများက မန္တလေးတိုင်းဒေသကြီး တွင် မသန်စွမ်းသူများ၊ ဥာဏ်ရည်မဖွံ့ဖြိုးသူများကို စစ်မှုထမ်းရန်အတွက် စာရင်းထည့်သွင်းခဲ့ခြင်း၊ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ အနေဖြင့် ထွက်ပြေးတိမ်းရှောင် နေပါက မိသားစုဝင်များကို ဖမ်းဆီး မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃၀)ခန့် သေဆုံးခဲ့ပြီး (၅၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကြောင့် အသက်မပြည့်သူ(၁)ဦး သေဆုံးခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။