ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် ပြည်သူလူထု နေအိမ်ပေါင်း အလုံး ၁ သိန်းကျော် ရှိလာ
စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူလူထုနေအိမ်ပေါင်း ၁ သိန်း ကျော် ပျက်စီးခဲ့ရပြီး စစ်ကိုင်းတိုင်းကတော့ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်စုစုပေါင်းရဲ့ ၇၂ ရာခိုင်နှုန်းနဲ့ အများ ဆုံးဖြစ်တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီထဲမှာတော့ အခု ၂၀၂၄ ခုနှစ်အတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အလုံးပေါင်း ၂၁,၀၀၀ ကျော် ပါဝင်နေပြီး ကောလင်း၊ ကလေး၊ ဘူးသီးတောင်၊ မြင်းခြံနဲ့ မုံရွာ မြို့နယ်တွေမှာတော့ အိမ်ခြေ ၁,၀၀၀ ကနေ ၅,၀၀၀ အထိ အများဆုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အခုနှစ်အတွင်းမှာပဲ နိုင်ငံတဝန်း စစ်ကောင်စီတပ်တွေက မြို့/ရွာဒေသ ၃၂၆ ခုမှာ မီးရှို့ဖျက်ဆီးမှုတွေ ကျူးလွန်ခဲ့ကြပြီး မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကောလင်းမြို့နယ်ထဲက ဒေသခံ ၃ သောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက ၂၀၂၁ ခုမှာ နေအိမ် ၂,၁၁၁ လုံး၊ ၂၀၂၂ ခုမှာ ၄၆,၉၃၇ လုံး၊ ၂၀၂၃ ခုမှာ ၃၁,၄၈၄ လုံး၊ ၂၀၂၄ ခု၊ ဇူလိုင်လအထိ ၂၁,၀၁၂ လုံး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒီ ၃ နှစ်အတွင်း စုစုပေါင်း ၁ သိန်းကျော်ထိ ရှိလာခဲ့တာပါ။
လအလိုက် မီးရှို့ဖျက်ဆီးခံရမှု အခြေအနေကို ကြည့်မယ်ဆိုရင်တော့ ၂၀၂၂ ခု ဒီဇင်ဘာမှာ အများဆုံးဖြစ်ခဲ့ပြီး အရပ်သားနေအိမ် ၁၀,၅၆၂ လုံး ဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က ပြောပါတယ်။
အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ရပ်တန့်ဖို့ အာဏာသိမ်း စစ်ကောင်စီကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက ဆက်တိုက်တောင်းဆိုနေပေမဲ့ စစ်ကောင်စီတပ်တွေဟာ ဆက်လက်ပြီးတော့ ကျူးလွန်နေကြတာ ဖြစ်ပါတယ်။
DVB Newe
လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း အရပ်သား သုံးဆယ်နီးပါး သေဆုံး
စက်တင်ဘာ ၅ ရက်နဲ့ ၆ ရက် ဒီနှစ်ရက်အတွင်း ရှမ်းပြည်နယ်ထဲက နမ့်ခမ်းမြို့ပေါ်နဲ့ ဖယ်ခုံမြို့နယ်က လအိ စစ်ဘေးဒုက္ခသည်စခန်းတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား နှစ်ဆယ်ကျော် သေဆုံးခဲ့သလို မကွေးတိုင်း မြိုင်မြို့နယ် လက်ယက်မရွာကိုလည်း ဗုံးကြဲချခဲ့တာကြောင့် အရပ်သား ခြောက်ယောက် သေဆုံးခဲ့ပါတယ်။ ဒီနှစ်ရက်အတွင်း စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား သုံးဆယ်နီးပါး သေဆုံးခဲ့တာပါ။
လက်ယက်မရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက ဗုံးကြဲခဲ့တာလို့ အဲဒီရွာမှာ ကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပခုက္ကူခရိုင် တပ်ရင်း ၁၇ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအေကေက ပြောပါတယ်။
“ကျွန်တော်တို့တပ်ဖွဲ့တွေအနေနဲ့ စာသင်ကျောင်းနားမှာနေတာလည်း မရှိဘူး၊ ရပ်ရွာတွေထဲမှာလည်း နေတာမရှိဘူး၊ ဘာသတင်းရပြီး ပစ်သွားတယ်မသိဘူးဗျ၊ အကြောင်းမဲ့သက်သက်ကို လာပစ်သွားတာ၊ ပေါင် ငါးရာဗုံးနဲ့ စာသင်ကျောင်းကို ချတယ်လို့တော့ ခန့်မှန်းတယ်၊ စာသင်ကျောင်းကို မကျဘဲနဲ့ စာသင်ကျောင်းရှေ့က အိမ်ကို ကျသွားတာ၊ အစက ပွဲချင်းပြီးသေတာက ငါးယောက်၊ ဆေးတပ်ဖွဲ့တွေလာပြီးမှ ဆုံးသွားတာက တစ်ယောက်ဆိုတော့ ခြောက်ယောက်ဗျ”
လက်ယက်မရွာကို စစ်ကောင်စီက ပေါင် ငါးရာဗုံး လေးလုံးချပြီး တိုက်ခိုက်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။ ရွာစာသင်ကျောင်းအရှေ့ ဗုံးကျတဲ့အိမ်က မိသားစုဝင် ငါးဦးမှာ လေးဦးက နေရာမှာတင် သေဆုံးခဲ့ပြီး စာသင်ကျောင်းရဲ့ တောင်ဘက် ဗုံးကျတဲ့နေရာက ဆယ်တန်းကျောင်းသူတစ်ဦးလည်း ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲက တစ်ဦးကတော့ ကယ်ဆယ်ရေးအဖွဲ့တွေရောက်ချိန်မှာ သေဆုံးသွားတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူ အရေအတွက်နဲ့ သေဆုံးသူတွေရဲ့ အချက်အလက်အသေးစိတ်ကို RFA က စုံစမ်းနေဆဲဖြစ်ပါတယ်။ ဒေသတွင်းသတင်းဌာနတွေမှာတော့ ကလေးတစ်ဦး အပါအဝင် အမျိုးသမီး လေးဦးနဲ့ အမျိုးသား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြကြပါတယ်။
ရှမ်းပြည်နယ်ထဲက နမ့်ခမ်းမြို့ပေါ်နဲ့ ဖယ်ခုံမြို့နယ်က လအိ စစ်ဘေးဒုက္ခသည်စခန်းတို့ကို စက်တင်ဘာ ၅ ရက် ညပိုင်းနဲ့ ၆ ရက်နေ့ မနက်အစောပိုင်းမှာ လေကြောင်းကနေ ပေါင်ငါးရာ ဗုံးတွေ ကြဲပြီး တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား အယောက် ၂ဝ ကျော် သေဆုံးခဲ့ပြီး အဲဒီထဲမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေ ပါဝင်ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၃ ရက်နေ့ တောင်ကြီးမြို့ခရီးစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သိမ်းယူထားတဲ့ နယ်မြေတွေ ပြန်လည်ရရှိဖို့ လိုအပ်တာတွေ တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ ပြောပြီးနောက် ဒီလိုလေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ဖြစ်လာတာပါ။
တအာင်းပြည်နယ် အခြေစိုက် နိုင်ငံရေးလေ့လာသူ ကိုဆိုရ်ဒါင်းက စစ်ရှုံးထားတဲ့နယ်မြေတွေမှာ စစ်ကောင်စီက ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ပြောပါတယ်။
“စစ်ကောင်စီက သူ ဆုံးရှုံးထားတဲ့ နယ်မြေတွေ၊ စစ်ရှုံးတဲ့နယ်မြေတွေကို မဆီမဆိုင်နဲ့ ပြည်သူတွေကို ဦးတည်ချက် ရည်ရွယ်ချက်ရှိရှိနဲ့ လူထုအကြောက်တရားလွှမ်းမိုးသွားအောင် လုပ်နေတာဖြစ်တယ်၊ တော်လှန်ရေးတပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအနေနဲ့ ကြေညာပေမဲ့ အကြမ်းဖက်လုပ်ရပ်တွေကို သူကိုယ်တိုင် လုပ်နေတာဖြစ်တယ်”
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားကလည်း စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေ၊ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာလို့ သုံးသပ်ပါတယ်။
“တစ်ခါမှ တိုက်ပွဲမဖြစ်ဘဲနဲ့ လူထုတွေ ပုန်းအောင်းနေတဲ့ စစ်ရှောင်နေတဲ့ နေရာတွေကို အခြေခံပြီး လိုက်ဗုံးကြဲတာက တမင်သပ်သပ်ကို ရည်ရွယ်ချက်ရှိရှိကို လူထုအပေါ်မှာ သေစေလိုတယ် ပျက်စီးစေလိုတယ် မဟုတ်လည်း ကြောက်ရွံ့မှုဖြစ်စေပြီး လူမှုဘဝ ပျက်စီးအောင် လုပ်တဲ့လုပ်ရပ်လို့ပဲ ပြောလို့ရတယ်။ ဒီလုပ်ရပ်တွေက ခွင့်လွှတ်လို့ရတဲ့ မေ့ဖျောက်လို့ရတဲ့ လုပ်ရပ်တွေမဟုတ်ဘူး။ အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်တဲ့အတွက် နိုင်ငံတကာမှာ တရားစွဲဆိုပြီး အပြစ်ပေးအရေးယူနိုင်ဖို့ အတတ်နိုင်ဆုံး လုပ်ရမယ့်အချိန်ဖြစ်နေပြီ နိုင်ငံတကာမှာတော့ နိုင်သလောက် တင်ပြတောင်းဆိုပြီး စစ်ကောင်စီလုပ်ရပ်တွေကို ရာဇဝတ်မှုကျူးလွန်တယ်ဆိုတာ ပြနိုင်အောင် အချက်အလက်စုဆောင်းရမယ့်အပြင် တစ်ချိန်တည်းမှာပဲ လူထုအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကုစားဖို့ သက်ဆိုင်သူအားလုံးက ကြိုးစားနေရမှာပေါ့ အလွယ်တကူမေ့ပျောက်ပြီး အရင်တုန်းကလို ပျက်ပြယ်လို့ရတာ မဟုတ်ဘူးဆိုတာ စစ်ကောင်စီကို အသိပေးလိုပါတယ်”
RFA Burmese
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊သြဂုတ်(၂၂)ရက်မှ (၃၁) ရက်နေ့ထိ)
၂၀၂၄ ခုနှစ်၊ ဩဂုတ်(၂၂)ရက်မှ (၃၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
ဩဂုတ်လ (၂၂)ရက်မှ (၃၁)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ မကွေးတိုင်းဒေသကြီး သရက်ထောင်နှင့် မကွေး ထောင်၊ ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြထောင် နှင့် ပဲခူးတိုင်းဒေသကြီး သာယာဝတီထောင် တို့တွင် စစ်အာဏာ ရှင်လက်အောက်ခံ အကျဉ်းဦးစီးဌာနက နိုင်ငံရေးအကျဉ်းသားကို ညှင်းပန်းနှိပ်စက်ခြင်း၊ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် နေပြည်တော် တို့တွင် စစ်အာဏာရှင်တပ်သားများက စစ်မှုထမ်းရန် အသက်ပြည့်သူများကို အတင်းအဓမ္မဖမ်းဆီးခြင်း၊ ငွေကြေးတောင်းခံ ခြင်းများ ပြုလုပ်လျှက်ရှိသည်။
စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၂၀)ကျော် သေဆုံးခဲ့ပြီး (၂၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများက တပတ်အတွင်း လူပေါင်း (၁၀၀) ကျော်ကို ဖမ်းဆီးခဲ့သည်။
Infogram
စစ်ဘေးဒဏ်ခံနေရတဲ့ ကလေးတွေကိုကူညီဖို့ ဦးကျော်မိုးထွန်း ပြော
မြန်မာပြည်တွင်းက စစ်ဘေးဒဏ်ခံနေရတဲ့ ကလေးငယ်တွေကို နိုင်ငံတကာအနေနဲ့ ထိရောက်တဲ့အကူအညီတွေပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက စက်တင်ဘာ ၃ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုသသမဂ္ဂ ဌာနချုပ်မှာလုပ်တဲ့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးမှာ အခုလို ပြောလိုက်တာပါ။
စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အာဏာစသိမ်းတဲ့အချိန်ကစပြီး ကလေးငယ်တွေအပါအဝင် မြန်မာပြည်သူအားလုံးအပေါ် ရက်စက်မှု ကျူးလွန်ခဲ့တာကြောင့် လူသားချင်းစာနာမှုအရ ဖြေရှင်းပေးဖို့ လိုအပ်နေတဲ့ ပြဿနာတွေ အခုအချိန်အထိ မရှင်းနိုင်ဘဲ အလှမ်းဝေးနေသေးတယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။
“စစ်ကောင်စီတပ်ဟာ ရက်စက်ကြမ်းကြုတ်သလောက် မြေပြင်တိုက်ပွဲတွေမှာလည်း ဆက်တိုက် ရှုံးနိမ့်နေတယ်။ ဒါကြောင့် စစ်သားစုဆောင်းမှုတွေ ပြုလုပ်နေတဲ့အကျိုးဆက်က နေရပ်စွန့်ခွာပြီး စစ်ရှောင်နေကြရတဲ့ ကလေးတွေ၊ ပြည်သူတွေအတွက် အကျပ်အတည်းပေါ် ဒုက္ခဆင့်ကဲ တိုးလာသလိုမျိုး ဖြစ်နေပါတယ်”
ပြိုလဲလုနီးပါးဖြစ်နေတဲ့ ကျန်းမာရေးနဲ့ ပညာရေး စနစ်ဒဏ်ကို မြန်မာပြည်က ကလေးငယ်တွေ အများဆုံး ခါးစည်းခံနေရတဲ့ ပြဿနာကလည်း စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ထုတ်ပြန်ချက်အရ လူသားချင်း စာနာထောက်ထားမှု အကူအညီ လိုအပ်နေတဲ့ဒုက္ခသည် ၁၈ ဒသမ ၆ သန်းထဲမှာ ၆ သန်းက ကလေးငယ်တွေဖြစ်ပြီး အဲဒီကလေးငယ်တွေထံ လိုအပ်တဲ့အကူအညီတွေ ရောက်အောင် ကြိုးပမ်းနေတဲ့ UNICEF ကိုလည်း ကျေးဇူးတင်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အကူအညီ လိုအပ်နေသူတွေကို ထိရောက်တဲ့ ကူညီမှုတွေပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့လည်း သံအမတ်ကြီးက တိုက်တွန်းပါတယ်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာ ၂ ရက်နေ့ ထုတ်ပြန်ချက်ရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း ကလေးခြောက်ရာကျော် (၆၁၄) ဦး သေဆုံးတယ်လို့ ဖော်ပြပါတယ်။
RFA Burmese
အင်းစိန်ထောင်ဆေးရုံတွင် အကျဉ်းသားချင်း အဓမ္မပြုကျင့်မှု ထိရောက်စွာအပြစ်ပေးအရေးယူခြင်း မရှိ
မဇ္ဈိမ။ ။အင်းစိန်အကျဉ်းထောင်ရှိ ထောင်ဆေးရုံတွင် နိုင်ငံရေးအကျဉ်းသားတဦးကို အဓမ္မပြုကျင့်ခဲ့သည့် အကျဉ်းခန်းလူကြီးအား ထောင်အာဏာပိုင်များက ထိရောက်စွာ အပြစ်ပေးအရေးယူခြင်းမရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။
သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၃ နာရီက မုဒိမ်းမှုဖြင့် ထောင်ကျနေသည့် အကျဉ်းခန်းလူကြီး ဇင်မျိုးကို(ခ) မျိုးကြီးက ပုဒ်မ ၅၀(ည)ဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသည့် အသက် ၂၅ နှစ်အရွယ် နိုင်ငံရေး အကျဉ်းသားကို ထိုးကြိတ်၍အဓမ္မပြုကျင့်ခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားရာနေရာမှာ အင်းစိန်ထောင်ဝင်းအတွင်း ရှိ ထောင်ဆေးရုံ၊ တီဘီရောဂါသမားများအားထားသည့် အခန်းတွင်ဖြစ်ပြီး ကျူးလွန်သူမှာ အဆိုပါအခန်း ၏ အခန်းလူကြီးအဖြစ် တာဝန်ပေးခံထားရသူဖြစ်ကြောင်း သိရသည်။
ယင်းသို့ အဓမ္မပြုကျင့်မှုနှင့်ပတ်သက်၍ ဇင်မျိုးကိုအား ထောင်အာဏာပိုင်များက တစုံတရာ အရေးယူမှု မရှိကြောင်း PPNM ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက ပြောသည်။
“အဲဒီအခန်းလူကြီးကို သူတို့နေရာရွှေ့လိုက်တယ်၊ တိုက်ဘက်ကို ရွှေ့လိုက်တယ်လို့တော့ ပြောတယ်။ ဒါ ပေမယ့် ဒီကိစ္စက အခန်းလူကြီးဆိုတဲ့ရာထူးကိုအသုံးချပြီးမှ အကျဉ်းသားအချင်းချင်း လူ့အခွင့်အရေး ချိုး ဖောက်တာဖြစ်သလို မုဒိမ်းမှုကျူးလွန်တာဖြစ်တယ်။ ဒါဟာ ရာဇဝတ်မှုလည်း ဖြစ်တယ်။ ဒီလို ရာဇဝတ်မှု ကျူးလွန်သူတယောက်ကို ထိရောက်တဲ့ ထောင်တွင်းတရားရုံးကသော်လည်းကောင်း၊ ပြင်ပတရားရုံး ကနေသော်လည်းကောင်း အရေးယူဆောင်ရွက်မှု ပြစ်ဒဏ်မပေးဘဲနဲ့ပေါ့နော် ဒီလိုမျိုးထားထားခြင်းဟာ ထောင်အာဏာပိုင်တွေက ဒီလိုလူ့အခွင့်အရေး ချိုးဖောက်ရာမှာ အားပေးအားမြှောက်ပြုနေခြင်းဖြစ်တယ် လို့ ပြောချင်တယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် အင်းစိန်ထောင်ပိုင် ဇော်လင်းအောင်၏တပည့်ဖြစ်သူ အဆောင်မှူးအောင်ကျော်ဆင့်က အဓမ္မပြု ကျင့်ခံရသည့်ဖြစ်စဉ်အား ဖုံးကွယ်ထားပြီး အကျဉ်းထောင်ပြင်ပနှင့် ထောင်အတွင်း သတင်းပေါက်ကြားပါ က အဓမ္မပြုကျင့်ခံရသည့် နိုင်ငံရေးအကျဉ်းသားအပါအဝင် သတင်းဖြန့်သူကိုပါ တိုက်ပိတ်အရေးယူမည် ဟု ခြိမ်းခြောက်ထားကြောင်း PPNM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဓမ္မပြုကျင့်ခံရသည့် နိုင်ငံရေးအကျဉ်းသားမှာ ပွန်းပဲ့ဒဏ်ရာများရခဲ့ပြီး ရောဂါအခံဖြစ်သည့် တီဘီရောဂါ အပြင် စိတ်ပိုင်းဆိုင်ရာဝေဒနာနှင့် အသက်အန္တရာယ်ပါ ခြိမ်းခြောက်ခံထားရကြောင်း PPNM ဦးဆောင် ကော်မတီဝင် ဦးသိုက်ထွန်းဦးက ပြောသည်။ အဆိုပါနိုင်ငံရေးအကျဉ်းသားသည် ကျိုက်မရောထောင်မှ ထောင်ပြောင်းဖြင့် အင်းစိန်ထောင်သို့ ရောက်ရှိလာသူဖြစ်သည်။
“ကျူးလွန်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားက ပွန်းပဲ့ဒဏ်ရာတွေ ရထားတယ်။ ကျန်းမာရေးကလည်း တီဘီ ရောဂါ ဆိုးဆိုးဝါးဝါး ခံစားနေရလို့ ဆေးဝါးကုသမှု ခံယူနေရဆဲဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအပြင် လက်ရှိ ကျွန်တော်တို့စုံစမ်းရရှိရသလောက် အသက်အန္တရာယ်ပါ စိုးရိမ်ရပါတယ်၊ ဒီကိစ္စကျွန်တော်တို့ ထုတ်ပြန် လိုက်တာ သူ့အတွက် အသက်အန္တရာယ် များစွာထိခိုက်နိုင်တယ်။ ဒါပေမယ့်လည်း ဒါက လုပ်သင့်လုပ် ထိုက်တဲ့ကိစ္စတခုဖြစ်တယ်၊ သူ့ရဲ့ ဂုဏ်သိက္ခာအရ နာမည်တွေ ချန်လှပ်ထားတယ်။
ဒီလိုကျူးလွန်မှုကို ကျွန်တော်တို့ အဖွဲ့အနေနဲ့ ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ ဖြစ်စေချင်တယ်။ ကျူးလွန်ခံရတဲ့သူရဲ့ နစ်နာမှုတွေ ကိုယ်တိုင် အဓမ္မပြုကျင့်ခံရတဲ့အပြင် နှုတ်ပိတ်ခံရတဲ့ ခံစားမှု၊ ထောင်ထဲမှာ ဘယ်သူ့မှ မပြော ဘဲ တယောက်တည်းကြိတ်ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုက အင်မတန်ဆိုးဝါးတဲ့ ခံစားမှုတွေ ဖြစ် စေပါတယ်။ အဲ့ဒီခံစားမှုတွေကို သူလက်ရှိ ရင်ဆိုင်ခံစားနေရတယ်ဆိုတာကို အချက်အလက်တွေနဲ့တော့ ရရှိထားပါတယ်” ဟု ဦးသိုက်ထွန်းဦးက ဆက်ပြောသည်။
PPNM ၏ထုတ်ပြန်ချက်တွင် ဖြစ်စဉ်အား ဖုံးကွယ်ထားရန်စေခိုင်းသည့် အဆောင်မှူး အောင်ကျော်ဆင့် သည် ၎င်းတာဝန်ယူအုပ်ချုပ်သည့် အဆောင်အတွင်း ငွေကြေးရယူ၍ အကျဉ်းသားအချင်းချင်း အုပ်ချုပ် ရသည့် ရာထူးအာဏာများကို ရာဇဝတ်အကျဉ်းသားများကို ပေးနေသလို နိုင်ငံရေးအကျဉ်းသားများကို အုပ်ချုပ်သူအကျဉ်းသားတို့၏ ရိုက်နှက်၊ နှိပ်စက် ခြိမ်းခြောက်ငွေညှစ်မှုများ၊ ယခုကဲ့သို့ အဓမ္မပြုကျင့်မှုဖြစ် စဉ်များအား ဖုံးကွယ်ပေးခြင်းတို့ဖြင့် ထောင်တွင်းစီးပွားရှာနေသူဖြစ်ကြောင်း ဆိုသည်။
ယခုဖြစ်စဉ်အား မှတ်တမ်းရယူပြီး လူ့အခွင့်အရေးအဖွဲ့အစည်းများထံ ပေးပို့ထားကြောင်းနှင့် အသွင်းကူး ပြောင်းရေးကာလ၊ တရားမျှတမှုဖော်ဆောင်သည့်အချိန်တွင် ပြစ်ဒဏ်နှင့်ညီမျှသည့် အပြစ်ပေးအရေးယူ မှု ပြုလုပ်နိုင်ရေးပြင်ဆင်နေကြောင်း ဦးသိုက်ထွန်းဦးက ဆိုသည်။
စာတည်း။ ။စောဖေ
မဇ္ဈိမ
မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆွေးနွေးမည်
စက်တင်ဘာ ၉ ရက်နေ့ကနေ အောက်တိုဘာ ၁၁ ရက်ထိ ကျင်းပမယ့် ၅၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာ့အရေးဆွေးနွေးမယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက စက်တင်ဘာ ၄ ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ အပြန်အလှန် ဆွေးနွေးပွဲပေါင်း ၃၀ ရှိပြီး မြန်မာ့အရေးက လေးကြိမ်ပါဝင်ပါတယ်။
ပုံမှန်အစည်းအဝေး စတင်တဲ့ စက်တင်ဘာ ၉ ရက်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်နဲ့ လူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) နဲ့ ဆွေးနွေးပြီး စက်တင်ဘာ ၂၃ ရက်မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနဲ့ အပြန်အလှန် ဆွေးနွေးမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၅၆ ကြိမ်မြောက် အစည်းအဝေးမှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) က ရခိုင်ပြည်နယ် မောင်တောမြို့တွင်း တိုက်ပွဲတွေနဲ့ဆက်စပ်ပြီး ရိုဟင်ဂျာတွေအရေး စိုးရိမ်တဲ့အကြောင်းနဲ့ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက ဒေသခံတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖမ်းဆီးခံခဲ့ရတာတွေကို တင်ပြခဲ့ပါတယ်။
ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံတဝန်းမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပိုမိုဆိုးရွားစွာ ထိခိုက်ပျက်စီးတာတွေ ကြုံနေရတယ်လို့လည်း ပြောခဲ့ပါတယ်။ စစ်ကောင်စီကျူးလွန်နေတာကို ရပ်တန့်နိုင်ဖို့နဲ့ နိုင်ငံတကာက လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေပေးအပ်ဖို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) က တိုက်တွန်းခဲ့ပါတယ်။
RFA Burmese