နိုင်ငံအဝှန်း လူ့အခွင့်အရေးအခြေအနေ ပိုမိုဆိုးရွားလာကြောင်း ND-Burma ၏ ၆ လတကြိမ်ထုတ်ဝေသည့် အစီရင်ခံစာ တွင် ဖော်ပြထားသည်။

ရက်စွဲ။ စက်တင်ဘာ ၁၁ ရက်၊၂၀၁၈ ခုနှစ်
သတင်းထုတ်ပြန်ချက်
ND-Burma မှ ၆လတကြိမ် ထုတ်ဝေသည့် လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာအရ စစ်တပ်နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ပြင်ထန်လာနေမှုနှင့်အတူ လူ့အခွင့်အရေးချိုးဖောက်မှုများ များပြားလာသည်ကို မှတ်တမ်းတင်နိုင်သည်ကို တွေ့ရသည် ။ ကချင်ပြည်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲချခြင်း၊ ရွာသားများပိုင်ဆိုင်သည့် ပစ္စည်းများအား ခိုးယူ၊ ဖျက်ဆီးခြင်း နှင့် တိုက်ပွဲများ အကြားမှ ထွက်ပြေးသည့် ရွာသားများအား လူသားဒိုင်းကာများ၊ မိုင်းရှင်းကရိယာများအဖြစ်ပါအသုံးပြုခြင်း အပါအဝင် စစ်တပ်က စစ်ပွဲအတွင်း အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ကြသည်။

စစ်တပ်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ဆက်လက်တိုက်ခိုက်နေသည့် စစ်ဆင်မှုများအတွင်း တိုင်းရင်းသား ပြည်သူများအား လက်နက်ကိုင်အဖွဲ့များအား ကူညီထောက်ပံ့သည်ဟု စွပ်စွဲကာ မတရားဖမ်းဆီး၊ ညှဉ်းပန်း နှိပ်စက်မှုများကို စစ်သားများက ဆက်လက်ကျူးလွန်နေကြသည်။ အစီရင်ခံစာအတွက် တွေ့ဆုံမေးမြန်းခဲ့သည့် အသက် ၄၁ နှစ်အရွယ်ရှိ အမျိုးသားတဦးအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အား ရိက္ခာများ ထောက်ပံ့သည်ဟု စွပ်စွဲခံရကာ ၄ ရက်ကြာ ညှဉ်းပန်းနှိပ်စက်ခံရသည့် အသက် ၄၁ နှစ်အရွယ်ရှိ အမျိုးသားအား တွေ့ဆုံမေးမြန်းခဲ့ရာ စစ်သားများက သူ့အား ထိုးကြိတ် ကြသည်မှာ “တကယ်လို့ သူတို့သာ ကောက်ညှင်းဆန်ကို ထောင်းနေကြတယ်ဆိုရင် အမှုန့်တောင် ဖြစ်နေလောက်တယ်” ဟု ND-Burma သို့ ပြောတိုသည်။

အပြစ်ကျူးလွန်သော်လည်း အပြစ်မပေးအရေးယူခံရခြင်းမှ ကင်းလွတ်နေမှုမှာ စံအဖြစ်ဆက်ရှိနေသည်။ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်စော်ကားမှုမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များအတွက် သာမန်လုပ်ရိုးလုပ်စဉ်အဖြစ် ဆက်ရှိနေသည်။ ရှမ်းပြည် မြောက်ပိုင်းရှိ စိတ်ဝေဒနာရှင် အမျိုးသမီးအဦးအား မုဒိန်းကျင့်ခဲ့သည့် စစ်သားတဦးမှာ သူ့အထက်အရာရှိ၏ ပါးရိုက်အပြစ် ပေးမှုမှအပ စည်းကမ်းတကျ အရေးယူမှုမျိုးမရှိခဲ့ပေ။

တိုက်ပွဲများပြင်းထန်လာနေခြင်းကြောင့် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထောင်ထားသည့်မိုင်းများကြောင့် အရပ်သားများ ထိခိုက်သေဆုံး ဒဏ်ရာရမှုများရှိနေသည်။
ယခုအစီရင်ခံသည့်ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်မှုနှင့် စုဝေးခွင့်အပေါ် နှိပ်ကွပ်မှုများတွေ့ရသည်။ ရန်ကုန်နှင့် ရခိုင်ပြည်နယ်တွင် ဆန္ဒပြသူများ ဖမ်းဆီးနှိပ်စက်ခံရခြင်းနှင့် သေဆုံးမှုများရှိခဲ့သည်။

အဓိက တွေ့ရှိချက်
 ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ပြည်နယ်နှင့် တိုင်းဒေသကြီး ၄ နေရာတွင် ဖြစ်ပွားသည့် လူ့အခွင့်အရေးချိုး ဖောက်မှု ၄၅ ခုကို ND-Burma မှ မှတ်တမ်းတင်နိုင်ခဲ့သည်။ ၂၀၁၇ ခုနှစ် ၆ လတာကာလအတွင်း ဖြစ်ရပ်ပေါင်း ၂၄ ခုနှင့် တနှစ်လုံးတွင် ဖြစ်ရပ်ပေါင်း ၅၀ ကို မှတ်တမ်းတင်နိုင်ခဲ့သည်။
 ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်လာခြင်း၏ ရလဒ်အဖြစ် လူ့အခွင့်အရေးချိုးဖောက်မှု များ များပြားလာသည်ကို မှတ်တမ်းတင်နိုင်ခဲ့သည်။ လူ့အခွင့်အရေးချိုးဖောက်မှု ၄ပုံ ၃ ပုံကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဒေသများတွင် အရပ်သားများမှာ လက်နက်ကြီး ဖြင့် ပစ်ခတ်ခံရခြင်း၊ မတရားဖမ်းဆီး နှိပ်စက်ခံရခြင်းနှင့် မြေမြှုပ်မိုင်းကြောင့် သေဆုံး၊ ဒဏ်ရာရရှိကြရသည်။
 ယခုအစီရင်ခံသည့် ကာလအတွင်း အခြေခံလွတ်လပ်ခွင့်များ ရုပ်သိမ်းခံရသည်ကိုတွေ့ရသည်။ ရခိုင်ပြည်နယ် တွင် အရပ်သားများ ဆန္ဒပြသည်ကို ရဲက နှိမ်နှင်းခဲ့ရာ သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့ပြီး။ လက်သည်မပေါ်သည့် ဗုံးပေါက်ကွဲမှုကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ဖမ်းဆီးခံရသည်။ ရန်ကုန်တွင် စစ်ဆန့်ကျင်သည့် ဆန္ဒပြမှုကြောင့် ပါဝင်ခဲ့သူများကို ထိန်းသိမ်းမှုများ ရှိခဲ့သည်။
 လူ့အခွင့်အရေးချိုးဖောက်မှု အများစုကို အစိုးရတပ်များက ကျူးလွန်ခဲ့သည်။ မြေမြှုပ်မိုင်းကြောင့် သေဆုံး ဒဏ်ရာရမှုများကိုလည်း မှတ်တမ်းတင်နိုင်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကျူးလွန်သည့် ဖမ်းဆီး၊ ထိန်းသိမ်းခြင်း၊ အတင်းအကြပ် လူသစ်စုဆောင်းခြင်းနှင့် ခိုင်းစေခြင်း၊ ရပ်ရွာများအတွင်း တိုက်ခိုက်မှု ကြောင့် အရပ်သားများသေဆုံးခြင်းတို့ပါဝင်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုကိုလည်း မှတ်တမ်းတင်နိုင် ခဲ့သည်။
 အဆိုပါချိုးဖောက်မှုများအတွက် တရားမ ျှတမှုကို မရရှိသေးပါ။ ဖြစ်ရပ်တခုတွင်သာ ရှမ်းပြည်မြောက်ပိုင်းတွင် စစ်သားတဦးက ကျူးလွန်သည့် အဓမ္မပြုကျင့်မှုအတွက် ပြုကျင့်ခံရသူ အမျိုးသမီး၏ မိသားစုအား မြန်မာစစ်တပ် မှ ကျပ် ၂သိန်း (အမေရိကန် ဒေါ်လာ ၁၅၀ ခန့်) ပေးခဲ့သည်။
 ND-Burma ၏ မှတ်တမ်းတင်မှုများက ပြသနေသည်မှာ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အရေးယူမှု မရှိသရွေ့ ဆက်လက်ချိုးဖောက်မှုများ ဖြစ်ပွားနေဦးမည်ဖြစ်သည်။ အစိုးရတပ်များအနေဖြင့် အထူးသဖြင့် စစ်မက်ဖြစ်ပွားနေသည့် ဒေသများတွင် လူ့အသက်ကို တန်ဖိုးထားမှု အနည်းငယ်သာ ရှိနေပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း လူ့အခွင့်အရေးချိုးဖောက်မှု များရှိနေသည်ကိုတွေ့ရသည်။ အရပ်သား ပြည်သူများမှာ နစ်နာသူ ဓားစာခံများဖြစ်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ၏ နောက်ဆက်တွဲ ဆိုးကျိုးများနှင့် အပြစ်ရှိသူများအပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်နေမှု အဆုံးသတ်စေရန်အတွက် အစိုးရ၏ ပြန်လည်ကုစား ပေးလျော်သည့် လုပ်ငန်းများအဆောတလျင်ဆောင်ရွက်ရန် လိုအပ်နေသည်။

ဆက်သွယ်ရန်
ချစ်ချစ်ဝင်း
စည်းရုံးလှုံ့ ဆော်ရေး အဖွဲ့ဝင်
ဖုန်း: +95 (0) 9452204210

ND-Burma အကြောင်း
ND-Burma ၏ အဖွဲ့ဝင် ၁၆ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူများအား ကိုယ်စားပြုသည်။ နစ်နာခဲ့သူများ၏ တရားမ ျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀ဝ၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းဖြစ်သည်။

အဖွဲ့ဝင်အဖွဲ့အစည်းများ

၁။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP-B)
၂။ မွန်ပြည်လူ့အခွင့်အရေးအဖွဲ့ (Hurform)
၃။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) (KWAT)
၄။ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)
၅။ တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့အစည်း (TSYO)
၆။ ထားဝယ်အမျိုးသမီးသမဂ္ဂ (TWU)

ဆက်စပ်အဖွဲ့အစည်းများ

၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်ကွန်ဂရက် (AASYC)
၂။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)
၃။ နိုင်ငံတကာ မြေကမ္ဘာအခွင့်အရေးအဖွဲ့ (ERI)
၄။ ပအို့လူငယ်အဖွဲ့ (PYO)
၅။ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP)
၆။ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက် (ပဲခူးအရှေ့ခြမ်း)
၇။ ရှေ့ပြေးအသံအဖွဲ့ (PV)

ရိုက်တာသတင်းထောက်များဖြစ်ကြသော ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့အား နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ယနေ့ ပြစ်ဒဏ် ချမှတ်လိုက်ခြင်းသည် မြန်မာနိုင်ငံအတွင်း စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီလမ်းကြောင်းဆီသို့ အသွင်ကူးပြောင်းရေးကို အားပေးထောက်ခံနေသူအားလုံးအတွက် အလွန်အမင်း စိတ်သောကရောက်စရာဖြစ်ပါသည်။ ဒီမိုကရေစီကို အားပေးထောက်ခံသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုသည် မြန်မာပြည်သူများနှင့် ကာလရှည်ကြာစွာ အတူတကွရပ်တည်လာခဲ့ပါသည်။ ဆက်လက်၍လည်း အရပ်သားအုပ်ချုပ်ရေးနှင့် မြန်မာနိုင်ငံအတွင်း လွတ်လပ်မှု၊ ပြုပြင် ပြောင်းလဲမှုနှင့် လူ့အခွင့်အရေးအတွက် ဦးဆောင်လှုပ်ရှားနေသူအားလုံးကို အားပေးထောက်ခံနေမည်ဖြစ်ပါသည်။ ယခုအမှု၏ သိသာထင်ရှားသော ချွတ်ယွင်းချက်များက မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာတရားစီရင်ရေးနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ဖွယ်ရာဖြစ်စေပါသည်။ သတင်းထောက်များအား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် ဒီမိုကရေစီနည်းကျ လွတ်လပ်မှုကို ရှေ့တိုးဆောင်ရွက်ရန်ချမှတ်ထားသည့် မြန်မာအစိုးရ၏ရည်မှန်းချက်ကို နှောင့်နှေးကြန့်ကြာစေသည့် အဓိကအချက် ဖြစ်ပါသည်။ ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ကို အမြန်ဆုံးပြန်လွတ်ပေးရန်နှင့် သတင်းထောက်များ ၎င်းတို့အလုပ် ၎င်းတို့လုပ်နေကြ သည်ကို တရားစွဲဆိုခြင်းအား ရပ်တန့်ပါရန် မြန်မာအစိုးရကို မိမိတို့ တိုက်တွန်းပါသည်။

U.S. Embassy

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံအရေး စုံစမ်းဖို့ ဖွဲ့ထားတဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေး အဖွဲ့ရဲ့ အစီရင်ခံစာကို ဩဂုတ်လ ၂၇ ရက် တနင်္လာနေ့မှာ ထုတ်ပြန် လိုက်ပါတယ်။

ရခိုင်မှာ ဖြစ်ပျက် ခဲ့တဲ့ ကိစ္စတွေ အတွက် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် က ထိပ်ပိုင်း က တာဝန် ရှိသူ ၆ ဦး ကို လူမျိုးတုံး သတ်ဖြတ်မှု နဲ့ စစ်ဆေး သင့်ကြောင်း နဲ့၊ အခြား ဒေသ တွေက လူသားတွေ အပေါ် ရက်စက်စွာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ နဲ့လည်း စစ်ဆေး သင့်တယ် လို့ ဖော်ပြ ထားပါတယ်။

ရာနဲ့ချီတဲ့ တွေ့ဆုံမေးမြန်းမှုတွေအပေါ် အခြေခံပြီး ထွက်ပေါ်လာခဲ့တဲ့ ဒီအစီရင်ခံစာဟာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်တာတွေ လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ ပတ်သက်ပြီး အခု လောလောဆယ် ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အထဲမှာ အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချမှု ဖြစ်ပါတယ်။

“မြန်မာ စစ်တပ် ကျင့်သုံးခဲ့တဲ့ နည်းနာတွေက လက်တွေ့ ခြိမ်းခြောက်မှုထက် အဆမတန် ပြင်းထန်ခဲ့တယ်” လို့ အဲဒီ အစီရင်ခံစာကဆိုပါတယ်။

ကုလသမဂ္ဂ အချက်အလက် ရှာဖွေ ရေး အဖွဲ့ က ထုတ်ပြန်တဲ့ အစီရင်ခံစာ ထဲမှာ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူး ကြီး စိုးဝင်း၊ စစ်ဖက် ရေးရာ လုံခြုံရေး အဖွဲ့ ၃ က ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် က ဗိုလ်ချုပ် မောင်မောင်စိုး၊ တပ်မ ၃၃ က ဗိုလ်မှူး ချုပ် အောင်အောင်၊ တပ်မ ၉၉ က ဗိုလ်မှူးချုပ် သန်းဦး တို့ ပါဝင် ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ကနေ ခန့်အပ်တဲ့ အချက်အလက် ရှာဖွေးရေး ကော်မရှင် ကို အင်ဒိုနီရှားက ဝါရင့် ရှေ့နေတစ်ဦးဖြစ်တဲ့ မာဇူကီ ဒါရုစ်မန်ကို ဦးဆောင်စေပြီး နောက် အဖွဲ့ဝင် နှစ်ဦးနဲ့အတူ ဖွဲ့ထားတဲ့ အဲဒီအဖွဲ့ဟာ မြန်မာအစိုးရက ခွင့်မပြုတဲ့ အတွက် မြန်မာနိုင်ငံထဲထိ ဝင်ရောက် နိုင်ခြင်းတော့ မရှိခဲ့ပါဘူး။

ရခိုင်မြောက်ပိုင်းက စစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာတွေ အပေါ် ရက်ရက်စက်စက် နှိမ်နင်းခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ခဲ့တယ်လို့ စွပ်စွဲခံရ
Image captionရခိုင်မြောက်ပိုင်းက စစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာတွေ အပေါ် ရက်ရက်စက်စက် နှိမ်နင်းခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ခဲ့တယ်လို့ စွပ်စွဲခံရ

ဒါပေမယ့်လည်း နိုင်ငံ အပြင်ဘက် ပြုလုပ်ခဲ့တဲ့ လူတွေ့ မေးမြန်းမှုတွေ၊ စိတ်ချ ယုံကြည်ရတဲ့ သက်သေအထောက်အထား မှတ်တမ်းမှတ်ရာတွေကို အခြေခံပြီး အစီရင်ခံစာ ထုတ်ပြန်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အသေးစိတ်ကို လာမယ့် စက်တင်ဘာလထဲ ဂျနီဗာ အခြေစိုက် လူ့အခွင့်အရေး ကောင်စီထံ တင်သွင်းမှာဖြစ်ပါတယ်။

အဲဒီ အချက်အလက် ရှာဖွေရေး အဖွဲ့ကို မြန်မာ အစိုးရက ပြည်ဝင်ခွင့် မပေးပေမယ့်လည်း ရခိုင်ပြည်နယ်ထဲ ပေါ်ပေါက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖို့ ဆိုပြီး နိုင်ငံတကာက ပုဂ္ဂိုလ် နှစ်ယောက်ကို ထည့်သွင်းထားတဲ့ ကော်မရှင်တစ်ရပ် ဖွဲ့စည်း ထားပါတယ်။

ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး ကော်မရှင် က ထုတ်ပြန်တဲ့ အစီရင် ခံစာ ထဲမှာ တပ်မတော် ရဲ့ ရိုဟင်ဂျာ တွေ အပေါ်မှာ ကျူးလွန်တဲ့ လုပ်ရပ် တွေဟာ လုံခြုံရေး အကြောင်းပြ ရှင်းလင်းချက် တွေထက် ကို ပိုမိုပြီး လုပ် ဆောင် ခဲ့တယ် လို့ ဆိုပါတယ်။

အဲဒီ လုပ်ရပ်တွေ ကြောင့် တပ်မတော် ရဲ့ ထိပ်ပိုင်း ခေါင်းဆောင် ၆ ဦး ကို ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံးမှာ စစ်ဆေး မှုတွေ လုပ်ဆောင် သင့်ကြောင်း ကိုလည်း ထည့်သွင်း ရေးသား ထားပါတယ်။

ဒါ့ အပြင် မြန်မာ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ တပ်မတော် ရဲ့ အကြမ်းဖက် လုပ်ရပ် တွေကို တားဆီးဖို့ ပျက်ကွက် ခဲ့တယ် လို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ ရဲ့ အစီရင် ခံစာ ထဲမှာ ဖော်ပြ ထားပါတယ်။

မြန်မာဓာတ်ပုံ မူပိုင်REUTERS
Image captionမြန်မာ အစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ဝေဖန် ပြစ်တင်ထား

တပ်မတော် အနေနဲ့ ကတော့ ရခိုင် ဒေသ မှာ ၂၀၁၇ ခုနှစ် ဩဂုတ်လ က ဖြစ်ခဲ့တဲ့ အာဆာ အဖွဲ့ ရဲ့ တိုက်ခိုက်မှုတွေ ကို ရှင်းလင်း ရေး ဆောင်ရွက် တာသာ ဖြစ်တယ်လို့ အစဉ် တစိုက် ပြောဆို ခဲ့ပါတယ်။

အချက်အလက် ရှာဖွေရေး အဖွဲ့ ရဲ့ တွေ့ ရှိချက်တွေဟာ လုံခြုံရေး ရှင်းလင်း မှု ထက် ကိုပိုမိုပြီး ဒီလို အချက်တွေကို ငြင်းဆိုဖို့၊ သာမန် ပြစ်မှု နဲ့ အပြစ်ပေးဖို့၊ အရေးယူ တာတွေ မလုပ်ဘဲ ထားဖို့ အတွက် သိပ်ကို ဆိုးရွား လွန်း တဲ့ ကိစ္စ တခု ဖြစ်ကြောင်း အစီရင် ခံစာ ထဲမှာ ဖော်ပြထားပါတယ်။

တပ်မတော် အနေနဲ့ ကချင် ပြည်နယ်၊ ရှမ်း ပြည်နယ် နဲ့ ရခိုင် ပြည်နယ် တွေ မှာ သတ်ဖြတ်မှုတွေ၊ အမျိုးသမီး တွေကို အစု လိုက် အဓမ္မ ပြုကျင့် မှု တွေ၊ ကလေး တွေ အပေါ်မှာ အကြမ်းဖက်မှုတွေ ကျူးလွန် တာတွေ နဲ့ အတူ ရွာ လုံးကျွတ် မီးရှို့မှုတွေ ကို ကျူးလွန် ခဲ့ကြတယ်လို့ လည်း ဖော်ပြ ထားပါတယ်။

မြန်မာ နိုင်ငံ က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အထူး သဖြင့် ရခိုင် ဒေသ က အဖြစ် အပျက် တွေကို စုံစမ်း လေ့လာဖို့ အတွက် ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီ ရဲ့ လွတ်လပ်စွာ အချက်အလက် ရှာဖွေ ရေး ကော်မရှင် ကို ၂၀၁၇ ခုနှစ်၊ မတ်လ မှာ ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ ရဲ့ အစီရင်ခံစာ ထဲမှာ ပါရှိတဲ့ အချက် တွေက မြန်မာ့ တပ်မတော် ခေါင်းဆောင် တွေကို စိုးရိမ်ပူပန်စေတဲ့ စွပ်စွဲ ချက် တွေ ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း ဒီ အချက် တွေ အပေါ်မှာ မသိကျိုးကျွံ နဲ့ နေဖို့ အင်မတန် ခဲယဉ်း သွား တယ်လို့ ဘီဘီစီ အရှေ့တောင် အာရှ ရေးရာ သတင်းထောက် ဂျိုနသန် ဟတ် က သုံးသပ် ပါတယ်။

နောက်ပြီး နိုင်ငံတကာ ရာဇဝတ် ခုံရုံး ICC မှာ စစ်ဆေး ဖို့ ဆိုတာကလည်း လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံရဲ့ သဘောတူညီချက် ရယူဖို့ လိုအပ်ပြီး မြန်မာ ကို ထောက်ခံမှု ပေးနေတဲ့ တရုတ် နိုင်ငံကတော့ ဒီကိစ္စ အပေါ်မှာ သဘောတူ ဖို့ အလားအလာ မရှိဘူး ဆိုပြီးတော့လည်း သုံးသပ် ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် လူငယ်တွေ မျှော်လင့်ချက်မဲ့နေလို့ ကုလပြော
BBC Burmese

ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်တွင် နေထိုင်သည့် နန်းမိုဟွမ် ဆိုသူ အမျိုးသမီး တဦးကို တအန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီး သွားသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသည့် နန်းမိုဟွမ်မှာ ဟိုနောင်ရပ်ကွက်၌ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင် ဖွင့်ထားသူ တဦးဖြစ်ပြီး သြဂုတ်လ ၁၇ ရက် ၊ မနက်ပိုင်းက TNLA တပ်ဖွဲ့ဝင်များ ရောက်လာပြီး ဖမ်းဆီး သွားခြင်း ဖြစ်သည်ဟု သိရသည်။

TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က “ ဖမ်းထားတာ မှန်တယ်။ အကြောင်းရင်းကတော့ ကျနော်တို့ရဲ့ ဥပဒေစည်းကမ်းကို ဖောက်လို့ ဖမ်းပြီး ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ လောလောဆယ်တော့ သူ့ကို လုံခြုံ တဲ့ နေရာပို့ထားပါတယ်။ ဘာမှ စိုးရိမ်စရာ မရှိပါဘူး” ဟု ပြောသည်။

ဖမ်းဆီးခံထားရသည့် အမျိုးသမီးကို ပြန်လွှတ်ပေးရန် ရှမ်းပြည် တိုးတက်ရေးပါတီ /ရှမ်းပြည် မြောက်ပိုင်းတပ်မတော် (SSPP/SSA) ၏ ဗဟိုဌာနချုပ်၊ အထွေထွေအတွင်းရေးမှူး ကလည်း TNLA ၏ မဟာမိတ်ရေးရာ ဌာနကြီးမှူးကို သြဂုတ်လ ၁၇ ရက်က စာပို့ထားသည်။

SSPP ၏ စာထဲတွင် အသက် ၃၆ နှစ်အရွယ် နန်းမိုဟွမ်ကို TNLA မှ အမျိုးသား ၅ ဦးက ပစ္စတိုဖြင့် ချိန်ပြီး ဖမ်းခေါ်သွားခြင်း ဖြစ်ကြောင်း၊ TNLA လူကြီးမင်းများ အမြန်စိစစ်ပြီး အမြန် ပြန်လွှတ် ပေးရန် အထူးမေတ္တာရပ်ခံ သည်ဟုလည်း ရေးသား ထားသည်။

ဗိုလ်မှူးမိုင်းအိုက်ကျော်က TNLA မှ ထုတ်ပြန်ထားသည့် ဥပဒေကို နန်းမိုဟွမ်က ချိုးဖောက်ထား ကြောင်း၊ ချိုးဖောက်ထား သည့် ဥပဒေအကြောင်းအရာကို အသေးစိတ် ထုတ်မပြောနိုင်သေးကြောင်း၊ နန်းမိုဟွမ်ကို အရေးယူ ပြစ်ဒဏ်ပေးရန်လည်း TNLA ဗဟိုကော်မတီက အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ပြောသည်။

ဗိုလ်မှူးမိုင်းအိုက်ကျော်က “ဘယ်လိုချိုးဖောက်တယ်ဆိုတာ ကျနော် ပြောပိုင်ခွင့်မရှိဘူး။ ကျနော်တို့ရဲ့ ဥပဒေကို ချိုးဖောက် ထားလို့ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်တယ် ။ သူ့ကို လောလောဆယ် ကျနော်တို့ ဘာမှ မလုပ်ပါဘူး ”ဟု ဆိုသည်။

နမ့်ခမ်းမြို့ လူငယ်များ ကွန်ယက်ကလည်း နန်းမိုဟွမ်ကို ပြန်လွှတ်ပေးရန် ထုတ်ပြန်ကြေငြာချက် တစောင် ယနေ့ ထုတ်ပြန်ထားသည်။

ထိုစာထဲတွင် TNLA တပ်ဖွဲ့ဝင်များက နန်းမိုဟွမ်ကို လာရောက်ဖမ်းဆီးစဉ် နေအိမ်အတွင်း တပ်ထား သည့် CCTV ကင်မရာ မှ မှတ်တမ်းဗီဒီယိုများကို ဖျက်ဆီးပြီး ဗီဒီယိုဖိုင်များ သိမ်းဆည်းထားသည့် Hard Disk ကိုလည်း ယူဆောင်သွားကြောင်း၊ ထိုလုပ်ရပ်မှာ လူမျိုးစုပဋိပက္ခ အသွင်ဆောင်လာ မည်ကို စိုးရိမ်ကြောင်း ရေးသားထားသည်။

TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ဖမ်းဆီးခံထားရသည့် နန်းမိုဟွမ်နှင့် ၎င်း၏ မိသားစုများ တွေ့ဆုံနိုင်ရန်လည်း စီစဉ်ပေးမည်ဟု ပြောသည်။

နမ့်ခမ်းမြို့၊ လူငယ်များ ကွန်ယက်မှ စိုင်းသိန်းရွှေက ” မိသားစုတွေနဲ့လည်း ကျနော်တို့ သွားတွေ့ တယ်။ ဖုန်းကိုလည်း ဖွင့်ထားပြီး စောင့်နေတယ်။ဘာမှ မထူးသေးဘူး”ဟု ပြောသည်။

TNLA မှ ဖမ်းဆီးသွားသည့် နန်းမိုဟွမ်မှာ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်ခြင်း မရှိသည့် အရပ်သားတဦးသာ ဖြစ်ကြောင်း၊ TNLA သည် ယခင်ကလည်း နန်းမိုဟွမ်တို့ မိသားစုထံမှ နှစ်စဉ် အခွန်ငွေဟု ဆိုကာ ငွေကြေးများ ကောက် ခံကြောင်း၊ ၂၀၁၇ ခုနှစ်တွင် နန်းမိုဟွမ်တို့ မိသားစုထံမှ ငွေ ဆယ်သိန်းကျော် တောင်းယူပြီး အရပ်ဝတ်ဖြင့် TNLA တပ်ဖွဲ့ဝင် ၂ဦး ပြန်ရာ လမ်းတွင် တပ်မတော်မှ ပစ်ခတ်သဖြင့် တဦးသေပြီး တဦးအရှင်ဖမ်းမိခဲ့ကြောင်း စိုင်းသိန်းရွှေက ပြောသည်။

ဆက်လက်၍ စိုင်းသိန်းရွှေက ” TNLA ဒီမှာ စ လှုပ်ရှားလာကတည်းက ဆိုင်တွေကို ငွေကြေးကောက် တယ်။ တဆိုင်နဲ့ တဆိုင်တော့ ကောက်တာ မတူကြဘူး”ဟုပြောသည်။

နန်းမိုဟွမ်တို့ မိသားစုထံ ငွေကြေးတောင်းယူပြီး အပြန် TNLA တပ်သား ၂ဦး ပစ်ခတ် ဖမ်းဆီးခံရ ခြင်းနှင့် ပတ်သက်၍ TNLA ဘက်မှ နန်းမိုဟွမ်တို့ အိမ်ကို သတိပေးစာ ပို့ဖူးသည်ဟုလည်း စိုင်းသိန်းရွှေက ဆိုသည်။

စိုင်းသိန်းရွှေက ” ၂၀၁၇ တုန်းက သူတို့လူ ဖမ်းခံရပြီး နောက် ၁၀ရက်လောက် ကြာတော့ စာပို့တယ် ။ ခြိမ်းခြောက်စာပေါ့။ မင်းတို့ကြောင့်ပဲ ထင်တယ်ဆိုပြီးတော့ပေါ့။ သူတို့မိသားစုတွေကလည်း ငွေ တဆယ်လောက်နဲ့ မတိုင်ပါဘူး။ သားသမီးတွေ လည်း ရှိတယ်။ မတိုင်ပါဘူးလို့ ပြန်ပြောသေးတယ်၊ ဒါပေမယ့် သူတို့က စွပ်စွဲတယ်”ဟု ပြောသည်။

TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့များတွင် လှုပ်ရှားနေပြီး တပ်မတော်နှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေ သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တဖွဲ့ ဖြစ်သည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုထားခြင်းမ ရှိသေးဘဲ အပစ်ရပ်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းဆဲ ဖြစ်သည်။

Irrawaddy News

■ မြန်မာ့တပ်မတာ်က ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အစိုးရက တာဝန်ရှိတဲ့အခြေအနေကနေ ရှောင်လွှဲနိုင်မှာ မဟုတ်ဘူးလို့ HRW လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့က ပြောလိုက်ပါတယ်။ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ အာရှဆိုင်ရာလက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

RFA Burmese

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် ချီလီသမ္မတတာဝန်ကို ၂ ကြိမ် ထမ်းဆောင်ခဲ့ဖူးသူ Michelle Bachelet ကို New York မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ သောကြာနေ့က မဲခွဲ ရွေးချယ်လိုက်ပါတယ်။ စက်တင်ဘာ ၁ ရက်နေ့က စလို့ ၄ နှစ်သက်တမ်းတာဝန်ယူရမယ့် Michelle Bachelet ဟာ လူ့အခွင့်အရေးယန္တယား တည်တံ့ခိုင်မြဲအောင် စွမ်းဆောင်နိုင်မယ့်သူဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် António Guterres ကပြောကြား ကြိုဆိုခဲ့ပါတယ်။ လူအခွင့်အရေးဆိုင်ရာ အကြီးအကဲ သစ်ရဲ့ အကြောင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂရဲ့ ၇ ယောက်မြောက် လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးအဖြစ် ချီလီသမ္မတဟောင်း Michelle Bachelet ကို သောကြာနေ့က ခန့်အပ်လိုက်ပါတယ်။ ရာထူးသက်တမ်းပြည့်တော့မယ့် လူ့ အခွင့် အရေးအကြီးအကဲ Zeid Ra’ad Al Hussein နေရာမှာ Michelle Bachelet က စက်တင်ဘာ ၁ ရက် နေ့ကစပြီး ၄ နှစ်သက်တမ်း တာဝန်ယူတော့မှာပါ။ New York မြို့ကုလသမဂ္ဂအထွေထွေညီလာခံမှာ Michelle Bachelet ကို မဲခွဲရွေးချယ်ခဲ့ပြီး မကြာခင်မှာပဲ ဒီရွေးချယ်မှုအပေါ် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်က ကြိုဆိုခဲ့ပါတယ်။ ကျား-မ တန်းတူညီမျှရေးနဲ့ အမျိုသမီးစွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ကုလသမဂ္ဂက ၂၀၁၀ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ UN Women အဖွဲ့အစည်းကို ပထမဆုံး ဦးဆောင်သူဖြစ်ရုံမက ချီလီနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်တယ်ဆိုတဲ့ အချက်တွေကိုအတွင်းရေးမှူးချုပ် Antonio Guterres က အလေးပေး ပြောကြားခဲ့ပါတယ်။ လူတိုင်းရဲ့ မွေးရာပါအခွင့်အရေးတွေကို ဖော်ပြထားတဲ့ လူ့အခွင့်အရေး ပဋိဉာဉ်ကို ကုလသမဂ္ဂက ပြဌာန်းခဲ့တာ အနှစ် ၇၀ ပြည့်တဲ့အချိန်မျိုးမှာ လူ့အခွင့်အရေးကို ခိုင်ခိုင်မာမာကာကွယ်မယ့် ခေါင်းဆောင်မျိုးလိုအပ်တယ်လို့ အတွင်းရေးမှူးချုပ် Guterres က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“လူ့အခွင့်အရေးအတွက် ကြီးမားတဲ့အကျိူးသက်ရောက်မှုတွေ ရှိနေချိန်မှာ သူဒီတာဝန်ကို ယူရမှာဖြစ်ပါတယ်။ အမုန်းတရားနဲ့ မညီမျှမှုတွေ မြင့်မားနေပါတယ်။ နိုင်ငံတကာ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးဥပဒေအပေါ် လေးစားမှုကလည်း ကျဆင်းနေပါတယ်။ လူထုအခြေပြု အသိုင်းအဝိုင်းတွေရဲ့ နေရာရမှုလည်း နည်းပါးလာ ပါတယ်။ သတင်းလွတ်လပ်မှုလည်း ခြိမ်းခြောက်ခံနေရပါတယ်။ ဒီလိုအခြေအနေတွေမျိုးမှာ အရပ်ဖက်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု စတဲ့ လူ့အခွင့်အရေးအားလုံးအတွက် ခိုင်ခိုင်မာမာ ဦးဆောင်လုပ်မယ့်သူ လိုအပ်ပါတယ်။ ကုလသမဂ္ဂမှာ မရှိမဖြစ်လိုအပ်တဲ့ လူ့အခွင့်အရေးယန္တယား တည်တံ့ခိုင်မြဲအောင် စွမ်းဆောင်နိုင်မယ့်လူမျိုး လိုအပ်ပါတယ်။”

တက္ကသိုလ်ကျောင်းသူဘဝထဲက နိုင်ငံရေးကို တက်တက်ကြွကြွလှုပ်ရှားခဲ့သူ Michelle Bachelet ဟာ ချီလီ အာဏာရှင်ဟောင်း Augusto Pinochet လက်ထက်က ဖမ်းဆီးနှိပ်စက်ခံခဲ့ရဖူးပါတယ်။ ချီလီနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ၂၀ဝ၆ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ပထမတကြိမ်၊ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ မတ်လအထိ တကြိမ် သမ္မတတာဝန်ကို ၂ ကြိမ်ယူခဲ့ဖူးပါတယ်။ အာဏာရှင်တွေရဲ့ ရက်စက်စွာ နှိပ်စက်မှုကို သူနဲ့ သူ့မိသားစုတွေ ကိုယ်တိုင်ခံခဲ့ရဖူးသူဖြစ်တာကြောင့် လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေးကို ပိုပြီးတန်ဖိုးထားသူဖြစ်တယ်လို့ ဆိုပါတယ်။

“အာဏာရှင်လက်အောက် ခက်ခဲတဲ့ အခြေအနေတွေကြားမှာ သူဟာ သမားတော်/ ဆရာဝန်တယောက်အနေနဲ့ နေခဲ့ရပါတယ်။ အရေးကြီးတဲ့ စီးပွားရေး လူမှုအခွင့်အရေးတွေကို လိုလား မျှော်လင့်တောင့်တနေကြတဲ့သူတွေရဲ့ ခံစားချက်ကိုလည်း သူနားလည်ပါတယ်။ နိုင်ငံသားနဲ့ ကမ္ဘာ့ခေါင်းဆောင်အများစုရဲ့ တာဝန်တွေကိုလည်း သူသိပါတယ်။”

ချီလီမှာ ၁၉၇၃ ခုနှစ်က အာဏာရှင်ဗိုလ်ချုပ်ကြီး Pinochet အာဏာသိမ်းခဲ့ပြီးနောက် Bachelet နဲ့သူ့မိခင်တို့ ဖမ်းဆီးနှိပ်စက်ခံခဲ့ရပါတယ်။ ဖခင်ဖြစ်သူဟာလည်း နိုင်ငံတော်ပုန်ကုန်မှုနဲ့ ဖမ်းဆီးခံခဲ့ရပြီး လပေါင်းများစွာ နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။

VOA News