ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

မင်းပြားတွင် တပ်မတော်၏စစ်ဆေးမှုခံရသည့် အရပ်သားမှာ ဒဏ်ရာများရ
နှင်းနွယ် ၊ မျိုးသီရိကျော် | DMG
ဖေဖော်ဝါရီ ၁၅၊ မင်းပြား
တပ်မတော်က စစ်ဆေးခဲ့သည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာက အရပ်သားတစ်ဦးမှာ မျက်နှာများတွင် ဒဏ်ရာပြင်းထန်စွာရရှိသွားသည်ဟု အမည်မဖော်လိုသည့် ဒေသခံများက ပြောသည်။
ဒဏ်ရာရရှိသူမှာ အသက် (၃၀)နှစ်အရွယ် ကိုဌေးလှိုင်ဆိုသူဖြစ်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ ညနေ ၃ နာရီခန့်က တပ်မတော်စစ်ကြောင်းတစ်ခု၏ ခေါ်ယူစစ်ဆေးမှုခံရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
“သူက ဖားပြိုရွာနားက ဓာတ်မီးတိုင်စက်ရုံမှာ အလုပ်လုပ်နေတာ။ တိုက်ပွဲဖြစ်သံကြားလို့ သူက ရွာထဲကိုဝင်ပြေးလာတာ။ အဲဒီအချိန်မှာ တပ်မတော်စစ်ကြောင်းတစ်ခုက ခေါ်ပြီးတော့ ရိုက်နှက်စစ်ဆေးတာ” ဟု ၎င်း ကဆိုသည်။
ထို့ကြောင့် ၎င်းမှာ မျက်နှာအပြင် ဦးခေါင်း၊ခြေ၊လက်များတွင် ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး ဆေးကုသရန်လိုအပ်နေသော်လည်း တပ်မတော်က လမ်းပိတ်ဆို့ထားသဖြင့် ညနေ (၅)နာရီကျော်အထိ မင်းပြားဆေးရုံသို့ မပို့ဆောင်နိုင်သေးဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
“ကျနော်တို့က သူ့ကိုမင်းပြားဆေးရုံကို ပို့ချင်တယ်။ ဒါပေမဲ့ စီစဉ်လို့မရသေးဘူး။ လမ်းကပိတ်နေတယ်။ ကုန်းလမ်းတွေမှာလည်း စစ်ကြောင်းတွေရှိတယ်။ သူတို့က ရေလမ်းကလည်း မဖြတ်ရဘူး။ ဒါကြောင့် ဆေးရုံမပို့ရသေးဘူး” ဟု ၎င်းကဆိုသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ရာတွင် ဖုန်းကိုင်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသဖြင့် တပ်မတော်၏တုန့်ပြန်ချက်ကို မရရှိခဲ့ပေ။
မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်အမတ် ဦးလှသိန်းအောင်က ဦးဌေးလှိုင် စစ်ဆေးခံရမှုမှာ မှန်ကန်ကြောင်းနှင့် ယင်းရွာသို့ သွားရောက်ရန်စီစဉ်နေသည်ဟု ပြောသည်။
“လောလောဆယ်တော့ ကျနော်တို့က သံဃာတွေနဲ့ အဲဒီရွာကို ဝင်လို့ရမလားသွားကြည့်မယ်။ သံဃာတွေကို စုထားပြီးပါပြီ။ သံဃာတွေ ဆွမ်းသုံးပြီးတဲ့အချိန်ကျရင် သွားမယ်” ဟု ၎င်းကဆိုသည်။
ဖားပြိုကျေးရွာအနီးတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ယမန်နေ့ နံနက်ပိုင်းကပင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး လက်ရှိတွင်လည်း ပစ်ခတ်မှုများရှိနေသည်။ ထို့ကြောင့် ရွာသားများမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်ချင်သော်လည်း ထွက်ခွာမရသဖြင့် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသည်ဟု ဒေသခံများထံက သိရသည်။
“ကျနော်တို့ရွာကို သူတို့ကဝိုင်းထားတာကြောင့် ရွာသားတွေ ထွက်လို့မရဘူးဖြစ်နေတယ်။ ယောကျ်ားတွေ မထွက်ရရင်တောင် အမျိုးသမီးတွေနဲ့ ကလေးတွေကိုတော့ ဒီရွာက ထွက်စေချင်တယ်” ဟု ရွာလူကြီးတစ်ဦးက ပြောသည်။
ဖားပြိုကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တပ်မ(၅၅) လက်အောက်ခံ၊ ဗထူးအခြေစိုက်ခမရ(၅၀၈) တပ်ရင်း နှင့် ရက္ခိုင့်တပ်တော်တို့ နံနက်(၉) နာရီ(၂၀) မိနစ်အချိန်မှစတင်၍ ညနေ (၆) နာရီခန့်ထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။
DMG
မူလတန်းကျောင်းအတွင်း လက်နက်ကြီး ကျရောက်မှု တပ်မတော်နှင့် AA အပြန်အလှန် စွပ်စွဲ
ဖေဖော်ဝါရီ ၁၄ ။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်းက ဘူးသီးတောင်မြို့နယ်အတွင်းရှိ ခမီးချောင်းကျေးရွာ (အမက) မူလွန် စာသင်ကျောင်း အတွင်းသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုနှင့် ပတ်သက်၍ တပ်မတော်နှင့် AA အဖွဲ့တို့ မိမိတို့ မပစ်ကြောင်း ငြင်းကာ အပြန်အလှန် စွပ်စွဲ ပြစ်တင်နေကြသည်။
ဘူးသီးတောင်မြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၁၃ ရက်က တပ်မတော်နှင့် ရခိုင့်တပ်(AA)တို့ တိုက်ပွဲ ဖြစ်ပွားစဉ် AA အဖွဲ့သည် ခမီးချောင်းကျေးရွာ၏ အနောက်ဘက်သို့ ဝင်သွားစဉ် တပ်မတော်က လိုက်လံ နယ်မြေ ရှင်းလင်းရာ တပ်မတော်ဘက်သို့ လက်နက်ကြီး ဖြင့် ပစ်ခတ်ရာမှာ စာသင်ကျောင်းအတွင်းသို့ ကျရောက်သွားခြင်းဖြစ်သည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“ဒဏ်ရာရသူ ၁၅ ယောက်ရှိတယ်။ ၅ ယောက်တော့ ဆေးရုံပို့ လိုက်တယ်။ ကျန်တဲ့ သူတွေကိုတော့ တပ်က ဆေးမှူးတွေ က ကုသပေးနေပါတယ်” ဟု ၎င်းက ပြောသည်။
AA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့ မိမိတို့သည် လက်နက်ကြီးများ ပစ်ခတ်ခြင်းမရှိကြောင်း၊ ရှေ့တန်း စစ်မြေပြင်တွင်လည်း အသုံးပြုခြင်းမရှိကြောင်း ပြောသည်။
“အဲ့မှာ မြန်မာ စစ်တပ်ကပဲ ဘူးသီးတောင် ဌာနချုပ် ကနေပြီးတော့ တောက်လျောက် ပစ်နေတာ ၁၂၂ တို့၊ ၁၀၅ တို့၊ ၁၂၀ တို့၊ ၈၁ မမ တို့နဲ့ တောက်လျောက် လှမ်းပြီး ပစ်နေတာ” ဟု ၎င်းက ပြောသည်။
ထို့အပြင် မိမိတို့အနေဖြင့် ၈၁ မမ ကဲ့သို့ ဗုံးသီးများ သိမ်းဆည်း ရမိတာမျိုး ရှိသော်လည်း ထည့်ပစ်စရာ လက်နက် မရှိကြောင်း ဦးခိုင်သုခက ပြောသည်။
စာသင်ကျောင်းအတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုအပေါ် တပ်မတော်နှင့် AA တို့မှ မိမိတို့ မပစ်ဘူးဟု ငြင်း ဆိုနေကြသော်လည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းက စာသင်ကျောင်းအတွင်းသို့ လက်နက်ကြီးကျ ရောက်ခဲ့ခြင်း ကြောင့် ကျောင်းသား/ကျောင်းသူ ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များမှ ပြောသည်။
အဆိုပါ ကျောင်းသား/ ကျောင်းသူများထဲမှ ၁၀ နှစ်အရွယ် ကျောင်းသူတစ်ဦးသည် အတွင်းလူနာအဖြစ် ဘူးသီးတောင်မြို့ နယ် ဆေးရုံမှာ ဆေးကုသမှု ခံယူနေသလို နောက်တစ်ဦးမှာလည်း ဘူးသီးတောင် မြို့နယ် ဆေးရုံမှာ ဆေးကုသမှု ခံယူနေ ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စောမင်းသိန်းက “၁၇ ယောက် ကျွန်တော်တို့ဆီ ရောက်တယ်။ နှစ်ယောက် ပဲ ကျွန်တော်တို့ ဆေးရုံတင်ပါတယ်။ ၁၅ ယောက်က ပြင်ပလူနာနဲ့ပဲ ပြန်လွှတ် လိုက်ပါတယ်။ တစ်ယောက်ကတော့ ဘယ် ဘက် အပေါ်မေးရိုး ကျိုးသွားပါတယ်။ ထပ်ဆင့်ပြီး စစ်တွေ ဆေးရုံလွှဲဖို့ ပြင်ဆင်နေပါတယ်။ အသက် အန္တရာယ်တော့ စိုးရိမ်စရာမရှိပါဘူး”ဟု ပြောသည်။
ခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ တိုက်ပွဲများ ယနေ့ချိန်ထိ ဖြစ်ပွားလျက်ရှိ ရာ အရပ်သား သေဆုံးမှု ၁၀၀ ကျော်ရှိသလို ထိခိုက်ဒဏ်ရာ ရသူများလည်း ရှိနေကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး(REC)မှ သိရသည်။
ထိုတိုက်ပွဲများကြောင့် တိုက်ပွဲရှောင်မှာလည်း တစ်သိန်းကျော် ရှိနေပြီး ဖြစ်ကြောင်း သိရသည်။
http://www.mizzimaburmese.com
စုပြုံမြှုပ်နှံထားတဲ့ နေရာ ၅ ခု ရခိုင်မြောက်ပိုင်းမှာတွေ့
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ နောက်ထပ်နေရာ ၅ ခုကို အတည်ပြုနိုင်ကြောင်း AP သတင်းဌာနရဲ့ ဖေါ်ပြချက်နဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် စုံစမ်းစစ်ဆေးခွင့်ပြုဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက အထူးစိုးရိမ်ကြောင်းနဲ့ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂအဖွဲ့တွေကို အဲဒီဒေသကို သွားခွင့်ပြုဖို့ ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stéphane Dujarric ကပြောကြားခဲ့ပါတယ်။
“ဒီသတင်းက အစုလိုက်အပြုံလိုက် မြှုပ်နှံထားပုံရတယ်လို့ ပြောတဲ့အတွက် အတော့်ကို စိတ်အနှောက်အယှက်ဖြစ်စရာပါ။ ဒီသတင်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက သိပ်စိတ်ပူ ပါတယ်။ ဒီလို ဖြစ်နေတဲ့ သတင်းမျိုး ရခိုင်ပြည်နယ်မှာ တွေ့ရတာကြောင့် ဒါဟာ ရခိုင်ပြည်နယ်ထဲကို ကုလသမဂ္ဂ သွားခွင့် ရဖို့ လိုနေပြီဆိုတာကို ပြလိုက်တာ ဖြစ်ပါတယ်။ လူသားချင်းစာနာမှုအတွက်ရော လူ့အခွင့်ရေးဆိုင်ရာ လက်ရှိအခြေနေတွေကိုပါ ကုလသမဂ္ဂက သိအောင် သွားဖို့လိုသလို လူသားချင်းစာနာမှုကူညီသူတွေ၊ သတင်း မီဒီယာတွေကိုလည်း ဖွင့်ပေးဖို့ လိုပါတယ်။ အခုသွားခွင့်မရပါဘူး။ ဒီသတင်းမျိုးတွေ မှန်မမှန် သိရဖို့ အဲဒီနေရာကို သွားနိုင်ရေးဟာ သိပ်အရေးကြီးပါတယ်။”
ဂူဒါပြင်ရွာမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့နေရာ ၅ ခုထက်မနဲတွေ့ရကြောင်း အတည်ပြုလို့ရတယ်လို့ AP သတင်းမှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။
လူပေါင်း ၂ ဒါဇင်ကျော်ကို တွေ့မေးမြန်းပြီး လက်ကိုင်ဖုံးနဲ့ မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေအရ စစ်တပ်နဲ့ ဒေသခံရွာသားတွေက သြဂုတ်လထဲမှာ သတ်ဖြတ်ခဲ့တာ ဖြစ်ကြောင်း တင်ပြထားတာပါ။
VOA News
သားအမိနှစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်သဖြင့် ဆေးကုသမှု ခံယူနေရ
တအာင်းဒေသအတွင်း မြေမြုပ်မိုင်းနှင့် စစ်လက်နက်ကျန်ပစ္စည်းကြောင့် ထိခိုက်မှုများလာသည့်အပေါ် သဘောထားထုတ်ပြန်ချက်
တအာင်းဒေသအတွင်း မြေမြုပ်မိုင်းနှင့် စစ်လက်နက်ကျန်ပစ္စည်းကြောင့်
ထိခိုက်မှုများလာသည့်အပေါ် သဘောထားထုတ်ပြန်ချက်
ရက်စွဲ။ ။ ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်
(၁) ၂၀၁၆ ခုနှစ်မှ စပြီး မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ရှမ်းပြည်နယ်မြောက် ပိုင်း၊ ဒေသအတွင်းတွင် မြေမြုပ်မိုင်းများနှင့် လက်နက်ကြီးများ တွင်ကျယ်စွာ အသုံးပြုနေကြပြီး၊ အပြစ်မဲ့ပြည်သူ များအား နေ့စဉ်နှင့်အမျှ ထိခိုက်နစ်နာမှု၊ အသက်ဆုံးရှုံးမှုများ ကြုံတွေ့နေကြရသည်။ ထို့ကြောင့် မည်သည့် လက် နက်ကိုင်အဖွဲ့အစည်းမဆို မြေမြုပ်မိုင်းအသုံးပြုမှုအပေါ် မိမိတို့ တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့မှ ကန့် ကွက်ရှုံ့ချသည်။
(၂) ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂၈)ရက်နေ့ နံနက် (၁၀)နာရီ ဝန်းကျင်တွင် မိုင်းငေါ့မြို့နယ်ခွဲ ကွမ်းစလန်း ကျေးရွာ အနီးရှိ သားအမိနှစ်ယောက်သည် လက်ဖက်ခြံတွင် ညအိပ်ဖြင့် အလုပ်လုပ်ပြီး ထင်းသွားကောက်ရာတွင် မိုင်းနင်း မိခဲ့ကာ(၂)ဦးစလုံး ဒဏ်ရာရရှိခဲ့သည်။ အမေဖြစ်သူ ဒေါ်ယာနွမ်သည် ညာဘက်ခြေထောက်နှင့် ပေါင်တွင် ဒဏ်ရာ ရရှိခဲ့ပြီး၊ သမီးဖြစ်သူ လွေးဆိုင်လောဝ် သည် နံရိုးနှင့် ခြေထောက်နှစ်ဖက်လုံး တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
(၃) ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၂၃ ရက် ညနေ (၄)နာရီအချိန်တွင် ထင်းခုတ်ပြီး ပြန်လာသော ကျောက်မဲမြို့နယ် အာပြောင်ကျေးရွာရှိ ရွာသား (၃)ဦးသည် မြေမြုပ်မိုင်းနင်းမိပြီး ပြန်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထိုမိုင်းနင်းမိသည့် ရွာသား (၃)ဦးသည် မိုင်းမင်းနိုင်မှာ ညာခြေသလုံး၊ ဝဲပါး၊ လက်နှစ်ချောင်းတွင် ဒဏ်ရာရရှိခဲ့ပြီး၊ မိုင်းကျော်ရွှင်မှာ ပေါင်၊ ခြေသလုံး၊ လက်တွင် ဒဏ်ရာရရှိကာ ကျောက်မဲဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး မိုင်းအလေး သည် ဝမ်း ဗိုက်တစ်ဝိုက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိသောကြောင့် မန္တလေးဆေးရုံတွင် ဆေးကုသ ခံယူနေရသည်။
(၄) ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသအတွင်းရှိ မြို့နယ်များ အထူးသဖြင့် နမ့်ဆန်မြို့နယ်၊ ကျောက်မဲမြို့ နယ်တွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ကျန်ပစ္စည်းကြောင့် လက်တလော ထိခိုက်ဒဏ်ရာ၊ နစ်နာမှု နှင့် အသက် ဆုံးရံှူးမှုများ မြှင့်မားလာသည်ကို တွေ့ရသည်။ မိမိအဖွဲ့၏ စစ်တမ်းအရ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ မှ ၂၀၂၀ခုနှစ် ဇန်နဝါရီလထိ (၂)လအတွင်း ကျောက်မဲမြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် နမ္မတူမြို့နယ်အတွင်း မြေမြုပ်မိုင်းနှင့် စစ်ကျန် လက်နက်ပစ္စည်းကြောင့် သေဆုံးသူ စုစုပေါင်း (၄) ဦး နှင့် အသက်ရှင်ကျန်ရစ်သူ စုစုပေါင်း (၁၈)ဦး ရှိခဲ့ပါသည်။ ထို့ပြင် ၂၀၁၆ခုနှစ် မှ ၂၀၂၀ခုနှစ် ဇန်နဝါရီလထိ ထိခိုက်ဒဏ်ရာရရှိသော တအာင်းအပြစ်မဲ့ ပြည်သူများစုစုပေါင်း (၁၄၀)ဦး ရှိပြီး၊ သေဆုံးသူပေါင်း (၁၈)ဦး ရှိခဲ့သည့်အတွက်ကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးနေရသည့်အပြင် ကိုယ်လက်အင်္ဂါများလည်း ဆုံးရှုံးနေရသည်။
(၅) သို့ဖြစ်ပါ၍ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို လူသားချင်းစာနာထောက်ထားမှုကို အလေးအနက်ထား ကာ စစ်ပွဲနှင့် စပ်ဆိုင်သော အပြည်ပြည်ဆိုင်ရာ စာချုပ်များတွင် ပါရှိသည့် စစ်ကျင့်ဝတ်များ လေးစားလိုက်နာပြီး အပြစ်မဲ့မိဘပြည်သူတို့၏ အသက်၊ အိုးအိမ်များကို ထိခိုက်ပျက်စီးမှု မရှိစေရန်အတွက် လူထုလုပ်ကိုင် စားသောက် သည့်နေရာ၊ လူအများသွားလာသည့်နေရာများတွင် လက်နက်ကြီးပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်းများ မပြုလုပ်ကြ ရန် နှင့် ထောင်ထားသည့်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ၊ အသက်ဆုံးရံှူးသွားသည့် ပြည်သူများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန် သဘောထားထုတ်ပြန် တောင်းဆိုအပ်ပါသည်။
ဆက်သွယ်ရန်
၀၉ – ၂၅၇၇၂၆၇၁၃ တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့
၀၉ – ၄၄၂၈၈၈၁၀၀ ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ရက်နေ့
အာဗြောင်ရွာသား ၃ ဦး မိုင်းနင်းမိ၍ ဒဏ်ရာများစွာ ရရှိပြီး ဆေးရုံတက်ရ