ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ရွာနားလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာ အမျိုးသမီးငယ်တဦး ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးဝါးကုသနေ
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတဲ့အတွက် မစိုးစိုးရီဟာ ညာဖက်ဝမ်းဗိုက်မှာ ထိခိုက်ဒဏ်ရာ ရပြီး အစာအိမ်ကိုလည်းထိမှန်တဲ့အတွက် အရေးပေါ်လူနာအဖြစ် ချက်ချင်းခွဲစိပ်ကုသနေရကြောင်းနှင့် ယခုအခါ အမ်းမြို့ ပြည်သူဆေးရုံမှာ ဆေးဝါးကုသမှုဆက်လက်ခံယူနေလျှက်ရှိကြောင်း သိရပါသည်။
“လက်နက်ကြီးက ဘယ်သူဖက်ကပစ်တာလဲဆိုတာတော့ တိတိကျကျပြောလို့မရဘူး၊ သူတို့ရွာရဲ့ အနားအနားတဝှက်မှာ စစ်တပ်စခန်းလည်းမရှိဘူးပေါ့ ဒါပေမဲ့ အမ်းမြို့ဖက်ကနေလာပြီး နယ်မြေ လုံခြုံရေးအတွက် စစ်ကြောင်းထွက်နေတာတွေတော့ပုံမှန်ရှိတယ်၊ အဲဒီနေ့မှာ အဲဒီရွာကနေ နည်းနည်း အလှမ်းဝေးတဲ့နေရာမှာတော့ နည်းနည်းပါးပါး ပစ်ခတ်တိုက်ခိုက်အသံတွေတော့ကြားနေရတယ်” ဟု သူကဆက်လက်ပြောဆိုပါသည်။
အမ်းမြိ့မှအနောက်ဖက် (၂၈)မိုင်လောက်ကွာဝေးတဲ့ ကစုကိုင်းကျေးရွာအုပ်စု ဂျိတ်ချောင်းကျေးရွာသည် အိမ်ခြေ(၂၀၀)လောက်ရှိပြီး ချင်းလူမျိုးတွေအများစုနေထိုင်သော ကျေးရွာအရွာဖြစ်ကြောင်း သတင်းရရှိပါသည်။
ရခိုင်ပြည် လွတ်လပ်ရေး ရရင် တောင်ယာတွေ မလုပ်ခိုင်းတော့ဘူးတဲ့
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် တပ်မတော်နဲ့ ရက္ခိုင်စစ်တပ် (AA) ကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်မှာ ၂ နှစ်ကျော်ပြီ ဖြစ်သည်။ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် စစ်ရှိန် ပိုမြင့်လာခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် ပလက်ဝဒေသတွင်း ကုန်းလမ်း၊ ရေလမ်းကြောင်းများ ပြတ်တောက်ကာ စားနပ်ရိက္ခာများပင် အခက်အခဲ ဖြစ်လာကြသည်။
ပလက်ဝမြို့နယ်တွင်းရှိ ရခိုင်နှင့် ခူမီးမျိုးနွယ်စုများ နေထိုင်ကြရာ ရွာများတွင် ရာချီသည့် AA စစ်သားများ လက်နက် များဖြင့် ဝင်ထွက်သွားလာနေကြသဖြင့် အရပ်သားများအကြား ကြောက်ရွံ့စိတ်များ ရှိနေကြသည်ကိုလည်း တွေ့ရ သည်။
AA စစ်သားများ ဝင်ထွက်သွားလာရာ ကျေးရွာများနှင့် အရပ်သားများနှင့် ပြေလည်သည့် ရွာများ ရှိသလို ဆက်ဆံရေး မပြေလည်သည့် ရွာများရှိသည့်အပြင် ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ခြင်းများ ခံရသည့် အရပ်သားများလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပလက်ဝမြို့နယ်၊ ကျီးလေရွာအတွင်း AA စစ်သားများ ဝင်ရောက်လာသဖြင့် ရွာသား များနှင့် မပြေလည် ဖြစ်ပြီး ရိုက်နှက်ခြင်း၊ ပစ္စည်းများ သယ်ခိုင်းခြင်း ဖြစ်ရပ်များလည်း ရှိရာ ဧရာဝတီသတင်းဌာန အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်မှ ကျီးလေရွာသို့ ကွင်းဆင်းကာ ရပ်မိရပ်ဖ ၁ ဦးထံ သွားရောက်ပြီး တွေ့ဆုံ မေးမြန်းထားပါသည်။
အင်တာဗျူးဖြေဆိုသည့် ကျီးလေရွာသားမှာ ရွာ၏ ရပ်မိရပ်ဖ တဦးဖြစ်ပြီး ၎င်း၏ လုံခြုံရေးအရ ဓာတ်ပုံနှင့် အမည် အရင်းကို အသုံးမပြုရန် တောင်းဆိုသဖြင့် ဧရာဝတီမှ ဖော်ပြခြင်း မပြုပါ။ ၎င်း၏ အမည်လွဲမှာ ဦးစံကျော်လှ ဖြစ်သည်။
မေး ။ ။ကျးီလေရွာနားမှာ AA စစ်သားတွေကို ဘယ်တုန်းက စတွေ့ရတာလဲ။ သူတို့နဲ့ ဆက်ဆံရေးက ဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ ရခိုင်စစ်သားတွေကို ဒီရွာမှာ မျက်မြင်တွေ့ရတာက ၂၀၁၉ ခုနှစ်က စတွေ့ရတယ်။ နွေရာသီမှာ သူတို့ စရောက်လာတယ်။ သူတို့ ဝင်လာတော့မယ် ဆိုတဲ့ သတင်းတွေ ကြားတော့ ကျနော်တို့က စိတ်ကသိကအောင့် ဖြစ် တယ်။ ကြောက်တယ်။
တခြားရွာတွေ ဝင်နေပြီ ကြားတဲ့အချိန် ကျနော်တို့ ရွာကို မရောက်သေးဘူး။ မနှစ်က နွေရာသီ ဧပြီ၊ မေမှာ သူတို့ ဝင်လာတယ်။ ဝင်လာတာနဲ့ ချက်ခြင်း သူတို့က ဆန်တောင်းတယ်။ ကျနော်တို့ကလည်း ကြောက်တယ်။ အထက်ရွာ ဘယ်နှအိတ်၊ အောက်ရွာ ဘယ်နှအိတ် ဆိုပြီး တောင်းတော့ မရှိတဲ့ လူက မပေးနိုင်ဘူး။
ရှိတဲ့ လူက သူတို့ တောင်းတာ ပြည့်မှီအောင် ဆိုပြီး တတောင်းပေးတဲ့ လူက ပေးတယ်။ ၆ ပြည် ပေးတဲ့လူ ရှိတယ်။ ၃ ပြည် ပေးတဲ့ လူရှိတယ်။ သူတို့က တခါတည်း အရေးပေါ် ဆိုပြီးတော့မှ ပိုက်ဆံပေးမယ်ဆိုပြီး ပြောတော့ ကျနော်တို့ လည်း ပေးကြတာပေါ့။ ဒါပေမယ့် ပိုက်ဆံက တကယ်တမ်းရတာ တဝက်လောက်ပဲ ရတယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့ မရောက်ခင်တုန်းက ကျနော်တို့ လွတ်လွတ်လပ်လပ် စိတ်မှာ ကြောက်စိတ် မရှိဘူး။ လုပ်စားကိုင်စားရတာ တော်တော်လေး ကောင်းတယ်။ ကျနော်တို့ ကျေးလက်နေပြည်သူတွေက တောင်ယာ လုပ်စားမယ်။ ကိုင်း လုပ်စားမယ်။
ရပ်ရွာ ဖွံံ့ဖြိုးဖို့က ပညာရေးရော ကျန်းမာရေးရော တဖက်က အဖွဲ့အစည်းတွေ UNDP တို့ လာတယ်။ သူတို့က ပညာ ပေးတာ မတည်ပေးတာတွေ ကျေးရွာ ဖွံ့ဖြိုးရေး နည်းပညာပေးတဲ့ အဖွဲ့တွေ ဝင်လာကြတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဖြစ်တော့မယ်ဆိုပြီး စိတ်က ကျေကျေနပ်နပ် ဖြစ်နေတဲ့ အချိန်မှာ ကျနော်တို့ကလည်း အောင်မြင်အောင် လုပ်တယ်။
ပညာရေးမှာလည်း ရန်ပုံငွေတွေ မတည်ပေးတယ်။ ကျန်းမာရေးနဲ့ ရေကောင်းရေသန့် ရရှိရေး မတည်ပေးတာတွေ ရှိတော့ ကျနော်တို့ကလည်း ဖွံ့ဖြိုးချင်တော့ ကြိုးစားလုပ်တယ်။ အဲဒီလို အချိန်မှာ သူတို့ရောက်လာတော့ ကျနော်တို့ ကျေးရွာဖွံ့ဖြိုးရေးပိုင်းက အစည်းအဝေးတွေ လုပ်လို့ မရတော့ဘူး။ သူတို့ကို ကြောက်နေရတယ်။
ဒီလမှာ အစည်းအဝေး လုပ်မယ်ဆိုရင် ပဋိပက္ခတွေနဲ့ မလုပ်ဖြစ်တော့ဘူး။ အဲဒီတော့ ဖွံ့ဖြိုးရေးအတွက် ကျနော်တို့ကို မတည်ငွေ ချပေးထားတာကို တလတကြိမ် ပြန်ဆပ်ရမှာတွေ ရှိတယ်။ အဲဒါတွေကလည်း တလချင်း မဆပ်ဖြစ်တော့ အတိုးတွေက တက်တက်လာတယ်။
အစိုးရကလည်း မြစိမ်းရောင် ရန်ပုံငွေ ချပေးထားတာရှိတယ်။ အဲဒါကလည်း အတိုးပေးရမယ်။ ဘယ်လိုလုပ်ရမလဲ ကျနော်တို့ မသိတော့ဘူး။ အခု တောထဲမှာ အနောက်ဘက်ခြမ်းဆို တယောက်မှ မထွက်ရဲကြတော့ဘူး။
မေး ။ ။ အနောက်ဘက်ခြမ်းဆိုတာ တောင်ယာ လုပ်ငန်းခွင်လား။
ဖြေ ။ ။ တောထဲမှာ ကျနော်တို့ တောင်ယာလုပ်တယ်။ ဥယျာဉ်ခြံမြေတွေ ရှိတယ်။ ကျနော့်မှာ ဆိုရင်လည်း ဒညင်းခြံရှိတယ်။ လုံးဝမသွားတော့ဘူး။ ကျနော်တို့ တယောက်မှ မသွားတော့ဘူး။ အရှေ့ဘက်ခြမ်းက ကိုင်းမြေ လောက်ပဲ သွားတယ်။
ရွာရဲ့ အနောက်ဘက်ခြမ်းမှာက ရွှေ့ပြောင်း တောင်ယာတွေရှိတယ်။ ငှက်ပျောခင်းတွေ ရှိတယ်။ ဒညင်းခြံတွေလည်း ရှိပါတယ်။ တနှစ်တကြိမ် ရတဲ့ နနွင်းခင်းတွေလည်း ရှိတယ်။ တယောက်မှ နနွင်းကို လည်း မဖော်ရဲ ကြတော့ဘူး။ ဒီအတိုင်းကို ပစ်ထားကြတာ။ ကျနော်တို့ အနောက်ဘက်ခြမ်းကို မသွားတာ ဆိုရင် ကြာပြီ။ ၂ လလောက် ရှိပါပြီ။
မေး ။ ။ AA စစ်သားတွေ ဒီပလက်ဝဒေသကို ဝင်လာတော့ ဘယ်နေရာကနေ ရောက်လာလဲ ဆိုတာ သိကြ လား။ ဒါမှမဟုတ် ရွာတွေထဲကို ရောက်လာမှ သိကြတာလား။
ဖြေ ။ ။ ကြိုမသိဘူး။ ကျနော်တို့က အမှတ်အသားတော့ သိတယ်။ တပ်က စစ်သားဆိုရင် ခြင်းတောင်းတွေနဲ့ လေ၊ တောက AA ကျတော့ ကျောပိုးအိတ်တွေနဲ့ လာတာ။ ဦးထုပ်တွေမှာလည်း သံဦးထုပ်တွေ ရှိတယ်။ သေနတ်တွေ မှာလည်း အရောင်တွေ ကျနော်တို့ မှတ်ထားတယ်။
ဗမာစစ်သားတွေက အနက်ရောင်တွေ ရခိုင်စစ်သားတွေ ကျတော့ နီနီလေးတွေ ကိုင်တာ။ ပထမ စဝင်တော့ သံဦးထုပ်လိုတွေလည်း ပါလာတယ်။ အစက ခွဲလို့ ရတယ်။ အခုကျတော့ သေနတ်တွေလည်း ဆေးသုတ်သလား ဘာလဲတော့ မသိဘူး။ ကျနော်တို့က အကုန် ထင်ယောင် ထင် မှား ဖြစ်ကုန်တယ်။
တခါ ကျနော်တို့က ဗမာစစ်တပ်က ဝင်လာတယ် ထင်တာ မဟုတ်ဘူး။ နောက်မှ ရခိုင်စစ်သား တွေ ဖြစ်နေတယ်။ သူတို့ အများကြီး ဝင်လာပြီး ရခိုင်စကား ပြောမှ သိတာ။ သူတို့က ယူနီဖောင်း မဝတ်ဘူး။ အားကစား ဘောင်းဘီတွေ ဝတ်တယ်။ နောက် တောတောင်ထဲနဲ့ အရောင်ခပ်ဆင်ဆင်တွေ ဝတ်ကြတာ။ အကျီမဲမဲတွေ ဝတ်ကြတာ။ အနီတို့ အဖြူတို့ မဝတ်ဘူး။ ယူနီဖောင်းဆို တခါမှ မဝတ်ဘူး။ ကျနော်တို့ ဒီရွာမှာ ယူနီဖောင်းဝတ်တယ် ဆိုတာ ၃ ယောက်ပဲ မြင်ဖူးတယ်။
အဲဒီ ၃ ယောက်က ကျနော်တို့ ကျီးလေရွာမှာ ရိုက်တာနှက်တာ ပြဿနာဖြစ်တော့ သတင်းတွေပျံ့တော့ ဒီရွာက ကျောင်းမှာ ရွာသားတွေနဲ့ အမေးအဖြေ သူတို့ လာလုပ်တော့ တပ်ရင်းမှူးအဆင့် ၂ ယောက်ရယ် နောက်ပြီး သူတို့ လက်အောက်က ၁ ယောက်ရယ် ။ ဒီ ၃ယောက်ပဲ ယူနီဖောင်းနဲ့ မြင်ဖူးတယ်။ ကျန်တဲ့သူတွေက အားကစား ဘောင်းဘီရှည်တွေ အတိုတွေဝတ်ကြတာ။
မေး ။ ။ AA စစ်သားတွေက ဦးလေးတို့ ရွာမှာ ဝင်လာတဲ့အခါ ပြောဆိုဆက်ဆံတာ ဘယ်လိုရှိလဲ။ ဦးလေးတို့ ဘယ်လို ခံစားရလဲ သူတို့နဲ့ ဆက်ဆံရေးပိုင်းမှာ။
ဖြေ ။ ။ ဒီကိုရောက်တော့ သူတို့က ပြောတဲ့လူတွေက ကောင်းကောင်းမွန်မွန် ပြောတာလည်း ရှိတယ်။ ဘာမှ မကြောက်နဲ့တဲ့။ သူတို့ လိုအပ်တာတွေ တောင်းတယ်။ နောက်တော့ ကြက်တွေ ခိုးတာ ရှိတယ်။ ပိုက်ဆံ မပေးဘူး။ အိမ်ရှင် မသိအောင် ခိုးတာ။ ဒါပေမယ့် အိမ်ရှင်က သိတယ်လေ။ မပြောရဲတာ။ သူတို့ ကြက်ခိုးတယ်ဆိုတာ သိတယ်။
မေး ။ ။ ပိုက်ဆံ မရပဲ ဘာတွေ ယူသွားဖူးလဲ ရွာသားတွေဆီက။
ဖြေ ။ ။ ပေါ်ပေါ်တင်တင်ကြီးတော့ ယူတာ မရှိဘူး။ ရွာထဲက ပစ္စည်းလိုချင်ရင် ဘယ်လောက်လဲ မေးတယ်။ ပိုက်ဆံ တော့ ပေးတယ်။ ဒါပေမယ့် အပြည့်မပေးဘူး။ တဝက်လောက်ပဲ ရတယ်။ လုံးဝမပေးပဲ ယူသွားတာတော့ ကျနော်တို့ ရွာမှာ မရှိပါဘူး။
သူတို့ မနှစ်က ဝင်လာတော့ ရွာက ပေးလိုက်ရတာ ဆန်က ၁၀ အိတ်ကျော်လောက်တော့ ရှိမယ်။ ဟိုတအိမ် ဒီတအိမ် စုတာဆိုတော့ အတိအကျတော့ မတွက်ထားဘူး။ ပြန်ရတာက သူတို့က ၈ အိတ်ဖိုး ပိုက်ဆံ ရှင်းတယ်။ တကယ့် ပေါက်ဈေး ထက်တော့ နည်းတာပေါ့။ သူတို့က ပေါင်းတွက်ပြီး ပေးတာလေ။
ကျနော်တို့ အောက်ရွာက ၇ အိတ်၊ အထက်ရွာက ၈ အိတ်ဆိုပြီး တောင်းတာ။ ကျနော်တို့က ကြောက်ကြောက်နဲ့ မြန်မြန်လုပ်တော့ ၂ တောင်းပေးလိုက်တာ ရှိတယ်။ ၃ တောင်းပေးလိုက်တာ ရှိတယ်။ ၁တောင်း ပေးလိုက်တာရှိ တယ်။ သူတို့က အထက်ရွာ ဇရပ်မှာ စုမယ် ဆိုတုန်း အောက်ရွာက အကုန်မပို့ရသေးဘူး။
ဗမာစစ်သား စက်လှေက ဟိုးဘက်ရွာမှာ လာပြီ။ သူတို့က အခြေအနေ မကောင်းဘူးဆိုပြီး ဖြစ်တော့ ဆန်လည်း အကုန် မပို့လိုက်ရဘူး။ အောက်ရွာက ဦးအောင်ဗလဆိုင်မှာ ယူသွားတဲ့ ပစ္စည်းဖိုးနဲ့ အထက်ရွာက ဦးမောင်ထွန်း ဆိုင် မှာ ယူသွားတဲ့ ပစ္စည်းဖိုးတွေကို ၂ သိန်းကျော်ပဲ ရှင်းတယ်။
၂ သိန်းကျော်မှာ ဦးအောင်ဗလ ဆိုင်မှာက ၅သောင်း လောက် မရဘူး။ ၁သိန်းခွဲလောက် ယူသွားတာမှာ တဝက်ပဲ ရတယ်။ အုပ်ချုပ်ရေးမှူးက ပြန်ရှင်းပေးတာလေ။ ဦးမောင်ထွန်း ဆိုင်မှာလည်း ၅ သောင်းလောက် ကျန်တယ်။ ဆန်ဖိုးလည်း အတိအကျ မရကြတော့ဘူးပေါ့။
သူတို့ ပေးခဲ့တဲ့ ပိုက်ဆံကိုပဲ ကျနော်တို့က ရွာမှာ ပြန်ခွဲရတာပေါ့။ ဆန်ဖိုးဆို အဝေမတည့်လို့ ရပ်ရွာက လိုအပ်တဲ့နေရာ ဘော်ဒါဆောင်၊ ကျောင်းမှာ တိုင်တွေ ခြစားတာပဲ သုံးလိုက် တော့တယ်။
မေး ။ ။ ဦးလေးတို့က ဆန်တွေကို ဝယ်စားတာလား။ တောင်ယာက ကိုယ့်ဘာသာကိုယ် စိုက်ပြီး ရတာလား။
ဖြေ ။ ။ ကျနော်တို့က ဝယ်စားတာလည်းရှိတယ်။ တောင်ယာက ရတာလည်း ရှိတယ်။ တောင်ယာလုပ်သူ ကျတော့ တောင်ယာက ဆန်ပေါ့။ တောင်ယာ မလုပ်သူက ကိုင်းမြေ စိုက်တဲ့ သီးနှံက ရတဲ့ ပိုက်ဆံနဲ့ ဝယ်စား ကြတာပါ။
မေး ။ ။ ပလက်ဝမှာ စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ကာလတလျှောက် စစ်သားတွေက ဦးလေးတို့ ရွာသားတွေကို ပစ္စည်းတွေ သယ်ခိုင်းတာ အလုပ်ခိုင်းတာတွေရော ကြုံဖူးလား။ တပ်မတော်ဘက်ကရော ဒီလိုခိုင်းတာ ရှိလား။
ဖြေ ။ ။ ၂၀၂၀ ဇန်နဝါရီ ၁၇ ရက်တုန်းက မနက်စောစော AA စစ်သားတွေက လာပြောတယ်။ အလုပ်ခွင်ကို တောကို တယောက်မှ မထွက်နဲ့တဲ့။ တခုခု အန္တရာယ်ဖြစ်ရင် ငါတို့ တာဝန်မယူဘူးတဲ့။ ကျနော်တို့လည်း တယောက်မှ တောမထွက်ပဲ အိမ်မှာ နေတယ်။
လူထုဗဟိုပြုကနေ ဘောလုံးကွင်း အကောင်အထည်ဖော်နေတာ ရှိတော့ ကျနော်တို့ လည်း အိမ်မှာ ဒီတိုင်း နေနေ တာထက်စာရင် လုပ်အားပေး ရပ်ရွာကိစ္စ လုပ်ရအောင်ပေါ့။ သေရင်လည်း ကုသိုလ်နဲ့ သေရအောင် ဆိုပြီး ပေါက်ပြား တွေ ဂေါ်ပြားတွေနဲ့ ကျနော်တို့က တူးနေကြတယ်။ တူးနေတုန်း သူတို့က ဟိုး ကျောက်ပြင်ကို အားလုံးလာခဲ့တဲ့။
မြစ်ဆိပ်ကို ခေါ်တာ။ အဲဒီမှာ သူတို့က စက်လှေကို ရပ်ခိုင်းထားတာ။ လှေမှာ ဆန်အိတ်တွေ ဘီယာ၊ အရက်၊ ဆား၊ ငရုတ်သီးကအစ အကုန်ပါလာတယ်။ စက်လှေက ပလက်ဝမြို့ဘက်ကနေ လာတာ။
အဲဒီကုန် တွေ သယ်ဖို့ ဆိုပြီး ကျနော်တို့ကို အကုန်ခေါ်တယ်။ ကျနော်တို့အကုန်လုံး သွားတော့ စက်လှေထဲက ကုန်မှန် သမျှ ဆန်၊ ဘီယာ၊ မုန့်ဖာတွေရော အကုန် ခရမ်းသီး၊ ငရုတ်သီး၊ ကြက်ဥတွေကို အထက်ရွာဇရပ်ကို ပြောင်းပေးရ တယ်။ အကုန်ထမ်းကြရတော့ ယောကျ်ားတွေချည်း မနိုင်တော့ မိန်းမတွေရော အကုန်ထွက်ထမ်း။
သူတို့ကလည်း နှိုးဆော်တာ မြန်မြန်ပြီးရင် အားလုံး သက်သာမယ်ဆိုတော့ အကုန် မိန်းမတွေရော လာထမ်းကြတာ။ မနက် ၉ နာရီကျော် လောက်ကနေ စထမ်းကြတာ နေ့လည် ၁၂ နာရီလောက်ကြတော့ ပြီးတယ်။ အဲဒီအချိန်မှာ အဆင်း စက်လှေရော အတက်စက်လှေရော အကုန်တားထားတယ်။
တားထားတော့ ခရီးသွားစက်လှေထဲက လူလတ်ပိုင်း ယောက်ျားလေးတွေကိုလည်း အကုန်လုံးကို ခေါ်ပြီး ထမ်းခိုင်း တယ်။ လမ်းက လာတဲ့လူတွေပါ ယောက်ျားလေးဆို အကုန်ဆင်းထမ်းရတယ်။
စက်လှေမှာ ပါတာ ဆန်အိတ်က ၁၅၀ ကျော် ၂၀၀ လောက် ရှိမယ်။ ကျနော်တယောက်တည်းတောင် ဆန် ၆အိတ် ထမ်းလိုက်ရတယ်။ မုန့်တထုပ်ထမ်းတယ်။ ကျနော် ၇ ခေါက် အသွားအပြန် ထမ်းရတယ်။ ကျနော့်အမျိုးသမီးဆို ၈ ခေါက် ထမ်းရတယ်။ ဆန်အိတ်က ၆ ခေါက်။ ဆန်အိတ်တွေ အကုန်ထမ်းကြရတာပဲ။
မေး ။ ။ အဲဒီ ကုန်တွေကရော ဘယ်ကလဲ။ ဦးလေးတို့ သိသလား။ ပြီးတော့ ဘာဆက်ဖြစ်ကြလဲ။
ဖြေ ။ ။ အဲဒါ သူတို့ အပိုင်းပဲ။ ကျနော်တို့ မသိဘူး။ ကျနော်တို့ကိုက စက်လှေကို တားထားပြီးမှ သယ်ဖို့ ခေါ် တာလေ။ သူတို့ပြောတာကတော့ စစ်တပ်တွေက ပစ္စည်းတွေကိုပဲ ယူတာပါတဲ့။ ကုန်သည်တွေဆီက လုယူတာ မဟုတ်ပါဘူးတဲ့။ အဲဒီလိုတော့ ပြောတယ်။
ဆန်အိတ်သယ်တာ ၁၂ နာရီလောက်မှာ ပြီးတော့ အကုန်လုံး နားကြရတယ်။ သူတို့က ဆယ်အိမ်မှူး ၂ယောက်ကို ထပ်ခေါ်တယ်။ ဆယ်အိမ်မှူး ၁ယောက်က အသက်ငယ်ငယ်လေး ဆိုတော့ ကြောက်တယ်။ မသွားရဲဘူး။ အဲဒီမှာ ဆယ်အိမ်မှူး ၁ ယောက်နဲ့ လူကြီးတယောက်က သွားတယ်။
အဲဒီမှာ ဦးမောင်ကြီးနဲ့ ကျောင်းဆရာ ဟန်သိမ်းမောင် ဆိုတာကို ခေါ်ခိုင်းတယ်။ ကျောင်းဆရာက ရောက်လာတယ်။ မောင်ကြီးက မရောက်တော့ ကျနော်တို့လည်း စောင့်နေကြတာပေါ့ ။ ညနေ ၃ နာရီဝန်းကျင်မှာ သူတို့ရဲ့ တပ်ရင်းမှူး ဆိုတာ ရောက်လာတယ်။
ကျနော်တို့ ဆယ်အိမ်မှူး ၆ ယောက်လောက် ရှိတယ်။ အဲဒီမှာ ခင်ဗျားတို့ ရွာမှာ အိမ်ခြေ ဘယ်လောက်ရှိလဲ မေး တယ်။ ကျနော်တို့ကလည်း အထက်ရွာ၊ အောက်ရွာပေါင်း ၁၄၀ လောက် ရှိပါတယ်လို့ မှန်မှန်ကန်ကန် ဖြေပါတယ်။
အိမ်ခြေ ၁၄၀ မှာ ခင်ဗျားတို့ ဒီလောက်ပဲ ရောက်သလားတဲ့။ တအိမ်တယောက် ခေါ်တာတဲ့ ဆိုပြီး ဝါးလုံးနဲ့ အသံ တအား အကျယ်ကြီး ထွက်အောင် မြေကြီးကိုရိုက်တာ ။ ကျနော်တို့ကို ခြိမ်းခြောက်တာလေ။ ကျနော်တို့ကလည်း မသိဘူးလေ။
ဆယ်အိမ်မှူးတွေပဲ ခေါ်တာဆိုတော့ အောက်ရွာက ၂ ယောက်၊ အထက်ရွာက ၄ ယောက်ပဲ သွားကြတာ။ အဲဒီ အချိန် မှာတော့ လူကို ကိုယ်ထိလက်ရောက် မလုပ်သေးဘူး။ မြေကြီးကိုပဲ ရိုက်တာ အားကြီးနဲ့။ အခုချက်ချင်း ခေါ်တဲ့။ ယောက်ျားမရှိရင် မိန်းမခေါ်တဲ့။ နောက် မုဆိုးမတွေလည်း အကုန်ခေါ်တဲ့။ ကျနော်တို့လည်း ခေါ်ကြတာပေါ့။
အားလုံး စုလိုက်တော့ လူပေါင်း ၇၀ ၊ ၈၀ လောက် ရှိမယ်ထင်တယ်။ အားလုံးကို ဒူးတုပ်ပြီး ထိုင်ခိုင်းတာ။ ရောက်တဲ့လူ အကုန်ရိုက်တာပဲ။ ကျနော် ရောက်တာနဲ့ တခါတည်း ကျနော့်ကိုလည်း ရိုက်လိုက်တာ။ ကျနော်ဆို ထိုင်ဖို့တောင် သတိ မရလိုက်ဘူး။ တခါတည်း သတိမေ့သွားတာ။ ဝါးရင်းတုတ်က ကြက်ဥသေတ္တာထမ်းတဲ့ တုတ်တွေ။
ကျနော်တို့ကို ရိုက်တာ အနည်းဆုံး ဝါးလုံး ၂၀ လောက်ကွဲမယ် ထင်တယ်။ နောက် ဝါးလုံးအကွဲနဲ့ ရိုက်တဲ့ သူလည်း ခံရတယ်။ တယောက်က လက် ၁ ဖက် နည်းနည်း ကျိုးသွားတယ်။ အခုထိ အလုပ်လုပ်လို့ မရသေးဘူး။
သူတို့က ရောက်တာနဲ့ အကုန်လုံးကို ရိုက်တာ ။ သူတို့အကြောင်းပြတာက အုပ်ချုပ်ရေးမှူးက သူတို့ရောက်တဲ့ အခါ တိုင်းမှာ မရှိဘူးတဲ့။ အဲဒါက တချက်။ သူတို့ကို ရှောင်တယ်တဲ့။ နောက် ဦးမောင်ကြီးဆိုတဲ့ လူက အရက်သမား။
အရက်မူးကြောင် မူးကြောင်နဲ့ ပစ္စည်းတွေ သယ်ရတဲ့နေ့က သူတို့နဲ့ အရက်အတူသောက်တာ။ မူးတော့ သူတို့ကို စော်ကားတဲ့ စကားတွေ မကြောက်တဲ့ စကားတွေ ပြောလို့တဲ့ ။ အဲဒီ၂ချက်ကို အကြောင်းပြပြီးတော့ ရိုက်တာ။ ဦးမောင်ကြီးကတော့ အခု ပလက်ဝမှာပဲ သွားနေတယ်။
မေး ။ ။ AA ဘက်က ကျီးလေရွာနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်ထုတ်တော့ ဦးမောင်ကြီးက တပ်ကို သတင်း ပေးလို့ ဖမ်းရတာ ဆိုပြီး ပြောတာတွေ ရှိတယ်။ ဒါကရော ဟုတ်သလား။
ဖြေ ။ ။ စစ်တပ်ကို ဦးမောင်ကြီးက သတင်းမပေးနိုင်ပါဘူး။ ကျနော်တို့ ဒီတရွာလုံး သတင်းမပေးနိုင်ပါဘူး။ မပေး နိုင်ဘူးဆိုတာက ကျနော်တို့ရွာက သူတို့ ရောက်လာတဲ့ အချိန်မှာ ဖုန်းကလည်း ကြိုးပြတ်သွားပြီ။ လိုင်းလည်း မရှိဘူး။
ဖုန်းကြိုးက ဟိုးဘက်တောင်ကနေ ဆွဲပြီး ချိတ်ထားရတာ။ ပြတ်နေတာ ကြာပြီ။ စစ်တပ်ကို သတင်းပေးတယ် ဆိုပြီး သူတို့က စွပ်စွဲတာ။ ကျနော်တို့က သတင်းလုံးဝ မပေးဘူး။ ဦးမောင်ကြီးကလည်း အရက်သောက်ပြီး မူးပြီး မင်းတို့ကို တိုင်ရင်ကောင်းမယ်ဆိုပြီး ပြောတာတဲ့။ မူးပြီး ပြောတာသူက ။ သူက တကယ်တော့ ဘယ်ကိုမှ မတိုင်ပါဘူး။ အဲဒါကြောင့် ကျနော်တို့ တရွာလုံးကို ရိုက်တာ။
အသက် ၇၀ လောက် ရှိတဲ့သူ ရောက်ရင်လည်း လဲအောင်ကို ရိုက်တာ။ ရိုက်ခံရတာ ရှိသလို ဝါးလုံးနဲ့ ထိုးတာနဲ့လည်း ရှိတယ်။ နောက်ပြီး ဘေးမှာ ထိုင်နေသူတွေကို ခြေထောက်တွေနဲ့ ကန်တယ်။ ဆယ်အိမ်မှူးနဲ့ ဖုန်းပိုင်ရှင်ဆိုရင် ဘယ် နှချက်လဲ ရေတွက်လို့တောင် မရဘူး။ သူတို့ကို ရိုက်တာ။ သူတို့ ခန္ဓာကိုယ် တကိုယ်လုံးကို အနာတွေချည်းပဲ။ သွေး တွေကို မှည့်နေတာပဲ။ ကျနော်တို့ ရိုက်ခံရတာက မနက်ပိုင်းမှာ ဆန်ထမ်းခိုင်းတယ်။ ညနေပိုင်းမှာ ရိုက်ခံရတာပဲ။ ဇန်နဝါရီ ၁၇ ရက်နေ့ပဲ။
မေး ။ ။ အမျိုးသမီးတွေကို ဆွဲလားရမ်းလားလုပ်တယ် ချုပ်နှောင်တယ်ဆိုပြီး ဖြစ်ကြတဲ့ အခြေအနေကရော တကယ့်အဖြစ်မှန်မှာ ဘယ်လို ဖြစ်သွားတာလဲ ။
ဖြေ ။ ။အဲဒါက ဦးမောင်ကြီးရဲ့ သမီးနဲ့ ရွာထဲက သူ့သူငယ်ချင်းနဲ့ ကွမ်းယာရောင်းကြတာ။ သူတို့ ၂ ယောက် လုံးကို ဦးမောင်ကြီးသမီး ထင်ပြီး အဲဒီ ၂ ယောက်ရယ်၊ ဦးမောင်ကြီး ဇနီးရယ် စုစုပေါင်း ၃ ယောက်ကို အထက်ရွာ ဇရပ်ကို ခေါ်သွားကြတာ။
ဇရပ်နား ခေါ်သွားတော့ ကျနော် မြင်တာ ရိုက်တော့ ရိုက်တယ်။ နောက်တော့ မရိုက်တော့ဘူး။ သူတို့ ၃ ယောက်ကို လက်နောက်ပြန်ကြိုး ချည်ထားပြီး ဇရပ်အရှေ့ဘက်မှာ ထိုင်ခိုင်းထားတာ။ လက်ပြန်ကြိုး တုပ်ပြီး လည်ပင်းကိုပါ ကြိုးတွေ ချည်ထားတာ။
တကယ်လို့ ဦးမောင်ကြီး မလာရင် သူ့သမီးတွေရယ် ဇနီးရယ်ကို တောထဲကို ခေါ်သွားတော့မယ်တဲ့။ မတွေ့တွေ့အောင် ရှာတဲ့ ဦးမောင်ကြီးကို။ ဦးမောင်ကြီး ဇနီးကလည်း ဆရာထွန်းမြကို ခေါ်ခိုင်းတယ်။ သူ့ယောက်ျားကို ခေါ်ပေးပါပေါ့။ သူတို့က ဘာတော်လဲ မေးတော့ ဆရာထွန်းမြက အမျိုး တော်ပါတယ်ဆိုတော့ ၄ ခါ ထပ်ရိုက်တယ် ကျောင်းဆရာကို။ သူ့ကိုလည်း ဝါးလုံးနဲ့ ရိုက်တာ။
အဲဒါနဲ့ ဆရာထွန်းမြကလည်း ကိုယ့်ယောက်ျား ကိုယ်ခေါ်၊ ကျနော်လည်း မသိဘူးဆိုပြီး ထွက်သွားတယ်။ နောက်မှ ဦးမောင်ကြီးက ရောက်လာတယ်။ ဦးမောင်ကြီး ရောက်လာတော့ ဦးမောင်ကြီးရဲ့သမီးနဲ့ အတူ မှားဖမ်းခံရတဲ့ သူကို ကျတော့ ကြိုးအရင် ပြန်လွှတ်ပေးတယ်။ နောက်ပြီး ဦးမောင်ကြီးကို ရိုက်တယ်။ သူ့ကိုလည်း ကြိုးတုပ်တယ်။ ရိုက်ခံရတဲ့ သူတွေလည်း တော်တော်လေး ကြောက်နေကြပြီ။
နောက်ပြီး သူတို့က လူလတ်ပိုင်းကို တဖက်စုတယ်။ လူကြီးပိုင်းကို တဖက်စုတယ်။ လူကြီးပိုင်းကို ထမင်းချက် ခိုင်း တယ်။ လူလတ်ပိုင်းကိုကျတော့ မောင်နှမရွာဘက်ကို ဆန်အိတ်တွေ ထမ်းခိုင်းတယ်။ လူလတ်ပိုင်းက ၄၀ ကျော် လောက် ရှိတယ်။ ဆန်တွေက စက်လှေကနေ ယူပြီး အထက်ရွာ ဇရပ်ကို သယ်ခိုင်းထားတဲ့ ဆန်တွေ။ မောင်နှမရွာ ဘက်ကို ထပ်ထမ်းခိုင်းတာ။ ၂ နာရီလောက် ကြာတယ် ထမ်းကြတာ။ မိုးချုပ်တော့ စာလေးခွေကြော်တွေကို တယောက် ၁ ထုပ်စီ ပေးတယ်။ စားခိုင်းတယ်။ စားပြီးတော့ ထပ်ထမ်းခိုင်းတယ်။
မေး ။ ။ ထမင်းချက်တဲ့ သူတွေကရော ဘယ်သူတွေအတွက် ချက်ပေးရတာလဲ။ ပစ္စည်းထမ်း ပေးရတဲ့ ရွာသားတွေအတွက်ရော ပါသလား။
ဖြေ ။ ။ ကျနော်တို့ကျတော့ လူကြီးတွေမို့ ထမင်းဟင်း ပြင်ပေးရတယ်။ ပြန်လို့ မရသေးဘူး။ သူတို့က အမျိုး သမီးတွေ မိန်းမတွေကိုကျတော့ ညနေမှောင်တော့ အားလုံးကို အိမ်ပြန်ခိုင်းတယ်။ ကျနော်တို့ ယောကျ်ားတွေ လူကြီး တွေကိုတော့ ထမင်း၊ ဟင်းတွေ ထပ်ချက်ခိုင်းတယ်။
သူတို့ စစ်သားတွေ လာစားတာ ကြက်ဥက မလောက်ဘူး။ သူတို့ ပြောတာက တယောက် ၁ လုံးစီ ၂ လုံးစီတဲ့ ဒါပေမယ့် သူတို့က တခါတည်း လာစားကြတာ မဟုတ်ဘူး။ အစက သူတို့ပြောတာ လူ ၁၇၀ စာ ချက်ပါတဲ့။ ရွာသား တွေအတွက် မပါဘူး။
သူတို့ စစ်သားတွေ ၁၇၀ စားဖို့။ ၁၇၀ စာ အတွက် ကျနော်တို့လည်း ကြက်ဥတွေ ပြုတ်တယ်။ နောက် ကုန်သွားတော့ ပြန်ပြုတ်။ သူတို့က တခါတည်း လာမစား ဘူး။ အယောက် ၂၀ လောက် တစု လာလိုက်။ နောက်တစု လာလိုက်။ တစုက ရောက်လာရင် ထမင်းစားတယ်။ ဆန်နဲ့ ဘီယာတွေ အရက်တွေ စားစရာတွေ သယ်သွားကြတယ်။
အဲဒီလို တဖွဲ့ပြီး တဖွဲ့ရောက်လာကြတာ။ ဒုတိယ အကြိမ် ကြက်ဥကပြုတ်တယ်။ ကုန်တယ်။ တတိယအကြိမ် ထပ်ပြုတ်တယ် ။ ကုန်တယ်။ ၈ နာရီခွဲပြီ။ သူတို့ကလည်း မရသေးဘူးလား။ မရသေးဘူးလားနဲ့ အိုးက အကြီးကြီးနဲ့ ကြက်ဥက ပြုတ်တော့ ကြာတာပေါ့။
အဲဒီမှာ ကျနော်တို့ ချက်ပြုတ်နေသူတွေကတော့ မပြန်ရသေးဘူး။ ဦးမောင်ကြီးကိုတော့ အရင်ပြန်ခိုင်းလိုက်တယ်။ အဲဒီမှာ ဆန်တွေ သယ်လို့ ပြီးပေမယ့် ဘီယာတွေ အရက်ဖာတွေက မပြီးသေးဘူး သယ်လို့။ သူတို့ကို ကျနော်တို့က ပြောတယ်။ ဒီညတော့ မထမ်းနိုင်တော့ဘူး။ မနက်ဖြန် မနက်မှ ဆက်ထမ်းမယ်ဆိုတော့ သူတို့က မနက် စောစော လာခဲ့တဲ့။ ည ၉ နာရီလောက်ကျတော့ ကျနော်တို့ ပြန်ကြရတယ်။
မေး ။ ။ ဒါဆို မနက်ကျတော့ ပစ္စည်းတွေ ထပ်ထမ်းကြရတာပေါ့။ AA စစ်သားတွေကရော ပစ္စည်းတွေ မထမ်းကြဘူးလား။
ဖြေ ။ ။ မနက်မိုးလင်းတော့ ယောင်္ကျားတွေ တအိမ်တယောက် ၊ယောင်္ကျားတွေ မရှိတဲ့ အိမ်က မိန်းမတွေလာ။ အားလုံး တနိုင်စီ ပလိုင်းတွေနဲ့ ထမ်းကြတာ။ အထက်ရွာရော အောက်ရွာရော အိမ်ခြေ ၁၄၀ အကုန်ပါတယ်။ သူတို့ စစ်သားတွေကတော့ သူတို့ ကျောပိုးအိတ်မှာ အပြည့်ထည့်ပြီးတော့ ထမ်းတယ်။ ၁၂ ပြည်လောက်တော့ ရှိမှာပေါ့။ ကျနော်တို့ ထမ်းရတဲ့ ၁ အိတ်ကျတော့ ၂၄ ပြည် ပါတယ်။
မနက်ပိုင်းမှာ တယောက် ဘီယာ ၂ ဖာစီ ထမ်းတယ်။ မောင်နှမရွာဘက်ကို သွားတဲ့ လမ်း၊ မြစ်ကြောင်း ၂ကြောင်း ကြားက တောင်ကြောကို ထမ်းပို့ရတာ။ နောက် မိန်းမ၊ ယောင်္ကျား၊ လူလတ်ပိုင်း သက်သက် လူစုပြန်ခွဲပြီး လူလတ်ပိုင်း ကို အရက်ပုလင်းတွေ သယ်ခိုင်းတယ်။
အရက်ပုလင်း ၁ ဖာကတော့ ဘီယာဖာထက်တော့ နည်းနည်းလေးတာပေါ့။ အကုန်သယ်ပြီးမှ ပြန်လွှတ်တယ်။ သူတို့ကတော့ မပြန်သေးဘူး။ အထက်ရွာမှာ တပတ်နီးနီး နေနေကြသေးတယ်။ အောက်ရွာမှာလည်း နေနေကြ သေးတယ်။
မေး ။ ။ ပစ္စည်းတွေ ထမ်းပေးရတဲ့ အတွက်ရော ရွာသားတွေကို ဘာပေးလဲ။ အခကြေးငွေ ရသလား။
ဖြေ ။ ။ ဘာမှ မပေးဘူး။ ဝါးရင်းတုတ်ပဲ ရတယ်။
မေး ။ ။ နောက်တော့ ပြန်သွားကြရောလား။ ရွာထဲမှာ ဘာတွေ ဆက်ဖြစ်လဲ။
ဖြေ ။ ။ နောက် ရက်နည်းနည်းကြာတော့ သူတို့က ထပ်ပြောတယ်။ Facebook မှာ သတင်းတွေ ပျံ့နေတယ်တဲ့။ ဦးမောင်ကြီး သမီးကို သူတို့က မတရားလုပ်ပါတယ်ဆိုပြီး တော့တဲ့။ အဲဒီအကြောင်းကို အဖြစ်မှန်ကို ပြောဖို့ ရွာသား တွေကို ကျောင်းမှာ စုပြီး အင်တာဗျူး လုပ်တယ်။ ကျောင်းမှာပဲ လုပ်သွားတယ်။
မေး ။ ။ AA နဲ့ အရပ်သားတွေ အကြား အမေးအဖြေလုပ်တာ ရုပ်သံရိုက်တုန်းက ဦးလေးတို့ ရွာသားတွေ ထပြောတာက အမှန်တွေပဲလား။ အဲဒါတွေနဲ့ ပတ်သက်ပြီး ဘာပြောပြချင်တာရှိလဲ။
ဖြေ ။ ။ သူတို့ပြောတာက ဒီရွာမှာ ဖြစ်တဲ့ ပြဿနာတွေက လိုင်းပေါ်မှာ မဟုတ်မမှန်တဲ့ သတင်းတွေ ဖြစ်သွား တယ်တဲ့။ ဒါကြောင့် အထက်လူကြီးတွေက သတင်းအမှန်တွေကို ပြန်လုပ်ခိုင်းတယ်တဲ့။ ဒီလိုကြောင့်ဆိုပြီး ကျနော် တို့ကို ခေါ်တယ်။ ဖြစ်ပျက်ခဲ့တဲ့ အတိုင်း ပြောပါ ဆိုပြီး ပြောတယ်။
အဲဒီလိုပြောတော့ ကျနော်တို့ဘက်ကလည်း ကြောက်တယ်။ အသေးစိတ် ပြောဖို့ ထက် ပေါ့ပေ့ါကလေးပဲ ပြောလိုက် ကြတယ်။ သူတို့ စိတ်မခုအောင်လည်း ပြောရတယ်လေ။ အကုန်လုံးကို မပြောပဲ အဆင်ပြေအောင် အဲဒီအင်တာဗျူးမှာ ဖြေပေးလိုက်ကြတယ်။
အပြင်မှာ သတင်းထွက်တဲ့ မိန်းကလေးတွေကို အဓမ္မပြုကျင့်ဖို့ လုပ်တယ်ဆိုတာကတော့ တကယ်လည်း မဟုတ် ဘူးလေ။ မဟုတ်တော့ မဟုတ်တဲ့ အကြောင်း ပြောပါတယ်။ ရိုက်နှက်တာကတော့ တကယ်ဖြစ်ခဲ့တာလေ။
သူတို့ ရိုက်တာက လူတယောက်က ခွေး ၁ ကောင်ကို ဆက်ဆံသလို လုပ်တာ။ လိင်ပိုင်းဆိုင်ရာ ပြုမူတာကတော့ မဟုတ်ပါဘူး။ နောက်တခါ အင်တာဗျူးလုပ်ပြီးတော့ ထမင်းစားကြမယ်ဆိုပြီး ထမင်းကျွေးတယ်။ ထမင်းကျွေးတော့ အမျိုးသမီး ၁ ယောက်ကို သူတို့က ပြောခိုင်းတာ။ ကျနော်တို့က ရခိုင်မျိုးနွယ်စုမှာ ပါတယ်ဆိုတာ သူတို့က ပြောခိုင်း လို့ ပြောရတာ။ တကယ့် ကျနော်တို့ရွာသားတွေက ပြောချင်လို့ ပြောရတာ မဟုတ်ပါဘူး။
မေး ။ ။ AA စစ်သားတွေက ဦးလေးတို့ ရွာတွေထဲ စစဝင်လာတုန်းကဆိုရင် သူတို့က ဘယ်သူတွေလဲဆိုတာ ဘာလုပ်တဲ့ သူတွေလဲ ဆိုတာ ဦးလေးတို့ကို ရှင်းပြသလား။
ဖြေ ။ ။ သူတို့က ဝင်လာတာနဲ့ ပြောတာကတော့ သူတို့က သူတို့ကိုယ်သူတို့တော့ စစ်သားတွေတဲ့။ ဗမာ စစ်တပ်ကို ကျတော့ ဗမာတွေလို့ ခေါ်တယ်။ ဗမာတွေ ရှိလား။ ဗမာတွေ ရောက်လားလို့တော့ ပြောတယ်။ သူတို့က တခြားတော့မပြောဘူး။
ပလက်ဝက ရခိုင်ပြည်တဲ့။ ရခိုင်ပြည် ရရင် ခင်ဗျားတို့ကို တောင်ယာတွေ မလုပ်ခိုင်းတော့ဘူးတဲ့။ မြို့မှာပဲ ထားမယ်တဲ့ ။ တိုင်းပြည် လွတ်လပ်ရေး ရရင် အဲဒီလို ထားမယ်တဲ့။ ကျနော်တို့လည်း ဘာမှ မပြောဘူး။ အင်း အင်းလို့ပဲ ပြန်ပြော လိုက်တယ်။
မေး ။ ။ ပလက်ဝမှာက တိုက်ပွဲတွေကလည်း ဆက်တိုက်ဖြစ်နေတယ်။ ဦးလေးတို့ ရွာကိုလည်း စစ်သားတွေက အဝင်အထွက် ရှိနေတော့ ရွာထဲ နေရတာ ဘယ်လို ခံစားရလဲ။
ဖြေ ။ ။ ကျနော်တို့က ရိုက်ခံရတဲ့ နေ့တုန်းကဆိုရင် ဒီနေရာကို ဘယ်လောက်ထိ ကြောက်သွားလဲဆိုတာ စကားနဲ့ ပြောလို့တောင် မရတော့ဘူး။ ဒီဒေသကနေ နေရပ်စွန့်ဖို့တောင် ရည်ရွယ်ချက်ရှိတယ်။ တခြားဒေသမှာ မြေကွက်တွေ ဈေးတန်ရင် ဝယ်ပြီး ပြောင်းကြမလား။
ဝုန်းဒိုင်း ပြောင်းလို့လည်း မရတော့ နည်းနည်းလေ့လာပြီးမှ ဘာတွေစိုက်လို့ ရမယ်။ ဘယ်လို ဝင်ငွေ ရှာလို့ ရမယ်ဆိုတာ လေ့လာပြီးမှ ပြောင်းဖို့ စိတ်ကူးနေကြတယ်။
ကျနော်ဆိုလည်း ကျနော့် မိသားစုနဲ့ တိုင်ပင်ထားတယ်။ တခြားတနေရာကို ပြောင်းဖို့ပါ။ ဒါပေမယ့် တခါတည်း ပြောင်းဖို့ကလည်း ကျနော် စိုးရိမ်တယ်။ ကျနော့်မှာ သားသမီးတွေက ကျောင်းတက်နေတာလည်း မပြီးသေးဘူး။
ဒီသားသမီးတွေ ပညာရေးအတွက် ပိုက်ဆံ လိုအပ်နေတယ်။ ကျနော်တို့က စိုက်ပျိုးရေးပဲ လုပ်တော့ မလောက်မင ဖြစ်ရင် ရပ်ရွာဖွံ့ဖြိုးရေးကနေ ချေးယူပြီး အတိုးနဲ့ ပြန်ဆပ်တယ်။ အခု အခြေအနေတွေ ကြားမှာ သူတို့ကို ပိုက်ဆံ ထောက်ပံ့ဖို့ ပိုက်ဆံ မလောက်မှာ တွေးမိရင် ညဆို တခါတလေ တညလုံး အိပ်လို့ မရတဲ့ ရက်တွေတောင် ရှိတယ်။
နောက်တခါ သေနတ်သံတွေ ညဘက် ကြားရင်လည်း ဒီမှာ နေနေရတာ သေတော့မယ် ထင်တယ်လို့။ တနေ့နေ့ တော့ ဒုက္ခရောက်တော့မှာ ။ မိသားစုတွေ ကွဲကြရတော့မယ်လို့ တွေးမိတယ်။ ဒါပေမယ့် ကျနော်က ရွာအနောက်ဘက် တောင်ယာဘက် မသွားရဲတာ တော်သေးတယ်။ ကျနော့်မှာ ကိုင်းမြေ ရှိသေးတယ်။ ဒီရွာမှာ ကျနော့်ထက် ဒုက္ခရောက် နေတဲ့ သူတွေတောင် ရှိပါတယ်။
မေး ။ ။ တောင်ယာတွေကို ဘာလို့ မသွားရဲတဲ့ အဓိကအချက်ကရော ဘာလဲ။
ဖြေ ။ ။ သူတို့က ရှိပြီဆိုရင် မိုင်းထောင်တယ်လေ ။ ငရှားမှာ ဆိုရင် မိုင်းပေါက်လို့ ဆေးရုံတက်ပြီး သေတာ ရှိတယ်။ တောဘက်သွားတဲ့ လမ်းကြောမှာ မိုင်းထောင်လို့ မသွားရဲတာ။ နောက် ဆန်သယ်ပြီး ရက်မှာလည်း ပြော တယ်။ သူတို့က သယ်လို့ ပြီးပြီဆိုရင် ဒီဘက်ကို လုံးဝ မသွားနဲ့။ မိုင်းထောင် ထားတယ်တဲ့။
သူတို့ လမ်းကြောင်းကို လုံးဝမလာနဲ့တဲ့။ မိုင်းထောင်ထားတာကို မသွားနဲ့ ဆိုတာကို သွားခဲ့ရင် ငါတို့ တာဝန် မဟုတ်ဘူးတဲ့။ ကျနော်တို့ အခု ကျီလေကနေ မောင်နှမရွာကို သွားတဲ့ ကုန်းလမ်းကို မသွားရဲပါဘူး။ အဲဒီလို အဖြစ်အပျက်တွေ ဖြစ်ပြီး နောက်တော့ သူတို့ ရွာကို မလာတော့ဘူး။ ကျီးလေချောင်းထဲမှာတော့ ခဏခဏ ရောက်တာ တွေ့တယ်။ တောင်အခြေ တွေမှာ လည်း သူတို့ ရှိတယ်။
မေး ။ ။ ဦးလေးအနေနဲ့ပဋိပက္ခကြားမှာ နေနေရတဲ့ အရပ်သား ၁ ဦးအနေနဲ့ ဘာတွေ ထပ်ပြောပြချင်သေးလဲ။
ဖြေ ။ ။ ကျနော်တို့က ဒီရွာမှာပဲ မွေး၊ ဒီမှာပဲ အသက်မွေးဝမ်းကျောင်းတာ ကျွမ်းကျင်တယ် ဆိုတော့ ကျနော်တို့ ကတော့ ဒီကနေ ဘယ်ကိုမှ မထွက်သွားချင်ပါဘူး။ ကိုယ့်ပိုင်ဆိုင်မှုလေးနဲ့ ကိုယ်ရှိနေကြတာလေ။ သားရေး သမီးရေး အတွက်လည်း ဒီကပဲ လုပ်ကိုင်ကြရတာလေ။ ဒါက ကျနော်တို့ ဇာတိမြေပါ။
ရိုက်ခံရတဲ့ ၂ ရက်၊ ၃ ရက် တုန်းကတော့ AA စစ်သားတွေလည်း ရွာက ထွက်သွားရော ရွာသားတချို့က ပြောင်းကြ တယ်။ ပလက်ဝမြို့ပေါ်က ဆွေမျိုးရှိသူတွေလည်း ပြောင်းသွားကြတယ်။ ကျနော်တို့ ရွာမှာ တိုင်ပင်ထားကြတယ်။ တကယ်လို့ ရွာမှာနေလို့ လုံးဝ မဖြစ်တော့ဘူး။ အစိုးရဘက်ကလည်း ပြောင်းရမယ်လို့ ပြောရင် စက်လှေအကြီးကြီး တွေနဲ့ အကုန်စုပြီး ပြောင်းကြမယ်လို့တော့ အစည်းအဝေးတွေ လုပ်ပြီး တိုင်ပင်ထားကြတယ်။
တကယ်လို့များ ဖြစ်နိုင်ရင်တော့ ဒီဒေသမှာပဲ ဆက်နေမယ်။ ကျနော်တို့ အသက်အိုးအိမ်ကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်နိုင်တဲ့ အားကိုးအားထားရတဲ့ လူတွေ ကျနော်တို့က ရချင်တယ်။ ရှိချင်တယ်။
သူတို့က ကောင်းကောင်းဆက်ဆံရင်တော့ ဆက်ဆံရေးက ကောင်းမှာပါ။ ကျနော်တို့က ပြောမယ်ဆိုရင် ကျနော် တို့က ချင်းဆိုတော့ ချင်းပြည်နယ်၊ ချင်းလူမျိုးဆိုတာ စိတ်ထဲမှာ အမြဲတမ်း ရှိပါတယ်။ ကျနော်တို့က ရခိုင်မျိုးနွယ်စု ထဲမှာ ပါပါတယ်ဆိုပြီး သူတို့က အမြဲ စည်းရုံးတယ်။ အင်တာဗျူးထဲမှာလည်း ဒီလိုပဲ ပြောခိုင်းတယ်။
ကျနော်တို့က ကြောက်တော့ ပြောရတာပါ။ အသက်အန္တရာယ် ရှိလို့ ကျနော်တို့က ပြောရတာပါ ။ ကျနော်တို့က ချင်းလူမျိုးပါ။ ဒီလိုပဲ ဖြစ်ချင်ပါတယ်။ ကျနော်တို့က နောက်ထပ် ရိုက်နှက်တာလည်း မကြုံချင်ပါဘူး။
သူတို့က နိုင်ငံရေးအရ စစ်ရေးအရ လုပ်မယ်ဆိုလည်း ကျနော်တို့က တားလို့ မရနိုင်ပါဘူး။ ကျနော်တို့က အေးအေး ဆေးဆေးနဲ့ လုပ်စားလို့ ရရင် ပျော်ပါတယ်။
ဧရာဝတီသတင်း
ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများကို တပ်မတော် ဝင်ရောက်စစ်ဆေး
တပ်မတော်က ရခိုင်မြောက်ပိုင်းတွင် မြို့ပေါ်စစ်ရှောင်စခန်းများကို ပထမဆုံးအကြိမ် ဝင်ရောက်စစ်ဆေးခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများနှင့် မြို့အဝင်အထွက်လမ်းမများကို တပ်မတော်စစ်ကြောင်းတစ်ခုက ဝင်ရောက်စစ်ဆေးနေသည်ဟု ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။
ယနေ့မနက် ၉ နာရီခန့်က အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကြောင်းတစ်ကြောင်းက ရသေ့တောင်မြို့ပေါ် ဓညဝတီဘုန်းကြီးကျောင်းရှိ စစ်ရှောင်စခန်းတစ်ခုနှင့် ပြိန်းတော စစ်ရှောင်စခန်းတို့ကို ဝင်ရောက်စစ်ဆေးနေသည်ဟု ၎င်းက ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြာရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများ၊ ကျေးလက်စစ်ရှောင်စခန်းများကို တပ်မတော်စစ်ကြောင်းများက ဝင်ရောက်စစ်ဆေးလေ့ရှိသော်လည်း မြို့ပေါ်ရှိစစ်ရှောင်စခန်းများကို ဝင်ရောက်စစ်ဆေးခြင်းမှာ ယခု ပထမဆုံးအကြိမ်ဖြစ်သည်။
မွန်းတည့် ၁၂ နာရီအထိ မြို့ထဲတွင် တပ်မတော်စစ်ကြောင်း ရှိနေဆဲဖြစ်ပြီး စစ်ရှောင်စခန်းများနှင့် မြို့အဝင်အထွက်လမ်းများတွင် စစ်ဆေးနေသည်ဟု ရသေ့တောင်မြို့နယ် အရှေ့တောင်ရပ်ကွက်တွင်နေထိုင်သည့် မြို့ခံတစ်ယောက်က ဆိုသည်။
တပ်မတော်က ဝင်ရောက်စစ်ဆေးနေသည့် ပြိန်းတောစစ်ရှောင်စခန်းမှာ ရသေ့တောင်မြို့ပေါ်တွင် စစ်ရှောင်အရေအတွက် ၁,၀၀၀ ကျော်ဖြင့် အများဆုံးခိုလှုံနေသည့်စခန်းဖြစ်သည်ဟု ရသေ့တောင်အခြေစိုက် လူမှုအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။
ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာတော်တော်များများတွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး ရသေ့တောင်မှ အရပ်ဘက်အဖွဲ့အစည်းတချို့၏ စာရင်းများအရ ရသေ့တောင်မြို့ပေါ်တွင် စစ်ရှောင်စခန်း ၁၇ ခုရှိပြီး စစ်ဘေးရှောင်အရေအတွက် ၁၀,၀၀၀ ကျော်ရှိသည်။
၂၀၁၉ ခုနှစ်နှစ်ဆန်းမှစပြီး အရှိန်မြင့်လာခဲ့သော စစ်မက်ပဋိပက္ခများကြောင့် စစ်ဘေးရှောင် ပြည်သူဦးရေ ယခုအထိ တစ်သိန်းကျော်ရှိပြီဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ အချက်အလက်များက ဆိုသည်။
Myanmar Now
ရခိုင်ပြည်နယ် မွတ်ဆလင်အရေး မြန်မာနိုင်ငံကို မော်ဒိုက်က ICJ တွင် ကြားဖြတ်တရားစွဲဦးမည်
သဟိတ်ဂ်၊ ဖေဖော်ဝါရီ ၂၆
ICJ သို့ ရခိုင်ပြည်နယ် မွတ်ဆလင်အရေး မြန်မာနိုင်ငံကို တရားစွဲဆိုခြင်း ကြားဖြတ်ကြေညာချက်တစ်ရပ် တင်သွင်းမည်ဖြစ်ကြောင်း မော်ဒိုက်နိုင်ငံခြားရေး ဝန်ကြီးအဗ္ဗဒူလာရှာဟစ်က ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီတွင် ကြေညာလိုက်သည်။
မော်ဒိုက်နိုင်ငံခြားရေးဝန်ကြီးက ၄၃ ကြိမ်မြောက် UNHRC အစည်းအဝေး ဂျီနီဗာတွင် ကျင်းပစဉ် ကြေညာခဲ့ခြင်း ဖြစ်သည်။ ICJ တွင် တရားရင်ဆိုင်သွားမည့် မော်ဒိုက်နိုင်ငံဘက်မှ ရှေ့နေမှာ မင်းသားကြီးဂျော့ကလူနီ၏ ဇနီး လူ့အခွင့်အရေးရှေ့နေ အေမယ်ကလူနီဖြစ်ကြောင်းလည်း မော်ဒိုက်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားသည်။ “ရိုဟင်ဂျာပြည်သူများကို လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သူများအား အပြစ်ဒဏ်ခံရစေဖို့ ပြီးခဲ့တဲ့နှစ် မက္ကာမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ OIC က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့အညီ လတ်တလောဆောင်ရွက်ချက်များကို မော်ဒိုက်က ထောက်ပံ့ပါဝင်သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီး ရှာဟစ်က လူ့အခွင့်အရေးညီလာခံတွင် ပြောကြားခဲ့သည်။
ICJ တရားရုံးတွင် ရိုဟင်ဂျာပြည်သူများအတွက် ရပ်တည်ကာ ကြားဖြတ်ဆောင်ရွက်ရေး ခိုင်မာသော အခြေခံများရှိကြောင်း မော်ဒိုက်အစိုးရက ဆုံးဖြတ်ထားကာ၊ ကြေညာချက် ရေးသားတင်သွင်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုခဲ့ကာ ၁၄ ကြိမ်မြောက် အစ္စလာမ်မစ်ညီလာခံတွင်လည်း ဂမ်ဘီယာ၏ ရှေ့ဆောင် ဆောင်ရွက်မှုကို ချီးကျူးပြောကြားခဲ့သည်။ မော်ဒိုက်သည် ရိုဟင်ဂျာအရေး တက်ကြွစွာပါဝင်ပြောဆိုသော နိုင်ငံဖြစ်ကာ ဒုက္ခသည်များကို ကူညီရန်အတွက် ပြည်တွင်းရန်ပုံငွေရှာခဲ့ရာ မော်ဒိုက်ငွေ ၁၈ သန်းရရှိကူညီခဲ့သည်။ မော်ဒိုက်သည် ပါလက်စတိုင်းပြည်သူများအတွက်လည်း စိုးရိမ်မကင်းဖြစ်မိကြောင်း ပါလက်စတိုင်းများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလည်း ရပ်တည်ပါကြောင်း ဝန်ကြီးက ပြောကြားခဲ့သေးသည်။
the voice
ဆိုင်အကူလုပ်သား အသက် ၁၃ နှစ်အရွယ်ကလေးအား မီးရှို့ခဲ့သည့် ဆိုင်ရှင်အမျိုးသမီး ဖမ်းဆီးခံရ
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့မှာ အသက် ၁၃ နှစ်အရွယ် ဆိုင်အကူလုပ်သား ကလေးငယ်အား ဆီလောင်းမီးရှို့ခဲတဲ့ဆိုင်ပိုင်ရှင်ဒေါ်ချိုချိုစန်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပြီလို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူက ပြောပါတယ်။
“ဆိုင်က အလုပ်သမားကလေးကို နှိပ်စက်မှုနဲ့ ဆိုင်ရှင် ဒေါ်ချိုချိုစန်းကို မနေ့က ညပိုင်းမှာ ဖမ်းဆီး လိုက်ပါပြီ။ ရဲလုပ်ငန်းစဉ်အတိုင်း လိုအပ်တဲ့ သက်သေစစ်ဆေးမှုတွေလုပ်ဆောင်သွားမှာပါ၊ လောလောဆယ်တော့ လပွတ္တာမြို့မရဲစခန်းမှာ သူ့ကို စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်”လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီး ထွန်းရွှေက ဒီဗွီဘီကိုပြောပါတယ်။
အသက် ၁၃ နှစ်အရွယ် ဆိုင်အကူကလေးငယ်အား ဆီလောင်းမီးရှို့ခဲ့တဲ့ ဒေါ်ချိုချိုစန်းဆိုသူကို ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးရဲ့ တရားလိုပြုလုပ်တိုင်တန်းမှုနဲ့ လပွတ္တာမြို့မရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ နဲ့ အမှုဖွင့်ပြီး ၂ ရက်အကြာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။
မီးရှို့ခံရတဲ့ ဆိုင်အကူကလေးငယ်ကို မိဘတွေရဲ့ သဘောဆန္ဒအရ ဖေဖော်ဝါရီ ၂၃ ရက် ည ၁၀ နာရီကျော်မှာ ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းကုသဖို့အတွက် တာဝန်ကျ ဆရာဝန်တွေက ခွင့်ပြုခဲ့လို့ လက်ရှိအချိန်မှာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ ၃ မိုင်ဆေးရုံ၊ လှုမှုဆက်ဆံရေးအရာရှိ ကိုအောင်မျိုးခိုင်က ဒီဗွီဘီကိုပြောပါတယ်။
အသက် ၁၃ နှစ်အရွယ် ကလေးကို မီးရှို့ခဲ့တဲ့အမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ အသက် ၃၆ နှစ်အရွယ် ဒေါ်ချိုချိုစန်းကို လက်ရှိအချိန်မှာ လပွတ္တာမြို့မရဲစခန်းမှာ စစ်ဆေးဖို့ မြို့နယ်တရားသူကြီးဆီကို ချုပ်မိန့်ရမန် ၁၀ ရက်တောင်းခံထားတယ်လို့ တိုင်းရဲတပ်ဖွဲ့ဆီက သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)
DVB News
ပြန်လည်ကုစားပေးလျော်မှုအလုပ်အဖွဲ့ (RWG) မှ ပြန်လည်ကုစားပေးလျော်မှုဆိုင်ရာ ဆွေးနွေးပွဲကို နေပြည်တော်တွင် ၂ ရက်ကြာကျင်းပ
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်
ပြန်လည်ကုစားပေးလျော်မှုအလုပ်အဖွဲ့ (RWG) မှ ကြီးမှူးပြီး ပြန်လည်ကုစားပေးလျော်မှုဆိုင်ရာ ဆွေးနွေးပွဲကို နေပြည်တော်တွင် ဖေဖော်ဝါရီ ၂၁ နှင့် ၂၂ ရက်တို့တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ဖိလစ်ပိုင်နိုင်ငံမှ လူ့အခွင့်အရေးရှေ့နေ မိုဟာမက် ဂျမာလူ ဂျေ ဂီဒူကော့စ် (Mohammad Jamalul J. Giducos) မှ ဖိလစ် ပိုင်နိုင်ငံ အာဏာရှင် သမ္မတဟောင်း မားကို့စ် လက် ထက် (Ferdinand Marcos) ချမှတ်ခဲ့သည့် စစ်အုပ်ချုပ်ရေးကာလအတွင်း လူ့အခွင့်အရေးချိုး ဖောက်ခံရသူများအတွက် ပြန်လည်ကုစားပေး လျော်မှုဆိုင်ရာ ဥပေဒဖြစ်သည့် Republic Act 10368 ပေါ်ပေါက်လာစေရန် အရပ်ဖက်အဖွဲ့အစည်းများမှ တိုတ်တွန်း စည်းရုံးခဲ့မှုများ၊ ဥပဒေပါပြ ဌာန်းချက်များ၊ လူ့အခွင့်အရးချိုးဖောက်ခံရသူများမှ ကျူးလွန်ခံရကြောင်း တင်ပြချက်ကို လက်ခံစိ စစ်သည့် Human Rights Victims Claims Board (HRVCB) ၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် သက်တမ်း၊ HRVCB မှ ကျူးလွန်ခံရသူများအဖြစ် အတည်ပြု သူများအား ကျူးလွန်ခံရမှု အတိုင်းအဆအလိုက် ပြန်လည်ကုစားပေးလျော်ပေးမှု၊ ထိုသို့ ပြန်လည်ကု စားပေးလျော်နိုင်စေရန်အတွက် သမ္မတမား ကို့စ် တိုင်းပြည်မှ မတရားရယူထားသည့် ၄င်း၏ကြွယ်ဝမှုများကို ဆွစ်ဇာလန်ဘဏ်မှ ပြန်လည်ရရှိ စေရန် ဥပဒေကြောင်းအရ တိုက်ပွဲဝင်ခဲ့မှုများကို ဆွေးနွေးသည်။
တက်ရာက်လာသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များနှင့် RWG အဖွဲ့ဝင်များမှလည်း မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ဆောင်ရွက်သင့်သည့် ပြန်လည်ကုစား ပေးလျော်မှုဆိုင်ရာ နည်းလမ်းများ၊ ဥပဒေတရပ်ပေါ်ပေါက်လာစေရန် ဆောင်ရွက်ရမည့် လုပ်ငန်း စဥ်၊ အချိန်ကာလနှင့် ထိုသို့ဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တာ်အသီးသီးရှိ ကော်မတီဝင်များနှင့် တိုင်း ရင်းသား ပါတီများမှ ကိုယ်စားလှယ် ၂၁ ဦး၊ RWG အဖွဲ့ဝင် ၂၈ ဦး စုစုပေါင်း ၄၉ ဦး တက်ရောက် သည်။
အတိတ်မှ လူ့အခွင့်အရေးချိုးဖောက်ခံရသူများအတွက် အစိုးရမှ ဦးစီးဆောင်ရွက်သည့် ပြန်လည် ကုစားပေး လျော်မှုလုပ်ငန်းစဥ်တရပ် ပေါ်ထွန်းလာစေရန်အတွက် Reparation Working Group (RWG) ခေါ် ပြန်လည်ကုစားပေးလျော်မှုအလုပ်အဖွဲ့အား ND-Burma နှင့် မိတ်ဖက် အရပ်ဖက်အဖွဲ့ အစည်းများမှ ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။